စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀၇ မြို့အဆင့်မြင့်တင်ခြင်း။
ယဲ့ရှောင်သည် အိမ်ပြန်ရောက်ခါစ၌ သူ့ဖုန်းထဲတွင် စာကြည့်တိုက်မှ ပို့သည့် စာတစ်စောင် ရောက်နေ၏။
၃ရက်တာ ခွင့်ယူတာ ပြီးသွားပေသည်။ ယခုအခေါက်တွင် သားရဲလူသားများ၏ တိုက်ခိုက်မှုက တစ်မြို့လုံးကို ထိခိုက်မှုကြီး ဆောင်ယူပေး၏။
တုချန်ဖုန်းနှင့် ကျန်သည့်သူများသည် မြို့ပြင်၌ သားရဲလူသားများကို ထိန်းထားရန် အကောင်းဆုံး ကြိုးစားသင့်သော်ငြား အရေအတွက်က များပြားလွန်းနေသည်။ သူတို့က ဖရိုဖရဲ ဖြစ်နေတာကို အခွင့်ကောင်းယူကာ ကျန်းဟိုင်မြို့ကို ဖျက်ဆီးခဲ့ကြသည်။
ထို့ကြောင့် သူတို့အတွက် အားလပ်ခွင့်ရတာက ပုံမှန်ပဲ ဖြစ်သည်။
ယဲ့ရှောင်က စိတ်ထဲမထားပေ။ သူက ရှန်းထျန်းနဝမအဆင့်သို့ အဆင့်တက်ခါစ ဖြစ်၏။ သူ၏ ခွန်အားနှင့် အသားကျရန် ရက်အနည်းငယ် လိုအပ်နေသည်။
ရှန်းထျန်း နဝမအဆင့်သို့ အဆင့်တက်ပြီးနောက် နောက်ထပ်တစ်လှမ်းက ဘုရင်နယ်ပယ်သို့ တက်လှမ်းရန် ဖြစ်သည်။
သို့သော်ငြား ဘုရင်နယ်ပယ်က ရရှိရန် မလွယ်ကူချေ။ ယဲ့ရှောင်က ရေရှည်တိုက်ပွဲ တိုက်ခိုက်ရန် ပြင်ဆင်ထားပြီး ဖြစ်၏။
သို့သော် လေးနှစ်ကြာပြီးနောက် သားရဲကပ်ဘေး၏ ခြိမ်းခြောက်မှုက ပိုတောင် ကြီးမားလာလေလိမ့်မည်။ ထို့ကြောင့် သူသည် သူ့အတွက် သင့်တော်သည့် လေ့ကျင့်ရေး အစီအစဥ်တစ်ခု စီစဥ်ရန် လိုအပ်၏။ သို့မှသာ သူ အဆင့်မြန်မြန် တက်နိုင်မှာပဲ ဖြစ်သည်။
ယဲ့ရှောင်သည် သူ၏ လက်ရှိ အရင်းအမြစ်များကို စုစည်းလိုက်သည်။ သူက သန့်စင်ထားသော လက်နက်များကို ထည့်မတွက်ပေ။ အကြောင်းမှာ အရေအတွက်က များပြားလွန်းနေပြီး အမျိုးမျိုး အထွေထွေ ဖြစ်လွန်းနေ၏။ ထို့အပြင် သူတို့က သူ၏ ကျင့်စဥ်ကို တိုးတက်စေမှာ မဟုတ်ပေ။
ယခုအချိန်တွင် ယဲ့ရှောင် တွက်ချက်နေသည်က သူ့အတွက် အရေးကြီးဆုံး အရာများပဲ ဖြစ်သည်။ ပထမဆုံးက ကျင့်စဥ်များ ဖြစ်၏။ ရွှေရောင်စာအုပ်ထဲ၌ လက်ရှိ ပေါင်းစည်းပြီးသားနဲ့ မပေါင်းစည်းရသေးသည့် ကျင့်စဥ်များ ရှိသည်။ ကျန်သည့် ကြယ်တာရာသားရဲများ၏ အမြုတေကနေ သင်ယူထားတာပဲ ဖြစ်သည်။
စိတ်စွမ်းအားကျင့်စဥ်၊ ခရမ်းရောင်ကြယ်ပင်လယ်၊ ဓမ္မကျမ်းစာ။
ဝိညာဥ်စွမ်းအားကျင့်စဥ်၊ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု။
တိုက်ခိုက်ရေးကျင့်စဥ်၊ လွန်ကဲခြင်းဓါးမော့၊ ကောင်းကင်ပိုင်းဖြတ်ခြင်းဓါး၊ တထဂတာ နတ်လက်ဝါး၊ အနန္တကပ်ဘေးလက်ချောင်း၊ မဟာနိဗ္ဗာနလက်သီး၊ တော်ဝင်ဓါးသိုင်း။
ခုခံခြင်းကျင့်စဥ်၊ ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်း။
ကုသခြင်းကျင့်စဥ်၊ ကောင်းကင်ပြုပြင်ခြင်း၊ နံနက်ခင်းကြယ်ကျင့်စဥ်၊ အဆုံးစွန်သော ကုသခြင်းကျင့်စဥ်။
ကိုယ်ဖော့သိုင်း၊ နတ်ဘုရားအာရုံစူးစိုက်ခြင်း၊ မြေဝပ်ခြင်းကျင့်စဥ်။
အစီအရင်၊ မြေကမ္ဘာခွင်း၊ ခုနှစ်စင်ကြယ်
အစီအရင်၊ ကောင်းကင်ဖန်တီးခြင်း အစီအရင်။
လက်နက်သန့်စင်ခြင်းကျင့်စဥ်၊ နတ်ဘုရားလက်မှုပညာ။
ဆေးလုံးသန့်စင်ဖော်စပ်ခြင်းကျင့်စဥ်၊ တစ်ထောင်မှတစ်။
သူတို့ထဲ၌ တော်ဝင်ကုသခြင်းကျင့်စဥ် ( ၃ ) မျိုးက ပေါင်းစည်းနိုင်သည့် အနေအထားသို့ ရောက်နေပြီ ဖြစ်သည်။
သို့သော်ငြား ပေါင်းစည်းရန်အတွက် လုံလောက်အောင် သန်မာသည့် ကျင့်စဥ် အခြေခံရှိဖို့ လိုအပ်သည်။
ယခင်က သူသည် ရှန်းထျန်း အဌမအဆင့်တွင် ရှိစဥ်က ၄င်းကို မပေါင်းစည်းနိုင်ခဲ့ပေ။ ယခု သူ ရှန်းထျန်း နဝမအဆင့် ရောက်ပြီဖြစ်ကာ မပေါင်းစည်းနိုင်သေးပေ။
ထို့အပြင် ရွှေရောင်စာအုပ်၏ အလင်းက ယခင်ကထက် ပိုတောက်ပလာပုံရသည်။ ဘုရင်နယ်ပယ်သို့ ရောက်သည့်အချိန်၌ တော်ဝင်ကျင့်စဥ်ကို ပေါင်းစည်းနိုင်တော့မည့်ပုံရသည်။
အချိန်ကျလာတဲ့အခါ ပေါင်းစည်းလိုက်ရင် ဘယ်လိုအစွမ်းထက်တဲ့ ကျင့်စဥ်တွေ ပေါ်မလဲဆိုတာ တကယ် မသိဘူး။
ဒုတိယအချက်က ငါ့ရဲ့ အရင်းအမြစ်တွေကို အားဖြည့်ရမယ်။
လက်ရှိ ငါ့မှာ အဌမအဆင့် ကြယ်တာရာသားရဲ ( ၃ ) ကောင်၊ သတ္တမအဆင့် ကြယ်တာရာသားရဲ ( ၇ ) ကောင်ရှိပြီ။ သူတို့က ငါ့ကို နေ့စဥ်နေ့တိုင်း သွေးအဆီအနစ်နဲ့ ဝိညာဥ်စွမ်းအားတွေ ထောက်ပံ့ပေးတယ်။
ဒါ့အပြင် ငါ ပန်းတွေ အများကြီး နုတ်လာခဲ့တာ။
စူဇန်ကို ပေးပြီး ပျားရည် လုပ်ခိုင်းလို့ရတယ်။
ရေတိုအတွက် ဝိညာဥ်စွမ်းအင်နဲ့ သွေးအဆီအနစ်ကို ဖြည့်နိုင်လောက်မှာပဲ။
” ဒါပေမဲ့ ကြယ်တာရာသားရဲတချို့ ထပ်ဖမ်းဖို့ တွေ့ရဦးမယ် ”
ဆိုရလျှင် သူသည် ရှန်းထျန်း နဝမအဆင့်သို့ အဆင့်တက်သွားပြီဖြစ်ကာ ကြယ်တာရာသားရဲများထံမှ သူ၏ လိုအပ်ချက်က ပိုမြင့်မားလာသည်။
မဟုတ်လျှင် နောက်ဆုံးအဆင့်၌ သူ ဝိညာဥ်စွမ်းအင် ဖြည့်နိုင်မှာ မဟုတ်ပေ။
ထို့အပြင် သူ၌ တော်ဝင်အဆင့် ခုခံခြင်း သံချပ်ကာ၊ အနက်ရောင်ကြေးခွံ၊ တော်ဝင်အဆင့်ကို ကျော်လွန်ပြီးသားဖြစ်သော အံ့ဖွယ်လက်နက် မဟာနဂါး ရှိနေ၏။ ဟွမ်လျိုလီအတွက်မူ သူမ၏ လက်ရှိခွန်အားက အားနည်းလွန်းနေ၏။ သူမကို ထည့်တွက်၍ အသုံးမဝင်ချေ။
အချိန်တိုအတွင်း ကြယ်တာရာသားရဲများကို ဖမ်းနိုင်မှာ မဟုတ်ပေ။ အကြောင်းမှာ သူက ရှန်းထျန်း နဝမအဆင့်အထက် ကြယ်တာရာသားရဲများကို လိုချင်သောကြောင့် ဖြစ်၏။ ထိုကြယ်တာရာသားရဲသာလျှင် သူ့ကို လုံလုံလောက်လောက် အဟာရဖြည့်ပေးနိုင်မှာပဲ ဖြစ်သည်။
သို့သော်ငြား နဝမအဆင့်အထက် ကြယ်တာရာသားရဲများကို ရဖို့က မည်ကဲ့သို့ လွယ်ကူမည်နည်း။ သူတို့က ဂေါ်ဖီထုပ်များ မဟုတ်ပေ။ သူက အာကာသစစ်မြေပြင်ကို မသွားသရွေ့ မရလောက်ပေ။
သို့သော်ငြား ယဲ့ရှောင်က အာကာသစစ်မြေပြင်ကို မသွားချင်ပေ။
အာကာသစစ်မြေပြင်က အလွန်အန္တရာယ်များကြောင်း လျိုချန်စွင်း ပြောခဲ့ဖူးသည်။ အံ့ဖွယ် ချီရှန်းအဆင့် သိုင်းပညာရှင်များတောင် အချိန်မရွေး ကြွေလွင့်သွားနိုင်သည်။
ထို့အပြင် ကျား နတ်ဘုရားနှင့် ရှားပင်းနဥ်က ယဲ့ရှောင်ကို အာကာသ စစ်မြေပြင်မှာ အကြောက်တရား တစ်စွန်းတစ်စ ခံစားမိစေ၏။
ထိုနေရာ၌ သိုင်းပညာရှင်အချို့ ရှိနေမှာ သေချာသည်။ ရှောင်လင်၌ နဝမအဆင့် ကြယ်တာရာသားရဲရှိပြီး သူတို့ထဲ၌ အချို့ရှိလောက်သည်။
ရှောင်လင်၌ နတ်ဆိုးဂူ ( ၇၂ ) ဂူရှိပြီး အားလုံးက နဝမအဆင့် ကြယ်တာရာသားရဲများကို ဖိနှိပ့်ထားသည်ဟု ဆိုသည်။ ရှောင်လင်ကနေ တစ်ကောင် နှစ်ကောင် ခိုးလာရင်ရော ဘယ်လိုလဲ။ သူတို့ကို ပျိုးထောင်ရမလား။ သို့သော်ငြား ယင်းက ယဲ့ရှောင်၏ လောကအမြင်ကို အဆင်မပြေစေပေ။ ယခင်က ဟွမ်လျိုလီက အမြဲတမ်း ညစ်ပတ်ခဲ့၏။ သူမကို သူ အကြိမ်ပေါင်းများစွာ သတိပေးခဲ့သည်။
ကြည့်ရသည်မှာ နဝမအဆင့် ကြယ်တာရာသားရဲများကို ရှာနိုင်မည့် နည်းလမ်းတစ်ခု တွေးရတော့မည့်ပုံ ပေါ်သည်။
သူ၏ လက်ရှိတာဝန်က ထိုဝိညာဥ်ပန်းပွင့်များကို စိုက်ပျိုးရန် ဖြစ်သည်။
ယင်းက သူ ခက်ခက်ခဲခဲ ကြိုးပမ်းပြီး ရယူထားရသည့် ဝိညာဥ်ပန်းပွင့်များ ဖြစ်သည်။ သူတို့ကို စိုက်ပျိုးခဲ့လျှင် စူဇန်က နေ့စဥ်နေ့တိုင်း ပျားရည်ထုတ်ပေးနိုင်လိမ့်မည်။
လက်ရှိတွင် ကျန်းဟိုင်မြို့၏ မည်သည့်နေရာက ဝိညာဥ်ပန်းပွင့်များ စိုက်ပျိုးရန် သင့်တော်မည်နည်း။
ယဲ့ရှောင်က ခဏတာ စဥ်းစားလိုက်၏။ သင့်တော်သည့်နေရာ မရှိပုံပေါ်သည်။
ဝိညာဥ်ပန်းပွင့်များက နေရောင် အလွန်လိုအပ်သည်။ ၄င်းတို့ကို ဝှက်ပြီး စိုက်ပျိုးဖို့က မဖြစ်နိုင်ပေ။ အာနိသင်ရှိမှာ မဟုတ်ပေ။ သူ့အိမ်တွင် စိုက်ခြင်းကလည်း အန္တရာယ်များ၏။ ကျန်သည့်သူများ ရှာတွေ့သွားနိုင်သည်။ ယင်းက အတော်လေး ခေါင်းခဲစရာ ဖြစ်နေသည်။
ယဲ့ရှောင်က ခဏတာ စဥ်းစားလိုက်၏။ တောင်တစ်လုံးကိုရှာပြီး ကောင်းကင်ဖန်တီးခွင့်နှင့် မြေကမ္ဘာခွင်း အစီအရင်ကို ချခင်းပြီး ခုနှစ်စင်ကြယ် အစီအရင် တည်ဆောက်လိုက်ရင်ရော။
အစီအရင်နှစ်ခု။ အစီအရင်နှစ်ခု ချမှတ်ထားလျှင် အာနိသင်က ကောင်းမွန်မှာ သေချာ၏။ ကောင်းကင်ဖန်တီးခြင်း အစီအရင်သည် ထင်ယောင်ထင်မှား ဖြစ်စေပြီး သတ်ဖြတ်နိုင်ခြင်း။ မြေကမ္ဘာခွင်း၊ ခုနှစ်စင်ကြယ် အစီအရင်က စောင့်ကြပ်ရန် တာဝန်ယူလိမ့်မည်။
တစ်ဖက်တွင်မူ သူ့၌ နတ်ဘုရားအာရုံစူးစိုက် ရှိနေ၏။ သူ၏ အရှိန်က အင်မတန် မြန်ဆန်၏။
နေ့စဥ်နေ့တိုင်း လတ်လတ်ဆတ်ဆတ် ပန်းပွင့်များကို ကောက်ယူနိုင်လိမ့်မည်။
ဟုတ်တယ်။ ဟုတ်တယ်။ ပြီးပြည့်စုံတယ်။
ထို့ကြောင့် ယဲ့ရှောင်သည် သင့်တော်သည့် တောင်တန်းကို ရှာလိုက်လေ၏။ အစီအရင်ချမှတ်ကာ ပန်းပွင့်များ စိုက်ပျိုးတော့မည်။
တဖြည်းဖြည်းချင်း အချိန်ကုန်လာပြီး ညအချိန်သို့ ရောက်သွားလေ၏။
ကြယ်ဆုံသောကောင်းကင်အောက်၌ အမေရိက၏ လက်တွေ့စမ်းသပ်ချက်က တိုက်ခိုက်ရေး ဂျက်လေယာဥ်အသစ်များ စတင်စမ်းသပ်တော့၏။
ယခုအချိန်တွင် သူတို့က ထိုပစ္စည်းများကို ထပ်ပြီး မဖန်တီးတော့ပေ။ သူတို့က အာကာသစစ်မြေပြင်ကို ပံ့ပိုးပေးနိုင်လေ ထုတ်ကုန် အမြောက်အမြားသာ ပြင်ဆင်နေ၏။ ယခင် တိုက်ခိုက်ရေး ဂျက်လေယာဥ်များက အချိန်တိုင်း ဖျက်ဆီးခံနေရသည်။ ထို့ကြောင့် ခေါင်းဆောင်က သူတို့ကို ထိပ်တန်းအဆင့် တိုက်ခိုက်ရေး ဂျက်လေယာဥ်များ ထပ်ဖန်တီးလိမ့်မည်ဟု မမျှော်လင့်ထားတော့ပေ။
သူတို့ တစ်ခု ဖန်တီးနိုင်သရွေ့ ၄င်းကို တိုက်ရိုက် အသုံးပြုပြီး အာကာသစစ်မြေပြင်၏ တိုက်ပွဲဝင် စံချိန်များဖြင့် တပ်ဆင်လိုက်မှာပဲ ဖြစ်သည်။
” စမ်းသပ်ခံ စက်ပစ္စည်း နံပါတ် ၁ အသင့်ဖြစ်ပါ
ပြီ ”
” စမ်းသပ်ခံ စက်ပစ္စည်း နံပါတ် ၂ အသင့်ဖြစ်ပါ
ပြီ ”
” စမ်းသပ်ခံ စက်ပစ္စညါး နံပါတ် ၃ အသင့်ဖြစ်ပါ
ပြီ ”
” ကစား ”
” ခွဲထွက် ”
” ဖြိုခွဲ ”
” ခွေ့ ”
သိပ္ပံပညာရှင်များ၏ အမိန့်ပေးမှုအောက်၌ လေယာဥ်မှူးက စက်ပစ္စည်းကို စမ်းသပ်ပြီး အာကာသဆီသို့ ဦးတည်ပြီး ပျံသန်းသွား၏။ စမ်းသပ်သည်က အလွန်ချောမွေ့သည်။ သိပ္ပံပညာရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်တော့၏။
” ငါတို့ အတွေးတွေ မှန်နေတာပဲ ”
” ငါတို့ရဲ့ စမ်းသပ်ခံ လေယာဥ်လေး အမြဲတမ်းပြဿနာတွေနဲ့ ကြုံနေရတဲ့ အကြောင်းအရင်းက အဲ့ဒီနေရာက သိုင်းပညာရှင်တစ်ယောက် သိမ်းပိုက်ထားတဲ့ နေရာဖြစ်နိုင်တယ်။ ဒါ့ကြောင့် စမ်းသပ်မှုတွေ အကြိမ်ပေါင်းများစွာ ကျရှုံးတာပဲ။ ဒါပေမဲ့ အခုအခြေစိုက်စခန်းတစ်ခုလုံးကို ရွှေ့လိုက်ပြီး ဘာမှမဖြစ်တော့တာ သဘာဝကျတယ် ”
” ကြည့်ပါဦး။ ငါတို့ရဲ့ တာဝန်ကို နောက်ဆုံးတော့ လွှဲပေးနိုင်ခဲ့ပြီ ”
” ဒါပေါ့။ စက်ပစ္စည်း စမ်းသပ်တာလေးပဲကို။ ငါတို့ ဒါကို မဖြေရှင်းနိုင်ရင် မြေကြီးထဲမှာ အိမ်သာဆေးနေရမယ် ”
သို့သော် လူတိုင်းက စိတ်လှုပ်ရှားနေစဥ် နောက်တစ်စက္ကန့်၌ လေက ရုတ်တရက် တွန့်ဆုတ်လာ၏။ အရိပ်တစ်ခုက လျင်မြန်စွာ ဖြတ်ခနဲ ပေါ်လာပြီး လူတိုင်း၏ ရင်ထဲ တင်းကြပ်သွားသည်။
နောက်တစ်စက္ကန့်၌ စမ်းသပ်ခံ စက်ပစ္စည်းသုံးခုသည် မီးတောက်များ၏ ပေါက်ကွဲမှုအောက်၌ အပိုင်းပိုင်းအစစ ဖြစ်ကုန်၏။
” အိုး … ဖ ”
” ဘာတွေဖြစ်ကုန်တာလဲ။ ဘယ်သူက ငါတို့ကို ဆန့်ကျင်နေတာလဲ။ ဘာကြောင့် အမြဲတမ်း ဒါမျိုး ဖြစ်နေရတာလဲ ”
အခြေစိုက်စခန်းနှင့် မတူပဲ သိပ္ပံပညာရှင်များ ရူးသွပ်ကုန်၏။ အပြင်ဘက်တွင် ကြယ်ဆုံသောကောင်းကင်အောက်၌ ကြွယ်ဝသော အရှိန်အဝါတို့ဖြင့် လူတစ်ယောက်က တွန့်ဆုတ်နေသော လေဟာနယ်ထဲကနေ ဖြည်းဖြည်းချင်း ထွက်လာသည်။
သူက လှည့်ပတ်ကြည့်လိုက်ရာ မျက်ခုံး အနည်းငယ် ပင့်မိသွား၏။
” ဒီနေရာမှာ အပိုင်းအစတွေ ဘာကြောင့်များနေတာလဲ။ တုံးအတဲ့ လူတစ်စုက ရှုပ်ရှုပ်ထွေးထွေး အရာတွေ လုပ်ရတာ ကြိုက်တာကိုး ”
” ဒီလိုအချိန် နည်းနည်းလေးနဲ့ မင်းတို့ရဲ့ ကျင့်စဥ် တိုးတက်အောင် လုပ်ဖို့ ဘာကြောင့်များ မတွေးတာလဲ ”
” အရူးတစ်သိုက်ပဲ ”
မကြာမီ၌ သူက ထပ်ပြောလိုက်၏။
” စူဇန်၊ သံမဏိနွားရိုင်း၊ မော့ယွီ။ မင်းတို့တွေ အသက်ရှင်လျက် ရှိနေဦးမယ်လို့ မျှော်လင့်တယ်။ အဲ့လိုသာဆို ဒီဗိုလ်ချုပ်က မင်းတို့ကို ကယ်တင်ပေးပြီး ကျားနတ်ဘုရားနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ် ”
” ဒါပေါ့။ မင်းတို့အားလုံး အသက်ရှင်လျက် ရှိနေသေးရင် အကောင်းဆုံးပေါ့။ မဟုတ်ရင် လူသားမျိုးနွယ်စုက အံ့ဖွယ်ဂိုဏ်းအထွတ်အထိပ်မှာ ရှိတဲ့ ရှန်းထျန်းနဝမအဆင့် ကြယ်တာရာသားရဲရဲ့ အမြတ်ဒေါသကို ခံစားရမယ် ”
နှစ်ရက်ကြာပြီးနောက် ယဲ့ရှောင်သည် ကျန်းဟိုင်မြို့၏ မြောက်အရပ်၌ ဝေးလံသည့် တောင်တန်းထဲ၌ ခါးနာခံပြီး အစီအရင်ဆွဲပြီး သွား၏။
” နောက်ဆုံးတော့ ပြီးသွားပြီ ”
သူက ဝိညာဥ်ပန်းပွင့်များနှင့် အနောက်တောင် ပယ်လယ်ကမ်းခြေတောအုပ်ထဲကနေ သယ်လာသည့် အပင်မျိုးစုံကို စိုက်ပျိုးလိုက်၏။
မူလက အုပ်မှိုင်းမှိုင်း တောင်တန်းက ယခုဆို ရောင်စုံတို့ ပြည့်လာသည်။ လှပသည့် ပန်းပင်လယ်ကြီး ဖြစ်သွားတော့၏။
ထိုကဲ့သို့ လှပသည့်အရာသည် လူပေါင်းများစွာကို ဆွဲဆောင်နိုင်လေရာ ဝိညာဥ်ပန်းပွင့်များဆို ပြောနေရန် မလိုတော့ချေ။
ကံကောင်းသည်မှာ ယဲ့ရှောင်၏ အစီအရင်ကအသေးအမွှား မဟုတ်ပေ။
တော်ဝင်အစီအရင် နှစ်ခုဖြင့် ကာကွယ်ပေးဖို့က ပြဿနာတစ်ရပ် မဟုတ်ပေ။
ယဲ့ရှောင်က ထိုအကြောင်းကို တွေးပြီး ဟွမ်လျိုလီကို ဤအရာကို စောင့်ကြပ်ရန် တာဝန်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
သူမက သူ့ကို နေ့စဥ်နေ့တိုင်း စောစောထကာ ပန်းပွင့်များ ခူးယူခိုင်းမည်။ ပြီးနောက် မွေးမြူရေးခြံသို့ ပို့ကာ စူဇန်ကို ပျားရည်များ စုဆောင်းစေမည်။ ဤနည်းဖြင့် သူက အချိန်နှင့် အားစိုက်ထုတ်မှု သက်သာလိမ့်မည်။
ယဲ့ရှောင်၏ အစောပိုင်း တွက်ချက်မှုအရ စူဇန်သည် နေ့စဥ်နေ့တိုင်း ချီရှန်းအဆင့် ဆေးလုံး ၄၀နီးပါးနှင့် ကိုက်ညီသည့် ဝိညာဥ်စွမ်းအင်များ ထောက်ပံ့ပေးနိုင်သည်။
ထိုဝိညာဥ်စွမ်းအင်ပမာဏက ရှန်းထျန်း နဝမအဆင့် ယဲ့ရှောင်အတွက် နိမ့်ကျလွန်းနေသည်။ သို့သော်ငြား ခြင်တစ်ကောင်က မည်မျှ သေစေကာမူ အသားတစ်စ ဖြစ်နေသေးသည်။ ထို့အပြင် နဝမအဆင့် ကြယ်တာရာသားရဲ မရှိပေ။ သူက နဝမအဆင့် ကြယ်တာရာသားရဲတစ်ကောင်ကို စားရမည်။ ယခုကမူ သူ၏ ကိစ္စများကို ဦးစွာ ဖြေရှင်းမည်။
တစ်ဖက်တွင်မူ ကျန်းဟိုင်မြို့ မြို့တော်ဝန်၏ အိမ်တော်က အရေးကြီးသည့် လူတစ်စုကို ကြိုဆိုနေ၏။
” မြို့တော်ဝန် စီရင်စု၉ခု မဟာမိတ်ရဲ့ ကျုံးစီရင်စုနဲ့ အမိန့်အောက်မှာ ခင်ဗျားရဲ့ ရာထူးကို ဖယ်ရှားဖို့ ကြေညာလိုက်ပြီ။ ခင်ဗျားရဲ့ ဦးလေး ရှန်းထျန်း စတုတ္ထအဆင့် တုချန်ဖုန်းက တာဝန်ယူမယ်။ ငြင်းစရာရှိလား ”
တုထျန်းယွီက ခေါင်းခါလိုက်၏။
” ငြင်းစရာ မရှိပါဘူး။ ကျုံးစီရင်စုရဲ့ စီမံမှုအတိုင်း လိုက်နာပါ့မယ် ”
” နားလည်ရင် အကောင်းဆုံးပဲ။ ဒီတစ်ခေါက် ရာထူးရွှေ့ပြောင်းမှုက မင်းပါ ဝင်ပါရုံတင်မကဘူး။ စာကြည့်တိုက်ခေါင်းဆောင် ကျန်းဟိုင်သိုင်းကျောင်းတော် အကယ်ဒမီ ကျောင်းဥက္ကဌနဲ့ မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင်တွေပါ ပါတယ်။ အားလုံး အစားထိုးခံရမှာ။ ဒါပေမဲ့ ဆိုးတဲ့ ကိစ္စမဟုတ်ဘူး။ ကျန်းဟိုင်မြို့အတွက် ဒါက အကျိုးအမြတ်ကြီးပဲ ”
” ကျန်းဟိုင်မြို့က ပထမအဆင့် မြို့တစ်မြို့အဖြစ် အပြည့်အဝ မြှင့်တင်ခံရလိမ့်မယ် ”
တုထျန်းယွီက ခေါင်းညိတ်ပြီး လက်သီးဆုပ်လိုက်၏။ သူ၏ မျက်လုံးထဲ စိတ်လှုပ်ရှားမှုများ ပြည့်လာသည်။
ကျန်းဟိုင်မြို့သည် စီရင်စု၉ခုအဆိုအရ ပထမအဆင့်မြို့အဖြစ် အသွင်ပြောင်းလဲတော့မည်။ ပထမအဆင့်မြို့ ဖြစ်လာခြင်းအတွက် အကျိုးခံစားခွင့်များ များစွာရှိသည်။ သူက သူတို့ကို တွက်တောင်မတွက်နိုင်ပေ။
ပထမအဆင့်အနေဖြင့် မြို့ထဲ၌ အံ့ဖွယ်ချီရှန်းများ စခန်းချလိမ့်မည်။ မြို့စောင့်တပ်ဖွဲ့၊ သိုင်းစာကြည့်တိုက်နှင့် သိုင်းကျောင်းတော်တို့က အံ့ဖွယ်ချီရှန်းများ လက်ခံရရှိလိမ့်မည်။ သူတို့က ထိုနေရာသုံးခု၏ မန်နေဂျာများ ဖြစ်လာလိမ့်မည်။
ယင်းက ကျန်းဟိုင်မြို့ကို အံ့ဖွယ်ချီရှန်းများက သက်တော်စောင့်အနေဖြင့် စောင့်ကြပ်ပေးတာနှင့် ဆင်တူ၏။ ထိုအကြောင်းအရင်းကြောင့် သူက ရာထူး ဖယ်ပေးရပြီး သူ့ဦးလေး တုချန်ဖုန်းကို မြို့တော်ဝန်အနေဖြင့် ထားလိုက်ရတာကို ကျေနပ်နေ၏။
အပိုင်း ၂၀၇ ပြီး၏။