Switch Mode

Chapter – 198

ရတနာတစ်ပါး မွေးဖွားခြင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၉၈ ရတနာတစ်ပါး မွေးဖွားခြင်း။

ညနေစောင်း၌ နေဝင်သွားတော့သည်။ အနောက်တောင် ပင်လယ်ဘက်တောအုပ်ဆီ ဦးတည်နေသော ရှေးဟောင်းလမ်း၌ ငယ်ရွယ်သူတစ်ဦး ပေါ်လာလေ၏။ ယင်းက ယဲ့ရှောင်ပဲ ဖြစ်သည်။
ထင်တဲ့အတိုင်းပဲ။ သဘာဝ ဝိညာဥ်စွမ်းအင်တွေက မြို့ထဲက ဝိညာဥ်စွမ်းအင်ထက် ပိုကောင်းတယ်။ မြို့က ဝိညာဥ်စုစည်းခြင်း အစီအရင်တစ်ခု လုပ်ထားတာ အံ့သြစရာ မရှိဘူးပဲ။
ဆောက်လုပ်ရေး ကုန်ကြမ်းများက ကောင်းမွန်သည့်တိုင် သူတို့က ဝိညာဥ်စွမ်းအင်များနှင့်လည်း ပိတ်ဆို့ထား၏။ တစ်ချိန်တည်းတွင် လူသားများအဖို့ နက်ရှိုင်းသည့် တောင်တန်းထဲတွင် ပုန်းပြီး ကျင့်ကြံရန်အတွက် တောအုပ်ထဲတွင် နေဖို့က မဖြစ်နိုင်ပေ။
အချက်အလက်များအားလုံး ပေါင်းစည်းပြီးနောက် ဝိညာဥ်စုစည်းခြင်း အစီအရင်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာတော့သည်။
ထိုစဥ် ရှေးဟောင်းလမ်း၌ လူအနည်းငယ်သာ ရှိသော်ငြား လူမနေထိုင်သည့် နေရာ မဟုတ်ပေ။ ရံဖန်ရံခါ၌ တစ်ယောက်စ နှစ်ယောက်စ သွက်သွက်လေး ပြန်ဖြတ်သန်းသွားတာကို တွေ့ရပေ၏။
ယဲ့ရှောင်က စစ်ဆေးရန်အတွက် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုခဲ့သောကြောင့် လူများစွာ လာနေမှန်း သိလိုက်ရသည်။
အနောက်တောင် ပင်လယ်ဘက် တောအုပ်သည် သဘာဝ ရတနာသေတ္တာကြီးကဲ့သို့ပင်။ ရတနာများ ပြည့်နေပေ၏။ တောအုပ်ဆီသို့ လျှောက်သွားစဥ် လူတစ်ယောက်က ကံကောင်းလျှင် ရတနာများ တွေ့နိုင်သည်။
ဆယ်စုနှစ်သက်တမ်းရှိသည့် ဂျင်ဆင်းများ၊ ဆေးပင်များ စသည်တို့ကို တွေ့နိုင်သည်။
ထိုအရာများက အလွန်တန်ဖိုးမရှိသော်ငြား ကျင့်ကြံဆင့်နိမ့်သည့် အချို့သော စစ်သည်တော်များအတွက် ကောင်းမွန်သည့် အရင်းအမြစ်အဖြစ် သတ်မှတ်နိုင်သည်။
ထို့အပြင် သူတို့က ပင်လယ်ဘက်တောအုပ်ထဲ ခပ်နက်နက် သွားခဲ့လျှင် သက်တမ်းရင့် သဘာဝ ရတနာများကိုတောင် တွေ့နိုင်ပေလိမ့်မည်။
အတွေးလွန်သွားလေလေ အန္တရာယ်ပိုများလေလေ ဖြစ်၏။
လူသူကင်းမဲ့သည့် နက်ရှိုင်းသည့် တောအုပ်ထဲ သို့မဟုတ် တောင်တန်းထဲ၌ ကြယ်တာရာသားရဲများစွာ သို့မဟုတ် သားရဲလူသားများ ရှိသည်။
ထိုနေရာ၌ ရှိသည့် သဘာဝရတနာများကြောင့် လူသားမဟာမိတ်သည် အရင်းအမြစ်အချို့လည်း စုဆောင်းလိမ့်မည်။ ထို့ကြောင့် သူတို့သည် ပတ်ဝန်းကျင်ကို ထိခိုက်စေမှုကို ရှောင်ကြဥ်ရန်အတွက် အကြောင်းမဲ့ အမဲလိုက်ခြင်း နေရာကို နှောက်ယှက်ပေးခြင်းတို့ တစ်ခါမှ မလုပ်ပေ။
ထို့အပြင် တိကျသည့် အမြင်အရ ကြယ်တာရာသားရဲများသည်လည်း အရင်းအမြစ်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ထိုကြယ်တာရာသားရဲများ၏ အမြုတေ၊ အသား၊ အရေပြား၊ သားမွေးနှင့် အရိုးများက လူသားမျိုးနွယ်စု၏ ကျင့်ကြံခြင်းအတွက် အရေးပါသည်။
အနောက်တောင် ပင်လယ်ဘက် တောအုပ်ကို ပိုကောင်းမွန်စွာ စီမံနိုင်ရန်အတွက် စီရင်စု၉ခု မဟာမိတ်သည် တောအုပ်ထဲ၌ သီးခြားဇုန်ကြီးတစ်ခုကို တည်ဆောက်ရန် အစီအရင်တစ်ခုကို အသုံးပြုထားသည်။
တစ်ဖက်တွင်မူ လူသားမျိုးနွယ်စုကို အရင်းအမြစ်များ အလွန်အကျွံ သုံးစွဲခြင်းနှင့် သတ်ဖြတ်ခြင်း မရှိအောင် ဟန့်တားထားနိုင်၏။
တစ်ဖက်တွင်မူ ကြယ်တာရာသားရဲများနှင့် သားရဲလူသားများ ဖောက်ထွက်လာမှုမှ ကာကွယ်ထားနိုင်၏။
တစ်ချိန်တည်းတွင် ကြယ်တာရာ သားရဲများကို ထိန်းသိမ်းရန်အတွက် တောအုပ်ထဲ၌ စခန်းချနေသည့် အံ့ဖွယ်ချီရှန်းအဆင့် သိုင်းပညာရှင်များ ရှိသည်။
အထဲသို့ ဝင်ချင်လျှင် စီရင်စု၉ခု မဟာမိတ်၏ ခွင့်ပြုချက်ရရန် လိုအပ်သည်။
သိုင်းပညာရှင်များစွာက အပြင်ဘက်တွင်သာ ရှာဖွေပြီး အတွင်းသို့ အဆင်အခြင်မဲ့စွာ မသွားရဲပေ။
သို့သော်ငြား သတ္တိမချို့တဲ့သည့် သူများကမူ အစီအရင်ထဲသို့ ဝင်သွားကြသည်။ ဆိုရလျှင် ပင်လယ်ဘက် တောအုပ်၏ အတွင်းပိုင်းတွင် ပစ္စည်းကောင်းများအားလုံး ရှိနေ၏။
သေခြင်းရှင်ခြင်းကို ကံကြမ္မာက ဆုံးဖြတ်ပေးမည်။ ကြွယ်ဝမှုနှင့် ဂုဏ်သရေကို ကောင်းကင်ဘုံက ဆုံးဖြတ်ပေးမည်။ လူတစ်ယောက်က သဘာဝရတနာကို ရှာနိုင်မည်လော။ သို့တည်းမဟုတ် ၄င်းကို ရှာပြီးနောက် ထွက်လာရမည်လော။
မည်သည့်အရာကိုမှ မခံနိုင်ခြင်း မရှိချေ။
ယဲ့ရှောင်သည် သူ့နားတစ်ဝိုက်ရှိ အရာဝတ္ထုများကို စိတ်ဝင်စားခြင်း မရှိချေ။ သူက နတ်ဘုရားအာရုံစူးစိုက်ခြင်းကို ထုတ်ဖော်လိုက်ရာ ၁၂မိုင်အကွာ၌ လူသားများ စုဝေးနေတာကို ရှာတွေ့သွားသည်။ မဟာမိတ်က တည်ဆောက်ထားသည့် အစီအရင်ဖြစ်လောက်သည်။
အတွေးတစ်ချက်ဖြင့် သူသည် နတ်ဘုရားအာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို ထုတ်ဖော်လိုက်၏။ မျက်တောင်တစ်ခတ်အတွင်း သူက လေပြင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားကာ သူ ရှိနေသည့် နေရာကနေ ပျောက်ကွယ်သွား၏။
သူ ပြန်ပေါ်လာသည့်အချိန်၌ ထိုနေရာသို့ ရောက်နေပြီး ဖြစ်သည်။ ထိုနေရာ၌ လူအတော်များပြီး အနည်းဆုံးတစ်ထောင်ကျော်ခန့် ရှိကာ ညအချိန်ရောက်နေပြီ ဖြစ်သည်။ ပင်လယ်ဘက် တောအုပ်၏ အရင်းအမြစ်ကို ရှာဖွေရန် ရောက်လာသည့်လူများဟု တွက်ချက်မိသည်။
” အားလုံးပဲ မတိုးကြပါနဲ့။ တန်းစီကြပါ ”
” ပင်လယ်ဘက် တောအုပ်ရဲ့ အတွင်းပိုင်းက အန္တရာယ် အရမ်းများပါတယ်။ သိုင်းပညာရှင်တွေ တစ်ယောက်တည်း ဝင်ခွင့်မရှိပါဘူး။ အဖွဲ့ဖွဲ့ဖို့ လူရှာဖို့ လိုပါတယ်။ အသင်းတစ်ခုမှာ လူ၁၀ယောက်ကျော် ရှိရမယ် ”
” ဒါ့အပြင် ဟို့ထျန်းပဥ္စမအဆင့်နဲ့အထက် မရှိတဲ့ သိုင်းပညာရှင်တွေက ညနေ ( ၆ ) နာရီကျော်ပြီးရင် အထဲဝင်ခွင့် မရှိပါဘူး။ မနက်ဖြန်မှ ပြန်လာပါ ”
မိုက်စ်ကိုင်ထားသည့် ဝန်ထမ်းတစ်ဦးက ရှေ့ကနေ
စည်းမျဥ်းများကို အော်ရွတ်နေလေ၏။
မြေခွေးအိုကြီးများနှင့် ရင်နှီးသူအချို့က ဆက်ဆံရေးကောင်းသည့်သူများနှင့် သုံးယောက်ကနေ ငါးယောက်တစ်စုစီ စုပြီး ဝင်ရန် တန်းစီစောင့်နေကြပြီ ဖြစ်သည်။ စည်းမျဥ်းကို မသိသည့် သူများက ဒုက္ခပိုများနေ၏။ သူတို့က ဝင်ပေါက်တွင် ရပ်နေကာ နှာရွက်ကုတ်၊ ပါးကုတ်ဖြင့် ဘာလုပ်ရမည်မှန်းမသိ ဖြစ်နေကြသည်။
ဉာဏ်အနည်းငယ် ပိုရှိသည့် သူအချို့ကမူ အသင်းဖွဲ့ရန် လူများ စတင်ရှာဖွေနေပြီ ဖြစ်၏။ သို့သော်ငြား လူအရေအတွက် များပြားလွန်းသောကြောင့် အသင်းတစ်သင်းဖွဲ့ရန်က အလွန်မလွယ်ကူချေ။ သူတို့က အသင်းဖော်တချို့ရှာရန်သာ လိုအပ်သည်။ သူတို့ ခွန်အားက အလွန်သာမန် ဖြစ်နေ၏။ သူတို့ ရှာတွေ့ထားသည့် အသင်းဖော်က လုံလောက်အောင် မသန်မာလျှင် ပင်လယ်ဘက် တောအုပ်ထဲ၌ ထိုလူများ သေသွားနိုင်ချေ ရှိသည်။
ယင်းက သူ့ယခင်ဘဝ၌ ဂိမ်းဆော့ပြီး မြေအောက်စခန်းတစ်ခုကို မဖြေရှင်းနိုင်သည့် မြင်ကွင်းကို အမှတ်ရသွားစေသည်။ သူက မြေပုံကို ရှင်းလင်းရန်အတွက် မြေအောက်စခန်း၏ ဝင်ပေါက်၌ အသင်းတစ်သင်းဖွဲ့ရန် မိတ်ဆွေလေးများကို ခေါ်နေခဲ့၏။
သို့သော်ငြား သူ၏ ဆေးဖိုးဝါးခ ပေးချေရန်အလို့ငှာ သူက တာဝန်များပြောင်းပေးရန် ​မြေအောက်စခန်းများ စီးနင်းတိုက်ခိုက်ရန် ဂိမ်းငွေကြေးများ စုဆောင်းရန်အတွက် လူများစွာကို အဆင့်နိမ့် မြေပုံဆီသို့ ခေါ်သွားပေးပြီး ငွေကြေး ရှာခဲ့၏။
ယခုမူ ထိုပြဿနာကို သူတွေးရန် မလိုအပ်တော့ချေ။
သူသည် အသင်းလေးများ၏ မှတ်ဉာဏ်ကို ပြုပြင်ရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုကာ သူတို့နှင့်ရောရန် ပြင်လိုက်စဥ် အသက် ၄၀ ဝန်းကျင်ခန့်ရှိသည့် ဆံပင်ပုံစံကျနကာ ကျုံးခွေ့နှင့် တူသည့် ဦးလေးတစ်ဦးက လျှောက်လာပြီး သူ့ကို ပြုံးကာ ပြောလိုက်တော့သည်။
” လူငယ်လေး။ မင်း အသင်းတစ်သင်း ဖွဲ့ချင်လား။ ငါတို့တွေက ချက်ကီချန်း ငှားထားတဲ့ ကုမ္မဏီကပဲ။ အသင်းထဲမှာ မင်းကို လိုက်ပို့ပေးမဲ့ သိုင်းပညာရှင်တွေ ရှိတယ် ”
သူဌေးများအဖို့ သူတို့ လိုအပ်ချိန်၌ သူတို့က ရှိနေပေးမည်။
အချို့သော ငှားရမ်းသည့် ကုမ္မဏီများက ဤနေရာ၌ စီးပွားရေး အခွင့်အလမ်းမြင်ပြီး စီးပွားရှာရန် လူများ ခေါ်လာကြသည်။
” ကျေးဇူးပါပဲ။ ဒါပေမဲ့ မလိုပါဘူး ”
တစ်ဖက်သူက ဝါရင့် ဖြစ်ပုံပေါ်သည်။ ယဲ့ရှောင်၏ ရည်ရွယ်ချက်ကို မြင်သောအခါ သူက အမြန်ပြောလိုက်၏။
” လူငယ်လေး နားလည်မှု မလွှဲလိုက်နဲ့။ ငါတို့တွေက ပိုက်ဆံရှာတဲ့ ငှားရမ်းတဲ့ ကုမ္မဏီလိုမျိုး မဟုတ်ဘူး။ အထဲဝင်ဖို့အတွက် လူလုံလုံလောက်လောက် စုချင်ရုံပဲ။ အထဲဝင်ပြီးရင် ငါတို့နဲ့ အသင်းဖွဲ့ဖို့ ဆက်သွားဖို့ ရွေးချယ်လို့ရတယ်။ တစ်ယောက်တည်း သွားလို့လည်းရတယ် ”
ထိုအတိုင်းပင် ဖြစ်လိမ့်မည်ဟု ယဲ့ရှောင် မထင်ထားပေ။ ယင်းက အတော်ကောင်းပေ၏။ သူ ဒုက္ခသက်သာသည်။သူက ခေါင်းညိတ်လိုက်သည်။
သူ သဘောတူလိုက်တာကို မြင်သောအခါ တစ်ဖက်သူက ရယ်မောပြီး သွားအချို့မရှိသည့် အဖြူရောင် တန်းကြီးနှစ်တန်းကို ပြလိုက်တော့၏။
” မင်းရဲ့ ကျင့်ကြံဆင့်က ဟို့ထျန်းပဥ္စမအဆင့်ကို ရောက်နေပြီမလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဟုတ်ပြီ။ ငါတို့ လူလုံလုံလောက်လောက် စုစည်းပြီးပြီ။ သွားကြမယ် ”
တစ်ဖက်သူက ယဲ့ရှောင်ကို သူတို့ အသင်းထဲ ခေါ်သွားသည်။ စုစုပေါင်း အမျိုးသားနှင့် အမျိုးသမီး ( ၈ ) ယောက်ရှိ၏။ သူတို့ထဲ၌ သူတို့နှစ်ယောက်ပါ လိုက်လျှင် စုစုပေါင်း ( ၁၀ ) ယောက်ဖြစ်၏။ ယင်းက ကွက်တိပဲ ဖြစ်သည်။
တရားဝင် လိုအပ်ချက်များကို ပြည့်မှီသွား၏။
” အား ဟုတ်သား။ မင်းရဲ့ နာမည်က ဘာလဲ။ စာရင်းသွားဖြည့်မလို့ ”
ယဲ့ရှောင်က ခဏစဥ်းစားပြီးနောက် ပြောလိုက်သည်။
” တာ့ရှုန် ”
တစ်ဖက်သူသည် ယဲ့ရှောင်က အမည်တု အသုံးပြုကြောင်း သိ၏။ ယဲ့ရှောင်သည် သွင်ပြင်ပြောင်းလဲသွားပြီးဖြစ်သော်ငြား သူ၏ အုတ်မြစ်က သူ၏ အခြေခံက ရှိနေသေးဆဲဖြစ်ကာ အင်မတန် ချောမောခန့်ညားနေသေး၏။ သူသည် ထိုကဲ့သို့ ခေတ်နောက်ကျသည့် အမည်မျိုး မည်ကဲ့သို့ ခေါ်ခံရမည်နည်း။
သို့သော်ငြား ယင်းက အရေးမကြီးပေ။ သူ့ကဲ့သို့ ဝါရင့်တစ်ယောက်က စာရင်းသွင်းသည့် ကိစ္စကို အလွယ်တကူ ဆောင်ရွက်နိုင်သည်။
” ကောင်းပြီ။ ငါသွားပြီး စာရင်းသွင်းလိုက်ဦးမယ်။ ပြီးတော့ ငါ့နာမည်က ဟွမ်ထောင်။ ငါ့နာမည်ကို မှတ်ထား။ ဒါမှ နောင်ကြ ပဲစေ့တွေ မထွေးမိ
မှာ ”
သူ စာရင်းသွားသွင်းချိန်တွင် ယဲ့ရှောင်သည် တစ်သင်းလုံးကို တစ်ချက်ကြည့်လိုက်၏။ အမျိုးသမီး ( ၃ ) ယောက်ရှိပြီး ကျန်သည်က အမျိုးသားများ ဖြစ်သည်။
အများစုက အသက် ၄၀ ဝန်းကျင် ဖြစ်ကြသည်။ သူတို့ ကျင့်စဥ်က သိပ်မမြင့်မားကြပေ။ အများစုက ဟို့ထျန်းပဥ္စမအဆင့်အထက်တွင်သာ ရှိသည်။ ခွန်အားအမြင့်ဆုံးက သူ့ကို အစောတုန်းက ခေါ်လာသည့် အသင်းခေါင်းဆောင် ဟွမ်ထောင်ပဲ ဖြစ်သည်။ သူ၏ ခွန်အားက ဟို့ထျန်းအဌမအဆင့်တွင် ရှိသည်။ ထို့ကြောင့် သူတို့၏ ငယ်ရွယ်သော သွင်ပြင်ကို မထိန်းထားခဲ့ပေ။
အသင်းထဲ၌ အတော်လေး ငယ်ရွယ်ပုံ ပေါ်သူက မျက်နှာကို ပဝါဖြူ ကာထားသည့် မိန်းကလေးတစ်ဦးသာ ဖြစ်သည်။
သူမက တစ်ဖက်သူကို သူမ၏ မျက်နှာကို မမြင်စေချင်ပုံ ပေါ်၏။
တစ်ဖက်သူက ယဲ့ရှောင်၏ အကြည့်ကို အာရုံခံမိပုံ ပေါ်သည်။ ခဏအကြာ၌ သူက ယဲ့ရှောင်ကို တစ်ချက် ကြည့်လိုက်လေ၏။ ထိုမျက်ဝန်းတစ်စုံက အမြန် အကြည့်လွှဲသွားသည်။နောက်တစ်စက္ကန့်၌ မယုံနိုင်စရာကောင်းသည့် အစွမ်းထက်သော အင်အားက ယဲ့ရှောင်ကို ချက်ချင်း ရစ်ပတ်လာတော့သည်။
ယဲ့ရှောင် ရင်ထဲ တုန်ယင်သွားလေ၏။ တစ်ဖက်သူက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသည်။
ထိုစွမ်းအားက ဝိညာဥ်စွမ်းအင် တူသည်။ သို့သော်ငြား ဝိညာဥ်စွမ်းအင်စစ်စစ်တော့ မဟုတ်ပေ။
သူမ အလွန်အစွမ်းထက်သည့်တိုင် သူနှင့် ရင်ဆိုင်ရာ၌ ချို့တဲ့နေသေးသည်။ သူမက သူ၏ ကျင့်ကြံဆင့်ကို မမြင်နိုင် ဖြစ်နေသေး၏။
ယဲ့ရှောင်၏ မျက်နှာပေါ်ရှိ အမူအယာက မပြောင်းလဲသွားပေ။ သူက သူမ၏ ခွန်အားကို အာရုံမခံနိုင်သည့်ပမာ ဖြစ်နေတော့သည်။
ထို့ကြောင့် မိန်းကလေးက သူ့ကို တစ်ချက်သာ ကြည့်ပြီး အကြည့်လွှဲသွားတော့၏။ ပင်လယ်ဘက်တောအုပ်၏ အတွင်းဘက်ကို သူမ တစ်ချက်ကြည့်လိုက်သည်။ သူမ စဥ်းစားနေတာကို မည်သူမှ မသိပေ။
မကြာမီ၌ ဟွမ်ထောင်က လက်ထဲ၌ စာရင်းကိုင်ပြီး ရောက်လာကာ ပြုံးပြီး ပြောလိုက်တော့၏။
” ကောင်းပြီ။ ငါတို့ အခု သွားလို့ရပြီ ”
လူတိုင်းက သူ့နောက်လိုက်ပြီး ပင်မဂိတ်ထဲ ဝင်သွားလိုက်၏။ မကြာမီ၌ သူတို့သည် ပင်လယ်ဘက် တောအုပ်ထဲ ရောက်သွားသည်။ အထဲသို့ဝင်ပြီးနောက် မိန်းကလေးက တစ်ခွန်းမှ မပြောတော့ပဲ လှည့်ထွက်သွား၏။
ဟွမ်ထောင်သည် သူမကို လူပြည့်မှီရန် ခေါ်လာခဲ့တာ သိသာ၏။ ကျန်သည့် လူလေးယောက် ရှိသည်။ ဟွမ်ထောင်ကို အကြောင်းကြားပြီးနောက် သူတို့ကလည်း လှည့်ထွက်သွား၏။ ယခုအခေါက်တွင် ဟွမ်ထောင်က သူတို့နှင့်အတူ သူအပါအဝင် လူလေးယောက်သာ ခေါ်လာပုံ ပေါ်သည်။
” လူငယ်လေး။ မင်း ငါတို့နဲ့ သွားမလား။ ဒါမှမဟုတ် တစ်ယောက်တည်း သွားမလား။ စိတ်မရှိရင် ငါတို့နဲ့ လိုက်ခဲ့ဖို့ အကြံပေးချင်တယ်။ ဘာလို့လဲဆိုတော့ အထဲမှာက အန္တရာယ် အတော်များတယ်လေ။ အထူးသဖြင့် ညအချိန်မှာပေါ့ ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ကျုပ်ဘာ့သာကျုပ် သွားနိုင်တယ် ”
” ဒါဆို ကောင်းပြီလေ ”
” ဒါပေမဲ့ ကျွန်တော် မသွားခင် မေးချင်တာတစ်ခု ရှိတယ်။ ဒီကို မလာခင်တုန်းက အပြင်မှာ လူတော်တော်များများကို တွေ့ခဲ့ရတာ။ ဒါပေမဲ့ နောက်ကျနေပြီးကို အပြင်မှာ လူတွေ အများကြီး ရှိနေသေးတယ်။ တခြားအကြောင်းအရင်း ရှိလား ”
” မင်း မသိဘူးလား ”
ဟွမ်ထောင်က အနည်းငယ် အံ့သြသွားလေ၏။
ယဲ့ရှောင်က ခေါင်းခါလိုက်ပြန်သည်။
” ကျွန်တော် သေချာ မသိဘူး။ ဒီဟာက ပထမဆုံးအကြိမ် လာတာလေ ”
” ဟုတ်ပြီ။ မင်း မသိတာ အံ့သြစရာ မရှိဘူးပဲ။ ဘာလို့လဲဆိုတော့ လတ်တလောမှာ ပင်လယ်ဘက် တောအုပ်ထဲ အင်မတန် အစွမ်းထက်တဲ့ သဘာဝရတနာ ပေါ်လာတာ ဖြစ်လောက်တယ်။ ဒါကြောင့် လူတော်တော်များများ ဒီကို ရောက်လာကြတာပဲ။ သူတို့က အခွင့်အရေး ရမလားလို့ ဒီကို လာကြတာ ”
ယဲ့ရှောင်၏ အကြည့်တို့ အနည်းငယ် လှုပ်ရှားသွားလေ၏။
” အထဲမှာ ဘယ်လို ရတနာမျိုးလဲ ”
” အဲ့ဒီအကြောင်းကိုတော့ မသိဘူး။ ဒါပေမဲ့ သဘာဝရတနာ ပေါ်လာခဲ့ရင်တောင် ငါတို့လို လူတွေနဲ့ ဘာမှမဆိုင်ဘူးလေ။ အဲ့ဒီပစ္စည်းက ပင်လယ်ဘက် တောအုပ်ရဲ့ အတွင်းဘက်မှာ ရှိလောက်တယ်။ ငါတို့ မသွားနိုင်တဲ့ နေရာပေါ့ ”
” ဒါဆို ပင်လယ်ဘက် တောအုပ်ထဲမှာ ပန်းပွင့်တွေ ဘယ်နေရာမှာ ပေါက်လဲဆိုတာ သိလား။ ကျောက်ကပ်တွယ်ပန်းတို့လို ပန်းပွင့်တွေလေ။ ဝိညာဥ်စွမ်းအင်တွေ အများကြီးကို စုပ်ယူထားတဲ့ဟာ ”
” အဲ့ဒီအကြောင်း နည်းနည်းတော့ သိတယ်။ ဒီနေရာကနေ အရှေ့တောင်ဘက်ကို သွားမယ်ဆိုရင် ဝိညာဥ်စွမ်းအင်တွေ ရှိတဲ့ ပန်းပွင့်တွေ အများကြီးကို လူတစ်ယောက် တွေ့ခဲ့တယ်လို့ ပြောတာပဲ ”
” ဒါပေမဲ့ မင်း ဂရုစိုက်ရမယ်။ လတ်တလောမှာ ဖြစ်သွားတဲ့ ကိစ္စတွေက အများကြီးပဲ။ ကြယ်တာရာသားရဲ လုံထူ ဖြစ်လောက်တယ်။ ငါ့ယောက်ဖရဲ့ ရည်းစားဟောင်းက ဒီမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သေသွားခဲ့တာ ”
” ဟုတ်ပါပြီ။ ကျေးဇူးပါပဲ ”
ရိုးရှင်းစွာ တုံ့ပြန်ပြီးနောက် ယဲ့ရှောင်သည် သူ့ကို နှုတ်ဆက်စကားပြောကာ လှည့်ထွက်လာ၏။
ဟွမ်ထောင်က ခေါင်းခါလိုက်မိသည်။
ယနေ့ခေတ် လူငယ်တွေက ပိုပိုပြီး ရဲတင်းလာတာပဲ။ သူတို့က ပင်လယ်ဘက် တောအုပ်ထဲကိုတစ်ယောက်တည်း သွားရဲတယ်။ ငါတို့ တကယ်အသက်ကြီးနေပြီပဲ။

အပိုင်း ၁၉၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset