စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁၅ ဓါးမော့နတ်ဘုရား၏ အစွဲအလမ်း။
ယဲ့ရှောင်က လည်ချောင်းရှင်းလိုက်ရာ ဆာမြူရယ်၏ သူငယ်အိမ်တို့ ကျုံ့သွားလေ၏။
” မင်း ဘာလိုချင်တာလဲ ”
ယဲ့ရှောင်က သူ၏ လည်ပင်းကို ပွတ်သပ်လိုက်၏။
” ဘာမှမဟုတ်ဘူး။ လည်ချောင်းရှင်းရုံပဲ။ ဘာတွေကြောက်နေတာလဲ။ ငါက မင်းအပေါ် အန်မှာမှ မဟုတ်တာ။ ဒါမှမဟုတ် မင်း ငါ့ကို အန်စေချင်တာလား ”
ဆာမြူရယ်က ရုတ်တရက် တုန်ယင်သွားလေ၏။
” မင်း ငါ့အပေါ် အန်ရဲရင် ကြိုးစားကြည့်လိုက်
လေ ”
ဆာမြူရယ်က ကြိုးစားဟူသည့် စကားကို အော်ရန် အချိန်မရလိုက်ပဲ ယဲ့ရှောင်က သူ့ပေါ် အန်ချလိုက်သည်။
” အား အား အား အား။ ငါ မင်းကို သတ်မယ် ”
ဆာမြူရယ်က ဒေါသထွက်သွားပုံရ၏။ သူက ယဲ့ရှောင်ဆီသို့ တိုးဝင်သွားလေ၏။
ဖုန်း။
သို့သော်ငြား နောက်တစ်စက္ကန့်၌ သူက ယဲ့ရှောင် ထိုးနှက်တာ ခံရပြီး နံရံနှင့် အညှာအတာမဲ့စွာ တိုက်မိသွားလေ၏။
သူ၏ မျက်လုံးထောင့်ကနေ အရှက်ကွဲသည့် မျက်ရည်များ ကျလာလေသည်။ နှစ်ပေါင်းမည်မျှ ကြာသွားမည်နည်း။
သူက ကျားနတ်ဘုရားနောက် လိုက်ခဲ့ပြီး အာကာသစစ်မြေပြင်ထဲ၌ မရေမတွက်နိုင်သည့် လူသားများကို သတ်ဖြတ်ခဲ့ပြီး သူတို့ထဲ၌ လူသားမျိုးနွယ်မှ သိုင်းပညာရှင်များစွာတောင် ရှိသည်။
သူသည် သူတို့အားလုံးကို ပုရွက်ဆိတ်များပမာ သတ်ဖြတ်ပြီး သူ့အစာအိမ်ထဲ ထည့်ပြီး ဝါးမြိုခဲ့ကာ သူ၏ အဟာရအဖြစ် ပြောင်းလဲခဲ့သည်။ သူ့အမြင်တွင် လူသားမျိုးနွယ်စုက နိမ့်ကျသည့် မျိုးနွယ်ဖြစ်ပြီး စားစရာသာ ဖြစ်၏။ ပိုးကောင်များနှင့် ပုရွက်ဆိတ်များပမာပင်။ သူက သူတို့အားလုံးကို အလိုရှိသလို ပြုလုပ်နိုင်၏။ ပုံမှန်ဆို သူတို့ကို သူ ကြည့်တောင် ကြည့်မှာ မဟုတ်ပေ။ သို့သော်ငြား ယခု သူက နံရံထဲ နစ်ဝင်အောင် အရိုက်ခံရပြီး သူ အထင်သေးဆုံး လူသားတစ်ယောက် အရှက်ခွဲတာ ခံနေရ၏။ အရှက်ကွဲခြင်းက သူ့ကို ချက်ချင်း သေချင်စိတ် ပေါ်သွားစေသည်။
ယဲ့ရှောင်က ဂရုဏာသက်မှု ဆိုးဆေးများ မရှိပေ။
” မင်းကို နောက်ဆုံးတစ်ခေါက် မေးမယ်။ မင်း နာခံဖို့ ဆန္ဒရှိလား ”
” ဟား ဟား ဟား ဟား ဟား ”
ဆာမြူရယ်က လှောင်ပြောင်သည့်အပြုံး ပြုံးလိုက်လေ၏။
” မင်း ဒီပုံအတိုင်း လုပ်နေလို့ ငါ ကြောက်မယ်များ ထင်နေလား။ မင်းကို ပြောလိုက်မယ်။ မဖြစ်နိုင်ဘူးဆိုမှတော့ ဘယ်တော့မှ မဖြစ်နိုင်ဘူးပေါ့။ ငါက ကျားနတ်ဘုရား လက်အောက်က ကြီးမြတ်တဲ့ ဗိုလ်ချုပ်ပဲ။ ငါက တော်ဝင်ကြယ်တာရာသားရဲ ဟိုက်တုန်ချင်မျိုးနွယ်ကပဲ ”
” ငါက ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်။ ငါသေရင်တောင် မင်းကို အလွယ်တကူ လွှတ်မပေးဘူး။ မင်းက ငါ့ကို မင်းရဲ့ မွေးမြူရေး တိရစ္ဆာန်ဖြစ်ချင်တာလား။ အိမ်မက်မက်နေလိုက် ”
ဆာမြူရယ်က ဟိန်းဟောက်လိုက်လေ၏။ သူ၏ မျက်လုံးများက နီရဲသွားသည်။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းရည်များက ချက်ချင်း စုဝေးလာပြီး ပေါက်ကွဲသွားတော့၏။ နော့ဖစ်နှင့် ကျန်သည့်ကြယ်တာရာသားရဲများ၏ အမူအယာက ရုပ်ချည်း ပြောင်းလဲသွားတော့သည်။
” သေစမ်း။ သူ့ကိုသူ ဖောက်ခွဲချင်နေတာပဲ ”
” လခွမ်း … အရူးကောင်။ မင်း အသက်မရှင်ချင်တော့တာနဲ့။ ငါတို့ကို ဆွဲသွားတော့မှာလား ”
အလျင်အမြန်ပဲ ပြင်းထန်သည့် အလင်းအောက်၌ ဆာမြူရယ်က သူ့ကိုသူ ဖောက်ခွဲလိုက်၏။
သူက ရှန်းထျန်းနဝမအဆင့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် သူ့ကိုသူ ဖောက်ခွဲခြင်းက ဖျက်ဆီးခြင်းအဆင့်၌ ရှိသည်။ အပြင်တွင်သာဆိုလျှင် သူက ကျန်းဟိုင်တစ်မြို့လုံးကို အလွယ်တကူ ဖျက်ဆီးနိုင်သည်ဟု ယုံကြည်ချက်ရှိ၏။ သို့သော်ငြား ဤနေရာက ယဲ့ရှောင်၏ တော်ဝင်အစီအရင် မြေကမ္ဘာခွင်း အမတာ ခုနှစ်စင်ကြယ် အစီအရင် ဖြစ်သည်။ သူ့ကို ကာကွယ်ပေးထား၏။ ထို့ကြောင့် ကျန်းဟိုင်မြို့ကို သူ မထိခိုက်စေနိုင်ပေ။
ယဲ့ရှောင်၌ ကာကွယ်ရေး သံချပ်ကာနှင့် ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်း နှစ်မျိုးလုံး ရှိသည်။ သူ၏ ခုခံနိုင်သည့် ခုခံမှုများအားလုံးကို ဖြည့်စည်းသည်ဟု ဆိုနိုင်သည်။ သူ့တစ်ကိုယ်လုံးက အတွင်းရော အပြင်ပါ ကျင့်ကြံထား၏။ ထို့ကြောင့် သူ ကြောက်နေရန် မလိုပေ။ သို့သော်ငြား ဤနေရာရှိ ကြယ်တာရာသားရဲများကမူ မတူညီပေ။ သူတို့၏ ခွန်အားက ရှန်းထျန်းနဝမအဆင့် ခွန်အားသို့ မရောက်ပေ။ တစ်ချိန်တည်းတွင် သူတို့က ယဲ့ရှောင်၏ ခုခံမှုမျိုး မရှိကြ။ ထို့ကြောင့် သူတို့က ဆာမြူရယ်၏ ကိုယ့်ကိုကိုယ် ဖောက်ခွဲမှုကို ခံနိုင်ရည် မရှိကြချေ။
ဖုန်း။
ပေါက်ကွဲမှုက ဆာမြူရယ်၏ ခန္ဓာဝိညာဥ်နှင့် အသိစိတ်ကို ဝါးမြိုသွား၏။ သို့သော်ငြား ယင်းက သေဆုံးခြင်း ဖြစ်သော်ငြား သူက ဂုဏ်ယူဝင့်ကြွားမှု သူရဲကောင်းဆန်မှု တစ်စွန်းတစ်စကိုလည်း ခံစားမိသည်။ ကြယ်တာရာသားရဲမျိုးနွယ်အတွက် သိက္ခာရှိရှိ သေဆုံးခြင်း။ သေရသည်က ဂုဏ်တက်လှ၏။
အရှင်ကျားနတ်ဘုရား တစ်သက်လုံး သက်တော်ရာကျော်ရှည်ပါစေ။
အရှင်ကျားနတ်ဘုရား တစ်သတ်တာအတွက် နှုတ်ဆက်ပါတယ်။ ကျုပ် ဆာမြူရယ်က အရှင့်ကို အရှက်မကွဲစေခဲ့ဘူး။
မိနစ်များ တစ်တိတိ ကုန်ဆုံးသွား၏။ အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိရပေ။
ရာစုနှစ်တစ်စု ကြာညောင်းတာ ဖြစ်ကောင်းဖြစ်နိုင်၏။ နောက်ထပ်တစ်စက္ကန့်သာ ကြာတာ ဖြစ်နိုင်လေ၏။
ဆာမြူရယ်က အမှောင်ထုထဲ ဝေ့ဝိုက်သွားလာနေသော သူ၏ အသိစိတ်သည် အလင်းရောင်ခြည်ကို မြင်လိုက်ရသည်ဟု ခံစားလိုက်ရ၏။
သူက ၄င်းကို ဖမ်းဆုပ်မိလိုက်သည်။ နောက်တစ်စက္ကန့်၌ အလင်းက ရုတ်တရက် ကြီးမားလာပြီး သူ့ကို လွှမ်းခြုံသွားတော့သည်။ သူ့ရှေ့ရှိ အရာအားလုံးက ယခင်အခြေအနေအတိုင်း ပြန်ရောက်လာ၏။ ဘာမှမပြောင်းလဲသွားသလိုပင်။
ယဲ့ရှောင်၏ မျက်နှာထက်၌ အပြုံးဖျော့ဖျော့တစ်ပွင့် ရှိနေသေးသည်။
သူတို့က တူညီသည့် နေရာတွင် ရှိနေသေးပြီး ကျန်သည့် ကြယ်တာရာသားရဲများကလည်း အထိအခိုက် မရှိကြပေ။
” ”
သူ့ရင်ထဲ၌ ဇဝေဇဝါ ဖြစ်သွားလေ၏။
ဘာ ဘာတွေဖြစ်ကုန်တာလဲ။
” ထင်ယောင်ထင်မှား ဖြစ်တာလား ”
မဟုတ်ဘူး။ ဒါက ထင်ယောင်ထင်မှားဖြစ်တာ မဟုတ်ဘူး။
အကြောင်းမှာ ထိုကြယ်တာရာသားရဲများအားလုံး သူ့ကို ကျိန်ဆဲနေကြပြီး သူ့ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ သူက ယခုအချိန်တွင် အပြည့်အဝ အထိအခိုက် မရှိပေ။ ယဲ့ရှောင်သည် အရာအားလုံးကို ပြန်ပြင်လိုက်သည်လော။
သူ့ကို ကျိန်ဆဲနေသော နော့ဖစ်၏ အသံက ပေါ်ထွက်လာ၏။
” မင်း အရူးကောင်။ ငါတို့တွေ အစောတည်းက သေလောက်ပြီပေါ့။ ငါတို့တွေရော ဒီမှာ မွေးမြူရေး တိရစ္ဆာန် ဖြစ်ချင်တယ်လို့ တကယ် ထင်နေလား ”
” သူက ကုသခြင်းကျင့်စဥ် သိတယ်။ ဒါ့အပြင် သူက ကျင့်စဥ်တွေ အများကြီး သိတာ ”
စူဇန်က ဒေါသတကြီး ပြောလိုက်၏။
” ဒါ့အပြင် ကုသခြင်းကျင့်စဥ်တိုင်းက တော်ဝင်အဆင့်မှာ ရှိတာ။ နင့်အဖို့ သေဖို့ မဖြစ်နိုင်ဘူး ”
ဆာမြူရယ်က ကြေကွဲပြိုလဲသွားတော့၏။
ယခုအချိန်တွင် ယဲ့ရှောင်၏ ချောမောခန့်ညားသော မျက်နှာကို ကြည့်မိသောအခါ သူ၏ ယခင် စိတ်ဓာတ်တက်ကြွမှုကို မည်သည့်နေရာသို့ ရောက်ကုန်သနည်း။ လက်ရှိ သူက ကြောက်ရွံ့ခြင်း၊ စိတ်ပျက်အားငယ်မှုတို့သာ ရှိနေပြီး သူ့ရင်ထဲ၌ ဆက်တိုက် ပေါ်ထွက်နေ၏။
ယဲ့ရှောင်က နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
” ကြည့်ရတာ မင်းက မနာခံချင်သေးတဲ့ပုံပဲ။ ဒီလိုဆိုမှတော့ မင်း ငါ့ကို အပြစ်မတင်နဲ့။ နော့ဖစ် … မင်းတို့ ကြယ်တာရာသားရဲတွေအားလုံး သူ့ကို အတူတူ တိုက်ခိုက်ကြ။ သူ့ရဲ့ မျက်နှာကို ဖြဲလို့ဖြဲ။ သေးပန်းလို့ပန်း။ ကြိုက်တာလုပ်။ မင်းတို့ သူ့ကို အပြီးသတ်နိုင်သရွေ့ ကြယ်တာရာသားရဲတွေအားလုံး တစ်ပတ်တာ အနားယူခွင့်ရမယ် ”
” ဟုတ်ပြီ ”
” ငါ လုပ်မယ် လုပ်မယ် ”
” ငါ အချိန်အကြာကြီး ထိန်းထားရတာ သူ့ကို ပြလိုက်မယ် ”
ကြယ်တာရာသားရဲများက သူတို့ တစ်ပတ်တာ အားလပ်ခွင့်ရမည်ဆိုတာကို ကြားသောအခါ မျက်လုံးများ လက်သွားပြီး အင်မတန် စိတ်လှုပ်ရှားကုန်၏။
ယင်းက ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်။ ထို့ကြောင့် မည်သူမှ လက်လွှတ်မခံချင်ပေ။ ဆာမြူရယ်က မော့ယွီ၊ ကျိဖုန်းနှင့် စူဇန်ကတောင် အသင့်ပြင်နေတာကို တွေ့လိုက်ရ၏။ သူက အပြည့်အဝ ပြိုလဲသွား၏။ သူတို့ကို ထိုအတိုင်း ပြုလုပ်ခွင့် ပေးလိုက်မည်ဆိုလျှင် သူ၏ ရောဂါပိုးမွှား ကြောက်ရွံ့တတ်မှုက နောက်ဆုံးအဆင့်ထိ ရောက်နေ၏။ သူ သေချင်စိတ် ဖြစ်ရလောက်သည်အထိ နာကျင်နေသည်။
” နေဦး ”
သူက ချက်ချင်း တောင်ပံခတ်ကာ ကြယ်တာရာသားရဲများကို အလျင်စလို မလှုပ်ရှားရန် အချက်ပြလိုက်တော့သည်။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ယဲ့ရှောင်ဆီသို့ သွားလိုက်၏။ ယဲ့ရှောင်ကို စက္ကန့်အနည်းငယ်ခန့် ကြည့်ပြီးနောက် အံကြိတ်ကာ ယဲ့ရှောင်ရှေ့ ဒူးထောက်လိုက်တော့သည်။
” ကျုပ်ရဲ့ ငှက်မွေးတွေက ဓါးတွေလို ထက်မြိတယ်။ သူတို့တွေက လက်နက်သွန်းလုပ်ဖို့အတွက် ကုန်ကြမ်းကောင်းတွေပဲ ”
” ကျုပ်ရဲ့ အသားနဲ့ သွေးက အသက်ဓာတ်ပြင်းပြီး အရသာက ပြင်းတယ် ”
” တံတွေးနဲ့ ဆီးတွေနဲ့ စွန်းထင်းသွားခဲ့မယ်ဆိုရင် အဆင်ပြေတော့မှာ မဟုတ်ဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီး ဆာမြူရယ်၏ ခေါင်းကို ပုတ်လိုက်လေ၏။
” ဟုတ်ပြီ။ မင်းသာ စောစောတုန်းက ပြောခဲ့မယ်ဆိုရင် ငါတို့တွေ ပြဿနာတွေ မတက်တော့ဘူးပေါ့ ”
ဆာမြူရယ်က အရှက်တကွဲ မျက်ရည် ကျလာတော့၏။
သူ့ဘဝ၏ မှောင်မိုက်သော သမိုင်းကြောင်းကို ဖျက်နိုင်တော့မှာ မဟုတ်မှန်း သူ သိနေသည်။
သူ ဝင်လာသည့် ပထမဆုံးနေ့ဖြစ်သောကြောင့် ယဲ့ရှောင်သည် သူ့ကို အလုပ်ချက်ချင်း စမလုပ်ခိုင်းပေ။ ထိုအစား ခဏတဖြုတ် အနားယူခိုင်းပြီး မနက်ဖြန်မှ အလုပ်တရားဝင် စလုပ်ခိုင်း၏။
သို့သော်ငြား သူက တစ်ရက်နောက်ကျပြီးမှ အလုပ်စနိုင်သော်ငြား သူ၏ ကြယ်အမြုတေ ကျင့်စဥ်က နှောင့်နှေး၍ မရပေ။
ယဲ့ရှောင်သည် ကြယ်တာရာသားရဲများရှေ့၌ သူ၏ ဦးခေါင်းခွံကို ချေမွကာ ကြယ်အမြုတေကို ထုတ်လိုက်၏။ ယင်းက ကိုယ်ဖော့သိုင်းတစ်မျိုးဖြစ်သည်။ ကံဆိုးသည်မှာ ထိုသိုင်းက နတ်ဘုရားအာရုံစူးစိုက်ခြင်းနှင့် ပုံစံတူညီနေ၏။ ထို့ကြောင့် သူက နတ်ဘုရားအာရုံစားစိုက်ခြင်းသိုင်းဖြင့် ဆာမြူရယ်ကို ဖမ်းနိုင်ခဲ့တာပဲ ဖြစ်သည်။
ကူကယ်ရာမဲ့လျက် ယဲ့ရှောင်က သူ့ကို ကုသပေးပြီးနောက် ထွက်သွားကာ မြေကြီးပေါ် ပြန်တက်လိုက်၏။
ယဲ့ရှောင်ထွက်သွားပြီးနောက် ဆာမြူရယ်က လူတိုင်းကို မျက်နှာပူထူစွာ ကြည့်နေ၏။
သူက ထိုအရှက်ခွဲမှုကို တောင့်မခံနိုင်။ သေလည်းမသေနိုင်ပေ။ ယင်းက အမှန်တကယ် နာကျင်လွန်းလှပေ၏။
” အားလုံးပဲ ကျုပ် ကျုပ်တောင်းပန်ပါတယ်။ ကြယ်တာရာသားရဲမျိုးနွယ်ကို အရှက်ကွဲစေမိပြီ ”
နော့ဖစ်က သူ့နောက်ကျောကို ပုတ်ပြီး နှစ်သိမ့်လိုက်၏။
” အဆင်ပြေတယ်။ အားလုံးကလည်း မင်းအတိုင်းပဲ။ မင်းကို ဘယ်သူ့မှ မရယ်ကြဘူး ”
” ကျေးဇူးပါ ”
ဆာမြူရယ်၏ လေသံက အနည်းငယ် ရှိုက်သံပါနေ၏။ ပြီးနောက် သူက ပါးစပ်ထပ်ဟလိုက်ပြန်သည်။
” စီနီယာ ကျွန်တော် သိချင်လို့။ ဒီနေရာကနေ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခု ရှိလား။ သူ့လို နတ်ဆိုးဆီကနေလေ ”
” ငါ အရင်တုန်းက စဥ်းစားဖူးတယ်။ သားရဲကပ်ဘေးအတောအတွင်း ငါတို့ကို ကြယ်တာရာသားရဲတွေ ရှာတွေ့ခဲ့မယ်ဆိုရင် သူတို့က ငါတို့ကို ကယ်တင်နိုင်လိမ့်မယ်။ ကြယ်တာရာသားရဲတွေက ငါတို့ကို ရှာမတွေ့ခဲ့ရင် အချိန်အတော်ကြာဦးမှာပေါ့ ”
” ဘယ်လောက်လဲ ”
ဆာမြူရယ်က အမြန်မေးလိုက်၏။ နော့ဖစ်က တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
” အရင်တုန်းကတော့ အနှစ် ၄၀၀၀ ဝန်းကျင်မှာ ငါတို့ လွတ်မြောက်မယ်လို့ ထင်ခဲ့တာပဲ။ အခု မင်း ဝင်လာပြီဆိုတော့ ငါတို့ နောက်ထပ် အချိန်တစ်ဝက်ထပ်တိုးပြီး အနှစ် ၆၀၀၀လို့ ခံစားမိသေးတယ် ”
” အနှစ် ၆၀၀၀အတွင်း ငါတို့က ဘုရင်နယ်ပယ်ကို အဆင့်မတက်နိုင်ရင်တောင် ငါတို့တွေ သူ့ကို သေတဲ့အထိ ညှင်းပမ်းလို့ ရလောက်သေးတယ် ”
” နှစ်ပေါင်း ၆၀၀၀လား။ အဲ့လောက် တကယ်ကြာတယ်လား ”
ဆာမြူရယ်က ချက်ချင်း စိတ်ပျက်အားငယ်သွားလေ၏။
ကြယ်တာရာသားရဲများက သက်တမ်းအလွန်ရှည်ပြီး တိုက်ပွဲအတွင်း သေဆုံးခြင်း မကြုံတွေ့ရသရွေ့ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများအဖို့ နှစ်ထောင်ချီ နေထိုင်နိုင်ဖို့က ပြဿနာတစ်ရပ် မဟုတ်ပေ။
သို့သော်ငြား မှောင်မည်းပြီး ကျဥ်းမြောင်းသည့် နေရာလေးထဲ၌ နှစ်ပေါင်းထောင်ချီ နေထိုင်ရမည့်ပုံကို တွေးမိသောအခါ သူ အင်မတန် နာကျင်လာ၏။
စိတ်ပျက်အားငယ်မှုများမှု ပြည့်နေသော သူ့မျက်နှာကို ကြည့်ပြီး နော့ဖစ်က ခံစားချက်ပေါင်းစုံ ပြည့်သွားတော့၏။ သို့သော် တစ်ချိန်တည်းတွင် သူက ကံကောင်းသည်ဟု ခံစားမိသည်။ ကံကောင်းသည်မှာ ဤနေရာတွင် ရှိနေသည့်သူက ကိုယ်ခွဲမျှသာ ဖြစ်သည်။
သူ၏ ပင်မခန္ဓာက ရှောင်လင်ဘုရားကျောင်းတွင် ရှိနေ၏။ သူ၏ ပင်မခန္ဓာ ရောက်မလာသရွေ့ သူ အဆင်ပြေလိမ့်မည်။ နောင်ကြ ပင်မခန္ဓာက အမှန်တကယ် မလွတ်မြောက်နိုင်လျှင် အဆင်ပြေပြီး လွတ်မြောက်နိုင်လျှင်တော့ ပိုကောင်းပေမည်။
အနည်းဆုံးတော့ သူ အမြစ်ပြတ် သုတ်သင်ခံရမှာ မဟုတ်ပေ။
တစ်ဖက်တွင်မူ ယဲ့ရှောင်က မြေပြင်ပေါ် ပြန်သွားလိုက်၏။ သူက အိမ်ပြန်ရောက်ခါစ၌ ဖာ့ကျန်းထံမှ ဖုန်းခေါ်ဆိုမှု ရလိုက်သည်။
” ဟယ်လို ဒီလောက်နောက်ကျနေပြီ ဘာကိစ္စရှိလို့လဲ ” ဖာ့ကျန်း၏ ပူပန်နေသော အသံကို ဖုန်း၏ တစ်ဖက်ကနေ ကြားလိုက်ရ၏။
” မစ္စတာ ယဲ့။ ဒီရဟန်းက ရှောင်လင်ကို အရေးတကြီး ပြန်စရာရှိလို့။ ဒါပေမဲ့ ရှောင်လင်အခွဲက တည်ဆောက်နေသေးတုန်းပဲ။ ဒီရဟန်းက သိုလှောင်လက်စွပ်ကို မင်းဆီကို အပ်ထားချင်လို့။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်အတိုင်း ကုန်ကြမ်းတွေကို ဖြန့်ဖြူးပေးဖို့ ကူညီပေးနိုင်မလား ”
” ဒီရဟန်းအိုက လက်စွပ်ကို ဒါရိုက်တာ အိုးရန်ဆီမှာ ထားခဲ့ပေးတယ်။ သူက မင်းဆီ မနက်ဖြန် ပေးလောက်တယ် ”
” ဒါပေါ့။ မင်း အလုပ်များနေတယ်ဆိုရင် အရင်သိုင်းကျောင်းတော်ရဲ့ ကျောင်းအုပ် ချင်ရှန်းလုံဆီကို ပေးပေးလို့ရတယ်။ သူက ရှောင်လင်အခွဲနဲ့ သိုင်းကျောင်းတော်ကြား ဆက်နွယ်မှုအဖြစ် ဆောင်ရွက်ပေးခဲ့တာလေ ”
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်၏။
” ဘာတွေဖြစ်နေတာလဲ။ ညလယ်ခေါင်ကြီး ရှောင်လင်ကို ပြန်မလို့လား။ တစ်ရက်လောက် မစောင့်နိုင်ဘူးလား ”
” နောက်ကျလွန်းနေပြီ။ အခြေအနေ အတိအကျက ပြောဖို့ ခက်ခဲတယ်။ ဓါးမော့နတ်ဘုရား လီလျိုဆွေ့က အဆင့်တက်တာ မှားယွင်းပြီး ပူးကပ်ခံလိုက်ရတယ် ”
” အခု သူ ရှောင်လင်မှာ …။ စီရင်စု၉ခုထဲက ရှောင်လင် ကျောင်းခွဲတွေ အားလုံးကို အရေးပေါ် ဆင့်ခေါ်တယ်။ ချီရှန်းအဆင့်အထက် သိုင်းပညာရှင်တွေအားလုံးက သူ့ကို အစီအရင်တစ်ခု ဖွဲ့တည်ပေးပြီး သူ့ရဲ့ ဝိညာဥ်ကို တောင့်တင်းခိုင်မာစေဖို့ ကျမ်းစာတွေ ရွတ်ဖတ်ပေးရမယ်။ ဒီကိစ္စက အရေးကြီးတယ်။ အတည်မပြုရသေးခင် မစ္စတာ ယဲ့။ သတင်းပေါက်ကြားစေလို့ မရဘူး ”
” ဟုတ်ပြီ။ ဒီရဟန်းအိုက လေယာဥ်ပေါ် တက်တော့မယ်။ နောက်မှ ပြောကြမယ် ”
ပြောပြီးနောက် ဖာ့ကျန်းက ဖုန်းချလိုက်တော့၏။
ယဲ့ရှောင်က အနည်းငယ် ထိတ်လန့်သွားသည်။
လီလျိုဆွေ့က အဆင့်တက်တာ မှားယွင်းသွားတာလား။ သူက အကျင့်ဖောက်ပြန် ပျက်စီးတော့မှာလား။
အပိုင်း ၂၁၅ ပြီး၏။