စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀၄ အဆင့်တက်သွားခြင်း။ ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ဂိုဏ်း၏ အမြင့်ဆုံးအဆင့်။
အနောက်တောင်ပင်လယ်ကမ်းခြေ တောအုပ်ထဲ၌ တိမ်စိုင်တိမ်မည်းများက ကုန်းမြေပေါ် ကျဆင်းလာပြီး လျှပ်စီးထောင်သောင်းချီက ပစ်ခတ်လာလေ၏။
ထိုမြင်ကွင်းကို မြင်တွေ့ကြသည့်အချိန်၌ မရေမတွက်နိုင်သည့် လူများစွာက သူတို့ ဦးရေပြားများ ထုံကျင်လာကာ စိတ်ဝိညာဥ်များ တုန်လှုပ်ကုန်သည်။
ဆိုရိုးစကားရှိသည့်အတိုင်း ကောင်းကင်ဘုံက ဆွဲဆောင်အားက တုန်လှုပ်ရန် ခဲယဥ်းသည်။
ကောင်းကင်ဘုံ၏ စွမ်းအားရှေ့၌ လူတိုင်းသည် ပုရွက်ဆိတ်များပမာ သေးငယ်သွားပြီး သူတို့အဖို့ ခုခံရန် အတွေးရှိဖို့က ခက်ခဲလှသည်။
ပင်လယ်ကမ်းခြေတောအုပ်ထဲ၌ စခန်းချထားသော အံ့ဖွယ်ချီရှန်းအချို့က ထိုမြင်ကွင်းကို မြင်တွေ့သောအခါ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
” ပင်လယ်ကမ်းခြေတောအုပ်ထဲမှာ ဒါမျိုး အရင်တုန်းက တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီနေ့ လျှပ်စီးတွေ ဘာကြောင့် ရုတ်တရက်ကြီး ပေါ်လာတာလဲ ”
” ကြည်လင်နေတဲ့ ကောင်းကင်ကနေ လျှပ်စီးတွေ ကျလာတာ။ ဒါက သာမန် မိုးကြိုးမုန်တိုင်း မဟုတ်ဘူး။ မိုးကြိုးကပ်ဘေးပဲ။ တစ်စုံတစ်ယောက်က ဝဋ်ကြွေးကို ဖြတ်ကျော်ရတော့မယ်။ သူ့ရဲ့ ခွန်အားက သန်မာလွန်းတာကြောင့် နိယာမစွမ်းအင် ထိန်းချုပ်မှုနဲ့ ထိမိသွားပြီး မိုးကြိုးဘေးဒုက္ခကို ဖွင့်မိသွားတာပဲ ”
” ဒါပေမဲ့ တစ်ဖက်သူက ဘယ်သူလဲ။ ပင်လယ်ဘက်တောအုပ်ထဲကို ဝင်သွားတဲ့ သိုင်းပညာရှင်တစ်ယောက် မဟုတ်လောက်ဘူး ”
” ငါ မသိဘူး။ ပင်လယ်ဘက်ကမ်းခြေရဲ့ ကြယ်တာရာသားရဲတွေ ဖြစ်လောက်တာပဲ။ ဘယ်သူသိမှာလဲ ”
” ဒါပေမဲ့ တစ်ဖက်သူက ဘယ်သူပဲဖြစ်ဖြစ် သူတို့ကို ရန်မစသင့်ဘူး။ မဟုတ်ရင် ငါတို့ သူတို့ကို ရန်စမိရင် ပင်လယ်ကမ်းခြေတောအုပ်ထဲက လူသားအားလုံး ငါတို့အပါအဝင် ဒုက္ခရောက်လိမ့်မယ် ”
အဝေးသို့ ထွက်သွားနှင့်ပြီးသော ရှားပင်းနဥ်က ပင်လယ်ကမ်းခြေတောအုပ်အထက် ကြီးမားသည့် အရှိန်အဝါကို ခံစားမိသည်။ သူမက ထိတ်ခနဲ ဖြစ်သွားလေ၏။
အစွမ်းထက်လိုက်တဲ့ ဖိအားပဲ။ အဲ့ဒီလူက အရင်တုန်းက ရှန်းထျန်းအဌမအဆင့် ခွန်အားပဲရှိတာ။ အခု သူက ရှန်းထျန်းနဝမအဆင့်ကို တက်တော့မှာ ဟုတ်တယ်မလား။
ဒါက ကြောက်ဖို့ကောင်းလွန်းလိုက်တာ။
သူက ငါ့ထက် အသက်မကြီးလောက်ဘူး။ ဒါပေမဲ့ သူ့ရဲ့ ပါရမီနဲ့ ကျင့်ကြံမှုက ငါ့ကို ချက်ချင်း သတ်ဖြတ်နိုင်တယ်။
သူ့ ကြီးပြင်းဖို့ အချိန်တချို့ ပေးလိုက်မယ်ဆိုရင် ကြယ်ဆုံသော ကောင်းကင်က ဘယ်သူကများ သူ့ရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်မှာလဲ။
” ဒါပေမဲ့ ဟုတ်ပါတယ်လေ။ သူ့ရဲ့ နာမည်က ယဲ့လျန်ချန်းဆိုတာ ငါ သိပြီးသားပဲ ”
နောင်ကြ ငါတို့ တစ်ရက် ထပ်တွေ့မှာ သေချာနေတယ်။
အထိတ်တလန့် သက်ပြင်းချလိုက်ပြီး ရှားပင်းနဥ်က သူမ၏ ခန္ဓာကိုယ်ထဲမှ အဝိုင်းပြားတစ်ခုကို ချက်ချင်း ထုတ်ယူလိုက်ပြီး အထဲသို့ ဝိညာဥ်စွမ်းအင်က ပို့ဆောင်ရေး အစီအရင်တစ်ခု ထုတ်ဖော်လိုက်သည်။ ယခုအချိန်၌ သူမ ကိုယ်ပေါ်တွင် ပစ္စည်းကောင်းများစွာ ရှိသည်။ ထို့ကြောင့် ကျန်သည့်သူများ သူတို့ကို အလွယ်တကူ လုယူနိုင်လောက်သည်။ သူမ အိမ်သို့ တတ်နိုင်သမျှ မြန်မြန်ပြန်တာက ပိုကောင်းပေ၏။
ပင်လယ်ကမ်းခြေတောအုပ်ထဲ၌ မိုးကြိုးကပ်ဘေး ဆက်လက် ကျရောက်နေလေ၏။ မိုးကြိုးကပ်ဘေး၏ ပစ်ခတ်မှုကို တွေ့ကြုံပြီးနောက် ယဲ့ရှောင်၏ အရေပြားများက ပိုကြည်လင်လာတော့သည်။ အတိတ်တုန်းက သူ့ အသားအရေပေါ် မိုးကြိုးပစ်ခတ်ချိန်၌ တူးခြစ်သွား၏။ ယခုမူ ယဲ့ရှောင်ကို အနည်းငယ်လေးတောင် မထိခိုက်စေတော့ပေ။
အဆင့်တိုင်း၏ ခွန်အားက ပင်မခန္ဓာကိုယ်ကို တုန်လှုပ်ခြောက်ခြားဖွယ် တိုးတက်ပြောင်းလဲမှု ယူဆောင်လာပေး၏။
ယဲ့ရှောင် ရှန်းထျန်းသတ္တမအဆင့်တွင် ရှိစဥ်က ရုပ်ပိုင်းဆိုင်ရာ ခုခံမှုသည် တော်ဝင်ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်းကို အသုံးပြုထားရပြီး ရှန်းထျန်းနဝမအဆင့်၌ ယှဥ်နိုင်နေပြီ ဖြစ်သည်။
ယခုအချိန်တွင် ယဲ့ရှောင်က ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်းကို ထပ်မံ အသုံးပြုခဲ့လျှင် ၄င်းက သယ်ဆောင်လာသည့် ခုခံခြင်းစွမ်းအားသည် ဘုရင်နယ်ပယ်အောက် မည်သူ့ကိုမဆို မဖြိုခွဲနိုင် ဖြစ်စေလောက်သည်။
ယင်းက သူ့ ရုပ်ခန္ဓာ၏ ခွန်အားက သယ်ဆောင်လာသည့် ပြောင်းလဲမှုတစ်ခုသာ ဖြစ်သည်။ ထို့အပြင် စိတ်စွမ်းအားကျင့်စဥ်က သူ့ကို ဝိညာဥ်စွမ်းအင်များ ပိုမို လျင်မြန်စွာ စုပ်ယူအောင် လုပ်ပေးသည်။
သူ၏ ဝိညာဥ်စွမ်းအင် သယ်ဆောင်လာသည့် ပြောင်းလဲမှုကလည်း ပိုသန်မာ၏။ ပြောရန်မလို သူ၏ တိုက်ခိုက်ရေး စွမ်းအားက ပိုတောင် သန်မာလာသည်။
ဘက်ပေါင်းစုံ၌ ကြီးကြီးမားမား တိုးတက်မှုဖြင့် ယခုအချိန်တွင် ယဲ့ရှောင်သည် ပြောင်းလဲမှုက အဆင့်တစ်ဆင့် တက်သွားရုံမျှကဲ့သို့ မရိုးရှင်းပေ။
သူက အသက်ရှူထုတ်လိုက်သည်။ ရှူထုတ်လိုက်ချိန်၌ သိပ်သည်းသော ဝိညာဥ်စွမ်းအင်များ ပြည့်နေလေ၏။ ပတ်ဝန်းကျင် လေဟာနယ်ထဲရှိ ဝိညာဥ်စွမ်းအင်ထက်တောင် ပိုသိပ်သည်းသည်
ယဲ့ရှောင်က လက်သီးကျစ်ကျစ် ဆုပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ခွန်အား မည်မျှ တိုးလာကြောင်း မသိရပေ။
ယခုအချိန်တွင် အချက်အလက် အတိအကျကို မတွက်ချက်နိုင်ပေ။
တကယ်တော့ ယခင်အချိန်ကကဲ့သို့ပင် သူ အဆင့်တက်သွားခဲ့၏။ သူ၏ ခွန်အားက ထိန်းချုပ်ရန် မလွယ်ကူလောက်အောင် သန်မာလွန်းနေသည်။ နေသားကျရန် အချိန်တချို့ လိုအပ်သည်။
ဒါက ရှန်းထျန်းနဝမအဆင့်ရဲ့ ခွန်အားလား။ အံ့ဖွယ်ချီရှန်းအဆင့်ရဲ့ အမြင့်ဆုံးအဆင့်။ လက်ရှိ ငါက ဘာမဆို လုပ်နိုင်တယ်လို့ ခံစားနေရတယ်။
ကောင်းကင်ထဲ၌ မိုးကြိုးများ ဆက်လက် ပစ်ခတ်နေလေ၏။
ယဲ့ရှောင်က တစ်ချက်ကြည့်ပြီး ပြောလိုက်တော့သည်။
” ထွက်သွား ”
စကားတစ်ခွန်းတည်းဖြင့် ယဲ့ရှောင်၏ ကြီးမားလှသော ခွန်အားက ကောင်းကင်ဆီသို့ လျင်မြန်စွာ ရိုက်ခတ်သွားသည်။
ဖုန်း။
ယခုအချိန်တွင် ယဲ့ရှောင်က မည်သည့် သိုင်းကျင့်စဥ်စွမ်းရည်မှ မသုံးခဲ့ပေ။ သူ၏ တိုက်ခိုက်ရန် ဝိညာဥ်စွမ်းအင်ကိုသာ အသုံးပြုခဲ့သည်။
ထိုသို့တိုင် ကောင်းကင်ထဲရှိ မိုးကြိုးတိမ်တိုက်များက ချက်ချင်းပင် လွင့်သွား၏။ ပြီးနောက် လုံလောက်အောင် မသိပ်သည်းနိုင်သောကြောင့် ရွေးချယ်စရာမရှိပဲ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရတော့သည်။
အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်၏ ခန္ဓာကိုယ်သည် တောင်ခြေဆီသို့ ချက်ချင်း ရောက်သွားလေ၏။
သူ၏ အရှိန်က ယခင်ကထက် ပိုတောင် မြန်ဆန်ပြီး သန်မာလာသည်။
သို့သော် ယဲ့ရှောင်သည် ယခင်အချိန်များက သင်ခန်းစာရပြီး ဖြစ်သောကြောင့် သူ၏ ခွန်အားကို အကန့်အသတ်ထိ မထုတ်ဖော်ခဲ့ပေ။ သူက နတ်ဘုရားရုံစူးစိုက်ခြင်းတောင် အသုံးမပြုခဲ့ပေ။
ထိုသို့တိုင် သူ၏ အရှိန်သည် ယခင်က နတ်ဘုရားအာရုံစူးစိုက်ခြင်းကို အသုံးပြုသည့်အဆင့်သို့လည်း ရောက်နိုင်နေပြီဟု ခံစားရသည်။
သူ၏ ကိုယ်ဖော့သိုင်းကို အသုံးပြုလိုက်မည်ဆိုလျှင် မည်မျှ အစွမ်းထက်သွားမည်ဆိုတာ သိချင်မိသည်။
ငါ ပတ်ဝန်းကျင်က လေတွေနဲ့ ပွတ်တိုက်မိပြီး လျှပ်စီးတွေ မီးပွင့်တွေ ဖန်တီးမိမှာတော့ မဟုတ်လောက်ဘူးမလား။
ကံကောင်းတာက ဘုရင်အေးအ်ရဲ့ အရေခွံနဲ့ တခြားကုန်ကြမ်းတွေကို အနက်ရောင်ကြေးခွံ မြွေအရေခွံနဲ့ ရောသုံးထားတဲ့အထိ အမျှော်အမြင် ရှိနေလို့။ အခုဆို ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အေးအေးလူလူ ဝတ်ထားလို့ရပြီ။ မဟုတ်ရင် ငါ ပျံသန်းတဲ့အချိန် ငါ့အဝတ်အစားတွေက လေကြောင့် ဖုန်မှုန့်ဖြစ်သွားမှာပဲ။
ဒါက ပြေးတယ်လို့ ခေါ်တာလား။ ပျံသန်းတယ်လို့ ခေါ်တာလား။
ထိုအကြောင်းကို တွေးမိသောအခါ အတော်လေး ကြောင်တောင်တောင်နိုင်သည်ဟု ခံစားမိလိုက်သည်။
ယခု ယဲ့ရှောင်သည် ပတ်ဝန်းကျင်ကို စစ်ဆေးရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု မလိုအပ်တော့ပေ။ ထိုနေရာတွင် ရပ်နေရုံဖြင့် သူ့နားတစ်ဝိုက် အရာအားလုံးကို အလွယ်တကူ အာရုံခံနိုင်ပုံ ရသည်။
အနည်းဆုံးတော့ ပေသုံးသောင်းအတွင်း ယဲ့ရှောင်သည် ထောင့်တိုင်းမှ အရာအားလုံးကို သူ ကြည့်နေရသည့်ပမာ ခံစားရသည်။
အကြောင်းမှာ သူ ပိုသန်မာလာလေ သူက လူသားတစ်ယောက်ဟူ၍ ခံစားရတာက ပိုနည်းလာလေ ဖြစ်သောကြောင့်ပင်တည်း။
သူ့အမြင်အာရုံသည် သာမန်လူသားများ၏ အကန့်အသတ်ကို အပြည့်အဝ ကျော်လွန်သွားသောကြောင့်လည်း ပါပေ၏။ သူက အမြင်အာရုံ၊ အနံ့၊အထိအတွေ့။ ကျန်သည့်အာရုံခံများ၏ ပိတ်ဆို့မှုကို ကျော်ဖြတ်နိုင်ခဲ့သည်။
ယခုအချိန်၌ လူများစွာက ထောင့်ကနေ ထွက်လာလေ၏။ သူတို့က စူးစမ်းရန် အပြင်ဘက်သို့ ရောက်လာတာ ဖြစ်သည်။
ထိုစဥ် လူတိုင်းက သက်ပြင်းချလိုက်မိ၏။ သူတို့မျက်နှာသည် ကပ်ဘေးကနေ ရှင်သန်လာခဲ့သောကြောင့် ပျော်ရွှင်သည့် အရိပ်အယောင် ပေါ်လာ၏။
သို့သော်ငြား ထိုသို့တိုင် အစောတုန်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို တွေးမိသည့်အချိန် အားလုံး၏ မျက်နှာ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နေသေးသည်။
” ခုနတုန်းက ဘာဖြစ်သွားတာလဲ။ ရုတ်တရက်ကြီးလျှပ်စီးတွေ၊ မိုးကြိုးတွေနဲ့ ”
” ဘုရားရေ။ မိုးရွာတယ်နေတယ်လို့ ထင်လိုက်တာ။ ငါ မိုးကာအင်္ကျီတောင် ဝတ်ခဲ့သေးတယ်။ ဒါပေမဲ့ အဆင်ပြေနေတဲ့ပုံပဲ ”
” ဟယ်လို မင်းက လိမ်နေတာပဲ လိမ်နေတာပဲ ဖြစ်ရမယ်။ ငါ့ကို ချစ်တယ်ဆိုပြီး ကျိန်ခဲ့တာ မိုးကောင်းကင်ကတောင် စတင်ပြီး ရူးသွပ်သွားတော့တာပဲ။ နင် ငါ့ကို မချစ်တဲ့ပုံပဲ။ ငါတို့ လမ်းခွဲကြရအောင် ”
” ဒါ တကယ် ကိုယ့်အမှား မဟုတ်ဘူး။ ကောင်းကင်ဘုံက ရုတ်တရက်ကြီး မိုးကြိုးပစ်လိမ့်မယ်လို့ ဘယ်လိုလုပ် သိမှာလဲ။ မင်းကို တကယ်ချစ်တာပါ ”
ထိုစဥ် ယဲ့ရှောင်သည် သူ၏ နားထဲ၌ ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်။
” ညီလေး ရှုန်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်း ဒီရောက်နေတာကိုး ”
ယဲ့ရှောင်က လှည့်ကြည့်လိုက်သောအခါ အစောတုန်းက ဟွမ်ထောင် ဖြစ်နေလေ၏။
သူနှင့် သူ့အသင်းဖော်အချို့က ပစ္စည်းအပြည့် ထုပ်ပိုးထား၏။ သူတို့က ယခုအခေါက ပင်လယ်ကမ်းခြေတောအုပ်ထဲသို့ သွားချိန် ပစ္စည်းကောင်းများ ရလာပုံပေါ်၏။
တစ်ဖက်သူနှင့် လူအချို့ကလည်း သူနှင့်အတူလိုက်ပါလာ၏။
” ညီအစ်ကို ရှုန်။ လိုချင်တဲ့ ပန်းပွင့်တွေ ရှာတွေ့သေးလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” တချို့တလေ ရှာတွေ့ပါတယ် ”
” ကောင်းတယ်။ ခုနတုန်းက အဖြစ်အပျက်က ကြောက်ဖို့ကောင်းလွန်းတာ။ တောင်တန်းတွေ ပြိုလဲပြီး မြေကြီးတွေ အက်ကွဲကုန်မယ်လို့ ထင်နေတာ။ ကမ္ဘာပျက်ကပ် ရောက်လာပြီထင်ပြီး ငါက သေတမ်းစာရေးခဲ့ဖို့တောင် ပြင်ဆင်နေပြီး
သား ”
” ဒါပေမဲ့ အခု ငြိမ်းချမ်းနေတယ်ဆိုပေမဲ့ ကြောက်ဖို့ကောင်းတာတွေ နောက်ကျ ဖြစ်ဦးမလားဆိုတာ ဘယ်သူ သိမှာလဲ။ မြန်မြန်လေး သွားကြရအောင် ”
ယဲ့ရှောင်က စကားပြောတော့မည့်အချိန်၌ သူ့နောက်ရှိ ကြီးမားသော တောင်တန်းကြီးကို လှည့်ကြည့်လိုက်မိသည်။
ဘန်း ဂျွတ်။
ရုတ်တရက် ပေါက်ကွဲသံများ ဆက်တိုက် ပေါ်ထွက်လာပြီး တောင်တစ်ခုလုံး တစ်စစီ ဖြစ်သွားတော့၏။
လက်တွေ့တွင် ထိုတောင်က ပြိုကွဲသွားတာ မဟုတ်ပေ။ ကျန်သည့်တောင်များကလည်း စတင်လှုပ်ခါလာ၏။
ယခုအခေါက် ယဲ့ရှောင် အဆင့်တက်သွားမှုက ရုတ်ရုတ်သဲသဲ ဖြစ်လွန်းစေသည်။
အစောတုန်းက မြေကြီးအက်ကွဲသွားခဲ့လျှင် ယင်းက အသင်္ချေခရမ်းနှင့် သစ်ရွက်နီများကို သေဆုံးစေလိမ့်မည်။ သို့မဟုတ် မိုးကြိုးကပ်ဘေးက နောက်မှ ရောက်လာလိမ့်မည်။ တောင်တန်းပေါ် မိုးကြိုးဆက်တိုက် ပစ်ခတ်နေလေရာ ထိုတောင်ပေါ် များပြားသည့် ဖိအားများ ဆောင်ယူလာမိ၏။
ယခုအချိန်တွင် တောင်တန်းက နောက်ဆုံးတော့ တောင့်မခံနိုင်တော့ပေ။ ထိုမြင်ကွင်းကို တွေ့သောအခါ လူအားလုံးက ကြောက်လန့်ကုန်၏။
” တောင်ပြိုတော့မယ် ”
” ပြေးကြ ”
မရေမတွက်နိုင်သည့် သိုင်းပညာရှင်များက မြို့အပြင်ဘက်သို့ ထွက်ပြေးကြသည်။ ဟွမ်ထောင်နှင့် ကျန်သည့်သူများ၏ အမူအယာကလည်း ပြောင်းလဲသွားလေ၏။
” မကောင်းတော့ဘူး။ သွားကြမယ် ”
သို့သော်ငြား သိုင်းပညာရှင်အများစုက ဟို့ထျန်းနယ်ပယ် သိုင်းပညာရှင်များသာ ဖြစ်သည်။ သူတို့က ချီရှန်းနယ်ပယ် သိုင်းပညာရှင်များတောင် မဟုတ်ပေ။ သူတို့ အရှိန်ဖြင့် ထိုတောင်များ၏ အရှိန်ကနေ လွတ်မြောက်ဖို့က မဖြစ်နိုင်ပေ။ တောင်များ အမှန်တကယ် ပြိုလဲခဲ့လျှင် လူ မည်မျှများစွာ သေမည်ဆိုတာ မည်သူက သိမည်နည်း။
ထို့အပြင် တောင်ထဲ၌ လူအချို့ ရှိနေသေးသည်။ တောင်ပြိုသွားပါက သူတို့သည် လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
ယဲ့ရှောင်က မျက်ခုံး ပင့်လိုက်မိ၏။
သူ့ကြောင့်ပဲ အရာအားလုံး ဖြစ်လာလေသည်။ သူက ထိုမျှ လူများစွာကို အပြစ်မရှိ သေဆုံးစေခဲ့လျှင် ပြစ်မှုကျူးလွန်ရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့် သူက သက်ပြင်းချလျက် လှုပ်ရှားဖို့သာ ရွေးချယ်လိုက်သည်။
ဟွမ်ထောင်က ပြေးနေပြီး ဖြစ်၏။ သို့သော် လှည့်ကြည့်လိုက်ရာ ယဲ့ရှောင်က နေရာမှာတင် ရပ်နေတုန်းသာ တွေ့လိုက်ရ၏။ သူက ချက်ချင်း အော်ပြောသည်။
” ညီလေး ရှုန် မြန်မြန်ပြေး။ မင်း အဲ့မှာ တစ်စစီ ဖြစ်သွားလိမ့်မယ် ”
သူ၏ အသင်းဖော်များက ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
” ဘယ်အချိန် ရောက်နေပြီလဲ။ မင်းက တခြားသူတွေကို ဂရုစိုက်နိုင်သေးတယ်။ မြန်မြန်ပြေးတော့။ အခု မပြေးရင် နောက်ကျသွားလိမ့်မယ် ”
သို့သော် သူတို့အသံ ပေါ်ထွက်လာသည်နှင့် ရွှေရောင်အလင်းက ယဲ့ရှောင်၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါ်ထွက်လာသည်။ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားကာ မွန်မြတ်သော ဗုဒ္ဓတစ်ပါး ဆင်းသက်လာသည့်ပမာ ထင်မှတ်ရစေသည်။
ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓမ္မကျမ်းစာက လျင်မြန်စွာ လည်ပတ်နေပြီး အမြင့်ဆုံးသော အရှိန်ဖြင့် ဝိညာဥ်စွမ်းအင်ကို စုပ်ယူနေသည်။
ဝိညာဥ်စွမ်းအင် စုပ်ယူသည့် အရှိန်က မြန်ဆန်လွန်းသောကြောင့် ပတ်ဝန်းကျင်၌ လေဟာနယ်ကို ဗလာဖြစ်သွားစေသည်။
ပြီးနောက် ရွှေရောင်အလင်းရောင်ခြည်အချို့က ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲကနေ ပေါ်ထွက်လာပြီး ပေထောင်ချီ မြင့်မားသော ဗုဒ္ဓလက်ရာကို ဖြည်းဖြည်းချင်း ဖွဲ့တည်လိုက်ကာ ပြိုလဲနေသော တောင်တန်းများကို ဖြည်းဖြည်းချင်း ထောက်ပံ့ပေးလိုက်၏။
ပတ်ဝန်းကျင်ရှိ ဆူညံသံက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး အပြည့်အဝ တိတ်ဆိတ်သွားတော့သည်။
ယခုအချိန်၌ လောကကြီးက ကပ်ဘေးအားလုံး ရပ်တန့်သွားသည့်ပမာ ပြန်လည် ငြိမ်းချမ်းလာပုံရသည်။
လူအားလုံးက ထိုမြင်ကွင်းကို မြင်တွေ့သောအခါ နေရာမှာတင် ကြောင်အလျက် ရပ်နေမိသည်။
သူတို့မျက်လုံး သူတို့ မယုံနိုင်ကြပေ။
သူတို့ ဘာတွေ့လိုက်တာလဲ။
လူသားတစ်ယောက်က သူ့ရဲ့ခွန်အားနဲ့ ပြိုလဲနေတဲ့ တောင်တွေကို တကယ်ကြီး ခုခံနေတယ်။ အဲ့ဒီခွန်အားက ဘယ်လောက် ကြီးမြတ်တာလဲ။
ဒါက နတ်ဘုရားတစ်ပါးပဲ ပြုလုပ်နိုင်တဲ့အရာပဲ။ အထူးသဖြင့် ဟွမ်ထောင်နှင့် ကျန်သည့်သူများက နှလုံးခုန်နှုန်း မြန်နေပြီး သူတို့စိတ်က ဗလာကျင်းနေ၏။
ဒါက သူတို့ အသင်းထဲ ဆွဲခေါ်လာတဲ့ သူလား။ သူတို့ ကြုံသလို ဆွဲခေါ်လာတဲ့သူက ဒီလောက်တောင် အားကောင်းတယ်လား။ ကောင်းကင်ဘုံက သူတို့ကို ကျီစယ်နေတာလား။ နတ်ဘုရားတစ်ပါးနဲ့ ယှဥ်နိုင်တဲ့ သူတစ်ယောက်နဲ့ သူတို့က တကယ်ကြီး ဒီလောက် နီးကပ်ခဲ့ပြီး အသင်းတောင် ဖွဲ့ခဲ့သေးတာ။
ယခုအချိန်တွင် သူတို့က ထိတ်လန့်မှု၊ ဂုဏ်တက်မှု၊ အံ့သြမှုတို့အပြင် စတုတ္ထမြောက် ခံစားချက်ကို ရှာမတွေ့တော့ပေ။
” ငါ ဟွမ်ထောင်က နတ်ဘုရားလို ပုဂ္ဂိုလ်နဲ့ တကယ်ကြီး အသင်းဖော် ဖြစ်ခဲ့တာလား။ အိုး ဘုရားသခင်။ ကျီစယ်မှုက ကြီးမားလှပါဘိ ”
အပိုင်း ၂၀၄ ပြီး၏။