စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀၅ ကောင်းကင်ကနေ ကျလာတဲ့ လက်ဝါးသိုင်းအကြောင်း မင်း ကြားဖူးလား။
ငြိမ်သွားသော တောင်တန်းများကို ကြည့်ပြီး ယဲ့ရှောင်၏ အမူအယာက အလွန်တည်ငြိမ်သွားလေ၏။
တထဂတာ နတ်လက်ဝါးသည် ယန်ဓာတ်ပြင်းသည့် တိုက်ခိုက်ရေးကျင့်စဥ် ဖြစ်သော်ငြား အံ့သြဖွယ်ကောင်းလောက်အောင် အသုံးဝင်မှုအချို့ ရှိပေ၏။ အနည်းငယ် အရှိန်လျှော့လိုက်မည်ဆိုလျှင် ယင်းက လူ့အသက်ကို ကယ်တင်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်လာတော့သည်။
သိုင်းကျင့်စဥ်တစ်မျိုး၏ အသုံးဝင်မှုက ၄င်း၏ ရည်ရွယ်ချက်နှင့် သုံးသည့်လူ၏ နည်းလမ်းပေါ် အပြည့်အဝ မူတည်နေသည်။
သို့သော် အရှိန်လျှော့ချလိုက်ခြင်းက ၄င်းကို ထုတ်ဖော်လိုက်ရခြင်းထက် အမှန်တကယ် ဒုက္ခပိုများသည်။
အကြောင်းမှာ တိုက်ကွက်တစ်ကွက် ထုတ်ဖော်ခြင်းသည် ချက်ချင်း တိုက်ခိုက်ခြင်းတစ်ခုသာ ဖြစ်သည်။ ၄င်းကုန်ဆုံးသွားသည့် စွမ်းအင်က အလွန်ကန့်သတ်ထား၏။
သို့သော် ယဲ့ရှောင်အတွက် ထိုကဲ့သို့ အရှိန်လျှော့လိုက်ခြင်းသည် ဝိညာဥ်စွမ်းအင်များ အဆက်မပြတ် ထုတ်ဖော်ရန် လိုအပ်သည်။ တိုက်ကွက်တစ်ကွက်နှင့် ယှဥ်လျှင် ဝိညာဥ်စွမ်းအင် မည်မျှ ကုန်ဆုံးကြောင်း သူ မသိပေ။
ကံကောင်းသည်မှာ ယဲ့ရှောင်က ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်က ပင်လယ်ပမာ များပြားလှပေ၏။ ယခင်ကထက် အဆမည်မျှ များလာကြောင်း သူ မသိပေ။
ထို့ကြောင့် ဝိညာဥ်စွမ်းအင်ပမာဏများစွာကိုအလွယ်တကူ ထုတ်ဖော်နိုင်သည်။
တောင်တန်းများ တည်ငြိမ်သွားသည့် အချိန်၌ ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်တော့သည်။
” ဒီတောင်ရဲ့ကိုယ်ထည်ကို ယာယီထိန်းထားတယ်ဆိုပေမဲ့ အဆုံးကြ ပျက်စီးသွားမှာပဲ။ ဒါကြောင့် ပြိုလဲဖို့ဆိုတာ သိပ်မလိုတော့ဘူး။ မင်းတို့အားလုံး တတ်နိုင်သမျှ မြန်မြန် ဒီနေရာကနေ ထွက်ပြေးကြ ”
ထိုသို့ပြောပြီးနောက် ကျန်သည့်သူများ ပြောမှာကို မစောင့်တော့ပဲ ယဲ့ရှောင်က တစ်ဖက်လှည့်လျက် နေရာမှာတင် ပျောက်ကွယ်သွား၏။
ဟွမ်ထောင်နှင့် ကျန်သည့်သူများသည် လေထဲ ပျောက်သွားသည့်ပမာ ချက်ချင်း ပျောက်သွားတာကို ကြည့်နေ၏။ သူတို့က သက်ပြင်းချလိုက်မိသည်။
” သူက တကယ် နတ်ဘုရားပဲ။ ဒီအရှိန်က သူ့ရဲ့ ကျင့်စဥ်နဲ့ တူတူလောက်ပဲ။ အံ့သြဖို့ကောင်းလိုက်တာ ”
တစ်ဖက်တွင် ကျန်းဟိုင်မြို့ထဲ၌ လုံထူ၏ အကြည့်က လျိုချန်စွင်းဆီ ရောက်လာလေ၏။
” မင်းရဲ့ သတ္တိက ချီးကျုးလောက်စရာ ကောင်းပါပေရဲ့။ ငါက မင်းကို ပထမဆုံး လှုပ်ရှားခွင့် ပေးမယ် ”
လုံထူက လျိုချန်စွင်းအကြောင်း ဂရုမစိုက်ပေ။ ထို့ကြောင့် သူ့ကို ပထမအကွက်ကို တိုက်ခိုက်ခွင့် ပေးလိုက်သည်။
သူ၏ အမြင်တွင် လျိုချန်စွင်းက ဦးစွာတိုက်ခိုက်သည်ဖြစ်စေ၊ ပြီးမှ တိုက်ခိုက်သည်ဖြစ်စေ ရလဒ်က တူညီမှာပဲ ဖြစ်သည်။ သူ သေချာပေါက် ရှုံးနိမ့်လိမ့်မည်။ သို့တည်းမဟုတ် သေတောင်သေလိမ့်မည်။
သို့သော်ငြား သူက ပထမဆုံး တိုက်ခိုက်ခဲ့လျှင် ကစားရန် နည်းလမ်းမရှိတော့ချေ။
လျိုချန်စွင်းက သူ့ကြောင့် တစ်ကွက်တည်းဖြင့် သေသွားမှာ ကျိန်းသေ၏။
ဓါးမော့ဓါးဝိဇ္ဇာဟု ခေါ်သည့်သူ ထွက်မလာခင် သူက ဤပျော်စရာလေးကို အလွန်ပျင်းရိ ငြီးငွေ့အောင် မလုပ်ချင်ပေ။
လျိုချန်စွင်းက အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် လုံထူဘက်လှည့်ကာ လက်သီးဆုပ်လိုက်သည်။
” ကျေးဇူးပါ စီနီယာ အနိုင်ယူခွင့် ပေးတဲ့အတွက် ”
ပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲကနေ ဓါးရှည်ကို ထုတ်လိုက်ပြီး သူ၏ ခေါင်းထက် ခပ်မြင့်မြင့် မြှောက်ထားလိုက်သည်။ သူက စိတ်ကို စတင်စုစည်းလိုက်၏။
ဓါးသိုင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲ လျင်မြန်စွာ ပေါ်ထွက်လာ၏။ နောက်ဆုံး၌ သူ့ခေါင်းအထက် ဓါးရှည်ထဲ စုဝေးလိုက်ပြီးနောက် ပေတစ်သိန်းခန့် လင်းထိန်သည့် ဓါးရောင်ခြည်တစ်ခုကို ဖွဲ့တည်လိုက်သည်။
ပြီးနောက် သူ အစွမ်းကုန် သုံးထားတာပဲ ဖြစ်သည်။ ထိုစဥ်က ယဲ့ရှောင် သူ့ကို အနိုင်ယူခဲ့သည့် ဓါးသိုင်းကို တုပပြီး ဖန်တီးထားသည့် ကျင့်စဥ်လည်း ဟုတ်သည်။
ယင်းသည် ယဲ့ရှောင်၏ ဓါးသိုင်းကို မယှဥ်နိုင်သော်ငြား သူသည် ယခင်အကွက်များထက် ပိုသန်မာသေး၏။
လျိုချန်စွင်း၏ ဓါးရောင်ခြည်ကို မြင်သောအခါ ပတ်ဝန်းကျင် ဝိညာဥ်စွမ်းအားများသည် ကောင်းကင်ထိအောင် ရောက်နိုင်သော လေပွေများ ဖန်တီးလိုက်သည့်ပမာ မွှေနှောက်ခံလိုက်ရသည့် ပတ်ဝန်းကျင်စွမ်းအင်များက လျင်မြန်စွာ သိပ်သည်းလာပြီး ၄င်းကို ဖိသိပ်နေလေ၏။
လဲ့ရှင်းလင်နှင့် လျန်ချီမူက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မျက်လုံးများ လက်သွားလေ၏။
” အစွမ်းထက်လိုက်တဲ့ အကွက်ပဲ ”
” လျိုချန်စွင်း ဒီလောက် သန်မာလိမ့်မယ်လို့ မထင်ထားဘူး။ အရင်လုပ်ဆောင်ချက်နဲ့ ယှဥ်ရင် နဂါးစာရင်းရဲ့ အဆင့် ၄၉ လုပ်ဆောင်ချက်က ပိုသန်မာတယ် ”
” ကြည့်ရတာ ပြီးခဲ့တဲ့အခေါက် လက်ရည်ယှဥ်ပွဲကနေ သူ အတော်လေး နားလည်သဘောပေါက်သွားပုံပဲ။ အခု သူ့ရဲ့ ခွန်အားက မူလအောက်မျည်းကို ကျော်လွန်သွားခဲ့ပြီ ”
” ဒီလိုဆိုရင် ဒီအကွက်က တကယ် အခွင့်အရေး ရှိတာပဲ ”
နှစ်ယောက်က အလွန်စိတ်လှုပ်ရှားနေ၏။ အကြောင်းမှာ လုံထူကဲ့သို့သော ပုဂ္ဂိုလ်အတွက် ကျန်သည့်သူများကို လိမ်ညာမှာ မဟုတ်ပေ။ သူတို့က ဂုဏ်သိက္ခာကို တန်ဖိုးထားကြ၏။ ကတိစကားတစ်ခွန်းက ရွှေပမာ လေးလံလှပေသည်။ သူတို့ကဲ့သို့ အစွမ်းထက်သူများအတွက် အခြေခံအကျဆုံး အောက်ခြေစည်းပဲ ဖြစ်သည်။
လျိုချန်စွင်းက ထိုတိုက်ကွက်များထဲမှ တစ်ကွက်ကို ခံနိုင်သရွေ့ သူ အနိုင်ရပြီဟု သတ်မှတ်နိုင်မှာပဲ ဖြစ်သည်။
ဤနည်းဖြင့် ကျန်းဟိုင်မြို့ထဲရှိ ကပ်ဘေးက ဖြေရှင်းနိုင်သွားလေသည်။
တစ်စက္ကန့်။
နှစ်စက္ကန့်။
သုံးစက္ကန့်။
နောက်ဆုံးတွင် လျိုချန်စွင်းက လှုပ်ရှားတော့သည်။ သူက ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ လက်ထဲရှိ ဓါးကို ခွန်အားကုန်ဖြင့် လွှဲခုတ်လိုက်သည်။ သူ၏ အသန်မာဆုံး ခွန်အားကို သုံးပြီး လုံထူကို တိုက်ခိုက်ခဲ့၏။ သူ၏ အကွက်သည် လုံထူ၏ အကွက်များထဲမှ တစ်ကွက်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ မျှော်လင့်ခဲ့မိသည်။
ဓါးရောင်ခြည် လှုပ်ရှားသည်နှင့် လေနှင့် တိမ်တို့ကို ရှောင်တိမ်းသွား၏။
ပတ်ဝန်းကျင် ဝိညာဥ်စွမ်းအားက နှစ်ပတ်သို့ လျင်မြန်စွာ ပြန့်ကားသွားသည်။ လေဟာနယ်ဇုန် ဖြစ်သွားစေသည်။ ဓါးရောင်ခြည်က လေထဲရှိ ဝိညာဥ်စွမ်းအင်ကိုတောင် ပွတ်တိုက်သွားပြီး လျှပ်စီးနှင့် မီးခိုး ဖန်တီးလိုက်၏။ မီးများ ပွင့်လာစေသည်။
ထိုဓါးသည် ကျန်းဟိုင်မြို့ရှိ အားလုံး၏ မျက်လုံးများ ရောင်ပြန်ဟပ်နေတော့သည်။
ဓါးက နတ်ဘုရားစွမ်းရည်ပမာ အစွမ်းထက်လာသည်။ ထိုဓါးက လူပေါင်းများစွာ၏ မျှော်လင့်ချက်ကို ဆောင်ယူလာ၏။
လူတိုင်းက သူတို့အတွက် ထိုဓါး အံ့အားသင့်စရာ ဆောင်ယူလာမှာကို ကြည့်နေကြသည်။
ဓါး၏ အရှိန်က အမှန်တကယ် မြန်ဆန်လွန်းလှသည်။ စက္ကန့်ပိုင်းအတွင်း ၄င်းက လုံထူရှေ့သို့ ရောက်သွား၏။
သို့သော်ငြား လုံထူက ကြောက်ရွံ့မနေပေ။ သူက ဓါးကို သူ၏ ခန္ဓာကိုယ်အား ပိုင်းဖြတ်ခွင့် ပေးလိုက်သည်။
ဖုန်း။
ကြီးမားသည့် ပေါက်ကွဲမှုနှင့် လေလှိုင်းများက ကောင်းကင်ထဲရှိ တိမ်စိုင်တိမ်မည်းများကို ချက်ချင်း စုပ်ပြဲသွားစေ၏။
မီးများ ဖြတ်ခနဲ တောက်လာပြီး ပေတစ်သိန်းခန့် အလင်းရောင်ခြည်က တစ်လောကလုံးကို လင်းထိန်သွားစေသည်။ ယင်းက နေ၏ အလင်းရောင်ထက်တောင် ပိုပြီး မျက်စိကျိန်းစေ၏။
ထိတ်လန့်ဖွယ် လှိုင်းနှင့် ပေါက်ကွဲမှုက လူတိုင်း၏ နားစည်ကို နာကျင်လာစေသည်။
သို့သော်ငြား ထိုဓါးရောင်ခြည်၏ စွမ်းအားက ပိုသန်မာလေ လူတိုင်းက ပိုစိတ်လှုပ်ရှားလေ ဖြစ်၏။
အလုပ်ဖြစ်တယ်။
ဒီလိုအစွမ်းထက်တဲ့ တိုက်ကွက်က သေချာပေါက်အောင်မြင်မှာပဲ။
လုံထူက မလှုပ်ရှားသေးပေ။ သူ ယခု လှုပ်ရှားခဲ့လျှင် သူ အထွတ်အထိပ်အချိန်၌ လျိုချန်စွင်းကို တွေ့သည့်အခါ အသာစီး ရတော့မှာ မဟုတ်တာသေချာ၏။
လျိုချန်စွင်းက ထိုတိုက်ကွက်များထဲမှ တစ်ကွက်ကို ခံနိုင်သရွေ့ ကျန်းဟိုင်မြို့က အနိုင်ရလိမ့်မည်။
သို့သော် ပေါက်ကွဲမှု လွင့်ပြယ်သွားပြီး အလင်းပေါ်လာသည့်အခါ လူတိုင်းက နေရာမှာတင် ကြောင်အလျက် ငြိမ်သက်နေကာ စိတ်ပျက်အားငယ်ကုန်၏။
” မင်း မင်း ငါ့ကို နှောက်နေတာလား ”
” ဖ ”
” သူ ဘယ်လိုလုပ် ဒီလောက်သန်မာနိုင်ရတာလဲ ”
” သူ ဘယ်လို လုပ်နိုင်ရတာလဲ။ သူ အရှုံးကို ဝန်ခံရုံပဲ ဟုတ်တယ်မလား ”
ကောင်းကင်ထဲ၌ လျိုချန်စွင်း၏ ဓါးသည် လုံထူ၏ ခေါင်းထိပ်ကို တင်းကြပ်စွာ ထိမိသွား၏။ သို့သော်ငြား သူ၏ နဖူးနှင့် လက်မ အနည်းငယ်မျှ အကွာ၌ ရုတ်တရက် ရပ်တန့်သွားကာ ရှေ့သို့ တစ်လက်မတောင် ဆက်မတိုးနိုင်တော့ပေ။
” ဒါပဲလား ”
လုံထူ၏ မျက်လုံးထဲ၌ လှောင်ပြောင်ရိပ် ပေါ်လာသည်။ ပြီးနောက် သူ လှုပ်ရှားလေ၏။ ယင်းက မျက်စိကျစရာ ကျင့်စဥ် မဟုတ်ပေ။ ရိုးရှင်းသည့် လက်သီးထိုးချက်တစ်ခုသာ ဖြစ်သည်။ လက်သီးထိုးလိုက်သည့်အချိန်၌ လျိုချန်စွင်း၏ ဓါးရောင်ခြည်က စတင် အက်ကွဲလာ၏။
ဂျွတ် ဂျွတ်။
လုံထူ၏ လက်သီးက အပြည့်အဝ ထွက်ပေါ်လာပြီး လျိုချန်စွင်း၏ ဓါးအလင်းနှင့် ထိသွားချိန် ဓါးအလင်းက နေရာမှာတင် ပြိုကွဲသွားလေ၏။
ရှုံးနိမ့်မှုက တောင်ပြိုလဲသွားသည့်ပမာ ဖြစ်နေသည်။ လျိုချန်စွင်း၏ ဓါးအလင်းသည် တတိတိ ပေါက်ကွဲသွားတော့၏။ လုံထူ၏ လက်သီးက လျိုချန်စွင်း၏ ခေါင်းကို ချေမွရန် ပြင်လိုက်သည်။ စက္ကန့်ဝက်အတွင်း လျိုချန်စွင်း၏ ခေါင်းအထက် ရောက်လာလေ၏။ လျိုချန်စွင်းက ၄င်းကို ပိတ်ဆို့ရန် ဓါးကို ချက်ချင်း လွှဲခုတ်လိုက်သည်။
ကံဆိုးသည်မှာ သူက သူ၏ ပြိုင်ဘက်နှင့် ယှဥ်နိုင်သူ မဟုတ်ပေ။ ထိုဓါးက ကလေးကစားစရာပမာ ဖြစ်နေလေတော့၏။ ပြိုင်ဘက်၏ လက်သီးအလင်းနှင့် ထိမိသွားချိန်၌ ၄င်းက ပြိုကွဲသွားတော့သည်။
ပြီးနောက် လျိုချန်စွင်း၏ ဓါးရှည်ပေါ် လက်သီး ကျရောက်လာ၏။
ထျန်း။
ပြင်းထန်သည့် ပေါက်ကွဲမှု၌ လျိုချန်စွင်း၏ တော်ဝင်ဓါးရှည်က တစ်စစီ ဖြစ်သွားသည်။ အပိုင်းအစများက ကျည်ဆံများပမာ လျိုချန်စွင်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။
လျိုချန်စွင်းက အံ့ဖွယ်ချီရှန်းတစ်ဦးဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က အင်မတန် ကြောက်မက်ဖွယ်ကောင်းလောက်သည့် အဆင့်အထိ သန်မာသည့်တိုင် သူက တော်ဝင်လက်နက် အပိုင်းအစ၏ မာကျောမှုကို ခံနိုင်ရည် မရှိပေ။ ထိုတော်ဝင်လက်နက် အပိုင်းအစများကို အထွတ်အထိပ် နတ်ဘုရား လက်သီးက ဖြိုခွဲလိုက်တာဖြစ်ရာ ထောက်ပံ့နိုင်သည့် စွမ်းအား မရှိတော့ချေ။
လျိုချန်စွင်းက သွေးအနည်းငယ် အန်ပြီးနောက် သူက အင်မတန် ဖြူဖျော့သွားတော့သည်။ ထိုတင်မက လက်သီးရောက်လာပြီး မကြာမီ၌ လျိုချန်စွင်း၏ ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံး မွမွကြေကုန်သည်။ အမြှောက်ဆံပမာ ၄င်းက ကျန်းဟိုင်မြို့၏ မြေပြင်ပေါ် အညှာအတာမဲ့စွာ ရိုက်မိသွား၏။
သူက ပေ၃၀၀ကျော်ခန့် မြင့်မားသည့် အဆောက်အဦးထိပ်မှ ပြုတ်ကျလာကာ အဆောက်အဦး၏ မြေပြင်ဆီသို့ ကျသွား၏။
ဖုန်း။
သက်ရောက်အားက အဆောက်အဦးတစ်ခုလုံးကိုတောင် ပြိုလဲသွားစေသည်။
ယင်းက ကြောက်မက်ဖွယ်ကောင်းလွန်း၏။ ထိုကဲ့သို့ အဖျက်စွမ်းအားမျိုးက ကျန်းဟိုင်မြို့ထဲရှိ လူအားလုံးကို အဆုံးစွန်ထိ စိတ်ပျက်အားငယ်စေသည်။
ပြီးသွားခဲ့ပြီ။ အခုအချိန်မှာ တကယ် ပြီးသွားပြီ။
ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦးတောင် တစ်ဖက်သူရှေ့၌ ပုရွက်ဆိတ်တစ်ကောင်ပမာသာ ဖြစ်နေသည်။ ထို့ကြောင့် ရှန်းထျန်းအဌမအဆင့် သိုင်းပညာရှင်တစ်ဦရှေ့၌ သူတို့သည်လည်း ပုရွက်ဆိတ်များ မဟုတ်ပါလော။ သူတို့က လုံထူ၏ ရှေ့၌ ပုရွက်ဆိတ်များထက်တောင် နိမ့်ကျနေသေးသည်။
စိတ်ပျက်အားငယ်မှု။
လူတိုင်း၏ရင်ထဲ နက်ရှိုင်းသည့် စိတ်ပျက်အားငယ်မှုသည် တိမ်စိုင်တိမ်မည်းပမာ လွှမ်းခြုံသွားတော့သည်။
ငါတို့ သေတော့မှာလား။
ကောင်းကင်ထဲ၌ လုံထူ၏ မျက်လုံးထဲ၌ လှောင်ပြောင်ရိပ် တစ်စွန်းတစ်စတောင် ရှိမနေပေ။
သူက အခြေအနေကို တွေးထင်ထားပြီးသား ဖြစ်၏။ လျိုချန်စွင်းက သူနှင့်ယှဥ်နိုင်သူ မဟုတ်ပေ။ သူနှင့် လောင်းကြေးထပ်ပြီး သူ့ကို ဟန့်တားနိုင်လိမ့်မည်ဟု တွေးသည်ကပင် ရယ်စရာကောင်းနေပြီးသား ဖြစ်၏။ ထိုထက် ရယ်စရာမကောင်းနိုင်တော့ပေ။
နှစ်ပေါင်း၇၀။ နှစ်ပေါင်း၇၀ကျော် တံခါးပိတ် ကျင့်ကြံပြီးနောက် သူသည် ယခင်က လုံထူ မဟုတ်တော့ပေ။
လက်ရှိ သူက ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်တွင်ရှိသော ထိပ်သီး သိုင်းပညာရှင် ဖြစ်သည်။ သူက လူ့လောကအထက်၌ ရပ်တည်နေသော နတ်ဘုရားတစ်ပါး ဖြစ်သည်။ ထိုလူများက သူ့ကို ရင်ဆိုင်ရန် အရည်အချင်း မပြည့်မှီပေ။ သူ့ရှေ့၌ သူတို့အားလုံးက ပုရွက်ဆိတ်များသာ ဖြစ်သည်။
သူ၏ လက်ရှိပန်းတိုင်က တစ်ခုသာ ဖြစ်သည်။ ယင်းက ဓါးနတ်ဘုရား လီလျိုဆွေ့ ဖြစ်သည်။ သူမှတစ်ပါး ကျန်သည့်သူများကို မျက်စိထဲ မထည့်ပေ။
လျိုချန်စွင်းသည်လည်း ထိုအတိုင်းသာ။
ကျန်းဟိုင်မြို့သည်လည်း ထိုအတိုင်းပင်။ စီရင်စု၉ခုသည်လည်း ထိုအတိုင်း။ ဓါးမော့ဓါးဝိဇ္ဇာဟု ခေါ်သည့်သူက ပိုတောင် အရေးမပါပေ။
ရှိစေတော့။ ဒီအတိုင်း ရှိနေမယ်ဆိုရင် အချိန်ဖြုန်းရာ ရောက်လိမ့်မယ်။
ငါက ဒီဓါးမော့ဓါးဝိဇ္ဇာကို အထင်ကြီးလွန်းခဲ့တာပဲ။
ထွက်မလာရဲတဲ့ သူရဲဘောကြောင်တဲ့ သူက ငါကိုယ်တိုင် ဖြေရှင်းဖို့တောင် မထိုက်တန်ဘူး။
သူက လျိုချန်စွင်းထက်တောင် ပိုဆိုးသေးတယ်။
” ထွက်သွားမယ်။ သွားမယ် ”
ထိုသို့ပြောပြီးနောက် သူက လက်ကို ဖြည်းဖြည်းချင်း မြှောက်ပြီးနောက် ရှန်းထျန်းနဝမအဆင့်၏ ကြီးမားသည့် ဝိညာဥ်စွမ်းအင်များ ပေါ်ပေါက်လာသည်။ ထိုအစွမ်းထက်သော ဖိအားက ကောင်းကင်ထဲရှိ တိမ်စိုင်တိမ်မည်းများကို စတင်တွ့န်လိမ်ပြီး သိပ်သည်းသွားစေ၏။
လဲ့ရှင်းလင်နှင့် လျန်ချီမူ၏ အမူအယာက တောင့်ခဲကုန်ကာ သူတို့မျက်နှာထက်၌ စိတ်ပျက်အားငယ်မှု ပေါ်လာသည်။
လုံထူ ထပ်မစောင့်ချင်တော့မှန်း သူတို့ နားလည်သည်။ သူက ကျန်းဟိုင်တစ်မြို့လုံးကို ချက်ချင်း ဖျက်ဆီးပစ်ချင်၏။
သူက ဤနေရာရှိ လူဦးရေသန်းချီကို ကျန်းဟိုင်မြို့နှင့်အတူ ကောင်းကင်ဘုံသို့ ပို့ဆောင်ချင်သည်။
စီနီယာ ဓါးမော့ဓါးဝိဇ္ဇာ ဘယ်မှာလဲ။ အခု ထွက်မလာရင် ကျန်းဟိုင်မြို့က တကယ်အပြီးသတ်သွားတော့မယ်။
လူတိုင်းက အလွန်စိတ်ပျက်အားငယ်နေသည်။
ထိုစဥ် ကြယ်တာရာသားရာများနှင့် တိုက်ခိုက်နေသော ဖာ့ကျန်းက ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။
သူက သူ့ရှေ့ရှိ သားရဲလူသားကို လက်သီးတစ်ချက်ဖြင့် ချေမှုန်းလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။
သိပ်သည့်သည့် အနက်ရောင် တိမ်တိုက်များထဲ၌ အင်မတန် ရင်းနှီးနေသည့် စွမ်းအင်က လျင်မြန်စွာ ချဥ်းကပ်လာ၏။
” ဒါက ဗုဒ္ဓရဲ့ ရောင်ဝါပဲ။ ဒါက ဗုဒ္ဓ ”
အင်မတန် အစွမ်းထက်သော ဗုဒ္ဓရောင်ဝါက လျင်မြန်စွာ ချဥ်းကပ်လာနေ၏။
ဗုဒ္ဓဘာသာ သိုင်းပညာရှင်တစ်ယောက်လား။ ဒါမှမဟုတ် ပါရမီရှင်တစ်ယောက်လား။ ဘယ်ဂိုဏ်းရဲ့ ပါရမီရှင်လဲ။
ရှောင်လင်တွင် ထိုကဲ့သို့ အရှိန်အဝါမျိုး တစ်ခါမှ မခံစားမိပေ။
အိန္ဒိယဗုဒ္ဓ အာရုန်ကလည်း တစ်စုံတစ်ခုကို အာရုံခံမိပုံပေါ်သည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ကောင်းကင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။
” အဲ့ဒါသူပဲ ”
” သူပဲ။ ဒီခံစားချက်ပဲ။ လုံးဝမမှားနိုင်ဘူး။ ၃၆နှစ် ရှိသွားပြီ။ ဒီရဟန်းကို သူ့ကို ရှာဖို့ ၃၆နှစ်လုံးလုံး စောင့်စားနေခဲ့ရတာ ”
အပိုင်း ၂၀၅ ပြီး၏။