အခန်း ၁၀၄။ နတ်ဆိုးသုတ်သင်ခြင်းအစီအရင်၏ သင်္ကေတလေးခု
တခဏကြာပြီးနောက် သူတို့ သုံးယောက်သည် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းဆီသို့ရောက်ရှိလာခဲ့သည်။
ကုန်းစွန်းမိသားစုသည် ဖျက်စီးခံလိုက်ရသည့်အတွက် ထိုနေရာသည် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းအခြေချရာဖြစ်လာခဲ့သည်။
အပြစ်သားမြို့တော်ရှိ လူများထံမှတဆင့် လင်းဝူတအကြောင်းကို အတော်များများသိလိုက်ရသည်။
“သူလုပ်ခဲ့တဲ့ ကိစ္စတွေက အများကြီးပဲ။ ဒီလင်းဝူတက ကိုင်တွယ်နိုင်စွမ်းတော့ရှိတယ်”
နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းအပြင်ဘက်တွင် ချန်ရွှယ်ဖုန်သည် ကျီစားကာပြောလိုက်သည်။
လင်းဝူတ၏ လုပ်ဆောင်မှုများသည် အပြစ်သားမြို့တော်တွင် အုတ်ဩသောင်းနင်းဖြစ်စေသော်လည်း သူ့အတွက်တော့ ဘာမှ မဟုတ်ချေ။ အမှန်တကယ် စကားထဲပင် ထည့်ပြောရန် မသင့်တော်ချေ။
ထိုနေရာတွင် သူဆိုလျှင်လည်း ထိုကဲ့သို့ လုပ်နိုင်သည်ဟုယုံကြည်ပေသည်။ သူ့ထက်ပင် ကောင်းအောင် ပြုလုပ်နိုင်ပေသေးသည်။
သူ့နှလုံးသားထဲတွင် လင်းဝူတသည် သူနှင့်မယှဉ်နိုင်ချေ။
“လင်းဝူတက လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကတည်းက အပြင်ထွက်သွားခဲ့တယ်။ အခု ဒီမှာမရှိဘူး။ နေဝင်ချိန်တိုက်ပွဲကွင်းပြင်ကို ထွက်သွားတာဖြစ်မယ်။ ဂျူနီယာညီမလေး…လင်းဝူတ ဒီမှာမရှိတော့ ငါတို့ ဒီမှာဘာလုပ်နေအုံးမှာလဲ”
ချန်ရွှယ်ဖုန်သည် ပဟေဠိဖြစ်နေသည်။
“သူ မရှိတဲ့အတွက် ကျွန်မတို့ တချို့အရာတွေ ရှာတွေ့နိုင်တယ်။ ကျွန်မတို့ ရန်သူအကြောင်းကို ပိုသိဖို့လိုတယ်” ဝေ့ချင်စစ်၏ အေးစက်သောအသံသည် ထွက်ပေါ်လာခဲ့သည်။
“ဘုန်း”
သူမပြောပြီးသည်နှင့် သူမ၏ လက်ကို လှုပ်လိုက်သည့်အခါ ကျောက်တိုင်လေးခုပေါ်လာခဲ့သည်။
ထို့နောက် ၎င်းသည် အလင်းတန်းလေးခုအဖြစ်ပြောင်းလဲသွားခဲ့ကာ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းထဲသို့ဝင်ရောက်သွားခဲ့သည်။
“နတ်ဆိုး သုတ်သင်ခြင်းအစီအရင်၏ သင်္ကေတလေးခုလား”
ချန်ရွှယ်ဖုန်သည် အံ့ဩသွားခဲ့သည်။
ဝေ့ချင်စစ်ခင်းကျင်းလိုက်သော ကျောက်တိုင်လေးခုတွင် အသူရာနဂါး၊ ကျားဖြူ၊ ဗာမေလီယန်ငှက်နှင့် အနက်ရောင်လိပ်သင်္ကေတအသီးသီးထွင်းထုထားပေသည်။ ထို့အပြင် တခြား စွမ်းအားပြင်းထန်သည့် မှော်သင်္ကေတများထွင်းထုထားပေသေးသည်။
၎င်းတို့သည် နတ်ဆိုး သုတ်သင်ခြင်း အစီအရင်အဖြစ် ပေါင်းစပ်ထားသည်။
ဤအစီအရင်သည် အလွန် စွမ်းအားကြီးပေသည်။ အသက်သွင်းလိုက်လျှင် ဒဏ္ဍာရီလာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ်နိုင်ပြီး ဆန်းကြယ်ကောင်းကင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ယှဉ်တိုက်နိုင်သည်။
ချန်ရွှယ်ဖုန်၏ နားလည်နိုင်စွမ်းအရ ဤရတနာသည် သူ့ဆရာ၏ ရတနာဖြစ်ပေသည်။ ဝေ့ချင်စစ်အား ပေးအပ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
၎င်းသည် သူ့အား အလွန်မနာလိုဖြစ်စေသည်။
သူသည် ဇီယန်ဂိုဏ်းခေါင်းဆောင်၏ ပထမတပည့်ဖြစ်သည်။ သူ၏ ဆရာသည် မည်သည့်အတွက်ကြောင့် ဝေ့ချင်စစ်ကို ပို၍ ဂရုစိုက်နေရသနည်း။
လုံးဝမတရားပေ။
သူသည် ပို၍တွေးတောလေလေ ပို၍ စိတ်ဖိစီးလာလေလေပင်။
“စီနီယာအစ်ကို… ကျွန်မက ဆရာ့ဆီက ငှားလာခဲ့တာ။ လင်းဝူတပြဿနာဖြေရှင်းပြီးရင် ဆရာ့ကို ပြန်ပေးရမှာ။ ဘာပဲပြောပြော ဒါက ဆရာ့ရဲ့ ရတနာလေ။ ကျွန်မက ဘာလို့ လိုချင်ရမှာလဲ။ အနာဂတ်မှာ အကြီးဆုံးစီနီယာအကိုပဲ ဆရာ့နေရာကို ဆက်ခံနိုင်မှာလို့ ဆရာပြောဖူးတယ်။ စီနီယာအစ်ကို စိတ်ထဲမထားဖို့ မျှော်လင့်တယ်”
ချန်ရွှယ်ဖုန်၏ အမူအရာကို သတိထားမိသွားသည့်အခါ ဝေ့ချင်စစ်သည် ရုတ်တရက်ဖျောင်းဖျပြောဆိုလိုက်သည်။
ထိုသို့ကြားသည့်အခါ ချန်ရွှယ်ဖုန်၏ စိတ်ဝိညာဉ်သည် တက်ကြွသွားခဲ့သည်။
“ဆရာက တကယ်ပဲ အဲဒီလို ပြောတာလား”
“အမှန်ပဲ။ ကျွန်မနားနဲ့ ကိုယ်တိုင်ကြားခဲ့တာ။ အလိမ်အညာမဟုတ်ဘူး”
“အရိုးသားဆုံးပြောရရင် ဂျူနီယာညီမလေး…မင်းရဲ့ အရည်အချင်းက သာမန်ထက်ထူးခြားတယ်။ မင်းရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပဲ။ ဒီနတ်ဆိုးသုတ်သင်ခြင်းအစီအရင် သင်္ကေတလေးခုက မင်းနဲ့ ပိုသင့်တော်တယ်။ ဆရာက မင်းကို ပေးထားတာဆိုတော့ အကြောင်းတစ်ခုခုရှိလို့ဖြစ်မယ်” သူသည် ဖြောင့်မတ်စွာပြောလိုက်သည်။
ထိုသို့ကြားသည့်အခါ ဝေ့ချင်စစ်သည် ပြုံးလိုက်ပြီး ဘာမှ မပြောတော့ချေ။
နတ်ဆိုးသုတ်သင်ခြင်း အစီအရင်သင်္ကေတလေးခုအား ခင်းကျင်းပြီးနောက် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းထဲသို့ ဝင်သွားလိုက်ကြသည်။
…
“မင်းတို့က ဘယ်သူတွေလဲ။ ဘယ်လိုတောင်နတ်ဆိုးနှိမ်နင်ခြင်းအဖွဲ့အစည်းကို ကျူးကျော်ဝံ့တာလဲ”
“ဘုန်း”
သူတို့သုံးယောက်သည် ခြံဝင်းထဲကို ဝင်ရောက်လိုက်သောအခါ တုတ်ခိုင်သော ယောက်ျားတစ်ယောက်ရောက်ရှိလာကာ မေးမြန်းလိုက်သည်။
သူသည် ကျောက်မန့်ဖြစ်သည်။
“ဝှစ်”
“ဝှစ်”
“ဝှစ်”
…
သူ၏ ကျယ်လောင်သော အသံကို ကြားသည့်အခါ ဟန်ချင်းရှန်၊ လီကန်ထျန်းနှင့် တခြား သေမင်းတမန် ၁၂ယောက်သည် ချက်ချင်းရောက်ရှိလာခဲ့သည်။
သူတို့အားလုံးသည် ရန်လိုသော အမူအရာဖြစ်နေကြသည်။
ထိုသို့မြင်သောအခါ ဝေ့ချင်စစ်နှင့် တခြားနှစ်ယောက်သည် နေရာတစ်ခုလုံးအားစစ်ဆေးလိုက်သည်။
“နတ်အသွင်ပြောင်းလဲခြင်းနောက်ဆုံးအဆင့်လား”
ချန်ရွှယ်ဖုန်သည် ကျောက်မန့်အား အထင်သေးစွာကြည့်လိုက်သည်။
ထို့နောက်သူသည် လီကန်ထျန်းနှင့် တခြားသေမင်းတမန်များကို ကြည့်လိုက်သည်။ သူသည် အနည်းငယ်အံ့ဩသွားခဲ့သော်လည်း စိတ်ထဲတွင်မထားချေ။
လီကန်ထျန်းသည် မူလပြန်အဆင့်၌သာရှိနေ၍ ဖြစ်သည်။ တခြားသူများသည် ကောင်းကင်နယ်ပယ်အစောပိုင်းအဆင့်၌သာရှိသည်။
ဤကျင့်ကြံခြင်းအဆင့်ဖြင့် သူ့ရှေ့တွင် ပုရွက်ဆိတ်များသာဖြစ်ပြီး သူ၏တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်မည်မဟုတ်ပေ။
“ခင်ဗျားတို့က ဘယ်သူ့ကို လာရှာတာလဲ” လီကန်ထျန်းသည် သူတို့သုံးယောက်အား အမူအရာကင်းမဲ့စွာကြည့်လျက်မေးလိုက်သည်။ သူ၏အသံသည် အေးစက်နေသည်။
“ကျုပ်တို့က ကျို့ကျိုကုန်းမြေအပြင်ဘက်က ခရီးသွားတွေပါ။ အပြစ်သားမြို့တော်ကို ရောက်တော့ ဘုရင်ခံလင်းရဲ့ ဂုဏ်သတင်းကိုကြားလို့ လာရောက်လည်ပတ်တာပါ” ဝေ့ချင်စစ်သည် ပြုံးလျက်ပြောလိုက်သည်။
*ဟမ်း…လာလည်တာလား*
ကျောက်မန့်နှင့် ဟန်ချင်းရှန်တို့သည် အံ့ဩသွားကြသည်။
သူတို့သည် ဤသို့ကိစ္စမျိုးဖြင့် ပထမဆုံးကြုံတွေရခြင်းပင်။
…
“ဘုရင်ခံမရှိဘူး။ ကျေးဇူးပြုပြီးထွက်သွားပေးပါ” လီကန်ထျန်းသည် ပြတ်သားစွာပြောလိုက်သည်။
“အို…ဝမ်းနည်းစရာပဲ။ ဒီလိုဆိုမှတော့ နောက်နေ့မှလာခဲ့ပါတော့မယ်”
ထို့နောက် သူတို့သုံးယောက်သည် ချက်ချင်းထွက်ခွာသွားခဲ့ကြသည်။
ဟန်ချင်းရှန်သည် သူတို့ကို မျက်မှောင်ကြုတ်လျက်ကြည့်လိုက်သည်။
“သူတို့က လူကောင်းတွေမဟုတ်ဘူးလို့ ခံစားရတယ်”
လူကောင်းတွေမဟုတ်ဘူးလား။
ကျောက်မန့်သည် အံ့ဩသွားခဲ့သည်။
“လူအိုကြီးဟန်… မင်းဆိုလိုချင်တာက… ပြဿနာတစ်ခုခုဖြစ်တော့မှာလား”
“အမှန်ပဲ။ ငါ့ရဲ့အတွေ့အကြုံအရ သူတို့က လာလည်တာမဟုတ်ဘူး။ သူတို့က စုံစမ်းဖို့လာတဲ့ပုံပဲ” ဟန်ချင်းရှန်သည် မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။
ဘယ်လို။ စုံးစမ်းဖို့လား။
ကျောက်မန့်သည် အံ့ဩသွားခဲ့သည်။
…
သူ၏ ရိုးသားသောအပြုအမှုအရ အများကြီးမတွေးတောခဲ့ချေ။
“သူတို့က ပြဿနာလာရှာတာဆိုတော့ ဘာလို့ သူတို့နောက်ကို တချက်လောက် လိုက်မကြည့်ရမှာလဲ”
“မရဘူး။ ဒီလူတွေကအရမ်းစွမ်းအားကြီးတယ်။ ငါတို့က သူ့ပြိုင်ဘက်မဟုတ်ဘူး။ သူတို့က သခင်လေးရဲ့ ရန်သူတွေဖြစ်လောက်တယ်။ အခြေအနေမသိခင် ရန်သူတွေကို တပ်လှန့်လိုက်လို့မဖြစ်ဘူး။ သခင်လေးပြန်လာတဲ့အထိ စောင့်ကြတာပေါ့” ဟန်ချင်းရှန်သည် စိုးရိမ်စွာပြောလိုက်သည်။
သူသည် ဝေ့ချင်စစ်နှင့် တခြားနှစ်ယောက်ဆီမှ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားမိခဲ့သည်။
“ဘုရင်ခံကို သတင်းပို့ဖို့ နည်းလမ်းရှာရမယ်။ မဟုတ်ရင်…”
“သခင်လေးဘယ်သွားလဲဆိုတာ မင်းသိလို့လား”
“မသိဘူး”
“ဒါက…”
ဟန်ချင်းရှန်သည် ပြောစရာစကားမဲ့သွားကာ နတ်ဆိုးအမဲလိုက်အဖွဲ့၏ ခြံတံခါးအားပိတ်လိုက်သည်။
…
တချိန်တည်းတွင် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းမှ ထွက်လာပြီးနောက် ဝေ့ချင်စစ်နှင့် တခြားနှစ်ယောက်သည် ဆွေးနွေးနေကြသည်။
“ဂျူနီယာညီမလေး…နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းရဲ့ အသန်မာဆုံးလူက မူလပြန်အဆင့်ပဲရှိသေးတာ။ မင်းပြောသလောက်လည်း ကြောက်ဖို့မကောင်းဘူး။ လင်းဝူတက လီမင်းဆက်ကို ဘယ်လိုလုပ်ပြီး ခြိမ်းခြောက်နိုင်မှာလဲ။ သတိထားလွန်းမနေဘူးလား” ချန်ရွှယ်ဖုန်သည် ရယ်မောကာပြောလိုက်သည်။
နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းတွင်မည်သည့် အန္တရာယ်အငွေ့အသက်ကိုမှ မခံစားခဲ့ရချေ။
တူညီစွာပင် ဝေ့ချင်စစ်သည်လည်း မည်သည့်သတင်းအချက်အလက်မှ မရရှိခဲ့ပေ။
“လင်းဝူတက အဓိကပဲ။ သူပြန်လာရင် ဘာမှလုပ်စရာမလိုဘူး သူ့ကို သတ်ရုံပဲ။ သူသစ္စာဖောက်ဟုတ်မဟုတ်ကတော့ နောက်မှ ဖြေရှင်းကြတာပေါ့”
“ကောင်းပြီ”
“နတ်ဆိုးသုတ်သင်ခြင်းအစီအရင်သင်္ကေတလေးခုက ဆန်ကြယ်ကောင်းကင်အဆင့် ကျွမ်းကျင်သူကိုတောင် ယှဉ်တိုက်နိုင်တယ်။ လင်းဝူတက လုံးဝသေရမှာပဲ။ အခုညအတွက် နေစရာအရင်ရှာကြစို့၊ နောက်မှစကားပြောကြတာပေါ့”
ဤသို့ဖြင့် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းနှင့်မဝေးသော နေရာ၌ သူတို့သည် တည်းခိုလိုက်ကြသည်။
ထိုနေရာမှ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်း၏ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်သည်။
…
လင်းဝူတသည် သူတို့၏ အကြံအစည်အား မသိရှိချေ။
နေဝင်ချိန်တိုက်ပွဲကွင်းပြင်၊ နဂါးအသွင်းပြောင်းလဲခြင်းရေကန်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
လင်းဝူတသည် ရေကန်ထဲရှိ ကောင်းကင်နှင့်မြေကြီး အနှစ်သာရစွမ်းအင်ကို အရူးအမူးစုပ်ယူနေခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင်များသည် မြစ်တစင်းကဲ့သို့ အရူးအမူးဝင်ရောက်နေခဲ့သည်။
နှစ်ရက်ကြာပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ မိုးကြိုးသံများထွက်ပေါ်လာခဲ့သည်။ တချို့အတားအဆီးများသည် ကျိုးပျက်သွားပုံရပြီး ပြင်းထန်သော စွမ်းအားများသည် အရပ်မျက်နှာတိုင်းသို့ ပြန့်နှံ့သွားသည်။
ဆယ့်သုံးရက်ကြာပြီးနောက် နဂါးအသွင်ပြောင်းလဲခြင်းရေကန်မှ ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်စွမ်းအင်များကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် သိသိသာသာတိုးတက်လာခဲ့သည်။
မဟာကပ်ဘေးနယ်ပယ်အစောပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။
“အရမ်းလွယ်တာပဲ။ နေဝင်ချိန်တိုက်ပွဲကွင်းပြင်က တကယ့် နေရာကောင်းတစ်ခုပဲ” လင်းဝူတသည် ကျေနပ်သွားသည်။
နေဝင်ချိန်တိုက်ပွဲကွင်းပြင်၌ သူ၏ ရိပ်သိမ်းမှုသည် ကောင်းမွန်လွန်းပေသည်။
ကျို့ကျိုဒေသတစ်ခုလုံး၏ ရိပ်သိမ်းမှုထက်ပင်များပြားနိုင်သေးပေသည်။
ထိုသို့တွေးပြီး အလွန်ကျေနပ်သွားသည်။
“ကိစ္စအားလုံးပြီးပြီ။ ပြန်ရမဲ့အချိန်ပဲ”
ထိုသို့ပြောပြီး သူ့ခန္တာကိုယ်အား စစ်ဆေးကာ နေဝင်ချိန်တိုက်ပွဲကွင်းပြင်မှ ထွက်ခွာလာခဲ့သည်။