Switch Mode

Chapter – 200

လက်သီးတစ်ချက် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်။ ဓါးမော့တစ်ချက် နောက်ထပ် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၀၀ လက်သီးတစ်ချက် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်။ ဓါးမော့တစ်ချက် နောက်ထပ် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်။

မြေပြင်အောက်ရှိ တုန်နှုန်းကို အာရုံခံမိပြီး ယဲ့ရှောင်က ဧရိယာကို စစ်ဆေးရန်အတွက် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ချက်ချင်း အသုံးပြုလိုက်သည်။
ရှားပင်းနဥ်က အသင်္ချေခရမ်းနှင့် သစ်ရွက်နီ ထိန်းချုပ်တာ ခံနေရသည်။ အစောင့်အရှောက် ကြယ်တာရာသားရဲနှင့် တွေ့ကြုံတော့၏။ ထို့အပြင် ၄င်းတို့က ရှန်းထျန်းဆဌမအဆင့် မဟာကြယ်တာရာသားရဲများ ဖြစ်သည်။
ပန်းပွင့်၏ သင်းရနံ့နှင့် ဝတ်မှုံတို့ကို အသင်္ချေခရမ်းနှင့် သစ်ရွက်နီက ထုတ်လွှင့်နေပြီး ကြယ်တာရာသားရဲများ၏ စိတ်ကို ရှုပ်ထွေးစေကာ သူတို့ကို တိုက်ခိုက်ရန် ထိန်းချုပ်ထား၏။
” မင်း ငါ့အကူအညီလိုလား ”
သူက တစ်ဖက်သူကို ဆက်သွယ်ရန် စိတ်ကို အသုံးပြုလိုက်လေ၏။
” မလိုဘူး ”
ရှားပင်းနဥ်က တိုပြတ်ပြတ် စကားသုံးခွန်းကို ပြောပြီးနောက် သူမ၏ လေသံက အင်မတန် သွေးနက်ထဲ ရောက်နေပေ၏။
ယဲ့ရှောင်က ပခုံးတွန့်ကာ ဘာမှထပ်မပြောတော့ပေ။ သူက ပန်းပွင့်များ ဆက်လက် သိမ်းယူနေသည်။
သို့သော်ငြား သူ့စိတ်ကမူ အောက်ရှိ ရှားပင်းနဥ်ကိုသာ စောင့်ကြည့်နေသည်။ တိုက်ခိုက်ရန်အတွက် သူမမျက်လုံးကို အသုံးပြုသည့် နည်းလမ်းက သူ့ကို အလွန် သိချင်စိတ်ဖြစ်စေသည်။
နောက်ထပ် ထူးခြားသော စွမ်းရည်တစ်မျိုး ဖြစ်ပုံရသည်။ ယင်းက ဝိညာဥ်စွမ်းအင်နှင့် ဆင်တူသော်ငြား ၄င်းသည် အရာဝတ္ထုအဖြစ် သိပ်သည်းနိုင်၏။ ဝိညာဥ်စွမ်းအင် အလွန်ကြွယ်ဝပုံ ပေါ်သည်။
သို့သော် ၄င်းသည် ပြိုင်ဘက်ကို မထင်မှတ်ထားသည့် အချိန်၌လည်း တိုက်ခိုက်နိုင်၏။ အမြင်အာရုံအတွင်း ရှိနေသရွေ့ ယင်းက အလွန်အစွမ်းထက်ပေ၏။
ဒါက မျက်လုံးသိုင်းလား။ ဒီလောကကြီးက ပိုင်ဆိုင်တဲ့ မျက်လုံးသိုင်းများလား။
ပြီးနောက် ထိုစွမ်းအားအကြောင်း နားလည်သဘောပေါက်ရန် လိုအပ်နေပုံပေါ်သည်။
၄င်းက ထူးဆန်းရုံသာမက အလွန်အစွမ်းထက်သည်။
မြေအောက်တွင် မျက်တောင်တစ်ခတ်အတွင်း ရှန်းထျန်းဆဌမအဆင့် ကြယ်တာရာသားရဲ ( ၆ ) ကောင်ကို ရှားပင်းနဥ်က ဖြေရှင်းလိုက်၏။
ပြီးနောက် သူမသည် မြေဝပ်ကျင့်စဥ်ကို အသုံးပြုပြီး ဆင်းသက်လိုက်သည်။
ခဏတာ ဆင်းသက်ပြီးနောက် တိုက်ပွဲက ပိုတောင် ကြမ်းတမ်း​လာတော့သည်။ ယခုအခေါက်တွင် တောင်ကုန်းလေးပေါ်ရှိ ကျောက်စလစ်ခဲများက ကြမ်းတမ်းစွာ လှုပ်ခါတော့သည်။
ယဲ့ရှောင်က ပန်းပွင့်များကို တူးနေစဥ် အောက်ရှိ ဧရိယာကို စစ်ဆေးရန် ဝိညာဥ်စွမ်းအင် သုံးထားလေ၏။ ရှားပင်းနဥ်က နောက်ထပ် ရှန်းထျန်းသတ္တမအဆင့် ကြယ်တာရာသားရဲ ( ၄ ) ကောင်နှင့် တွေ့ကြုံရသည်။
သို့သော်ငြား တစ်ဖက်သူ၏ ခွန်အား တိုးလာသည့်တိုင်သူမက မကြောက်လန့်သွားပေ။ ဆန်းကြယ်သော ကျင့်စဥ်ကို ဆက်တိုက် အသုံးပြုနေ၏။
အသက်ရှူစာ အနည်းငယ် ကြာပြီးနောက် သူမသည် ရှန်းထျန်းသတ္တမအဆင့် ကြယ်တာရာသားရဲ ( ၄ ) ကောင်ကို အပြီးသတ်လိုက်သည်။
သို့သော် ယခုအချိန်၌ သူမက အနည်းငယ် မောပမ်းနေပြီ ဖြစ်သည်။
အသင်္ချေခရမ်းနှင့် သစ်ရွက်နီက အဆင့်တူကြယ်တာရာသားရဲတွေကိုပဲ စိတ်ရှုပ်ထွေးအောင် လုပ်နိုင်တာ။ အခု ငါက ရှန်းထျန်းသတ္တမအဆင့်ကြယ်တာရာသားရဲတွေ အားလုံးကို သတ်လိုက်ပြီဆိုတော့ အဌမအဆင့် ကြယ်တာရာသားရဲ တစ်ကောင်နှစ်ကောင် ရှိလောက်တယ်။ ငါသာ သူတို့ကို အပြီးသတ်နိုင်သရွေ့ ကျန်တဲ့အရာက အသင်္ချေခရမ်းနဲ့ သစ်ရွက်နီတွေပဲ။ အသင်္ချေခရမ်းနဲ့ သစ်ရွက်နီက အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံနိုင်ပြီဆိုပေမဲ့ နတ်စွမ်းရည်တစ်မျိုး ပါဝင်လာပြီ။ ဒါပေမဲ့ ငါ အကူအညီပေးမဲ့သူကိုလည်း ရှာတွေ့ထားတာ။ သူ ငါ့ကို မလိမ်သရွေ့ အသင်္ချေခရမ်းနဲ့ သစ်ရွက်နီနားတစ်ဝိုက် လမ်းကြောင်းကို ပိတ်ဆို့ဖို့ သူ ကူညီပေးနိုင်မှာ။ အသင်္ချေခရမ်းနဲ့ သစ်ရွက်နီက ဒီနေ့ ငါ့ဆီကနေ သေချာပေါက် မလွတ်မြောက်နိုင်ဘူး။
ရှားပင်းနဥ်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။ သူမက စိတ်အခြေအနေ ကောင်းနေလေသည်။
သူမ၏ ကျင့်စဥ်သည် သာမန်လူများနှင့် မတူညီပေ။ သူမက အသင်္ချေခရမ်းနှင့် သစ်ရွက်နီအတွက် လိုအပ်ချက် ကြီးမားသည်။ ယင်းက တန်ဖိုးကြီးပြီး အင်မတန် ရှားပါးလွန်းသော သဘာဝရတနာ ဖြစ်သောကြောင့်ပင်တည်း။
သူမက လုံလောက်အောင် ပြင်ဆင်ပြီးနောက် အသင်္ချေခရမ်းနဲ့ သစ်ရွက်နီကို ရှာဖွေနေတာပဲ ဖြစ်သည်။ သူမကိုယ်ပိုင်ခွန်အားကို ယုံကြည်ချက်ရှိသည်။
မြန်မြန်ကြည့်။
အသက် ၂၁ အရွယ်တွင် သူမက ရှန်းထျန်းအဌမအဆင့်သို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သူမ၏ မျက်ဝန်းသွေးမျိုးဆက် ကျင့်စဥ်ကလည်း ထူးကဲလွန်းပြီး အဆင့်တူတွင် သူမကို မည်သူမှ မယှဥ်နိုင်ပေ။
သို့သော် ယင်းက အရေးကြီးဆုံးအရာ မဟုတ်ပေ။ အရေးကြီးဆုံးအရာက ထိုနေရာကနေ သူမ လာခဲ့တာပဲ ဖြစ်သည်။
ထိုနေရာကနေ အပေါ်ယံမျက်နှာပြင်ဆီသို့ သူမက လောကကြီး၏ သိုင်းပညာရှင်များထက် သာလွန်သည့် ကျင့်စဥ်တစ်မျိုးကို ပိုင်ဆိုင်ထားသည်။
ယင်းက သိုင်းပညာရှင်များကြား ကွာဟချက် ဖြစ်ပေ၏။ သူမက ထိုလောကသို့ ရောက်လာရသည့် အချက်မှာ လျော့ကျမှု ထိုးနှက်ချက်ကြောင့် ဖြစ်သည်။
ရှန်းထျန်းအဌမအဆင့်၏ တူညီသော ခွန်အားဖြင့် သူမသည် သူမ ရန်သူကို သေချာပေါက် အနိုင်ယူနိုင်မှာပဲ ဖြစ်သည်။ အပေါ်ယံ လောကကြီး၌ သူမက ကျင့်ကြံဆင့် တူညီသည့် သူများထဲ၌ ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်ပေသည်။
မြေဝပ်ခြင်းကျင့်စဥ်ကို အသုံးပြုပြီး သူမ ခန္ဓာကိုယ်က အောက်သို့ ဆက်လက် ဆင်းသွားလေ၏။
ထိုနေရာသို့ ရောက်သွားသည်နှင့် မျက်လုံး လက်သွားတော့သည်။
အမှောင်ထုထဲ၌ ရောင်စုံ ( ၈ ) ခုဖြင့် ရှစ်ရောင်ခြယ် ထူးဆန်းသော ပန်းပွင့်က စတင် ဖူးပွင့်နေလေ၏။
နတ်သူငယ်တစ်ဦးထံမှ အလင်းရောင်ခြည်နှင့် တူပြီး ဆန်းကြယ်ပြီး အင်မတန် ညှို့ငင်နိုင်သည်။
အမှန်တကယ်တွင် ယင်းက အလင်းတန်း မဟုတ်။ အလွန်အကျွံ သိပ်သည်းနေသော ဝိညာဥ်စွမ်းအင်ပဲ ဖြစ်သည်။ ၄င်းကို အဆုံးစွန်ထိ သိပ်သည်းပြီးနောက် ပြန့်ကားလာသည့် စွမ်းအင်တစ်ခု ဖွဲ့တည်လိုက်တာပဲ ဖြစ်သည်။
ငါ ရှာတွေ့ပြီ။ အသင်္ချေခရမ်းနဲ့ သစ်ရွက်နီ။
အသင်္ချေခရမ်းနှင့် သစ်ရွက်နီက ဝိညာဥ်အသိစိတ်ရှိပြီးသား ဖြစ်သည်။ သူမကို တုံ့ပြန်သည့်ပမာ ခန္ဓာကိုယ်ပေါ်ရှိ အလင်းတန်းက နှစ်ချက်ခန့် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားလေသည်။
နောက်တစ်စက္ကန့်၌ အင်မတန် သန်မာသည့် ဝိညာဥ်စွမ်းအင်အတက်အကျက အမှောင်ထုထဲ၌ ပေါ်လာတော့သည်။
သူတို့က ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲများ ဖြစ်သည်။ သူတို့၏ ကျင့်စဥ်က သူမနှင့် ယှဥ်နိုင်သည်။
ထင်တဲ့အတိုင်းပဲ ငါ ခန့်မှန်းချက်တာ မှန်တယ်။ အဆုံးမှာ ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲနှစ်ကောင် ရှိနေတာ။
သူမ၌ တိုက်ပွဲဝင် အတွေ့အကြုံ ရှိသောကြောင့် မကြောက်ရွံ့သွားပေ။ သူမ မျက်လုံးသိုင်း၏ ခွန်အားဖြင့် သူမအဖို့ ရှန်းထျန်းပဌမအဆင့် ကြယ်တာရာသားရဲနှစ်ကောင်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖို့က မခက်ခဲပေ။
သူမက ထိုတိုက်ပွဲကို နိုင်မှာ သေချာ၏။
အသင်္ချေခရမ်းနှင့် သစ်ရွက်နီက သူမလက်ထဲ သေချာပေါက် ရှိလိမ့်မည်။
မြေပြင်ပေါ်၌ ယဲ့ရှောင်သည် ပတ်ဝန်းကျင်ရှိ ဝိညာဥ်ပန်းပွင့်များ အားလုံးကို ခူးယူပြီး ဖြစ်သည်။ သူသည် ဝိညာဥ်စွမ်းအင်က အောက်ကို ဆင်းကြည့်လိုက်ပြန်၏။
” ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲတွေ ရှိတယ်။ နင် အကူအညီ မလိုတာ သေချာလား ”
” မလိုဘူး။ ကျွန်မပြောတာကို ယုံဖို့ ခက်ခဲလောက်ပေမဲ့ အဌမအဆင့် ကြယ်တာရာသားရဲနှစ်ကောင်လောက်က ကျွန်မအတွက် အရေးကြီးတာ မဟုတ်ဘူး ”
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် သူမ၏ တောက်ပသော မျက်ဝန်းများက လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားစေသည့်အလင်းတန်းတစ်ခု ထပ်မံ ဖြာထွက်လာပြန်၏။
ဖုန်း။
နောက်တစ်စက္ကန့်တွင် ပေါက်ကွဲမှုတစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။
သို့သော်ငြား ယင်းသည် ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲနှစ်ကောင်ဆီမှ မဟုတ်ပေ။ ထိုအစား ယင်းက ရှားပင်းနဥ်ပင် ဖြစ်သည်။
ဖူး။
သူမက သွေးတစ်ပွက် အန်လိုက်ရသည်။ စူးရှပြီး ပူလောင်သော နာကျင်မှုက သူမ နောက်ကျောကနေ ပေါ်ထွက်လာ၏။ သူမ၏ ခေါင်းလေးကို ချက်ချင်း လှည့်ကြည့်လိုက်ရာ နှောက်ကျိသွားတော့သည်။ ဘာတွေဖြစ်ကုန်တာလဲ။ အဲ့ဒီတိုက်ကွက်က ဘယ်က ရောက်လာတာလဲ။
သူမက အံ့သြဆွံ့အနေစဥ် သူမရှေ့ရှိ ကြယ်တာရာသားရဲက ရုတ်တရက် တိုက်ခိုက်တော့၏။
ရှားပင်းနဥ်သည် ဂရုမစိုက်ပဲ မနေရဲချေ။ သူမ၏ တိုက်ပွဲဝင်စွမ်းအားဖြင့် ၄င်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ပေ၏။ သူမ၏ ခုခံမှုသည် သာမန် ရှန်းထျန်းအဌမအဆင့် သိုင်းပညာရှင်တစ်ယောက်ထက် အားမနည်းပေ။
သူမက ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့လျှင် ဒဏ်ရာရမှာ သေချာ၏။
သတိမမူပဲ မနေရဲကာ သူမသည် မျက်လုံးသွေးမျိုးဆက်သိုင်းကို ချက်ချင်း အသုံးပြုလိုက်သည်။ တိုက်ခိုက်မှုကို ရှောင်ရန် နေရာရွှေ့ပြောင်းလိုက်၏။
သို့သော် ထိုစဥ် ရှန်းထျန်းအဌမအဆင့်အထက် အားမနည်းသည့် တိုက်ကွက်နှစ်ကွက်က သူမ ခန္ဓာကိုယ်ပေါ် တစ်ချိန်တည်း ကျရောက်လာ၏။
ဖုန်း ဖုန်း။
ဖူး။
ရှားပင်းနဥ်သည် သွေးတစ်ပွက် ထပ်အန်လိုက်ပြန်၏။ သူမ မျက်နှာက ဖြူရော်လာကာ တောက်ပသော မျက်ဝန်းများကလည်း မှိန်ကျသွားတော့သည်။
ဘာတွေဖြစ်နေမှန်း ရှင်းရှင်းလင်းလင်း သိသွားပြီ ဖြစ်သည်။ ဤနေရာ၌ ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲနှစ်ကောင်သာ ရှိတာမဟုတ် ခြောက်ကောင်ရှိနေတာပဲ ဖြစ်သည်။
အသင်္ချေခရမ်းနှင့် သစ်ရွက်နီက ၄င်း၏ လျှို့ဝှက်ကတ်ကို ဝှက်ထားသည်။ သူမက သတိမဲ့မိခဲ့၏။ သူမက ယုံကြည်မှု လွန်ကဲနေခဲ့ကာ တစ်ပါးသူ၏ ထောင်ချောက်ထဲ ကျရောက်ခဲ့သည်။
အဆုံးသတ်သွားချေပြီ။ သူမက အသင်္ချေခရမ်းနဲ့ သစ်ရွက်နီကို ထပ်ခူးယူနိုင်တော့မှာ မဟုတ်ပေ။ သူမ၏ ဦးစားပေးကာ သူမ အသက်ကို ဦးစွာ ကယ်တင်ရန် ဖြစ်သည်။
သူမက ချက်ချင်းပင် လက်ချောင်းကို ကိုက်လိုက်ပြီးနောက် သူမ၏ သွေးကို မျက်လုံး ကျင့်စဥ်စွမ်းအားနှင့် ပေါင်းစည်းလိုက်ပြီး ယာယီ လုံခြုံသည့် နေရာတစ်ခု ဖွဲ့တည်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း သူမ ပတ်ဝန်းကျင်ကနေ ခုန်ထွက်လိုက်၏။
ပြေး။
ပြီးနောက် သူမသည် အမြန်ဆုံး အရှိန်ဖြင့် မြေပြင်ပေါ်သို့ ပြေးတော့၏။
အသင်္ချေခရမ်းနှင့် သစ်ရွက်နီက သူမကို အလွယ်တကူ အလွတ်မပေးမှာ သိသာ၏။ ရောင်စုံအလင်းက ပန်းပွင့်၏ ကိုယ်ထည်ပေါ် ဖျတ်ခနဲ ပေါ်လာသည်။ နောက်တစ်စက္ကန့်၌ ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲ အားလုံးက အရှိန်မြင့်မြင့်ဖြင့် ရှေ့တိုးတစ်ဟုန်ထိုး သွားတော့သည်။
သူတို့၏ ခန္ဓာကိုယ်က ရောင်စုံအလင်းဖျော့ဖျော့အလွှာလွှမ်းနေပြီး သူတို့သည် အသင်္ချေခရမ်းနှင့် သစ်ရွက်နီ၏ အကူအညီကို ရထားပုံပေါ်သည်။ သူတို့၏ အရှိန်က မြန်ဆန်လွန်းသောကြောင့် ကြက်သီးမွေးညှင်းများ ထောင်ထသွားစေနိုင်၏။
မျက်တောင်တစ်ခတ်အတွင်း ရှားပင်းနဥ်ကို ပကတိ မျက်လုံးဖြင့် မြင်နိုင်သောနှုန်းဖြင့် တိုက်မိသွားသည်။
အလွန်ဖြူရော်နေပြီးသား ရှားပင်းနဥ်၏ မျက်နှာက ချက်ချင်း ပိုတောင် ဖြူစွတ်သွားတော့သည်။
” သေစမ်း ”
သူမက သွေးအန်ပြီးနောက် အင်မတန် တုန်လှုပ်ခြောက်ခြားနေတော့သည်။ ယခုအချိန်၌ သူမကို တစ်စုံတစ်ယောက် လာကယ်တင်စေရန် မျှော်လင့်နေမိသည်။
သို့သော်ငြား မည်သူမှ မကူနိုင်ကြောင်း သူမ သိသည်။
ယဲ့ရှောင်၏ ခွန်အားက မဆိုးသော်ငြား သူက သူမအဆင့်နှင့် သေချာပေါက် ရှိမနေပေ။ သူ လာရောက်ကယ်ဆယ်လိမ့်မည်ဟု သူမ မည်ကဲ့သို့ မျှော်လင့်ရမည်နည်း။
ထို့အပြင် သူ၏ ခွန်အားက လုံလောက်လျှင်တောင် မြေဝပ်ခြင်းကျင့်စဥ် မရှိပဲ သူက မည်ကဲ့သို့ ဆင်းလာပြီး ကူညီမည်နည်း။
ဝိညာဥ်ပန်းပွင့်များ အားလုံးကို တူးထုတ်ပြီးသွားခါစ ယဲ့ရှောင်သည် ရှားပင်းနဥ်၏ အခြေအနေကို ကြုံတွေ့ရသောအခါ သိပ်မအံ့သြသွားပေ။
အကြောင်းမှာ အစောတည်းက အောက်၌ ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲ ခြောက်ကောင်ကို အာရုံခံပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် ထိုရှားပင်းနဥ်က မောက်မာထောင်လွှားလွန်း၏။ ထို့ကြောင့် သူ ဘာမှမပြောခဲ့တာပဲဖြစ်သည်။
အစက ရှားပင်းနဥ်သည် သူမ၏ အံ့သြဖွယ်ကောင်းသော မျက်ဝန်းကျင့်စဥ်ဖြင့် ခဏတာ တောင့်ခံထားနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် သူမ ထိုမျှ မြန်မြန် အလျှော့ပေးသွားလိမ့်မည်ဟု မထင်ထားပေ။
ယဲ့ရှောင်သည် ပန်းပွင့်အားလုံးကို ထုပ်ပိုးပြီး သိုလှောင်လက်စွပ်ထဲ ထည့်လိုက်၏။ ပြီးနောက် မြေဝပ်ခြင်း ကျင့်စဥ်ကို ထုတ်ဖော်ကာ မြေအောက်သို့ ချက်ချင်း သွားလိုက်သည်။
မူလက မြေပြင်ဆီသို့ တစ်ဟုန်ထိုး သွားနေသည့် ရှားပင်းနဥ်သည် ယဲ့ရှောင် ဆင်းသက်လာတာကိုရုတ်တရက် မြင်လိုက်ရချိန်၌ ချက်ချင်း ထိတ်လန့်သွားတော့၏။
” ရှင် မြေဝပ်ခြင်းကျင့်စဥ်ကို သိတယ်လား။ ဘာကြောင့် စောစောတုန်းက မပြောတာလဲ ”
” ခင်ဗျား မမေးတာလေ။ ဒါ့အပြင် အကူအညီလိုလားလို့ ကျုပ်မေးတာပဲ။ ခင်ဗျားက မလိုဘူး ပြောနေတာ။ ခင်ဗျား ဒါကို ဖြေရှင်းနိုင်တယ်လို့ ထင်လိုက်တာလေ ”
ရှားပင်းနဥ်က သူမ မျက်နှာ ပူလောင်လာတာကို ခံစားမိလိုက်၏။ သို့သော်ငြား အမြန် သတိဝင်လာပြီး ချက်ချင်း ပြောလိုက်တော့သည်။
” အစီအစဥ်ပြောင်းလဲသွားပြီ။ မြန်မြန် နောက်ဆုတ်။ ကျွန်မတို့က သူတို့ ပြိုင်ဘက် မဟုတ်ဘူး ”
သို့သော်ငြား ယဲ့ရှောင်က သူမပြောတာ နားမထောင်ပေ။ ထိုအစား သူမကို ဖြတ်ကျော်သွားလျက် အောက်ရှိ ရှန်းထျန်းအဌနအဆင့် ကြယ်တာရာသားရဲခြောက်ကောင်ဆီသို့ သွားလိုက်သည်။
” ရှင် ရူးနေပြီလား ”
ရှားပင်းနဥ်က အော်လိုက်မိ၏။
တစ်ကောင်နှစ်ကောင်တည်း ရှိတာမဟုတ်။ စုစုပေါင်း ခြောက်ကောင် ရှိနေကြောင်း သိထားရပေမည်။ အားလုံးက ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲများ ဖြစ်သည်။
ဆိုရိုးစကားရှိသည့်အတိုင်း လက်သီးနှစ်ဖက်က လက်လေးဖက်ကို မယှဥ်နိုင်ပေ။
နတ်မျက်စိဖြင့် မွေးဖွားလာခဲ့သော သူမကဲ့သို့ ပါရမီရှင်တောင် အဆင့်တူ ကြယ်တာရာသားရဲနှစ်ကောင်ကိုသာ အလွန်ဆုံး ဖြေရှင်းနိုင်၏။
ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲ ခြောက်ကောင်ကို ရင်ဆိုင်ရာ၌ သူမ ရွေးချယ်စရာ မရှိပဲ နောက်ဆုတ်ဖို့သာ ရွေးချယ်ခဲ့သည်။
သူကတော့ ဤအတိုင်း တစ်ဟုန်ထိုး ဝင်သွားလေ၏။ ထိုလူ ရူးနေတာပဲ ဖြစ်ရမည်။
ယဲ့ရှောင်က အလွန်မြန်ဆန်၏။ တစ်ဖက်သူကလည်း မြန်ဆန်လှသည်။ နှစ်ဖက်က မျက်တောင်တစ်ခတ်အတွင်း ဆုံတွေ့သွားတော့၏။
ရှားပင်းနဥ်က တစ်ချက် လှည့်ကြည့်လိုက်သည်။ သူမက ဆိုးရွားသည့် မြင်ကွင်းကို တွေ့မြင်ရန် ပြင်ဆင်ပြီးသား ဖြစ်၏။
သို့သော် နောက်တစ်စက္ကန့်၌ သူမ နေရာမှာတွင် ​ကျောက်ရုပ် ဖြစ်သွားတော့သည်။
ယဲ့ရှောင်က လက်သီးဆုပ်လိုက်ပြီးနောက် ထိုးလိုက်ရာ လက်သီးနှစ်ဖက် ဆုံတွေ့သွားသည်။
မဟာနိဗ္ဗာနလက်သီး။
အစွမ်းထက်သော လက်သီးစွမ်းအားက ကြယ်တာရာသားရဲနှင့် တိုက်မိသွားပြီး ၄င်း၏ ခန္ဓာက နေရာမှာတင် ချက်ချင်း ပေါက်ကွဲသွား၏။
ရုပ်ချည်းသတ်ဖြတ်ခြင်း။
ပြီးနောက် ဒုတိယမြောက် ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲက လိုက်ပါလာသည်။
ယဲ့ရှောင်က လက်ကို ဝှေ့ရမ်းလိုက်ပြီး ဓါးရောင်ခြည်ကို ထုတ်ဖော်လိုက်၏။ လွန်ကဲခြင်းစွမ်းအားဓါးမော့။
ဓါးမော့ရောင်ခြည် ပေါ်ထွက်လာစဥ် တစ္ဆေ၊ သရဲများနှင့် နတ်ဘုရားများတောင် တုန်လှုပ်​ခြောက်ခြားရပြီး မြေအောက်လောကတစ်ခုလုံးသည် ရွှေရောင်အလင်းကြောင့် လင်းထိန်သွား၏။
ဖူး။
နောက်ထပ် ပိုင်းဖြတ်ခြင်း။
ဤအတိုင်းပင် နောက်ထပ် ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲတစ်ကောင်က ထပ်ခြမ်းခြမ်းခံလိုက်ရ၏။ ယင်းက ဝါဂွမ်းစကို ခုတ်ပိုင်းသည့်ပမာ ရိုးရှင်းလွန်းလှပေသည်။

အပိုင်း ၂၀၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset