အခန်း ၁၁၆။ ဘိုးဘေးဂူသင်္ချိုင်းအားတူးဖော်ခြင်းဖြင့် မဟာကပ်ဘေးကို ကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်သည်
ထျန်းမို့တောင်ကြား….။
၎င်းသည် တာရီနတ်ဆိုးဂိုဏ်း စတင်တည်ထောင်ခဲ့ကတည်းက ဂိုဏ်းချုပ်နှင့် ဘိုးဘေးများအားမြှုပ်နှံသည့်နေရာဖြစ်သည်။
ဤအချိန်တွင် ထိုတောင်ကြားထိပ်ဆုံး၌ အနီရောင်ဝတ်လူအိုကြီးတစ်ယောက်သည် ခြေချိတ်ထိုင်နေခဲ့သည်။ သူ၏ မျက်လုံးများသည် တိမ်များကို စူးစိုက်ကြည့်နေသည်။
သူ၏ မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နေသည်။
သူ၏အမည်သည် လီရွှယ်ရှန်ဖြစ်သည်။
သူသည် တာရီနတ်ဆိုးဂိုဏ်း၏ နောက်ဆုံးကျန်သော ဘိုးဘေးသုံးဦးမှ တစ်ဦးဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဒဏ္ဍာရီလာနယ်ပယ် ပြီးပြည့်စုံသောအဆင့်တွင်ရှိနေပြီး ဆန်းကြယ်ကောင်းကင်အဆင့်နှင့် ခြေတစ်လှမ်းသာ ဝေးကွာပေတော့သည်။
ယနေ့မတိုင်ခင်အထိ သူသည် ထျန်းမို့တောင်ကြား၌ တစ်ယောက်တည်း ကျင့်ကြံနေခဲ့သည်။
“ခုနစ်ရက်ပဲကျန်တော့တယ်။ တကယ်လို့ သင့်တော်တဲ့ ဆက်ခံသူကို ရှာမတွေရင် မဟာကပ်ဘေးက တာရီနတ်ဆိုးဂိုဏ်းရဲ့ နှစ်ထောင်ချီအခြေခံကို ဖျက်စီးတော့မယ်။ လူတိုင်း မြှုပ်နှံစရာ မြေမရှိဘဲ သေဆုံးရလိမ့်မယ်…” လီရွှယ်ရှန်သည် လေးလံစွာသက်ပြင်းချလိုက်သည်။
သူ့မျက်လုံးများရှိ စိုးရိမ်မှုသည် ပို၍ တင်းကျပ်လာခဲ့သည်။
ခုနစ်ရက်ကြာပြီးနောက် တာရီနတ်ဆိုးဂိုဏ်း၏ မဟာကပ်ဘေးဆင်းသက်လာပေတော့မည်။ အတိတ်တုန်းက နိယာမများအရ သူတို့အတွက် သင့်လျော်သော ဆက်ခံသူတစ်ယောက်ရှာဖွေရပေမည်။
ထို့နောက် တာရီနတ်ဆိုးဂိုဏ်းသည် ဆက်လက် အသက်ရှင်ရပ်တည်နိုင်စွမ်းရှိပေမည်။
ထိုအချိန်တွင် သူတို့သည် အသက်ရှင်ရုံသာမက ကျင့်ကြံခြင်းအဆင့်ပါ အကြီးအကျယ်တိုးတက်လာပေလိမ့်မည်။
သို့သော် အကြံကကောင်းသော်လည်း မည်သူမှ ဂိုဏ်းချုပ်မလုပ်ချင်ကြချေ။
ခုနစ်ရက်သာကျန်ပေတော့သည်။ ဂိုဏ်းချုပ်အသစ်အား ရှာဖွေနိုင်ခြင်းမရှိလျှင် သူတို့အားလုံးသေဆုံးရပေတော့မည်။
၎င်းသည် ကောင်းကင်ဘုံ၏နိယာမဖြစ်ပြီး မည်သူမျှ မပြောင်းလဲနိုင်ကြချေ။
လီရွှယ်ရှန်သည် ပို၍တွေးတောလေလေ ပို၍ စိတ်ရှုပ်လာလေလေပင်။
[ဂုဏ်ယူပါတယ်…သင်သည် အခု ကောင်းကင်ဘုံ၏ ကောင်းချီပေးခံရသူတစ်ယောက်ဖြစ်ပါတယ်]
[အခု ကောင်းကင်ဘုံ၏ တမန်တော်တစ်ဦး ကျို့ကျိုနယ်မြေတွင် မွေးဖွားခဲ့ပါသည်။ သူ၏ အမည်သည် ဒေါင်းဖန်ပုဘိုင်ဖြစ်ပါတယ်။ သူ့ကို ဆုတောင်းပြီးသူလိုအပ်တဲ့ အရာတစ်ခုခုပေးလှူခဲ့ရင် မဟာကပ်ဘေးကနေ အသက်ရှင်နိုင်ပါလိမ့်မယ်]
[လိုအပ်သော ဆုတောင်း : ဆန်းကြယ်ကောင်းကင်နယ်ပယ်အထက်အဆင့် ကျင့်ကြံသူ၏ အလောင်း]
[သင်သည် ဒေါင်းဖန်ပုဘိုင်အား ဂိုဏ်းချုပ်အဖြစ် ဖိတ်ခေါ်မည်လား။ ထိုသို့ဖိတ်ခေါ်မည်ဆိုလျှင် ဆန်းကြယ်ကောင်းကင်နယ်ပယ် အထက်အဆင့် ကျင့်ကြံသူအလောင်းတစ်ခုလိုအပ်ပါမယ်]
…
လျှို့ဝှက်ဆန်းကြယ်သော အသံတစ်ခုသည် လီရွှယ်ရှန်၏ စိတ်ဝိညာဉ်ထဲ၌ မြည်ဟိန်းလာခဲ့သည်။
“ဘယ်သူလဲ”
ထိုရုတ်တရက်အသံသည် လီရွှယ်ရှန်အား ထိုင်နေရာမှ ခုန်ထလုမတတ် ထိတ်လန့်စေခဲ့သည်။
သူ၏ စူးရှသော မျက်လုံးသည် နေရာတိုင်းကို ရှာဖွေလိုက်သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ချေ။
“ထင်ယောင်ထင်မှားဖြစ်နေတာလား”
လီရွှယ်ရှန်သည် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ သန်မာသော စိတ်အာရုံအရ ထျန်းမို့တောင်ကြားတွင် သူတစ်ယောက်တည်းသာရှိသည်ကို သူသိပေသည်။
[သင်သည် ဒေါင်းဖန်ပုဘိုင်အား ဂိုဏ်းချုပ်အဖြစ် ဖိတ်ခေါ်မည်လား။ ထိုသို့ဖိတ်ခေါ်မည်ဆိုလျှင် ဆန်းကြယ်ကောင်းကင်နယ်ပယ် အထက်အဆင့် ကျင့်ကြံသူအလောင်းတစ်ခုလိုအပ်ပါမယ်]
“ဘုန်း”
လီရွှယ်ရှန်သည် ထင်ယောင်ထင်မှားဖြစ်နေသည်ဟုတွေးလိုက်သည့်အခါ ထိုအသံသည် ထပ်မံထွက်ပေါ်လာခဲ့သည်။
“ဘယ်သူစကားပြောနေတာလဲ”
သူ၏ အမူအရာသည် သတိထားမှုများဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း မည်မျှပင်ရှာဖွေပါစေ သူသည် မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ပေ။ ထိုလျှို့ဝှက်ဆန်းကြယ်သောအသံသည် သူ၏စိတ်ထဲသို့တိုက်ရိုက်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
မည်သည့် ခြေရာလက်ရာမှ ရှာမတွေ့ချေ။
“ဒါက… အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ သူတစ်ယောက်နဲ့ ဆက်သွယ်မိတာလား” ကြောက်လန့်ဖွယ်အတွေးတစ်ခုသည် လီရွှယ်ရှန်၏ စိတ်ထဲ၌ ပေါ်လာခဲ့သည်။
“ကျုပ်… သူကို ဘယ်လိုဖိတ်ခေါ်ရမလဲ”
တခဏလောက် တိတ်ဆိတ်သွားပြီးနောက်သူသည် သိချင်စိတ်ဖြင့် ဂရုတတစိုက်မေးလိုက်သည်။
[ဆန်းကြယ်ကောင်းကင်နယ်ပယ် အထက်အဆင့် ကျင့်ကြံတစ်ယောက်ရဲ့ အလောင်းကို ပေးရုံပါပဲ။ ထိုအချိန်တွင် သင်သည် ဒေါင်းဖန်ပုဘိုင်အား အောင်မြင်စွာဖိတ်ခေါ်နိုင်ပါသည်]
လျှို့ဝှက်ဆန်းကြယ်သောအသံသည် ထွက်ပေါ်လာခဲ့သည်။
“ဟူး… ငါက လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်နဲ့ တကယ်ကြုံတွေ့လိုက်ရတာပဲ”
လီရွှယ်ရှန်သည် သက်ပြင်းချလိုက်မိသည်။ သူ၏ အိုမင်းသောမျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့်ပြည့်နေသည်။
သူသည် တဖက်လူကို လုံးဝမသိချေ။
“ကျုပ်တို့က ဒေါင်းဖန်ပုဘိုင်ကို ဆန်းကြယ်ကောင်းကင်နယ်ပယ်အထက်အဆင့် ကျင့်ကြံသူအလောင်းပေးရုံနဲ့ ဖိတ်ခေါ်နိုင်တာလား။ ဒီလိုဆိုမှတော့ ကျုပ်တို့ လောင်းကစားလုပ်ရတာပေါ့…”
လီရွှယ်ရှန်သည် လက်သီးဆုပ်လိုက်မိသည်။
သူသည် အကူအညီမဲ့စွာဖြင့် ထျန်းမို့တောင်ကြားရှိဘိုးဘေးအုတ်ဂူအားကြည့်လိုက်သည်။
တာရီနတ်ဆိုးဂိုဏ်း၏ ကွယ်လွန်သွားသော ဂိုဏ်းချုပ်များနှင့် ဘိုးဘေးများကို ဤနေရာ၌ မြှုပ်နှံထားပေသည်။ တည်တောင်သူ တုကူးမေသည် ထိုအထဲတွင်တစ်ယောက်အပါအဝင်ဖြစ်၏။
သူသည် ဆန်းကြယ်ကောင်းကင်နယ်ပယ်အထက်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
“ကျုပ်တို့တကယ်ပဲ ဒေါင်းဖန်ပုဘိုင်ကို ဂိုဏ်းချုပ်အဖြစ်ဖိတ်ခေါ်နိုင်မှာလား”
[သေချာပါတယ်]
“ဒါဆို ကောင်းကင်ဘုံရဲ့ မဟာကပ်ဘေးကနေ လွှတ်မြောက်နိုင်လား”
[သေချာတာပေါ့]
“ကျုပ်သိပြီ။ ကျုပ်စဉ်းစားလိုက်ဦးမယ်”
…
…
ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် လီရွှယ်ရှန်သည် အံ့ဩတုန်လှုပ်မှုအား ဖိနှိပ်လိုက်သည်။
ဒါက မယုံကြည်နိုင်စရာကောင်းပေမဲ့ အမှန်ဖြစ်နေရင်ရော။
“သင့်တော်တဲ့သူ ရှာမတွေ့မှတော့ ဘာလို့ မဖိတ်ခေါ်ဘဲ နေရမှာလဲ”
ထိုသို့တွေးပြီး လီရွှယ်ရှန်သည် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူကာခြွေမွလိုက်သည်။
“ဝှစ်”
“ဝှစ်”
…
မကြာမိ စွမ်းအားကြီးသည့် လူနှစ်ယောက်သည် ရောက်ရှိလာခဲ့သည်။
“တစ္ဆေအိုကြီးလီ… ဘာဖြစ်လို့လဲ”
သူတို့သည် အစိမ်းရောင်ဝတ်အကြီးအကဲနှင့် အနက်ရောင်ဝတ်အကြီးအကဲတို့ပင်။
အစိမ်းရောင်ဝတ် အကြီးအကဲကို ဝမ်ကျန်းထျန်းဟုခေါ်ပြီး အနက်ရောင်ဝတ်အကြီးအကဲကို ယွမ်ဟွချန်ဟုခေါ်ပေသည်။ သူတို့သည် တာရီနတ်ဆိုးဂိုဏ်း၏ နောက်ဆုံးကျန်ရစ်သော ဒဏ္ဍာရီလာနယ်ပယ်ပြီးပြည့်စုံသောအဆင့်ကျွမ်းကျင်သူများပင်။
…
လီရွှယ်ရှန်၏ သတင်းပေးပို့မှုကို ရသည့်အတွက် ဤနေရာသို့ အပြေးအလွှာရောက်လာခဲ့ကြခြင်းပင်။
“တေစ္ဆေအိုကြီးလီ…အဆင်ပြေရဲ့လား”
လီရွှယ်ရှန်၏ မျက်နှာကိုကြည့်လျက် ဝမ်ကျန်းထျန်း၏ မျက်နှာသည် မဲမှောင်သွားခဲ့သည်။
ယွမ်ဟွချန်၏ တုန့်ပြန်မှုသည်လည်း အတူတူပင်။
လီရွှယ်ရှန်သည် သူတို့အား နောက်ပြောင်နေသည်ဟုထင်သွားခဲ့သည်။
“တမျိုးမထင်ပါနဲ့။ မင်းတို့နဲ့ ဆွေးနွေးစရာရှိလို့ ခေါ်လိုက်ရတာ”
“ဘာကိစ္စများလဲ”
“အမှန်ပဲ… ဂိုဏ်းချုပ်ဖြစ်ဖို့ သင့်တော်တဲ့သူကို ရှာတွေ့လို့လား”
သူတို့နှစ်ယောက်သည် လီရွှယ်ရှန်အားပြောလိုက်သည်။
သို့သော်လည်း သူတို့စကားဆုံးသည့်အခါ လီရွှယ်ရှန်သည် လေးနက်စွာခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ။ ငါ လူတစ်ယောက်ရှာတွေ့ထားတယ်…”
ဘယ်လို…သူက တကယ်ပဲ လူတစ်ယောက်ရှာတွေ့ထားတာလား။
သူတို့နှစ်ယောက်သည် အံ့ဩသွားခဲ့သည်။
“ဝှစ်”
သူတို့နှစ်ယောက်သည် လီရွှယ်ရှန်အား မယုံကြည်နိုင်စွာ၊ စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။
“ဘယ်သူလဲ”
“တာရီနတ်ဆိုးဂိုဏ်းကလား အပြင်လောကကလား”
သူတို့နှစ်ယောက်သည် အလောတကြီးမေးလိုက်သည်။
“မဟုတ်ဘူး…အခုလေးတင် လုံးဝရှာမတွေနိုင်တဲ့ အသံတစ်ခုကို ကြားခဲ့ရတယ်။ သူပြောတာက ကျို့ကျိုရဲ့ ကောင်းကင်ဘုံတမန်တော်က မွေးဖွားလာပြီတဲ့။ သူ့အမည်က ဒေါင်းဖန်ပုဘိုင်။ ဆန်းကြယ်ကောင်းကင်နယ်ပယ်အဆင့်ထက်မြင့်တဲ့ ကျင့်ကြံသူအလောင်းကို ပေးရင် သူ့ကို ဖိတ်ခေါ်နိုင်တယ်လို့ပြောတယ်”
…
လီရွှယ်ရှန်သည် ဖြစ်ခဲ့သမျှအားပြောပြလိုက်သည်။
သူတို့သည် နားထောင်ပြီးနောက် အချင်းချင်းကြည့်လိုက်ကြသည်။
“တစ္ဆေအိုကြီးလီ…မင်းတကယ်ပြောနေတာလား”
“မင်း နားကြားမှားတာ မဟုတ်ပါဘူးနော်”
သူတို့နှစ်ယောက်စလုံးသည် မယုံကြည်နိုင်ဖြစ်နေကြသည်။ ဤသို့ ထူးဆန်းသော ကိစ္စကို သူတို့မကြားဖူးချေ။
လီရွှယ်ရှန်သည် လေးနက်စွာခေါင်းညိတ်လိုက်သည်။
“ငါ ထပ်ခါထပ်ခါ အတည်ပြုပြီးပြီ။ ဒါကအမှန်ပဲ”
“အာ… ငါတို့ကို ဒီကိစ္စအတွက် ခေါ်လိုက်တာလား”
“တစ္ဆေအိုကြီးလီ… မင်းယုံတယ်လို့တော့ ငါ့ကိုမပြောနဲ့။ မင်းက ဘိုးဘေးဂူသင်္ချိုင်းကို တူးဖော်ချင်တာလား”
“အင်…ငါစဉ်းစားနေတာ”
…
သောက်ကျိုးနည်း…သူက ရူးသွားပြီလား။
လီရွှယ်ရှန်က ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ သူတို့နှစ်ယောက်သည် ခုန်ထလိုက်မိကြသည်။
“ဂူသင်္ချိုင်းထဲမှာ သေဆုံးသွားတဲ့ ဂိုဏ်းချုပ်တွေနဲ့ ဘိုးဘေးတွေကို မြှုပ်နှံထားတယ်။ ဂိုဏ်းတည်ထောင်သူတောင် အထဲမှာရှိတယ်။ ဒီလိုမသေချာတဲ့ ကိစ္စအတွက် ဘိုးဘေးဂူသင်္ချိုင်းကို တကယ်ပဲ တူးတော့မလို့လား” ယွမ်ဟွချန်သည် မယုံကြည်နိုင်စွာပြောလိုက်သည်။
ဤအချိန်တွင် သူ့မျက်လုံးထဲ၌ လီရွှယ်ရှန်သည် အရူးတစ်ယောက်ဖြစ်နေသည်။
“ယုံကြည်ကြည့်တာ ပိုကောင်းမယ်ထင်တယ်။ အခွင့်အရေးရှိနေသ၍ ငါကြိုးစားကြည့်ချင်တယ်။ ကောင်းကင်ဘုံရဲ့ မဟာကပ်ဘေးကို ကျော်ဖြတ်ဖို့ အလောင်းတစ်လောင်းပေးလိုက်ရတာက တန်တယ်လို့ထင်တာပဲ”
“ဒါပေမဲ့ တည်ထောင်သူ တစ်ယောက်တည်းကပဲ ဆန်းကြယ်ကောင်းကင်နယ်ပယ်အထိ ရောက်ခဲ့ဖူးတာလေ။ တစ္ဆေအိုကြီးလီ…မင်းတကယ်ပဲ သူ့ဂူသင်္ချိုင်းကို တူးဖော်ချင်နေတာလား”
ဝမ်ကျန်းထျန်းသည် အံ့ဩသွားခဲ့သည်။
“မဟုတ်ရင် နည်းလမ်းရှိသေးလို့လား။ မင်းတို့ ခုနစ်ရက်အတွင်း ဂိုဏ်းချုပ်တစ်ယောက် ရှာနိုင်လို့လား…”
အာ…။
ထိုသို့ကြားသည့်အခါ သူတို့နှစ်ယောက်သည် ခေါင်းခါလိုက်သည်။ သူတို့သည် မည်သည့်နေရာမှ သွားရှာရမည်နည်း။
“ဘယ်လိုလဲ… ငါတို့ ကြိုးစားကြည့်ကြမလား။ တကယ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
တခဏလောက်တိတ်ဆိတ်သွားပြီးနောက် ယွမ်ဟွချန်သည် တိတ်ဆိတ်မှုအား ဖြိုခွဲလိုက်သည်။
ထိုသို့ကြားသည့်အခါ ဝမ်ကျန်းထျန်းသည် ငြင်းပယ်လိုသော်လည်း နောက်ဆုံးတွင် သက်ပြင်းချလျက် လက်ခံလိုက်သည်။
“ကောင်းပြီ… ငါတို့ ကြိုးစားကြည့်ကြတာပေါ့…” သူသည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
တခဏလောက်ဆွေးနွေးပြီးနောက် သူတို့သည် ပေါက်ပြားများကိုင်ဆောင်ကာ ထျန်းမို့တောင်ကြားသို့ ဝင်ရောက်သွားကြသည်။