အခန်း၁၁၇။ ခေါင်းတလားအဖုံးကတောင် ငါတို့ရဲ့ ဘိုးဘေးကို မဖိနှိပ်နိုင်တော့ဘူး
ထျန်းမို့တောင်းကြား၏ အနက်ဆုံးအပိုင်း၌ ဆယ်ပေရှည်သော ဂူသင်္ချိုင်းတစ်ခုရှိနေပေသည်။
“ဘုန်း”
လီရွှယ်ရှန်နှင့် တခြားသူများသည် ပေါက်ပြားအားကောင်ဆောင်၍ ရောက်ရှိလာသည့်အခါ ပါးလွှာသော အော်ရာတစ်ခုသည် ထိုနေရာ၌ ကြာမြင့်စွာရှိနေသော ဖုန်မှုန့်များအား လွင့်စင်သွားစေခဲ့သည်။
၎င်းသည် သူတို့၏ အမူအရာအားပို၍ လေးနက်လာစေခဲ့သည်။
ဂူသင်္ချိုင်းအရှေ့ရှိ ကျောက်ပြားပေါ်တွင် စာလုံးအနည်းငယ်အားရေးထွင်းထားခဲ့သည်။
“တုကူးမေ၏ ဂူသင်္ချိုင်း… တာရီနတ်ဆိုးဂိုဏ်း၏ ဘိုးဘေး”
သူတို့ရှေ့ရှိ ရှေးဟောင်းဆန်သော ဂူသင်္ချိုင်းကို ကြည့်လျက် ဝမ်ကျန်းထျန်းနှင့် ယွမ်ဟွချန်တို့သည် မျက်မှောင်ကြုတ်လိုက်ကြသည်။
“ဒါက…ငါတို့ တကယ်ပဲ ဘိုးဘေးဂူသင်္ချိုင်းက်ို တူးဖော်ကြတော့မလို့လား” ယွမ်ဟွချန်သည် နက်ရှိုင်းစွာသက်ပြင်းချလျက်ပြောလိုက်သည်။
“ဘာလဲ… မင်း ကြောက်နေတာလ” လီရွှယ်ရှန်သည် လှောင်ပြောင်ပြောဆိုလိုက်သည်။
ထိုသို့ကြားသည့်အခါ ယွမ်ဟွချန်၏ မျက်နှာသည် မဲမှောင်သွားခဲ့သည်။
“ငါမကြောက်ဘူး။ ဒါပေမဲ့ တုကူးမေက ငါတို့ တာဂီနတ်ဆိုးဂိုဏ်းရဲ့ တည်ထောင်သူလေ။ သူ့ဂူသင်္ချိုင်းကို တူးဖော်တာက နည်းနည်းတော့ မသင့်တော်ဘူးမလား။ ပြီးတော့ တကယ်လို့ ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားခဲ့ရင် ငါတို့ ဂုဏ်သတင်းကတော့ သွားပြီ…”
သူသည် အနည်းငယ်တုန့်ဆိုင်းနေမိသည်။
ဝမ်ကျန်းထျန်းသည် သူ့ထက်ပင် ပို၍ တုန့်ဆိုင်းနေမိသည်။
“မင်းတို့ ဘာကို ကြောက်နေတာလဲ။ ငါတို့ မပြောသ၍ ဘယ်သူသိမှာလဲ။ ဒေါင်းဖန်ပုဘိုင်က ငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲ။ မင်းတို့ မသေချင်ရင်တော့ ဒီဂူကို ဖောက်ထွင်းကြရမယ်”
ထိုသို့ကြားသည့်အခါ ဝမ်ကျန်းထျန်းသည် သူ၏ စိတ်အားပြင်ဆင်လိုက်ပြီး ပေါက်ပြားကို ကိုင်ကာ ဘိုးဘေးအုတ်ဂူအားတူးဖော်လိုက်သည်။ ပြင်းထန်သော အင်အားတစ်ခုသည် ဂူသင်္ချိုင်းအား ရိုက်ခတ်သွားခဲ့သည်။
“လုပ်ကြတာပေါ့… ငါတို့ဂိုဏ်းရှင်သန်ဖို့အတွက် ဘိုးဘေးတွေလည်း အနစ်နာခံသင့်တာပဲလေ”
ဝမ်ကျန်းထျန်းက ထိုသို့ တူးဖော်နေသည်ကို မြင်သောအခါ လီရွှယ်ရှန်သည်လည်း စတင်တူးဖော်လိုက်သည်။
ထိုသို့မြင်သည့်အခါ ယွမ်ဟွချန်သည်တစ်ခုခုအား ပြောချင်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောပဲနေလိုက်သည်။
တခဏကြာပြီးနောက် သူသည်လည်း ဂူသင်္ချိုင်းအား တူးဖော်လိုက်သည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
…
သူတို့သုံးယောက်သည် ဒဏ္ဍာရီလာနယ်ပယ်ပြီးပြည့်စုံသောအဆင့် ကျွမ်းကျသူများဖြစ်ကြသည်။ သူတို့၏ ကိုင်တွယ်နိုင်စွမ်းသည် အလွန်ကောင်းပေသည်။
၁၅မိနစ်လောက်ကြာပြီးနောက် သူတို့သည် လမ်းကြောင်းတစ်ခုအား တူးဖော်လိုက်နိုင်၏။
ချက်ချင်းပင် ဆွေးမြေ့သောအော်ရာသည် ပြန့်ထွက်လာခဲ့သည်။
ဖုန်မှုန့်များပျောက်ကွယ်သွားပြီးနောက် သူတို့သည် အချင်းချင်းကြည့်လိုက်ကြပြီး လက်နက်ကိုယ်စီကိုင်ဆောင်လျက် ဘိုးဘေးဂူသင်္ချိုင်းထဲသို့ ဝင်သွားလိုက်ကြသည်။
ဂူသင်္ချိုင်းသည် အလွန်ကျယ်ဝန်းပေသည်။ ထို့အပြင် သူတို့ တွေးထားသကဲ့သို့ မဲမှောင်နေခြင်းမရှိချေ။ ထိုအစား အလွန်တောက်ပနေ၏။
“ချပ်”
“ချပ်”
“ချပ်”
…
သူတို့သည် လှေကားအတိုင်း ဆင်းလာခဲ့ကြပြီး ဂူသင်္ချိုင်းထဲသို့ အောင်မြင်စွာရောက်ရှိသွားကြသည်။
ချက်ချင်းပင် သူတို့သည် ရှေးဟောင်းဆန်သော အနက်ရောင်ကြေးခေါင်းတလားတစ်ခုကို မြင်တွေ့လိုက်ရသည်။
ကြေးခေါင်းတလသည် အလွန်လေးလံပေသည်။
၎င်းကို လက်မောင်းအရွယ်အစားလောက်ရှိသည့် သံကြိုးများဖြင့် ချဉ်နှောင်ထားခဲ့သည်။ နှစ်ထောင်ပေါင်းများစွာကြာသွားသည့်တိုင်အောင် ထိုသံကြိုးကြီးများသည် ပျက်စီးယိုယွင်းသည့် အရိပ်အယောင်မပြချေ။
၎င်းတို့သည် ကြေးခေါင်းတလားအား တင်းကျပ်စွာ ချည်နှောင်ထားပြီး လေပေါ်၌ မျော့လွှင့်နေသကဲ့သို့ ဖြစ်နေစေခဲ့သည်။
၎င်းသည် အလွန်ထူးဆန်းလွန်းပေသည်။
“ဘိုးဘေးတုကူးမေရဲ့ အလောင်းကို ဒီခေါင်းတလားထဲမှာ သိမ်းဆည်းထားတာလား”
ယွမ်ဟွချန်သည် ကြေးခေါင်းတလားအား အံ့အားသင့်စွာကြည့်လိုက်သည်။
“အမှန်ပဲ… တာရီနတ်ဆိုးဂိုဏ်းရဲ့ မှတ်တမ်းတွေအရ တုကူးမေရဲ့ ကျင့်ကြံခြင်းအဆင့်က သူမသေခင် ကောင်းကင်စက်ဝန်းနယ်ပယ်ပြီးပြည့်စုံသောအဆင့်ထိရောက်ရှိခဲ့တယ်လို့ပြောထားတယ်” လီရွှယ်ရှန်သည် နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။
ကောင်းကင်စက်ဝန်းနယ်ပယ် ပြီးပြည့်စုံသောအဆင့်လား။
ဝမ်ကျန်းထျန်းနှင့် ယွမ်ဟွချန်တို့သည် အံ့အားသင့်သွားခဲ့ကြသည်။
တုကူးမေသည် ပါရမီတွင်ဖြစ်စေ၊ မွေးရာပါအရိုးတွင် ဖြစ်စေ တခြားသူများထက် သာလွန်ပေသည်။ ကောင်းကင်စက်ဝန်းနယ်ပယ် ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ချေ။
ထိုသို့ခွန်အားဖြင့်ဆိုလျှင် သူအား အစိမ်းရောင်ကောင်းကင်ဒေသ၌ပင် ဆရာသခင်တစ်ယောက်အဖြစ်သတ်မှတ်နိုင်ပေသည်။
ကံဆိုးစွာဖြင့် မည်မျှပင် သန်မာသည့် သူဖြစ်ပါစေ အချိန်စွမ်းအားနှင့် ကံတရားတို့ကို ကျော်လွန်နိုင်ခြင်းမရှိချေ။
တုကူးမေသည် ကောင်းကင်စက်ဝန်းနယ်ပယ် ပြီးပြည့်စုံသောအဆင့်၌ သေဆုံးသွားခဲ့ပေသည်။ သူသည် အတားအဆီးကို ချိုးဖျက်ပြီး သက်တန်းအား ဆွဲ့ဆန်နိုင်ခြင်းမရှိခဲ့ချေ။
“ဘိုးဘေး ခေါင်းတလားထဲမှာ ပစ္စည်းကောင်းတွေရှိလောက်လား”
ရုတ်တရက် ဝမ်ကျန်းထျန်း၏ အသံသည် ထွက်ပေါ်လာခဲ့သည်။
“အမ်…”
ထိုသို့ကြားသည့်အခါ လီရွှယ်ရှန်နှင့် ယွမ်ဟွချန်တို့သည် သူ့အားကြည့်လိုက်ကြသည်။ ထို့နောက် သူ၏ မျက်လုံးများသည် တက်ကြွသွားခဲ့သည်။
“တာရီနတ်ဆိုးဂိုဏ်းရဲ့ တည်ထောင်သူတစ်ယောက်အနေနဲ့ သူ့မှာ ရတနာတွေအများကြီးရှိလောက်တယ်။ ဘာလို့ ခေါင်းတလားကို ဖွင့်ပြီး တစ်ချက်လောက် မကြည့်ရမှာလဲ”
…
ယွမ်ဟွချန်သည် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
“ငါလည်း သဘောတူတယ်။ ဘိုးဘေးဂူသင်္ချိုင်းကို တူးဖော်ပြီးပြီဆိုမှတော့ ခေါင်းတလားကို ဖွင့်ကြည့်ကြတာပေါ့။ တကယ်လို့ အခွင့်အရေးကောင်းတွေရှိနေရင် တာရီနတ်ဆိုးဂိုဏ်းကို ကာကွယ်နိုင်လောက်တယ်”
ထိုသို့ပြောပြီးနောက် ဝမ်ကျန်းထျန်းသည် ခြေတစ်လှမ်းဖြင့် ခေါင်းတလားရှေ့သို့ ရောက်ရှိသွားခဲ့သည်။ တခဏလောက် စစ်ဆေးကြည့်ပြီးနောက် သူသည် ရှေးဟောင်းဓားကြီးတစ်လက်ကို ထုတ်ယူကာ ကြေးခေါင်းတလားအား ပြင်းထန်စွာရိုက်ချလိုက်သည်။
“ဘန်း”
သတ္တုကြေမွသံနှင့်အတူ ကြေးခေါင်းတလားအားချည်နှောင်ထားသည့် သံကြိုးကြီးများသည် ကျို့ပဲ့သွားခဲ့သည်။
ထိုသို့မြင်သောအခါ ယွမ်ဟွချန်သည် စစ်ဆေးရန်သွားလိုက်သည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
…
သို့သော်လည်း ပိတ်ပိတ်မှောင်အောင်မဲနက်နေသော ကြေးခေါင်းတလသည် တဆတ်ဆတ် တုန်ခါသွားခဲ့သည်။
…
ထို့နောက် ဝမ်ကျန်းထျန်းသည် ကြေးခေါင်းတလားအဖုံးအား မ တင်လိုက်သည်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် ထိတ်လန့်ဖွယ်ကောင်းသော အော်ရာသည် လှိမ့်တက်လာခဲ့သည်။
ထိုသို့မြင်သောအခါ သူတို့သုံးယောက်သည် အံ့အားသင့်သွားခဲ့သည်။
“သောက်ကျိုးနည်း… ဘိုးဘေးအလောင်းက အသက်ပြန်ရှင်လာပြီ။ မြန်မြန်ထွက်ပြေးကြတော့” လီရွှယ်ရှန်သည် ရူးသွပ်စွာအော်ဟစ်လိုက်သည်။
သူသည် အလောတကြီးပြောကာ ယွမ်ဟွချန်ကို ဆွဲခေါ်လိုက်သည်။ သို့သော်လည်း နောက်ကျသွားပေပြီ။
“အား…”
နားအူမတတ်ဆူညံသံနှင့်အတူ ခေါင်းတလားထဲမှ ထွက်လာသည့် အနက်ရောင်လက်အား လီရွှယ်ရှန်နှင့် ယွမ်ဟွချန်တို့သည် ထိတ်လန့်စွာကြည့်လိုက်ကြသည်။
ထို့နောက် ထိုလက်သည် ဝမ်ကျန်းထျန်း၏ လည်ပင်ရိုးအားချိုလိုက်ပြီး ခေါင်းတလားထဲသို့ ဆွဲခေါ်သွားခဲ့သည်။
“ဘိုးဘေး… ခွင့်လွှတ်ပါ… ခွင့်လွှတ်ပါ…”
လီရွှယ်ရှန်နှင့် ယွမ်ဟွချန်တို့သည် ခေါင်းတလားထဲမှ အကူအညီမဲ့စွာ တောင်းပန်နေသော အော်ဟစ်သံကို ကြားလိုက်ရသည်။
တချိန်တည်းတွင် ခေါင်းတလား၏ အဖုံးသည် အပြင်းအထန် တုန်ရင်လာခဲ့သည်။ ထို့နောက် ခေါင်းတလား၏ အဖုံးသည် လွင့်စင်လုမတတ်ခဲ့သည်။
“သောက်ကျိုးနည်း… ခေါင်းတလားအဖုံးကတောင် ငါတို့ရဲ့ ဘိုးဘေးကို မဖိနှိပ်နိုင်တော့ဘူး”
ယွမ်ဟွချန်သည် အလွန်ကြောက်လန့်နေသည်။
“ဘန်း”
ထိုသို့မြင်သောအခါ လီရွှယ်ရှန်သည် ခေါင်းတလားအဖုံးဆီသို့ အလျင်အမြန်ပြေးသွားလိုက်သည်။
လျှပ်စီးကဲ့သို့ အမြန်နှုန်းနှင့်အတူ သူသည် ခေါင်းတလားပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင် အဆောင်တစ်ခုကို ကပ်ထားသည်။
“ဂရား”
ခရမ်းရောင်အဆောင်အား ကပ်လိုက်သည့်အခါ ခေါင်းတလကို အင်းအားတစ်ခုက ဖိနှိပ်လိုက်သည်။ ၎င်းသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
“ဝှစ်”
ထိုအခါမှသာ လီရွှယ်ရှန်သည် သက်ပြင်းချလိုက်နိုင်သည်။
တချိန်တည်းတွင် ယွမ်ဟွချန်သည် သေခြင်းတရားမှ လွတ်မြောက်လာသကဲ့သို့ ကြောက်လန့်တကြား တံတွေးမြိုချလိုက်မိသည်။ သူ၏ မျက်လုံးများတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နေသည်။
“ဒါက ဘယ်လို သောက်ကျိုးနည်းတဲ့ဟာလဲ”
“ငါလည်းမသိဘူး။ ငါ့ခန့်မှန်းချက်အရဆိုရင် ဘိုးဘေးက အခုထက်ထိ မသေသေးဘူး။ သူ့ရဲ့ ကျန်ရစ်တဲ့ စိတ်ဝိညာဉ်က ငါတို့ကို ဒုက္ခပေးခဲ့တာပဲ”
လီရွှယ်ရှန်၏ မျက်နှာသည် မဲမှောင်သွားခဲ့သည်။
ဒါကဘာလဲ။ တုကူးမေက သေသွားပြီမဟုတ်ဘူးလား။ ဘာလို့ အသက်ပြန်ရှင်လာတာလဲ။
“ဒါဆို အခုဘယ်လိုလုပ်ကြမလဲ။ သူထွက်လာနိုင်သေးလား”
“အခုတော့ မထွက်လာနိုင်တော့ဘူး။ ပခုငါအသုံးပြုလိုက်တဲ့အဆောင်က အလောင်းဖိနှိပ်ခြင်းအဆောင်ပဲ။ ဒါက အလောင်းတွေကို ဖိနှိပ်တဲ့အခါ အရမ်းကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုရှိတယ်။ တုကူးမေက မသေသေးရင်တောင် အလောင်းထဲက အချိန်တစ်ခုထိတော့ ထွက်ခွာနိုင်မှာမဟုတ်သေးဘူး။ ဒါပေမဲ့ အချိန်ကြာလာရင်တော့ ငါလည်း ဘာဖြစ်မလဲဆိုတာမသိဘူး”
လီရွှယ်ရှန်၏ အမူအရာသည် လေးနက်နေသည်။
ထိုသို့ကြားသည့်အခါ ယွမ်ဟွချန်သည် အလွန်စိုးရိမ်သွားခဲ့သည်။
“မြန်မြန် ဒေါင်းဖန်ပုဘိုင်ကို ဖိတ်ခေါ်လိုက်တော့။ ငါတို့ကြန့်ကြာနေရင် ကိစ္စတွေပြောင်းလဲသွားနိုင်တယ်။ တူကူးမေရဲ့ အလောင်းထွက်လာခဲ့ရင် နောက်ဆက်တွဲ ကိစ္စကို ငါတို့ ကိုင်တွယ်နိုင်မယ်မထင်ဘူး” သူသည် အလောတကြီးပြောလိုက်သည်။
“ကောင်းပြီ”
ထိုသို့ပြောပြီး သူသည် လျှို့ဝှက်ဆန်းကြယ်သော သူနှင့် တက်သွယ်ရန် ကြိုးစားလိုက်သည်။
“ကောင်းကင်ဘုံရဲ့ တမန်တော် ဒေါင်းဖန်ပုဘိုင်ကို ဖိတ်ခေါ်ဖို့ တာရီနတ်ဆိုးဂိုဏ်းရဲ့တည်ထောင်သူ ပလောင်းကို ပေးအပ်ပါမယ်”
“ဒုန်း”
“ဒုန်း”
“ဒုန်း”
…
သူသည် ကောင်းကင်ကို မော့လျက် ဒူးထောက်လိုကါသည်။
……
[ဒင်]
[သင်သည် တာရီနတ်ဆိုးဂိုဏ်းမှ ဖိတ်ခေါ်မှုကို လက်ခံရရှိပါသည်။ တဖက်လူက သင့်အား တာရီနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာစေချင်ပြီး မဟာကပ်ဘေးအား ကူညီကျော်ဖြတ်ပေးဏလိုပါသည်]
[ဆုလာဒ် : တာရီနတ်ဆိုးဂိုဏ်း၏ တည်ထောင်သူ တုကူးမေ၏ အလောင်း]
[ဖိတ်ခေါ်မှုကို လက်ခံမည်လား]
လီရွှယ်ရှန်သည် ဒူးထောက်နေစဉ် လီမင်းဆက်တော်ဝင်မြို့တော်၌ ရှိနေသော လင်းဝူတသည် ဖိတ်ခေါ်ချက်ကို လက်ခံရရှိလိုက်သည်။