Switch Mode

Chapter – 5

ဇောက်နက်တဲ့ အိုးကို မ ပြမယ်

Chapter – 5 ဇောက်နက်တဲ့ အိုးကို မ ပြမယ်

အချိန်တွေဟာ မသိမသာ စီးဆင်းသွားခဲ့ပြီး နှစ်နှစ်တာကာလကို ကျော်လွန်သွားခဲ့ပါတယ်။ သူငယ်လေးကလည်း အသက်၃နှစ်ခွဲကို ရောက်ရှိလာခဲ့ပါပြီ။ သူ့နာမည်က ရှီဟောင်ပါ။

သူဟာ အသက် ၁ နှစ်ခွဲကတည်းက တခြားကလေးတွေနဲ့ အတူတူ
ပြေးလွှား ခုန်ပေါက်နိုင်ခဲ့ပါပြီ။ အခု အသက် ၃ နှစ်ခွဲ အရွယ်မှာတော့
အံ့ဖွယ်သရဲ ဖြစ်လာပါတယ်။ သူက တခြားကလေးကြီးတွေနဲ့အတူ
ချိုင့်ဝှမ်းဒေသ တစ်လျှောက် ပြေးလွှား နေနိုင်ပြီလေ။

ဒီအချိန်မှာပဲ အရင်က ဘယ်သူ့မှ ရှိမနေခဲ့တဲ့ ကျောက်ခေတ်ရွာရဲ့ ကွင်းပြင်တစ်ခုမှာ အခုတော့ လူတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ဒါတောင်မှ လူတွေက ရွာထဲကနေ အတန်းလိုက် ထွက်လာနေကြပြီး လူငယ်တွေရဲ့ ထူးကဲတဲ့စွမ်းရည် စမ်းသပ်မှုကို စောင့်ကြည့်ကြဖို့ပါပဲ။

လူငယ်လေးတွေ အုပ်စုကလည်း အရမ်းကို ကြံ့ခိုင်သန်မာတဲ့ ကြွက်သားတွေနဲ့ပါ။ သူတို့ရဲ့ ခန္ဓာကိုယ် အထက်ပိုင်းကတော့ အ၀တ်မဲ့နေခဲ့ပါတယ်။ သူတို့တွေဟာ ချွေးတလုံးလုံးနဲ့ ကြိုးစားလေ့ကျင့်နေခဲ့တာလေ။ သူတို့က တချို့တွေဆို မျှော်လင့်မထားပါဘဲနဲ့ ၁၀၀ ဂျင်ရှိတဲ့ အလေးချိန်ကို တောင် မ ပြနိုင်ကြပါတယ်။ သူတို့ရဲ့ ချီ စွမ်းအင်စုစည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လေတိုးသံတွေကလည်း တဟူးဟူး အော်မြည်နေလို့ပါ။

သူတို့က အရမ်း အရမ်းကို ကြံ့ခိုင်ကြပါတယ်။ သူတို့ရဲ့ စွမ်းအားတွေကလည်း အံ့ဩစရာကောင်းလောက်အောင် သန်မာပြီး ကြမ်းတမ်းနေခဲ့ပါပြီ။

” ငါတို့ မိသားစုထဲက အထွန်းတောက်ဆုံး ကလေးပဲ။ လာပြီ ကြည့်လိုက်အုံး သူက ၆ နှစ်ကျော်ပဲ ရှိသေးတယ်။ ဒါပေမဲ့ အလေးချိန် ၁၀၀ ကျော် ဂျင်ရှိတဲ့ ထုံးကျောက်ကို ချီပြီး အကာအကွယ် အဖြစ် သုံးနိုင်နေပြီ။ အနာဂတ်မှာ သူနဲ့ နှိုင်းယှဉ်နိုင်မဲ့ လူ ဘယ်နှစ်ယောက်ရှိမှာလဲ။ သူက ဒီတောင်တန်းဒေသမှာ အံ့ဩစရာကောင်းတဲ့ သူရဲကောင်းတစ်ယောက် သေချာပေါက် ဖြစ်လာမှာ ”

” ငါတို့ မိသားစုရဲ့ သားကြီးဩရသကိုလည်း
ကြည့်ကြအုံး။ သူက လူကြီးတွေ အားနဲ့ မာန်နဲ့ တင်ရတဲ့ လေးကြီးကိုတောင် သူ တင်နိုင်နေပြီ။ သူလည်း အနာဂတ်မှာ သေချာပေါက် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်တွေကို သတ်နိုင်လိမ့်မယ်။ ဖီးရှီုးတွေကိုတောင် သတ်နိုင်လိမ့်မယ် ”

ရွာသားတွေ အားလုံးက ကွင်းပြင်ကြီးမှာ အုပ်စုဖွဲ့ စုဝေးနေကြပြီး သူတို့ကလေးတွေရဲ့ အစွမ်းသတ္တိကို ကြွားဝါ နေကြတာပါ။ တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ် ခန့်မှန်းပြောဆို နေကြပြီး လက်သီးလက်မောင်းတန်းလို့ အားပေးနေကြပါတယ်။

ကလေးအုပ်စုကလည်း အမှန်တကယ်ကို ထူးချွန်ထက်မြက် ကြပါတယ်။ ရွာထဲက မိန်းမပျိုလေးတွေရဲ့ အပြုံးတွေကပါ တက်သစ်စ နေအလင်းလို ထွန်းတောက် နေခဲ့ပါတယ်။ ကလေးတွေ အားလုံးကတော့ နဂါးတစ်ကောင်လို တက်ကြွနေပြီး ကျားတစ်ကောင်လို ရက်စက်တဲ့ ဟန်ပန်တွေနဲ့ပါ။ ဒီကလေး အုပ်စုကြောင့်ပဲ ကျောက်တုံးရွာက အနာဂတ်မှာ တန်ခိုးစွမ်းအား အကြီးမားဆုံး နေရာကို သေချာပေါက် ရောက်လာနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် ကလန်တစ်ခု အဆမတန် ဩဇာအာဏာကြီးမားလာဖို့ ဆိုရင် မျိုးဆက်သစ်တွေကိုစနစ်တကျ ပြုစုပျိုးထောင်ပေး နေမှာပဲလေ။

” အွန်း ”

ရုတ်တရက်ပဲ ကျောက်ခေတ်ရွာတစ်ရွာလုံးကို တုန်ခါသွားစေတဲ့ နွားအော်သံကြီး ထွက်ပေါ်လို့ လာပါတယ်။

” အမြန်လာကြည့်ကြအုံး။ ဒါက အန်းမန်ပဲ သူက အသက် ၈ နှစ်ပဲ ရှိသေးတာလေ။ နွားမကြီးတစ်ကောင်ကိုတောင် ပွေ့ချီ နိုင်စွမ်းရှိနေပြီ။ တကယ်ကို အထင်ကြီးစရာပဲ ”

ကြီးမားကျယ်ပြန့်လှတဲ့ ကွင်းပြင်ထဲမှာ မဟူရာရောင် တဖိတ်ဖိတ်တောက်ပနေတဲ့ နွားနောက်မကြီး တစ်ကောင် ရှိနေပါတယ်။ သူ့ဆီကနေ မိုးချူန်းသံလို အသံကြီးကလည်း ဟိန်းထွက်လာပါတယ်။ အန်းမန်ကတော့ အကြောက်တရား ကင်းမဲ့စွာ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ထွက်ခွာသွားပါတယ်။

” ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက အလကား မဖြစ်ဘူးပဲ။ အကြီးအကဲတွေက အဖိုးတန် ဆေးဝါးတွေ သုံးပြီး ပျိုးထောင်ပေးတဲ့ ရလဒ်တွေက အတော်လေးကို ကောင်းနေတာ ”

” ကလေးတွေ အားလုံးက အတော်လေးကို အားကြီး နေပြီ။ နောက်တစ်ချိန်မှာ တောင်တန်းကြီးထဲက အနက်ရှိုင်းဆုံး နေရာမှာ ရှိနေတဲ့ အရမ်းကို ကြီးမားတဲ့ သားရဲကောင်တွေကိုတောင် သတ်နိုင်မဲ့ လူတွေ ရှိလာနိုင်တယ် ”

တစ်ချိန်တည်းမှာပဲ ဒေါင်ခနဲ မြည်သံကြီးတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာလို့ပါ။ အရမ်းကို ပိန်လှီလှတဲ့ ကလေးတစ်ယောက်က အရမ်းကိုကြီးမားတဲ့ ကျောက်တုံးတစ်တုံးကို ဆယ်မီတာ အကွာအဝေးထိ ရောက်အောင် ပစ်လိုက်တာပါ။

” အားယို ဟေး …. ဒါက မင်ဟို မဟုတ်လား။ သူလည်း ၈ နှစ် ၊ ၉ နှစ်ပဲ ရှိသေးတာလေ။ အရမ်းကို အစွမ်းထက်နေပြီလား။ အကြီးအကဲတွေက သူ့ကို စောစောစီးစီး ပွဲမထုတ်သင့်ဘူး ”

” ဒါက အသေအချာပဲ။ ဘယ်သူ့ကလေးက ဒီလောက်စွမ်းအောင် လုပ်နိုင်မှာလဲ။ အနာဂတ်မှာ သူ့ရဲ့နာမည်က ဒီတောင်တန်းဒေသမှာ ဂုဏ်သိက္ခာကြီးကြီးမားမားကို ကျန်နေခဲ့မှာပဲ။ ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲကြီးမှာတောင် လူတွေ အားလုံးရှေ့မှာတင် သူရဲကောင်းဘွဲ့ကို ရနိုင်တယ် ”

ရွာသားတစ်ဦးတစ်ယောက်ချင်းက ရွှင်လန်းတက်ကြွ နေခဲ့ပါတယ်။ သူတို့အားလုံးက သူတို့ရဲ့ ကလေးတွေ အရမ်းကို ထူးချွန်လာဖို့ တွေးနေကြတာပါ။

” ဝုန်း ….. ဝုန်း ”

မြေပြင်က ပြင်းထန်စွာ လှုပ်ခါလာခဲ့ပြီး မီးခိုးတွေနဲ့ ဖုန်မှုန့်တွေကလည်း မိုးထိအောင် မြင့်တက်လာခဲ့ပါတယ်။ လူတိုင်း မြင်လိုက်ရတဲ့ အရာကတော့ တစ်ယောက်ယောက်က အရမ်းကို ကြီးမားတဲ့ ကြေးနီအိုးကြီးကို မြှောက်နိုင်ဖို ကြိုးစားနေခဲ့တာပါ။ ဒါက လူတိုင်းကို မိန်းမောတွေဝေသွားအောင် ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။

ကြီးမားကျယ်ပြန့်တဲ့ ကွင်းပြင်ကြီးမှာ ရှိနေတာက အလေးချိန် ဂျင်တစ်ထောင်ကျော်ရှိနေတဲ့ ရှေးဟောင်း ကြေးနီအိုးကြီးပါပဲ။

ဒီ ကြေးနီအိုးကြီးရဲ့ အပေါ်မှာ ကောင်းကင်ပြင်ကြီး အပြင် မြေကမ္ဘာနဲ့ ရှားပါးငှက်သားရဲတွေကို ရေးဆွဲထားတာပါ။ ဒါကြောင့်ပဲ ရှေးဟောင်းဆန်တဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ကြေးနီအိုးကြီး ရဲ့ မျက်နှာပြင်နံရံက အရမ်းကို လေးလံသလို ထူထဲလွန်းပါတယ်။ ကြေးနီအိုးကြီးဟာ ခြေလေးချောင်းပါသလို အရမ်းလည်းပဲ လေးလံလှပါတယ်။ အိုးရဲ့ မျက်နှာပြင်တစ်လျှောက်မှာ ငှက်တွေရဲ့ ရုပ်ပုံကို အထိမ်းအမှတ်အဖြစ် ရေးထွင်းထားခဲ့ပါတယ်။

” အဲဒီကလေးက ရှီကျောင်းပဲ ” သူက တော်တော်လေး ငယ်သေးတာပဲ အခုတောင် ရှေးဟောင်းအိုးကြီးက နည်းနည်းပဲ ကြွတက်လာတယ် သူ့ကို မြန်မြန် ပြန်ချ ထားခိုင်းလိုက် မဟုတ်ရင် သူ့ရဲ့ ကျောဆစ်ရိုးတွေ လွဲကုန်လိမ့်မယ် ”

သက်ကြီးဝါကြီး တချို့က စိုးရိမ်ပူပန်မှု အပြည့်နဲ့ ပြောဆိုလိုက်ပါတယ်။

အလေးချိန် တစ်ထောင် ဂျင်ရှိတဲ့ ကြေးနီအိုးကြီးဟာ အခန့်မသင့်ရင် ကိုယ့်ကို ပြန်ပြီး ထိခိုက်စေနိုင်ပါတယ်။ ဒါဆိုရင် ရှုပ်ထွေးလှတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာမှာပါ။ သာမန်အားဖြင့်လည်း ဘယ်သူကမှတော့ သူတို့တွေ ပင်ပင်ပန်းပန်း ပျိုးထောင်ထားခဲ့ရတဲ့ ကလေးတွေကို အကြီးအကျယ် ဘေးဖြစ်စေလောက်တဲ့ထိတော့ ခွင့်ပြုမှာ မဟုတ်ပါဘူး။

” ငါလည်း ကြိုးစားကြည့်မယ် ”

အရမ်းကို အားကောင်းပုံရတဲ့ အသက် ၁၀ နှစ် ၊ ၁၂ နှစ် ၀န်းကျင် ကလေးတစ်ယောက်က ရှေ့ထွက်လာခဲ့ပါတယ်။ တခြားကလေးက သူ့ရဲ့ ခြေထောက်ကို ဘေးဖယ်ပေးလိုက်ချိန်မှာပဲ ကောင်လေးကတော့ အိုးကြီးအနားကို ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့ ပြင်းထန်လှတဲ့ ခွန်အားတွေနဲ့ ကြေးနီအိုးကြီးကို ဆုပ်ကိုင် လိုက်ချိန်မှာတော့ ကြေးနီအိုးကြီးက မြေပြင်ပေါ်ကို တဖြည်းဖြည်း ကြွတက်လာခဲ့ပါတယ်။

” ဝုန်း ”

ဒါပေမဲ့ ကြေးနီအိုးကြီးက မြေပြင်ပေါ်ကို ပြန်ကျသွားပြီး ဖုန်မှုန့်တွေ တထောင်းထောင်း ထသွားပါတယ်။ ကံကောင်းထောက်မစွာပဲ ကောင်လေးကတော့ မထိခိုက်ခဲ့ပါဘူး။

” ငါယောပဲ ”

ကောင်လေးတစ်ယောက်ကလည်း ရှေ့ကို ထွက်လို့လာခဲ့ပါတယ်။ သူက သိပ်မကြာခင်တုန်းက မဟူရာရောင် နွားနောက်မကြီးကို ချီမ ပြခဲ့တယ်လေ။

သူ့ရဲ့ နာမည်က ရှီမန်လို့ ခေါ်ပြီး သူ့မိသားစုထဲမှာတော့ သူက ဒုတိယမြောက် သားပါပဲ။ သူက အရမ်းကို တော်တဲ့ ကောင်လေးတစ်ယောက် မဟုတ်ပေမယ့်လည်း ကြံ့ခိုင်မှု ရှိပါတယ်။ ရွာထဲက လူတွေအားလုံး သူ့ကို ချစ်စနိုး ခေါ်ကြတာ ကတော့ အန်းမန်ပါ။ ဒါ့အပြင် သူက ၈ နှစ်ခွဲပဲ ရှိသေးတာလေ။

” ယား … ”

အော်ဟစ်မာန်သွင်းသံကြီးနဲ့ အတူ ကြေးနီအိုးကြီးက တဖြည်းဖြည်း မြောက်တက်လာခဲ့ပါတယ်။ ကြေးနီအိုးကြီးက ကောင်လေးရဲ့ ခါးလည်ထိ ကြွတက် လာချိန်မှာတော့ လူတိုင်းက တုန်လှုပ်ခြင်းနဲ့ ထိတ်လန့်မှုကို တစ်ပြိုင်တည်း ခံစားလိုက်ရပါတယ်။

” တော်လိုက်တာ ”

ကောင်လေးတစ်ယောက်က အလေးချိန် ၁၀၀၀ ဂျင်ရှိတဲ့ ကြေးနီအိုးကြီးကို ခါးလည်ထိ ပင့်မ နိုင်တာကတော့ တကယ့်ကို တုန်လှုပ်စရာကောင်းပါတယ်။

ကံမကောင်းစွာနဲ့ပဲ ရှီမန်က သူ့ရဲ့ ခေါင်းကိုကျော်တဲ့အထိ ပင့်မ လို့ မရတော့ဘဲ လက်နှစ်ဖက်စလုံးက တဆတ်ဆတ် တုန်လှုပ် လာခဲ့ပါပြီ။

” ဘုန်း ”

ပြင်းထန်ကျယ်လောင်တဲ့ အသံကြီး မြည်ဟိန်းသွားခဲ့ပြီး ကြေးနီအိုးကြီးကလည်း မြေပြင်မှာ ပြန်လည် ကျရောက် သွားခဲ့ပါတယ်။

ကြေးနီအိုးကြီးကို ချီမ ပြဖို့ တစ်ယောက်ယောက်က စပြီး ကြိုးစားလိုက်တယ်ဆိုရင်ပဲ တခြားသူတွေကလည်း ဒီလို စွမ်းအောင်ပြဖို့ စိတ်အားထက်သန် သွားကြပါတယ်။ ဒီလိုနဲ့ပဲ တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာပြီး ကြေးနီအိုးကြီးကို ရွှေ့ပြဖို့ ကြိုးစားနေပေမယ့်လည်း တစ်ယောက်မှတော့ မအောင်မြင်သေးပါဘူး။

ရှီဂီဇောင်က မျက်ခုံးနှစ်ခုကို ထိလုမတက် ကျုံ့လိုက်ပြီး ရှေ့ကို ထွက်လာခဲ့ပါတယ်။ သူက အသက်ကို ပြင်းပြင်း ရှုသွင်းလိုက်ပြီး ကြေးနီအိုးကြီးကို ချီမြောက်လိုက်ပါတယ်။ သူဟာ ခြေထောက်နှစ်ဖက်ကို မြေပေါ်မှာ မားမားမတ်မတ် ရပ်လိုက်ပြီး သူ့ရဲ့ခွန်းအားတွေကို အစွမ်းကုန်သုံးလိုက်တာပါ။ ဒါကြောင့်ပဲ အံ့ဩစရာကောင်းလောက်အောင် ကြေးနီအိုးကြီးက ကြွတက်လာပြီး သူ့ရဲ့ ခေါင်းပေါ်ကို ကျော်လွန်သွားလို့ပါ။

ဂီဇောင်ရဲ့လက်တွေ အနည်းငယ် လှုပ်နေသလို သူ့ရဲ့ ခြေထောက်နှစ်ဖက်ကလည်း မသိမသာ တုန်ခါနေလို့ပါ။ နောက်ဆုံးမှာတော့ လူတွေ အားလုံးက မိန်းမောတွေဝေနေရာကနေ ကမ္ဘာပြိုကျမတက် ကြွေးကြော်သံကြီး ပေါ်ထွက်လာပါတယ်။

” ဒီ ကလေးက အသက် ၉ နှစ်ပဲ ရှိသေးတာလေ။ ဒါက နတ်ဘုရားတွေရဲ့ ကောင်းကြီးပေးပြီး မွေးဖွားလာတာကြောင့်ပဲလား အမှန်ပဲ လုံး၀ကို သေချာတယ် ”

” ဂီဇောင်ရဲ့ အနာဂတ်ကတော့ မယုံနိုင်စရာ ကောင်းနေတော့မှာပဲ တကယ့်ကို ကောင်းကောင်း လုပ်နိုင်တာပဲ ”

” ကြေးနီအိုးကြီးရဲ့ အလေးချိန်က အနည်းဆုံး ၁၀၀၀ ဂျင်ပဲ ဒါကိုတောင် မ ပြနိုင်တယ် သူ့နဲ့ ရွယ်တူတွေမှာ သူ့ကို ယှဉ်နိုင်မဲ့သူ မရှိလောက်တော့ဘူး အနာဂတ်မှာလည်း သူက ဒီဒေသရဲ့ အစွမ်းထက်ဆုံးတွေထဲက တစ်ယောက်ဖြစ်လာမှာပဲ ”

အကြီးအကဲတွေက သဘာ၀ကျကျ သုံးသပ်လိုက်ပြီး ရှီဂီဇောင်ကို အန်းမန်လိုပဲ ချီးကျူးလိုက်ကြပါတယ်။ အန်းမန်ကလည်း ရှီဂီဇောင် နီးပါး အောင်မြင်ခဲ့တာကြောင့် သူတို့ရဲ့ အစွမ်းသတ္တိကို အံ့ဩနေခဲ့ကြရပါတယ်။

ကျောက်ခေတ်ရွာ အကြီးအကဲ အားလုံး ပြုံးရွှင်နေကြပါတယ်။

” သားရဲတွေရဲ့ သန့်စင်တဲ့သွေးတွေက ဒီ ကလေးတွေကို တကယ် အကျိုးဖြစ်စေတာပဲ ”

ဒီနှစ်တွေမှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက အလဟသ မဖြစ်ခဲ့ပုံပါပဲ။ အခုလို ကောင်းမွန်တဲ့ ရလဒ်တွေက အနာဂတ်မှာ
ကျောက်ခေတ်ရွာကို အရမ်းကိုပဲ အစွမ်းထက်စေလာ နိုင်တယ်လေ။

” သူငယ်လေး မင်းရဲ့ခေါင်းကိုလည်း လှည့်ပတ်ကြည့်လိုက်အုံး။
မင်းလည်း သူများတွေလို စွမ်းဆောင်ပြဖို့ လိုနေပြီနော်။ ဘယ့်နဲ့လဲ
လုပ်နိုင်မှာလား ”

ရွာသားအချို့က သူငယ်လေးကို သရော်လိုက်ပါတယ်။

ကွင်းပြင်ကြီးထဲမှာ ရှိနေတဲ့ကလေးတွေ အားလုံးထဲမှာ သေချာတာ
တစ်ခုကတော့ သူငယ်လေးက အငယ်ဆုံးပါပဲ။ သူက နောက်ဆုံးမှာတော့ နာမည်တစ်ခု ရှိလာခဲ့ပြီး ရှီဟောင်လို့ ခေါ်ပါတယ်။

ရှီဟောင်က အရမ်းကို ငယ်လွန်းနေပါသေးတယ်။ သူ့ထက် ပိုကြီးတဲ့ ကလေးတွေတောင် ကြေးနီအိုးကြီးကို ချီ မြှောက်ဖို့ မဖြစ်နိုင်တာကြောင့် လူတွေက သူ့ကို ဟာသ လုပ်နေခဲ့တာပါ။ သူက ဂရုစိုက်မနေဘဲ ကြွကြွရွရွလေးပဲ ရှေ့ထွက်လာခဲ့ပါတယ်။

” တကယ် ထွက်လာတာလားဟ။ ဟောင်က နည်းနည်းတော့ အံ့ဩဖို့ကောင်းတယ်။ သူက အဆုံးမဲ့ ဝိညာဉ် အခြေခံအဆင့်စွမ်းအားရှိတယ်လို့ ပြောကြတယ်။ သူ အသက်အရွယ်အရဆိုရင် ထပ်ပြီး လေ့ကျင့်နေသင့်သေးတာပေါ့။ ကြေးနီအိုးကြီးကို မ မပြသေးဘဲ ကျောက်ခဲကိုပဲ အရင်ပစ်ပြသင့်တယ် ”

တခြားတစ်ယောက်ကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်ပါတယ်။

” ဒါကိုတော့ ငါလည်း ထောက်ခံတယ်။ အဲ့ဒါက ဟောင် အတွက် အခွင့်အရေးရှိသေးတယ်။ ငါထင်တာကတော့ ဟောင်ရဲ့ အစွမ်းသတ္တိကလည်း သူ့တို့ထက် လျော့မှာတော့ မဟုတ်ဘူး ”

ရှီဟောင်က အခုဆိုရင် အသက် ၃ နှစ်ခွဲ ရှိပြီး သူ့ရဲ့ နက်မှောင်နေတဲ့ ဆံပင်ရှည်တွေကလည်း ပုခုံးပေါ်ကို ဝဲကျနေပါတယ်။ သူ့ရဲ့ မျက်ဆံနက်တွေကလည်း အရောင်တောက်လို့ နေပါတယ်။ သူက သန့်ရှင်းဖြူစင်လှပြီး ချစ်စရာကောင်းတဲ့ ရုပ်ကလေးနဲ့ပါ။

ကောင်လေးတွေ အားလုံးရဲ့ မျက်နှာတွေက အပြုံးတွေနဲ့ လင်းလက်နေကြပြီး အကြီးအကဲတွေကို ကြည့်လိုက်ကြပါတယ်။

” ငါ အခု မင်းရဲ့ အစွမ်းတွေ ဘယ်လောက်ရှိနေပြီလဲ ဆိုတာ မြင်ချင်တယ်။ သွား . …. ”

ရှီယွီဖန်းက ပြောလိုက်ပါတယ် ။

” ယ . ဟေး ”

ရှီဟောင်က အော်ဟစ်မာန်သွင်းပြီး သူ့ရဲ့ချီ စွမ်းအားတွေကို လှည့်ပတ်ကာ စုစည်းလိုက်ပါတယ်။ ဒါပေမဲ့ ကျောက်တုံးကြီး ကတော့ မရွေ့သေးပါဘူး။

” ထင်သလောက် ဘယ်လွယ်ပါ့မလဲ ”

တခြားလူတွေက သူတို့ရဲ့ခေါင်းကို ငြိမ့်လိုက်ကြပါတယ်။

ဒီနောက်မှာတော့ ရှီဟောင်ဟာ ချက်ချင်းပဲ ကျောက်တုံးကြီးကို ကောက်မလိုက်ပါပြီ။ ကျောက်တုံးကြီးကို အနောက်ဘက်လွှဲရမ်း အားယူလိုက်ပြီး ကျောက်ခဲ အပိုင်းအစလေးတစ်ခုလို ပစ်ထုတ် လိုက်ပါတယ်။ ကျောက်တုံးကြီးက မီတာ ခြောက်ဆယ် ခုနှစ်ဆယ်ထိ လွင့်စင်ထွက်သွားခဲ့ပြီလေ။

” ဘုန်း ”

ဘုန်းခနဲ မြည်ဟိန်းသံကြီးနဲ့အတူ ကျောက်တုံးကြီး လွင့်စင်သွားရာ လမ်းကြောင်းတလျှောက် မြောင်းကြီးကြီး တစ်ခု ဖြစ်ပေါ် သွားပါတယ်။ ဖုန်မှုန့်တွေကလည်း မြူခိုးတွေအလား ကွင်ပြင်တစ်ခုလုံးကို ပိန်းပိတ်အောင် မှောင်ကျသွားစေခဲ့ပါပြီ။

လူတွေအားလုံးက ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေကြပြီး စကားမပြောနိုင်ကြတော့ပါဘူး။

ရှီဟောင်က ချက်ချက်းပဲ မဟူရာရောင် နွားနောက်ကြီးဆီကို ပြေး၀င်သွားခဲ့ပါတယ်။ သူ့ဟာ ခွန်အားတွေကို စုစည်းလိုက်ပြီး နွားနောက်ကြီးရဲ့ ဦးချိုကို လျင်မြန်စွာ ဖမ်းဆုပ်လိုက်ပါတယ်။ နွားနောက်ကြီးကတော့ မြေပေါ်ကို ဆွဲလှဲ ခံလိုက်ရပြီလေ။

ရှီဟောင်က သူရဲ့ခွန်အားနဲ့ ကျွမ်းကျင်မှုတွေကို အချိုးကျကျ သုံးခဲ့တယ်ဆိုပေမဲ့ အမှန်တကယ်တော့ သူ့ရဲ့ ခွန်အားတွေကသာ
သူမတူအောင် ထူးခြားနေခဲ့တာလေ။ ရွာသားတွေရဲ့ အသက်ရှူသံဟာ ခေတ္တ ခဏ ရပ်တန့်သွားသလို မွန်းစတားဆန်တဲ့
စွမ်းရည်တွေကိုလည်း ခံစားလိုက်ရပါတယ်။

ပြောရရင် ရှီဟောင်က ကျောက်ခေတ်ရွာမှာ အငယ်ဆုံး ကောင်လေးတစ်ယောက် ဖြစ်သလို သူ့ရဲ့လေ့ကျင့်မှုကလည်း အချိန်နည်းနည်းပဲ ရှိသေးတာပါ။

ဘယ်သူကမှတော့ ဒီအကောင်သေးသေး ကောင်လေးနဲ့ သူ့ရဲ့ မွန်းစတားဆန်တဲ့ ခွန်အားတွေကို ဆက်စပ်ကြည့်လို့ မရတော့ပါဘူး။

လူတွေ အားလုံးဟာ အံ့ဩတုန်လှုပ်မှ့ုတွေ မပြေပျောက်သေးပေမဲ့
ရှီဟောင်ကတော့ ကြေးနီအိုးကြီးဆီကို လျှောက်လှမ်းလို့ သွားခဲ့ပါပြီ။ ဒါပေမဲ့ ကြေးနီအိုးကြီးက သူ့ရဲ့ အရပ်ထက် ရှည်နေတာကြောင့် အိုးနှုတ်ခမ်းကိုပဲဖြစ်ဖြစ် အိုးလက်ကိုင်ကိုပဲ ဖြစ်ဖြစ် လက်နဲ့ဖမ်းဆုပ်လို့ မရတော့ပါဘူး။ ဒါကြောင့်ပဲ သူဟာ ခန္ဓာကိုယ်ကို ၀ပ်ချလိုက်ပြီး ကြေးနီအိုးကြီးကို ခေါင်းပေါ် ရွက်လိုက်ပါတယ်။

” ယား ”

ရွာသားတွေဟာ အံ့ဩလွန်းမက အံ့ဩနေခဲ့ပြီး သူတို့ အရှေ့မှာ မြင်နေရတဲ့ အရာကို လုံး၀ကို မယုံကြည်နိုင်ဘူး ဖြစ်နေကြပါတယ်။
ဒီ အသက် သုံးနှစ်ခွဲပဲ ရှိသေးတဲ့ ကောင်လေးက တစ်ထောင်ဂျင် အလေးချိန်ရှိတဲ့ ကြေးနီအိုးကြီးကို တကယ်ပဲ ချီမ ပြနိုင်တယ်ပေါ့။
ဒါက ရိုးရှင်းပေမယ့်လည်း ရယ်စရာတော့ကောင်း နေခဲ့ပါတယ်။

” ကမ္ဘာပေါ်မှာ ဒီလိုမျိုးလည်း ရှိသေးတယ်ပေါ့။ ဒါက သန့်စင်တဲ့ ဖီးရှီုး ဧကရာဇ် သွေးမျိုးဆက်ရဲ့သားနဲ့ တူသလို ဒဏ္ဍာရီလာဖီးနစ်ငှက်ရဲ့ မျိုးဆက်နဲ့လည်း တူနေပါလား သူငယ်လေး ရှီဟောင်က တကယ်ကို ငယ်သေးပေမဲ့ ရှေးဟောင်းသားရဲကြီးတွေနဲ့ပဲ နှိုင်းယှဉ်နိုင်တော့မယ်။ ”

************

https://en.wikipedia.org/wiki/Peng_(mythology)

ဒဏ္ဌာရီလာ ဖီးနစ်ငှက်ရဲ့ အကြောင်းကို ဒီနေရာကနေ wikiမှာ သွားရောက်ဖတ်ရှုလို့ရပါတယ်။

Comment

Leave a Reply

Options

not work with dark mode
Reset