အခန်း ၈၆။ အစစ်အမှန်နတ်ဘုရားအဆင့် အောက်ရှိ သက်ရှိများထိတွေ့မိလျှင် သေဆုံးရမည်
နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းမှ ထွက်ခွာပြီးနောက် ထူချင်းချိုးသည် သတ်ဖြတ်ခြင်းမဟာမိတ်ခုနစ်ဖော်ဆီသို့ ပြန်မသွားဘဲ ငရဲနတ်ဆိုးဂိုဏ်းသို့ ဦ်းတည်လိုက်သည်။
“မျှော်လင့်ထားသည့်အတိုင်း၊ ပူးပေါင်းကြံစည်မှုတစ်ခုရှိနေတာပဲ”
ငရဲနတ်ဆိုးဂိုဏ်းသို့ သွားနေသော ထူချင်းချိုးကို ကြည့်လျက် လင်းဝူတ၏ မျက်လုံးများသည် အေးစက်စွာတောက်ပသွားခဲ့သည်။
ငရဲနတ်ဆိုးဂိုဏ်းသည် သူ၏ရန်သူဖြစ်သည်။
သတ်ဖြတ်ခြင်းမဟာမိတ်ခုနစ်ဖော်သည် ငရဲနတ်ဆိုးဂိုဏ်းနှင့် ကောင်းမွန်သောဆက်ဆံရေးမရှိချေ။
ကိစ္စတစ်ခုခုကြောင့်သာ သူတို့အချင်းချင်းပူးပေါင်းနေကြခြင်းဖြစ်ရပေမည်။
ထိုကိစ္စကို လင်းဝူတ၏ နှလုံးသားထဲတွင် ခန့်မှန်းမိလိုက်သည်။
သူတို့သည် သူ့ကို သတ်ချင်နေသည်။
မည်သို့ပင်ဆိုပါစေ သူ၏ လုပ်ဆောင်ချက်များသည် အင်အားစုကြီးသုံးခုကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူကို သတ်ဖြတ်လိုက်မှသာ အနာဂတ်တွင် ပြဿနာများအားဖြေရှင်းနိုင်ပေမည်။
သူတို့အမြင့်အရဆိုလျှင် သူသည်လည်း ထိုသို့လုပ်ပေလိမ့်မည်။
သို့သော်လည်း လင်းဝူတသည် အလွန်သိချင်နေသည်။ မည်ကဲ့သို့သောအကြံအစဉ်မျိုးက သူ့ကို သတ်ဖြတ်နိုင်ရန် သေချာနေရသနည်း။
ထိုသို့တွေးပြီးနောက် သူ့ကိုယ်ပွားကို သေချာဖုံးကွယ်လိုက်ကာ ထူချင်းချိုး၏နောက်သို့ လိုက်သွားခဲ့သည်။ သူသည် ခြံဝင်းတစ်ခုဆီသို့ မည်သည့်အနှောက်အယှက်မှမရှိဘဲ ရောက်ရှိသွားခဲ့သည်။
ဤအချိန်တွင် ဖန်ထျန်းကြွယ်သည် လက်ဖက်ရည်သောက်နေပြီး ချူခွမ်းရန်ကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရချေ
“အဆင်ပြေခဲ့ရဲ့လား”
ထူချင်းချိုးရောက်ရှိလာသည်ကိုမြင်သောအခါ ဖန်ထျန်းကြွယ်သည် တက်ကြွစွာမေးလိုက်သည်။ သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။
“အင်… မင်းပြောခိုင်းတဲ့အတိုင်းပြောခဲ့ပြီး လင်းဝူတကကို ဖိတ်ခေါ်နိုင်ခဲ့တယ်။ မင်းတွေးထားတဲ့အတိုင်းပဲ။ သူ့ရဲ့ပါရမီကို တွေးတောနေတာက ငါတို့ထက်သာလွန်နေတယ်။ ဒါကိုကြည့်ရင် သူရဲ့ ပါရမီက အရမ်းကောင်းမနေတာသိသာတယ်”
ထူချင်းချိုးသည် လက်ဖက်ရည်သောက်လိုက်ပြီး ပြုံးလျက်ပြောလိုက်သည်။
ဖန်ထျန်ကြွယ်သည် ကျေနပ်သွားခဲ့သည်။
ဤမတိုင်ခင် လင်းဝူတသည် ငါးစာမဟပ်မည်ကို စိုးရိမ်နေခဲ့သည်။ အခုအချိန်တွင် လင်းဝူတသည် သဘောတူလိုက်သည့်အတွက် သူ၏ အကြံအစည်တစ်ဝှက်သည် ပြီးဆုံးသွားပေပြီ။
နောက်ထပ်အနေဖြင့် နေဝင်ချိန်တိုက်ပွဲကွင်းပြင်ဖွင့်သည်ကိုစောင့်ပြီး လင်းဝူတအားသတ်ဖြတ်ရန်သာ ကျန်တော့သည်။
ထိုသို့တွေးပြီး ဖန်ထျန်းကြွယ်၏ မျက်လုံးများသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့သည်။
လင်းဝူတအပေါ် သူ၏ မုန်းတီးမှုသည် ဖြေမရှင်းနိုင်သည့် အဆင့်သို့ ရောက်ရှိနေခဲ့သည်။
“ဒီလိုဆိုမှတော့ ငါတို့အစီအစဉ်အတိုင်းလုပ်ကြတာပေါ့။ ငါ့မိတ်ဆွေက နေဝင်ချိန်တိုက်ပွဲကွင်းပြင်ဖွင့်တဲ့အခါ ရောက်လာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် လင်းဝူတ သံသယမဝင်အောင် ငါ့အသွင်အပြင်ကို ပြောင်းလဲထားမယ်။ သူသာ နေဝင်ချိန်တိုက်ပွဲကွင်းပြင်ကို လာဝံ့ရင် အဲဒီမှာပဲ သေဆုံးစေရမယ်”
ဖန်ထျန်းကြွယ်သည် ယုံကြည်မှုရှိစွာပြောလိုက်သည်။
ထိုသို့မြင်သောအခါ ထူချင်းချိုးသည် အလွန်သိချင်သွားခဲ့သည်။
“ညီအကိုထျန်းကြွယ်… လင်းဝူတကို သတ်ဖို့ ဘယ်လို လျှို့ဝှက်ကတ်တွေရှိနေလို့လဲ။ တကယ်လို့ ကျုပ်တို့ မအောင်မြင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ လင်းဝူတသာ လွတ်မြောက်သွားခဲ့ရင် သူရဲ့ အကျင့်စာရိတ္တအရ ကျုပ်တို့ကို သေချာပေါက် မသေမချင်း လိုက်သတ်လိမ့်မယ်”
“ဟီးဟီး…မစိုးရိမ်ပါနဲ့။ သူက သေလူတစ်ယောက်ပဲ”
ဖန်ထျန်းကြွယ်သည် ဆက်လက်ပြောဆိုရန် ငြင်းပယ်လိုက်သည်။
သို့သော်လည်း သူသည် ထိုသို့ပြုမှုလေလေ ထူချင်းချိုးသည် ပို၍ မလွယ်ကူသလို ခံစားလာရလေလေပင်။
ဤကိစ္စသည် သူ၏ အသက်နှင့်ဆက်စပ်နေသည့်အတွက် ပေါ့လျော့၍မရချေ။
“မဟုတ်ဘူး၊ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းမသိရရင် ငါစိတ်အေးနိုင်မှာမဟုတ်ဘူး။ လင်းဝူတက ကုန်းစွန်းမိသားစုကို ဖျက်စီးခဲ့တယ်။ သူရဲ့ ခွန်အားက မူလပြန်အဆင့်မဟုတ်လောက်ဘူး။ မဟာကပ်ဘေးအဆင့်မှာရှိနေလောက်တယ်။ တကယ်လို့ သူ့ကိုမသတ်နိုင်ရင် သေရမဲ့သူက ငါတို့တွေပဲ။ ညီအကိုထျန်းကြွယ်…တကယ်လို့ မင်းရဲ့ အကြံအစဥ်ကိုမပြောရင် အတူတူအလုပ်တွဲမလုပ်နိုင်ဘူး”
ထိုသို့ပြောပြီးနောက် ထူချင်းချိုးသည် ထွက်ခွာရန်ပြင်လိုက်သည်။
“နပေါဦး”
သူသည် ဆက်ပြီး ခေါင်းမာနေ၍မရတော့သည်ကို မြင်သောအခါ ဖန်ထျန်းကြွယ်သည် သက်ပြင်းချလိုက်မိသည်။
ထို့နောက် ထူချင်းချိုး၏ အကြည့်အောက်တွင် သူသည် ရှေးဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော အော်ရာထိုလွှတ်နေသည့် အနက်ရောင်စာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။
“ဘုန်း”
ထိုစာလိပ်ပေါ်လာသောအခါ အလွန်ပြင်းထန်သော နတ်ဆိုးအော်ရာသည် ထူချင်းချိုး၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သူသည် အရူးအမူးနောက်ဆုတ်လိုက်သည်။
တချိန်တည်းတွင် လေဟာနယ်ထဲရှိ လင်းဝူတသည် ထိုစာလိပ်ကိုကြည့်လိုက်သည်။
ဤစာလိပ်သည် ကျိန်စာတစ်ခုပင်။
[အမည် : ကောင်းကင်ဘုံ၏ အလိုတော်အားဖိနှိပ်ခြင်း (ကျိန်စာ)]
[ဖော်ပြချက် : ရှေးဟောင်းကျိန်စာသခင်တစ်ဦးဖန်တီးထားသည့် ထိတ်လန့်ဖွယ်ရာ ကျိန်စာဖြစ်သည်။ မည်မျှ အထိ ထူးချွန်နေသော ပါရမီရှင်ဖြစ်နေပါစေ ကျိန်စာအသုံးပြုခံရလျှင် ကျင့်ကြံခြင်းအားလုံးပိတ်ဆို့ခံရပြီး သာမန်လူတစ်ယောက်ဖြစ်သွားပေမည်]
[သတိပြုရန် : ဤကျိန်စာသည် အစစ်အမှန်နတ်ဘုရားအဆင့်အောက်ရှိ သက်ရှိများအပေါ် အကျိုးသက်ရောက်မှုရှိသည်။ ထိတွေ့မိလျှင် သေဆုံးရမည်]
…
ထိုစာလိပ်၏ အချက်အလက်များသည် သူ့မျက်စိရှေ့တွင်ပေါ်လာခဲ့သည်။
လင်းဝူတသည် ထိုအချက်အလက်များကို ဖတ်ရှုပြီးနောက် သုန်မှုန်စွာဖြင့် သက်ပြင်းချလိုက်မိသည်။
ကောင်းကင်ဘုံ၏ အလိုတော်အားဖိနှိပ်ခြင်းကျိန်စာစာလိပ်သည် အလွန် ထိတ်လန့်ဖွယ်ကောင်းပေသည်။
“သူ့နောက်ကို လိုက်လာခဲ့တာ ကံကောင်းသွားတယ်။မဟုတ်ရင် နေဝင်ချိန်တိုက်ပွဲကွင်းပြင်မှာ ငါဘယ်လိုသေသွားလဲဆိုတာတောင် သိလိုက်ရမှာမဟုတ်ဘူး။ ငါက ကပ်ဘေးရှောင်ရှားရွှေကိုယ်ထည်ကို ဖွဲ့စည်းနိုင်ခဲ့ပေမဲ့ အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ ဒီလိုကျိန်စာမျိုးကို ငါလက်မခံနိုင်သေးဘူး။ တကယ်လို့ ဖန်ထျန်းကြွယ်သာ ငါ့အပေါ်အသုံးပြုလိုက်ရင် ငါကသေမျိုးတစ်ယောက်ဖြစ်သွားလိမ့်မယ်”
လင်းဝူတသည် တွေးကြည့်ရုံဖြင့်ပင် ထိတ်လန့်သွားခဲ့သည်။
ဖန်ထျန်းကြွယ်၏ ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိရန် သူ့အတွက် လွယ်ကူပေသည်။ အကယ်၍ သူ၏ ကျင့်ကြံခြင်းသာ ဖျက်စီးခံလိုက်ရလျှင် သူ၏ ကြိုးစားမှုများသည် အလဟသတ်ဖြစ်သွားပေလိမ့်မည်။
သူသည် ဤကိစ္စကို လက်မခံနိုင်ချေ။
“ဖန်ထျန်းကြွယ်…ခင်ဗျားက သေချင်နေမှတော့ ကျုပ်ကို အပြစ်မတင်နဲ့”
ဤအချိန်တွင် သူသည် ဖန်ထျန်းကြွယ်ကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
…
ဖန်ထျန်းကြွယ်သည် လင်းဝူတ၏ သတ်ဖြတ်ချင်စိတ်ကို မသိရှိနိုင်ချေ။
သူသည် ထူချင်းချိုးအား ကောင်းကင်ဘုံ၏ အလိုတော်အားဖိနှိပ်ခြင်းကျိန်းစာကို ပြဿနေခဲ့သည်။ သူ၏ အေးစက်သောမျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။
“ဒါက အရမ်းကြောက်ဖို့ကောင်းတဲ့ ကျိန်စာပဲ”
ဘယ်လို။ ကျိန်စာတစ်ခုလား။
ထိုသို့ကြားသည့်အခါ ထူချင်းချိုး၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားခဲ့သည်။ သူသည် အလွန်ကြောက်လန့်တုန်လှုပ်သွားခဲ့သည်။
သူသည် ကျိန်စာများအကြောင်းကို သိပေသည်။
မည်ကဲ့သို့သော ကျိန်စာပင်ဖြစ်နေပါစေ ရလဒ်သည် တစ်ခုတည်းသာရှိသည်။ သေခြင်းတရားပင်။
အစက ဖန်ထျန်းကြွယ်၏ လျှို့ဝှက်ကတ်ကိုသိချင်ခဲ့သော်လည်း သိလိုက်ရသည့်အခါ သူသည် အလွန် ကြောက်လန့်သွားခဲ့ရသည်။
“ညီအကိုထူ… လင်းဝူတကို သတ်ဖြတ်နိုင်ပြီလို့ ထင်လား”
“အင်…သေချာတာပေါ့။ ညီအကိုထျန်းကြွယ်… မင်းမှာ ဒီလို ကြောက်ဖို့ကောင်းတဲ့ ပစ္စည်းတစ်ခုရှိနေမယ်လို့မထင်ထားဘူး”
ထူချင်းချိုးသည် အလွန် ကြောက်လန့်နေခဲ့သည်။
…
မူလဆန်းကြယ်စွမ်းအင်ကြောင်းသာမဟုတ်လျှင် သူသည် ဤကိစ္စတွင် ပါဝင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုပါစေ ဤအရာသည် ထိတ်လန့်ဖွယ်ကောင်းပေသည်။
အကယ်၍ သူသာ ဂရုမစိုက်မိလျှင် မြှုပ်နှံစရာမြေမရှိဘဲသေဆုံးရပေလိမ့်မည်။
သို့သော်လည်း ဖန်ထျန်းကြွယ်သည် သူ၏ ကြောက်လန့်နေသောအမူအရာကို လူံဝဂရုမစိုက်ချေ။ ထိုအစား သူသည် ကျိန်စာ စာလိပ်ကို ထိလိုက်ပြီး ပြောလိုက်သည်။
“ဒါက ငါ့ရဲ့ လျှို့ဝှက်ကတ်ပဲ။ ခွေးမသားလင်းဝူတက ငါ့သားကို သတ်ခဲ့တဲ့အတွက် ဒီကျိန်စာကို ဘာလို့မသုံးရမှာလဲ။ ဒီကျိန်စာက အစစ်အမှန်နတ်ဘုရားအဆင့်အောက်က လူအားလုံးကို သတ်နိုင်တယ်။ တကယ်လို့ လင်းဝူတသာ ဒီကျိန်စာရဲ့ သက်ရောက်မှုခံရရင် သေမျိုးတစ်ယောက်လိုဖြစ်သွားလိမ့်မယ်။ ဒီလိုသာဖြစ်လာရင် သူက လွှတ်မြောက်နိုင်အုံးမှာလား” ဖန်ထျန်းကြွယ်သည် နှာခေါင်းရှုံ့လိုက်သည်။
ထူချင်းချိုးသည် ဤအချက်ကို သဘောတူပေသည်။
ဤကျိန်စာဖြင့်ဆိုလျှင် လင်းဝူတသည် သေချာပေါက်သေဆုံးရပေမည်။
“ညီအကိုထူ… မင်းအခုစိတ်သက်သာရာရပြီလား”
“ဟုတ်တာပေါ့…မစိုးရိမ်နဲ့တော့။ အခု ငါက လုံးဝ စိုးရိမ်မနေတော့ဘူး”
ထူချင်းချိုးသည် လေးလံစွာ ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုမှတော့ အစီအစဉ်အတိုင်းဆက်သွားကြတာပေါ့။ လင်းဝူတသာ သေသွားရင် ကောင်းကောင်းမွန်မွန်အောင်ပွဲခံကြမယ်”
“ကောင်းပြီ”
ထိုသို့ပြောပြီးနောက် ထူချင်းချိုးသည် ဘာမှ ဆက်မပြောတော့ချေ။ သူသည် ငရဲနတ်ဆိုးဂိုဏ်းမှ အမြန်ဆုံးထွက်ခွာသွားတော့သည်။
ဖန်ထျန်းကြွယ်သည် ထွက်ခွာသွားသည့် နောက်ကျောကို ကြည့်လျက်ရက်စက်စွာပြုံးလိုက်သည်။
“အသုံးမကျတဲ့ ကောင်တွေ… မူလဆန်းကြယ်စွမ်းအင်ကို ငါနဲ့ လုယူဖို့ ထိုက်တန်တယ်လို့ထင်နေတာလား။ လင်းဝူတသေပြီးရင် မင်းအလှည့်ပဲ ဖြစ်လိမ့်မယ်”
ဖန်ထျန်းကြွယ်၏ မျက်နှာသည် အေးစက်နေသည်။
ထို့နောက်သူသည် ကျိန်စာစာလိပ်ကို ချက်ချင်းသိမ်းဆည်းလိုက်သည်။
သို့သော်လည်း လေဟာနယ်ထဲမှ လက်တစ်ချောင်းသည် ချက်ချင်းထွက်လာခဲ့ပြီး ထိုကျိန်စာ စာလိပ်ကို လုယူသွားခဲ့သည်။
“ဘုန်း”
တချိန်တည်းတွင် သူ၏ ခန္ဓာကိုယ်သည် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုကြောင့် မလှုပ်ရှားနိုင်သကဲ့သို့ဖြစ်သွားခဲ့သည်။ ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသော လက်တစ်ချောင်ဏ္ဌသည် အလွန်ပြင်းထန်သော စွမ်းအားဖြင့်ကျရောက်လာခဲ့ပြီး သူ့ရင်ဘတ်အားဖောက်ထွက်သွားခဲ့သည်။