စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂၉ သူရဲကောင်းတွေက သူရဲကောင်းတွေကို တန်ဖိုးထား။
” အမတနတ်ဘုရားလား ”
ယဲ့ရှောင်က ကြက်သေ သေသွားလေ၏။ လူသားစစ်သည်တော်များ၏ အဆုံးသတ်သည် မိုးနှင့်မြေကြား တည်ရှိနေသည့် ဒဏ္ဍာရီလာ အမတနတ်ဘုရား ဖြစ်နေသည်လော။
ကြယ်တာရာသားရဲများသည် လူသားမျိုးနွယ်ကို ကျူးကျော်ချင်တာ အံ့သြစရာ မရှိပေ။ အံ့သြစရာ မရှိ။
ဘီလီယံချီသော လူများသာလျှင် နတ်ဘုရားသွေးတစ်စက်ကို သန့်စင်နိုင်ပြီး ထိုနတ်ဘုရားသွေးစက်က နတ်ဘုရားတစ်ပါး ဖြစ်လာရန် မျှော်လင့်ချက် ဖြစ်၏။ လူသားမျိုးနွယ်ကဆိုလျှင် ကြယ်တာရာသားရဲများကို ဖြေရှင်းချင်စိတ်ကို ခုခံနိုင်မှာ မဟုတ်ပဲ နတ်ဘုရားသွေးကို သန့်စင်လောက်သည်။
” ဟုတ်တယ်။ ကြယ်တာရာသားရဲတွေရဲ့ သက်တမ်းက အရမ်းရှည်ပေမဲ့ အချိန်အကန့်အသတ် ရှိသေးတယ်။ အံ့ဖွယ်သားရဲတွေလိုပဲ။ သူတို့တွေက အလွန်ဆုံးမှ နှစ်တစ်သောင်းပဲ နေနိုင်တာ။ ဒါပေမဲ့ စကြာဝဠာကြီးမှာတော့ သန္ဓေ နယ်ပယ်ပြောင်းလဲမှုတွေထဲမှာတော့ နှစ်တစ်သောင်းဆိုတာ တစ်ခဏပဲ ”
” အမတနတ်ဘုရားတစ်ပါး ဖြစ်လာမှပဲ ကြယ်တာရာသားရဲက ထာဝရ အသက်ရှင်နိုင်မှာ။ ဒါ့အပြင် ငါတို့ကြယ်တာရာသားရဲတွေက လူသားမျိုးနွယ်ကို မတိုက်ခိုက်ရင်တောင် လူသားမျိုးက အဲ့လိုတည်ရှိမှုအဆင့်ထိ ကျင့်ကြံခဲ့မယ်ဆိုရင် သူတို့တွေက ကြယ်တာရာသားရဲတွေကို အားကိုးရမှာပဲ မဟုတ်ဘူးလား။ ဒါကြောင့် ငါတို့ရဲ့ ဘေးကင်းရေးအတွက် လူသားမျိုးနွယ်ကို အဲ့ဒီအဆင့်ထိ ဖွံ့ဖြိုးတိုးတက်ခွင့် မပေးနိုင်ဘူး ”
” မင်း ငါ့ကို မေးချင်တဲ့ မေးခွန်းအားလုံး ဖြေပြီးပြီ။ အခု လွှတ်ပေးနိုင်လား။ ငါတို့ အရင်က သဘောတူထားတာလေ ”
ယဲ့ရှောင်က သူ့ကို တစ်ချက်ကြည့်လိုက်၏။ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုသည် သူ၏ စိတ်စွမ်းအားပမာဏများစွာကို ချက်ချင်း လှည့်ပတ်လိုက်ပြီး ၄င်း၏ ဝိညာဥ်ကို ထိုးနှက်တော့သည်။
အရိပ်လင်းနို့၏ အမူအယာက ရုပ်ချည်းပြောင်းလဲသွား၏။
” သေသင့်တဲ့ လူသား။ မင်း ကတိမတည်ဘူးပဲ ”
ယဲ့ရှောင်က သူ့ကို စိတ်ထဲ မထားနိုင်ပေ။ ကြယ်တာရာသားရဲနဲ့ ကတိတည်ရမှာလား။ မင်း စိတ်လွှတ်သွားပြီလား။
သူ မေးခွန်းမေးပြီးပြီဆိုတော့ အဲ့ဒီကောင်ကို သေအောင်ပို့ပေးရမှာပေါ့။ ဒီကောင်က မရေမတွက်နိုင်တဲ့ လူတွေကို စားခဲ့တာ။ နောင်ကြ လူသားတွေကို ဆက်စားလို့ ရအောင်လို့ ပြန်လွှတ်ပေးရမှာလား။
ယခုအချိန်တွင် ကျုံးမြို့၌ အတော်လေး အစွမ်းထက်သည့် အရှိန်အဝါအချို့က ဤနေရာသို့ လျင်မြန်စွာ ချဥ်းကပ်လာနေပြီ ဖြစ်သည်။
အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်သည် တစ်ဖက်သူ၏ အလောင်းကို သူ၏ သိုလှောင်လက်စွပ်ထဲ သိမ်းလိုက်၏။ သူသည် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို သုံးကာ သူ၏ ခန္ဓာကိုယ်သည် သူ ရပ်နေသည့်နေရာကနေ .တမဟုတ်ချင်း ပျောက်ကွယ်သွားတော့၏။
သိပ်မကြာမီ၌ လူရိပ်အချို့က မြန်ဆန်သည့် အရှိန်ဖြင့် ပျံသန်းလာနေသည်။ သူတို့က အခင်းဖြစ်ရာကို မြင်သောအခါ ကြက်သေ သေသွားကုန်၏။
အစွမ်းထက်လိုက်တဲ့ အဖျက်စွမ်းအားပဲ။
ခုနတုန်းက ဒီမှာ အဆုံးစွန်သော သိုင်းပညာရှင်တစ်ယောက် ရှိခဲ့တာပဲ ဖြစ်ရမယ်။
ယဲ့ရှောင်ဘက်တွင်မူ သူက ဟိုတယ်သို့ ပြန်ပြီး အရိပ်လင်းနို့ကို ဆေးလုံးအဖြစ် သန့်စင်ရန် ပြင်ဆင်နေ၏။ သူက ထိုအရာ၏ အသားကို မစားရဲချေ။ ထို့ကြောင့် ၄င်းကို မွေးမြူရေးခြံထဲ၌ ပိတ်ထားဖို့ ရည်ရွယ်ချက် မရှိပေ။
ထိုအရာက ၄င်း၏ ခန္ဓာကိုယ်၌ မသန့်ရှင်းသည့် ပစ္စည်းအချို့ ရှိလောက်ပေ၏။ သို့သော်ငြား ယွမ် ၁၀၀၀၀ကို သုံးပြီး သူ့ကို ဆေးလုံးအဖြစ် ဖော်စပ်ရင် သူ ပူပန်ရန် မလိုအပ်တော့ချေ။
တစ်သောင်းမှတစ်သည် တော်ဝင်အဆင့် အဂ္ဂရိတ်နည်းစနစ်တစ်ခု ဖြစ်သည်။ ယင်းက ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်း၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်ကို ဖယ်ရှားနိုင်စွမ်း ရှိတာ သေချာသည်။ ယခုအချိန်၌ အရိပ်လင်းနို့ ချုံခိုတိုက်ခိုက်တာ ခံရသည်က ကိစ္စကောင်းတစ်ရပ် ဖြစ်နေသည်။ အနည်းဆုံးတော့ ဤကမ္ဘာကြီး၏ အမှန်တရားအကြောင်း သူ ပိုသိလာရသည်။
ပုံစံအရ နောက်ထပ် သားရဲကပ်ဘေးသည် ဤလောကကြီးကို ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာလိမ့်မည်။ တစ်ကမ္ဘာလုံး၏ လူသားမျိုးနွယ် သုတ်သင်ရှင်းလင်းခံရမှုဆီတောင် ဦးဆောင်သွားနိုင်၏။ သို့သော်ငြား မျှော်လင့်ချက် ရှိသေးသည်။ လူသားမျိုးနွယ်မှ သာလွန်သော သိုင်းပညာရှင်များ ပေါ်ပေါက်လာမှုသည် တိုက်ပွဲ၏ ဒီရေကို ပြောင်းလဲနိုင်လိမ့်မည်။
သူက လက်ရှိတွင် ရှန်းထျန်းနဝမအဆင့်တွင် ရှိနေသည့် ဘုရင်နယ်ပယ်သို့ မရောက်သေးပေ။ အာကာသစစ်မြေပြင်ထဲရှိ လက်ရှိ အခြေအနေက ပိုမိုပြီး ပြင်းထန်လာနေ၏။ နောက်ထပ် သားရဲကပ်ဘေးက လေးနှစ်မလိုတော့ပေ။ လေးနှစ်မပြည့်မှီ၌ သူသည် ဘုရင်နယ်ပယ်သို့ အဆင့်ချိုးဖျက်တက်နိုင်မည်လော။
သူ အဆင့်မတက်နိုင်ခဲ့လျှင် သို့တည်းမဟုတ်။ ဤကမ္ဘာကြီးရှိ ကျန်သည့် လူသားသိုင်းပညာရှင်များက အဆင့်မတက်နိုင်ခဲ့လျှင် ဤကမ္ဘာကြီးထဲရှိ လူသားမျိုးနွယ်စုနှင့်အတူ သူက အမြစ်ပြတ် သုတ်သင်ခံရမည်လော။
သို့သော် မကြာမီ၌ သူက ခေါင်းခါကာ ထိုအတွေးကို ဖယ်ရှားလိုက်တော့၏။ နည်းလမ်းတစ်ခု အမြဲတမ်း ရှိကြောင်း ယဲ့ရှောင် ယုံကြည်သည်။
ဘုရားသခင်သည် သူ့ကို နာမကျန်းဖြစ်မှုကြောင့် တစ်ခါသေဆုံးခွင့် ပေးခဲ့၏။ သို့သော် ဘဝသစ်၌ ရှင်သန်နေထိုင်ရန် အခွင့်အရေးတစ်ခုလည်း ပေးခဲ့သည်။ သူ့ကို ဟာသလုပ်ရန် ဤမျှထိတော့ မဖြစ်လောက်ပေ။
ငါ ဟိုတယ်ကို အရင်ပြန်ပြီး ငါ့ရဲ့ ခွန်အားကို မြှင့်တင်ရမယ်။
သို့သော် သူ ဟိုတယ်ဝင်ပေါက်သို့ ရောက်သည့်အချိန်၌ ဟိုတယ်ဝင်ပေါက်၌ ရပ်နေသည့် ရင်းနှီးနေသော သူ ပေ့ထျန်းစီကို မြင်လိုက်ရသောအခါ အံ့သြသွားလေ၏။
ထိုအဖိုးအိုသည် ဟိုတယ်ဘေးရှိ ပန်းခင်းပေါ်၌ ထိုင်နေကာ သူ့ကို စောင့်နေပုံပေါ်သည်။ သူ ပေါ်လာတာကို မြင်သောအခါ ပြုံးပြီး ပြောလိုက်၏။
” မင်း ပြီးသွားပြီလား ”
ပေ့ထျန်းစီသည် သူ လုပ်နေတာကို မြင်ပုံပေါ်၏။ သို့သော်ငြား ယဲ့ရှောင်က မအံ့သြသွားပေ။
သူသည် အရိပ်လင်းနို့နှင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှန်းထျန်း နဝမအဆင့် အံ့ဖွယ်ချီရှန်းနှစ်ယောက် တိုက်ခိုက်တာ ဖြစ်၏။ သူတို့ တိုက်ခိုက်သည့်အချိန်၌ စွမ်းအားဖြာထွက်မှုသည် ကျန်သည့်သူများ မသိလောက်ပေ။ လူတစ်ယောက်၏ ကျင့်စဥ်က အနည်းငယ် ပိုသန်မာလာသရွေ့ သူတို့က အံ့ဖွယ်ချီရှန်းအဆင့်တွင် ရှိနေမည်ဆိုလျှင် စွမ်းအားအတက်အကျ သိပေလိမ့်မည်။
သူသည် ညနေစောင်း၌ ပေ့ထျန်းစီနှင့် တွေ့ခါစ ဖြစ်၏။ သူ၏ မျက်ဝန်းကျင့်စဥ်ကို အသုံးမပြုခဲ့လျှင်တောင် သူ ဘာလုပ်နေမှန်း အလွယ်တကူ သိနိုင်သည်။ ယခု သူ ရောက်လာပြီးဖြစ်သောကြောင့် ရှင်းပြရန် လွယ်ကူသွားချေပြီ။
သူက ပါမောက္ခ ဟွမ်၏ စာကြည့်တိုက်ကတ်ကို ကိုင်ထား၏။ ပေ့ထျန်းစီသည် အထောက်အထားဖြင့် သူ မည်သူမဝါဖြစ်ကြောင်းနှင့် လိပ်စာကို ရှာရန် တစ်စုံတစ်ယောက်ကို မေးမြန်းခြင်းဖြင့် အလွယ်တကူ ရှာတွေ့နိုင်သည်။
ထိုအကြောင်းကို ဂရုတစိုက် တွေးမိလိုက်ရာ လောကထဲ၌ သူ မည်သူမည်ဝါဖြစ်ကြောင်း သိသည့်သူက လေးယောက်ရှိသွားပြီ ဖြစ်သည်။
လေးယောက်ဟု ဆိုလျှင်တော့ အလုံးစုံ မမှန်ပေ။ လူတစ်ယောက်၊ သားရဲလူသားတစ်ကောင်နှင့် မြေခွေးနှစ်ကောင်ဟု ဆိုနိုင်ပေ၏။
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ပေ့ထျန်းစီသည် ယဲ့ရှောင် ဝန်ခံတာကို မြင်သောအခါ သက်ပြင်းချလိုက်မိသည်။
” လူငယ်မျိုးဆက်က တကယ်ဖြုန်လောက်တာပဲ။ မစ္စတာ ယဲ့က အသက် ၂၀ပဲ ရှိသေးတယ်။ ဒါပေမဲ့ အချိန်တိုအတွင်း အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို သတ်ပြီးနေပြီ။ ဒီအဖိုးကြီးက နှစ်ရာချီ ကျင့်ကြံလာခဲ့ပေမဲ့ မစ္စတာ ယဲ့ရှေ့မှာ ဒီလို နည်းလမ်းကို ချဲ့ကားမပြောရဲဘူး။ ဒီလောကကြီးထဲမှာ မစ္စတာ ယဲ့ရှိနေတာက လူသားမျိုးနွယ်ရဲ့ ကောင်းချီးလို့ ပြောနိုင်တယ် ”
ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်၏။
” စီနီယာကလည်း လူသားမျိုးနွယ်အတွက် သွေးတွေ စွန်းထင်းခဲ့တဲ့ သူရဲကောင်းတစ်ယောက်ပါ။ ဒီလို တခမ်းတနား ပြောမနေပါနဲ့။ ပုံမှန်အတိုင်းပဲ ပြောပါ။ ကျွန်တော်လည်း ဒီလို ပြောတာကို အသားမကျဘူး ”
ပေ့ထျန်းစီက အံ့သြသွားလေ၏။ သို့သော်ငြား သူက ယဲ့ရှောင်ကို ပိုတောင် လေးစားသွားတော့သည်။ သူ၏ ကိုယ်ရည်ကိုယ်သွေးက တည်ငြိမ်ပြီး လျစ်လျူရှုထားတတ်သည်။ ယင်းက ရှားပါးလှပေ၏။
ကျန်သည့်သူများက သူတို့ ဘဝတွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် မရောက်နိုင်သည့် နယ်ပယ်ကို သူ ရောက်လာခဲ့တာ အံ့သြစရာ မရှိပေ။
” မစ္စတာ ယဲ့။ ဒီအဖိုးကြီးက မပြောပဲ လာလည်တာကို စိတ်ထဲ မထားဘူးမလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဒါဆို ငါတို့ စကားခဏလောက် ပြောလို့ရမလား။ မင်းအချိန်ကို သိပ်မယူပါဘူး ”
ယဲ့ရှောင်သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းထပ်ညိတ်လိုက်ပြန်၏။
အဖိုးအိုက ဤနေရာတွင် ထိုင်နေတာ နေ့ဝက်လောက် ကြာလောက်ပြီ ထင်၏။ ထို့အပြင် သူကိုယ်တိုင်လည်း ထိုအဖိုးအိုကို မေးချင်သည့် မေးခွန်းတချို့ ရှိနေသည်။
” ဒါဆို ထိုင်ဖို့ တစ်နေရာ ရှာရမလား ”
” မဟုတ်ဘူး။ သွားရအောင်။ လမ်းလျှောက်ရင်း ပြောလို့ရတယ် ”
” ဒါလည်း အဆင်ပြေတာပဲ ”
အဖိုးအိုနှင့် လူငယ်လေးသည် လမ်းပေါ် စလျှောက်လိုက်၏။ ပေ့ထျန်းစီက မမေးပဲ မနေနိုင်တော့ချေ။
” မစ္စတာ ယဲ့။ မင်းက ကျန်းဟိုင်မြို့ရဲ့ ဓါးမော့ဓါးဝိဇ္ဇာလား ”
” ဓါးမော့ဓါးဝိဇ္ဇာဆိုတာ ကျန်းဟိုင်မြို့က လူတွေ ကျွန်တော့်ကို ပေးထားတဲ့ နာမည်ပါပဲ ”
” ဟား ဟား ဟား ဟား။ ကမ္ဘာကြီးထဲက လူတွေကတော့ မင်းရဲ့ အံ့သြဖွယ် စွမ်းရည်ကြောင့် ပြိုလဲကုန်တော့မှာပဲ။ မင်းက မင်းရဲ့ ဆံပင်တွေရော၊ မုတ်ဆိတ်တွေရောက ဖြူစွတ်နေပြီး အမတအရှင် ဆင်းသက်လာသလိုပဲလို့တောင် ပြောကြတာ။ အသက် ၂၀ ဝန်းကျင် လူငယ်လေးတစ်ယောက်ဆိုတာ သူတို့ သိသွားခဲ့ရင် တစ်လောကလုံး ထိတ်လန့်ကုန်မှာ စိုးရိမ်မိပါရဲ့ ”
” ဒီအကြောင်းအရင်းကြောင့်လည်း ကျွန်တော်က ကျွန်တော် ဘယ်သူလည်းဆိုတာ အများကို မထုတ်ပြတာလေ။ ကျွန်တော် တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင့်ကြံချင်တယ်။ ဂုဏ်သတင်းကျော်ဇောမှုတွေ၊ ကြွယ်ဝချမ်းသာမှုတွေ ကျွန်တော် မလိုချင်ဘူး။ စီနီယာ ပေ့ထျန်းက ဘယ်သူ့ကိုမှ မပြောဖို့ မျှော်လင့်မိပါတယ် ”
ပေ့ထျန်းစီက ခေါင်းညိတ်လိုက်၏။
” မင်းရဲ့ ရွေးချယ်မှုကို ငါ လေးစားပါတယ်။ တကယ်တော့ ဒါလည်း အကြံကောင်းပါပဲ။ မင်းအတွက် အသက် ၂၀အရွယ်မှာ ရှန်းထျန်းနဝမအဆင့်ကို အဆင့်တက်လာပြီး ကမ္ဘာကြီးရဲ့ နံပါတ် သိုင်းပညာရှင် ဖြစ်လာတာ။ အရင်းအမြစ်တွေ ချို့တဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း အဲ့ဒီအဆင့်ကို ရောက်လေလေ မင်း စိတ်တည်ငြိမ်ပြီး အဆင့်တက်အောင် ကြိုးစားဖို့ လိုအပ်လေပဲ။ မင်းက ကံကောင်းပြီး ကံကြမ္မာရဲ့ ထောက်ပံ့မှု ရမယ်ဆိုရင် မင်းက ဂုဏ်သတင်းကျော်ဇောမှုနဲ့ ဥစ္စာဓနတို့ကြောင့် တိမ်းပါးခဲ့မယ်ဆိုရင် ဒီလို တန်ဖိုးရှိတဲ့ စိတ်အခြေအနေကို ဆုံးရှုံးသွားဖို့က မင်းအတွက် လွယ်ကူသွားလိမ့်မယ် ”
ခဏတာ ရပ်တန့်ပြီးနောက် သူက ထပ်ပြောလိုက်၏။
” မစ္စတာ ယဲ့။ ဒါကို ဘယ်ကနေ သင်ယူလာလဲဆိုတာ မေးလို့ရမလား။ ဒီစွမ်းရည်ကို ဘယ်လိုသင်ယူထားတာလဲ။ ဒီလို ခွန်အားအဆင့်ကိုရောက်ဖို့ မင်းရဲ့ ဆရာက မဟာသူတော်စင်တစ်ပါးပဲ ဖြစ်ရမယ် ဟုတ်တယ်မလား ”
ယဲ့ရှောင်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်း ပြောလိုက်၏။
” ဟုတ်တယ်။ ကျွန်တော့်ရဲ့ ဆရာက တကယ် မဟာသူတော်စင်တစ်ပါးပဲ။ ဒါပေမဲ့ သူက နယ်လှည့်နေတာ ကြာပါပြီ။ သူ ဒီမြေပေါ်မှာ ရှိလားမရှိလား ကျွန်တော် သေချာ မသိဘူး ”
ယဲ့ရှောင်သည် ပေ့ထျန်းစီကို သူ၏ သံသယအချို့ ဖြေရှင်းစေချင်၏။ သို့သော်ငြား သတိလည်း ထားရပေမည်။ ဆိုရိုးစကားရှိသည့်အတိုင်း မိမိကိုယ်တိုင် ကျန်သည့်သူများကို သတိထားရမည်။ သူကိုယ်တိုင် သင်ယူခဲ့ကြောင်း သိသွားလျှင် ပေ့ထျန်းစီက ကျန်သည့်အတွေးများ မထားရစ်မှာ သေချာ၏။ ပေ့ထျန်းစီက သက်ပြင်းချကာ ပြောလိုက်၏။
” ဒီကမ္ဘာကြီးမှာ ဒီလိုကြီးမြတ်တဲ့ လူတစ်ယောက် ရှိနေလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ နောင်ကြ သူ့ကို တွေ့ခဲ့ရမယ်ဆိုရင် ငါ့ရဲ့ ကံကောင်းမှု ဖြစ်မှာပဲ ”
ယဲ့ရှောင်က သူ ဆိုလိုတာကို နားလည်ပြီး ခေါင်းညိတ်လိုက်၏။
” နောင်ကြ အခွင့်အရေးတစ်ခုရှိရင် တွေ့လို့ရမှာ
ပါ ”
ချက်ချင်းပင် ပေ့ထျန်းစီက ထပ်မေးလိုက်ပြန်၏။
” မစ္စတာ ယဲ့က မျက်ဝန်းကျင့်စဥ်နှင့် သန့်စင်ခြင်းကျင့်စဥ်နဲ့ လတ်တလောမှာ ဘုရင်နယ်ပယ်အကြောင်း အချက်အလက်တချို့ ဖတ်နေတာ တွေ့ရတယ်။ ဘုရင်နယ်ပယ်ကို အဆင့်တက်တော့မှာလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ကျွန်တော် မရောက်သေးပါဘူး။ ဒါပေမဲ့ နောင်အတွက် ပြင်ဆင်ထားတာပါ ”
” မင်းက ငယ်လွန်းသေးတာ။ ဒါတောင် ရှန်းထျန်း နဝမအဆင့်ကို ရောက်နေပြီးပြီ။ ဘယ်ပါရမီရှင်မဆို ဧကရာဇ်သွေးမျိုးဆက်ရှိတဲ့ သူတောင် မင်းရှေ့မှာ အသုံးမကျဘူးပဲ။ မင်းက ဘုရင်နယ်ပယ်ကို အဆင့်တက်ဖို့ အခွင့်အရေး မြင့်တယ်။ ဒါကြောင့် မစ္စတာ ယဲ့နဲ့ မိတ်ဆွေဖွဲ့ဖို့ ဒီကို ရောက်လာတာ ပထမဆုံးအချက်ပဲလေ။ ဒုတိယအချက်အနေနဲ့ ငါမင်းကို ကူညီနိုင်တာ တစ်ခုခု ရှိမလားလို့ မေးချင်လို့ ”
” လက်ရှိမှာ အာကာသစစ်မြေပြင်ထဲက အခြေအနေက ပိုမို ပြင်းထန်လာနေပြီး နှစ်ပေါင်းထောင်ချီထဲမှာ အပြင်းထန်ဆုံး သားရဲကပ်ဘေးတစ်ခု အဖြစ်တောင် ပေါက်ကွဲထွက်လာနိုင်တယ် ”
” မစ္စတာ ယဲ့ရဲ့ ခွန်အားနဲ့ဆို ဒါကို ရှင်းရှင်းလင်း သိလောက်မှာပါ။ လူသားမျိုးနွယ်က အခု အစွမ်းထက်တဲ့ တိုက်ပွဲဝင်ခွန်အား လိုအပ်နေတယ်။ အထူးသဖြင့် ဘုရင်နယ်ပယ်အထက် သိုင်းပညာရှင်တွေပေါ့ ”
လူသားမျိုးနွယ်စု၏ သိုင်းပညာရှင်တစ်ဦးအနေဖြင့် ပေ့ထျန်းစီသည် ယခုအချိန်၌ လူသားမျိုးနွယ် လိုအပ်နေသည့်အရာကို ပိုရှင်းရှင်းလင်းလင်း သိသည်။ ထို့ကြောင့် ယဲ့ရှောင်ကို မြင်လိုက်ချိန်၌ သူ လုပ်ချင်သည့် ပထမဆုံးအရာက ယဲ့ရှောင်နှင့် မိတ်ဆွေဖွဲ့ချင်တာပဲ ဖြစ်သည်။ ပြီးနောက် သူ့ကို အကောင်းဆုံး ကူညီပေးမည်။
သိုင်းပညာရှင်တစ်ယောက် ဖန်တီးရန်က လူသားမျိုးနွယ်တစ်ရပ်လုံး ရှင်သန်နေထိုင်ရေးအတွက် အင်မတန် အရေးကြီးသည်။
” စီနီယာ ပေ့ထျန်းစီ ကျွန်တော့်ကို ကူညီရင် ကျွန်တော်က ကျေးဇူးကန်းမှာကို မကြောက်ဖူးလား ”
ပေ့ထျန်းစီက ပြုံးလိုက်၏။
” မင်း မေ့သွားပြီလား။ ငါ ဘာကျင့်ကြံလဲ။ ငါက မျက်ဝန်းကျင့်စဥ်ကို ကျင့်ကြံနေတာ။ ခွန်အားအရာမှာ မင်းထက်နိမ့်တယ်။ ဒါပေမဲ့ လူတွေကို အကဲဖြတ်တဲ့ အချိန်မှာလို အဖိုးကြီးက အရည်အချင်းတချို့ ရှိပါသေးတယ်ကွ။ မင်းရဲ့ ခန္ဓာကိုယ်မှာ မိစ္ဆာအငွေ့အသက် မရှိဘူး။ ဒါ့အပြင် ငါ အင်တာနက်မှာ ရှာပြီး ကျန်းဟိုင်မြို့ရဲ့ ဓါးမော့ဓါးဝိဇ္ဇာအကြောင်း လေ့လာခဲ့တယ်။ မင်းက ကျန်းဟိုင်မြို့ကို တိတ်တဆိတ် ကာကွယ်ပေးနေတာ။ ဒီလို လူတစ်ယောက်ကို ငါ မယုံရသေးဘူးဆိုရင် ငါ မျက်လုံး တကယ်ကန်းနေတာပဲ ”
အမှန်တကယ်တွင် ပုံမှန်အခြေအနေအောက်တွင် ဆိုပါက သူသည် ယဲ့ရှောင်ကို နည်းနည်း ပိုစမ်းသပ်လောက်သည်။ သို့သော် ယခု အာကာသစစ်မြေပြင်က မစောင့်နိုင်တော့သလို လူသားမျိုးနွယ်ကလည်း မစောင့်နိုင်တော့မှန်း သူ သိနေ၏။
ယဲ့ရှောင်က ခေါင်းညိတ်လိုက်သည်။
” စီနီယာ ပေ့ထျန်းရဲ့ အမြင်က စူးရှပါတယ်။ ကျွန်တော် အထင်ကြီးမိပါရဲ့ ”
” ငါက သူရဲကောင်းတစ်ယောက်ကို မြတ်နိုးတန်ဖိုးထားတဲ့ သူရဲကောင်းတစ်ယောက်ပဲ ”
” ဒါဆို စီနီယာ ပေ့ထျန်းက ကျွန်တော့်ကို ညွှန်ပြပေးမလား သိချင်မိတယ်။ ဘုရင်နယ်ပယ်ကို အဆင့်တက်နိုင်ဖို့ သဲလွန်စတွေရောပေါ့ ”
” အဲ့ဒီအကြောင်း ပြောချင်တယ်ဆိုရင် တစ်ခုတော့ ရှိတယ် ”
ပေ့ထျန်းစီက ရပ်တန့်ပြီးနောက် ယဲ့ရှောင်ကို ကြည့်လိုက်၏။
” မစ္စတာ ယဲ့။ ကျုံးမြို့ရဲ့ တောင်ဘက်မိုင်နှစ်ရာမှာ အမတစစ်သည်ဂူတစ်ခု ရှိတယ်။ အထဲမှာ အမတစစ်သည် ဂူသင်္ချိုင်းတစ်ခု ရှိတာ။ ကောလဟာလတွေအရ အမတစစ်သည်တော် ဟန်ရှင်း ထားခဲ့တာလို့ဆိုတယ်။ ဘုရင်နယ်ပယ်ကို အဆင့်တက်ဖို့ လျှို့ဝှက်ချက် ပါဝင်တယ် ”
အပိုင်း ၂၂၉ ပြီး၏။