စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၃၁ ကပ်ဘေး။
” ငါတို့ အချိန်မလုံလောက်ဘူး။ ကျုံးမြို့မှာ အဆင့်နိမ့် သိုင်းပညာရှင် တော်တော်များများ ရှိနေတယ်။ သူတို့ရဲ့ အမြန်ဆုံး အရှိန်က လျှပ်စစ်ကားတစ်စီးရဲ့ အရှိန်ပဲ။ သူတို့တွေက အကန့်အသတ် ရောက်နေလောက်ပြီ။ ဘယ်လိုလုပ် လွှတ်မြောက်မှာလဲ ”
” ဒါဆိုရင် ကျုံးမြို့ရဲ့ အကာအကွယ် အစီအရင်ကို အသက်သွင်းလိုက်။ ပြီးတော့ သိုင်းပညာရှင်တွေကို တစ်နေရာထဲ နောက်မဆုတ်ပဲ လူဖြန့်ပြီး နောက်ဆုတ်ဖို့ ပြောလိုက်ဦး။ လူတွေ တတ်နိုင်သလောက် များများထွက်ပြေးနိုင်အောင် ကူညီပေးလိုက်ကြ ”
ကျုံးမြို့ကဲ့သို့ မြို့ကြီး၌ ၄င်း၏ ကိုယ်ပိုင် ကာကွယ်ခြင်း အစီအရင် ရှိပြီးသား ဖြစ်သည်။ အစီအရင်ဖြင့် အချိန်တချို့ ဆွဲထားနိုင်လိမ့်မည်။
” ကောင်းပါပြီ ”
လူတိုင်းက ပေ့ထျန်းစီ၏ ညွှန်ကြားချက်ကို ချက်ချင်း လိုက်နာ၏။ နောက်တစ်စက္ကန့်တွင် တစ်မြို့လုံးက သတိပေးသံ မြည်လာတော့သည်။
” မြို့သူမြို့သားအားလုံး ကျေးဇူးပြုပြီး အာရုံစိုက်ကြပါ။ မြို့သူမြို့သားအားလုံး ကျေးဇူးပြုပြီး အာရုံစိုက်ကြပါ။ ကျုံးမြို့က ထူးခြားတဲ့ အဆင့်တစ်တိုက်ပွဲ ပြင်ဆင်ခြင်း အခြေအနေထဲ ဝင်ရောက်နေပါပြီ။ အဆင့်နိမ့် သိုင်းပညာရှင်တွေအားလုံး မြောက်အရပ်နဲ့ တောင်အရပ်ကို မြန်မြန် နောက်ဆုတ်ကြပါ။ နှစ်စုခွဲပြီး တတ်နိုင်သမျှ မြန်မြန် နောက်ဆုတ်ကြပါ ”
သတိပေးသံနောက်၌ မြို့၏ အရပ်မျက်နှာ ၅ခုကပေါ်ထွက်လာလေ၏။ ထိုအလင်းတိုင်၅ခုသည် ကောင်းကင်ကို ဖြန့်ကျန့်သွားလျက် ရွှေရောင်အရံအတားတစ်ခု လျင်မြန်စွာ ဖွဲ့တည်လိုက်၏။ တစ်မြို့လုံးကို လွှမ်းခြုံသွားတော့သည်။
မြို့သူမြို့သားများက ထိုမြင်ကွင်းကို တွေ့သောအခါ အခြေအနေ မကောင်းမှန်း သူတို့သိလိုက်သည်။ တွေဝေမနေပဲ သူတို့က မြို့အပြင်သို့ လျင်မြန်စွာ ထွက်သွားလေ၏။
သိပ်သည်းနေသော လူစုကြီးက မြေပြင်ပေါ်၌ ပုရွက်ဆိတ်များပမာ ဖြစ်နေတော့သည်။
ယန်ရှီးနှင့် ကျန်သည့်သူများက လူအုပ်ကြီးနောက် လိုက်ပါပြီး သူတို့က ယဲ့ရှောင်၏ နံပါတ်ကို ဆက်တိုက် ဆက်သွယ်နေကြ၏။
” ဘယ်လိုလဲ။ ကြီးကြပ်သူ ယဲ့ရဲ့ နံပါတ်ကို ခေါ်လို့ရလား ”
ယန်ရှီးက စိုးရိမ်ပူပန်လျက် ခြေဆောင့်နင်းလိုက်သည်။
” အလုပ်မဖြစ်ဘူး။ တစ်ယောက်မှ ဖုန်းမကိုင်ဘူး ”
” ဖုန်းဝင်အထိ ဆက်ခေါ်နေလိုက်။ ငါတို့ ပြေးတာ နှေးတာပဲ။ ကားထဲ အရင်ဝင်ကြရအောင်။ ကားထဲရောက်မှ ခေါ်မယ် ”
ဝေဟင်တွင် ပေ့ထျန်းစီနှင့် ကျန်သည့် အံ့ဖွယ်ချီရှန်းများက မြစ်ဘေးသို့ အမြန်သွားလိုက်၏။
သူတို့သည် အံ့ဖွယ်ချီရှန်းများ ထွက်လာတာကို မဟန့်တားနိုင်သော်ငြား တတ်နိုင်သည့်အချိန်၌ ချုံခိုတိုက်ခိုက်ရန် အခွင့်အရေး ယူနိုင်သေး၏။ သူတို့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင် မျှော်လင့်ချက် ရှိသေးပြီး သူတို့ အနိုင်ရနိုင်ချေကို မြှင့်တင်နိုင်လိမ့်မည်။
ကောင်းကင်ကို ဖြတ်ကျော်လျက် ကြယ်တံခွန်အချို့က ဆင်းသက်လာမှာ လူတိုင်းက မြစ်ဘေးသို့ ရောက်လာလေ၏။
မြစ်ပေါ်ရှိ ပုံရိပ်ကမူ ၄င်းကို အာရုံခံရန်တောင် မလိုပေ။ တစ်ဖက်သူ ရောက်မည်မှန်း သူ တွေးထင်ထားပြီးသား ဖြစ်၏။
ထို့ကြောင့် ပေ့ထျန်းစီသည် သူ၏ လူများကို မြစ်ဘေးသို့ ခေါ်လာပြီး သူတို့ကိုသူတို့ တည်ငြိမ်အောင် မလုပ်ရသေးခင် ချက်ချင်း တိုက်ခိုက်တော့၏။
သူ၏ ရင့်ရော်နေသော လက်တစ်စုံက လေထဲ၌ ချိတ်သင်္ကေတတစ်ခုကို ဖွဲ့တည်ပြီး မြစ်ဆိပ်ဘေး၌ အရ်ိုးဆူးချွန်များစွာက ပေါ်ထွက်လာ၏။ သူတို့ကကောင်းကင်ထဲသို့ ဖိအား မြင့်မားသော အမြှောက်ဆံများသဖွယ် ပစ်ခွင်းလျက် ပေ့ထျန်းစီနှင့် ကျန်သည့် လူသားအံ့ဖွယ်ဂိုဏ်းများဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်လာနေ၏။
ရှီကွမ်းဟောင်က အေးတိအေးစက် နှာခေါင်းရှုပ်လိုက်ပြီး လက်သီးတစ်ချက် ထိုးလိုက်လေ၏။ လက်သီး၏ စွမ်းအားက ကောင်းကင်ကို မွှေနှောက်သွားကာ ကြီးမားသည့် ဝိညာဥ်စွမ်းအား လက်သီးအလင်းအဖြစ့် ပြန့်ကားလျက် အချင်းအားဖြင့် တစ်မိုင်ကျော်သည်။
လက်သီးအလင်းနှင့် အရိုးဆူးချွန် တိုက်မိသွားချိန်၌ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာစေတော့သည်။ ကောင်းကင်ထဲရှိ လေက ဆက်တိုက် ရိုယွင်းနေ၏။
ထိုတိုက်ကွက်နှစ်ကွက်က မြေပြင်ပေါ်တွင်သာဆိုလျှင် မြို့လယ်ခေါင်၏ စွမ်းအားက ကျုံးမြို့တစ်ဝက်ကို ဖျက်ဆီးရန် လုံလောက်နေသည်။
ပေါက်ကွဲမှုမှ လှိုင်းက ပေါ်ထွက်လာပြီးသော်ငြား ပေါက်ကွဲမှု၏ ဗဟိုချက်ကို ဖျက်လျက် ဖောက်ထွက်လာသည့် အရိုးဆူးချွန်အချို့ ရှိနေသေးပြီး လျှပ်ပြက်သည့် အရှိန်ဖြင့် လူအုပ်ကြီးဆီသို့ တိုးသွားလေ၏။
လူတိုင်း၏ အမူအယာက ပြောင်းလဲသွားတော့သည်။
ပေ့ထျန်းစီတစ်ယောက်တည်း ပြာယာမခတ်သွားတာပဲ ဖြစ်သည်။ သူ့မျက်ဝန်း၏ လှုပ်ရှားမှု အနည်းငယ်ဖြင့် မီးဝိညာဥ်မျက်လုံးကို ထုတ်ဖော်ကာ အရိုးဆူးချွန်များကို ချက်ချင်း ဖျက်ဆီးလိုက်၏။
” ဂရုစိုက်ကြ။ ရန်သူက ရှန်းထျန်း နဝမအဆင့်ပဲ။ မင်းတို့တွေ ကူပေး။ ငါ ဦးဆောင်ပြီး တိုက်မယ် ”
” ဟုတ်ကဲ့ ”
လူတိုင်းက တုံ့ပြန်လိုက်ပြီး ပေ့ထျန်းစီက သူ၏ မျက်လုံးသွေးမျိုးဆက်ကျင့်စဥ်ကို ထပ်မံ အသုံးပြုလိုက်၏။
မီးဝိညာဥ်မျက်လုံးသည် ချက်ချင်းပင် စွမ်းအားတစ်ခုအဖြစ် တစ်ဖက်သူ၏ ခန္ဓာကိုယ်ပေါ် ပေါက်ကွဲသွားလေ၏။
ဖုန်း။
အစွမ်းထက်သော ပေါက်ကွဲမှုသည် သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် တုန်ယင်သွားစေသည်။ နောက်တစ်စက္ကန့်၌ သူသည် မြေပြင်ပေါ်သို့ အမြှောက်ဆံပမာ လွင့်ကျသွား၏။
မြစ်ဘေးရှိ မြေပြင်ပေါ်၌ တွင်းကြီးတစ်တွင်း ပေါ်လာလေ၏။
” အခွင့်အရေးကောင်းပဲ ”
ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့တို့က ပိုတောင် မြန်ဆန်သည့် အရှိန်ဖြင့် သူ့နောက် လိုက်နေကြသည်။ သူတို့က သူတို့ ကျင့်စဥ်များကို သုံးလျက် တစ်ဖက်သူကို ဟန့်တားနေကြ၏။ သုံးစက္ကန့်မပြည့်မှီ၌ နှစ်ယောက်သားက တိုက်ကွက်တစ်ထောင်ကျော် သုံးခဲ့ပြီး ဖြစ်သည်။
သူတို့၏ တိုက်ကွက်တိုင်း၏ သူတို့နှစ်ယောက်၏ အကန့်အသတ်ကို ရောက်နေပြီ ဖြစ်သည်။
” ဟော ဟဲ ဟော ဟဲ ”
နှစ်ယောက်လုံးက မောပန်းနေပြီ ဖြစ်သည်။ သူတို့မျက်နှာက အနည်းငယ် ဖြူရော်နေ၏။ သို့သော် ဖုန်မှုန့်များ ကင်းစင်လာသည့်အချိန်၌ သူတို့မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နေတော့သည်။
မြေကြီးပေါ်ရှိ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီ ဖြစ်သည်။
ပေ့ထျန်းစီက တစ်ချက်ကြည့်လိုက်၏။
” ငါသိသားပဲ။ ဒါက ရှောင်လင်ကနေ လွှတ်မြောက်လာတဲ့ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတချို့နဲ့ တစ်ခုခု သက်ဆိုင်ရမယ်ဆိုတာ ”
” ဒီကြယ်တာရာသားရဲက ရှောင်လင်က လွှတ်လာတဲ့ သားရဲတွေထဲက တစ်ကောင် အဆိပ်နဂါးကင်းမြီးကောက်ပဲ။ သူက ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲတစ်ကောင်ပဲ ”
” သူ့ရဲ့ တိုက်ပွဲဝင်ခွန်အားက မြင့်တယ်လို့ သတ်မှတ်လို့ မရဘူး။ ရှန်းထျန်းနဝမအဆင့်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်လို့ သတ်မှတ်နိုင်တာ။ သူ့ရဲ့ အမှန်တကယ် အစွမ်းထက်တဲ့ ကျင့်စဥ်တွေက နည်းစနစ်ကတော့ အဆိပ်ပဲ ”
” ဒါကြောင့် ခုနတုန်းက သူက ငါ့ရဲ့ မီးဝိညာဥ်မျက်လုံးကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်။ မင်းတို့နှစ်ယောက်က ရှန်းထျန်း အဌမအဆင့်မှာပဲ ရှိသေးပေမဲ့ အဌမအဆင့်ကို ရောက်နေတာ အတော်ကြာပြီလေ။ ငါ သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင်လုပ်ပြီးတော့ မင်းတို့တွေ တိုက်ကွက်တစ်ထောင်ကျော်က သူလည်း အရိုးနဲ့ ရွပ်ကြောတွေကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေဖို့ လုံလောက်သွားပြီ။ ဒါပေမဲ့ မင်း သူ့ကို သတ်ချင်တယ်ဆိုရင်တော့ နောက်ထပ် တစ်ကွက် ထပ်ထည့်ရမယ် ”
ပြောနေစဥ် သူ၏ မျက်လုံးက အနည်းငယ် လှုပ်ရှားသွားနေပြီး မီးဝိညာဥ်မျက်လုံးကို ထပ်မံထုတ်ဖော်လိုက်သည်။ ပိုတောင် အစွမ်းထက်သည့် ဖိအားက အဆိပ်နဂါးကင်းမြီးကောက်၏ ခန္ဓာကိုယ်ပေါ် ပြင်းထန်စွာ ကျရောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို နှစ်ခြမ်းကွဲသွားစေ၏။
သို့သော်ငြား သူတို့အဖွဲ့သည် သက်ပြင်းချရန် အချိန်မရှိပေ။ အကြောင်းမှာ သူတို့ တိုက်ခိုက်နေစဥ် ဝိညာဥ်စွမ်းအားများ ဝှေ့တက်လာပြီး ဝိညာဥ်စုစည်းခြင်း အစီအရင်ပေါ်ရှိ ချိတ်ပိတ်ခြင်း အစီအရင်ကလည်း ပြိုကွဲသွားသောကြောင့် ဖြစ်သည်။
” ဟား ဟား ဟား။ နှစ်ရာချီရှိသွားပြီ။ နောက်ဆုံးတော့ ငါတို့ ထွက်လာနိုင်ပြီကွ ”
” ကြီးမြတ်တဲ့ ငါက လူသွေးတွေရဲ့ အနံ့ကို ရနေပြီးပြီ။ လူသားတွေ ကြီးမြတ်တဲ့ ငါက လူသားတွေကို စားချင်တယ် ”
ပေ့ထျန်းစီက တစ်ချက် ကြည့်လိုက်ပြီး ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့တို့က ကျန်သည့် အံ့ဖွယ်ချီရှန်းများကို ခေါ်ကာ ဦးဆောင်ပြီး တိုက်ခိုက်တော့၏။
” လူသားအံ့ဖွယ်ချီရှန်း စိတ်ဝင်စားစရာပဲ။ ငါတို့ ကြွက်သားတွေ၊ အရိုးတွေကို ဆန့်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ ”
နှစ်ဖက်လုံးက စတင်တိုက်ခိုက်ကြပြီး ဝေဟင်၌ အရိပ်လွှာများက ချက်ချင်း ပေါ်လာပြီး အလင်းရောင်ခြည်များက အရပ်မျက်နှာအနှံ့ ပေါ်ထွက်လာလေ၏။
အံ့ဖွယ်ချီရှန်း၏ ခွန်အားများက အကန့်အသတ်ထိ မြှင့်တင်ခံလိုက်ရပြီ ဖြစ်သည်။
ယင်းက သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ပွဲဖြစ်ပြီး ဒုတိယမြောက် အခွင့်အရေးအတွက် အခွင့်အရေး မရှိပေ။ ထို့ကြောင့် လူသားအံ့ဖွယ်ချီရှန်းဖြစ်စေ ကြယ်တာရာသားရဲ အံ့ဖွယ်ချီရှန်းဖြစ်စေ ယခုအချိန်၌ သူ၏ ခွန်အားအပြည့်ကို အသုံးပြုနေပေ၏။
ထိုစဥ် အစိမ်းရောင်ပုရွက်အရိပ်က တိတ်တဆိတ် ချဥ်းကပ်လာပြီး အောက်ခြေမှ အဆိပ်နဂါးကင်းမြီးကောက်ဆီသို့ ချဥ်းကပ်သွား၏။
” ဟား ဟား ဟား။ ကင်းမြီးကောက်အိုကြီး။ မင်းက ငါတို့ကို ကယ်ဖို့ လာတယ်ဆိုမှတော့ မင်းကို ကူညီပြီး မင်းအတွက် အသက်ပြန်သွင်းပေးမယ် ”
ကံဆိုးသည်မှာ သူက လှုပ်ရှားတော့မည့်အချိန်၌ ပူလောင်ပြင်းပြသည့် မီးစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲက ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ကို စတင်လောင်ကျွမ်းစေ၏။
” အား ”
သူက သနားစဖွယ် အော်သံများ ဆက်တိုက် ထုတ်ဖော်လျက် မြစ်ဘေးသို့ ခုန်ဆင်းလိုက်ရပြီး မြစ်ရေဖြင့် မီးတောက်များကို ငြိမ်းသတ်ရန် ကြိုးစားချင်နေသည်။
သို့သော်သြား ထူးဆန်းသည့် အရာက မြစ်ရေထဲ၌ သူ မည်မျှ လူးလှိမ့်စေကာမူ မီးများကို မငြိမ်းသတ်နိုင်ပေ။
ကောင်းကင်ထဲ၌ ပေ့ထျန်းစီက သူ့ကိုအေးတိအေးစက် ကြည့်လိုက်၏။
” ရယ်စရာပဲ။ အသက်ရှင်ဖို့အတွက် ငါ လုပ်နေတယ်လို့ ထင်လား။ မင်းရဲ့ မထင်မရှား ကျင့်စဥ်နဲ့ မင်းက အဆိပ်နဂါးကင်းမြီးကောက်ကို ကယ်နိုင်မယ်လို့ ထင်တယ်ပေါ့။ ဉာဏ်ရှိတဲ့ အတွေးတွေ ပြည့်နေတာပဲ ”
မြစ်မျက်နှာပြင်တွင် ရှီကွမ်းဟောင်နှင့် ကျန်သည့်သူများကြားရှိ တိုက်ပွဲက ပိုမို ပြင်းထန်လာ၏။ နှစ်ဖက်လုံးက လက်ရည်ညီနေသည်။ သို့သော်ငြား သူတို့က အချိန်အတော်ကြာ ထိန်းထားနိုင်သေး၏။ ပေ့ထျန်းစီက မလှုပ်ရှားပေ။ အကြောင်းမှာ သူ စောင့်နေသည့်အရာကို သိနေသောကြောင့် ဖြစ်သည်။
သူသည် အသန်မာဆုံး လူနှင့် တိုက်ခိုက်ရန်အတွက် ရုပ်ခွန်အားကို မြှင့်တင်ချင်၏။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်။
ကောင်းကင်ထဲရှိ တိမ်တိုက်များက ပိုမိုလေးလံလာတော့သည်။
မယုံနိုင်စရာကောင်းသည့် တည်ရှိမှုတစ်ခု ဆင်းသက်လာသည့်ပမာ ဖြစ်နေ၏။
ထိုစဥ် မြစ်မျက်နှာပြင်ပေါ်ရှိ လှိုင်းများသည် အံ့ဖွယ်ဂိုဏ်းများ၏ ဆက်တိုက် တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း ရပ်တန့်သွား၏။
ယင်းက အင်မတန် ထူးဆန်းသည်။
မြစ်မျက်နှာပြင်သည် အစတည်းက မငြိမ်နေကြောင်း သိထားရပေမည်။ ပေါက်ကွဲမှု အရှိန်အဝါများကြောင့် ဖန်တီးလိုက်သည့် ပေါ်ထွက်လာသည့် လှိုင်းများနှင့် အံ့ဖွယ်ဂိုဏ်းများ၏ အမျိုးမျိုးသော ဝိညာဥ်စွမ်းအင်များပါ ပေါင်းလိုက်လျှင် မြစ်၏ မျက်နှာပြင်က လှိုင်းများက မထုတ်လုပ်နိုင်လျှင် အလွန်ကောင်းနေပြီဟု သတ်မှတ်နိုင်ပြီးသား ဖြစ်သည်။
သို့သော်ငြား မြစ်၏ မျက်နှာပြင်က ပေါက်ကွဲမှု မဖြစ်စေရုံသာမက ကြေးမုံတစ်ချပ်ပမာ တည်ငြိမ်နေလေ၏။ ယင်းက ကြောက်မက်ဖွယ်ကောင်းလွန်းပြီး လူတစ်ယောက်ကို မွေးညှင်းများ ထောင်ထသွားစေသည့် သွင်ပြင်ဖြစ်ကာ သူ၏ တစ်ကိုယ်လုံးက ချွေးစီးများ ပြန်လာတော့သည်။
မကြာမီ၌ မြစ်မျက်နှာပြင်အထက်၌ ရေဝဲလေးတစ်ခု စတင်ပေါ်လာတော့သည်။ ပြီးနောက် ၄င်းက ဖြည်းဖြည်းချင်း ပြန့်ကားလာပြီး မြစ်၏ အောက်ခြေအတွက် တံခါးတစ်ချပ် ဖွင့်ပေးလိုက်သည်ပမာ ဖြစ်နေသည်။ ရေဝဲထဲ၌ အင်္ဂတေကဲ့သို့ ပြားကပ်နေသော လှေကားတစ်စင်းက ပေါ်လာလေ၏။
” ဒီမှာပဲ ”
ပေ့ထျန်းစီ၏ သူငယ်အိမ်တို့ ကျုံ့သွားသည်။ သူက တစ်ဖက်သူ၏ ဝိညာဥ်စွမ်းအား အတက်အကျကို အာရုံခံမိပြီး ဖြစ်သည်။ ယင်းက အင်မတန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါ ဖြစ်၏။ သူ၏ ကိုယ်ပိုင် အရှိန်အဝါထက်တောင် ပိုကြောက်မက်ဖွယ်ကောင်းသည်။
သူ၏ ရောင်ဝါ ပေါ်ပေါက်လာချိန်၌ ကျုံးမြို့တစ်ဝိုက်ရှိ ကြယ်တာရာသားရဲများက စိတ်လှုပ်ရှားလာကာ မြို့ဆီသို့ ရူးသွပ်စွာ ပြေးကုန်၏။
ဂလု။
ပေ့ထျန်းစီကဲ့သို့ မျက်ဝန်းသွေးမျိုးဆက် ကျွမ်းကျင်သူတစ်ဦးတောင် တံတွေးမြိုချမိသွားသည်။ သူ၏ မျက်လုံးထဲ၌ ကြောက်လန့်မှု တစ်စွန်းတစ်စ ပေါ်လာသည်။
ဘုရင်နယ်ပယ်အဆင့်အောက် ကြယ်တာရာသားရဲ။ ဓါးနတ်ဘုရား အသူရာ။
သူသည် အံ့ဖွယ်သားရဲတစ်ကောင် ဖြစ်လာရန် တစ်ဝက်သို့ ရောက်နေပြီ ဖြစ်သည်။
လူသားမျိုးနွယ်၏ ဘုရင်နယ်ပယ်သိုင်းပညာရှင်ကဲ့သို့ပင် ကြယ်တာရာသားရဲ၏ အံ့ဖွယ်သားရဲက သူ အရှိန်အဝါ ထုတ်ဖော်လိုက်သရွေ့ နောက်လိုက် ကြယ်တာရာသားရဲများကို ဆင့်ခေါ်နိုင်သည်။
အသူရာက အံ့ဖွယ်သားရဲတစ်ကောင် မဟုတ်သေးသော်ငြား အံ့ဖွယ်သားရဲတစ်ကောင်၏ အရှိန်အဝါမျိုး စတင်ထုတ်ဖော်နေပြီ ဖြစ်သည်။
ရလဒ်အနေဖြင့် မြို့နားတစ်ဝိုက်ရှိ ကြယ်တာရသားရဲများသည် ထိုအရှိန်အဝါကြောင့် လမ်းပြခံရပြီး ချက်ချင်း တက်လာကြတော့သည်။
အသူရာက လူအသွင်သဏ္ဍန်ကို အပြည့်အဝ ပြောင်းလဲထား၏။ သူက ၈ပေခန့် မြင့်သည့် အမျိုးသားကြီးတစ်ဦး ဖြစ်သည်။ သူက အနက်ရောင်လေကာကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များက နောက်ကျော၌ ရေတံခွန်သဖွယ် ကျဆင်းနေ၏။ တစ်ချက်ကြည့်ရုံဖြင့် သူက နဂါးအမြီးနှင့် တူနေတော့သည်။
သူက ခေါင်းမော့ပြီး တစ်ချက်ကြည့်လိုက်၏။ သူ၏ အကြည့်က ပေ့ထျန်းစီဆီ ကျရောက်သွားကာ ကျန်သည့် ကြယ်တာရာသားရဲများနှင့် လူသားအံ့ဖွယ်ဂိုဏ်းများကို ကြည့်တောင် မကြည့်ပေ။
သူ ပေ့ထျန်းစီမှအပ ကျန်သည့်သူများကို အာရုံမစိုက်တာ သိသာနေ၏။
နှုတ်ခမ်းထောင့်က ကွေးတက်သွားကာ အသူရာက ဖြည်းဖြည်းချင်း ပြောလိုက်၏။
” မတွေ့ရတာကြာပြီ ပေ့ မင်း ဘယ်လိုလဲ ”
ပေ့ထျန်းစီက သူ့ကို သုန်မှုန်သော အမူအယာဖြင့် ကြည့်လိုက်လေ၏။
” အတော်ကြာသွားပြီ ”
” မင်းရဲ့ မျက်လုံးစွမ်းအားက နှစ်တွေ ဒီလောက်ကြာပြီးတော့ တိုးလာလား လျော့သွားလားဆိုတာ ငါ သိချင်တယ် ”
” လွန်ခဲ့တဲ့ နှစ်ရာချီက တိုက်ပွဲကို ငါ သတိရနေတုန်းပဲ။ ပေ့ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ် ”
” မင်း သိရမှာပါ ”
ပေ့ထျန်းစီ၏ အကြည့်များက စူးရှသွားလျက်
မီးဝိညာဥ်မျက်လုံးကို ထုတ်ဖော်ကာ အသူရာ၏ ခန္ဓာကိုယ်ပေါ်၌ မှတ်သားလိုက်၏။
ပုံသဏ္ဍန်မဲ့သည့် များစွာသော ဖိအားက အသူရာဆီသို့ တန်းတန်းမတ်မတ် ဦးတည်လျက် သူ၏ ခေါင်းကို ဖိချလိုက်တော့သည်။
ဖုန်း။
အစွမ်းထက်သည့် မျက်ဝန်းစွမ်းအားသည် တောင်တစ်တောင်ပမာ အသူရာ၏ ခေါင်းပေါ် ဖိချတော့သည်။ မတားမြစ်နိုင်သော ဖိအားဖြင့် သူ့ကို အညှာအတာမဲ့စွာ ချေမှုန်းတော့မည်။
သို့သော်။
အသူရာ၏ ခေါင်းထက်သို့ ရောက်သည့်အချိန်၌ သူ၏ မျက်ဝန်းကျင့်စဥ် တိုက်ခိုက်မှုက နောက်ဆုံး၌ ရပ်တန့်သွားပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။
အကြောင်းမှာ အသူရာ၏ ခေါင်းကို ရွှေရောင်ဓါးအလင်းက ပိတ်ဆို့ပေးထားသောကြောင့် ဖြစ်သည်။
မဟုတ်ပေ။ တစ်ခုတည်း မဟုတ်။ ဓါးအလင်းရာချီက တစ်ပြိုင်နက်တည်းတွင် သူ၏ မျက်ဝန်းကျင့်စဥ်များကို ပိတ်ဆို့ထားသောကြောင့် ဖြစ်သည်။
အပိုင်း ၂၃၁ ပြီး၏။