စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁၃ အားလုံးငြိမ်ကြ။
” လေနတ်ဘုရား ဆာမြူရယ် မဟုတ်ရင်တောင် ကျားနတ်ဘုရား လက်အောက်က ကျန်တဲ့ ဗိုလ်ချုပ်နှစ်ယောက်ဆိုရင် သူတို့ အဲ့လိုလုပ်နိုင်ဦးမှာပဲ ”
စူဇန်က ဝင်မပြောပဲ မနေနိုင်တော့ပေ။
” ရိုးရိုးသားသား ပြောရရင် ယဲ့ရှောင်က သူ့ရဲ့ ကျင့်ကြံဆင့် မြင့်တာပဲ ရှိတာလေ။ သူ့ကျင့်ကြံဆင့်က ငါတို့ထက် နည်းနည်းလေး ပိုသန်မာရုံပဲ။ ဒါပေမဲ့ သူက ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့ တကယ်တွေ့ခဲ့မယ်ဆိုရင် သူက တစ်မိနစ်အတွင်း အမှိုက်တစ်စ ဖြစ်သွားမှာ ”
” အရှင်ကျားနတ်ဘုရား ပေါ်လာတာနဲ့ သူ နှစ်စက္ကန့်တောင် မခံမှာ စိုးရိမ်ရတယ် ”
သံမဏိ နွားရိုင်းက ထပ်ပြောလိုက်ပြန်သည်။
” နောက်ထပ် သားရဲကပ်ဘေးက မကြာခင် လာတော့မယ်။ အချိန်ရောက်လာတဲ့အခါ အရှင်ကျားနတ်ဘုရားက ငါတို့ ဒီမှာ ရှိနေတယ်ဆိုတာ အာရုံခံမိပြီး ငါတို့ကို သေချာပေါက် လာကယ်မှာလား ”
မော့ယွီက နှုတ်ခမ်းတင်းတင်း စေ့နေရာကနေ အပြုံးတစ်ပွင့်အဖြစ် ပြောင်းလဲသွား၏။
” သံမိဏိ နွားရိုင်း။ အရှင်ကျားနတ်ဘုရားနဲ့ လူသားအမျိုးယုတ်လေးက ယှဥ်နိုင်ဖို့ အရည်အချင်းရှိတယ်များ ထင်နေတာလား ”
” အရှင်ကျားနတ်ဘုရား ကိုယ်တိုင် လာဖို့မလိုဘူး။ တစ်မိနစ်အတွင်း ငါတို့ကို ကယ်ဆယ်ဖို့အတွက် ဗိုလ်ချုပ်သုံးယောက်ထဲက တစ်ယောက်ကို သူ စေလွှတ်ဖို့ပဲ လိုတာ ”
” မင်းပြောတာ မှန်တယ်။ ငါ အဲ့ကောင်ကို အထင်ကြီးလွန်းနေမိတာပဲ ”
” ဟား ဟား ဟား ဟား ”
ချိတ်ပိတ်မှုအောက်ရှိ မွေးမြူရေး မြေပြင်တစ်ခုလုံးက ရယ်မောလိုက်လေ၏။
ထိုစိတ်ပျက်အားငယ်နေသော ကြယ်တာရာသားရဲများ၏ မျက်လုံးထဲ၌ ရှားရှားပါးပါး ပျော်ရွှင်မှု ဖူးပွင့်လာတော့သည်။
မိမိကိုယ်ကို နှစ်သိမ့်ခြင်းက စိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုပဲ ဖြစ်သည်။
သို့သော်ငြား ကြယ်တာရာသားရဲများက အူလိုက်သမ်းလိုက် ရယ်မောနေစဥ် ချိတ်ပိတ်မှုအတွင်းယဲ့ရှောင်က ရုတ်တရက် ပေါ်လာလေ၏။
ချက်ချင်းပင် ရယ်မောသံများ အပြုံးများ ပျောက်ကွယ်သွားလေ၏။
ပတ်ဝန်းကျင်က သေစေနိုင်လောက်အောင် တင်းမာသွားပြီး ကြောက်မက်ဖွယ်ကောင်းပြီး ဖိနှိပ့်နိုင်သော အရှိန်အဝါတစ်ခုဖြင့် ပြည့်နေလေ၏။
” မင်းတို့ကောင်တွေ ရယ်စရာကောင်းတာ တစ်ခုခု ပြောနေတာလား။ ငါ မလာခင် ဘာကြောင့် အားလုံး ရယ်နေတာလဲ ”
ယဲ့ရှောင်က အတော်လေး သိချင်သွားသည်။ သားရဲများ၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွား၏။
မင်း ဒီရောက်နေပြီပဲကို ငါတို့က ဘယ်လိုလုပ် ရယ်နိုင်ဦးမှာလဲ။
ဒါ့အပြင် ငါတို့ ပြောနေတဲ့ ပျော်စရာကောင်းတဲ့ ကိစ္စက မင်းနဲ့ပတ်သက်ပြီး မကောင်းတာတွေလေ။ မင်းရှေ့မှာ မင်းကို လှောင်ပြောင်တာက သေချင်နေတာပဲ မဟုတ်ဘူးလား။
သူတို့ ဘာမှမပြောတာကို မြင်သောအခါ ယဲ့ရှောင်က စိတ်ထဲမထားပေ။
မည်သည့်နည်းနဲ့မဆို သူတို့က သူ့ကို သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအား ထောက်ပံ့ပေးရုံသာ ဖြစ်သည်။ သူက သူတို့ဆီမှ အဆုံးမရှိ အကျိုးအမြတ်များ ရနိုင်သရွေ့ အဆင်ပြေမည်။
သူက ကြယ်တာရာသားရဲများရှေ့ ဆာမြူရယ်ကို ပစ်ချပြီး ထပ်ပြောလိုက်သည်။
” သူက မသေသေးဘူး။ မကြာခင်မှာ သူ့အစွမ်းထက်တဲ့ ကုသခြင်းစွမ်းရည်က သူ့ကို အသက်ပြန်သွင်းပေးလောက်တယ်။ အခုကစပြီးတော့ သူက မင်းတို့ရဲ့ ပါတနာအသစ် ဖြစ်လာလိမ့်မယ်။ မင်းတို့တွေ တည့်အောင်နေပြီး ငါ့ကို ဒုက္ခမပေးဖို့ မျှော်လင့်တယ် ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က လှည့်ထွက်သွားတော့၏။
ယဲ့ရှောင် ထွက်သွားပြီးနောက် ကြယ်တာရာသားရဲများက သူ့နား ဝိုင်းလာကြတော့၏။
” အဲ့ဒီ ကံမကောင်းတဲ့ကောင်က ဘယ်သူလဲ။ ဘာကြောင့် သူ ကန်းနေရတာလဲ။ သူ ဘယ်နေရာသွားသွား အဆင်ပြေတာကို ကျန်းဟိုင်မြို့ကိုမှ ရောက်လာရတယ်လို့။ သူ့ရဲ့ခေါင်းက တကယ်မြည်း အကန်ခံလိုက်ရတာပဲ ”
” သူ့ခေါင်းက မြည်းအကန်ခံရတယ်လို့ မထင်ဘူး။ သူ့ကံက မကောင်းတာကွ ”
ကြယ်တာရာသားရဲများက မှတ်ချက်ချနေပြီး တစ်ဖက်သူ၏ ခန္ဓာကိုယ်ကို ပက်လက်လှန်လိုက်၏။
သို့သော်ငြား တစ်ဖက်သူ၏ မျက်နှာကို တွေ့စဥ် မော့ယွီက သူမ ပါးစပ်ကို အုပ်လိုက်မိပြီး သံမဏိ နွားရိုင်းက ချက်ချင်း အော်ကာ စူဇန်က နောက်သို့ အနည်းငယ် ဆုတ်လိုက်မိ၏။
” မဖြစ်နိုင်တာ … မဖြစ်နိုင်တာ။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
ကျန်သည့်ကြယ်တာရာသားရဲများကလည်း ဇဝေဇဝါ ဖြစ်ကုန်၏။
” ဘာတွေဖြစ်နေတာလဲ။ မင်းတို့ ဘာမှားလို့လဲ ”
မြေပြင်ပေါ်တွင် လှဲနေသည့်လူကို နော့ဖစ်တစ်ဦးတည်းသာလျှင် ထူးဆန်းသော အမူအယာဖြင့် ကြည့်ပြီး ပြောလိုက်တော့၏။
” ဒီကောင့်ရဲ့ မျက်နှာက တော်တော်ရင်းနှီးနေတာ။ သူ့ကို မှတ်မိသင့်တယ်။ သူက လေနတ်ဘုရား ဆာမြူရယ် ဖြစ်နေပုံပဲ ဟုတ်တယ်မလား ”
ထိုစကားများ ပြောလိုက်သည်နှင့် ကျန်သည့် ကြယ်တာရာသားရဲများက ဘာမှမပြောတော့ပေ။
သူတို့၏ တိုက်ခိုက်လိုစိတ်က မျက်ဝန်းအောက်ခြေအထိကြာအောင် အရိုက်ခံလိုက်ရသည်။
၄င်းသယ်ဆောင်လာသည့် ထိတ်လန့်စရာက လောကကြီး၏ အဆုံးသတ် ရောက်လာသည်နှင့် မခြားပေ။
ယဲ့ရှောင်သည် ကျင့်စဥ်မြင့်နေသောကြောင့် သူတို့ကို အနိုင်ရတာဟု သူတို့ အစက တွေးခဲ့မိသည်။
ဝါရင့်ကြယ်တာရာသားရဲ သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရလျှင် သို့တည်းမဟုတ် အပြင်လောကတွင် ကျင့်ကြံနေသော ပါရမီရှင် ကြယ်တာရာသားရဲ သိုင်းပညာရှင်များနှင့် တွေ့ဆုံရလျှင် သူ ရှုံးနိမ့်မှာ တစ်ရာရာခိုင်နှုန်း သေချာနေသည်ဟု တွေးခဲ့ကြသည်။ အဆုံးတွင် တစ်ဖက်သူက ကျားနတ်ဘုရား လက်အောက်ရှိ မဟာဗိုလ်ချုပ်သုံးဦးထဲမှ တစ်ဦးဖြစ်သည့် လေနတ်ဘုရား ဆာမြူရယ်ကို မျက်တောင်တစ်ခတ်အတွင်း ဆွဲချလိမ့်မည်ဟု သူတို့ မထင်ထားပေ။
ယင်းက ယဲ့ရှောင်၏ ကြောက်မယ်ဖွယ်ကောင်းမှုအပေါ် သူတို့ ထပ်ပြီး နားလည်သဘောပေါက်လာတာ ဖြစ်၏။ ထိုသူက တကယ် လူမဟုတ်ပေ။
စူဇန်သည် အစီအရင် ဘေးသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီးနောက် ပျားအသွင် ပြန်ပြောင်းလာ၏။ သူမက ဝတ်မှုန်များစုကာ ပျားရည် ထုတ်နေတော့သည်။
ယဲ့ရှောင်သည် မွေးမြူရေးကွင်းမှ ပြန်လာချိန် ကျန်းဟိုင်မြို့ထဲရှိ ဝိညာဥ်စွမ်းအင် စုပ်ယူသည့်နှုန်းက အတော်လေး မြင့်တက်လာ၏။
ယခုအခေါက်တွင် သူက ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲတစ်ကောင်လုံးကို ထည့်ထားတာ ဖြစ်၏။ ယခင်က ကြယ်တာရာသားရဲများနှင့် ယှဥ်လျှင် ယင်းက အလွန့်အလွန် သန်မာလာသည်။ ထို့ကြောင့် သူ စွမ်းဆောင်လာသည့် အာနိသင်ကလည်း အကောင်းဆုံး ဖြစ်၏။
ကျန်းဟိုင်မြို့ထဲရှိ လူတိုင်းက ဝိညာဥ်စွမ်းအင် ပြောင်းလဲမှုကို ခံစားမိကြ၏။ စီနီယာ ဓါးမော့ဓါး ဝိဇ္ဇာသည် ကျန်းဟိုင်မြို့ကို ထပ်မံ ကူညီနေပြီဖြစ်ကြောင်း လူတိုင်း သိလိုက်သည်။
ချက်ချင်းပင် မရေမတွက်နိုင်သည့် လူများစွာက သူ့အတွက် လေးစားမှုတို့က ပိုမြင့်တက်လာ၏။
ဓါးမော့ဓါးဝိဇ္ဇာအကြောင်း ချီးကျူးမှုများသည် အင်တာနက်ပေါ်၌ ထပ်မံ ပေါ်ထွက်လာပြန်၏။
တုချန်ဖုန်းနှင့် ကျန်သည့်သူများက သက်ပြင်းချမိကြသည်။
” ဓါးမော့ဓါးဝိဇ္ဇာကတော့ တကယ်ပါပဲ။ မြို့က စုပ်ယူတဲ့ဝိညာဥ်စွမ်းအင်က ငါတောင် လန့်လောက်ရတဲ့အထိ မြန်ဆန်လွန်းတာ။ အရှိန်က ကျင်းတူမြို့နဲ့ ယှဥ်နိုင်လုနီးပါးပဲ ”
” ချန်ချင်းရွှမ်နှင့် တစ်ခြားဆရာတွေ ရောက်မလာသေးတာ နှမြောစရာပဲ။ မဟုတ်ရင် မြေကြီးပေါ်က အစီအရင်ကို တသ်ချက်ကြည့်ပြီး ဘာရှိလဲဆိုတာ ကြည့်ခိုင်းလို့ရတယ် ”
” ဒါနဲ့ ငါတို့တွေ ဆရာတွေကို မတွေ့သေးဘူးနော်။ တစ်နေ့တစ်ည ရှိသွားပြီ ”
” ငါတို့ အကောင်းဆုံး လုပ်နေတာပဲ။ မြို့စောင့်တပ်ဖွဲ့ဝင်တွေ အားလုံးက အကောင်းဆုံး ကြိုးစားနေကြတယ်။ သူတို့ထဲက တချို့က အပြင်မှာ ပြေးလွှားနေသေးတာ။ ဘာလို့လဲဆိုတော့ ပါမောက္ခ ချန်နဲ့ တခြားသူတွေကို ရှာမတွေ့သေးလို့လေ ”
တုချန်ဖုန်းက ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်၏။
” ချင်ရွှမ်း။ မင်း ဘယ်မှာလဲ။ ဘာကြောင့် ထွက်မလာသေးတာလဲ ”
ကျန်သည့် မဟာချီရှန်းနှင့် အံ့ဖွယ်ချီရှန်းက သူတို့ကို ကာကွယ်ပေးနေလေပြီး ချန်ချင်းရွှမ် ပြဿနာတက်နေလောက်သည်ဟု သူ မထင်မိပေ။
သို့သော် တစ်ဖက်တစ်ည ကုန်ဆုံးသွား၏။ မနေ့တုန်းက ရောက်လာသည့်သူက ရောက်မလာသေးပေ။ သူက စိုးရိမ်ပူပန်မိသွားသည်။
ထိုစဥ် ယဲ့ရှောင်ကလည်း အိမ်ပြန်လာ၏။
ဟွမ်လျိုလီက ထမင်းဟင်းပြင်ဆင်ထားပြီး ကြယ်တာရာသားရဲများ၏ အသားနှင့် ဥကို ချက်ပြုတ်ထား၏။ သူမက ယဲ့ရှောင် ပြန်လာတာကို မြင်သောအခါ ချက်ချင်း ရှေ့တက်သွားပြီး ဒူးထောက်ချကာ သူ့ကို ညှပ်ဖိနပ် ထုတ်ပေးလိုက်၏။
” သခင် ပြန်ရောက်လာပြီပဲ ”
” ”
ဒီရူးကြောင်ကြောင် ကြောင်ရဲ့ စိတ်အခြေအနေက ပိုပိုပြီး မတည်မငြိမ် ဖြစ်လာတယ်။ အခု တစ်နေကုန် တစ်နေခမ်း ဒါမျိုးတွေ လုပ်ရတာ ပိုသဘောကျလာတယ်။ သူက ရုပ်ရှင်ကားတချို့က ဇာတ်လိုက်အမျိုးသမီးနဲ့ တူနေသလိုပဲ။
သူမ မည်ကဲ့သို့ ရူးသွပ်မှုမျိုး ဖြစ်နေမှန်း မသိတော့ပေ။
” မင်း နည်းနည်းလေး ပုံမှန်အတိုင်း နေလို့ မရဘူးလား ”
” ရတာပေါ့။ ချစ်လှစွာသော သခင် ”
ထိုသို့ပြောပြီးနောက် သူမ၏ မျက်လုံးဝိုင်းကြီးများကိုတောင် မျက်တောင်ခတ်လိုက်လေ၏။ ယခုအချိန်တွင် သူမက ယဲ့ရှောင်အတွက် ကျွန်ဖြစ်ရတာ တကယ်ကောင်းသည်ဟု ခံစားမိနေသည်။
ယင်းက ပေါက်ကွဲတော့မတက် ကောင်းမွန်သည့် ခံစားချက် ဖြစ်သည်။
သူမ သွားချိန်တိုင်းတွင် အံ့ဖွယ်သားရဲ ကြယ်တာရာသားရဲအချို့ကို အထင်သေးနိုင်၏။ ကြယ်တာရာသားရဲများ၏ ထိပ်တွင် ရှိသော သားရဲတစ်ကောင်၏ ခံစားချက်က သူမကို သာလွန်သည်ဟု ထင်မှတ်ရစေသည်။ ထို့ကြောင့် သူမက ကျွန်တစ်ယောက်အဖြစ် နေရာ၌ ပိုတောင် ပြီးပြည့်စုံလာသည်။ ယဲ့ရှောင်ရှေ့၌ သူမ၏ ဖားယားမှုကို လျှော့လိုက်မှာ မဟုတ်ပေ။
” မင်းငါ့ကို ဒီလို ထူးဆန်းတဲ့ စကားတွေ ဆက်ပြောနေမယ်ဆိုရင် မင်းရဲ့ လျှာကို ဖြတ်ပစ်လိုက်မယ် ”
ဟွမ်လျိုလီက ကြောက်လန့်လွန်းသောကြောင့် တုန်ယင်နေ၏။ သူမက အမြန် မတ်တပ်ထရပ်ကာ ယဲ့ရှောင်ကို အရိုအသေ ပေးလိုက်သည်။
” သခင် ကျွန်မ ပြင်ဆင်ပြီးနေပြီ။ အခု စားမလား ”
” ကောင်းတာပေါ့ ”
ယဲ့ရှောင်က ခံစားရတာ အနည်းငယ် ကောင်းလာ၏။ သူသည် ထိုကြောင်၏ သွင်ပြင်ကို တကယ် မခံနိုင်တော့ပေ။ အင်မတန် မနစ်မြို့စရာ ကောင်းနေ၏။
” သခင် ကျေးဇူးပြုပြီး သင့်တော်စွာ ထိုင်ပါဦး။ ကျွန်မ အခု ဟင်းလျာတွေ သယ်လာပေးမယ် ”
ဟွမ်လျိုလီက သူနှင့်အတူ ဟင်းအားလုံး သယ်လာလေ၏။ ယဲ့ရှောင်က မြည်းကြည့်ရာ ဟွမ်လျိုလီက သူ့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်၏။
” သခင် ဘယ်လိုလဲ။ ဒီနေ့ အဖသာ ပိုကောင်းလာလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” အတော်ကောင်းတယ်။ မင်းရဲ့ ချက်ပြုတ်စွမ်းရည်က တိုးတက်လာတဲ့ပုံပဲ ”
” သခင့်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ အားလုံးက အင်တာနက်ကနေ သင်ယူလာတဲ့ ဟင်းချက်နည်းတွေပါ ”
” မဆိုးဘူးပဲ။ မင်း တိုးတက်လာပြီ။ ဒီနေ့ကစပြီး မင်း တစ်နေ့ကို ဥတစ်လုံး စားလို့ရတယ် ”
” ကျေးဇူးပါ သခင် ”
ဟွမ်လျိုလီ၏ မျက်လုံးက လက်သွားကာ သူမ၏ ကျေးဇူးတရားကို ချက်ချင်း ဖော်ပြတော့၏။
ယဲ့ရှောင်က သူမရှေ့သို့ ကြက်ဥကြော်များမှ တစ်လုံးကို တွန်းပို့ပေးလိုက်၏။ ဟွမ်လျိုလီသည် စားသောက်နေစဥ် တစ်စုံတစ်ခုကို အမှတ်ရသွားကာ ချက်ချင်း ပြောလိုက်၏။
” အား .. ဟုတ်သား သခင်။ ပြောနေရင်းနဲ့ ခုနတုန်းက ဝိညာဥ်ပန်းပွင့်တွေကို သွားခူးတုန်းကလေ .. သခင့်ရဲ့ အစီအရင်ထဲမှာ လူတစ်စုကို တွေ့ခဲ့တာ။ သူတို့ကကျွန်မကိုတောင် ပြန်ခေါ်သေးတယ်။ ဒါပေမဲ့ သူတို့ကို လျစ်လျူရှုထားလိုက်တာ။ ကျွန်မ ကြယ်တာရာသားရဲတစ်ကောင်ဆိုတာ သူတို့ တွေ့သွားရင် သူတို့ ကျွန်မကို တိုက်ခိုက်မှာစိုးလို့လေ ”
ယဲ့ရှောင်က ကြေးခွံနက်မြွေ စပါးအုံ၏ အသားတစ်စကို ဝါးနေစဥ် မသိလိုက် မသိဘာသာ ပြောလိုက်၏။
” မင်းလုပ်တာ မှန်တယ်။ ငါ့အစီအရင်အထဲမှာဆို သူတို့ အဆင်ပြေမှာပါ။ ဒါပေမဲ့ အစီအရင်က မင်းကို မကာကွယ်ပေးဘူး။ မင်း သူတို့ရှေ့ကို သွားလိုက်ရင် သူတို့ မင်းကို ထိခိုက်အောင် လုပ်နိုင်တယ်။ ဟုတ်သား။ သူတို့က ဘယ်လိုပုံလဲ ”
” အဖိုးကြီးတစ်ယောက်နဲ့ လူရွယ်တစ်စုပဲ။ ဒါပေမဲ့ သူတို့ကျင့်စဥ်က အတော်သန်မာတယ်။ သူတို့က မဟာဂိုဏ်းအထက်မှာ ရှိလောက်တယ်။ သူတို့ထဲမှာ ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းအဆင့်ကို ရောက်နေပြီးသားသူ ရှိတယ် ”
” ”
ထိုလူတစ်စု၏ ခွန်အားက မနိမ့်ပေ။ ဤလောကကြီးထဲ၌ သူတို့က အင်မတန် အစွမ်းထက်သည့် ပဖွဲ့အစည်းအဖြစ် သတ်မှတ်၍ရသည်။ နေပါဦး။ တစ်ခုခုတော့ မဟုတ်သေးဘူး။ ဒီလိုအဖွဲ့က ဘယ်ကနေ ရောက်လာတာလဲ။
” သူတို့က ကျန်းဟိုင်မြို့ထဲမှာ သမန်ကာလျှံကာ ပေါ်လာမှာတော့ မဟုတ်ပါဘူးနော် ”
ဖြစ်နိုင်တာက။ ယဲ့ရှောင်၏ အမူအယာက ရုပ်ဆိုးသွားတော့သည်။
သူသည် ဤမနက်၌ ကုဟိုင်ပြောခဲ့တာကို ပြန်တွေးလိုက်မိ၏။ ကျင်းစီရင်စုကနေ သူတို့ကို ကျန်းဟိုင်မြို့ အစီအရင် ခင်းကျင်းရန်အတွက် အစီအရင်သခင်အချို့ ပို့လိုက်၏။ သို့သော် လမ်းတစ်ဝက်၌ ပျောက်ဆုံးသွားသည်။ သူတို့ဖြစ်နေမလား။
” ငါ တစ်ချက်သွားကြည့်ဦးမယ် ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က နတ်ဘုရားအာရုံစူးစိုက်ခြင်းကျင့်စဥ်ကို ချက်ချင်း ထုတ်ဖော်ကာ အိမ်ထဲကနေ ထွက်သွား၏။ ဟွမ်လျိုလီက အမြန် အော်လိုက်တော့သည်။
” သခင် မသွားနဲ့။ စားစရာတွေ အေးကုန်လိမ့်မယ် ”
သူမက အမြန်လိုက်သွား၏။ မိနစ်အနည်းငယ် ကြာပြီးနောက် ဟွမ်လျိုလီက ယဲ့ရှောင်ဘေးသို့ ရောက်သွားကာ အမောတကော ဖြစ်နေသည်။
သူမရှေ့ရှိ အလောင်းများကို ကြည့်ပြီး အမောတကော ဖြစ်နေ၏။ အသက်ရှူစာ အနည်းငယ်ကြာပြီးမှတည်ငြိမ်သွားတော့သည်။
” သခင် သူတို့ သူတို့တွေ အေးစက်နေပုံပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီး အတော်လေး ဆွံ့အသွား၏။ သူ တည်ဆောက်ထားသည့် အစီအရင်က သီးခြားအာနိသင် ရှိသည်။ သာမန် သတ္တဝါများ ဝင်လာလျှင် အစီအရင်က သူတို့ကို လမ်းညွှန်ပေးလိမ့်မည်။ ထိုအချိန်ကြ သူတို့က ထွက်သွားရန် ဆန္ဒမရှိလျှင် သို့မဟုတ် သူတို့က အစီအရင်ကို ဖြိုခွင်းချင်လျှင် အစီအရင်၏ တန်ပြန်သက်ရောက်မှုကို သေချာပေါက် ခံရလိမ့်မည်။
အပိုင်း ၂၁၃ ပြီး၏။