စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၁၁ ကြယ်ကောက်ခြင်း လက်။ နေ၊ လနဲ့ ကြယ်တွေကို ထိန်းချုပ်ထား။ လောကကြီးထဲမှာ အဲ့ဒီလို မရှိဘူး။
ကြယ်တာရာသားရဲများသည် သူတို့၏ ဝိညာဥ် ခန္ဓာနှစ်မျိုးလုံးကို ကျင့်ကြံကြသည်ဟု ဆိုနိုင်သည်။ သူတို့အသက် ပိုကြီးလာသည်နှင့် သူတို့၏ ကျင့်ကြံမှုနှင့် ဝိညာဥ်က တစ်ပြိုင်နက်တည်း တိုးတက်လာလေ၏။
အမှန်တကယ်တွင် လူသားမျိုးနွယ်ကို အပြစ်မတင်နိုင်ပေ။ လူသားမျိုးနွယ်၏ သဘာဝခွန်အားက အားနည်းပေ၏။ သူတို့ ပြုလုပ်နိုင်သည့် ပထမဆုံးအရာက သူတို့ခွန်အားကို မြှင့်တင်ပြီး ရှင်သန်နေထိုင်ကြတာပဲ ဖြစ်သည်။ ဒီတော့မှ ပိုသန်မာသည့် အဆင့်သို့ တက်လှမ်းရန် သူတို့ သတ်မှတ်နိုင်သည်။
သူတို့၏ ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံပြီး ရုပ်ခန္ဓာကို မြှင့်တင်ခြင်းဖြင့် သူတို့က ဝိညာဥ်ခန္ဓာဆီ မကူးပြောင်းခင် ရှန်းထျန်းနဝမအဆင့်သို့ ရောက်သည်အထိ စောင့်ဆိုင်းကြ၏။ ထိုအချိန်မှစပြီး သူတို့၏ ခွန်အားကို လူသားမျိုးနွယ်အတွက် ပိုဘေးကင်းသော ဘုရင်နယ်ပယ်ထိရောက်အောင် မြှင့်တင်နိုင်လိမ့်မည်။
မဟုတ်ပါက လူသားမျိုးနွယ်သည် ကြယ်တာရာသားရဲများကဲ့သို့ သူတို့၏ ဝိညာဥ်နှင့် ခန္ဓာကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်လိမ့်မည်။ အံ့ဖွယ်အဆင့်သို့ ရောက်ရှိရန်အတွက် သူတို့က အနှစ် ၂၀၀အချိန်ယူရလောက်သည်။
ယင်းက နှိုင်းယှဥ်စေချင်မှု တစ်ခုသာ ဖြစ်သေးသည်။ အမှန်တကယ်တွင် နှစ်ပေါင်းရာချီ ကြာပြီးမှ အံ့ဖွယ်ချီရှန်းအဆင့်သို့ ရောက်သည့်လူများစွာ ရှိသည်။ ထိုအချက်အရ လူသားမျိုးနွယ်၏ သက်တမ်းရှုထောင့်က ခွင့်မပြုပေးနိုင်ပေ။ သူ ဝိညာဥ်၏ စွမ်းအားကို နောက်တစ်ဆင့်ထိရောက်အောင် ကျင့်ကြံဖို့ နည်းလမ်းတစ်ခု စဥ်းစားရမည့်ပုံပေါ်သည်။
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုသည် ဝိညာဥ်စွမ်းအင်ကို ကျင့်ကြံ၏။ စိတ်ဝိညာဥ်စွမ်းအင်က ဝိညာဥ်စွမ်းအားနှင့် မတူညီပေ။ ကျင့်ကြံခြင်းက ရုပ်ခန္ဓာနှင့် မတူညီချေ။
ဝိညာဥ်စွမ်းအားသည် ဝိညာဥ်က အသုံးပြုလိုက်သည့် စွမ်းအားနှင့် တူပြီး ဝိညာဥ်စွမ်းအင်သည် ရုပ်ခန္ဓာက အသုံးပြုလိုက်သော စွမ်းအားဖြစ်၏။
ထို့ကြောင့် ဝိညာဥ်စွမ်းအင်သည် ရုပ်ခန္ဓာကို ထိခိုက်စေနိုင်ပြီး ဝိညာဥ်စွမ်းအားက ဝိညာဥ်ကို ထိခိုက်စေ၏။
ပြီးပြည့်စုံစွာ တုံ့ပြန်နိုင်သည့် အချက်မှာ မဟာချီရှန်းအဆင့်နှင့် အထက်တွင် ရှိသည့်သူများသာလျှင် သို့တည်းမဟုတ် ဝိညာဥ်စွမ်းအင်ကျင့်စဥ်ကို အထူးပြုထားသည့် သူသာလျှင် တစ္ဆေ၊ သရဲကဲ့သို့ တည်ရှိမှုများကို ဖြေရှင်းနိုင်တာ ဖြစ်သည်။
ငါ့ရဲ့ ဝိညာဥ်စွမ်းအင် နောက်တစ်ဆင့် တိုးမြှင့်ဖို့ နည်းလမ်းတစ်ခု စဥ်းစားရမဲ့ပုံပဲ။
ဘုရင်နယ်ပယ်၏ အချက်အလက်ကို နားလည်သဘောပေါက်သွားပြီးနောက် အလုပ်ဆင်းရန် အချိန်လည်း ရောက်လာတော့၏။ ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲရှိ ရွှေရောင်စာအုပ်က ပြီးပြည့်စုံသည့် အနေအထားထိရောက်အောင် နောက်ဆုံး လက်သည်းသိုင်းကို ကျင့်ကြံပြီးဖြစ်ကာ ရွှေရောင်စာအုပ်သည် ရွှေရောင်အလင်းဖျော့ဖျော့ ဖြာထွက်လာ၏။
သူ အိမ်ပြန်ပြီး ၄င်းကို ပေါင်းစည်းနိုင်တော့မည်။ လက်သီးထိုးလိုက်ပြီးနောက် ယဲ့ရှောင်သည် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို ထုတ်ဖော်ကာ သူရှိနေသည့် နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားလေ၏။ အိမ်ပြန်ရောက်သည့်အခါ လက်သည်းသိုင်းကို စတင်ပေါင်းစည်းတော့သည်။
ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က စတင်ပေါင်းစည်းနေစဥ် ကျင့်စဥ်ကို မှတ်တမ်းတင်ထားသော စာရွက်အချို့က ဖြည်းဖြည်းချင်း ပေါင်းစည်းသွားလေ၏။
လက်သည်း။
ပွတ်သပ်ခြင်း။
ပွတ်ခြင်း။
စိတ်ခြင်း။
လိန်ဆွဲခြင်း။
ညှပ်ခြင်း။
ချုပ်ခြင်း။
ရုန်းကန်ခြင်း။
ဆွဲခြင်း။
ဖိခြင်း။
နောက်ထပ် ထူးဆန်းသော စကားလုံးအချို့ ရှိပုံပေါ်သည်။ သို့သော် ယင်းက အလွန်ယုတ္တိရှိပုံပေါ်၏။ ဆိုရလျှင် လက်သည်းသိုင်း အသုံးပြုပုံပဲ ဖြစ်သည်။ အခြေခံ စွမ်းရည်က ထိုနည်းလမ်းများထက် မပိုပေ။
အခြေခံစွမ်းရည်များသည် တော်ဝင်လက်သည်းသိုင်း ကြယ်ကောက်ခြင်းလက်အဖြစ် ချက်ချင်း အလွန်လျင်မြန်စွာ ပေါင်းစည်းသွား၏။ ကြယ်ကောက်ခြင်းလက်သည် လေထဲမှ အရာဝတ္ထုများကို ယူနိုင်ပြီး လူအများကို မမြင်လိုက်ပဲတောင် သတ်နိုင်၏။
လူတစ်ယောက်၏ ကျင့်ကြံမှုက လုံလောက်အောင် သန်မာခဲ့လျှင် မိုင်တစ်ရာ၊ မိုင်တစ်ထောင်၊ မိုင်တစ်သောင်းကျော် ဖြတ်ကျော်လျက် တစ်စုံတစ်ယောက်ကို ဖမ်းယူဖို့က အိတ်ထဲကနေ တစ်စုံတစ်ခု ထုတ်လိုက်သည့်ပမာ လွယ်ကူလှသည်။
အစွမ်းထက်လိုက်တာ။
ယင်းက ပြိုင်ဘက်ကင်း ထိန်းချုပ်ရေးစွမ်းရည်တစ်မျိုးပဲ ဖြစ်သည်။
ထိုအကွက်ဖြင့် ရန်သူက မည်မျှ ဝေးဝေးပြေးစေကာမူ သူတို့ကို ချက်ချင်း သူ ဖမ်းမိလောက်သည်။
ထိုအကွက်ကို သင်ယူပြီးနောက် အဝေးကနေ ၄င်းကို ထိန်းချုပ်နိုင်ပြီး အာကာသစစ်မြေပြင်ထဲ၌ ကြယ်တာရာသားရဲအချို့ကို သူ ဖမ်းနိုင်မည်လော။
အကွာအဝေးက အလွန်လှမ်းလွန်းခဲ့လျှင် ယဲ့ရှောင်က ကျားနတ်ဘုရားကဲ့သို့ အစွမ်းထက်သော ကြယ်တာရာသားရဲတစ်ကောင်နှင့် ရင်ဆိုင်ရမှာကို စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ချေ။
ကျင့်စဥ်ကို သင်ယူပြီးနောက် ယဲ့ရှောင်သည် စာကြည့်တိုက်ကနေ သယ်လာသည့် စာအုပ်အချို့ကို ဆက်လက် ဖတ်ရှုလိုက်၏။ စူဇန်က သူမ အလုပ်ကို အပြီးသတ်ရန် ပျားရည်များ စုဆောင်းပေးလောက်သည်ဟု တွက်ချက်မိသည်။
ထို့ကြောင့် သူက ပန်းပွင့်များ စိုက်ပျိုးရာ တောင်ပေါ်သို့ သွားပြီး ပန်းပွင့်များ ခူးယူပေး၏။ ပြီးနောက် သူမကို ပို့ကာ စူဇန်ကို ပျားရည်များ စုဆောင်းခိုင်းမည်။
အရည်အချင်း ပြည့်မှီသော မွေးမြူသူတစ်ဦးအနေဖြင့် သူက မိနစ်တိုင်း စက္ကန့်တိုင်းကို ကောင်းစွာ အသုံးချပြီး သူ မွေးမြူထားသော တိရစ္ဆာန်များကို သူ့အတွက် အရင်းအမြစ်များ ပိုရအောင် ကြိုးစားခိုင်းနိုင်၏။
နောက်ထပ်တစ်ချက် ရှိသေးသည်။ သူတို့ကို အင်မတန် အလုပ်များအောင် ခိုင်းထားခြင်းဖြင့် သူတို့က သူ့ကို ခုခံပြီး ထွက်ပြေးမည့်အတွေး မရှိတော့မှာပဲ ဖြစ်သည်။
ဟွမ်လျိုလီက အမိန့်လက်ခံပြီး ပန်းပွင့်များ ခူးယူရန် အမြန်ပြေးသွား၏။
သူမသည် မဟာနဂါးအထက် အဆတစ်ရာ ပိုသန်မာကြောင်း သူမ၏ သခင်ကို သိစေရန် အလုပ်ကြိုးစားနေလေ၏။ မဟာနဂါးက လူသားများကို ဖြတ်တောက်နိုင်စွမ်းသာ ရှိသည့် အေးစက်စက် သတ္တု အစိုင်အခဲတစ်ခုမျှသာ ဖြစ်၏။ သူမကမူ အဝတ်လျှော်၊ ချက်ပြုတ်နိုင်ရုံသာမက အလုပ်လုပ်နိုင်သည်။ အိပ်ယာကို နွေးအောင်လည်း ပြုလုပ်ပေးနိုင်၏။
ယဲ့ရှောင်၏ မျက်နှာသာပေးမှုကို ရရှိပြီးနောက် သူမသည် ယဲ့ရှောင်ကို နောက်ထပ် နှစ်ပေါင်း ၃၀၀၀ ခစားနိုင်မည် ဖြစ်သည်။ သူမက အံ့ဖွယ်ချီရှန်း ဖြစ်လာနိုင်လောက်သည် မဟုတ်ပါလော။ ထိုအကြောင်းကို တွေးမိရုံဖြင့် သူမ ပျော်ရွှင်လာတော့သည်။
ယဲ့ရှောင်၏ အစီအရင်ထဲ၌ ချန်ချင်းရွှမ်နှင့် ကျန်သည့် သူများက အတော်လေး ဆုံးဖြတ်နေကြသည်။ အစက သူတို့ ဤအစီအရင်ကို တစ်ရက်အတွင်း မဖြေရှင်းနိုင်လျှင်တောင် အနည်းဆုံးတော့ အချိန်အတိုင်းအတာတစ်ခုအတွင်း အစီအရင်ကို ဖြိုခွဲနိုင်လောက်မည် တွေးခဲ့ကြသည်။ အဆုံးတွင်မူ အတွေးလွန်ခဲ့လိမ့်မည်ဟု မထင်ထားပေ။ အစီအရင်က ထင်ယောင်ထင်မှား အစီအရင်အခင်းအကျင်းတစ်ခု ဖြစ်ရုံသာမက သတ်ဖြတ်နိုင်သည့် စွမ်းရည်လည်း ရှိသည်။ တစ်နည်းဆိုရလျှင် သတ်ဖြတ်ခြင်း အစီအရင် အခင်းအကျင်းပဲ ဖြစ်သည်။
လေးနာရီကြာ သူတို့က အစီအရင်ထဲ ဝင်ခဲ့ပြီး အစီအရင်ထဲရှိ သတ်ဖြတ်ခြင်း အစီအရင်က စတင်လည်ပတ်လာတော့သည်။ ပြီးနောက် တိုက်ခိုက်မှုမျိုးစုံက သူတို့အသက်ကို ချမ်းသာမပေးပဲ ဆက်တိုက် တိုက်ခိုက်နေ၏။ သူတို့က စုတ်ပြတ်သတ်သည့် အခြေအနေထိရောက်အောင် အရိုက်ခံထားရသည်။
ဂုဏ်သိက္ခာရှိသည့် အံ့ဖွယ်ချီရှန်း၊ မဟာချီရှန်းနှင့် အစီအရင်သခင်များသည် သူတို့ ဒဏ်ရာများ ပြည့်သွားသည့်အထိ အရိုက်ခံရပြီး အစီအရင်နားတစ်ဝိုက် သုတ်တိသုတ်ပြာ ပြေးနေရနေ၏။
ထိုစဥ် သတ်ဖြတ်ခြင်းအားက ရပ်တန့်သွားပြီးနောက် ထင်ယောင်ထင်မှား အစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ နောက်ဆုံးတွင် လူတိုင်း သက်ပြင်းချလိုက်တော့သည်။
သို့သော်ငြား သူတို့က မြေကြီးပေါ် လည်း ထိုင်ချလိုက်၏။ သူတို့က အားနည်းလွန်းသောကြောင့် အရိုးများ နွမ်းနှယ်နေပြီ ဖြစ်သည်။ သူတို့ ထရပ်ရန်တောင် ခက်ခဲနေလေ၏။
” ကျွန် ကျွန်တော် ထပ်မလုပ်နိုင်တော့ဘူး။ ပါမောက္ခ ချန် ဒီအစီအရင်ကနေ ကျွန်တော်တို့ တကယ် လွတ်မြောက်နိုင်လား ”
မြေကြီးပေါ်၌ လှဲနေသော ချန်ချင်းရွှမ်က မျက်လုံးထဲ မျက်ရည်များ ပြည့်နေ၏။ မျက်ရည်များတိတ်တဆိတ် ကျဆင်းလာတော့သည်။ သူ ထပ်မသိတော့သောကြောင့် ဖြစ်သည်။ အစီအရင်ထဲ၌ သူ့ကိုသူ အပြည့်အဝ ဆုံးရှုံးသွား၏။
ချန်မိသားစုသည် နှစ်ပေါင်းတစ်ထောင်နီးပါး တည်ရှိလာခဲ့၏။ သူတို့သည် မျိုးရိုးစဥ်ဆက် အစီအရင်များကို လေ့ကျင့်ခဲ့ကြသည်။ မျိုးနွယ်စုထဲရှိ သုံးနှစ်အရွယ် ကလေးကတောင် အစီအရင်တစ်ခု နှစ်ခု တက်ကျွမ်းကြသည်။
ယခု သူက ကျန်းဟိုင်မြို့သို့ ရောက်လာပြီး အစီအရင်ထဲ ထောင်ချောက်မိသွားခဲ့သည်။ သူတောင် မလွတ်မြောက်နိုင်ပေ။
မျက်နှာပျက်ရလေခြင်း။
ချန်မိသားစု၏ ဘိုးဘေးများ၏ သိက္ခာကို သူ ချခဲ့မိတာပဲ ဖြစ်သည်။ ထင်ယောင်ထင်မှား အစီအရင်က သတ်ဖြတ်ခြင်း အစီအရင်အဖြစ် ပြောင်းလဲသွားစဥ်က သူတို့ အပြည့်အဝ သေရမည့်အချိန်ဟု တွေးမိထားသည်။ ယခုအချိန်၌ သူက အစီအရင်ထဲ၌ အပြည့်အဝ သေသွားလိမ့်မည်။ သူ့အလောင်းကို မည်သူမှတောင် ရှာနိုင်မှာ မဟုတ်ပေ။
သနားစဖွယ် ကောင်းလိုက်လေခြင်း။
သို့သော်ငြား ထိုစဥ် ငွေဆန်းလန်းကဲ့သို့ မိန်းကလေးသံတစ်သံက သူတို့နားထဲ ကြားလိုက်ရ၏။
” ငါက ပန်းစိုက်တဲ့ သူ။ ပန်းခူးတာ သိပ်တော်တယ်။ ကျောက်တုံးကို ကောက်ပြီးရင် ရတနာကို ကောက်မယ်။ အားလုံး လင်းလာလိမ့်မယ် ”
” မိန်းကလေး အသံလား။ ဖြစ်နိုင်တာကထင်ယောင်ထင်မှား ဖြစ်တာလား။ ဒါပေမဲ့ ဒီထင်ယောင်ထင်မှား ဖြစ်မှုက အစစ်နဲ့ တူနေတာ
လဲ ”
သူက မြေကြီးပေါ်ကနေ လူးလှဲထလိုက်၏။ သူ၏ မျက်လုံးက မယုံနိုင်မှုကြောင့် ပြူးကျယ်သွားတော့သည်။
သူနှင့် မလှမ်းမကမ်း၌ ဂျပန်အထက်တန်းကျောင်း ဝတ်စုံကို ဝတ်ထားသည့် မိန်းကလေးတစ်ဦး ရှိနေ၏။ သူမက ခြင်းတောင်းကို ကိုင်ထားပြီး တစ်စုံတစ်ခုကို ခူးယူနေသည်။ ပြီးနောက် သူက သူ့မျက်လုံးသူ ပြင်းပြင်းထန်ထန် ပွတ်လိုက်၏။ သူ အိမ်မက်မက်နေတာ မဟုတ်ကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် လက်ဝှေ့ရမ်း ချက်ချင်း အော်လိုက်တော့၏။
” မစ္စ မိန်းကလေးရေ ဒီဘက် ”
ကျန်သည့်သူများကလည်း သူမကို သတိပြုမိပြီး တစ်ယောက်ပြီးတစ်ယောက် ထရပ်ကာ လက်ဝှေ့ရမ်းလိုက်၏။
” ဒီနေ့ ကျုပ်တို့ကို ကယ်ပါဦး ”
ဟွမ်လျိုလီက မတ်တပ်ရပ်ပြီး လှမ်းကြည့်လိုက်၏။
” အမ်း လူသားတစ်ယောက်လား။ လူသားတစ်ယောက်က မတော်တဆ ဝင်လာမိတာလား ”
သို့သော် သူမက မချဥ်းကပ်သွားပေ။ သူမက ကြယ်တာရာသားရဲတစ်ကောင် ဖြစ်၏။ တစ်ဖက်သူက လူသားတစ်ယောက် ဖြစ်သည်။ သူမက အဆင်အခြင်မဲ့စွာ လျှောက်သွားမိလျှင် တိုက်ခိုက်ခံရလောက်၏။
သူမ ပြန်သွားပြီး သူမ သခင်ကို ပြောတာက ပိုကောင်းလိမ့်မည်။
ထိုသို့ပြောပြီးနောက် သူမက ခေါင်းခါကာ လှည့်ထွက်သွားတော့သည်။
ချန်ချင်းရွှမ်နှင့် ကျန်သည့်သူများက လိုက်သွား၏။
” မသွားပါနဲ့ မသွားပါနဲ့ ”
သို့သော်ငြား သူတို့က မပြေးနိုင်ခင် လေထဲ၌ ကိုယ်ပျောက်နံရံနှင့် တိုက်မိတော့၏။
ဖုန်း။
သက်ရောက်အားကြောင့် သူတို့ထဲမှအချို့က နောက်ပြန်လှန်ကျကုန်သည်။ ချန်ချင်းရွှမ်နှင့် ကျန်သည့်သူများက ချက်ချင်း ငိုချင်လာသော်ငြား မျက်ရည် မရှိပေ။
” အတွင်းနဲ့ ဒီနေရာကို ခြားထားတဲ့ တော်ဝင်အဆင့် ခုခံခြင်း အစီအရင်တစ်ခု တကယ်ရှိနေတာပဲ။ ဘုရားရေ ဘယ်သူများလဲ။ ဘယ်သူက ဒီလို ထိန်းချုပ်နိုင်တဲ့ အစီအရင်မျိုး တည်ဆောက်ထားတာလဲ ”
ညနက်ချိန်၌ ယဲ့ရှောင်က ကြယ်ကောက်ခြင်းလက်ဟန်ကို အပြည့်အဝ ကျင့်ကြံပြီးသွားကာ ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်သွားပြီး ဖြစ်သည်။ သူက အပြင်ထွက်ကာ ကြယ်ကောက်ခြင်းလက်၏ စွမ်းအားကို စစ်ဆေးချင်သည်။
သူ၏ ခန္ဓာကိုယ်က လေထဲ၌ မိုင်၃၀အကွာ၌ နေရာယူထား၏။ ယဲ့ရှောင်သည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးကာ ပစ်မှတ်ကို ရွေးလိုက်၏။
ငှက်အသိုက်ထဲ၌ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေသော ငှက်လေးတစ်ကောင် ရှိသည်။ သူတို့ကြားရှိ အကွာအဝေးအရ မိုင် ၆၀ခန့် ရှိသည်။
ပြီးနောက် ယဲ့ရှောင်သည် သူ၏ ညာလက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ ကြယ်ကောက်ခြင်းလက်ကို အသုံးပြုလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း ငှက်လေးက သူ့လက်ဖဝါးထဲ ရောက်လာ၏။
ကောင်းကင်ထဲရှိ လေသံက ငှက်လေးကို နိုးသွားစေတော့သည်။
၄င်းက စကားမပြောနိုင်သော်ငြား ယဲ့ရှောင်က ၄င်း၏ အမူအယာကနေ အတွေးများကို မြင်နိုင်သည်။
ဒါ ဘယ်သူလဲ။ ငါ ဘယ်မှာလဲ။ ငါ ဘာလုပ်နေတာလဲ။
ခဏတာ ထိတ်လန့်သွားပြီးနောက် သူက စူးရှစွာ ချက်ချင်းအော်ကာ တောင်ပံ တဖျတ်ဖျတ်ခတ်လျက် ထွက်ပြေးချင်နေသည်။
သို့သော် ကြယ်ကောက်ခြင်းလက်ဖြင့် ထိန်းချုပ်ခံထားရသောကြောင့် ယဲ့ရှောင်၏ လက်ဖဝါးထဲ တောင်ပံသာ ခတ်နိုင်ပြီး မထွက်ပြေးနိုင်ပေ။
ကြယ်ကောက်ခြင်းလက်က ထင်တဲ့အတိုင်းပဲ။ တကယ် အံ့သြဖို့ကောင်းတယ်။ ငါ့ခွန်အား အပြည့်အဝတောင် မသုံးရသေးဘူး။ ဒါတောင် မိုင်တစ်ရာအတွင်း တစ်စုံတစ်ခုကို ချက်ချင်း ဖမ်းနိုင်တာ။ ငါ့ရဲ့ခွန်အားကို အကန့်အသတ်ထိ သုံးရင် တစ်စုံတစ်ခုကို ဘယ်လောက်ဝေးဝေးထိ ဖမ်းနိုင်မလဲ မသိဘူး။
ယဲ့ရှောင်သည် ကြယ်ကောက်ခြင်းလက်ကို ထပ်မံ အသုံးပြုလိုက်ပြီး ငှက်လေးက ငှက်အသိုက်ထဲသို့ ချက်ချင်း ဝင်သွားတော့၏။
ငှက်အသိုက်သို့ ပြန်ရောက်ပြီးနောက် ငှက်လေးက ဘယ်ညာကြည့်ကာ အံ့သြဆွံ့အသွားလေ၏။
အစောတုန်းက ဖြစ်ပျက်ခဲ့တာကို ထိုခေါင်းလေးက မထုတ်ဖော်နိုင် ဖြစ်နေလေ၏။
ကြယ်ကောက်ခြင်းလက်ကို စမ်းသပ်ပြီးနောက် ယဲ့ရှောင်က ပြန်သွားပြီး အနားယူရန် ပြင်ဆင်လိုက်သည်။
ထိုစဥ် ပုံရိပ်တစ်ရိပ်က သူ၏ သိမြင်နားလည်မှု အကျယ်အဝန်းထဲ ရုတ်တရက် ရောက်လာ၏။
” ဒါက ကြယ်တာရာသားရဲတစ်ကောင်လား ”
ယဲ့ရှောင်က တစ်ဖက်ခြမ်းဆီ ကြည့်လိုက်ပြီး ခဏအကြာ၌ အင်မတန် အစွမ်းထက်သည့် ပုံရိပ်တစ်ခုက ပေါ်လာတော့၏။ အနက်ရောင် သားရေ အဝတ်အစားကို ဝတ်ထားလျက် သူ၏ မျက်လုံးများက စူးရှအေးစက်ကာ သူ၏ ခန္ဓာကိုယ်က သတ်ဖြတ်လိုစိတ်များ ဖြာထွက်နေ၏။
” လူသားသိုင်းပညာရှင်လား။ ကောင်းလိုက်တာ။ ကြည့်ရတာ ငါ အောက်ဆင်းပြီး လျှာကုတ်ဖို့ မလိုတော့ဘူးပဲ ”
သူက ယဲ့ရှောင်ကို စကားပြောလိုက်သည်။
” လူသား။ မင်းကို မေးခွန်းတစ်ခုမေးမယ်။ ရိုးရိုးသားသား ဖြေ။ မင်းအသက်ချမ်းသာပေးမယ် ”
ယဲ့ရှောင်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် တထဂတာ နတ်လက်ဝါးကို ချက်ချင်း သုံးလိုက်၏။
ဖုန်း။
ထိုကြယ်တာရာသားရဲသည် ယဲ့ရှောင်ကို ပါရမီ သိုင်းပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။ သူ၏ တိုက်ကွက်က ထိုမျှ ဆုံးဖြတ်ချက် ပြတ်သားမည်ဟု သူ မထင်ထားပေ။ တစ်ခွန်းမှ ပြောမနေပဲ လက်မြှောက်ကာ တိုက်ရိုက် တိုက်ခိုက်တော့၏။
ဖုန်း။
ကြမ်းတမ်းသည့် ပေါက်ကွဲမှုများအပြီး အလင်းက ကောင်းကင်ကနေ ဖြာကျလာ၏။
ကျန်းဟိုင်မြို့ထဲရှိ မရေမတွက်နိုင်သည့် သူများက အထိတ်တလန့် နှိုးလာလေ၏။
” ဘာတွေဖြစ်တာလဲ ”
” ရန်သူ တိုက်ခိုက်တာလား ”
” အား … ထပ်ဖြစ်ပြန်ပြီ။ ဒီလထဲမှာ ဒုတိယအကြိမ်ပဲ။ ငါ ပြန်ကောင်းပြီးခါစကို။ တကယ်ပဲ ပြိုလဲတော့မယ် ”
တုချန်ဖုန်းနှင့် ကျန်သည့် သိုင်းပညာရှင်များက လျင်မြန်စွာ စုဝေးလိုက်၏။
” အစွမ်းထက်လိုက်တဲ့ တိုက်ခိုက်ရေး အရှိန်အဝါပဲ။ ဒါက စီနီယာ ဓါးမော့ဓါးဝိဇ္ဇာပဲ ”
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက ဘာကြောင့် ရုတ်တရက်ကြီး တိုက်ခိုက်တာလဲ ”
” ငါ မသိဘူး။ အထက်က ဖိအား သိပ်ကို ကြောက်ဖို့ကောင်းလွန်းတယ်။ ငါတို့တောင် မထနိုင်လောက်အထိ ဖိအားများတာ။ ဒါပေမဲ့ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက သမန်ကာလျှံကာ တိုက်ခိုက်မှာ မဟုတ်ဘူး ”
” နောက်ထပ် သိုင်းပညာရှင်တစ်ယောက်များ ငါတို့ကို လာတိုက်ခိုက်လို့လား ”
အပိုင်း ၂၁၁ ပြီး၏။