စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀၉ ပျောက်ဆုံးနေသော အစီအရင်သခင်များ။
လူတိုင်းက ပင့်သက်ရှိုက်မိသွား၏။ အနည်းငယ် ပြောင်းလဲသွားကာ သတိထားလာကြသည်။
သူတို့က အရူးများ မဟုတ်ပေ။ သူတို့က ကျင်းတူသိုင်း အကယ်ဒမီမှ လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်သည်။ သူတို့က အတော်လေး အရည်အချင်းရှိသော်ငြား ထိုနေရာက နေရာအသစ်နှင့် ဖြစ်နေသောကြောင့် ထိုနေရာကို အထင်သေးကြမှာ မဟုတ်ပေ။
ထို့အပြင် ဤစကားကို ပြောလိုက်သည့်သူက ကျင်းတူသိုင်း အကယ်ဒမီ၏ အစီအရင် အခင်းအကျင်းဌာနခေါင်းဆောင် ချန်ချင်းရွှမ်ပဲ ဖြစ်သည်။
အစီအရင်များအပေါ် သူ၏ နားလည်သဘောပေါက်မှုက သာမန်လူများ ယှဥ်နိုင်သည့်အရာ မဟုတ်ပေ။
သူက ပြဿနာတစ်ခု ရှိနေသည်ဟု ဆိုခဲ့လျှင် ပြဿနာတစ်ခု ရှိရပေမည်။
” ပါမောက္ခ ချန် ကျုပ်တို့ အခု ဘာလုပ်သင့်တယ်လို့ ထင်လဲ ”
ချန်ချင်းရွှမ်က မှုတ်ဆိတ်သပ်လျက် ပြောလိုက်တော့သည်။
” သာမန်အခြေအနေအောက်မှာဆိုရင် ငါတို့ရှေ့မှာ ရှိလဲဆိုတာ ကြည့်လို့ရတယ် ”
” ဒါပေမဲ့ အခု အရေးကြီးကိစ္စလေး ရှိနေတာဆိုတော့ ငါတို့ ဘေးကင်းမှုကို ဦးစားပေးရမယ်။ ကွေ့ပတ်သွားကြတာပေါ့ကွာ ”
” ကောင်းပါပြီ။ ကျွန်တော်တို့ ပါမောက္ခပြောတာ နားထောင်ပါ့မယ် ”
လူတိုင်းက ချန်ချင်းရွှမ်ကို ခေါ်ပြီး တခြားတစ်ဖက်ကနေ သွားလိုက်၏။
မိနစ်၂၀ခန့်ကြာသွားသည်။
” ပါမောက္ခ ချန် ပြဿနာတစ်ခုရှိတယ်လို့ ထင်တယ်။ ကျွန်တော်တို့က ကျန်းဟိုင်မြို့နဲ့ မိုင်တစ်ရာလောက်ပဲ ဝေးတော့တာ။ ပြီးတော့ ကျွန်တော်တို့ထဲမှာ ကျင့်ကြံဆင့်အနိမ့်ဆုံးက ရှန်းထျန်းဆဌမအဆင့် မဟာချီရှန်းတစ်ယောက်ပဲ။ ဘာကြောင့်များ ဒီလောက်ကြာနေရတာလဲ။ ဒီတောင်နားမှာ ကွေ့ဝိုက်သွားနေမိတဲ့ပုံပဲ။ ကျန်းဟိုင်မြို့ကို မတွေ့ရသေးဘူး ”
ချန်ချင်းရွှမ်က မျက်မှောင်ကျုံ့သွားသည်။
သူသည်လည်း ဆွံ့အနေလေ၏။ ယေဘုယျအား
ဖြင့် သူတို့သည် အစောတုန်းက အန္တရာယ်ကို ရှောင်တိမ်းခဲ့မိသင့်သည်။ သို့သော်ငြား လက်တွေ့တွင် ယခုအချိန်ထိ အန္တရာယ်အငွေ့အသက်ကို မခံစားမိသေးပေ။ ထိုအစား သူတို့က တောင်ပေါ်၌သာ လှည့်လည်သွားလာနေမိသည်။ သူတို့က ဒဏ္ဍာရီလာ တစ္ဆေနံရံထဲ ဝင်မိသည့်ပမာ ဖြစ်နေ၏။
” ငါ တစ်ချက်ကြည့်လိုက်ဦးမယ် ”
သူ၏ အိတ်ထဲမှ ထူးခြားသော အမှုန့်အချို့ကို ထုတ်ပြီး မြေကြီးပေါ် ဖြူးလိုက်လေ၏။ နောက်တစ်စက္ကန့်တွင် အမှုန့်များ ကွဲအက်ပြီး စတင်လောင်ကျွမ်းသွားသည်။
ထိုအရာကို မြင်သောအခါ ချန်ချင်းရွှမ်၏ အမူအယာက တဖြည်းဖြည်းချင်း သုန်မှုန်သွားတော့၏။
” ပါမောက္ခ ချန် ဒါက ဘာကို ဆိုလိုတာလဲ ”
ချန်ချင်းရွှမ်က အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် သူ၏ မျက်မှန်ကို ပင့်တင်လိုက်သည်။
” ငါထင်တာ မှန်မယ်ဆိုရင် ငါတို့တွေ အစီအရင်ထဲမှာ ပိတ်မိနေတာပဲ ”
ပတ်ဝန်းကျင်က ရုတ်တရက်ကြီး တိတ်ဆိတ်သွားလေ၏။
” ပါမောက္ခ ချန် မနောက်ပါနဲ့တော့ဗျာ ”
ရယ်စရာပဲ။ စီရင်စု၉ခုထဲက ထိပ်တန်းအစီအရင် ပါမောက္ခတစ်စုက အစီအရင်တစ်ခုထဲမှာ ပိတ်မိနေတာတဲ့။ ရယ်စရာပဲ။
” ငါ တကယ်နောက်နေတာ မဟုတ်ဘူး။ အမှန်အတိုင်းပြောနေတာ ”
လူတိုင်း၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ ကြောက်လန့်မှု တစ်စွန်းတစ်စတောင် ရှိနေသည်။
ပါမောက္ခ ချန်ကိုတောင် ဒွိဟဖြစ်နေနိုင်သော အစီအရင်တစ်ခုက ရိုးရှင်းမှာ မဟုတ်လောက်ပေ။
ပါမောက္ခ ချန်က မျက်မှန်ကို တွန်းတင်ပြီးနောက် ထပ်ပြောလိုက်ပြန်၏။
” တကယ်တော့ ငါလည်း အံ့သြနေတာ။ ခုနတုန်းက အန္တရာယ်ကို ခံစားမိပေမဲ့ အဆုံးကြ အစီအရင်ထဲ ဝင်မိသေးတာပဲ ”
” အခု ငါ ခန့်မှန်းမိတာတော့ ဒီအစီအရင်က ဖြန့်ကျန့်ထားတဲ့ ဧရိယာကြီးတယ်။ သူ့မှာ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဂုဏ်သတ္တိရှိတယ်။ အစီအရင်က ပိုသန်မာလေ ရှာတွေ့ခံရဖို့ နည်းလေပဲ။ ဒါကို အာရုံခံမိတဲ့ အချိန်တုန်းက အစီအရင် အစွန်းမှာပဲ ရှိလောက်တာ။ အဲ့ဒီတုန်းက ရှေ့ဆက်တိုးမဲ့အစား နောက်သွားလိုက်သင့်တယ်။ အဆုံးကြ အနည်းငယ် လှုပ်ရှားလိုက်ရုံနဲ့ အစီအရင်ထဲ ဝင်မိသွားတာပဲ ”
” အစီအရင်ထဲ ဝင်လာပြီးတော့ သူ့ရဲ့ထင်ယောင်ထင်မှား ဂုဏ်သတ္တိကြောင့် အဲ့ဒါကို ငါတို့ အာရုံမခံမိခဲ့ဘူးလေ။ ခုနတုန်းက တစ္ဆေလင်းနို့ရဲ့ ကြယ်ပုလဲမှုန့်ကို သုံးလိုက်တော့ အစီအရင်ရဲ့ တည်ရှိမှုကို ရှာတွေ့သွားတာပဲ ”
” ဒီတော့ ဒီလိုကိုး။ ကျန်းဟိုင်မြို့ထဲမှာ ဒီလိုအစွမ်းထက်တဲ့ အစီအရင်သခင်တစ်ယောက် ရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး ”
သူတို့ထဲမှ တစ်ယောက်က သက်ပြင်းချလိုက်စဥ် ကျန်သည့်သူများ၏ အကြည့်က လက်သွားတော့၏။
” ဟူး … ဒီအစီအရင်သခင်ရဲ့ အရည်အချင်းက သိပ်စွမ်းတာ။ သူ့ကိုသာ ကျုပ်တို့ အဖွဲ့ထဲ ဝင်ခိုင်းမယ်ဆိုရင် တာဝန် မြန်မြန် ပြီးမြောက်မှာ မဟုတ်ဘူးလား ”
ဦးဆောင်လာသည့် အံ့ဖွယ်ချီရှန်းက သူတို့ကို ရေအေးများ လောင်းချလိုက်၏။
” မင်းက အဲ့ဒါကို တွေးနိုင်သေးတယ်ပေါ့။ အခု ငါတို့တွေ အစီအရင်ထဲမှာ ပိတ်မိနေတာ။ ငါတို့ မလွတ်မြောက်နိုင်ရင် အသက်ရှင်ဖို့တောင် ကံကောင်းမယ်။ လူရှာဖို့ဆိုတာ ပြောမနေနဲ့ ” ။
ချင်းရွှမ်က ပြုံးလိုက်၏။
” ဒီလောက် စိတ်ပူပန်နေဖို့ မလိုဘူး။ ဒီအစီအရင်က အရမ်းအဆင့်မြင့်တယ်ဆိုပေမဲ့ ဒီမှာ ငါရှိနေသရွေ့ အားလုံးရဲ့ ဘေးကင်းမှုကို အာမခံနိုင်တယ် ”
ကျန်သည့်သူများက ပြုံးလိုက်သည်။
” အမှန်ပဲ။ ပါမောက္ခ ချန် ဒီနေရာမှာ ရှိနေတော့ ဘာများကြောက်စရာ ရှိမှာလဲ။ ပါမောက္ခ ချန် ဒီအစီအရင်ကို မြန်မြန်လေး ဖျက်ပေးပါ။ ဒါမှ ကျွန်တော်တို့ တာဝန်ထမ်းဆောင်နိုင်မှာ ”
ချန်ချင်းရွှမ်က ခေါင်းညိတ်ပြီးနောက် အစီအရင်ကို စတင် ဖျက်တော့သည်။
နောက်ထပ် မိနစ် ၂၀ ကုန်ဆုံးသွား၏။
ချန်ချင်းရွှမ်က လေများ ရှူထုတ်လိုက်ပြီး သူ၏ အမူအယာက ပိုတောင် သုန်မှုန်လာလေ၏။
” ဒီကျန်းဟိုင်မြို့ထဲမှာ အံ့သြဖို့ကောင်းတဲ့ လူတစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။ ဒီနေ့ ငါ တကယ် အမြင်ကျယ်တာပဲ ”
လူတိုင်းက မေးလိုက်မိသည်။
” ပါမောက္ခ ချန် ဘာတွေဖြစ်သွားတာလဲ။ အစီအရင်က ဖျက်လို့ မရဘူးလား ”
ချန်ချင်းရွှမ်က ခေါင်းညိတ်လိုက်သည်။
” ဒီအစီအရင်က အလွန်ခိုင်မာတယ်။ ငါ မမှားရင် တော်ဝင်အဆင့် အစီအရင် ဖြစ်လောက်တယ် ”
” ဘာ။ တော်ဝင်အစီအရင်လား။ ကျွန်တော်တို့ကို နောက်နေတာလား။ ဒါက ကျန်းဟိုင်မြို့လေးပဲလေ။ တော်ဝင်အစီအရင်ကို ဖန်တီးနိုင်တဲ့ အစီအရင်သခင်တွေ ရှိလို့လား ”
ချန်ချင်းရွှမ်က ရှင်းပြလိုက်၏။
” ဒါ ဘာမှမထူးဆန်းပါဘူး။ ကိုယ့်ထက် ပိုတော်တဲ့ လူတစ်ယောက်က အမြဲတမ်း ရှိပြီးသားပဲ။ စီရင်စု၉ခုထဲမှာ ဆန်းကြယ်ပြီး အရည်အချင်းရှိတဲ့ သိုင်းပညာရှင်တွေ ရှိနေပြီးသားလေ။ လတ်တလော အင်တာနက်ပေါ်မှာ သတင်းပြန့်နေတဲ့ ဓါးမော့ဓါးဝိဇ္ဇာက ကျန်းဟိုင်မြို့ထဲက သိုင်းပညာရှင် မဟုတ်ဘူးလား ”
” ဒါကြောင့် ကျန်းဟိုင်မြို့ထဲမှာ အစီအရင်သခင်တစ်ယောက် ရှိနေတာ အံ့သြစရာ မဟုတ်ဘူး ”
” ဒါဆို ဒီအစီအရင်ကို ခင်ဗျား ဖျက်နိုင်သေးလား ”
ချန်ချင်းရွှမ်က ခေါင်းညိတ်ပြီး လူတိုင်းက သက်ပြင်းချလိုက်၏။ သူတို့ ဖျက်နိုင်သရွေ့ အဆင်ပြေသည်။
” ဒါကို ဖျက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ ” ချန်ချင်းရွှမ်က ခဏတာ စဥ်းစားပြီးနောက် ပြောလိုက်၏။
” သာမန်အစီအရင်သာဆိုရင် ပိုမြန်မှာ သေချာတယ်။ တော်ဝင်အစီအရင်ဆိုတော့ ငါ့ရဲ့ အမြန်ဆုံး စံချိန်က ၁၀ရက်ပဲ။ ဒါပေမဲ့ အဲ့ဒီအချိန် အစီအရင်ဇယားတစ်ခု ရှိလာလိမ့်မယ် ”
” ဒီအစီအရင်က အစီအရင်ဇယား မရှိဘူး။ ဒါကြောင့် ၁လလောက် အချိန်ယူရလောက်မယ် ”
” ဘာ ”
လူတိုင်းက အံ့သြဆွံ့အသွားပြန်၏။ သူတို့က ဤနေရာ၌ ၁လကျော် ပိတ်မိနေလျှင် အချိန်မည်မျှ ကြာညောင်းသွားမည်နည်း။
” ပါမောက္ခ ချန် မြန်မြန်လေး လုပ်ဖို့ မရဘူးလား။ ကျွန်တော်တို့ အရေးကြီးကိစ္စ ရှိသေးတာလေ။ ဒါကြောင့် ဒီမှာ အချိန်အများကြီး ကုန်လို့မရဘူး ”
” မဟာမိတ်တာဝန်အတွက် ငါ ချန်ကိုယ်တိုင် ဒီနေ့ထွက်မယ်။ ချန်မိသားစုရဲ့ တန်ဖိုးအကြီးဆုံး အစီအရင် ဖြိုခွင်းခြင်း ရတနာ အဌဂံ ပကွားကို ယူလာခဲ့။ ဒါက နှစ်တစ်ထောင် လက်ဆင့်ကမ်းလာတာလေ ”
” ငါ့ရဲ့ ချန်မိသားစုမှာ ဘိုးဘေးတွေ နိမ့်ကျခဲ့တာ ရှိတယ်။ ဒီပစ္စည်းကို ပေါ့သေးသေး သုံးလို့မရဘူး ”
” ပကွားပြားလား ”
လူအချို့က မမေးပဲ မနေနိုင်တော့ပေ။ အံ့ဖွယ်ချီရှန်းတစ်ယောက်ကတော့ အနည်းငယ် မျက်မှောင်ကျုံ့သွားပြီးနောက် စဥ်းစားကာ သူက ထုတ်ပြောလိုက်မိသည်။
” အဲ့ဒါက စီရင်စု၉ခုလက်နက်စာရင်းထဲမှာ အဆင့် ၁၄ ရထားတဲ့ အစီအရင် ဖြိုခွင်းခြင်းတော်ဝင်လက်နက် ပကွားပြားလား ”
” ကောလဟာလတွေအရ အဲ့ဒီချပ်ပြားက နှစ်ပေါင်းတစ်ထောင် လက်ဆင့်ကမ်းလာတာတဲ့။ ရှေးယခင်ကာလက ကျော်ကြားတဲ့ ပန်းပဲဆရာက ဖန်တီးခဲ့တယ်။ အစီအရင် တစ်ဒါဇင်ရဲ့ အနှစ်သာရ ပါဝင်နေတယ်။ သူတို့လက်ထဲမှာ ဒီချပ်ပြား ရှိနေခဲ့မယ်ဆိုရင် ဒီလောကထဲမှာ ဖြိုခွဲလို့မရတဲ့ အစီအရင်ဆိုတာ မရှိဘူးတဲ့ ဟုတ်လား ”
လူတိုင်းက ထိုစကားကို ကြားသောအခါ သူတို့ ဦးရေပြားများ ကြိမ်းကုန်လေ၏။
ချန်မိသားစုရဲ့ ဆက်ခံသူ ပါမောက္ခ ချန်က တကယ်ကြီး ဒီလို ရတနာရှိနေတာပဲ။
ချန်ချင်းရွှမ်က ပြုံးလိုက်၏။
” အဲ့လောက် ချဲ့ကားစရာ မလိုပါဘူး။ လောကကြီးထဲမှာ အစီအရင်တွေ အားလုံးကို မဖြိုခွင်းနိုင်ဘူး။ ဒါပေမဲ့ စီရင်စု၉ခု မြေပေါ်မှာတော့ အစီအရင် ၉၉ရာခိုင်နှုန်းကို ဖြိုခွင်းနိုင်မယ်လို့ ငါ ယုံကြည်ချက်ရှိတယ် ”
ထိုသို့ပြောပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ အဌဂံ ချပ်ပြားတစ်ခုကို ထုတ်လိုက်၏။ ထိုအပေါ်၌ အဌဂံဇယား ၆၄ခုကို ထွင်းထုထားပြီး အလယ်၌ ပြဒါးကဲ့သို့ မှန်ဝိုင်းလေး ရှိနေသည်။ အတွင်း၌ မြွေလေးတစ်ကောင် ရှိနေသည်။ ချိတ်ပိတ်ခံထားရသော ကြယ်တာရာသားရဲဝိညာဥ်ပဲ ဖြစ်သည်။ လူတိုင်းက တံတွေးမြိုချလိုက်မိ၏။
ဒါက ပကွားချပ်ပြားလား။
တော်ဝင်အစီအရင် ဖြိုခွင်းခြင်းလက်နက် စီရင်စု၉ခု လက်နက်စာရင်းမှာ အဆင့် ၁၄ ရထားတာ။
ဒီနေ့ကတော့ တကယ် မျက်စိပွင့်စေတာပဲ။
ချန်ချင်းရွှမ်က နှောင့်နှေးမနေပဲ ပကွားချပ်ပြားကို ထုတ်လာပြီးနောက် သူက အစီအရင်ကို ဖြိုခွင်းတော့၏။
နှစ်နာရီ ကြာသွား၏။
ချန်ချင်းရွှမ်က မြေကြီးပေါ် ထိုင်ချလိုက်မိသည်။ သူ၏ မျက်နှာက ဖယောင်းပမာ ဖြူရော်နေလေ၏။
” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပကွားချပ်ပြားက တကယ်ကြီး ကျရှုံးသွားတယ်။ ဒီအစီအရင်ကို လုံးဝ မဖျက်နိုင်ဘူး ”
လူတိုင်း၏ အမူအယာက အပြည့်အဝ ပြောင်းလဲသွားလေ၏။
“ပါမောက္ခ ချန် ဒီအကြောင်း ကျုပ်တို့ မနောက်ဘူးနော် ”
ချန်ချင်းရွှမ်က ခါးသက်စွာ ပြုံးလိုက်၏။
” ငါ ချန်က ငါ့ရဲ့ ချန်မိသားစု ဘိုးဘေးရတနာ ဂုဏ်သိက္ခာက နောက်စရာ မဟုတ်ဘူး ”
” ဒါဆို အခု ဘာလုပ်သင့်လဲ ”
” ကိစ္စတွေက ဒီအနေအထားထိ ရောက်လာပြီဆိုတော့ တစ်ချက်လျှောက်ကြည့်ရုံပေါ့။ အစီအရင်အားနည်းချက် ရှာတွေ့မလား ကြည့်ရမယ်။ အစီအရင်ကို ဖောက်ဖျက်ဖို့ နည်းလမ်းတစ်ခု ရှိကောင်းရှိမှာ ”
ယဲ့ရှောင်ကို ပြန်ရောက်လာပြီးနောက် နောက်နေ့ နံနက်စောစော၌ ကုဟိုင်ထံမှ ဖုန်းလက်ခံရရှိသည်။
” လောင်ယဲ့။ မင်းတို့ စာကြည့်တိုက်ရဲ့ အဖွဲ့လိုက်စကားပြောခန်းထဲမှာ ပြန်ဖွဲ့စည်းတော့မယ်ဆိုတဲ့ သတင်းတွေ့လိုက်တယ်။ ဟို့ထျန်းစတုတ္ထအဆင့်အောက်က လူတွေက အလုပ်ထုတ်ခံရမှာလား ”
” ဟုတ်တယ် ”
” ဒီလိုဆိုရင် မင်း ပြဿနာတက်လောက်တယ်။ မင်း မြန်မြန် အဆင့်တက်မလား ကြည့်ရအောင်လို့ ဆေးကောင်းဝါးကောင်းတချို့ကို ဝယ်ပြီး မြန်မြန်လုပ် ”
” မင်းကို ယွမ် ၅၀၀၀၀၀ လွှဲပေးလိုက်မယ်။ ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံးတစ်လုံး ဝယ်ကြည့်။ မင်းဘာ့သာမင်း ပျိုးထောင်ဖို့ ပိုက်ဆံနည်းနည်းသုံး။ ဝိညာဥ်သိပ်သည်းနိုင်ခဲ့မယ်ဆိုရင် မင်းအတွက် ဟို့ထျန်းစတုတ္ထအဆင့်ကို အဆင့်တက်ဖို့က ပြဿနာ မဟုတ်လောက်တော့ဘူး။ မင်းရဲ့ အလုပ်ကို ထိန်းထားနိုင်မှာ ”
” ဒီလောက် ပိုက်ဆံအများကြီး ဘယ်ကနေ ရလာတာလဲ ”
” လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက။ မုံ့မုံ့ရဲ့ တစ်လပြည့် မွေးနေ့ရှိတယ်လေ။ ဝမ်ဝမ်ကို မင်းအတွက် ပိုက်ဆံတချို့ ချေးပေးဖို့ ပြောလိုက်တာ ”
မုံ့မုံ့သည် ကုဟိုင်၏ သမီးအမည်ဖြစ်ပြီး ယဲ့ရှောင်၏ မွေးစားသမီးလည်း ဖြစ်သည်။
” ငါ ဒီပိုက်ဆံကို မယူနိုင်ဘူး။ မင်းရဲ့ ကလေးအတွက် နို့မှုန့်ဝယ်ဖို့ သိမ်းထားသင့်တယ် ”
” ပေါက်တက်ကရတွေ တော်လိုက်။ မင်းအတွက် ကြီးကြပ်သူတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ ဒီလို အလုပ်ကောင်း ဆုံးရှုံးသွားရင် နှမြောစရာပဲ ”
ယဲ့ရှောင်က ရင်ထဲ နွေးထွေးသွားလေ၏။
မည်သည့်နည်းနဲ့မဆို ကုဟိုင်နှင့် သူ့ဇနီး၏ ဆန္ဒပဲ ဖြစ်သည်။ သူက မလိုအပ်လျှင်တောင် ၄င်းကို သိပ်မငြင်းတော့ပေ။ ရက်အနည်းငယ် စောင့်ဆိုင်းပြီး သူတို့ကို ပြန်ပေးရန် ဆင်ခြင်တစ်ခု ရှာလိုက်မည်။
” ကောင်းပြီ။ ဒါဆို ငါ အရင်ယူထားလိုက်မယ်။ အလုပ်ထိန်းထားနိုင်ပြီဆို ပြန်ပေးမယ် ”
” ဟုတ်ပြီ။ ပြီးတော့ ဒီနှစ်ရက် အာရုံစိုက်ထားလိုက်ဦး။ ငါတို့ ကျန်းဟိုင်မြို့က ကျင်းခရိုင်က အစီအရင်သခင်တစ်စုကို ရှာဖို့ ဆုလာဘ် အမိန့်ပေးထားတယ်။ မင်း သဲလွန်စရရင် မင်း ယွမ် ၂၀၀၀၀၀ ရမယ် ”
” အစီအရင်သခင်တွေလား ”
” ဟုတ်တယ်။ ကျင်းတူသိုင်းအကယ်ဒမီရဲ့ အစီအရင်အခင်းအကျင်းဌာနက လက်ရွေးစင် ပါမောက္ခ ချန်ချင်းရွှမ်လေ။ ပြီးတော့ သူ့ရဲ့ သက်တော်စောင့်တချို့။ ဘာဖြစ်လဲတော့ မသိဘူး။ သူတို့တွေက မနေ့တည်းက အစီအရင် တည်ဆောက်ဖို့
ကျန်းဟိုင်မြို့ကို ရောက်ရမှာ။ ဒါပေမဲ့ သူတို့ ရောက်မလာသေးဘူး။ ဒါ့အပြင် သူတို့ဖုန်းတွေက အလုပ်မဖြစ်ဘူး။ သူတို့ အဆက်အသွယ် ပြတ်နေတဲ့ပုံပဲ ”
” ဟုတ်ပြီ။ ငါ သိပြီ။ သူတို့ကို ရှာဖို့ အကောင်းဆုံး ကြိုးစားမယ် ”
” ဟုတ်ပြီ။ ငါ အလုပ်များနေလို့။ ဒီနေ့က တစ်မြို့လုံးရဲ့ မြို့စောင့်တပ်ဖွဲ့ တာဝန်က သူတို့ကို ရှာဖို့လေ။ ငါတို့ အလုပ်တွေ အများကြီး လုပ်ရဦးမယ်နဲ့တူတယ် ”
အပိုင်း ၂၀၉ ပြီး၏။