Switch Mode

Chapter – 225

ပေါင်းစည်းခြင်း။ ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်။ မသေဆုံးနိုင်ခြင်းနှင့် ဖျက်ဆီး၍ မရခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂၅ ပေါင်းစည်းခြင်း။ ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်။ မသေဆုံးနိုင်ခြင်းနှင့် ဖျက်ဆီး၍ မရခြင်း။

ကျုံးမြို့၏နယ်စပ် တောအုပ်လေးထဲတွင် ဖြစ်သည်။
လူရိပ်နှစ်ရိပ်က တောင်ကြားထဲတွင် ဆုံနေကြပြီး သူတို့၏ ခန္ဓာကိုယ်က သတ်ဖြတ်လိုစိတ်များ ဖြာထွက်နေလေ၏။
လေတစ်ချက် အဝှေ့တွင် တောအုပ်ထဲရှိ သစ်ပင်များ ယိမ်းယိုင်ကုန်၏။ နေရောင်အောက်တွင် ကောင်းကင်မှ အရာအားလုံးကို ဝါးမြိုလိုက်သည့်ပမာ ကြမ်းတမ်းသော ပုံရိပ်ကို ရောင်ပြန်ဟပ်နေ၏။
” လူသားမျိုးနွယ်က ငါတို့လုပ်ရပ်တွေကို ရှာတွေ့သွားပြီ။ ကျုံးခရိုင်က သူတို့မြို့တွေထဲမှာ ကျားနတ်ဆိုးတွေကို စရှင်းနေပြီ။ ငါ့လူတွေတစ်ဝက်နီးပါးလောက် အသတ်ခံလိုက်ရတာ။ ကျန်တာတွေကလည်း သိပ်မခံလောက်တော့ဘူး ”
” သားရဲလူသားတွေလည်း တူတူပဲ။ ဒေသ ( ၉ ) ခုထဲမှာ အသန်မာဆုံး သားရဲလူသားအဖွဲ့အစည်းဖြစ်တဲ့ သားရဲနတ်ဘုရားမဟာမိတ်က လူသားမျိုးနွယ်ကြောင့် အပြည့်အဝ ဖျက်ဆီးခံလိုက်ရပြီ ”
” အခု ကျန်တာက ရှုံးနိမ့်သွားတဲ့ စစ်သားတချို့ပဲ။ သူတို့ခွန်အားက အားနည်းလွန်းလို့ ပြောပလောက်အောင်တောင် မရှိဘူး ”
” လူသားမျိုးနွယ်က တကယ်ရက်စက်တာပဲ။ ငါတို့တွေကို အမြစ်ပြတ် သုတ်သင်ချင်နေတာ ”
” ငါတို့တွေ လူ့လောကထဲမှာ ကောင်းကောင်းမွန်မွန် အခြေချနိုင်ဖို့ နှစ်ပေါင်းများစွာ အကြံအစည်တွေ ချမှတ်ခဲ့ပြီး နောက်ဆုံးအဆင်ပြေလာတာ။ အဆုံးကြ မျက်တောင်တစ်ခတ်အတွင်း လူသားမျိုးနွယ်ရဲ့ သုတ်သင်ရှင်းလင်းခံရလုနီးပါး ဖြစ်သွားတာ။ တကယ် လက်မခံနိုင်စရာပဲ ”
” အခု ကိစ္စတွေက အခြေချကုန်ပြီ။ ဘာမှ ထပ်ပြောဖို့ မလိုတော့ဘူး။ သားရဲကပ်ဘေးက မလွှဲမသွေဖြစ်မှာပဲ။ ငါတို့ အခုချိန်မှာ လုပ်ဖို့ လိုတာက လူသားမျိုးနွယ်ရဲ့ အလုံးစုံ ခွန်အားကို ဖျက်ဆီးပစ်ဖို့ ကြိုးစားရမှာ ”
” ကျားနတ်ဆိုး စစ်ဆင်ရေးနဲ့ သားရဲလူသား စစ်ဆင်ရေးက ဖျက်ဆီးခံရလုနီးပါး ဖြစ်သွားတယ်။ ဒီလက်ပါးစေလေးတွေကို အားကိုးပြီး ဘာမှလုပ်လို့ မရဘူး။ ဒါကြောင့် ငါတို့ရဲ့ ထိပ်တန်းမဟာမိတ်ကို တတ်နိုင်သမျှ မြန်မြန် မြှင့်တင်ရမယ် ”
” ကျုံးမြို့မှာ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတွေ တော်တော်များများ ချိတ်ပိတ်ခံထားရတယ်။ သူတို့ထဲက တစ်ယောက်က အံ့ဖွယ်ချီရှန်းအဆင့်အောက်တောင် ရောက်ပြီးပြီ။ သူက အစစ်အမှန် အံ့ဖွယ်ချီရှန်းတစ်ယောက် ဖြစ်လာဖို့ ခြေလှမ်းတစ်ဝက်ပဲ လိုတာ။ ငါတို့တွေသာ သူ့ကို ကယ်နိုင်ခဲ့မယ်ဆိုရင် လူသားကျွမ်းကျင်သူတွေကို ဖျက်ဆီးဖို့အတွက် ငါတို့အတွက် ပိုလွယ်ကူသွားမှာလေ ”
” ကျုံးမြို့လား ”
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ၏ မျက်လုံးထဲ၌ ကြမ်းကြုတ်သော အရိပ်အယောင်က ဖြတ်ခနဲ ပေါ်လာပြီး သတ်ဖြတ်လိုစိတ်က ပေါ်လာလေ၏။
” ငါ့ရဲ့ အကြံအစည်ကို ဖျက်ဆီးခဲ့တဲ့ သူတွေက လူသားတချို့ပဲလေ။ ငါ သွားပြီးတော့ ငါ့အမုန်းတရားတွေ ဖောက်ခွဲပစ်ဖို့ သူတို့ကို ညှင်းပမ်းရမယ် ”
ကျန်သည့် အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲများက သဘောမတူသော်ငြား သူက ပြောလိုက်သေး၏။
” အေးဆေးလုပ်။ အလွန်အကျွံ မလုပ်နဲ့။ ကျုံးမြို့မှာ အံ့ဖွယ်ချီရှန်းလူသားတွေ ရှိနေတယ်။ ငါတို့ ဂရုမစိုက်မိရင် အဲ့မှာ သေသွားလောက်တယ်။ မတန်ဘူးနော် ”
” ငါတို့အတွက် ရှောင်လင်ကနေ လွတ်မြောက်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ငါတို့ ဂရုစိုက်ရမယ် ”
” နော့ဖစ်က သူ့ကိုယ်ခွဲကို သွားရှာဖို့ဆိုပြီး ကျန်းဟိုင်မြို့ကို သွားနေပြီးပြီ။ မကြာခင်မှာ ပြန်ရောက်လာလောက်မှာပါ ”
” သူ ပြန်ရောက်တာနဲ့ ငါတို့ထဲက တချို့က ကျုံးမြို့ကို တစ်ပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်ကြမယ်။ ဒီတော့မှ ဘယ်လိုအမှားအယွင်း မဖြစ်ဖို့ အာမခံနိုင်မှာ ”
” စိတ်မပူနဲ့။ ငါ လူသားနှစ်ယောက် သုံးယောက်လောက်ကိုပဲ ရှာမှာပါ။ သူတို့ထဲမှာ အံ့ဖွယ်ချီရှန်း မရှိလောက်ဘူးမလား ဟီး ဟီး ဟီး ဟီး ”
ယဲ့ရှောင်ဘက်တွင်မူ အတန်းတစ်ရက်ပြီးနောက် သူက သင်ယူစရာ အနည်းအကျင်း ရလိုက်သည်။ ကျောင်းတက်ပြီးနောက် သင်ကြားရန် တာဝန်ယူထားသည့် ပါမောက္ခကြီးက အခန်းထဲမှ ထွက်သွားစဥ် ယဲ့ရှောင်က တိတ်တဆိတ် လိုက်သွားလေ၏။
” ပါမောက္ခ ဟွမ် …။ ကျေးဇူးပြုပြီး ခဏလေး စောင့်ပါဦး ”
ပါမောက္ခ ဟွမ်က ရပ်တန့်လိုက်ပြီး သူ၏ မျက်မှန်ကို ပင့်တင်လိုက်၏။ ထိုလူက ယဲ့ရှောင် ဖြစ်နေကြောင်း သူမြင်သောအခါ ပြောလိုက်တော့သည်။
” မင်းရဲ့ မျိုးရိုးက ယဲ့ဖြစ်ပုံပဲ။ ကျောင်းသား ယဲ့ ဟုတ်တယ်မလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” မင်း ဘာလိုချင်လို့လဲ ”
” ဒီလိုပါ။ ကျွန်တော် ကျုံးမြို့က သိုင်းစာကြည့်တိုက်ကို သွားလည်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်က နိုင်ငံခြားသားဆိုတော့ ပထမနှင့် ဒုတိယအလွှာကိုပဲ သွားကြည့်လို့ရတယ်။ ပိုမြင့်တဲ့ အလွှာကို သွားချင်တာ။ ပါမောက္ခ ဟွမ် ကူညီပေးနိုင်မလား မသိဘူး ”
ပါမောက္ခ ဟွမ်က ကျေနပ်သည့် အမူအယာ ပေါ်လာလေ၏။
” မင်းမှာ ဒီလိုဆန္ဒ ရှိတယ်လား။ ကြည့်ရတာ မင်းက ရည်မှန်းချက်ကြီးတဲ့ပုံပဲ။ မဆိုးဘူး … သိပ်ကောင်းတယ်။ ဒီနေ့ခေတ် လူငယ်တွေက သိပ်ကို စိတ်မြန်လက်မြန် ရှိလွန်းတာ။ လူအနည်းစုလောက်ပဲ မင်းလောက် အလေးထားတယ်။ မင်းကို ကူညီပေးမယ် ”
ပြောပြီးနောက် သူ၏ လက်ဆွဲအိတ်ထဲက ကတ်တစ်ခုကို ထုတ်ကာ ယဲ့ရှောင်အား ပေးလိုက်တော့၏။
” ဒီကတ်က ငါတို့ ကျုံးမြို့ သိုင်းကျောင်းတော်ရဲ့ အထူးကတ်ပဲ။ လတ်တလောမှာ စာကြည့်တိုက်ကို ငါ သွားဖို့ မလိုဘူးလေ။ ဒါကြောင့် မင်းကို ရက်နည်းနည်းလောက် သုံးခွင့် ပေးလိုက်မယ် ”
” ကျေးဇူးပါ ပါမောက္ခ ဟွမ် ”
” ဟား ဟား ဟား ရပါတယ်ကွာ။ မင်းက စီရင်စု၉ခုရဲ့ အနာဂတ်ထောက်တိုင်လေးပဲ။ ငါသာ မင်းကို ကူညီနိုင်မယ်ဆိုရင် အရိုးအိုကြီးတွေက တိုင်းပြည်ကို အကျိုးပြုတယ်လို့ သတ်မှတ်ရုံပေါ့ ”
ထိုသို့ပြောပြီးနောက် ပါမောက္ခ ဟွမ်က နှုတ်ဆက်စကားပြောကာ လှည့်ထွက်သွား၏။ ယဲ့ရှောင်သည် သူ့လက်ထဲရှိ ကတ်ကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်တော့သည်။
ကျုံးမြို့သိုင်းစာကြည့်တိုက်၌ ကျင့်စဥ်များစွာ ရှိသော်ငြား ဇစ်မြစ်တူညီသည့် လူများစွာ ရှိနေသောကြောင့်လည်း ဖြစ်သည်။
အသေးစိတ် ပြုစုရန်အတွက် ယဲ့ရှောင်သည် မနေ့တုန်းက တစ်နေ့လုံးနီးပါး အချိန်ကုန်ခဲ့၏။ သို့သော် အဆုံးတွင် သူသည် မျက်ဝန်းကျင့်စဥ်တစ်ခုနှင့် ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ် တစ်ခု နှစ်ခုသာ ရလာခဲ့၏။ သွားကြားတောင် မညှပ်ပေ။
သူသည် ဇစ်မြစ်တူညီသည့် အခြေခံကျင့်စဥ်များစွာကို ဖယ်ထုတ်နိုင်ခဲ့လျှင် ယဲ့ရှောင်၏ သက်ရောက်မှုက ပိုမြန်ဆန်လာလိမ့်မည်။
ထို့အပြင် နောက်ထပ် အရေးကြီးသည့် ကိစ္စတစ်ရပ်ရှိသည်။ ယင်းက ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်နှင့် မျက်ဝန်းကျင့်စဥ်ပဲ ဖြစ်သည်။ သူတို့သည် အရှားပါးဆုံးသော ကျင့်စဥ်များ ဖြစ်၏။ ကျုံးမြို့၏ သိုင်းစာကြည့်တိုက်တွင် စာအုပ် မည်မျှများစွာ ရှိစေကာမူ အောက်ဘက်အလွှာ၌ စာအုပ်များစွာ ထားဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် မည်သည့်နည်းနဲ့မဆို သူက စာကြည့်တိုက်၏ အပေါ်ထပ်များသို့ သွားကိုသွားရပေမည်။
ပါမောက္ခ ဟွမ်၏ ကတ်ကို ရပြီးနောက် ယဲ့ရှောင်သည် စာကြည့်တိုက်သို့ ချက်ချင်း သွားတော့သည်။
သူသည် မနက်ခင်း အတန်းချိန်များကို တွက်ချက်ပြီး သူ၏ အဆင့်မြင့် လေ့လာမှုပြီးနောက် အားလပ်ချိန် ရလာလိမ့်မည်။ ထိုအချိန်ကို စာအုပ်များ ဖတ်ရန်သုံးပြီးနောက် စာကြည့်တိုက်ပိတ်မည့် ညအချိန်ထိနေကာ ကျင့်စဥ်များ ရှာထုတ်နိုင်သည်။
ယဲ့ရှောင်သည် စာကြည့်တိုက်သို့ ရောက်သွားပြီးနောက် သူက ကတ်ကို ယူကာ တတိယထပ်သို့ တန််းသွားလိုက်သည်။
တတိယထပ်ရှိ လူအရေအတွက်က အတော်လေး နည်းသွားသော်ငြား ပထမနှင့် ဒုတိယအထပ်နှင့် ယှဥ်နိုင်ရုံ ရှိသေးသည်။ အလုံးစုံ အရေအတွက်က များနေသေး၏။ ဆိုရလျှင် ဤနေရာက ကျုံးမြို့ ဖြစ်သည်။ လူဦးရေက အမှန်တကယ် များပြားလွန်းလှ၏။
ယဲ့ရှောင်သည် စတုတ္ထထပ်သို့ ရောက်သွား၏။
ထိုအထပ်တွင် လူအရေအတွက်က နောက်ဆုံးတွင် လျော့ကျသွားတော့သည်။ ယဲ့ရှောင်ကလည်း စတုတ္ထအထပ်၌ စာအုပ်များ စတင်ဖတ်ရှုရန် ရွေးချယ်လိုက်တော့သည်။ လက်တွေ့က ယဲ့ရှောင်သည် အကြံဉာဏ် မှန်ကန်ကြောင်း သက်သေပြသွား၏။
စတုတ္ထထပ်ရှိ ကျင့်စဥ်များသည် သာလွန်အဆင့်နှင့်အထက်များသာ ဖြစ်သည်။ ချီရှန်းအဆင့် ကျင့်စဥ်အချို့တောင် ရှိနေလေ၏။
ထိုကျင့်စဥ်များက ပိုရှုပ်ထွေးပြီး သူတို့ကို ရေးရန်အတွက် လိုအပ်ချက်က ပိုမြင့်မားသည်။ ထို့အပြင် ကျင့်စဥ်များ ရှာရန် အလွန်ခက်ခဲ၏။ ထို့ကြောင့် အနည်းစုသာ ရှိသည်။ ပုံမှန်ဆို ဇစ်မြစ်များ ရှိသည့်နေရာက တူညီတာ မဟုတ်ပေ။
နေ့ဝက်အတွင်း ယဲ့ရှောင်သည် ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ် ( ၃ ) မျိုးကို ရှာတွေ့ခဲ့ပြီး ၄င်းတို့ကို သူ၏ခန္ဓာကိုယ်ထဲ သိမ်းဆည်းလိုက်၏။
အရှိန်က အလွန်မြန်ဆန်သည်။ သူသည် သူတို့အားလုံးကို နေ့တစ်ဝက်သာ ကြည့်နိုင်သော်ငြား အကျိုးအမြတ်က တော်တော်လေး ကြွယ်ဝ၏။
တစ်ပတ်ကြာပြီးနောက် ယဲ့ရှောင်သည် ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်အားလုံးကို နောက်ဆုံး၌ စုစည်းနိုင်ခဲ့ပြီး ဖြစ်သည်။
ကျင့်စဥ်များအားလုံးကို ပြီးပြည့်စုံသည့် အဆင့်ထိရောက်အောင် ကျင့်ကြံပြီးနောက် ယဲ့ရှောင်သည် ၄င်းတို့ကို နောက်ဆုံး၌ စတင်ပေါင်းစည်းတော့သည်။ သူက ဟိုတယ်သို့ ပြန်သွားပြီးနောက် အတွင်းမှ တံခါးလော့ပိတ်လိုက်ကာ ပြတင်းပေါက်အားလုံး၌ လိုက်ကာအားလုံးကို တင်းကြပ်စွာ ပိတ်လိုက်၏။
ပြီးနောက် သူသည် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို ထုတ်ကာ ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်ကို စတင် ပေါင်းစည်းတော့သည်။
သူသာ ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်ကို သင်ယူနိုင်ခဲ့မည်ဆိုလျှင် နောင်ကြ ဘုရင်နယ်ပယ်သို့ အဆင့်တက်သွားပါက ရှန်းထျန်းပဥ္စမအဆင့်မှ ရှန်းထျန်းဆဌမအဆင့်သို့ အဆင့်တက်သွားသကဲ့သို့ပင် အာမခံချက်တစ်ခု ရှိလာလိမ့်မည်။
နေရာမှာတွင် ထိုင်နေရုံဖြင့် အဆင့်တက်မှုကို စောင့်ဆိုင်းရုံသာ ဖြစ်သည်။
ရွှေရောင်စာအုပ်က ရွှေရောင်အလင်းတစ်ခု ဖြာထွက်လာပြီး တစ်ခန်းလုံးလုံး လင်းထိန်သွား၏။ ပြီးနောက် မျဥ်းတစ်ချောင်း တဖြည်းဖြည်းချင်း ဖွဲ့တည်လာကာ စကားလုံးကြီးတစ်လုံး ပေါ်လာ၏။
” ” ” ” ” ”
” ”
ရွှေရောင်စာအုပ် ကိုယ်တိုင်က ဒီတစ်ခေါက် သူကိုယ်တိုင် စကားလုံးတွေ ရေးရမှာ ရှက်သွားတာများလား။ ဒါဆိုရင် အဲ့ဒီစကားလုံးက ဘယ်လိုစကားလုံးမျိုးလဲ။ ဒီလောက်ထိ တကယ်ကြီး စွန်းထိဖို့ လိုလို့လား။
အလျင်အမြန်ပဲ ရွှေရောင်စာအုပ်က ကျင့်စဥ်ကို ပေါင်းစည်းတော့၏။
ရာသက်ပန်နှင့် ဖျက်ဆီး၍ မရခြင်း။
” ”
နောက်ထပ် အမှိုက်ဆန်တဲ့နာမည်။ ဒီရွှေရောင်စာအုပ်က တကယ် မျှော်လင့်ချက်မဲ့နေပြီပဲ။ နာမည်ပေးတဲ့ အရည်အချင်းက သုံးစားမရလိုက်တာ။
သူတို့တွေက ညစ်ပတ်လွန်းတာကြောင့် မဟုတ်ပဲ ရွှေရောင်စာအုပ်ရဲ့ စာပေအဆင့်က တကယ်ကြီး စုတ်ချာလွန်းတာကြောင့် စာလုံးတွေ မပေါ်လာတာများလား။ ဒါကြောင့် စာမရိုက်နိုင်တာလား။
ရွှေရောင်စာအုပ်က စကားမပြောနိုင်တာ နှမြောစရာ ကောင်းလှပေ၏။ မဟုတ်လျှင် သူသည် အကြောင်းအရင်းကိုလည်း မေးနိုင်ပေလိမ့်မည်။
ထိုစဥ် ကျင့်စဥ်က သူ့ဘာ့သာသူ စတင်ကျင့်ကြံနေပြီ ဖြစ်သည်။ ယဲ့ရှောင်က တစ်ချက်ကြည့်လိုက်၏။ ပြောရန်မလို ရွှေရောင်စာအုပ်သည် အသုံးမဝင်သည့် အမည်ပေးသည့်တိုင် ၄င်းက ပေးစွမ်းသည့် ကျင့်စဥ်က ပေါ့သေးသေး မဟုတ်ပေ။
ရာသက်ပန်နှင့် ဖျက်ဆီး၍ မရခြင်း။
ဝိညာဥ်ဘယ်တော့မှ မသေ။ ရုပ်ခန္ဓာ ဘယ်တော့မှ မသေ။ တူညီသည့် ဘဝ၌ မိုးနှင့်မြေပမာ နေထိုင်နိုင်ခြင်း။
သိပ်မိုက်တယ်။ အရမ်းမိုက်တယ်။
ထိုကျင့်စဥ်ရရှိပြီးနောက် ယဲ့ရှောင်သည် သူ၏ ဝိညာဥ်က ဆက်တိုက် ပိုသန်မာလာသည်ဟုတောင် ခံစားမိလာသည်။
အတိတ်တုန်းက သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ကျင့်ကြံခဲ့ပြီး ဝိညာဥ်အတွင်း သိုလှောင်ထားသော စွမ်းအင်ဖြစ်သည့် ဝိညာဥ်စွမ်းအင် တိုးစေရန်သာ အသုံးပြုခဲ့၏။ ဝိညာဥ်စွမ်းအင်ကို ပိုသန်မာလာအောင် မလုပ်ပေးနိုင်ပေ။ အလွန်ဆုံးမှ အာနိသင် အနည်းငယ်သာ ရရှိ၏။ ယခုအချိန်တွင် တိုးမြင့်မှုကို ခံစားမိပြီ ဖြစ်သည်။
နှစ်ခုကြား ကွာဟချက်က ဘီစကွတ်မုန့်ကြွပ်နှင့် မုန်လာဥတစ်လုံးငြား ကွာဟချက် ဖြစ်နိုင်လောက်သည်။ မာကျောမှုက မကွာခြားသော်ငြား ချဲ့ထွင်သည့် အကျယ်အဝန်းက မတူညီ။ အတွေ့အကြုံကလည်း အလွန်ကွဲပြားနေပေ၏။
ဘီစကွတ်မုန့်ကြွပ်ကို ကြည့်တဲ့အချိန် ဘာများ ခံစားရမှာလဲ။ တစ်ခုခု ရှိမှာပေါ့။
ဒါပေမဲ့ ခံစားချက်က ပုရွက်ဆိတ်တစ်ကောင် တွားသွားနေသလိုမျိုး သေးငယ်လွန်းတယ်။ ဘာမှ မခံစားရတာနဲ့ တူတူပဲ ဖြစ်နေမှာ။
မုန်လာဥကရော။
အနီတောက်တောက်အရောင်ကနေ လူတွေ သူတို့ပါးစပ်ဟပြီး တစ်ကိုက် ကိုက်ချင်လာစိတ် ဖြစ်စေတယ်။ တံတွေးမြိုချမိမှာ။ ဒါက သေချာပေါက် ကွဲပြားတာပေါ့။
ထို့အပြင် ရာသက်ပန်နှင့် ဖျက်ဆီး၍ မရခြင်းက အပြည့်အဝ မကျင့်ကြံရသေးပေ။
၄င်းတို့ကို ပြီးပြည့်စုံသည့် အနေအထားထိရောက်အောင် ကျင့်ကြံသည့် အချိန်၌ မြင်ကွင်းက မြစ်ထဲ လှိုင်းထန်သလို မိုင်ထောင်ချီကို စီးကျသွားနိုင်လောက်သည်။ ယင်းက ပိတ်ဆို့၍တောင် ရနိုင်မှာမဟုတ်။
ပြီးပြည့်စုံတယ်။
” တစ်ပတ်တာ အချိန်ကုန်ဆုံးပြီးတော့ ငါ ဒါကို နောက်ဆုံးတော့ မဖြုန်းတီးခဲ့ဘူးပဲ။ ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်က ပြီးမြောက်သွားပြီ။ နောက်ထပ် ငါ လိုအပ်တာက မျက်ဝန်းကျင့်စဥ်နဲ့ ခြေသိုင်းပဲ။ ခြေသိုင်းကို ကျန်းဟိုင်မြို့ကို ပြန်ရောက်တဲ့အချိန် သင်ယူလို့ရတယ်။ အရင်ဆုံး မျက်ဝန်းကျင့်စဥ်ကို သင်ယူတာပေါ့ ”
ယဲ့ရှောင်သည် သူ့အတွက် သူ ပန်းတိုင်တစ်ခုရုတ်တရက် ချမှတ်လိုက်စဥ် ဖုန်းမြည်လေ၏။
ဖုန်းထုတ်လိုက်ရာ ဖုန်းခေါ်ဆိုသူ အိုင်ဒီက ကျုံးမြို့ မြို့စောင့်တပ်ဖွဲ့မှ ဖြစ်နေလေ၏။
ယဲ့ရှောင်က ဖုန်းကိုင်လိုက်သည်။
” ဟယ်လို ”
” မစ္စတာ ယဲ့လားဗျ ”
” ဟုတ်ကဲ့ ကျွန်တော်ပါ။ ဘာဖြစ်လို့လဲ ”
” ဒီမှာ သတင်းပို့ချက်တစ်ခု ရထားလို့။ ကျားနတ်ဆိုးဆီကနေ မင်းကယ်ခဲ့တဲ့ မိန်းကလေးက လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ပျောက်သွားတယ်လို့ပြောတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိလား သိချင်လို့ပါ ”
” မရှိဘူး။ ကျုပ်တို့ မတော်တဆ တွေ့တာပါ။ ဒါကြောင့် ကျုပ်တို့ ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘာများဖြစ်လို့လဲ ”
” ဘာမှမဟုတ်ပါဘူး။ သူ့မိသားစုပြောတာကတော့ သူ ပျောက်နေတာ နှစ်ရက်သုံးရက်လောက် ရှိပြီတဲ့။ အခုမှ တိုင်းကြားချက် ရလာလို့လေ။ သတင်းမရှိရင်တော့ အရင်ဖုန်းချလိုက်ပါပြီ ”
” ဟုတ်ပြီ ”
ယဲ့ရှောင်က ဟုတ်ပြီဟု ပြောပြီးနောက် ဖုန်း၏ တစ်ဖက်ကနေ ဖုန်းချလိုက်သံကို ကြားလိုက်ရ၏။
ယဲ့ရှောင်သည် အိပ်ယာပေါ် ဖုန်းပစ်တင်လိုက်ပြီး အနည်းငယ် စိတ်ဆတ်လာ၏။ သူသည် နဝမအဆင့်ရောက်အောင် ကျင့်ကြံပြီးချိန်မှစပြီး သူ၏ ပတ်ဝန်းကျင်ပေါ် သိမြင်နားလည်မှုက နက်ရှိုင်းလာ၏။
တစ်ခါတစ်ရံတွင် မကောင်းသည့် ခံစားချက်အချို့က သူ၏ ရင်ထဲ တိတ်တဆိတ် အမြဲတမ်း ဝင်ရောက်လာသည်။ ထို့အပြင် ဤကဲ့သို့ ခံစားချက်မျိုး ရချိန်၌ သူ ဒုက္ခကြုံတွေ့ရတတ်သည်။

အပိုင်း ၂၂၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset