စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂၂ သူ သေသင့်နေပြီလေ။ ဘာကြောင့် အသက်ရှင်နေသေးတာလဲ။
” မင်းက သူ့ရဲ့ ဝမ်းကွဲလား။ အတော်လေး ချောတာပဲ။ နှစ်ယောက်လုံးက သဘောတူညီချက် လုပ်ပြီးပြီ။ သူတို့တွေက ပထမဆုံးအကြိမ် ရန်စမိတာဆိုတော့ ဒီတစ်ခေါက် ခံဝန်ပဲ ထိုးခိုင်းလိုက်မယ်။ ဒါကြောင့် အခု မေ့လိုက်ကြရအောင်။ စာရွက်စာတမ်းတွေ လက်မှတ်ထိုးပြီး ခေါ်သွားလိုက်တော့။ ဒါပေမဲ့ နောက်တစ်ခေါက် ဖြစ်လာခဲ့ရင် သေချာပေါက် ထောင်ထဲ အပို့ခံရမယ် ”
” ဒါ့အပြင် ဒီရက်ပိုင်း ကျုံးစီရင်စုထဲ လူပျောက်မှုတွေ ဖြစ်နေတာ မင်းတို့တွေ ဘားတွေ ဒါမှမဟုတ် KTVလို နေရာမျိုးတွေ မသွားတာက အကောင်းဆုံးပဲ။ အိမ်မှာပဲ လိမ်လိမ်မာမာ နေတာ ပိုကောင်းမယ် ”
” ကျေးဇူးပါပဲ ”
ယဲ့ရှောင်က သူတို့ကို ကျေးဇူးတင်စကား ပြောပြီးနောက် လက်မှတ်ထိုးကာ အားလုံးကို ခေါ်သွားတော့သည်။
မြို့စောင့်တပ်ဖွဲ့၏ ဂိတ်ကနေ ထွက်လာပြီးနောက် လူတိုင်းက တောင်းပန်လိုက်တော့သည်။
” ယဲ့ရှောင် ငါ တောင်းပန်ပါတယ်။ သူတို့တွေက အရင်းနှီးဆုံး လူကို လာထုတ်ခိုင်းရမယ်လို့ ပြောတာကြောင့် ယန်ရှီးကို မင်းရဲ့ ဝမ်းကွဲလို့ပဲ ပြောခွင့်ပေးလိုက်ရတာပဲ။ ငါတို့ တောင်းပန်ပါတယ် ”
ယဲ့ရှောင်က သူ၏ မျက်ခုံးနှစ်ဖက်ကြားကို ပွတ်လိုက်လေ၏။
” ဟုတ်ပြီ။ ဒီကိစ္စက ဒီအတိုင်း ထားလိုက်တာပေါ့။ ကံကောင်းတာက ကြီးကြီးမားမား မဖြစ်လို့။ ဒီကိစ္စပေါ်သွားခဲ့ရင် ဒီတစ်ခေါက် လေ့ကျင့်ရေး အတောအတွင်း ပြဿနာကြီး ဖြစ်လာလိမ့်မယ် ”
လူတိုင်းက ခေါင်းညိတ်လိုက်၏။ သို့သော်ငြား သူတို့ မျက်နှာထက် ရှက်ရွံ့မှု အရိပ်အယောင် ရှိနေသေးသည်။
” ယဲ့ရှောင် မင်းကို ထမင်းတစ်နပ် ဒကာခံမယ်လေ ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ဒကာခံဖို့ မလိုပါဘူး။ ခင်ဗျားတို့တွေ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရထားတာ။ ဒဏ်ရာတွေ ကုသဖို့ ဆေးရုံကို သွားတာ ကောင်းလိမ့်မယ်။ နောင်ကြ ကျွေးမွေးဖို့အတွက် အခွင့်အရေးတွေ အများကြီး ရှိတာပဲ ”
လူတိုင်း၏ မျက်နှာက ဒဏ်ရာ ဒဏ်ချက်များဖြင့် ရောင်ကိုင်းနေကာ လမ်းလျှောက်ချိန် ထော့နဲ့ထော့နဲ့ ဖြစ်နေလေ၏။ လမ်းပေါ်တွင် အနည်းငယ် ကို့ယို့ကားယား ဖြစ်နေတော့သည်။
” ဒါလည်း အဆင်ပြေတာပဲ။ ငါတို့ ဆေးရုံ အရင်သွားလိုက်ဦးမယ်။ ပြီးမှ ပြောကြတာပေါ့ ”
လူတိုင်းက တက္ကစီတစ်စီး အမြန်ငှားပြီးနောက် ဆေးရုံသို့ သွားလိုက်သည်။
ယန်ရှီးက မသွားပေ။ ယန်ရှီးသည် သူမ ကိုယ်ပေါ်ရှိ ဒဏ်ရာများ ဖြည်းဖြည်းချင်း စတင် ကုသနေတာ သတိပြုမိလိုက်သည်။
ကုသခြင်းအရှိန်က အလွန်နှေးသော်ငြား ကျန်သည့်သူများထက် ပိုကောင်းနေသေးသည်။
” ကြီးကြပ်သူ .. ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ
ရှင့်ကို အရှက်ကွဲစေမိပြီ ”
သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေလေ၏။ ယဲ့ရှောင်က လက်မြှောက်ကာ သူမကို ကုသပေးရန် ကုသခြင်းဂါထာတစ်မျိုး အသုံးပြုလိုက်၏။
” ဒါကိစ္စကြီးမှ မဟုတ်တာ။ နောင်ကြ အဆင်အခြင်မမဲ့နဲ့ ”
” ကြီးကြပ်သူ ရှင် မေးတောင်မမေးဘူးနော်။ ကျွန်မတို့ ဘာလို့ တိုက်ခိုက်လဲလို့ ”
ယဲ့ရှောင်က အနည်းငယ် ပြုံးလိုက်လေ၏။
” ဘာပဲဖြစ်ဖြစ် အားလုံးက အတိတ်ပဲလေ။ မင်းမှာလည်း အကြောင်းပြချက်ရှိမှာ သေချာတယ်။ မင်းတို့က လူဆိုး မဟုတ်မှန်း ငါ သိတယ်။ ဒါဆို လုံလောက်ပြီ ”
” ကြီးကြပ်သူ ”
ယန်ရှီးက မျက်ရည်များ သုတ်လိုက်လေ၏။
” ရှင်က တကယ် ကြင်နာတတ်တာပဲ ”
ခဏတာရပ်တန့်ပြီးနောက် သူမက ထပ်ပြောလိုက်သည်။
” တကယ်တော့ ဒီနေ့ ကိစ္စက တကယ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘာမှမဆိုင်ဘူး။ သူတို့တွေလည်း ကျွန်မကို ကူညီပေးချင်တာ။ ကျေးဇူးပြုပြီး သူတို့ကို အပြစ်မတင်ပါနဲ့။ ကျွန်မက ရဲဘော်ဟောင်းတစ်ယောက်နဲ့ ဆုံတွေ့ခဲ့မိပြီး သူ လှောင်ပြောင်ကဲ့ရဲ့တာ ခံလိုက်ရတယ်။ အစကတော့ ကျွန်မ ပြဿနာ မရှာချင်ပါဘူး။ ဒါပေမဲ့ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက သည်းမခံနိုင်တော့ဘူး။ ဒါကြောင့် သူတို့ ကျွန်မကို ကူညီတာလေ။ ပြီးတော့ ကျွန်မတို့ တိုက်ခိုက်ကြရောပဲ ”
” ဒီအကြောင်း ငါ့ကို ရှင်းပြစရာ မလိုပါဘူး ”
” မဟုတ်ဘူး။ ကျွန်မ ရှင်းပြရမယ် ”
ယန်ရှီးသည် သူမ ကျယ်လောင်စွာ ထုတ်မပြောရလျှင် စိတ်ထဲ အဆင်မပြေသည့်ပမာ ခေါင်းမာစွာ နှုတ်ခမ်းကိုက်ထားလေ၏။
” တကယ်တော့ ကျွန်မက ပုံမှန်အတိုင်း တပ်ထဲကနေ ထွက်ခဲ့တာ မဟုတ်ဘူး။ အဲ့ဒီကနေ နှင်ထုတ်ခံလိုက်ရတာ။ ကျွန်မ အာကာသစစ်မြေပြင်ကနေ ဖယ်ရှားခံလိုက်ရတယ်။ ကျွန်မ စည်းမျဥ်း ချိုးဖျက်ခဲ့မိတာကြောင့် စစ်မြေပြင်ထဲမှာ ခွင့်ပြုချက် မရပဲ ကြယ်တာရာသားရဲရဲ့ ကြယ်အမြုတေတွေကို စားခဲ့မိတယ် ”
သူမက ပြောလေလေ ပိုမို စိတ်လှုပ်ရှားလာပြီး မျက်ရည်များ ကျလာလေ၏။
” အဲ့ဒီတုန်းက ကျွန်မရဲ့ ရဲဘော်ရဲဘက်တွေနဲ့ ကျွန်မက ကြယ်တာရာသားရဲတစ်ကောင် ဝိုင်းတာ ခံလိုက်ရတာ။ အဝိုင်းခံထားရာကနေ ဖောက်ထွက်ဖို့ဆိုရင် ကျွန်မ ခွန်အားကို မြှင့်တင်ဖို့အတွက် ကြယ်အမြုတေကို စားဖို့ပဲ ရှိတယ်။ ဒါပေမဲ့ အဆုံးကြ ကျွန်မရဲ့ ရဲဘော်တွေကို မကယ်တင်နိုင်သေးဘူးလေ။ သူတို့ထဲက တချို့က ကြယ်တာရာသားရဲ သတ်တာ ခံလိုက်ရတယ်။ တချို့ကို ကြယ်တာရာသားရဲက ဖမ်းသွားတာ ”
” ဒီနေ့ ကျွန်မနဲ့ တွေ့ခဲ့တဲ့ ရဲဘော်က ကြယ်တာရာသားရဲ ခေါ်သွားခံရတဲ့သူလေ။ ဒါပေမဲ့ ကံကောင်းချင်တော့ နောက်ပိုင်း လွတ်သွားတယ် ”
” ကျွန်မကို ဒီနေ့ လှောင်ပြောင်ကဲ့ရဲ့ရတဲ့ အကြောင်းအရင်းက ကျွန်မတစ်ယောက်တည်း အသက်ရှင်ခဲ့တာလို့ သူ ခံစားမိလို့ပဲ။ သူက နားမခံသာတဲ့စကားတွေ ပြောခဲ့တယ်။ လူတိုင်းက မတတ်နိုင်ပဲ ဒါကြောင့် ”
ပြီးနောက် ဖြစ်ပျက်ခဲ့တာကို ဆက်ပြောပြရန် မလိုအပ်တော့ချေ။ ယဲ့ရှောင်က ခန့်မှန်းမိပြီး ဖြစ်သည်။ သူက ယန်ရှီး၏ ခေါင်းလေးကို ပုတ်လိုက်၏။
” ကောင်းပြီ။ ငိုတာ တော်တော့။ ဒါက ကိစ္စကြီးမှ မဟုတ်တာ။ လမ်းပေါ် ငိုနေပြီး တခြားသူတွေ မြင်ကုန်ပြီ။ မသိတဲ့သူတွေကတော့ ငါ မင်းကို တစ်ခုခု လုပ်တယ်လို့ ထင်ကုန်မှာပဲ ”
” ကြီးကြပ်သူ ကျွန်မ အသုံးမကျဘူးလို့ ထင်လား။ အသုံးမဝင်ဘူးလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” မင်းရဲ့ ရဲဘော်ရဲဘက်တွေအတွက် သေရေးရှင်ရေး အခိုက်အတန့် ဒီလိုအန္တရာယ်များတဲ့ အခြေအနေမှာ မင်းလုပ်ခဲ့တာက ကောင်းနေပြီးသားပဲ။ အခြေအနေတွေက သေမှ မသေချာတာ။ မင်းကိုမင်း သိပ်အပြစ်တင်စရာ မလိုဘူး။ အကောင်းဆုံးပဲ လုပ် ”
” ကြီးကြပ်သူ ”
ယန်ရှီးက ယဲ့ရှောင်၏ လက်မောင်းအတွင်း ပစ်ဝင်ကာ သူမ၏ မကျေမချမ်းဖြစ်မှုများ အားလုံးကို ဖောက်ထုတ်ချင်သည့်ပမာ ကျယ်လောက်စွာ ငိုကြွေးတော့သည်။
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်သည်။ စိတ်ထဲ မကျေမနပ် ဖြစ်သွားသည်။ သူက ဆန့်ကျင်ဘက်လိင်တစ်ယောက်က သူနှင့် ထိုမျှ နီးကပ်နေတာကို တကယ် သဘောမကျပေ။ သို့သော် သူမ ဝမ်းနည်းနေတာကို မြင်နေရသောကြောင့် သူက မေ့ထားလိုက်၏။ ရှိစေတော့။ နည်းနည်း ငိုခွင့်ပေးလိုက်မယ်။
သုံးမိနစ်ခန့် ငိုပြီးနောက် ယန်ရှီးသည် ပေါက်ကွဲ၍ ရပုံပေါ်ကာ ယဲ့ရှောင်၏ လက်မောင်းတွင်းကနေ ထွက်လာလိုက်၏။
ပြီးနောက် သူမက ရှက်ရွံ့ပြီး ခေါင်းငုံ့ထားတော့သည်။
” ကျွန်မ တောင်းပန်ပါတယ်။ ကြီးကြပ်သူ။ ရှင့်အဝတ်အစားတွေ စိုကုန်ပြီ ”
ယဲ့ရှောင်က အနည်းငယ် ဆွံ့အသွားလေ၏။ အဝတ်အစား စိုတာက ကိစ္စမရှိပေ။ ဘောင်းဘီမစို၍ ရပြီ ဖြစ်၏။ မဟုတ်လျှင် လမ်းပေါ်၌ လမ်းလျှောက်ရတာက အတော်လေး အနေခက်ပေလိမ့်မည်။
သူက ရယ်ချင်ရုံသာ ရှိ၏။ အမှန်တကယ် စိုသွားလျှင် ပြဿနာရှိမှာ မဟုတ်ပေ။ ချီရှန်းအဆင့် အထက် သိုင်းပညာရှင်များက သူတို့ ဝိညာဥ်စွမ်းအားကို ထုတ်ပြီး အဝတ်ခြောက်အောင် လုပ်နိုင်သောကြောင့် ဖြစ်သည်။
” ဘာကိစ္စမှ မရှိတော့ရင် ငါတို့ ဟိုတယ်ကို ပြန်လို့ရပြီ ဟုတ်တယ်မလား ”
ယန်ရှီးက ခေါင်းညိတ်လိုက်၏။
ယဲ့ရှောင်က သူမ ဘေးသို့ ရောက်လာကာ ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့၏။
” ပြောနေရင်းနဲ့ မင်းရဲ့ ရဲဘော်တစ်ယောက်က ကြယ်တာရာသားရဲတွေရဲ့ ခံတွင်းကနေ လွတ်မြောက်လာတယ်ဆိုတော့ ဒါကို စည်းမျဥ်းဖောင်ဖျက်တာအပြင် မသတ်မှတ်သင့်ဘူးလား။ ဘာကြောင့်များ အာကာသစစ်မြေပြင်မှာ ဆက်မနေရတာလဲ။ အဲ့ဒီအစား မင်းလိုမျိုး မြေပေါ်မှာ ပြန်လာတယ် ”
ယန်ရှီးကလည်း ဇဝေဇဝါ ဖြစ်သွားလေ၏။
” ကျွန်မလည်း ဝေခွဲမရ ဖြစ်နေတာ။ အဲ့ဒီတုန်းက သူ့ကို ကြယ်တာရာသားရဲတွေ အများကြီး ဖမ်းခေါ်သွားတာ ကျွန်မ တွေ့ခဲ့သားနဲ့။ ယုတ္တိရှိရှိ ပြောရရင် သူ လွတ်မြောက် မလာသင့်ဘူး။ ဘယ်လိုကြောင့် ထပ်လွတ်မြောက်နိုင်ရတာလဲ ”
” သူ ရှင်းပြတာကတော့ သူ လွတ်မြောက်လာတဲ့အချိန် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာကြောင့် တပ်ဖွဲ့ထဲ ဆက်မဝင်နိုင်တော့ပဲ ကြယ်တာရာသားရဲတွေကို မတိုက်ခိုက်နိုင်တော့တာတဲ့။ ဒါပေမဲ့ ခုနတုန်းက ကျွန်မ သူ့စွမ်းရည်တွေကို တွေ့ရတာတော့ သူက အလွန်ဖျတ်လတ်ပြီး ဘာပြဿနာမှ မရှိတာ သိသာနေတာပဲကို ”
” ငါ မပြောနိုင်ဘူး ”
ယဲ့ရှောင်က ခေါင်းအနည်းငယ် ခါလိုက်လေ၏။ သူက တစ်စုံတစ်ခု မူမမှန်ကြောင်း ဝေဝါးဝါး ခံစားမိသော်ငြား သူမကို မမြင်နိုင်ပေ။ ထို့ကြောင့် သူက အခြေအနေ အတိအကျကို မပြောနိုင်ပေ။
တစ်ဖက်တွင်မူ ကျုံးမြို့၏ သီးသန့်မြေအောက်ခန်းထဲတွင် စစ်သည်တော်အချို့က ဒူးထောက်နေလေ၏။
သူတို့ရှေ့တွင် မြွေအကြေးခွံများဖြင့် လူတစ်ယောက် ရှိနေသည်။ ယင်းက ကြယ်တာရာသားရဲချီရှန်းတစ်ယောက် ဖြစ်သည်။
သူ၏ အမူအယာက သုန်မှုန်နေကာ သူတို့ထဲမှ တချို့ကို ကြည့်လိုက်၏။ သူ၏ အကြည့်၌ အေးစက်မှု တစ်စွန်းတစ်စ ပေါ်နေတော့သည်။
” မင်းတို့ အရူးတသိုက်။ မင်းတို့ရဲ့ ရူးမိုက်တဲ့ လုပ်ရပ်တွေကြောင့် ငါတို့ ထုတ်ဖော်ခံရလုနီးပါး ဖြစ်သွားတာ သိရဲ့လား။ မင်းတို့တွေက ငါတို့ကို တမင်တကာ ဖျက်ဆီးဖို့ ကြိုးစားနေတာလား ”
” မင်းကို သတိပေးလိုက်မယ်။ မင်းတို့က သာမန်လူသား မဟုတ်တော့ဘူး။ ကျားနတ်ဆိုးတွေပဲ။ ဒါက အခု မင်းရဲ့ စစ်မှန်တဲ့ အထောက်အထားပဲ။ မင်းတို့က လူသားတွေရဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေပြီးပြီ။ သူတို့က မင်းတို့ကို လူသားတွေလို သတ်မှတ်မယ်လို့ မထင်နဲ့။ မဟုတ်ရင် မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ ဖြစ်သွားလိမ့်မယ် ”
လူတိုင်းက ခေါင်းငုံ့ထား၏။ သူတို့ မျက်ဝန်းများက အေးစက်နေသော်ငြား မည်သူမှ မခုခံရဲချေ။
” တောင်းပန်ပါတယ် အရှင်မြွေနတ်။ ကျွန်မတို့ မှားပါတယ် ”
” ဟန့် .. မင်းတို့တွေက ပုံမှန်ဆို အကောင်းဆုံး လုပ်နေတာဆိုတော့ ဒီတစ်ခေါက် မင်းတို့ကို ထပ်ပြီးတော့ တင်းမထားတော့ဘူး။ ဒါပေမဲ့ နောက်တစ်ခေါက်ဆိုရင် မင်းတို့ကို ကြမ်းတမ်းတယ်ဆိုပြီး အပြစ်မတင်လေနဲ့။ အချိန်ကျတဲ့အခါ မင်းတို့တွေကို တံစိုးလက်ဆောင်အဖြစ် သုံးပြီး အရှင်သခင်ဆီ ပေးလိုက်ရလည်း စိတ်မရှိဘူးနော်။ အထူးသဖြင့် ဆုန့်ရှောင်ယန်ပဲ။ မင်း ပြဿနာ ထပ်ရှာရဲရင် ငါ မင်းကို အရင်ဆုံး စားမယ် ”
” ဟုတ်ကဲ့။ ဒီလက်အောက်ငယ်သားက နားလည်ပါပြီ ”
” မနက်ဖြန်ညနေမစောင်းခင် နောက်ထပ် လူသားတစ်ရာကို ဖမ်းပြီး အံ့ဖွယ်ဂိုဏ်းရဲ့ အရှင်ဆီပေးဖို့ လိုအပ်တယ် ”
လူတိုင်း၏ အမူအယာက ပြောင်းလဲသွား၏။
” လူသားတစ်ရာလား။ လွန်ခဲ့တဲ့နှစ်ရက်တုန်းက ၆၀ပေးပြီးပြီ မဟုတ်ဘူးလား။ ဘာကြောင့် ထပ်လိုချင်တာလဲ။ ပြီးတော့ ဒီတစ်ခေါက် လူအယောက်တစ်ရာတဲ့လား ”
” အဓိပ္ပာယ် မရှိတာ။ လူသားတစ်ရာက များတယ်တဲ့လား။ သွားကြားတောင် ညှပ်မှာ မဟုတ်ဘူး။ မင်းကို သတိပေးလိုက်မယ်။ ငါပြောတာ နားထောင်ရင် ပိုကောင်းလိမ့်မယ်။ မင်းတို့ သူ့ကို စိတ်မပျော်အောင် လုပ်မိပြီး သူကိုယ်တိုင် ကျုံးမြို့ကို ဖျက်ဆီးဖို့ ထွက်လာခဲ့ရင် လူတစ်ရာတင် သေမှာမဟုတ်ဘူး။ တစ်သန်း၊ ဆယ်သန်း၊ သန်းတစ်ရာတောင် သေသွားနိုင်တယ် ”
မြွေနတ်က အေးစက်စက် နှာခေါင်းရှုပ်ကာ အနက်ရောင်အလင်းအဖြစ် အသွင်ပြောင်းပြီး မြေအောက်ခန်းထဲကနေ ထွက်သွားလေ၏။ ဒီတော့မှ လူတိုင်း သက်ပြင်းချလိုက်တော့သည်။
” ဟူး ”
ဆုန့်ရှောင်ယန်က မတ်တပ်ထရပ်လိုက်၏။ သူမက ဝတ်စုံပြည့် ဝတ်ထားကာ သွယ်လျသော ခြေတံတစ်စုံရှိပြီး အနက်ရောင် အသားကပ်ကို ဝတ်ထားလေ၏။ သူမက စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ပမာ အလွန်လှပနေတော့သည်။
” အားလုံးပဲ တောင်းပန်ပါတယ်။ ဒီတစ်ခေါက် ကျွန်မရဲ့ ကိစ္စကြောင့် အားလုံးကို ဆွဲသွင်းခဲ့မိတယ် ”
လူတိုင်းက သူမ၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်လေ၏။
” ရှောင်ယန် အဲ့လိုမပြောပါနဲ့။ ငါတို့တွေအားလုံး တူတူပဲ။ ငါတို့အတူ တက်မယ်။ အတူ ကျဆင်းမယ် ”
ဆုန့်ရှောင်ယန်က ခေါင်းညိတ်လိုက်၏။
” နှစ်တွေအများကြီး ကြယ်တာရာသားရဲတွေက လူသားတွေကို ဖမ်းပြီး ကျားနတ်ဆိုးအဖြစ် ပြောင်းနေတာက လူ့လောကကို ထိခိုက်စေတယ်။ သူတို့ ပန်းတိုင်က လူသားမျိုးနွယ်ကို အပြည့်အဝ ဖျက်ဆီးပြီး လူသားမျိုးနွယ်ကို အမြစ်ပြတ် သုတ်သင်ဖို့ပဲ။ ငါတို့တွေက ကျားနတ်ဆိုးတွေ ဖြစ်လာတယ်ဆိုပေမဲ့ လူသား ဖြစ်နေသေးတုန်းပဲ။ လူသားမျိုးနွယ်ကို သူတို့ ဒုက္ခပေးတာကို ကြည့်မနေနိုင်ဘူး။ ငါတို့ မိသားစု၊ ဆွေမျိုးတွေ၊ မိတ်ဆွေကို နှိပ်စက်ညှင်းပမ်းတာကို ခွင့်မပြုနိုင်ဘူး ”
” ဒီတစ်ခေါက် ငါ စွန့်စားပြီး ငါ့ရဲ့ ရဲဘော်ဟောင်း ယန်ရှီးနဲ့ စကားများလိုက်ရတဲ့ အကြောင်းအရင်းက သူ ငါတို့ကို မမှတ်မိအောင်လို့ ငါတို့နဲ့ သိပ်မရင်းနှီးအောင်လို့ပဲ။ ကြယ်တာရာသားရဲရဲ့ ပစ်မှတ် ဖြစ်မလာအောင် တားလိုက်တာ။ ဒါက နာကျင်ရပေမဲ့ လူတိုင်း နားလည်မယ်လို့ မျှော်လင့်တယ် ”
အားလုံးက ခေါင်းညိတ်လိုက်၏။
” စိတ်မပူပါနဲ့။ ငါတို့က သားရဲစခန်းမှာ ရှိနေတယ်ဆိုပေမဲ့ ငါတို့ ရင်ထဲမှာတော့ လူသားမျိုးနွယ်စုပဲ ရှိတာ ”
” ဒါပေမဲ့ မြွေနတ်ခေါင်းဆောင် လိုချင်တဲ့ လူအယောက်တစ်ရာက ဘယ်လိုလုပ်မလဲ ”
” နောက်ထပ် လူသားတစ်ရာ ဖမ်းရတော့မှာလား ”
” ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူးလေ။ ဘာလို့လဲဆိုတော့ ငါတို့တွေက ကျားနတ်ဆိုး ဖြစ်လာပြီး ငါတို့ ဝိညာဥ်စွမ်းအင်က ထိန်းချုပ်ခံထားရတာ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ အချက်အလက်တွေကို ထုတ်ပြလို့မရဘူး။ ငါတို့ သတ်သေလို့တောင် မရဘူး။ တခြားသူတွေကို ကြယ်တာရာသားရဲတွေ ထိခိုက်အောင် လုပ်နေတာကို ကူညီမဲ့အစား သတ်သေလိုက်တာက ပိုကောင်းဦးမယ် ”
” သေစမ်း။ ဒီနေ့လည်ဆို ငါတို့ရဲ့ ဝိညာဥ်ကို အနည်းငယ် ဖိနှိပ့်ထားနိုင်ပေမဲ့ ညကြ ငါတို့တွေ သူတို့ကို မဖိနှိပ့်ထားနိုင်မှာ စိုးရိမ်မိတယ် ”
လူတိုင်းက အကြပ်ရိုက်နေ၏။
တစ်ဖက်တွင်မူ ယဲ့ရှောင်က ဟိုတယ်သို့ ပြန်လာပြီး စာကြည့်တိုက်သို့ ဆက်မသွားပေ။ သူ ရောက်လာသည့်အချိန်၌ မွန်းတည့်ချိန် နီးနေပြီ ဖြစ်သည်။ ညနက်ခါနီးပြီဖြစ်ရာ စာကြည့်တိုက်က ပိတ်တော့မှာ ဖြစ်၏။
ထို့အပြင် သူက မနက်ဖြန် လေ့လာနိုင်သေးသည်။ ထို့ကြောင့် သူတို့သည် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သူတို့ကို စာပို့ထားလိုက်၏။
ယဲ့ရှောင် အားလုံး လုပ်ပြီးနောက် စွမ်းအားလေ့လာခြင်းကျင့်စဥ်ကို ရွှေရောင်စာအုပ်ထဲ၌ မှတ်တမ်းတင်လိုက်သည်။ စွမ်းအင်လေ့လာခြင်းကျင့်စဥ်က ပြီးပြည့်စုံသည့် အနေအထားထိ ကျင့်ကြံပြီးသွားပြီ ဖြစ်သည်။ ယဲ့ရှောင်က သူ၏ ပထမဆုံး မျက်ဝန်းကျင့်စဥ်ကို စတင် စမ်းသပ်တော့၏။
အပိုင်း ၂၂၂ ပြီး၏။