Switch Mode

Chapter – 236

နောက်ထပ် ရိတ်သိမ်းမှုကြီးနှင့် တိုးခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၃၆ နောက်ထပ် ရိတ်သိမ်းမှုကြီးနှင့် တိုးခြင်း။

အသင်္ချေဓါးမှ မူလသို့သည် အမှန်တကယ် အလွန်ကောင်းမွန်သည့် အကွက်တစ်ကွက် ဖြစ်သည်။
တူညီသည့် ဆိုရိုးစကားအတိုင်း ရှိနေသေး၏။ သိုင်းကွက်တစ်ကွက် အစွမ်းထက် မထက်သည် အသုံးပြုသူပေါ် မူတည်နေသည်။ ယင်းက မည်မျှ ကောင်းသနည်း။
ယဲ့ရှောင်သည် အသင်္ချေဓါးမှ မူလသို့ကို အစောတုန်းက အနိုင်ယူနိုင်ခဲ့ရသည့် အကြောင်းအရင်းမှာ သူသည် တော်ဝင်အဆင့် ဓါးသိုင်းနှစ်မျိုးကို ပေါင်းစည်းပြီး အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။
ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးသည် တော်ဝင်ဓါးသိုင်းကို ပံ့ပိုးပေးခြင်းကြောင့်သာ မဟုတ်လျှင် ယဲ့ရှောင်သည် တစ်ဖက်သူကို အလွယ်တကူ အနိုင်ယူနိုင်မှာ မဟုတ်ပေ။ သူ ရှုံးသွားနိုင်ချေတောင် ရှိသေး၏။
ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါးသိုင်း၌ ကြာချိန်မရှိပဲ တော်ဝင်ဓါးသိုင်းက တဖြည်းဖြည်းချင်း အချိန်နှင့်အမျှ တိုးလာသည့် ပုံစံမျိုး ဖြစ်နေသောကြောင့်ပင်တည်း။ ယင်းက ဓါးသိုင်း၏ ( ၁၀၈ ) ခုမြောက် ခွန်အားထိ ရောက်ဖို့က မဖြစ်နိုင်ပေ။
ယဲ့ရှောင်သည် ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးကို သုံးပြီး အသင်္ချေဓါးမှ မူလသို့ကို ပံ့ပိုးပေးမည်ဆိုလျှင် သူသည် အသင်္ချေဓါးမှ မူလသို့ထက် သာလွန်သည့် အာနိသင်ကို ရရှိပေလိမ့်မည်။
ထို့အပြင် ယခု သူက အသင်္ချေဓါးမှ မူလသို့ ရရှိလိုက်ပြီးဖြစ်ရာ ယင်းက ယဲ့ရှောင်အဖို့ တစ်ပြိုင်နက်တည်း တော်ဝင်အဆင့် ဓါးသိုင်းသုံးမျိုး ပိုင်ဆိုင်ထားတာနှင့် ညီမျှသွားသည်။
ဤနည်းဖြင့် သူ၏ ခွန်အားက ဘုရင်နယ်ပယ်သို့ တက်လှမ်းသွားချိန်၌ သူသည် တော်ဝင်အဆင့်ထက် သာလွန်သည့် အစွမ်းထက်သော သိုင်းကျင့်စဥ်တစ်မျိုးကို တိုက်ရိုက် ပေါင်းစည်းနိုင်လိမ့်မည်။
လက်ရှိတွင် ယဲ့ရှောင် ပိုင်ဆိုင်သည့် ကျင့်စဥ်များအနက် ကုသခြင်းကျင့်စဥ်က ပြီးစီးသွားပြီ ဖြစ်သည်။ နံနက်ခင်းကြယ်ကျင့်စဥ်၊ အမြင့်ဆုံးကုသခြင်းကျင့်စဥ်နှင့် ကောင်းကင်ပြုပြင်ခြင်းကျင့်စဥ်တို့ ဖြစ်၏။
ကိုယ်ဖော့သိုင်းလည်း ရှိသေးသည်။ သူ့၌ နှစ်မျိုးရှိပြီးသားဖြစ်ကာ ပေါင်းစည်းရန် တစ်ခုသာ လိုတော့သည်။
ယခု တော်ဝင်အဆင့် ဓါးသိုင်းသုံးမျိုးရှိပြီး ပေါင်းစည်းနိုင်ပြီ ဖြစ်သည်။ ဤနည်းဖြင့် ဘုရင်နယ်ပယ်အတွက် မျှော်လင့်ချက်များစွာ ရှိလာတော့သည်။
အဆိပ်သိုင်းအတွက်မူ ယဲ့ရှောင်သည် ယင်းက ယုတ်မာကောက်ကျစ်သည်ဟု ခံစားမိပြီး ၄င်း၏ အာနိသင်က အလွန်နှေးကွေးသောကြောင့် ယခင်က တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
သို့သော်ငြား သူက ဝိညာဥ်ဝါးမြိုနတ်ဆိုးသိုင်းကို သန့်စင်ပြီးသည့်အချိန်၌ ၄င်းကို မဖြုန်းတီးနိုင်ပေ။ သူ လေ့ကျင့်နိုင်၏။ နောင်ကြ အံ့အားသင့်စရာအချို့နှင့် ကြုံတွေ့မည်ကို မည်သူက သိမည်နည်း။
ဤနည်းဖြင့် သူက ကျင့်စဥ်နှစ်မျိုး ရလိုက်သည်ဟု ဆိုနိုင်ပေသည်။
နောက်ထပ်က အသားဖြစ်၏။ အမှန်တကယ်တွင် ယဲ့ရှောင်သည် သူတို့နှစ်ကောင်ကို ဆေးလုံးအဖြစ် သန့်စင်မည်ဆိုလျှင် ယင်းက အမှန်တကယ် ပြီးပြည့်စုံပေ၏။ ထိုအတိုင်းသာဆိုလျှင် သူ၏ ကျင့်စဥ်က သေချာပေါက် အဆင့်တက်သွားပေလိမ့်မည်။
သို့သော်ငြား သူ ထိုသို့ မလုပ်နိုင်ပေ။
ဆေးလုံးတစ်လုံး ဖော်စပ်ရန်အတွက် ကြယ်တာရာသားရဲ၏ သွေးနှင့် အသား၊ ကြယ်အမြုတေ၊ ဝိညာဥ်တို့ကို လိုအပ်သည်။ အသွေးနှင့် အသားတစ်ခုတည်းကို အားထားရုံဖြင့် အောင်မြင်စွာ သန့်စင်ဖို့ မဖြစ်နိုင်ပေ။
သို့သော်ငြား သူက ကြယ်အမြုတေကို ယူသွားခဲ့လျှင် ထိုနှစ်ကောင်ကို အသက်ပြန်သွင်းနိုင်မှာ မဟုတ်ပေ။ သူက ကြယ်တာရသားရဲ၏ အသားနှင့် သွေးကိုသာ အားကိုးရမည်ဆိုလျှင် သူတို့နှစ်ကောင်က ကျုံးမြို့ကို ဝိညာဥ်စွမ်းအား လုံလောက်အောင် ပံ့ပိုးပေးနိုင်မှာမဟုတ်။ မြို့ကို ဖျက်ဆီးရာ ရောက်နေလိမ့်မည်။
ဤနေရာ၌ သိုင်းပညာရှင်များစွာ ရှိနေသည်။
ဝိညာဥ်စွမ်းအား ထောက်ပံ့မှု လျော့ကျသွားသည်နှင့် သူတို့ ကျင့်ကြဲမှု အရှိန်ကလည်း လျော့ကျသွားလိမ့်မည်။
တစ်ချိန်တည်းတွင် ယင်းက ကွင်းစက်တုံ့ပြန်မှုတစ်ခု ရှိလာလိမ့်၏။ ကျင့်စဥ်အရှိန် လျှော့ချသွားသည်နှင့် နောက်ပိုင်း သားရဲကပ်ဘေးကို ဖြေရှင်းနိုင်တော့မှာ မဟုတ်ပေ။
ယဲ့ရှောင်က နတ်ဘုရားတစ်ပါး မဟုတ်ပေ။ တစ်ချက်တည်းဖြင့် ဤလောကထဲရှိ ကြယ်တာရာသားရဲအားလုံးကို မည်ကဲ့သို့ သုတ်သင်ရှင်းလင်းနိုင်မည်နည်း။
နေရာအနှံ့ သားရဲကပ်ဘေးများကို ဒေသခံသိုင်းပညာရှင်များက ဖြေရှင်းရန် လိုအပ်နေသေးသည်။
သူက ထိုကြယ်တာရာသားရဲနှစ်ကောင်၏ ကြယ်အမြုတေကို လုယူလိုက်၏။ ယင်းက သူ အဆင့်မြှင့်တင်ရန်အတွက် အခွင့်အရေးကောင်းကြီးတစ်ရပ်ဟု ဖြစ်သည်။ သို့သော်ငြား မရေမတွက်နိုင်သည့် လူများစွာ၏ သေဆုံးခြင်းကို ဖြစ်စေလိမ့်မည်။
ယင်းက နည်းနည်း တစ်ကိုယ်ကောင်းဆန်ရာ ရောက်သည်။
သို့သော်ငြား သူတို့၏ အသားနှင့် အသွေးကို အကြိမ်အနည်းငယ် စားခြင်းဖြင့် ဆေးလုံးသန့်စင်ထားသည့် အာနိသင်မျိုး မရသော်ငြား တူညီသည့် အာနိသင် ရနိုင်၏။ မလုံလောက်လျှင် နည်းနည်း ပိုစားနိုင်သည်။
ယဲ့ရှောင်က သူတို့ကို အမြန်အသက်သွင်းပေးလိုက်၏။
ရှေးဦးစွာ သူက အဆိပ်နဂါးကင်းမြီးကောက်ကို အသက်သွင်းပေးလိုက်သည်။ ဆိုရလျှင် သူ၏ ခွန်အားက အတော်လေး လျော့ကျနေပြီးဖြစ်ရာ သူ့အသားကို ဦးစွာ ဖြတ်ရန်က အဆင်ပြေသည်။ အဆိပ်နဂါးကင်းမြီးကောက်သည် အမှောင်ထုထဲ သတိလစ်နေပြီဖြစ်ရာ သူ့အသိစိတ်ထဲ အလင်းတန်းရောင်ခြည်တစ်ခု ရုတ်တရက် ပေါ်တာကို ခံစားမိလိုက်သည်။
ထိုကဲ့သို့ အလင်းမျိုးက အလွန်နွေးထွေး၏။ သူ မွေးဖွားလာစဥ် နေ့ရက်ကို ပြန်အမှတ်ရစေကာ သူ့မိခင်၏ ထွေးပွေ့မှုကို သတိရစေ၏။
မွန်မြတ်လိုက်တဲ့ အလင်းပဲ။ သိပ်ကို သက်သောင့်သက်သာ ရှိလိုက်တာ။
အဆိပ်နဂါးကင်းမြီးကောက်သည် သူ၏ ဆူးချွန်များကို ဖြည်းဖြည်းချင်း ဆန့်တန်းလိုက်၏။
သို့သော် ခဏအကြာတွင် ဤအလင်းက စတင်ပျောက်ကွယ်သွားတော့သည်။ ပြီးနောက် ချိတ်ပိတ်ခံထားရသော နေရာထဲ သူရောက်နေတာကို ခံစားရ၏။ သူ့ရှေ့တွင် ယဲ့ရှောင်၊ နှစ်ပိုင်းပိုင်းခံထားရသော ဓါးနဂါး အသူရာပဲ ဖြစ်သည်။
” ”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက မပြောပဲ မနေနိုင်တော့ချေ။
” ဒါက ငရဲလား။ မင်းတို့နှစ်ယောက်လုံး အတူသေသွားတာလား ”
ယဲ့ရှောင်သည် သူ့ခေါင်းကို ချက်ချင်း ပိုင်းဖြတ်နိုင်သည့် ဓါးအလင်းတန်းနှစ်ခုနှင့် အဖြေပေးလိုက်ပြီးသူ၏ ရုပ်ခန္ဓာကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်၏။
အသည်းခိုက်ဖွယ် နာကျင်မှုက အဆိပ်နဂါးကင်းမြီးကောက်ကို နိုးထသွားစေ၏။
ဤနေရာက ငရဲမဟုတ်။ ယဲ့ရှောင်နဲ့ အသူရာ နှစ်ယောက်လုံး ပျောက်ကွယ်သွားတာ မဟုတ်ပေ။ ယဲ့ရှောင်က သူတို့အားလုံးကို သတ်လိုက်တာပဲ ဖြစ်၏။
ထို့အပြင် ဤနေရာက လူသားမျိုးနွယ်၏ ချိတ်ပိတ်ခြင်းအစီအရင်ပဲ ဖြစ်သည်။ သူ ရှောင်လင်တွင် ရှိစဥ်က လူသားမျိုးနွယ်၏ ဝိညာဥ်စုစည်းခြင်းအစီအရင် ဗဟိုချက်ဖြစ်ရန် သူက ဤနေရာ၌ အပိတ်ခံရဖူးသည်။
သေစမ်း။ ဒီကောင်က တကယ်ကြီး ဒီလောက် သန်မာတယ်လား။ အသူရာတောင် သူ့ပြိုင်ဘက် မဟုတ်ဘူး။
သူက ဒဏ္ဍာရီလာ လူသားဘုရင်အဆင့် သိုင်းပါရမီရှင်တစ်ယောက်များ ဖြစ်နေမလား။
သို့သော်ငြား ထိုရှုပ်ထွေးသည့် ကိစ္စရပ်များကို သူ၏ ဦးနှောက်က မတွေးနိုင်တော့ပေ။
အကြောင်းမှာ သူ့ကို ကုသပေးရန် ယဲ့ရှောင်သည် ကုသခြင်းကျင့်စဥ်ကို ထပ်မံ အသုံးပြုလိုက်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဘာတွေဖြစ်နေမှန်း သူ နားမလည်နိုင်သေးခင် ယဲ့ရှောင်က ဓါးကို ထပ်မံ ဝှေ့ရမ်းလိုက်၏။
ဒီလူ ဘာလုပ်နေတာလဲ။ သူ ရူးသွားပြီလား။
သူ့ကို ထပ်တလဲလဲ အသက်သွင်းပြီး အသားတွေ ဖြတ်နေတာလား။
လူတွေကို ညှင်းပမ်းတာက ဒါမျိုးမဖြစ်သင့်ဘူးလေ။ ဟုတ်တယ်မလား။
သူ သတ္တမအကြိမ်မြောက် ဖြတ်တောက်ခံလိုက်ရပြီးနောက် ယဲ့ရှောင်သည် သူ့ကို ညှင်းပမ်းချင်တာ မဟုတ်မှန်း သူ နားလည်သွား၏။ သူ၏ သွေးနှင့် အသားများကို စုဆောင်းချင်တာ ဖြစ်၏။ အကြောင်းမှာ ကြယ်တာရာသားရဲများ၏ သွေးနှင့်အသား၌ သွေးအဆီအနစ်ပမာဏများစွာ ပါဝင်နေသောကြောင့် ဖြစ်သည်။
သူ၏ ကိုယ်ပိုင်သွေးနှင့် အသားကို စုပ်ယူပြီးနောက် သူ့ကိုသူ အားဖြည့်ပေးနိုင်လိမ့်မည်။
ဒါပေမဲ့ မင်း လွန်လွန်းသွားပြီ မဟုတ်ဘူးလား။
ကုသခြင်းကျင့်စဥ်ကို အသုံးပြုရမဲ့ပုံ သိတာကြောင့် မင်းက တခြားသူရဲ့ ကိုယ်လက်အင်္ဂါကို ဖြတ်တောက်လို့ ရရောလား။
မင်းက ကင်းမြီးကောက်တစ်ကောင်ကိုတောင် အလွှတ်မပေးဘူးလား။ မင်းက လူသားတစ်ယောက် ဟုတ်သေးရဲ့လား။
တိရစ္ဆာန်တစ်ကောင်တောင် မင်းထက် အဆတစ်ရာ ပိုသန်မာတယ် ဟုတ်ပြီလား။
ယခုအချိန်တွင် သူက ရုတ်တရက်ကြီး နောင်တရလာ၏။ သူက ရှောင်လင်ကနေ ထွက်ပြေးလာတာကို နောင်တရမိ၏။ ကျုံးမြို့သို့ ရောက်လာတာကိုလည်း နောင်တရနေမိသည်။
သူသာ ရှောင်လင်ကနေ ထွက်မပြေးလာလျှင် ကျုံးမြို့သို့ ရောက်မလာခဲ့လျှင် သူ ထိုကောင်နှင့် တွေ့မှာမဟုတ်ပေ။
ယခုတော့ သူ၏ အသားက ခဏခဏ အဖြတ်ခံနေရရုံသာမက ဝိညာဥ်စုစည်းခြင်း အစီအရင်ထဲ ထပ်မံ အပိတ်ခံရပြန်၏။ ယင်းက ရှောင်လင်တွင် နေရခြင်းထက် အဆတစ်ရာ ပိုဆိုးရွားသည်။
ကံကောင်းသည်မှာ သူက ကင်းမြီးကောက်တစ်ကောင်သာ ဖြစ်သည်။ သူ ကျိန်ဆဲတော့မည့်အချိန်၌ ယဲ့ရှောင်က သူ့အသားကို ဖြတ်တောက်တာ ရပ်လိုက်၏။
” အခုတော့ မင်းကို လွှတ်ပေးလိုက်ဦးမယ်။ ငါ သိုလှောင်လက်စွပ်ထဲမှာ အသူရာရဲ့ သွေးနဲ့ အသားကို ထည့်ဖို့ လိုအပ်နေသေးတယ်။ မင်း ကံကောင်းတယ်လို့ မှတ်လိုက် ”
ဒီတော့မှ အဆိပ်နဂါးကင်းမြီးကောက်သည်လည်း သူ၏ မျက်လုံးထောင့်ရှိ အကြောက်တရားများဖြင့် နောက်ပြန်ဆုတ်သွားတော့သည်။
ယဲ့ရှောင်၏ အကြည့်က အသူရာ၏ ခန္ဓာကိုယ်ဆီ ကျရောက်သွား၏။ အသူရာ၏ ခွန်အားက အတော်လေး သန်မာ၏။ ထို့ကြောင့် သူက မဟာနဂါးကို ဆင့်ခေါ်လိုက်သည်။ သူက မြန်မြန် လှုပ်ရှားရမည်။ သူ၏ အသားကို ဖြတ်တောက်ပြီးနောက် အသက်သွင်းကာ ထပ်ဖြတ်ရမည်။ ၄င်းကို စုဆောင်းပြီးနောက် သူ ထွက်သွားကာ သူတို့ကို မြေကမ္ဘာခွင်းကောင်းကင် အဇတာ မြေကမ္ဘာခွင်းကောင်းကင်အစီအရင်ဖြင့် ချိတ်ပိတ်ရမည်။
ပြီးပြည့်စုံတယ်။
အမှောင်ထုထဲတွင် အသူရာ၏ အသိစိတ်တို့က ဝေဝါးနေ၏။ ထိုစဥ် နွေးထွေးသည့် အလင်းတန်းတစ်ခုက အမှောင်ထုထဲ ရုတ်တရက် ပေါ်လာ၏။
ထိုအလင်းရောင်ခြည်သည် အမှောင်ထု၏ အေးစက်မှုကို မောင်းထုတ်လျက် သူ့ကို နွေးထွေးပြီး မျှော်လင့်ချက်ကို ခံစားမိစေ၏။
သူက လက်ဆန့်ထုတ်လျက် အလင်းရောင်ခြည်ကို ထိချင်သွားသည်။
ခဏအကြာတွင် သုက အလွန်ရင်းနှီးနေသော နေရာသို့ ပြန်ရောက်လာ၏။
ယင်းက ဝိညာဥ်စုစည်းခြင်းအစီအရင် ကျုံးမြို့၏ ချိတ်ပိတ်ခြင်းအစီအရင်ပဲ ဖြစ်သည်။
သူသည် ဤနေရာ၌ နှစ်ရာချီ နေထိုင်ခဲ့သည်။ ထို့ကြောင့် သူ့ထက် ပိုရင်းနှီးနိုင်သည့်သူ မရှိတော့ပေ။
သူက လူသားမျိုးနွယ်တွေရဲ့ ဝိညာဥ်စုစည်းခြင်းအစီအရင်ထဲ ထပ်ထည့်ခံရပြန်ပြီလား။
သို့သော်ငြား ၄င်းကို တွေးမိချိန်၌ အဓိပ္ပာယ်ရှိကြောင်း သိလိုက်ရသည်။ လူသားမျိုးနွယ်သည် သူ၏ ခန္ဓာကို အစီအရင်အမြုတေအနေဖြင့် အသုံးပြုရန် လိုအပ်သည်။
သို့သော်ငြား ထိုလူသားက သူ့ကို အသက်ပြန်သွင်းပေးလိမ့်မည်ဟု သူ မထင်ထားပေ။
ဟန့် …။ လောဘကြီးတဲ့ လူသားတွေက သူ့ရဲ့ ကျန်ရှိတဲ့ အပူဓာတ်ကို ထုတ်ပြီး သူတို့ စုပ်ယူဖို့ ဝိညာဥ်စွမ်းအားတွေ ပိုထုတ်ပေးဖို့ သူ့ကို အသက်သွင်းပေးတာပဲ။
ကြယ်တာရာသားရဲတွေထဲက လောဘအကြီးဆုံး နဂါးထက်တောင် သူတို့တွေက ပိုတောင် လောဘကြီးသေးတယ်။
ပြီးနောက် ခဏအကြာတွင် သူက လည်ပင်း၌ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ မျက်လုံးများ မည်းနက်ကုန်၏။ သူ၏ အသိစိတ်က အမှောင်ထုထဲ ထပ်မံ ကျရောက်သွားသည်။
ပြီးနောက် အလျင်အမြန်ပဲ မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ ပြီးနောက် သူ လည်ပင်းကို ထပ်မံ ဖြတ်တောက်လိုက်၏။
ဘာတွေဖြစ်ကုန်တာလဲ။ ဒီလူသား ဘာလုပ်နေတာလဲ။
သူ ခေါင်းဖြတ်ခံရတာ အဌမအကြိမ်မြောက်ရောက်ပြီးမှ သူသည် ယဲ့ရှောင်ကို တွေ့လိုက်ရ၏။ သူ အကြောက်ဆုံး အမုန်းတီးဆုံး သူက သူ့နောက်တွင် ရပ်နေသည်။ သူ ကိုင်ထားသည့် နေရာက မီးဖိုချောင်သုံးဓါးလား ဓါးရှည်လားမသိ။ သူ့ခေါင်းကို ပိုင်းဖြတ်နေပြန်၏။
မြေပြင်ပေါ်၌ သူ၏ အလောင်းအချို့ ရှိနေသေးသည်။ မူးနှောက်နေသော ခေါင်းကလည်း ဖြစ်ပျက်နေတာကို နားလည်သွားပုံပေါ်၏။
သေစမ်း။ ဒီလူသားက သူ့ကို တကယ်ကြီး ရိတ်သိမ်းနေတာပဲ။
ကုသခြင်းကျင့်စဥ်ဖြင့် သူ့ကို ပြန်ကုသပေးနေပြီး သူ၏ ရုပ်ခန္ဓာကို ချန်ထားရစ်ခဲ့ကာ ထပ်မံ သတ်ဖြတ်ပြန်၏။
သူသည် ရှန်းထျန်းနဝမအဆင့်အထက် အလွန်အစွမ်းထက်သည့် အံ့ဖွယ်အဆင့်အောက် ကြယ်တာရာသားရဲပဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ပါဝင်သော သွေးနှင့် အသားများက သွေးအဆီအနစ်ပမာဏများစွာ ရှိသည်။
ဒီလူသားက သူ့ကို သုံးပြီး အဆင့်တက်ချင်တာလား။
မရဘူး။ သူ ခွင့်မပြုနိုင်ဘူး။
လူသားမျိုးနွယ်စု။
ငါ။
ဖ ဖ။
ငါ။
သူ ကျိန်ဆဲပြီးသည်နှင့် အသက်ပြန်ရှင်လာပြန်၏။ ယဲ့ရှောင်သည် သူ၏ ရုပ်ခန္ဓာအားလုံးကို ယူသွားပြီး အသက်ပြန်သွင်းပေး၏။ အသူရာသည် ဒေါသထွက်လွန်းသောကြောင့် သွေးအန်တော့သည်။ သူက ချက်ချင်း အော်ဟစ်လိုက်၏။
” အဲ့ဒီလူ ဘယ်မှာလဲ။ အဲ့ဒီ ခွေးသား ဘယ်မှာလဲ။ သူ ဘယ်သွားတာလဲ။ ဒီကနေ ထွက်သွား ”
အဆိပ်နဂါးကင်းမြီးကောက်က ပြောလိုက်သည်။
” သူ ထွက်သွားပြီး အစီအရင်ကိုတောင် ချိတ်ပိတ်သွားသေးတယ် ”
အသူရာက ဒေါသထွက်လွန်းသောကြောင့် လှဲပြိုလူနီးပါး ဖြစ်နေသည်။
” အား …။ ယုတ်မာကောက်ကျစ်တဲ့ လူသား။ မင်း ထပ်မတွေ့ရစေနဲ့။ မင်းကို ထပ်တွေ့ရင် မင်းကို သေချာပေါက် နောင်တရအောင် လုပ်ပစ်မယ် ”
သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သော်ငြား ကံဆိုးသည်မှာ ချိတ်ပိတ်မှုအောက်၌ သူက အသံကို အပြင်သို့ မပို့နိုင်ပေ။
ကြယ်တာရာသားရဲ အသားများစွာ ရရှိပြီးနောက် ယဲ့ရှောင်သည် ပေ့ထျန်းစီကို နှုတ်ဆက်ကာ ဟိုတယ်သို့ ပြန်လိုက်သည်။
ယခုအခေါက် ကျုံးမြို့သို့ လာခြင်းဖြင့် သူက ကြွယ်ဝလာတော့သည်။
ရှေးဦးစွာ ဖျက်ဆီး၍ မရသည့် ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်ကို ပေါင်းစည်းနိုင်ခဲ့သည်။ သူ၏ ဝိညာဥ်ကို ဆက်လက် ကျင့်ကြံနိုင်၏။
ပြီးနောက် သူသည် တော်ဝင်ကျင့်စဥ် အသင်္ချေဓါးမှ မူလသို့ကို ရရှိခဲ့သည်။ မဟာတော်ဝင်ဓါးသိုင်း သုံးမျိုးကို စုစည်းနိုင်ခဲ့၏။
ဝိညာဥ်ဝါးမြိုခြင်း နတ်ဆိုးသိုင်းကလည်း ရှိနေသေးပြီး ယင်းက သီးသန့် လက်ဆောင် ဖြစ်သည်။
ကြယ်တာရာသားရဲများ၏ အသားများစွာလည်း ရှိနေ၏။
တစ်ခုက ရှန်းထျန်းနဝမအဆင့် အဆိပ်နဂါးကင်းမြီးကောက်ဖြစ်ပြီး နောက်တစ်ခုက အံ့ဖွယ်အဆင့်အောက် သားရဲ အသူရာပဲ ဖြစ်သည်။ သူ၏ သွေးအဆီအနစ်သည် နောင်ကြ မည်မျှ ကြွယ်ဝလာမည်ဆိုတာ မှန်းဆနိုင်ပေ၏။
ဟုတ်ပေ၏။ သူသည် နောက်ထပ် အကြွင်းအကျန်များကိုလည်း ရှာတွေ့ထားသည်။
ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်အရိပ်လင်းနို့။
ငါ မေ့တော့မလို့ပဲ။
ယဲ့ရှောင်သည် အရိပ်လင်းနို့၏ အလောင်းကို သိုလှောင်လက်စွပ်ထဲက ချက်ချင်း ထုတ်ပြီး သူ၏ ကြယ်အမြုတေကို စစ်ဆေးရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုလိုက်၏။ကံဆိုးသည်မှာ အရိပ်လင်းနို့၏ ကြယ်အမြုတေက ဝိညာဥ်အမျိုးအစားကျင့်စဥ်ပဲ ရှိ၏။ ထို့အပြင် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ကျင့်စဥ်နှင့် တူညီနေသည်။ ထို့ကြောင့် ၄င်းကို ရွှေရောင်စာအုပ်ထဲ၌ မှတ်တမ်းမတင်နိုင်ပေ။
ထိုအကြောင်းကို ဂရုတစိုက် တွေးပြီးနောက် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်မိ၏။ အရိပ်လင်းနို့ကဲ့သို့ စုတ်ချာသော အမှိုက်ကြယ်တာရာသားရဲ၌ အလွန်ကောင်းမွန်သည့် ကျင့်စဥ် ရှိနိုင်လျှင် ကျန်သည့် ကြယ်တာရာသားရဲများ မတရားပေ။
သို့သော်ငြား ယဲ့ရှောင်က ဆုံးရှုံးသည်ဟု မတွေးပေ။ အကြောင်းမှာ ၄င်းကို ဆေးလုံးအဖြစ် သန့်စင်နိုင်သောကြောင့် ဖြစ်၏။ ရှန်းထျန်းနဝမအဆင့် ဆေးလုံးသည် သွေးအဆီအနစ်များစွာ မြှင့်တင်ပေးနိုင်သည် မဟုတ်ပါလော။ ဆိုရလျှင် သူက အကျိုးအမြတ်များစွာ ရခဲ့သေး၏။

အပိုင်း ၂၃၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset