စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀၆ သားရဲနတ်ဘုရား မဟာမိတ် မရှိတော့။
တိုက်ခိုက်ရန် ပြင်ဆင်နေသော လုံထူက ရုတ်တရက် ရပ်တန့်လိုက်ပြီး အနောက်တောင်ဘက် ကောင်းကင်ဆီသို့ ခေါင်းမော့ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများ အနည်းငယ် မှေးကျဥ်းသွားလေ၏။
” နောက်ဆုံးတော့ မင်း ရောက်လာပြီလား .. ဟန့်။ မင်း သတ္တိမရှိတဲ့ကောင်လို့ ငါက ထင်နေတာ ”
ခဏကြာပြီးနောက် သူက ရှုပ်ချလိုက်သည်။
” ဒါပေမဲ့ မင်း ရောက်လာရင်တောင် မထူးဘူး ”
ပြီးနောက် သူက ကျန်းဟိုင်မြို့ကို တိုက်ခိုက်မည့်အစား အနောက်တောင်ဘက်ဆီသို့ တိုက်ခိုက်လိုက်၏။
တိမ်စိုင်တိမ်မည်းများသည် နတ်ဆိုးနဂါး ဖန်တီးပြီး အနောက်တောင်အရပ်ဆီသို့ ဦးတည်သွားလျက် ဟိန်းဟောက်နေတော့သည်။ နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ပေါ် တိမ်စိုင်တိမ်မည်းများ တစ်လိမ့်လိမ့် တက်နေပြီး သွေးအချို့ကိုတောင် ဝေဝါးဝါး မြင်တွေ့ရ၏။
ထိုပြင်းထန်သည့် ဖိအားက မိုးနှင့်မြေကို တုန်လှုပ်သွားစေ၏။
ရွှေရောင်အလင်းတန်း ရောင်ခြည်များက အနောက်တောင်ကနေ ချွန်ထက်သော ဓါးမှ ပြန့်ကားပြီး နတ်ဆိုးနဂါးကို ဖိနှိပ့်လိုက်တော့၏။
ရွှေရောင်အလင်းရောင်ခြည်က တိမ်တိုက်များကို ဖြတ်တောက်လျက် နောက်ဆုံး၌ အတွင်းရှိ စစ်မှန်သော သွင်ပြင်ကို ထုတ်ပြလိုက်သည်။
ယင်းက ကြီးမားသည့် ရွှေရောင်ဗုဒ္ဓလက်ဝါးပဲ ဖြစ်သည်။
ယင်းက တောင်တစ်တောင်ထက် ပိုမြင့်မားပြီး ၄င်း၏ စွမ်းအားက အဆုံးမရှိပေ။
ယင်းက ယဲ့ရှောင် အသုံးပြုသော တထဂတာ နတ်လက်ဝါးပဲ ဖြစ်သည်။
ကောင်းကင်ထဲ၌ အထွတ်အထိပ် တိုက်ကွက်တစ်ခု ရင်ဆိုင်တွေ့သည့်အခါ ကျန်းဟိုင်မြို့ထဲရှိ သိုင်းပညာရှင်များအားလုံးက ၄င်းကို ခံနိုင်ရည် မရှိကြချေ။
ယခင်က ယဲ့ရှောင် လျိုချန်စွင်းနှင့် မူရာကာမီပေ့ချွမ်ကို ယဲ့ရှောင် ရင်ဆိုင်စဥ်က မြစ်ဘေး၌ သက်ရောက်မှုသာ ဖြစ်စေခဲ့သည်။
သို့သော် ယဲ့ရှောင်နှင့် လုံထူကြားရှိ တိုက်ပွဲက ကျန်းဟိုင်တစ်မြို့လုံးကို လွှမ်းခြုံနိုင်ပြီး သက်ရောက်စေသည်။
ယခင် တိုက်ပွဲနှင့် အဆင့်မတူတော့ချေ။
နှစ်ယောက်သား ကပ်နေချိန် ဖိအားက မိုးနှင်မြေက တိမ်တိုက်များကို ကွဲအက်သွားစေ၏။
တစ်စက္ကန့်။
နှစ်စက္ကန့်။
သုံးစက္ကန့်။
လူသန်းချီ၏ အကြည့်အောက်၌ နတ်ဆိုးနဂါးနှင့် တထဂတာ နတ်လက်ဝါးသည် နောက်ဆုံးတော့ ပြိုလဲသွားတော့၏။
အသံမထွက်ပေ။ အလင်းက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလျက် နေကိုတောင် ခြုံသွားလေ၏။
ထိုစွမ်းအားက သန်မာလွန်းသည်။ သန်မာလွန်းသောကြောင့် အသံလှိုင်းကိုတောင် ကျော်လွန်သွားသည်။ လိုင်းများက မြေပြင်ပေါ် ရောက်သည့်အချိန်၌ ပြင်းထန်သည့် လေပြင်းက လူတိုင်းကို မြေပြင်ပေါ် ပြားပြားဝပ်စေပြီး သူတို့ မထနိုင်တော့ပေ။ မည်သူ့မှ အသံမကြားနိုင်တော့ချေ။
” စူးလိုက်တဲ့အလင်း။ အား ငါ့မျက်လုံးတွေ ကန်းတော့မယ် ”
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာ လှုပ်ရှားလိုက်တာလား။ သူ နောက်ဆုံးတော့ လှုပ်ရှားပြီကွ ”
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက လက်ဝါးသိုင်းလည်း သိတယ်လား။ ဘုရားရေ သူက အတော်ဆုံးပဲ ”
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကတော့ ထင်တဲ့အတိုင်းပဲ သူ လှုပ်ရှားလိုက်တာနဲ့ မြေကမ္ဘာတွေ တုန်လှုပ်၊ မိုးတွေ ခြိမ်းကုန်ရောပဲ ”
ပေါက်ကွဲမှု ပေါ်ပေါက်သည့် ဖြစ်စဥ်က စက္ကန့်ပိုင်းခန့် ကြာပြီးနောက် ဖြည်းဖြည်းချင်း လျော့သွားသည်။
ထိုစဥ် လူအားလုံး၏ အကြည့်သည် စူးရှသည့်အလင်းကြောင့် လှုံ့ဆော်ခံလိုက်ရပြီး အပြည့်အဝ ပြန်မကောင်းကြသေးပေ။
သို့သော်ငြား ပိုအစွမ်းထက်သည့် စစ်သည်တော်အချို့က အမြင်အာရုံပြန်ရလာပြီး ဖြစ်သည်။ သူတို့က မျက်လုံးပြူးကျယ်နေအောင် ဖွင့်ထားပြီး တိုက်ပွဲ၏ ရလဒ်ကို ပထမဆုံး မြင်ချင်နေကြ၏။
ကောင်းကင်ထဲ၌ တိမ်စိုင်ကြီးနှစ်ခုက ဖွဲ့တည်နေပြီး အလယ်၌ ရှင်းလင်းနေလေ၏။ လူနှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုသည် တိမ်များကို နှစ်ခြမ်း ကွဲသွားစေသည်။
ထိုစဥ် တိမ်၏ တစ်ဖက်ခြမ်းက သာမန်အရောင် ဖြစ်သည်။ နောက်တစ်ဖက်က အနက်စစ်စစ် ဖြစ်နေ၏။ အထဲ၌ သွေးနီရောင် ရေးရေးရှိနေသည်။ ယင်းက အင်မတန် နတ်ဆိုးဆန်နေသည်။
တုချန်ဖုန်းနှင့် ကျန်သည့်သူများက မေးလိုက်မိတော့၏။
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာ … လုံထူနဲ့ သရေကျသွားတာလား ”
ဖာ့ကျန်းနှင့် ကျန်သည့်သူများကလည်း အင်မတန်စိတ်လှုပ်ရှားနေ၏။
” ကြည့်ရတာက အဲ့လိုပုံပဲ ”
လဲ့ရှင်းလင်နှင့် လျန်ချီမူက ခေါင်းခါလိုက်ပြီး ဆွံ့အသွား၏။ သရေကျတယ်ဆိုတာ ဘာကိုပြောတာလဲ။
ပါရမီရှင် လုံထူရဲ့ စွမ်းအားက ဘယ်အဆင့်လဲ။ သူက အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့ပြီး စီရင်စု၉ခုလုံးမှာ တစ်ခါတုန်းက ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှု ဖြစ်ခဲ့တာလေ။ ဓါးမော့ဓါးဝိဇ္ဇာက လတ်တလောကမှ လူသိများလာတာ။ သူ့အဖို့ လုံထူနဲ့ လက်ရည်ယှဥ်ပြီး သရေကျဖို့က အင်မတိ အင်မတန် ရှားပါးလွန်းလှတာ။
ဓါးမော့ဓါးဝိဇ္ဇာက စူဇန်နဲ့ အံ့ဖွယ်ဂိုဏ်းရဲ့ ကျန်တဲ့ ကြယ်တာရာသားရဲနှစ်ကောင်ကို သတ်နိုင်ခဲ့တယ်ဆိုပေမဲ့ သူတို့သုံးကောင်လုံးက ရှန်းထျန်းနယ်ပယ် အဌမအဆင့် ခွန်အားပဲ ရှိကြတာကြောင့်လေ။
သူက ရှန်းထျန်းနယ်ပယ် နဝမအဆင့်မှာသာဆိုရင် သူတို့အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်တာပေါ့။
ဒါပေမဲ့ မွေးရာပါ နဝမအဆင့် ရှန်းထျန်းနယ်ပယ်က အရင်ဆုံး အံ့ဖွယ်ဂိုဏ်းထဲ ဝင်တဲ့သူနဲ့ နောက်မှ ဝင်တဲ့သူကို ပိုင်းခြားထားသေးတာ။
လုံထူက အံ့ဖွယ်ဂိုဏ်းရဲ့ အထွတ်အထိပ်ထိ အဆင့်မတက်သေးပေမဲ့ သူ့ရဲ့ ကျင့်ကြံဆင့်က သာမန် နဝမအဆင့် ရှန်းထျန်းကို ကျော်တက်ပြီးသားလေ။
အခြေအနေအရ ဓါးမော့ဓါးဝိဇ္ဇာက လုံထူကို နှောင့်နှေးအောင် လုပ်နိုင်ပြီး စီရင်စု၉ခုမဟာမိတ်ရဲ့ ကျန်တဲ့ သိုင်းပညာရှင်တွေ လာကူမှုကို စောင့်နေခဲ့ရင် ကပ်ဘေးက အပြည့်အဝ ကျော်လွှားသွားနိုင်မှာပဲ။
ကောင်းကင်ထဲ၌ လုံထူ၏ နှုတ်ခမ်းထောင့် အနည်းငယ် ကွေးတက်သွားသည်။
” စိတ်ဝင်စားစရာပဲ။ မင်းဆီမှာ စိတ်ဝင်စားစရာတချို့ တွေ့နေရပြီ ”
တစ်ဖက်သူက သူ၏ ခွန်အားအပြည့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည်။ ထိုလူက သူ၏ ပြိုင်ဘက်ဖြစ်ရန် အရည်အချင်း ပြည့်မှီသေး၏။
ဓါးမော့နတ်ဘုရား လီလျိုဆွေ့နှင့် မတိုက်ခိုက်ခင် ပျင်းရိရတော့မည့်ပုံ မပေါ်ပေ။ သူက သွေးပူလေ့ကျင့်နိုင်၏။
” ဒါဆို မင်းရဲ့ မျက်နှာအမှန်ကို မြင်တွေ့ခွင့်ပေးဦး။ ဘာ ”
လုံထုံက ပြောမပြီးသေးခင် တစ်ဖက်ခြမ်းရှိ တိမ်စိုင်တိမ်မည်းများက ဖြည်းဖြည်းချင်း လွင့်ပြယ်သွား၏။ အားလုံးက ယခင် လက်ဝါးနှင့်ယှဥ်နိုင်သည့် ရွှေရောင်လက်ဝါးအရိပ် ဖြစ်နေသည်။
ကောင်းကင်ထဲ၌ ဗုဒ္ဓလက်ဝါးဖြင့် ပြည့်နေလေ၏။ ဓါးမော့ဓါးဝိဇ္ဇာက အမှန်တကယ် သန်မာလာသည်။
မဟုတ်ဘူး။
ယခုက ထိုသို့ တွေးနေရမည့်အချိန် မဟုတ်ပေ။ အမြန် ပြန်တိုက်ခိုက်ရပေမည်။
လုံထူက အနည်းငယ်လေးတောင် သတိမထားပဲ မနေရဲချေ။ သူက ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ အားလုံးကို ချက်ချင်း ထုတ်ဖော်ပြီး ယဲ့ရှောင် ရှိနေသည့် တိမ်တိုက်ဆီသို့ နဂါးလက်များစွာကို ဖွဲ့တည်ပြီး တစ်ဟုန်ထိုး တိုက်ခိုက်တော့၏။ နောက်တစ်စက္ကန့်တွင် ယဲ့ရှောင်၏ တိမ်တိုက်ထဲရှိ ဗုဒ္ဓလက်ဝါးကလည်း တိုက်ခိုက်လာသည်။
ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း။
တထဂတာ နတ်လက်ဝါးသည် စက်သေနတ်ကဲ့သို့ပင်။ လုံထူ ရှိနေသည့် တိမ်တိုက်ဆီသို့ ပစ်ခတ်နေလေ၏။
အနက်ရောင် တိမ်တိုက်ထဲ၌ အလင်းအရိပ်များစွာက ပေါက်ကွဲလာလေ၏။
ကောင်းကင်၌ လိုင်းပေါင်းများစွာ ပေါ်ထွက်လာပြီး ကျန်းဟိုင်မြို့ရှိ သိုင်းပညာရှင်များကို ဖိနှိပ့်ထားကာ သူတို့ကို လှုပ်ရှားမရ ဖြစ်စေသည်။
ဤနည်းဖြင့် သူတို့ ခန္ဓာကိုယ်သည် အချိန်အတိုင်းအတာတစ်ခုအထိ ဖိအားကို ခံနိုင်ရည်ရှိပြီး ထိုသို့တိုင် စိတ်စွမ်းအား သက်ရောက်မှုကိုမူ ခံနိုင်ရည် မရှိကြချေ။ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာ အလွန်သန်မာမှန်း သူတို့ သိကြသည်။ ထိုမျှ သန်မာလိမ့်မည်ဟုတော့ မထင်ထားပေ။
ချီရှန်းမှ မဟာချီရှန်းအဆင့်။ ပြီးနောက် အံ့ဖွယ်ဂိုဏ်းထိ တက်သွားသည်။
ဟန်နိုင်ငံ၏ ဓါးသူတော်စင် လျိုချန်စွင်းမှ လက်ရှိ လုံထူအထိ။
စီနီယာ ဓါးမော့ဓါးဝိဇ္ဇာသည် အချိန်တိုင်း၌ သူတို့၏ ဗဟုသုတကို အသစ်တဖန် ဖြစ်စေ၏။
သူ့အကန့်အသတ်က ဘယ်မှာလဲ။
သနားစရာအကောင်းဆုံးက လုံထူပဲ ဖြစ်သည်။ ယခုအချိန်တွင် ယဲ့ရှောင်၏ လျင်မြန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့် အချိန်၌ သူ မှားယွင်းနေမှန်း သဘောပေါက်သွား၏။ ထို့အပြင် သူ မှားယွင်းခဲ့မိသည်။ သူ မလာခဲ့သင့်ပေ။ သူက ဓါးမော့ဓါးဝိဇ္ဇာကို ရန်စရန် တွေးတောင် မတွေးခဲ့သင့်ပေ။ သူက သိပ်ကို ကြောက်မက်ဖွယ်ကောင်းလွန်း၏။
သူ့ဘဝတွင် မည်သူ့ကိုမှ မကြောက်ခဲ့ဖူးပေ။
ထိုစဥ်က သူ့ကို အနိုင်ယူခဲ့သည့် ဓါးနတ်ဘုရား လီလျိုဆွေ့တောင် ထိုအဆင့်ကို ရောက်ရန် ဝေးလွန်းနေသည်။
နှစ်ပေါင်း၇၀ကျော် တံခါးပိတ် ကျင့်ကြံပြီးနောက် သူသည် လီလျိုဆွေ့ကို စိန်ခေါ်ရန် ယုံကြည်ချက် ရှိနေသေး၏။
ဆန့်ကျင်ဘက်အနေဖြင့် ဓါးမော့ဓါးဝိဇ္ဇာကို ရင်ဆိုင်ချိန်၌ သူက အမှန်တကယ် ကြောက်ရွံ့နေပြီး အဆုံးစွန်ထိ ထိတ်လန့်နေ၏။
အနိုင်ယူရန် မဖြစ်နိုင်သော သိုင်းပညာရှင်တစ်ဦးပဲ ဖြစ်သည်။
” အား ”
သူ့ဘဝ၏ နောက်ဆုံးသော အခိုက်အတန့်ကို ရင်ဆိုင်ကြုံတွေ့ရချိန်၌ သူက အသက်ရှင်လိုစိတ်များ ပြင်းပြနေ၏။ ယခုအချိနိတွင် သူက ဓါးမော့ဓါးဝိဇ္ဇာကို အနိုင်ယူနိုင်လိမ့်မည်ဟု မတွေးတော့ချေ။ သူက အသက်ရှင်ချင်ရုံသာ ဖြစ်သည်။ ထိုကပ်ဘေးကို ကျော်လွှားရမည်။ ကံဆိုးသည်က ယဲ့ရှောင်က ၄င်းကို ခွင့်ပြုမှာ မဟုတ်ပေ။
သူက ကျန်းဟိုင်မြို့မှ ထွက်သွားပြီး အနောက်တောင်ပင်လယ်ကမ်းခြေ တောအုပ်သို့ သွားကာ ကိစ္စအချို့ ဖြေရှင်းနေစဥ် ထိုလူက ကျန်းဟိုင်မြို့ကို တိုက်ခိုက်ရန် အမှန်တကယ် ရောက်လာသည်လော။ ယင်းက သူ၏ အိမ်ထဲ ပစ္စည်းကို ခိုးယူခြင်းနှင့် လာရောက်တိုက်ခိုက်ခြင်းကြား ကွာဟချက် မည်သို့ရှိမည်နည်း။ သူက ယဲ့ရှောင်ကိုတောင် သတ်ချင်နေသည်။ ထို့ကြောင့် သု့ကို သတ်ရမည်။
ဓမ္မကျမ်းစာက စွမ်းအားအပြည့်ဖြင့် လည်ပတ်နေပြီး တထဂတာ နတ်လက်ဝါးက အဆက်မပြတ် ထွက်ပေါ်နေ၏။ အစွမ်းထက်သည့် စွမ်းအင်များ လုံထူ၏ ခန္ဒာကိုယ်ပေါ် ဆက်တိုက် ထိုးနှက်နေကာ နောက်ဆုံးတွင် သူ ခံနိုင်ရည် မရှိတော့ချေ။
ဖုန်း။
လက်ဝါးက သူ၏ ကာကွယ်ရေး စွမ်းအင်ကို ဖြိုခွဲသွားသည်။
လက်ဝါးက သူ၏ တော်ဝင်သံချပ်ကာကို ဖြိုခွဲပစ်၏။
လက်ဝါးက သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သည်။
လက်ဝါးတစ်ချက်က သူ၏ ဝိညာဥ်ကို အပြည့်အဝ ဖျက်ဆီးလိုက်တော့သည်။
ပေါက်ကွဲသွားပြီးနောက် ကောင်းကင်ထဲရှိ တိမ်စိုင်တိမ်မည်းများက အပြည့်အဝ ပျောက်ကွယ်သွားတော့၏။
ကောင်းကင်က ထပ်မံ ကြည်လင်လာတော့သည်။ ဧရာမ ရွှေရောင်ဗုဒ္ဓက တိမ်တိုက်များထက်၌ ရပ်နေလေသည်။
စစ်မှန်သော ဗုဒ္ဓတစ်ပါး ကမ္ဘာမြေကြီးကို ကြွချီလာသည့်ပမာ ထင်မှတ်ရသည်။
ကျန်းဟိုင်မြို့ရှိ မရေမတွက်နိုင်သော လူပေါင်းများစွာက စိတ်လှုပ်ရှားမှုကြောင့် ငိုကြွေးမိကြသည်။
သူတို့နိုင်သွားပြီ။ နောက်ဆုံးတော့ နိုင်သွားပြီ။
သူတို့ သေစရာ မလိုတော့ဘူး။
ဓါးရောင်ခြည်တိုင်းက သားရဲလူသားကို တိကျစွာ တိုက်ခိုက်ပေးပြီး ၄င်းကို အညှာအတာမဲ့စွာ သတ်ဖြတ်လိုက်၏။
မျက်တောင်တစ်ခတ်အတွင်း ကျန်းဟိုင်မြို့သို့ရောက်လာသည့် သားရဲလူသားများအားလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရသည်။
ယခုအချိန်မှစပြီး ဤကမ္ဘာပေါ်၌ သားရဲနတ်ဘုရား မဟာမိတ် မရှိတော့ပေ။ အားလုံးကို ယဲ့ရှောင် သတ်ပစ်လိုက်၏။ သို့သော်ငြား ယင်းက အဆုံးသတ် မဟုတ်ပေ။
သားရဲနတ်ဘုရား မဟာမိတ် ရောက်လာစဥ်က သိုင်းပညာရှင်များစွာ ဒဏ်ရာရခဲ့သည်။ သေလုနီးပါးသာ မဟုတ် အမှန်တကယ် သေဆုံးသွားခဲ့သည့် သူများစွာ ရှိသည်။ ယဲ့ရှောင်က သူ၏ စိတ်စွမ်းအားကျင့်စဥ် နှစ်မျိုးကို တစ်ပြိုင်နက်တည်း ထုတ်ပြန်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲကနေ မဟာကုသခြင်းကျင့်စဥ် သုံးမျိုးက စစ်မှန်သော ရွှေရောင်စွမ်းအင်ဖြင့် ပေါ်ထွက်လာလျက် သူ၏ တစ်ကိုယ်လုံးကို ဖောက်ထွင်းမြင်နေရသည့် ရွှေရောင်နှင့် လင်းထိန်သွားစေတော့သည်။
အလင်းက မြေပြင်ပေါ် ကျရောက်လာပြီး ဒဏ်ရာရသူများအားလုံး လျင်မြန်စွာ ပြန်ကောင်းလာ၏။
အလျင်အမြန်ပဲ သူတို့က မူလအခြေအနေသို့ ပြန်ကောင်းလာသည်။ ထိုသို့ပြုလုပ်ပြီးနောက် ယဲ့ရှောင်က ရပ်တန့်လိုက်၏။ အတွေးတစ်ချက်ဖြင့် သူက တိမ်တိုက်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
နောက်ဆုံးတော့ တိုက်ပွဲ ပြီးသွားချေပြီ။ သို့သော်ငြား လူအများ၏ ပျော်ရွှင်စွာ အော်ဟစ်သံများက စတင်ပေါ်ထွက်လာတာ ဖြစ်၏။
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာ သက်တော်ရာကျော်ရှည်ပါစေ ”
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာ ရှင့်အတွက် ကျွန်မ မျောက်လေးတစ်ကောင် မွေးပေးချင်ပါတယ် ”
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာ ရှင့်ကို သေတဲ့အထိ ချစ်နေပါ့မယ် ”
အားလုံးက အောင်ပွဲခံနေကြ၏။ လူတိုင်းက ယဲ့ရှောင်ကို ချီးကျူးလျက် သီဆိုနေကြသည်။
ကျန်းဟိုင်တစ်မြို့လုံးက ဓါးမော့ဓါးဝိဇ္ဇာကို ဂုဏ်ယူကြ၏။
လဲ့ရှင်းလင်၊ လျန်ချီမူနှင့် ကျန်သည့်သိုင်းပညာရှင်များကလည်း အံ့သြဆွံ့အကုန်သည်။
သူ နိုင်သွားတာလား။ ဒီအတိုင်း နိုင်သွားတယါလား။ ဒါ့အပြင် ဒဏ်ရာ နည်းနည်းလေးတောင် မရပဲနဲ့လေ။
ဖြစ်စဥ်တစ်ခုလုံးက တစ်မိနစ်တောင် မပြည့်လိုက်ပေ။ အဆုံးတွင်မူ ဓါးမော့ဓါးဝိဇ္ဇာက ဒဏ်ရာရနေသည့် သူအားလုံးကို ကုသပေးခဲ့ပြီး အားလုံးကို အသက်ပြန်သွင်းပေးခဲ့၏။
အတော်ကြာပြီးနောက် လျန်ချီမူသည် စိတ်ပြန်ဝင်လာကာ သက်ပြင်းချလိုက်မိ၏။
” စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက တကယ် နတ်ဘုရားတစ်ပါးပဲ ”
အပိုင်း ၂၀၆ ပြီး၏။