အခန်း ၈၅။ ကိုယ့်အကြံအစည်နှင့်ကိုယ်စီရှိနေကြခြင်း
တိုက်ပွဲရုပ်သေးလား။
ဝေ့ချန်ယင်သည် ရှုပ်ထွေးစွာကြည့်လိုက်သည်။ သူ၏ တွေးတောသိမြင်နိုင်စွမ်းအရ မဟာယာနတိုက်ပွဲရုပ်သေး၏ တန်ဖိုးနှင့် ခွန်အားကို မသိရှိနိုင်ချေ။
“ဒီတိုက်ပွဲဝင်ရုပ်သေးက မဟာယာနနယ်ပယ်ပြီးပြည့်စုံတဲ့အဆင့်ခွန်အားရှိတယ်။ မင်းကို လီမင်းဆက်ဆီပြန်စေချင်တယ်။ မင်းရဲ့ ဆင်နဂါးအဆင့်ခွန်အားလေးနဲ့ဆို တခဏအတွင်းသေသွားမှာပဲ။ ဒါပေမဲ့ ဒီတိုက်ပွဲဝင်ရုပ်သေးနဲ့ဆိုရင် မင်းအသက်ကို လုံခြုံစေနိုင်တယ်။ ဝေ့ချန်ထျန်းလည်း မဆင်မခြင်လုပ်ဝံ့မှာမဟုတ်ဘူး။ အခုမင်းလုပ်ရမှာက လီမင်းဆက်တော်ဝင်မြို့တော်ကိုသွားပြီး အခြေတကျဖြစ်အောင်လုပ်ရမှာပဲ။ ကျန်တဲ့ကိစ္စတွေကို ငါကိုင်တွယ်လိုက်မယ်” လင်းဝူတသည် တည်ငြိမ်စွာပြောလိုက်သည်။
ဘယ်လို။ မဟာယနနယ်ပယ် ပြီးပြည့်စုံသောအဆင့်ခွန်အားလား။
ထိုသို့ကြားသည့်အခါ ဝေ့ချန်ယင်သည် စိတ်လှုပ်ရှားမှုကြောင့် တက်ကြွသွားခဲ့သည်။
သူသည် သူ၏ထိုက်ရွှမ်ဓားအရိုးကို ထုတ်ယူခံထားရပြီး ဒုက္ခိတတစ်ယောက်ဖြစ်နေသော်လည်း ကျင့်ကြံခြင်းလောက၏ အခြေခံသဘောတရားများကို သိရှိပေသည်။
မဟာယာနအဆင့်စွမ်းအားရှင်တစ်ယောက်သည် နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်သည်။
လီမင်းဆက်၏ အသန်မာဆုံးလူသည်ပင် မဟာယာနအဆင့်၌သာ ရှိနေသေးသည်။
“ဘုရင်ခံရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်”
မဟာယာနအဆင့်ရုပ်သေး၏ တန်ဖိုးကို သိပြီးနောက် သူသည် လင်းဝူတကို ရိုသေစွာ ပြောလိုက်သည်။
သူ၏ နှလုံးသားထဲတွင် အဆုံးမရှိသော ကျေးဇူးတင်မှုများဖြင့် ပြည့်နေသည်။
ဤအချိန်တွင် သူသည် လင်းဝူတကို ဒုတိယမိဘအဖြစ်အသိအမှတ်ပြုလိုက်ပေသည်။
“ထပါ။ မင်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပဲ။ ငါဘာလို့ ဒီလိုလုပ်ချင်နေတာလဲဆိုတာကို မင်းသိမှာပါ။ မင်းရဲ့နေရာကို မင်းပြန်ရအောင်လုပ်ပေးတာက ငါ့အတွက် ပြောရဲဆိုခွင့်ရှိသူဖြစ်အောင်လိုပဲ။ မင်း သစ္စာရှိနေသရွေ့ လီမင်းဆက်ရဲ့ အင်ပါယာဖြစ်လာလိမ့်မယ်။ မင်းကို ကူညီပေးနိုင်သလို ဖျက်စီးနိုင်တယ်ဆိုတာကိုလည်း သိထားပါ”
သူ၏ အေးစက်ပြီး ခံစားချက်မဲ့သောလေသံသည် စိတ်ဝိညာဉ်ကိုပင် တုန်ရင်စေသည်။
ထိုသို့ကြားသည့်အခါ ဝေ့ချန်ယင်သည် သက်ပြင်းချလိုက်သည်။
“ကျွန်တော်နားလည်ပါတယ်။ ဒီဘဝမှာ ဘုရင်ခံအတွက်ပဲ သေပေးပါမယ်”
သူသည် လေးနက်စွာပြောလိုက်သည်။
“အင်…အခုတော့ ပြန်သွားလိုက်ဦး။ နောက်မှ လီမင်းဆက်ကို ကျောက်ဖုန်ထျန်းတို့နဲ့ လိုက်သွားလိုက်။ အခုတော့ သူတို့က ငါ့အစေခံတွေဖြစ်တယ်။ မင်းတို့က တစ်ဖက်တည်းတွေပဲ။ တကယ်လို့ မင်းတစ်ခုခုလိုအပ်တာရှိရင် သူတို့ကို သွားရှာနိုင်တယ်”
“ကောင်းပါပြီ”
ဝေ့ချန်ယင်သည် အရိုအသေပေးပြီးနောက် မဟာယာနအဆင့်ရုပ်သေးကို သိမ်းဆည်းကာ ထွက်ခွာသွားခဲ့သည်။
…
“ဝှစ်”
နေ့တဝက်လောက်ကြာပြီးနောက် စိတ်ဝိညာဉ်လှေတစ်စီးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။ ကျောက်ဖုန်ထျန်းသည် ဝေ့ချန်ယင်ကို ခေါ်ဆောင်လျက် အပြစ်သားမြို့တော်မှ ထွက်ခွာသွားခဲ့သည်။
သူတို့ထွက်ခွာသွားသည်ကို ကြည့်လျက် လင်းဝူတသည် အေးစက်စွာပြုံးလိုက်သည်။
“စစ်တုရင်ရုပ်လေး ဝေ့ချန်ယင်ကတော့ လီမင်းဆက်ကို ထွက်သွားခဲ့ပြီး။ ငါက ချူးချန်ဟဲကို သတ်လိုက်ပေမဲ့ ဝေ့ချန်ထျန်းက ငါ့ရဲ့ မဟာယာနရုပ်သေးရုပ်ကြောင့် အရမ်းဒေါသထွက်နေရင်တောင် ငါ့ကို တိုက်ခိုက်ဝံ့မှာမဟုတ်ဘူး။ ပြီးတော့ ငါ့ကို ကြောက်လန့်နေတဲ့အတွက် ဝေ့ချန်ယင်ကိုလည်း ဘာမှ လုပ်ဝံ့မှာမဟုတ်ဘူး”
“နေဝင်ချိန်တိုက်ပွဲကွင်းပြင်ကို သွားပြီးရန် လီမင်းဆက်ကို ဂရုစိုက်ရမယ်။ ငါက ယွမ်ပြည်နယ်တစ်ခုလုံးကို အခုချက်ချင်းသိမ်းပိုက်နိုင်တယ်။ ဒီလိုသာဆိုရင် ကံစွမ်းအားအမှတ်တွေအများကြီးရလောက်တယ်”
လင်းဝူတသည် သူ၏ နှလုံးသားထဲတွင် တွက်ချက်လိုက်သည်။
အရာရာတိုင်းသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
ဝေ့ချန်ထျန်းနှင့် လီမင်းဆက်သည် သူ့လက်ထဲမှ လွတ်မြောက်သွားမည်ကို မစိုးရိမ်ချေ။ အကယ်၍ ထိုသို့ဖြစ်လာခဲ့လျှင် ကစားပွဲအားပြောင်းပြန်လှန်လိုက်ရုံပင်။
အကြမ်းဖက်မှုသည် ပြဿနာများကို ဖြေရှင်းရန် အရိုးရှင်းဆုံးနည်းလမ်းဖြစ်သည်။
…
“သခင်… သတ်ဖြတ်ခြင်းမဟာမိတ်ခုနစ်ဖော်ရဲ့ ခေါင်းဆောင်ထူချင်းချိုးက တွေ့ခွင့်တောင်းနေပါတယ်”
လင်းဝူတသည် အတွေးနက်နေစဉ် သေမင်းတမန်တစ်ယောက်သည် လာရောက်သတင်းပို့လေသည်။
သတ်ဖြတ်ခြင်းမဟာမိတ်ခုနစ်ဖော်လား။
လင်းဝူးတသည် ရှုပ်ထွေးသွားခဲ့သည်။
သူသည် သတ်ဖြတ်ခြင်းမဟာမိတ်ခုနစ်ဖော်နှင့် မည်သည့်ပြဿနာမှ မဖြစ်ဖူးချေ။
“သူကို ဝင်ခိုင်းလိုက်ပါ”
အလွန်လျင်မြန်စွာဖြင့် ထူချင်းချိုးသည် နတ်ဆိုးနှိမ်နင်းခြင်းခန်းမထဲသို့ရောက်လာခဲ့သည်။
“သတ်ဖြတ်ခြင်းမဟာမိတ်ခုနစ်ဖော်ရဲ့ ခေါင်းဆောင်ထူချင်းချိုးက ဘုရင်ခံလင်းကို အရိုအသေပေးပါတယ်”
“ထိုင်ပါ”
လင်းဝူတသည် ဘေးတဖက်ရှိထိုင်ခုံကို ညွန်ပြကာပြောလိုက်သည်။
တချက်ကြည့်ရုံဖြင့် ထူချင်းချိုး၏ အချက်အလက်များသည် သူ့မျက်စိများရှေ့တွင် ပေါ်လာခဲ့သည်။
တူညီစွာပင် ထူချင်းချိုးသည်လည်း လင်းဝူတကို လျှို့ဝှက်စွာကြည့်လိုက်သည်။
သို့သော်လည်း သူသည် မည်သည့်အချက်အလက်မှ မရရှိလိုက်ချေ။ သူ၏ မျက်လုံးများသည် လင်းဝူတအပေါ်သို့ ကျရောက်သွားသည့်အခါ မြူထူထူများကိုသာမြင်တွေ့လိုက်ရသည်
လင်းဝူတ၏ ကျင့်ကြံခြင်းအခြေခံကြောင့်ဖြစ်စေ၊ တခြားအရာများကြောင့်ဖြစ်စေ ထိုသို့မမြင်နိုင်ခြင်းဖြစ်မည်ဟု သူတွေးတောလိုက်သည်။
“သူက တကယ်ကို ရိုးရှင်းတဲ့ သူတစ်ယောက်မဟုတ်ဘူး” ထူချင်းချိုးသည် နှလုံးသားထဲတွင် သက်ပြင်းချလိုက်သည်။
ယခုအချိန်တွင် သူသည် လင်းဝူတအား ပို၍သတိထားလာခဲ့သည်။
“ခေါင်းဆောင်ထူ… ဘာလို့ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းကို လာခဲ့လဲဆိုတာ သိခွင့်ရှိမလား”
တခဏလောက်တိတ်ဆိတ်သွားပြီးနောက် လင်းဝူတ၏ တည်ငြိမ်သောအသံသည် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
ထိုသို့ကြားသည့်အခါ ထူချင်းချိုးသည် ရယ်မောလိုက်သည်။
“အမှန်တော့ ဒီကို ဘုရင်ခံလင်းနဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုဆွေးနွေးဖို့ လာခဲ့တာ။ ဘုရင်ခံလင်း နေဝင်ချိန်တိုက်ပွဲကွင်းပြင်အကြောင်းကို ကြားဖူးလား”
ဘယ်လို။
ထိုသို့ကြားသည့်အခါ လင်းဝူတသည် သူ့အား အံ့အားသင့်စွာကြည့်လိုက်သည်။
“ကြည့်ရတာ ဘုရင်ခံလင်းက သိနေတဲ့ပုံပဲ။ ဒါဆို ကျွန်တော်အများကြီး ရှင်းပြမနေတော့ဘူး။ ကျုပ်သူငယ်ချင်းတစ်ယောက်က ကျုပ်ဆီကို မူလရတနာမြေပုံတစ်ခုယူလာခဲ့တယ်။ မြေပုံရဲ့ လမ်းညွှန်ချက်အရ နေမဝင်တိုက်ပွဲကွင်းပြင်ထဲမှာ မူလဆန်းကြယ်အဆီအနှစ်တွေရှိနေတာကို သိခဲ့ရတယ်။ ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ ကံစွမ်းအားတွေကို ခိုးယူနိုင်တဲ့ ရတနာတစ်ခုပဲ။ အဲဒီရတနာရဲ့ အကျိုးသက်ရောက်မှုက လူတစ်ယောက်ရဲ့ ပါရမီကို အဆတစ်ရာလောက်အထိ တိုးမြှင့်ပေးနိုင်တယ်။ ဘုရင်ခံ…စိတ်ဝင်စားရဲ့လား မသိဘူး” ထူချင်းချိုးသည် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
မူလဆန်းကြယ်စွမ်းအင်လား။ လူတစ်ယောက်ရဲ့ ပါရမီကို အဆ၁၀၀လောက်အထိ တိုးမြှင့်ပေးနိုင်တာလား။
ထိုသို့ကြားသည့်အခါ လင်းဝူတ၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။
သူသည် ပါရမီနည်းပါးပေသည်။
အကယ်၍ မူလဆန်းကြယ်စွမ်းအင်၏ မှော်ဆန်သောအကိုးသက်ရောက်မှုဖြင့်ဆိုလျှင် သူ၏ ပါရမီသည် တိုးမြင့်လာနိုင်ပြီး အစစ်အမှန်ပါရမီရှင်တစ်ယောက်ဖြစ်လာနိုင်သည်။ သူ၏ ကျင့်ကြံရာတွင် ပိုပြီး အဆင်ပြေချောမွေ့လာပေလိမ့်မည်။
“ခင်ဗျားပြောနေတာ အမှန်ပဲလား”
“သေချာတာပေါ့။ ဘုရင်ခံရဲ့ ခွန်အားကို အပြစ်သားမြို့တော်တစ်ခုလုံးသိကြတယ်။ တကယ်လို့ ကျုပ်မှာ သတ္တိ အဆတစ်ထောင်လောက်ရှိနေရင်တောင် ဘုရင်ခံကို မလိမ်ညာဝံ့ပါဘူး”
ထူချင်းချိုးသည် ထိုသို့ပြောပြီးနောက် သူပြင်ဆင်လာခဲ့သော မြေပုံတဝက်ကို လင်းဝူတအားပေးလိုက်သည်။
လင်းဝူတသည် နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများဖြင့်ကြည့်လိုက်သည့်အခါ မူလရတနာမြေပုံ၏ အကြောင်းအရာများသည် ပေါ်လာခဲ့သည်။
[အမည် : မူလရတနာမြေပုံ (တဝက်)]
[ဖော်ပြချက် : ၁။ ရှေးဟောင်းခေတ်က စွမ်းအားရှင်တစ်ယောက်ချန်ထားခဲ့သော မြေပုံတစ်ခုဖြစ်သည်။ သူသည် မူလမဟာအစီအရင်ကို ခင်းကျင်းထားခဲ့သည့်အတွက် နှစ်ပေါင်း ၁၀၀၀ကြာတိုင်း မူလဆန်းကြယ်စွမ်းအင်အမျှင်တစ်ခုသိပ်သည်းနိုင်သည်]
[၂။ မူလဆန်းကြယ်စွမ်းအင်အမျှင်တစ်ခုစီသည် လူတစ်ယောက်၏ ပါရမီကို အဆတစ်ရာအထိ တိုးမြှင့်ပေးနိုင်သည်]
[သတိပြုရန် : ၁။ နောက်ထပ်မြေပုံတစ်ဝှက်သည် တာရီနတ်ဆိုးဂိုဏ်း၏ အပြင်စည်းတပည့် သူတော်စင်ချင်းမင်၏ လက်ထဲတွင်ရှိနေသည်]
[၂။ လူတစ်ယောက်သည် မူလဆန်းကြယ်စွမ်းအင်အမျှင်တစ်ခုကိုသာ စုပ်ယူနိုင်သည်]
…
ဒါကတကယ်အမှန်ဖြစ်နေတာပဲ။
လင်းဝူတ၏ မျက်လုံးများသည် ကျဉ်မြောင်းသွားခဲ့ပြီး မြေပုံကို ကြည့်လိုက်သည်။
ထို့နောက် သူ၏ မျက်လုံးများသည် ထူချင်းချိုးဆီသို့ ထပ်မံကျရောက်သွားခဲ့သည်။
“ခင်ဗျားမှာ ရတနာမြေပုံရှိနေတာပဲ၊ ဘာလို့ ခင်ဗျားကိုယ်တိုင်သွားမယူတာလဲ။ ဘာလို့ ကျုပ်ကို လာရှာရတာလဲ”
“ဟီးဟီး… အမှန်တော့ ကျုပ်ရဲ့ လုံခြုံမှုအတွက်ပါ။ နေဝင်ချိန်တိုက်ပွဲကွင်းပြင်က အရမ်းအန္တရာယ်များတာကို ဘုရင်ခံသိမှာပါ။ အဲဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ကတောင် မရေမတွက်နိုင်တဲ့ အင်အားကြီးပုဂ္ဂိုလ်တွေ သေဆုံးခဲ့ကြတယ်။ ကျုပ်နဲ့ ကျုပ်သူငယ်ချင်းသုံးယောက်တည်းနဲ့ ဆိုရင် အသက်ရှင်ပြီးပြန်မထွက်လာနိုင်မှာတောင်စိုးမိတယ်။ အကူအညီတစ်ယောက်ပိုရလာတာလည်း ကောင်းတာပဲမလား”
ထူချင်းချိုးသည် ရိုးသားသော အမူအရာဖြင့်ပြောလိုက်သော်လည်း လင်းဝူတသည်မယုံကြည်ပေ။
ပုံမှန်အားဖြင့် အလကားရသောနေ့လယ်စာမရှိချေ။
ထူချင်းချိုးတွင် တခြားအကြံအစည်းတစ်ခုရှိပေလိမ့်မည်။
ထိုသို့ကြားသည့်အခါ လင်းဝူတသည် ဘာမှမမေးမြန်းတော့ချေ။
သူ၏ ခန္ဓာကိုယ်သည် ကပ်ဘေးရှောင်ရှားရွှေကိုယ်ထည်ကို ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် ဖျက်စီး၍မရနိုင်သည့်အထိ သန်မာလာခဲ့သည်။ ထူချင်းချိုးတွင် တခြားအစီအစဉ်များရှိနေလျှင်တောင် သူသည် ကြောက်လန့်နေမည်မဟုတ်ချေ။
ယခုအချိန်တွင် သူသည် ယုံကြည်မှုရှိနေပေသည်။
“နောက်ထပ်ဘယ်သူတွေပါသေးလဲ”
“မူလပြန်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှာရှိတဲ့ ကျုပ်မိတ်ဆွေသုံးယောက်ပါ”
“ဒါဆို အရမ်းကောင်းတယ်”
လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။
မူလဆန်းကြယ်စွမ်းအင်ကို သူလိုအပ်ပေသည်။
“ဒီလိုဆိုမှတော့ ကျုပ်တို့ အတူတူလုပ်ဆောင်ကြတာပေါ့။ နေဝင်ချိန်တိုက်ပွဲကွင်းပြင်ဖွင့်ဖို့ ၁၂ရက်လောက်ကျန်သေးတယ်။ အချိန်ကျရင် ကျုပ်တို့အတူတူထွက်ခွာကြမယ်”
လင်းဝူတသည် ငါးစားအား ဟပ်မိသွားသည့်ကို မြင်သောအခါ ထူချင်းချိုးသည် ပျော်ရွှင်သွားခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက်သည် စကားအနည်းငယ်ပြောဆိုလိုက်ကြကာ သူသည် ထွက်ခွာသွားခဲ့သည်။
“ဟမ်း…”
ထွက်ခွာသွားသည့် ထူချင်းချိုး၏ နောက်ကျောကို ကြည့်လျက် လင်းဝူတသည် အေးစက်စွာပြုံးလိုက်သည်။
“ဝှစ်”
ထို့နောက် သူသည် ကိုယ်ပွားကို ဆင့်ခေါ်လိုက်ကာ ထူချင်းချိုးနောက်သို့ လိုက်သွားခိုင်းလိုက်သည်။