Switch Mode

Chapter – 224

ကြီးကြပ်သူ .. ကျမက အလွန့်အလွန် သန်မာတာ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂၄ ကြီးကြပ်သူ ကျွန်မက အလွန့်အလွန်သန်မာတာ။

” ရှောင်ယန် နင် သေတော့မှာ စကားမပြောနဲ့တော့ ”
ဆုန့်ရှောင်ယန်၏ သူငယ်အိမ်တို့က စတင်မှိန်ဖျော့လာ၏။
တိုက်ခိုက်ရေးသမားတစ်ဦး၏ အသက်ဓာတ်သည် သာမန်လူတစ်ယောက်၏ အသက်ဓာတ်ထက် အနည်းငယ် ပိုသန်မာသည့်တိုင် သူမက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသေး၏။ ထို့အပြင် သူမက ရှန်ထျန်းနယ်ပယ်အထက် သိုင်းပညာရှင်တစ်ဦး မဟုတ်ပေ။ သူမ၏ ရုပ်ခန္ဓာက ထိုအဆင့်ကို မရောက်ပေ။
” ယန်ရှီး ငါတောင်းပန်ပါတယ်။ အဲ့ဒီနေ့တုန်းက ဘာမှ ငါ ရွေးချယ်စရာ မရှိပဲ နင့်ကို ရိုက်လိုက်ရတာ။ ငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်။ နင်တွေ့တဲ့ တခြားသူတွေက ငါ့ကို ခေါ်ဖို့ ဒီလာလိမ့်မယ်။ ထွက်သွားသင့်ပြီ ”
” ရှောင်ယန် ရှောင်ယန် မအိပ်လိုက်ပါနဲ့ ထတော့ ”
ယန်ရှီးက ဆုန့်ရှောင်ယန်ကို လှုပ်ခါပြီး ယဲ့ရှောင်ဘက်လှည့်ကာ အမြန်အော်လိုက်လေ၏။
” ကြီးကြပ်သူ ကုသခြင်းကျင့်စဥ်တွေ မသိဘူးလား။ သူ့ကို ကုသပေးနိုင်မလား ”
ယဲ့ရှောင်က မလှုပ်ရှားခဲ့ပေ။ ဆုန့်ရှောင်ယန်က ကြင်နာတတ်သော်ငြား သူမ၏ ခန္ဓာကိုယ်က သွေးများ မကျေမချမ်း ဖြစ်မှုများ ညစ်ညမ်းမှုများ လွှမ်းနေပြီ ဖြစ်သည်။ ဆိုလိုသည်က သူမသည် လူတော်တော်များများကို သတ်ဖြတ်ခဲ့တာပဲ ဖြစ်၏။ သူမသည် လူဆိုးတစ်ယောက် ဖြစ်လာရန် ရွေးချယ်စရာ မရှိခဲ့သော်ငြား လူသတ်တာက လူသတ်တာပဲ ဖြစ်သည်။ ထို့အပြင် သူမက လူတော်တော်များများ သတ်ခဲ့ပြီ ဖြစ်၏။ ယဲ့ရှောင်အတွက် သူမကို ကယ်ဖို့က မဖြစ်နိုင်ပေ။
” သူ့ရဲ့ ဝိညာဥ်က ရောဂါဝင်နေပြီးပြီ။ သူ့ကို ကယ်တင်လိုက်ရင်တောင် သူက လူဆိုးတစ်ယောက် ဖြစ်နေဦးမှာပဲ။ ဒါ့အပြင် အခု မင်း စိုးရိမ်ပူပန်သင့်တာက သူ မဟုတ်ဘူးလို့ ခံစားမိတာပဲ ”
ယဲ့ရှောင်၏ စကားများက ယန်ရှီး၏ အကြည့်ကို မြွေနတ်ဆီသို့ ရွှေ့သွားစေ၏။
မြွေနတ်က အနီရင့်ရင့် မြွေလျှာကို ပြူတစ်ပြူတစ် လုပ်နေ၏။ သွားစွယ်ကဲ့သို့ သူငယ်အိမ်က လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားစေသည့် အလင်းတစ်ခု ဖြာထွက်နေသည်။
” ကျွတ် ကျွတ် ကျွတ်။ အစတုန်းကတော့ မင်းတို့ကို မစားခင် နည်းနည်းလောက် နူးညံ့ပေးချင်တာ။ အခုတော့ မင်းတို့တွေ ထပ်မလိုအပ်တော့တဲ့ပုံပဲ ”
ယန်ရှီးက လက်သီးကျစ်ကျစ် ဆုပ်ပြီးနောက် သူမ၏ မျက်လုံး၌ အမုန်းတရား မီးတောက်များ ပေါ်လေ၏။
သူမသည် ကြယ်တာရာသားရဲများကို အမြဲတမ်း မုန်းတီးခဲ့သည်။ ယခု သူမ၏ ယခင် ရဲဘော်တစ်ဦးက ကြယ်တာရာသားရဲကြောင့် ကျားနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။ သူမ၏ အမုန်းတရားက ပိုတောင် ကြီးလာတော့သည်။
” ငါ နင့်ကို သတ်ချင်တယ်။ ပြီးရင် မြွေသားစွပ်ပြုတ် လုပ်ပစ်မယ် ”
မြွေနတ်က ၄င်း၏ ကိုယ်ပိုင် အရှိန်အဝါကို ဖြည်းဖြည်းချင်း ထုတ်ပြလိုက်၏။
” ငါလည်း ရည်ရွယ်ချက် တူညီသားပဲ။ မင်းကို ဟင်းချိုလုပ်သောက်ပစ်မယ် ”
ယန်ရှီး၏ အမူအယာက အနည်းငယ် တည်ကြည်သွားလေ၏။
တစ်ဖက်သူ၏ အရှိန်အဝါသည် ရှန်းထျန်းပထမအဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ ကျုံးရှီနယ်ဘက် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။
အစွမ်းထက်လိုက်တာ။
သူမက အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ခေါင်းမလှည့်ပဲ တည်ငြိမ်စွာ ပြောလိုက်၏။
” ကြီးကြပ်သူ ရှင် ပြေးသင့်ပြီ။ တစ်ယောက်ယောက်တော့ အသက်ရှင်လျက် ထွက်သွားပြီး ဒီလျှို့ဝှက်ချက်ကို ပြောရမယ်။ မဟုတ်ရင် လူသားမျိုးနွယ်က ထိခိုက်လိမ့်မယ် ”
” တစ်ဖက်သူက ချီရှန်းတစ်ယောက်နော်။ မင်း ဖြေရှင်းနိုင်လို့လား ”
ယန်ရှီး၏ နှုတ်ခမ်းထောင့် အနည်းငယ် ကွေးတက်သွား၏။ သူက ပြုံးလိုက်တော့သည်။
” ကြီးကြပ်သူ ကျွန်မကို လျှော့မတွက်ပါနဲ့။ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က ရှန်းထျန်းနယ်ပယ်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ ကျွန်မက တကယ် အရမ်းသန်မာတာ။ ရှင် မှန်းဆနိုင်တာထက် ပိုသန်မာတယ် ”
ထိုသို့ပြောပြီးနောက် သူမ ခန္ဓာကိုယ်ထဲရှိ အရှိန်အဝါက အမှန်တကယ် စတင်မြှင့်တက်လာတော့၏။
ယဲ့ရှောင်က အနည်းငယ် ထိတ်လန့်သွားတော့သည်။ ယန်ရှီး၌ ထိုကဲ့သို့ ကျင့်စဥ် ရှိနေလိမ့်မည်ဟု သူ မထင်ထားပေ။
သို့သော် အနီးကပ်ကြည့်ပြီးနောက် ယန်ရှီးသည် အချိန်တိုအတွင်း ခွန်အားမြှင့်တင်ပေးနိုင်သည့် လျှို့ဝှက်ကျင့်စဥ်ကို အသုံးပြုလိုက်တာ ဖြစ်ရမည်မှန်း သူ သဘောပေါက်သွား၏။
ယခုအချိန်တွင် ယန်ရှီး၏ အရှိန်အဝါက ဆက်လက် မြင့်တက်နေဆဲဖြစ်ကာ မကြာမီ၌ သူမက ဟို့ထျန်းအဌမအဆင့် ဟို့ထျန်းနဝမအဆင့် နောက်ဆုံးတွင် ရှန်းထျန်းပထမအဆင့်သို့ ရောက်သွားလေ၏။
ယန်ရှီးကလည်း နောက်ထပ် လူတစ်ယောက် ဖြစ်သွားသည်ဟု ထင်မှတ်ရသည်။ သူမက သတ်ဖြတ်လိုစိတ်များ ပြည့်နေပြီး မှောင်မိုက်ကာ သွေးဆာလောင်လာတော့၏။ သူမသည် သွေးဆာနေသော သားရဲတစ်ကောင်ပမာ သတ်ဖြတ်လိုစိတ်သာ သူမ၏ မျက်ဝန်းထဲ မြင်ရသည်။
ထိုလျှို့ဝှက်ကျင့်စဥ်သည် သူမ၏ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သော်ငြား အမှန်တကယ်တွင် သူမ၏ အကျင့်စရိုက်ကိုပါ ပြောင်းလဲပေးတာ ဖြစ်ရမည်။ ကျင့်စဥ်က မကောင်းလောက်ပေ။ ကြမ်းတမ်းသော်ငြား ဖုံးကွယ်ထားသည့် အန္တရာယ်ကြီးတစ်ခုလည်း ရှိနေ၏။
တစ်ချိန်တည်းတွင် လူတစ်ယောက်၏ ကျင့်စဥ်မြှင့်တက်လာစဥ် လူတစ်ယောက်၏ အပျက်သဘော စိတ်ခံစားချက်များကလည်း အမြင့်ဆုံးထိ ရောက်လာ၏။
ယန်ရှီးသည် ယခင်က ကြယ်တာရာသားရဲ အမြုတေကို ဝါးမြိုခဲ့ဖူး၏။ ထို့ကြောင့် ထိုကျင့်စဥ်ကို အသုံးပြုပြီးနောက် အပျက်သဘော အာနိသင်များက ပိုတောင် ပြင်းထန်လာ၏။
မဟုတ်ပေ။ ကျင့်စဥ်က လုံလောက်အောင် မကောင်းဟု ပြော၍ မရပေ။ ဆိုရလျှင် ဟို့ထျန်းနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို ရှန်းထျန်နယ်ပယ်သို့ ရောက်အောင် ၄င်းက မြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့် တိတိကျကျ ပြောရမည်ဆိုလျှင် ယင်းက အလွန်ကောင်းမွန်သည့် ကျင့်စဥ်တစ်မျိုး ဖြစ်၏။ သို့သော် ယဲ့ရှောင်နှင့် ယှဥ်လျှင် ယင်းက ပြီးပြည့်စုံမှု မရှိ လုံလောက်အောင် မကောင်းပေ။
သေချာစဥ်းစားကြည့်လျှင် ယဲ့ရှောင်က သန်မာလွန်းနေ၏။ ထို့ကြောင့် သူက ဤအဆင့်ကျင့်စဥ်မျိုးကို မကြည့်တော့ပေ။
သူမ အရှိန်အဝါ မြင့်တက်လာပြီးနောက် ယန်ရှီး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အတော်လေး ပုံမှန်မဟုတ်တော့တော သိသာသည်။
” ငါ နင့်ကို သတ်မယ်။ ငါ နင့်ကို သတ်ပစ်မယ် ”
သူမ၏ စိတ်အခြေအနေက ပိုမိုပြီး မတည်မငြိမ် ဖြစ်လာကာ ယန်ရှီးသည် အရိုင်းစိတ် ဝင်သွားတော့သည်။ ခြေတစ်ချက်ဆောင့်လိုက်ရာ မာကျောသော အင်္ဂတေက အက်ကွဲသွားပြီး သူမ ခန္ဓာကိုယ်သည်လည်း ထိုစွမ်းအားကို တန်ပြန်သုံးလျက် အလင်းစီးကြောင်းအဖြစ် အသွင်ပြောင်းကာ မြွေနတ်ဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်လိုက်၏။
သူမ၏ အရှိန်က မြန်ဆန်လွန်း၏။ မျက်တောင်တစ်ခတ်အတွင်း တစ်ဖက်သူဘေးသို့ ရောက်နေပြီ ဖြစ်သည်။ လေက သူမကို ပင့်တင်ပေးထားလေ၏။
အစွမ်းထက်တဲ့ တိုက်ကွက်။ အဆင့်တူ ရှန်းထျန်းချီရှန်းတစ်ယောက်ကို ဖြေရှင်းဖို့ လုံလောက်တယ်။ အလေးထားရမယ်။
ထိုစဥ် မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်လာလေ၏။
မြွေနတ်၏ ဝတ်ရုံထဲမှ အနက်ရောင် ကြာပွတ်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး ယန်ရှီး၏ ခန္ဓာကိုယ်ကို အညှာအတာမဲ့စွာ လွှဲရိုက်လိုက်၏။ လေထဲတွင် ပေါက်ကွဲသံတစ်ခု ပေါ်လာပြီးနောက် ယန်ရှီးသည် နေရာကနေ လွင့်ထွက်သွားပြီး ယဲ့ရှောင်၏ ခြေထောက်နား ပြင်းပြင်းထန်ထန် ပြုတ်ကျသွားကာ သတိလစ်သွား၏။
ယန်ရှီးသည် သူမ၏ ကျင့်စဥ်ကို မြှင့်ထားသော်ငြား သူမ၏ တိုက်ပွဲဝင် အတွေ့အကြုံက ချီရှန်းနယ်ပယ်သို့ ရောက်ရန် ဝေးနေတာ သေချာ၏။
ဝတ်ရုံနက်ထဲတွင် ဝှက်ထားသော မြွေအမြီးက အင်မတန် အစွမ်းထက်သည်။ နီးကပ်သည့် အကွာအဝေးတွင် ရုတ်တရက် တိုက်ခိုက်လိုက်ရာ ၄င်းကို သတိထားမိဖို့က မဖြစ်နိုင်ပေ။ ၄င်း၏ စွမ်းအားက သာမန်လူသားချီရှန်းတစ်ဦး၏ တိုက်ကွက်ထက် ပိုသန်မာပေ၏။
ထို့ကြောင့် ယန်ရှီးသည် အငိုက်မိပြီး တစ်ချက်တည်းဖြင့် အမှောက်သိပ်ခံလိုက်ရသည်။
” ဖွီး မြန်လိုက်တာ ”
ချီရှန်းမြွေနတ်က တံတွေးထွေးပြီးနောက် ယဲ့ရှောင်ကို ကြည့်လိုက်၏။
” ဟေ့ကောင် အခု မင်းအလှည့်ပဲ။ မင်းဘာ့သာမင်း ဖြေရှင်းမလား။ ဒါမှမဟုတ် ငါ့ကို ကူညီပေးစေချင်လား ”
ယဲ့ရှောင်က အသက်ရှူထုတ်ပြီးနောက် လေးနက်တည်ကြည်သော အမူအယာဖြင့် ပြောလိုက်၏။
” တကယ်တော့ ကျုပ်ကလည်း အင်မတန် သန်မာတာဗျ ”
” ”
ညလေ​ပြင်းက တိုက်ခတ်လာစဥ် လမ်းကြားက အတော်လေး အနေခက်ကာ တိတ်ဆိတ်သွားတော့သည်။
ချီရှန်းမြွေနတ်၏ အနက်ရောင်ကြေးခွံများဖြင့် မျက်နှာက ဆူပုတ်သွားတော့သည်။
” မင်းက လက်ကမ်းကြိုဆိုတာကို ငြင်းတယ်ဆိုမှတော့ အယောင်ဆောင်ဆေးကို ဖိအားပေး ခံရမယ် ”
သူ့ကို ပြက်ရယ်ပြုပြီးနောက် မြေပြင်ပေါ် ပြင်းထန်စွာ ခြေဆောင့်နင်းပြီး သူ၏ ခန္ဓာကိုယ်က လျှပ်စီးလုံးအဖြစ် ချက်ချင်း အသွင်ပြောင်းလဲသွားကာ ယဲ့ရှောင်ကို တစ်ဟုန်ထိုး တိုက်ခိုက်တော့သည်။
၄င်း၏ အရှိန်က ယန်ရှီးထက်တောင် ပိုမြန်ဆန်၏။ ရှန်းထျန်း ဒုတိယအဆင့် နယ်ပယ်နီးပါး ရှိသည်။ ယင်းက လျှပ်ပြက်သည့်ပမာ မြန်ဆန်လှသည်။
ချီရှန်းမြွေနတ်သည် ငြိမ်းချမ်းသည့် သွင်ပြင်ဖြင့် ထွက်လာလေ၏။
ထို့အပြင် ကျရောက်လာသည့် အရှိန်က ယန်ရှီးကို အနိုင်ယူသည့် အရှိန်ထက်တောင် ပိုမြန်ဆန်နေသည်။
သေရေးရှင်ရေး အခိုက်အတန့်၌ ၄င်း၏ မျက်လုံးက မောက်မာထောင်လွှားမှုနှင့် အထင်သေးမှာ တစ်စွန်းတစ်စ ပေါ်နေသေးသည်။
အကြောင်းမှာ ယဲ့ရှောင်၏ အရှိန်က မြန်လွန်းနေသောကြောင့် ဖြစ်သည်။ တုံ့ပြန်ရန်အချိန်တောင် မရလောက်သည်အထိ မြန်နေ၏။
” ကျုပ်က အလွန်သန်မာတယ်လို့ ပြောပြီးသားပဲ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ပြောတာကိုမှ မယုံတာ ”
ယဲ့ရှောင်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။
ထိုစဥ် မြို့စောင့်ဥသြသံ ထွက်ပေါ်လာပြီးနောက် မြို့စောင့်တပ်ဖွဲ့ကားတစ်စင်းက လမ်းကြားဝင်ပေါက်ဆီသို့ ရောက်လာလေ၏။
ကင်းလှည့်ရန် တာဝန်ကျသည့် သူက မြို့စောင့်တပ်ဖွဲ့ဝင်တစ်ဦးပဲ ဖြစ်သည်။
” ဘာတွေဖြစ်နေတာလဲ။ ဘာ ဘာဖြစ်တာလဲ။ ဝိညာဥ်စွမ်းအင် အတက်အကျတွေ ဘာကြောင့် ရှိနေရတာလဲ ”
သို့သော် မြေပြင်ပေါ်ရှိ အလောင်းကို မြင်သည့်အချိန်၌ သူတို့က ချက်ချင်း သတိအနေအထား ဖြစ်သွား၏။
ယဲ့ရှောင်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
” ကျွန်တော့် မိတ်ဆွေနဲ့ ကျွန်တော် ဒီနေရာက ဖြတ်သွားတုန်းက ကျားနတ်ဆိုးတွေက လူတွေကို ထိခိုက်အောင် လုပ်နေတာ တွေ့လိုက်ရတယ်။ ဒါကြောင့် ကျွန်တော့် မိတ်ဆွေက တိုက်ခိုက်ချင်တာ။ နောက်ကြ ဒီကျားနတ်ဆိုးနောက်က ချီရှန်းအဆင့် ကြယ်တာရာသားရဲကလည်း ထွက်လာတယ်လေ။ အဆုံးကြ ဖြတ်သွားတဲ့ ချီရှန်းသိုင်းပညာရှင်တစ်ယောက် သတ်တာ ခံလိုက်ရရောပဲ ”
” အဲ့ဒီချီရှန်းသိုင်းပညာရှင် ဘယ်မှာလဲ ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ကျုပ် မသိဘူး။ သူက အလွန်မြန်တာ။ ဒီကြယ်တာရာသားရဲကို သတ်ပြီးတော့ သူ ထွက်ပြေးသွားတာပဲ။ ကျုပ် ခင်ဗျားတို့ကတို့ကို ဖုန်းခေါ်မဲ့အချိန် ခင်ဗျားတို့ ရောက်လာတာ ”
မြို့စောင့်တပ်ဖွဲ့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကြောင်အနေမိ၏။
” ထွက်ဆိုချက်ပေးဖို့အတွက် ကျေးဇူးပြုပြီး ကျွန်တော်တို့နောက် လိုက်ခဲ့ပေးပါ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်လေ၏။ သူက ထွက်ဆိုချက် ပေးရန်အတွက် မြို့စောင့်တပ်ဖွဲ့သို့ လိုက်သွားသည်။ ဆုန့်ရှောင်ယန်ကြောင့် သတိလစ်သွားသည့် ယန်ရှီးနှင့် အမျိုးသမီးကို ကယ်ဆယ်ပြီး ဖြစ်၏။ သူတို့ ထွက်ဆိုချက်ကလည်း ယဲ့ရှောင်နှင့် တူနေပေ၏။
ယဲ့ရှောင်နှင့် ယန်ရှီးက ၄င်းကို အခွင့်အရေးယူပြီး ကမ္ဘာလောကကြီးဆီ ကြယ်တာရာသားရဲများ၏ အရေအတွက် တိုးလာအောင် လုပ်နေသည့် အကြောင်းကို မြို့စောင့်တပ်ဖွဲ့အား ပြောပြလိုက်၏။
ဤနည်းဖြင့် သူတို့က ပြဿနာမတက်တော့ပဲ စီရင်စု၉ခုကို ကပ်ဘေး မဖြစ်ပေါ်ခင် ကာကွယ်နိုင်ရန် ကာကွယ်ဖို့ သတိပေးနိုင်လိမ့်မည်။
ယဲ့ရှောင်ပြောခဲ့သည့် ချီရှန်းအတွက်မူ သူက အာရုံ သိပ်မထားပေ။ ဤနေရာက ကျုံးမြို့ဖြစ်သည်။ ကျန်းဟိုင်မြို့ကဲ့သို့ နေရာလေး မဟုတ်ပေ။
ဤနေရာ၌ လူများစွာနှင့် သိုင်းပညာရှင်များစွာက နေရာအနှံ့ ရှိနေသည်။ ချီရှန်းတစ်ယောက် ပေါ်လာတာက ဘာမှ မထူးဆန်းပေ။
ဖြစ်စဥ်တစ်ခုလုံးက ပြီးပြည့်စုံစွာ အဆုံးသတ်သွားတော့သည်။
ယန်ရှီးသည် အစက သူမ၏ ရဲဘော် ဆုန့်ရှောင်ယန်အတွက် တစ်စုံတစ်ခု လုပ်ပေးချင်ခဲ့သည်။ ထို့ကြောင့် သူမက သူ့ကို ငြိမ်းငြိမ်းချမ်းချမ်းသာ မြုပ်နှံပေးလိုက်၏။ ကျန်ရှိသည်မှာ သူမ၏ ခန္ဓာကိုယ်က ချိတ်ပိတ်ခံလိုက်ရပြီး အထက်အရာရှိဆီသို့ သတင်းပို့ရမည်။ ထို့ကြောင့် ယန်ရှီးကလည်း လက်လျှော့လိုက်ရ၏။ နောက်ပိုင်းမှ ငွေစက္ကူအချို့ ဝယ်လာပြီး ဆုန့်ရှောင်ယန်အတွက် မီးရှို့ပေးလိုက်တော့သည်။
ဆုန့်ရှောင်ယန်သည် ဆိုးရွားသည့် ကိစ္စများ ပြုလုပ်ခဲ့သော်ငြား သူမက ဖိအားပေး ခံခဲ့ရတာ ဖြစ်သည်။ သူမက မကောင်းသည့်သူတစ်ယောက်ဖြစ်လာပြီး သတ်သေခြင်းတောင် မပြုလုပ်နိုင်ပေ။ ထို့ကြောင့် ဆိုးရွားသည့် အရာများ ပြုလုပ်ခြင်းကနေ သူမကိုသူမ မည်ကဲ့သို့ ဟန့်တားနိုင်မည်နည်း။
သို့သော် အဆုံးတွင် သူမက လူသားမျိုးနွယ်အကြောင်း ဂရုစိုက်သေး၏။ ထို့ကြောင့် ယင်းက သိပ်မဆိုးရွားပေ။
ဤအရေးကိစ္စက နှစ်နာရီ၊ သုံးနာရီခန့် ကြာနေခဲ့ပြီးနောက် ပြီးသွားတော့သည်။
နောက်တစ်နေ့တွင် သူတို့က စတင်လေ့လာရမည် ဖြစ်သောကြောင့် လူတိုင်းသည် စောစောထရသေးသည်။
ယဲ့ရှောင်က ပြဿနာ မရှိပေ။ သူက အံ့ဖွယ်ဂိုဏ်း အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်၏။ သူက တစ်နေ့လောက် မစားမသောက်၊ မအိပ်ပဲ နေလျှင်တောင် ပြဿနာတစ်ရပ် မဟုတ်ပေ။
ယန်ရှီးက သူ့လောက် မသန်မာပေ။ သူမ၏ မျက်ကွင်းညိုကြီးများက လေးလံနေတော့သည်။
လုပ်ဖော်ကိုင်ဖက်များကလည်း မနေ့ညက ယဲ့ရှောင်နှင့် ညစာ ထွက်စားခဲ့မှန်း သူတို့ သိပြီးသား ဖြစ်သည်။ သို့သော် လူတိုင်းက နားလည်ထားကြပြီး ဘာမှမပြောပေ။ ထို့အပြင် ယဲ့ရှောင်က ချောမောခန့်ညားလွန်းသောကြောင့် မည်သည့် အမျိုးသမီးကိုမဆို စိတ်လှုပ်ရှားစေသည်။
သူတို့သာ ယန်ရှီးဆိုလျှင် ယဲ့ရှောင် ရင်ခွင်ထဲ ပြေးဝင်ကြမှာပဲ ဖြစ်သည်။
ယဲ့ရှောင်က ရှင်းပြဖို့ရာ ပျင်းလွန်းနေ၏။ ထိုကဲ့သို့အတင်းအဖျင်းတို့က ကိစ္စရပ်များကို အမြဲတမ်း ပိုဆိုးစေသည်။ ဂရုမစိုက်လျှင် အချိန်အတော်ကြာပြီးနောက် သဘာဝအတိုင်း ပျောက်ကွယ်သွားလိမ့်မည်။
သူတို့အဖွဲ့သည် အဆင့်မြင့် လေ့ကျင့်ရေးအတန်းသို့ ရောက်သွားကြ၏။
အဆင့်မြင့် လေ့ကျင့်ရေး အတန်းသည် ကျုံးမြို့ သိုင်းကျောင်းတော်ရှိ သိုင်းပညာစာကြည့်တိုက်ဌာနက ဖွင့်လှစ်ထားတာပဲ ဖြစ်၏။
သင်ကြားပေးမည့် သူများသည် ကျုံးမြို့ သိုင်းကျောင်းတော်၏ ထိပ်တန်း ပါမောက္ခများ ဖြစ်သည်။
သူတို့ ပြောနေသည်က သုတေသနပြုလုပ်ထားသည့် အရာများ၊ အမျိုးအစား ခွဲခြားမှုများ၊ မိတ်ဆက်မှု၊ ကိန်းဂဏန်းဇယား စသည်တို့ပဲ ဖြစ်သည်။ ရှုထောင့်အားလုံး၌ သိုင်းပညာကျင့်စဥ်များဖြင့် သက်ဆိုင်သည့် မေးခွန်းများသာ ဖြစ်သည်။
သို့သော်ငြား သူတို့ သင်ခန်းစာများကို နားထောင်ရခြင်းက အလွန်အသုံးဝင်သေးသည်။
ယဲ့ရှောင် ယခင်က နားမလည်ခဲ့သည့် ကျင့်စဥ်အချို့နဲ့ သက်ဆိုင်နေသော ပြဿနာတစ်ရပ် ရှိသည်။ ယခုအချိန်၌ သူတို့ ရှင်းပြတာကို နားထောင်ပြီးနောက် အနည်းနှင့်အများ သူ သဘောပေါက်လာတော့သည်။
သူ၏ ကျင့်စဥ် အလွန်မြင့်မားသောကြောင့် အရာအားလုံးကို နားလည်သည်ဟု မဆိုလိုပေ။ မြင့်မားသည့် ကျင့်စဥ်များသည် သူ၏ တော်ဝင်ကျင့်စဥ်ကိုသာ ပစ်မှတ်ထားတာ ဖြစ်သည်။ လူတစ်ယောက်က ပိုက်ဆံရှိသော်ငြား သူ၏ စိတ်နေသဘောထား မြင့်မားလိမ့်မည်ဟု ဆိုလိုတာမျိုး မဟုတ်ပေ။ တစ်နည်းအားဖြင့် သူက ချို့တဲ့မှုတချို့ ရှိနေသေးသည်။ ထင်သည့်အတိုင်းပင် လူတစ်ယောက်က အသက်အရွယ် ကြီးပြင်းသည်အထိ ရှင်သန်နေထိုင်ပြီး သင်ယူရဦးမည်။

အပိုင်း ၂၂၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset