စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁၄ ကြီးမြတ်လှတဲ့ ဆာမြူရယ်က ဘယ်လိုလုပ် မွေးမြူရေး တိရစ္ဆာန် ဖြစ်နိုင်ပါ့မလဲ။
” သခင် ကျွန်မတို့တွေ ဘာလုပ်သင့်လဲ ”
” သူတို့ကို အသက်သွင်းပေးရမှာပေါ့ ”
တစ်ဖက်သူသည် မတော်တဆ ကျူးကျော်လာခဲ့မိတာပဲ ဖြစ်သည်။ အစီအရင်အတွက် အစီအရင်၏ ဓါးစာခံများ ဖြစ်သွားရခြင်းအတွက် သူ့တွင် တာဝန်ရှိသည်။ ထို့အပြင် သူတို့က ကျန်းဟိုင်မြို့အတွက် အစီအရင် ခင်းကျင်းပေးဖို့ ဤနေရာကို ရောက်လာတာ ဖြစ်သည်။
သူက သူတို့ကို သေချာပေါက် အသက်ပြန်သွင်းပေးချင်၏။
ယဲ့ရှောင်သည် အလောင်းများကို ကူကယ်ရာမဲ့စွာ ကြည့်ပြီးနောက် ကျန်းဟိုင်မြို့သို့ ခေါ်လာသည်။ သူတို့ကို မြစ်ဘေးတွင် အသက်သွင်းပေးပြီးနောက် ထွက်သွားတော့၏။ မကြာမီ၌ ရှန်းထျန်းဆဌမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦးက ပထမဆုံး နှိုးလာသည်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး တွေဝေစွာ ပြောလိုက်၏။
” ငါတို့ သေသွားပြီလား။ ဒါက ငရဲလား ”
ချန်ချင်းရွှမ်နှင့် ကျန်သည့်သူများကလည်း နှိုးလာပြီး ဘေးဘယ်ညာကို ကြည့်လိုက်သည်။
” ဒါ ငရဲမဖြစ်လောက်ဘူး။ ဒီနေရာက ဝိညာဥ်စွမ်းအားက အလွန်ကြွယ်ဝတာ။ ငါထင်တာသာမှန်မယ်ဆိုရင် အဲ့ဒီအစီအရင်ကို တည်ဆောက်ခဲ့တဲ့ စီနီယာက ငါတို့ကို ကယ်တင်လိုက်တာပဲ ဖြစ်ရမယ် ”
” သိပ်ရှက်ဖို့ကောင်းလွန်းတယ်။ ဒီအကြောင်း ဘယ်သူ့ကိုမှ ပြောလို့မရဘူး။ မဟုတ်ရင် ငါတို့ သိက္ခာပျက်စီးလိမ့်မယ် ”
” ဟုတ်တယ်။ အံ့ဖွယ်ဂိုဏ်းတစ်ယောက်၊ မဟာချီရှန်းအချို့နဲ့ ထိပ်တန်းအစီအရင်သခင်တစ်ယောက်။ ဒီလို ပေါင်းစည်းမှုမျိုးနဲ့ တစ်စုံတစ်ယောက်ရဲ့ အစီအရင်ထဲ တကယ်ကြီး ပိတ်မိသွားပြီး သေတဲ့အထိတောင် အရိုက်ခံလိုက်ရတယ်။ ဒီစကားတွေသာ အပြင်ရောက်သွားခဲ့မယ်ဆိုရင် ငါတို့ ဘိုးဘေး ( ၁၈ ) ဆက်ရဲ့ မျက်နှာကို အိုးမဲသုတ်ရာ ရောက်လိမ့်မယ် ”
” ဆင်ခြင်တစ်ခု ရှာကြရအောင် ”
” ငါတို့ ကြယ်တာရာသားရဲ တစ်စုနဲ့ တွေ့နေတယ်ပဲ ပြောရအောင်။ လူသားတွေ ငြိမ်းငြိမ်းချမ်းချမ်း အလုပ်လုပ်နိုင်ဖို့အတွက် ငါတို့က အဲ့ဒီကြယ်တာရာသားရဲတစ်စုကို ရှင်းလိုက်တာ။ ပါမောက္ခ ချန် အဲ့လိုပြောရင်ရော ဘယ်လိုထင်လဲ ”
ချန်ချင်းရွှမ်က ခေါင်းညိတ်လိုက်၏။ သူ၏ အိုမင်းသော မျက်နှာက အနည်းငယ် ပူနေသည်ဟု ခံစားလိုက်ရသည်။
သို့သော်ငြား အနည်းဆုံးတော့ သူ သိက္ခာမကျတော့ပေ။
ထိုအကြောင်းကို တွေးမိပြီး ဖုန်းထုတ်ကာ သူ၏ မိတ်ဆွေဟောင်း တုချန်ဖုန်း၏ နံပါတ်ကို နှိပ်လိုက်၏။
ယဲ့ရှောင်က အိမ်ပြန်လာပြီး ဆက်စားလိုက်သည်။ စားစရာများက သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအင်ကို အားဖြစ်ပေးနိုင်သည့် ပစ္စည်းကောင်းများ ဖြစ်သည်။ ၄င်းတို့ကို သူ မဖြုန်းတီးနိုင်ပေ။
သူက ဘုရင်နယ်ပယ်သို့ အဆင့်တက်ရန်အတွက် ဝိညာဥ်စွမ်းအင်များစွာ လိုအပ်သည်။ ထို့ကြောင့် သူက အစားအစာများ ပိုလိုအပ်၏။ ထို့အပြင် သူ၏ ကျင့်စဥ်က တစ်ချိန်လုံး လည်ပတ်နေသေးသည်။
ကျန်းဟိုင်မြို့ထဲရှိ ဝိညာဥ်စုစည်းခြင်း အစီအရင်ကို သူ ပြုပြင်ပေးထားတာပဲ ဖြစ်သည်။ သူ စုပ်ယူလိုက်သည့် ဝိညာဥ်စွမ်းအင်အရှိန်က ပထမအဆင့် မြို့များထက် ပိုမြန်ဆန်လေ၏။ ထို့ကြောင့် ကျန်းဟိုင်မြို့ထဲရှိ လူအားလုံး ကောင်းကျိုးရလိမ့်မည်ဟု သူ ခံစားမိသည်။
သူတို့ထဲ၌ အကျိုးအရှိဆုံးက သူပဲ ဖြစ်သည်။
သူက ရှန်းထျန်းနဝမအဆင့်တွင် ရှိသောကြောင့် သူ၏ ကျင့်စဥ်သည် တော်ဝင်အဆင့်တွင်ရှိသည်။ ထို့ကြောင့် သူက တိကျသည့် ဆိုင်ဖွန်အာနိသင်ကို သုံးနိုင်သည်။ မကြာမီ၌ စားစရာအားလုံးကို အပြီးသတ်ပြီး ပါးစပ်သုတ်လိုက်၏။
ဟုတ်ပြီ။ ငါ ဗိုက်ပြည့်သွားပြီ။ ဆာမြူရယ်ကို သွားစစ်ရမဲ့ အချိန်ရောက်ပြီပဲ။
တစ်ဖက်တွင် ယဲ့ရှောင်၏ မွေးမြူရေးခြံထဲ၌ ဆာမြူရယ်က နောက်ဆုံးတွင် နှိုးလာလေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကလည်း စတင်ကုသနေပြီ ဖြစ်သည်။
” စီနီယာ ဆာမြူရယ်။ တော်ပါသေးရဲ့ နောက်ဆုံးတော့ နှိုးလာပြီပဲ ”
ရင်းနှီးနေသော အသံတစ်သံက နားထဲ ကြားလိုက်ရပြီး သူ စိတ်လွှတ်သွားသည်။
မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ဘေးတွင် မော့ယွီကို တွေ့လိုက်ရ၏။ အနည်းငယ် ပင့်တက်ထားပြီးသော မျက်ခုံးက ပိုတောင် ကျုံ့သွားတော့သည်။
” ဒါက သေလွန်ပြီးတဲ့အခါ ဝိညာဥ်တွေအားလုံးက သေမင်းလောကကို သွားတယ်ဆိုတဲ့ ဒဏ္ဍာရီ နေရာများလား။ ဒီလိုနေရာ တကယ်ရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ နှမြောစရာက ငါ ဆာမြူရယ်က ကျားနတ်ဘုရားနောက် လိုက်ခဲ့ပြီး ငါ့ဘဝမှာ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ခဲ့ရတယ်။ မရေမတွက်နိုင်တဲ့ လူသားတွေကို သတ်ဖြတ်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ တကယ်ကြီး ကျရှုံးခဲ့ပြီ။ ဒီသေးသိမ်တဲ့ ကျန်းဟိုင်မြို့လေးထဲမှာ သေသွားတာ။ ဘယ်လောက်ရယ်စရာ ကောင်းလိုက်လဲ ”
ယခုအချိန်တွင် ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး အနေရခက်သည့် အခြေအနေများ ပြည့်နေတော့သည်။
မော့ယွီက အမြန် ရှင်းပြလိုက်တော့သည်။
” အရှင်ဆာမြူရယ် အရှင် မသေသေးပါဘူး။ ဒါက သေမျိုးလောက မဟုတ်ဘူး။ ကျန်းဟိုင်မြို့ထဲက ဝိညာဥ်စုစည်းခြင်း အစီအရင် ဗဟိုချက်ပါ ”
ဆာမြူရယ်၏ အမူအယာက ရုပ်ချည်းအေးစက်သွားလေ၏။
” မျိုးမစစ်ကောင် မော့ယွီ … မင်း သေသွားတာ
ကြောင့် ငါ့ကို အရူးလုပ်နိုင်မယ်လို့ ထင်နေတာ။ အဓိပ္ပာယ်မရှိတာ ထပ်ပြောရဲရင် မင်းရဲ့ ဝိညာဥ်ကို တစ်စစီ ဖြစ်သွားအောင် ငါ ရိုက်ပစ်မယ် ”
ပြောပြီးသည်နှင့် သူ၏ အရှိန်အဝါက စတင်ပေါက်ကွဲသွားသည်။
ထိုစဥ် နော့ဖစ်က ချောင်းဟန့်လိုက်၏။
” တော်လိုက်ပြီ။ အိမ်မက်မက်နေတာ ရပ်လိုက်တော့။ မင်း မသေသေးဘူး။ ဒါက တကယ် သေမျိုးလောက မဟုတ်ဘူး ”
ဆာမြူရယ်က ကြက်သေ သေသွားပြီး နော့ဖစ်ကို ကြည့်လိုက်၏။ ရုတ်တရက် သူက ကြောင်အသွားတော့သည်။
” မင်းကို အရင်တုန်းက တစ်နေရာရာမှာ တွေ့ဖူးတယ်လို့ ဘာကြောင့် ခံစားမိနေတာပါလိမ့်။ ခဏလေး ”
သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားပြီး တအံ့တသြ ချက်ချင်း ပြောလိုက်၏။
” ခင်ဗျားက စီနီယာ နော့ဖစ် မဟုတ်ဘူးလား။ ဒီကို ဘာကြောင့် ရောက်နေတာလဲ။ မဟုတ်ဘူး ခင်ဗျားရဲ့ အရှိန်အဝါက ဒီလောက် အားမနည်းသင့်ဘူး။ ခင်ဗျားရဲ့ ခွန်အားက ကျုပ်ထက် သေချာပေါက် ပိုသန်မာမှာ ”
” ပြီးတော့ ခင်ဗျားရဲ့ လက်ရှိ အရှိန်အဝါက ရှန်းထျန်းသတ္တမအဆင့်မှာပဲ ရှိသေးတယ်။ ခင်ဗျားက စီနီယာ နော့ဖစ်ရဲ့ ကိုယ်ခွဲလား ”
ဆာမြူရယ်က ထိတ်လန့်သွား၏။
မော့ယွီသည် ဤနေရာက သေမျိုးလောက မဟုတ်ကြောင်း ပြောသည့်အချိန်၌ သူ မယုံကြည်ခဲ့ပေ။ အဆုံးတွင် နော့ဖစ်၏ ကိုယ်ခွဲ တွေ့ရလိမ့်မည်ဟု သူမထင်ထားချေ။ ငြင်းစရာ မရှိတော့ပေ။
နော့ဖစ်သည် အနည်းဆုံးတော့ အထွတ်အထိပ် ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်၏။ သူက ကျားနတ်ဘုရားနှင့် အဆင့်တူသည်။ ကျားနတ်ဘုရားလောက် သူ အစွမ်းမထက်သော်ငြား သူက အသေးအမွှား မဟုတ်ပေ။ အနည်းဆုံးတော့ သူက နော့ဖစ်ကို ကိုယ်တိုင် မဖြေရှင်းနိုင်ပေ။ သို့သော်ငြား ကိုယ်ခွဲကတောင် ဤနေရာတွင် အကျဥ်းချခံထားရ၏။ ဤနေရာက တမလွန်လောက မဟုတ်တာ သေချာသည်။
ဒါဆို ဘာတွေ ဖြစ်ကုန်တာလဲ။
သူ၏ ဦးနှောက်က မတွေးတတ်နိုင် ဖြစ်နေ၏။ ဤနေရာ၌ အဘယ်ကြောင့် ကြယ်တာရာသားရဲများစွာ အကျဥ်းချခံထားရသနည်း။ သူသည် အစောတုန်းက အားလုံးကို ကြည့်လိုက်၏။ ဤနေရာရှိ အားအနည်းဆုံး ကြယ်တာရာသားရဲက ရှန်းထျန်းသတ္တမအဆင့် ဖြစ်သည်။
သူတို့အားလုံးက သူ့အမြင်တွင် ဘာမှမဟုတ်သော်ငြား အမှန်တကယ်တွင် သိုင်းပညာရှင်များအဖြစ် သူတို့က သတ်မှတ်၍ရသည်။
ဤနေရာတွင် သူတို့ မည်ကဲ့သို့ ချုပ်နှောင်ခံရသနည်း။
ကျန်းဟိုင်မြို့ထဲရှိ ဝိညာဥ်စုစည်းခြင်း အစီအရင်၏ ဗဟိုချက်ဟု သူတို့ ပြောခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဝိညာဥ်စုစည်းခြင်း အစီအရင်ရဲ့ ဗဟိုချက်ထဲမှာ ဒီလောက်များတဲ့ ကြယ်တာရာသားရဲတွေ ဘာကြောင့် ရှိနေရတာလဲ။
သူ့မျက်လုံးထဲရှိ သံသယရိပ်ယောင်ကို သူတို့ မြင်တွေ့သွားပုံပေါ်၏။ သံမဏိ နွားရိုင်းက ရှင်းပြတော့သည်။
” စီနီယာ ဆာမြူရယ် ဒါက ကျန်းဟိုင်မြို့ထဲက ဝိညာဥ်စုစည်းခြင်း အစီအရင်ရဲ့ ဗဟိုချက်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ တကယ်တော့ ယဲ့ရှောင်လို့ အမည်ရတဲ့ လူသားရဲ့ မွေးမြူရေးခြံ။ သူက စီနီယာကို အနိုင်ယူသွားတဲ့ လူသားပဲ ”
” မွေးမြူရေးခြံလား ”
ဆာမြူရယ်၏ အကြည့်က ပိုတောင် ဇဝေဇဝါ ဖြစ်သွား၏။
ပျားရည်ပြုလုပ်ရန်အတွက် အလုပ်ကြိုးစားနေသော စူဇန်က မကျေမချမ်း ပြောနေ၏။
” ကျွန်မတို့တွေက သူ့အတွက် ခြံမွေးတိရစ္ဆာန်တွေလေ။ အသားဖြတ်တောက်ပေးရတဲ့ သူက ဖြတ်ပေးရတယ်။ ဥရှိတဲ့သူက ဥဥပေးရတယ်။ အသားနှင့် ဥမရှိတဲ့သူတွေက အခွံ တူးထုတ်ပေးရတယ်။ ကြက်ဥမရှိရင် ကျွန်မလိုမျိုး ပျားရည်ထုတ်ပေးရတယ် ”
” ရှင့်လို အစိမ်းရောင် ငှက်မျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုရင်တော့ အရှင်သေချာပေါက် အရှင် ဆွဲနုတ်ခံရလောက်တယ်။ အရှင် နေ့စဥ်နေ့တိုင်း အမွေးနည်းနည်းလောက် နုတ်ပေးရမှာ ”
” ဒါပေါ့။ ဥဥနိုင်ရင်တော့ ဂုဏ်ပြုတာပေါ့။ ခံစားရမဲ့ ဝေဒနာက အသေးအမွှားပဲ။ တစ်ရက်ကို ဥတစ်လုံး ဥပေးဖို့ပဲလိုတယ် ”
” ဒါပေမဲ့ အရှင်က အထီးဆိုတော့ ဥဥဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် အသားက အရသာ မရှိဖို့ ဆုတောင်းထားတာ ပိုကောင်းလိမ့်မယ် ”
” ဒီနည်းနဲ့ဆိုရင် သူက အရှင့်ရဲ့ အမွေးကိုပဲ နုတ်မှာ။ အသားစားမှာ မဟုတ်ဘူး ”
ဆာမြူရယ်၏ သူငယ်အိမ်က ကျုံ့သွား၏။ ပြီးနောက် သူက ဒေါသထွက်သွားတော့သည်။
” မင်း ဘာပြောလိုက်တာလဲ ”
” အဲ့ဒီ မျိုးမစစ်က တကယ်ကြီး ငါ့ရဲ့ အသားကိုစား။ သွေးကိုသောက်။ ငါ့အမွေးကို နုတ်ချင်နေတာလား ”
” သူ့ကိုသူ ဘယ်သူထင်နေလဲ ”
” ဒီစစ်သူကြီးက ကျားနတ်ဘုရား လက်အောက်က မဟာဗိုလ်ချုပ်သုံးယောက်ထဲက တစ်ယောက်ပဲ။ သူက သေးသိမ်တဲ့ လူသားတစ်ယောက်။ ရာရာစစ ဒီဗိုလ်ချုပ်ကို ဒါမျိုး ဆက်ဆံရဲတယ်ပေါ့ ”
စူဇန်က သူ့ကို တစ်ချက်ကြည့်လိုက်၏။
” ရှင် ပါးစပ်ပိတ်ထားဖို့ အကြံပေးလိုက်မယ်နော်။ ရှင် အဓိပ္ပာယ်မရှိ ပြောတာကြောင့် နောက်မှ ရှင်ခံစားရလိမ့်မယ်။ ပြောရရင် ဒီကို ရောက်လာပြီဆိုမှတော့ မွေးမြူရေးတိရစ္ဆာန် လိမ်လိမ်မာမာ လုပ်လိုက်တာ ပိုကောင်းမယ် ”
” ပါးစပ်ပိတ်ထား ”
ဆာမြူရယ်က ချက်ချင်း အော်လိုက်ပြီး အင်မတန် ဒေါသထွက်သွား၏။
” ဒီီဗိုလ်ချုပ်က သူရဲဘောင်ကြောင်တဲ့ လူတစ်စုလို မဟုတ်ဘူး။ ဒီဗိုလ်ချုပ်က ကျားနတ်ဘုရား လက်အောက်က မဟာဗိုလ်ချုပ်သုံးယောက်ထဲက တစ်ယောက်ပဲ။ ငါ့ရဲ့ ဂုဏ်သတင်းက ကြီးမားလွန်းတာ။ ဘယ်လိုလုပ် လူသားတစ်ယောက်ရဲ့ မွေးမြူရေး တိရစ္ဆာန် ဖြစ်နိုင်မှာလဲ။ ဒီဗိုလ်ချုပ်ကို မင်းတို့နဲ့ တစ်တန်းတည်း မမှန်းနဲ့။ ဒီဗိုလ်ချုပ် ဒီနေရာမှာ သေပြီး အကြိမ်တစ်ထောင်လောက် သူ ညှင်းပမ်းတာ ခံရမယ်ဆိုရင်တောင် ငါ့အတွက် သူ့ကို မွေးမြူရေး တိရစ္ဆာန် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ မင်းတို့တွေက ငါ့ ကြယ်တာရာသားရဲမျိုးနွယ်ကို အရှက်ခွဲနေကြတာပဲ ”
သူ ပြောပြီးသွားသည်နှင့် ယဲ့ရှောင်က အိတ်ကပ်ထဲ လက်ထည့်ကာ ချိတ်ပိတ်မှုထဲ ဆင်းသက်လာလေ၏။
သူ ရောက်လာတာကို မြင်သောအခါ ကျန်သည့်ကြယ်တာရာသားရဲများက ယဲ့ရှောင်အတွက် နေရာဖယ်ပေးရန် နံရံ၏ ဘေးတစ်ဖက်ဆီသို့ ဆုတ်သွားကြသည်။
သူတို့က တွေ့ကြုံတာ များလွန်းနေပြီ ဖြစ်သောကြောင့် အသားကျနေပြီ ဖြစ်သည်။
သူတို့ ယဲ့ရှောင်ကို တွေ့ဆုံချိန်၌ ထောင့်တွင် ပုန်းခြင်းက ဘေးအကင်းဆုံး ဖြစ်သည်။
ဆာမြူရယ်က ယဲ့ရှောင်ကို သတိပြုမိတာ သိသာ၏။ သူက လှည့်ကြည့်ပြီးနောက် အေးစက်စက် ပြုံးလိုက်သည်။
” လူသား နောက်ဆုံးတော့ မင်း ဒီရောက်လာပြီပဲ။ မင်းက ဒီလောက် ဉာဏ်ရှိပြီး ဒီဗိုလ်ချုပ်ကို မင်းရဲ့မွေးမြူရေး တိရစ္ဆာန် ဖြစ်ချင်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ မင်းရဲ့ စွမ်းအားတွေ မဖြုန်းတီးဖို့ အကြံပေးလိုက်မယ်။ ဒီဗိုလ်ချုပ်က အညံ့ခံမဲ့အစား သေလိုက်မယ် ”
ဖုန်း။
သူ ပြောပြီးသည်နှင့် ယဲ့ရှောင်၏ လက်သီးက သူ့ရင်ဘက်ပေါ် ကျရောက်လာ၏။
မဟာနိဗ္ဗာနလက်သီး။
ထိုမျှ နီးကပ်သည့် အကွာအဝေး၌ ဆာမြူရယ်က ရှောင်ရန် နည်းလမ်း မရှိချေ။
ယဲ့ရှောင်၏ လက်သီးက နံရံပေါ် ကျရောက်သွားပြီး သူ၏ ရင်ဘက်ကို ပုံပျက်သွားစေကာ သူ သွေးတစ်ပွက် အန်ရတော့သည်။ သို့သော်ငြား သူက ကျယ်လောင်စွာ ရယ်မောလိုက်၏။
” ဟား ဟား ဟား ဟား။ ကျေနပ်စရာ ကောင်းလိုက်တာ ”
ယဲ့ရှောင်က နှာခေါင်းရှုပ်လိုက်၏။ သူက ခေါင်းမာနေသေးသည်။ သို့သော်ငြား မကြောက်ရွံ့ပေ။ သူ့ရန်သူကို ဖြေရှင်းရန် နည်းလမ်းမျိုးစုံ ရှိသည်။ မည်မျှ အစွမ်းထက်စေကာမူ သူက ငှက်တစ်ကောင်သာ ဖြစ်သည်။
ဖုန်း။
မျက်တောင်တစ်ခတ်အတွင်း နောက်တစ်ချက် ထိုးလိုက်၏။ ပြီးနောက် တတိယ၊ စတုတ္ထလက်သီး။
လက်သီးရာများသာ ဆာမြူရယ်၏ ရင်ဘက်ပေါ်၌ ကျန်ရစ်ခဲ့တော့သည်။ သူ၏ ပင်မခန္ဓာကတောင် ယဲ့ရှောင်ထိုးတာ ခံနေရ၏။ သူ၏ အမွေးအတောင်များက လတ်လတ်ဆတ်ဆတ် သွေးများ စွန်းထင်းနေသည်။ သို့သော် သူက အညံ့ခံရန် ဆန္ဒမရှိသေးပေ။ သူ၏ ပါးစပ်က အဆက်မပြတ် ရယ်မောနေပြီး ယဲ့ရှောင်ကို ဆက်လက် လှောင်ပြောင်နေသည်။
” ဟား ဟား ဟား ထပ်လုပ်ပါဦး။ မင်းရဲ့ လက်သီးက ဒီလောက် ခွန်အားလေးပဲ ရှိတယ်လို့ မပြောနဲ့ ”
ခဏတာ ယိုင်နဲ့ပြီးနောက် ယဲ့ရှောင်က သူ့လက်သီးကို ပြန်ရိုက်လိုက်သည်။ ဤအကွက်က တစ်ဖက်သူပေါ် အလုပ်မဖြစ်မှန်း သူ မြင်ပြီးသား ဖြစ်၏။ ထိုသို့ဆိုလျှင် သူက နောက်တစ်ကွက် သုံးရုံသာ ရှိတော့သည်။
လူသားများ၏ ဉာဏ်ရည်က အကန့်အသတ်မဲ့သည်။ မဟုတ်ပါက သူတို့သည် သက်ရှိသတ္တဝါများအားလုံး၏ ဝိညာဥ်ရေးရာ အကြီးအကဲများဟု ခေါ်မှာ မဟုတ်ပေ။
ကြယ်တာရာသားရဲများ မည်မျှ ခေါင်းမာစေကာမူ သူတို့၌ ဟာကွက်ရှိသည်။ သူတို့က နတ်ဘုရားများမဟုတ်။
သူတို့က ထိုဟာကွက်ကို ရှာတွေ့သရွေ့ အရာအားလုံး ဖြေရှင်းရ ပိုလွယ်ကူသွားလိမ့်မည်။
ယဲ့ရှောင်က သူ့ရှေ့သို့ လျှောက်သွားပြီး ကြည့်လိုက်၏။
ဆာမြူရယ်က ယဲ့ရှောင်ကို တံတွေးထွေးလိုက်သည်။ သို့သော်ငြား ယဲ့ရှောင်၏ အကာအကွယ်စွမ်းအင် အရံအတားဖြင့် ပိတ်ဆို့ခံလိုက်ရ၏။ သူက ရိုက်မိပြီး ဆာမြုရယ်၏ ငှက်မွေးများ ကျွတ်ကျလာသည်။
ယဲ့ရှောင်သည် ဆာမြူရယ်၏ ခန္ဓာကို အနည်းငယ် တုန်ယင်သွားတာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရ၏။ သူ၏ မျက်လုံးထဲ၌ ကြောက်လန့်မှု တစ်စွန်းတစ်စနဲ့ မနစ်မြို့သည့် အရိပ်အယောင် ပေါ်လာ၏။ သို့သော်ငြား ပုံမှန်အမူအယာ အမြန်ပြန်ဖြစ်လာသည်။
ထိုမြင်ကွင်းက ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးတက်သွားစေသည်။
မင်းရဲ့ အားနည်းချက်ကို ငါ ရှာတွေ့ပြီ။
အပိုင်း ၂၁၄ ပြီး၏။