စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၄၅ အခုကစပြီး ငါက ဘုရင်ပဲ။
ကြယ်တာရာသားရဲသည် ကုန်ကြမ်းများကို ချပေးပြီး ဂရုတစိုက် ပြောလိုက်၏။
” စီနီယာ ကျွန်တော်တို့ အခု သွားလို့ရပြီလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
ကြယ်တာရာသားရဲများသည် အသက်ချမ်းသာရာ ရသည့်ပမာ ချက်ချင်း လှည့်ပြေးကြတော့၏။
သို့သော် သူတို့ လှည့်ပြေးပြီးနောက် တစ်စက္ကန့်၌ ဓါးအလင်းများစွာက ပေါ်ထွက်လာပြီး သူတို့ နှလုံးကို ချက်ချင်း ထိုးဖောက်လိုက်လေ၏။
ဖောက် ဖောက် ဖောက်။
အဓိကဂိုဏ်း ကြယ်တာရာသားရဲများသည် တစ်ယောက်ပြီးတစ်ယောက် လှဲပြိုကျကာ သူတို့ မျက်လုံးထဲတွင် မယုံနိုင်မှုများ ပြည့်နေလေ၏။ သူတို့သည် ယဲ့ရှောင်၏ ညွှန်ကြားချက်ကို လိုက်နာခဲ့ရသည့်အကြောင်းအရင်းကို နားလည်ပုံ မပေါ်။
ယဲ့ရှောင်သည် မည်သည့်နည်းနှင့်မဆို သူတို့အားလုံးကို အညှာအတာမဲ့စွာ သတ်ဖြတ်ခဲ့သေး၏။
” လူသားတွေက အရှက်မဲ့လိုက်တာ ”
အမှန်တကယ်တွင် ယဲ့ရှောင်သည် သူတို့ကို အလွှတ်ပေးဖို့ တစ်ခါမှ မပြင်ဆင်ထားခဲ့ဖူးပေ။
သူတို့အထဲရှိ ကြယ်တာရာသားရဲများ အားလုံး၏ လက်ထဲ၌ လူ့သွေးများ စွန်းထေးနေသည်။ သူတို့ လူသား မည်မျှ စားခဲ့ကြောင်း မည်သူက သိမည်နည်း။ ထို့အပြင် သူတို့ကို လွှတ်ပေးလိုက်မည်ဆိုလျှင်တောင် နောင်ကျ လူသားများကို ဆက်လက် သတ်ဖြတ် စားသောက်နေဦးမှာပဲ ဖြစ်သည်။
၄င်းတို့က တစ်ဖက်နှင့်တစ်ဖက် ရင်ဆိုင်နေကြသည့် မျိုးနွယ်စုနှစ်စု ဖြစ်သည်။ သူက ဂရုဏာတရား၊ တရားမျှတမှုနှင့် ကိုယ်ကျင့်သိက္ခာတို့အကြောင်းပြောရန် မလိုအပ်ချေ။ ထို့အပြင် ယဲ့ရှောင်က သန်မာသည့်သူတစ်ယောက် ဖြစ်နေပြီးသားပင်။ သန်မာသည့်သူတစ်ယောက်သည် သူ ဆန္ဒရှိတာ ဘာမဆို လုပ်နိုင်၏။
သူက သတ်ချင်လျှင် သတ်နိုင်ပြီး မသတ်ချင်လျှင် မသတ်၍ ရသည်။ အရာအားလုံးက သူ့ကိုယ်ပိုင်ဆန္ဒပေါ် မူတည်နေ၏။
သူတို့သည် သူ လိုချင်သည့် ကုန်ကြမ်းများ သယ်ခဲ့သော်ငြား ထိုနည်းတူ သူတို့သည် ထိုအကြောင်းအရင်းကြောင့် တစ်နာရီစာ အသက်ရှင်ခွင့်လည်း ရခဲ့၏။ မဟုတ်လျှင် သူတို့ လွန်ခဲ့သည့် တစ်နာရီတည်းက သေနေလောက်ပြီ ဖြစ်သည်။
သို့သော်ငြား အားနည်းသူများအနေဖြင့် သူတို့သည် လူသားများကို အရှက်မဲ့သည်ဟုသာ ကျိန်ဆဲနိုင်သည်။ အားနည်းသူများသည် ငိုကြွေးပိုင်ခွင့်တောင် မရှိပေ။
ထိုကြယ်တာရာသားရဲများကို သတ်ဖြတ်ပြီးနောက် ယဲ့ရှောင်သည် ကြယ်ကောက်ခြင်းလက်ကို သုံးကာ ကြယ်တာရာသားရဲများ အားလုံးကို စုပြုံကာအတူ ထားလိုက်တော့သည်။
လျှပ်စီးကျွဲစိမ်းနှင့် ခြေ၈ချောင်းမြင်းကဲ့သို့ အထွတ်အထိပ် အံ့ဖွယ်ချီရှန်းများကို ဆေးလုံးတစ်လုံးအဖြစ် ချက်ချင်း သန့်စင်နိုင်၏။
ကျန်သည့်သူများအတွက်မူ ရှန်းထျန်း သတ္တမ အဆင့် ကျင့်စဥ်ရှိသူများသည် ရှန်းထျန်း ဆဌမအဆင့် ချီရှန်း ကြယ်တာရာသားရဲအချို့နှင့် တွဲဖက်ရမည်။ ဤနည်းဖြင့် ဆေးလုံး ( ၂၁ ) လုံးကြားရှိ ကွာဟချက်က သိပ်မကြီးမားအောင် အကောင်းဆုံး ကြိုးစားနိုင်မှာပဲ ဖြစ်သည်။ နောက်ထပ်က ကုန်ကြမ်းများ ခွဲဝေရေး ဖြစ်သည်။
ကြယ်တာရာသားရဲများ သယ်လာသည့် ကုန်ကြမ်းများအနက် နှစ်တစ်ထောင် သက်တမ်းရှိ လင်ဇီး၊ နှစ်တစ်ထောင် သက်တမ်းရှိ ဂျင်ဇင်းနှင့် သွေးလင်ဇီးလည်း ရှိနေလေ၏။ နှစ်ထောင်ချီ သက်တမ်းရှိသည့် ရှားပါးသော ကုန်ကြမ်းအချို့တောင် ရှိနေသည်။
ထိုပါဝင်ပစ္စည်းများက အကောင်းတကာ့ အကောင်းဆုံးပဲ ဖြစ်သည်။ ၄င်းတို့သည် အသင်္ချေခရမ်းနှင့် သစ်ရွက်နီနှင့် မယှဥ်နိုင်ပေ။ သို့သော်ငြား များပြားသည့်အရာများ စုပေါင်းလိုက်သည့်အချိန်တွင် အတွင်း၌ ပါဝင်သည့် ဝိညာဥ်စွမ်းအင်သည် အသင်္ချေခရမ်းနှင့် သစ်ရွက်နီများထက် သာနေပြီး ဖြစ်သည်။
အမျိုးအစားခွဲပြီး ပစ္စည်းများအားလုံးကို စုပုံပြီးနောက် ယဲ့ရှောင်သည် တစ်သောင်းမှတစ် ဆေးလုံးသန့်စင်ခြင်းနည်းကို စတင်အသုံးပြုလိုက်၏။
ထိုမျှ များပြားသည့် ဆေးလုံးများကို တစ်ပြိုင်နက်တည်း သန့်စင်တာ ပထမဆုံးအကြိမ် ဖြစ်သည်။ သို့သော်ငြား ယဲ့ရှောင်၏ လက်ရှိ ဝိညာဥ်စွမ်းအားဖြင့် ၄င်းက ခက်ခဲသည့် ကိစ္စ မဟုတ်ပေ။
အခြားသော အဂ္ဂရိတ်ပညာရှင်များသာဆိုလျှင် သူတို့သည် စီရင်စု၉ခုထဲ၌ အင်မတန် အစွမ်းထက်သည့် အဂ္ဂရိတ်ပညာရှင်များ သို့မဟုတ် တစ်ကမ္ဘာလုံးတွင်တောင် အစွမ်းထက်သည့်သူများ ဖြစ်နေပင်လျှင် ယဲ့ရှောင်ထက်သာမှာ မဟုတ်ပေ။
အခြားသော အကြောင်းအရင်း မရှိပေ။ သူ၏ ဝိညာဥ်စွမ်းအင်ကျင့်ကြံမှုက အင်မတန် အစွမ်းထက်လွန်းပြီး သူသည် စီရင်စု၉ခု၏ အထွတ်အထိပ်နား နီးကပ်နေပြီး ဖြစ်နေသောကြောင့်ပင်တည်း။
ကျန်သည့် အဂ္ဂရိတ် ပညာရှင်များသည် မဟာချီရှန်းအဆင့်သို့ ရောက်နိုင်ခြင်းကပင် အလွန်ကောင်းနေပြီဟု ဆိုရမှာပဲ ဖြစ်သည်။
နှစ်ဖက်ကြားရှိ ကွာဟချက်က ကြီးမားလွန်းနေ၏။
အသင်္ချေဓါးမှ မူလသို့ ထုတ်ဖော်လိုက်ပြီးနောက် ၄င်းသည် အလင်းရောင်ခြည် ( ၂၁ ) ခုအဖြစ် ခွဲထွက်သွားပြီး ယဲ့ရှောင် အမျိုးအစားခွဲထားသည့် ကုန်ကြမ်း ( ၂၁ ) ပုံနှင့် ဆက်နွှယ်သွားသည်။
ပြီးနောက် ကုန်ကြမ်း ( ၂၁ ) ပုံသည် သန့်စင်သည့် အခြေအနေထဲ ဝင်ရောက်သွား၏။ သူတို့အတွင်းရှိ မသန့်စင်မှုများအားလုံးကို ဖယ်ရှားလိုက်သည်။ ပြီးနောက် အဆီအနစ်များ အားလုံးကို ထုတ်ဖော်ကာ ဆေးလုံးများ ဖော်စပ်ရန် အသုံးပြုလိုက်သည်။ ထိုဖြစ်စဥ်က အတော်ကြာညောင်းသည်။ ဆိုရလျှင် ဆေးလုံး ( ၂၁ ) လုံးရှိနေပြီး ၄င်းတို့က သာမန်ဆေးလုံး မဟုတ်ပေ။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ကုန်ကြမ်း ( ၂၁ ) ပုံသည် တဖြည်းဖြည်းချင်း စတင် ပြောင်းလဲလာ၏။ ကြယ်တာရာသားရဲများအားလုံး၏ အလောင်းများကလည်း တဖြည်းဖြည်းချင်း ကျုံ့လာပြီး နောက်ဆုံးတွင် ပြာဖြစ်ကုန်သည်။ ပြီးနောက် ၄င်းတို့ကနေ ရွှေရောင် အရည်စက်များ သိပ်သည်းလာတော့သည်။ သူတို့ထဲ၌ အဆီအနစ်များ ပါဝင်နေ၏။ ခန္ဓာကိုယ်တွင်းရှိ အဆီအနစ်များ အားလုံးက သူတို့ စုပ်ယူတာ ခံလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်း ရွှေရောင်ဆေးလုံးများ တစ်လုံးပြီးတစ်လုံး စတင် သိပ်သည်းလာတော့သည်။ ဆေးလုံး ( ၂၁ ) လုံးသည် နေလေး ( ၂၁ ) စင်းပမာ ထင်မှတ်ရသည်။ ရွှေရောင်အလင်းက ဖြာထွက်နေသည်မှာ ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး၏ တစ်ဝက်ကျော်ကိုတောင် လင်းထိန်သွားစေ၏။
ဆေးလုံးများ၌ အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်စွမ်းအင်ပါဝင်နေလေ၏။ ဆေးလုံးတစ်လုံး ဝါးမြိုခဲ့လျှင် လူတစ်ယောက်၏ ကျင့်ကြံမှုက ချက်ချင်း ပေါက်ကွဲသွားလောက်သည်။ သို့သော်ငြား ယခုအချိန်တွင် စုစုပေါင်းဆေးလုံး ( ၂၁ )လုံး ရှိနေ၏။
ဘန်း။
ကောင်းကင်ကနေ မိုးကြိုး ဆက်တိုက် ပစ်တော့သည်။ ပြီးနောက် တိမ်စိုင်တိမ်မည်းများက လျင်မြန်စွာ စုဝေးလာ၏။ ၁၀စက္ကန့်အတွင် မိုးကြိုးတိမ်တိုက်က ကောင်းကင်ထဲတွင် သိပ်သည်းသွားတော့သည်။
ဂျိမ်း။
မီးပွင့်အသံများကို ကြားနေရသည်။ တိမ်စိုင်တိမ်မည်းများထဲကနေ လျှပ်စီးက ချွန်ထက်သော ဓါးမြှောင်ပမာ ဆင်းသက်လာပြီး ကောင်းကင်နတ်ဆိုးချောက်ကမ်းပါးကို ဖြတ်ကျော်လျက် အောက်ခြေထိ ရောက်လာသည်။
အစောတုန်းက ထွက်မပြေးခဲ့ကြသည့် ကြယ်တာရာသားရဲအချို့က သူတို့ကိုသူတို့ မထိန်းထားနိုင်တော့ပေ။ ယခု သဘာဝကတောင် မိုးကြိုးပစ်နေပြီဖြစ်ရာ ၄င်းကို မည်သူက ခံနိုင်ရည် ရှိမည်နည်း။
ကြယ်တာရာသားရဲများ ထပ်မရှိတော့ပေ။ ကံကောင်းမှုကို မျှော်ကိုးလျက် သူတို့က ဤနေရာတွင် ဆက်နေချင်ခဲ့ကြတာ ဖြစ်သည်။
ဂျိမ်း ဂျိမ်း။
ဘန်း။
ဆေးလုံး ( ၂၁ ) လုံးမှ လျှပ်စီးများ ပိုမို စုဝေးလာ၏။ မျက်တောင်တစ်ခတ်အတွင်း မိုးကြိုး ၆၀မှ ၇၀ခန့်က စက္ကန့်တိုင်းတွင် ဆင်းသက်နေ၏။
ပျမ်းမျှအားဖြင့် ဆေးလုံးတစ်လုံးတွင် မိုးကြိုးသွား နှစ်ခု သုံးခု ပါဝင်နေ၏။ ဆေးလုံးတစ်လုံးတည်းသာဆိုလျှင် ထိုမိုးကြိုးများသည် ရောက်လာရန် အချိန်တချို့ ယူရလောက်သည်။ အနည်းဆုံးတော့ ပုံပေါ်ပြီး ဆေးလုံးသိပ်သည်းသည့် အချိန်ထိ စောင့်နေပေလိမ့်မည်။ ယခုအချိန်တွင် ယဲ့ရှောင်က လွန်ကြူးသွားပြီ ဖြစ်သည်။ သူက ဆေးလုံး ( ၂၁ ) လုံးကို တစ်ပြိုင်နက်တည်း အမှန်တကယ် သန့်စင်ချင်နေပြီး သူတို့အားလုံးက တော်ဝင်ဆေးလုံးများ ဖြစ်သည်။
ယင်းက ကောင်းကင်၏ စွမ်းအား ဥပဒေကို ဆင့်ခေါ်မှုတစ်ရပ်ဟု ဆိုနိုင်ပေ၏။ ထို့ကြောင့် ယခုအခေါက်တွင် လျှပ်စီးများ ကျဆင်းလာတော့သည်။ မိုးကြိုးသည် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး၏ အောက်ခြေကို ပစ်ခတ်ပြီး ဆေးလုံး ( ၂၁ ) လုံးပေါ် ကျရောက်လာကာ ဆေးလုံးများကို ဆက်တိုက် သန့်စင်နေ၏။
တစ်ခု၊ နှစ်ခု၊ သုံးခု၊ ဆယ်ခု၊ တစ်ရာ။
မိုးကြိုးများ ပိုမို ပစ်ခတ်လာပြီး ဆေးလုံးများက နောက်ဆုံးတွင် ပုံပေါ်လာကာ ရွှေရောင်တော်ဝင်ဆေးလုံး ( ၂၁ )လုံးအဖြစ် နောက်ဆုံးတော့ ဖွဲ့တည်လိုက်နိုင်၏။
ကောင်းကင်ကုန်ကြမ်းများနှင့် မြေကမ္ဘာရတနာများ အားလုံးနှင့် ကြယ်တာရာသားရဲများ၏ အသားနှင့် ဝိညာဥ်များအားလုံးသည် ကြယ်အမြုတေထဲသို့ ပြီးပြည့်စုံစွာ ပေါင်းစည်းသွားသည်။ ရောင်ခြည်ဖြာထွက်မှုက အကန့်အသတ်မဲ့ပြီး ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးတစ်ခုလုံးကို လင်းထိန်သွားစေ၏။ ဆေးလုံးတိုင်းက လျှပ်စီးစွမ်းအားဖြင့် ပံ့ပိုးပေးခံထားရသည်။
ကောင်းကင်ထဲရှိ လျှပ်စီးက တဖြည်းဖြည်းချင်း စတင် ပျောက်ကွယ်နေပြီ ဖြစ်သည်။ ကောင်းကင်ထဲတွင် တစ်စုံတစ်ခုကို စောင့်မျှော်နေသည့်ပမာ မိုးကြိုးနှင့် လျှပ်စီးတို့က တလှိမ့်လှိမ့် တက်လာနေ၏။
ဆေးလုံးများအားလုံးက သဏ္ဍန်ပေါ်လာပြီဖြစ်သောကြောင့် သူတို့သည် ဆေးလုံးကို ဆက်လက် မတိုက်ခိုက်နိုင်တော့ပေ။
စွမ်းအားဥပဒေများက သူတို့ကို ဖြေရှင်းရန် မသင့်တော်တော့ချေ။ သို့သော်ငြား ယဲ့ရှောင် လုပ်ချင်သည့်အရာကို သူတို့ ဝေဝါးဝါး ခန့်မှန်းမိသည့်ပုံ ပေါ်၏။ ထို့ကြောင့် သူတို့က မထွက်သွားပေ။ ထိုအစား ၄င်းတို့သည် ယဲ့ရှောင်ကို စောင့်နေတာပဲ ဖြစ်၏။
ဘီး။
ဆေးလုံးများအားလုံး စတင် တုန်ယင်လာတော့သည်။ သူတို့၏ ခွန်အားက အထွတ်အထိပ်သို့ ရောက်နေသောကြောင့် ဖြစ်၏။ သူတို့သည် ကိုယ်ပိုင်အသိစိတ် ဖွဲ့တည်ပြီး ထွက်ပြေးချင်နေကြသည်။ ကံဆိုးသည်မှာ ယဲ့ရှောင်၏ ထိန်းချုပ်မှုအောက်၌ မည်သူမှ မလွတ်မြောက်နိုင်ပေ။
သူတို့သည် လေထဲ၌ တဟင့်ဟင့် အော်သံသာ ဆက်တိုက် ထုတ်ဖော်နိုင်၏။ အခြားသော နည်းလမ်း မရှိပေ။ သူတို့က အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲဖြစ်နေစဥ်က ယဲ့ရှောင်ဆီက မလွတ်မြောက်နိုင်ပေ။ ယခုဆို လွတ်မြောက်ဖို့က ပိုတောင် မဖြစ်နိုင်ပေ။
ယဲ့ရှောင်သည် ကောင်းကင်ထဲတွင် သူ့ကို စောင့်ဆိုင်းနေသော လျှပ်စီးကို ကြည့်လိုက်၏။ နောက်ဆုံးတွင် သူ စတင်လှုပ်ရှားတော့သည်။
လျှပ်စီးကို ရင်ဆိုင်ရာ၌ သူက ဘာမှကြောက်စရာ မရှိပေ။ သူ၏ ဘုရင်တစ်ပါးဖြစ်ချင်လျှင် ထိုမျှ သေးငယ်သည့် စမ်းသပ်မှုကိုတောင် မပြုလုပ်နိုင်ပဲ မည်ကဲ့သို့ ဘုရင်တစ်ပါး ဖြစ်နိုင်မည်နည်း။
ယဲ့ရှောင်က လက်ကို ဝှေ့ရမ်းလိုက်၏။ ဆေးလုံးများထဲမှတစ်လုံးကို သူ ဝါးမြိုလိုက်သည်။
ဖုန်း။
တော်ဝင်ဆေးလုံးက သူ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် အသံတစ်သံ ပေါ်ထွက်လာပြီး ပေါက်ကွဲသွား၏။ ယဲ့ရှောင်၏ အတွင်းကလီစာများထဲ ပေါက်ကွဲသွားကာ သူ၏ ချီသွေးကြောများအားလုံးသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။
ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ကျင့်စဥ်များအားလုံးက ယခုအချိန်၌ အသက်ဝင်လာလေ၏။
အလင်းလုံးများသည် လေပွေအဖြစ် ဖွဲ့တည်လာပြီး ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ ရူးသွပ်စွာ လှည့်ပတ်နေလေ၏။ ယခုအခေါက်တွင် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုနှင့် ထာဝရနှင့် ဖျက်ဆီး၍မရခြင်းက စတင် လည်ပတ်လာ၏။ ထိုဆေးလုံးများအတွင်း၌ ကြယ်တာရာသားရဲများ၏ ဝိညာဥ်စွမ်းအားကို သန့်စင်ထားသောကြောင့် ဖြစ်သည်။ ဝိညာဥ်စွမ်းအားနှင့် အတွင်းရှိ ဝိညာဥ်စွမ်းအင်များသည် ကြီးမားလွန်းလေ၏။
ပထမဆုံး ဆေးလုံးကို တောင့်ခံပြီးနောက် ယဲ့ရှောင်သည် မျက်တောင်တစ်ခတ်အတွင်း ဒုတိယဆေးလုံးကို စမြိုလိုက်တော့သည်။ ယခုအခေါက်တွင် သူက ဆေးလုံးနှစ်လုံးကို တစ်ခါတည်း ဝါးမြိုလိုက်တာ ဖြစ်၏။
တတိယအကြိမ်တွင် သူက ဆေးလုံးလေးလုံး မြိုချလိုက်သည်။
စတုတ္ထအကြိမ်တွင် သူက ဆေးလုံးခြောက်လုံး မြိုချလိုက်သည်။
ပဥ္စမအခေါက်တွင် သူသည် ဆေးလုံးရှစ်လုံး မြိုချလိုက်၏။
သူသည် ဆေးလုံး ( ၂၁ ) လုံးကို မြိုချပြီးနောက် မျပြားလှသည့် စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲ ပေါက်ကွဲသွားကာ သူ့ခန္ဓာကိုယ်၏ ချီသွေးကြောများကို တိုက်ရိုက် ပေါက်ကွဲသွားစေပြီး သူ့ကိုသွေးမြူအဖြစ် ပြောင်းလဲသွားစေ၏။
သို့သော်ငြား ယဲ့ရှောင်က ကြောက်ရွံ့မနေပေ။ သူသည် ထိုစွမ်းအင်များ လွတ်မြောက်သွားမှာကို ကာကွယ်ရန် သူ၏ ခန္ဓာကိုယ်တစ်ဝိုက် ချိတ်ပိတ်ထားသော ပတ်ဝန်းကျင်တစ်ခုကို ဖွဲ့တည်ရန် သူ၏ ကိုယ်ပိုင် ခွန်အားကိုတောင် သုံးလိုက်သည်။
သူက တစ်ချိန်တည်းတွင် သူက နံနက်ခင်းကြယ်ကျင့်စဥ်၊ အမြင့်ဆုံးကုသခြင်းကျင့်စဥ်နှင့် ကောင်းကင်ပြုပြင်ခြင်း ကျင့်စဥ်တို့ကိုသုံးကာ သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ကုစားလိုက်၏။
ထိုကဲ့သို့ သံသရာလည်နေပြီး ဝိညာဥ်စွမ်းအင်များက သူ့ကို ဆက်တိုက် ဆေးကြောနေလေ၏။ မကြာမီ၌ လတ်လတ်ဆတ်ဆတ် သွေးများသည် ရွှေဝါရောင် အရိပ်အရောင်ကို စတင် ထုတ်ဖော်နေ၏။ ယင်းက ဘုရင်တစ်ပါး ဖြစ်လာသည့် လက္ခဏာရပ်တစ်ခုပဲ ဖြစ်သည်။
ကောင်းကင်ထဲရှိ လျှပ်စီးသည် ထပ်မံ တောင့်မခံနိုင်တော့ပေ။ သူတို့က နဂါးများအဖြစ် အသွင်ပြောင်းကာ ရူးသွပ်စွာ ခုန်အုပ်လာကြသည်။
လျှပ်စီးသောင်းချီနှင့် သူတို့၏ အဟုန်များက ကောင်းကင်ထဲ စီးဆင်းလာတော့၏။
လျပ်စီးလုံးများအားလုံး ယဲ့ရှောင်၏ ကိုယ်ပေါ် ကျရောက်လာသည်။ ယဲ့ရှောင်က မရှောင်တိမ်းရုံသာမက သူသည် ခန္ဓာကိုယ်ပေါ် မိုးကြိုးပစ်ခွင့်တောင် ပေးထားလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို စတင် ပြုပြင်နေကာ ခန္ဓာကိုယ်တွင်းရှိ နောက်ဆုံးသော အညစ်အကြေးများကို ဖယ်ရှားလိုက်သည်။
မိုးကြိုးက အရေအတွက် တိုးလာပြီး ယဲ့ရှောင် ၄င်းကို ထိန်းနိုင် မထိန်းနိုင်ကို အပြည့်အဝ လစ်လျူရှုထားလေ၏။
အဆုံးတွင်မူ မိုးကြိုးများ များပြားလွန်းပြီး သန်မာလွန်းသောကြောင့် သူတို့နှင့် မြေပြင်ကြား နေရာလပ် မရှိတော့ပေ။ ကောင်းကင်ထဲရှိ တိမ်တိုက်များကနေ အလင်းတိုင်ကြီးသည် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး၏ အောက်ခြေထိ ကျနေတာကိုသာ မြင်ရ၏။
ထိုအလင်းတိုင်နား ချဥ်းကပ်လာသည့် သတ္တဝါတိုင်းသည် ပြာဖြစ်ကုန်၏။
အံ့ဖွယ်ချီရှန်းတစ်ဦးတောင် နှစ်စက္ကန့် မထိန်းနိုင်ပေ။ အချိန်က မိနစ်နှင့်အမျှ ကုန်ဆုံးနေ၏။ ရုတ်တရက် ၁၀၈ စက္ကန့် ကြာပြီးနောက် ရွှေရောင်အလင်းတန်းသည် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးရှိ ကောင်းကင်ထက် သွန်ကျလာသည့် နဂါးဟိန်းသံတစ်ချက်ဖြင့် ၄င်းက တိမ်တိုက်များထဲ လွင့်လူးသွား၏။ ဖုန်း။
ပေါက်ကွဲသံကြီးက ကောင်းကင်ထဲ၌ ပဲ့တင်သံ ထွက်ပေါ်လာပြီး မိုးကြိုးတိမ်တိုက်အားလုံး ပျောက်ကွယ်သွား၏။
မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်က ထပ်မံ ကြည်လင်လာ၏။
လူရိပ်တစ်ရိပ်သည် မျက်လုံးမှိတ်ထားလျက် တိမ်တိုက်များအထက်တွင် ဝင့်ကြွားစွာ ရပ်နေသည်။ သူက လက်ဖြန့်ထားလျက် သူ၏ ခန္ဓာကိုယ်ထဲ များပြားသည့် စွမ်းအားများကို ခံစားနေသည်။
ထိုစဥ် အနီးပတ်ဝန်းကျင်ရှိ တိမ်တိုက်များက သူ့ကို ရန်စရဲတော့ပုံ မရပေ။ သူတို့၏ အဆင့်သတ်မှတ်ချက်ကို နိမ့်ထားလျက် သူနှင့် အဆင့်တူ မမျောလွင့်ရဲတော့ချေ။ တိမ်တိုက်များသာ မဟုတ်ပေ။ သူ့ဘေးသို့ လေများ ရောက်ချိန်၌ စီးဆင်းတာ ရပ်တန့်သွား၏။ ယင်းက တိတ်ဆိတ်သွားပြီး သူ့ရှေ့၌ အဆင်အခြင်မဲ့စွာ မပြုမူရဲပေ။
သဘာဝ၏ စွမ်းအားက သူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို အာရုံခံမိသည့်ပမာ ဖြစ်နေသည်။
” ဒါက ဘုရင်နယ်ပယ်ရဲ့ စွမ်းအားလား ”
ယဲ့ရှောင်က ရေရွတ်ပြောလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။
သူ၏ အမူအရာကလည်း အင်မတန် ကျေနပ်သွားတော့သည်။
ကောင်းလိုက်တာ။ မယှဥ်နိုင်လောက်အောင် ကောင်းတာပဲ။
အပိုင်း ၂၄၅ ပြီး၏။