စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၈၉ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသုံးကောင်၏ တိုက်ခိုက်မှု။
နှစ်ယောက်သား စကားပြောနေစဥ် လဲ့ရှင်းလင်၏ အမူအယာက ရုတ်တရက် တောင့်တင်းသွားလေ၏။
ချင်ယွိယန်က ထိတ်ခနဲ ဖြစ်သွားတော့သည်။
” စီနီယာ လဲ့ ဘာဖြစ်လို့လဲ ”
လဲ့ရှင်းလင်၏ အမူအယာက တည်ကြည်သွားကာ ပြောလိုက်တော့၏။
” တစ်ခုခု ချဥ်းကပ်လာနေပြီ ”
နောက်တစ်စက္ကန့်တွင် ကြီးမားသည့် ဖိအားတစ်ခုက ရုတ်တရက် ရောက်ချလာပြီး လျှို့ဝှက်ခန်းတစ်ဝက်ကို ဖျက်ဆီးလိုက်တော့သည်။ လေထဲ၌ ဖုန်များ ပြည့်သွားပြီး ဝေဝါးဝါး ပုံရိပ်က အမြန်ဆုံး အရှိန်ဖြင့် လျှို့ဝှက်ခန်းထဲသို့ ကျရောက်လာ၏။
ချင်ယွိယန်၏ အမူအယာက ပြောင်းလဲသွားတော့သည်။ လဲ့ရှင်းလင်က ချက်ချင်းပင် ချင်ယွိယန်ကို သူမနောက်တွင် ကာထားလိုက်၏။
” စီနီယာ ယဲ့ ဒါက ”
” ကြယ်တာရာသားရဲတစ်ကောင်ပဲ။ အာကာသစစ်မြေပြင်ကနေ ဆင်းသက်လာတဲ့ ကြယ်တာရာသားရဲ အံ့ဖွယ်ချီရှန်းအဆင့်မှာ ရှိတယ် ”
ချင်ယွိယန်သည် အံ့ဖွယ်ချီရှန်းအဆင့်ဟူသော စကားလုံးကို ကြားသည့်အချိန်၌ သူမ၏ သူငယ်အိမ်တို့ ချက်ချင်း ကျုံ့သွားလျက် နှလုံးခုန်နှုန်း မြန်လာတော့သည်။ တကယ့်ကိုပဲ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်နေ၏။ ထိုအဆင့်က သူမ ဖြေရှင်းနိုင်သည်ထက် ကျော်လွန်နေသည်။
အံ့ဖွယ်ချီရှန်းတစ်ဦးသာလျှင် သူ့ကို ဖြေရှင်းနိုင်သည်။
ဖုန်မှုန့်များ တဖြည်းဖြည်းချင်း လွှင့်ပြယ်သွားပြီး ပုံရိပ်က ပေါ်လာကာ တစ်ဖက်သူ၏ မျက်နှာက ချင်ယွိယန်နှင့် လဲ့ရှင်းလင်ရှေ့ ပေါ်လာလေ၏။ ယင်းက ပိုးဟပ်နှင့်တူသည့် လူပုံသဏ္ဍန် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သည်။ အရပ်အလွန်မြင့်ပြီး ၄င်း၏ ကိုယ်ထည်က ရွှေရောင်သံချပ်ကာဖြင့် ကာထားလျက် အင်မတန် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
” မင်းက လူသားမျိုးနွယ်စုရဲ့ နှိုးထခါစ ဧကရာဇ်လား။ ရှန်းထျန်းတတိယအဆင့်။ အဲ့လိုဖြစ်ပုံ မပေါ်ဘူးပဲ ”
” အင်း … ဒါလည်း ကောင်းပါတယ်။ ငါ့အတွက် ဒုက္ခနည်းတာပေါ့ ”
ပြောပြီးသည်နှင့် လဲ့ရှင်းလင်က သူမ၏ ဓါးမော့ဖြင့် ပိုင်းဖြတ်လိုက်တော့သည်။
ဓါးမော့ရောင်ခြည်က ပေ ၁၀၀၀ထောင်ထိ ပြန့်သွားပြီး ၄င်း၏ အထက်ရှိ မြေပြင်ကို တိုက်ရိုက် ခွဲအပ်ကာ ထိပ်ထိအောင် ရောက်သွားစေ၏။
ဖုန်း။
ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုဖြင့် ကောင်းကင်ထဲ မီးလျှံများ တက်သွားကာ လေထဲ ဖုန်မှုန့်များ ပြည့်သွားလေ၏။
လဲ့ရှင်းလင်က လှည့်ကြည့်လိုက်ပြီး ချင်ယွိယန်နှင့် ထွက်သွားတော့သည်။
အပြင်ဘက်ရှိ ကျောင်းသားများက ကြောက်လန့်ကုန်ပြီး တစ်ကွဲတစ်ပြားစီ ပြေးနေကြပြီ ဖြစ်သည်။ ကျောင်းဝန်းကလည်း နားဆူလောက်သည့် အော်သံများဖြင့် ပြည့်နေတော့၏။
နှစ်ယောက်သားက ကောင်းကင်ထဲသို့ ပျံတက်သွားပြီး အောက်ကို တစ်ချက်ကြည့်လိုက်သည်။ ဖုန်မှုန့်များက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ဝေဝါးဝါး ပုံရိပ်က ဒဏ်ရာမရသွားပေ။
” ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
ချင်ယွိယန်က ထုတ်ဖော်ပြောလိုက်မိသည်။
လဲ့ရှင်းလင်က ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦး ဖြစ်၏။ သူမ၏ ဓါးမော့ခုတ်ချက်သည် တစ်ဖက်သူကို ဒဏ်ရာမရစေတာ မဖြစ်သင့်ပေ။
” ဒါက ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲတစ်ကောင်ပဲ ”
” ဘာ ”
ချင်ယွိယန်က ကြောက်လန့်လွန်းသောကြောင့် ရင်တုန်နေလေ၏။ တကယ့်ကိုပဲ ရှန်းထျန်းအဌမအဆင့် ဖြစ်နေသည်။ မြေပြင်ပေါ်၌ ထိုကဲ့သို့ အစွမ်းထက်သည့် ကြယ်တာရာသားရဲတစ်ကောင်သည် မည်သည့်အကြောင်းကြောင့် ပေါ်လာရသနည်း။ သို့သော် သူမ ထိတ်လန့်နေစဥ် နောက်ထပ် ပေါက်ကွဲသံတစ်သံက နောက်ထပ် အရပ်မျက်နှာကနေ ရုတ်တရက် ရောက်လာလေ၏။
ဖုန်း။
နှစ်ယောက်လုံး ရင်တုန်သွားကာ မြေပြင်ကို ကြည့်လိုက်သည်။ မည်သည့်အချိန်ကစသည် မသိ။ ချီမူတောင် ရန်သူနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ သူ့ဘယ်ဘက်ပခုံးပေါ်ရှိ အဝတ်စားများက စုတ်ပြဲနေပြီ ဖြစ်ကာ ပခုံးက နီရဲ ညိုမဲပြီး သွေးထွက်နေလေ၏။ ကံကောင်းသည်မှာ သူက ၄င်းကို ဝိညာဥ်စွမ်းအားဖြင့် ပိတ်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက သွေး သိပ့်ပြီး မဆုံးရှုံးပေ။ လဲ့ရှင်းလင်၏ အမူအယာက ပိုတောင် တည်ကြည်သွား၏။ လျန်ချီမူ၏ ကျင့်ကြံဆင့်က ရှန်းထျန်းသတ္တမအဆင့်တွင် ရှိနေပြီး သာမန်လူတစ်ယောက်က သူ့ကို အလွယ်တကူ ဒဏ်ရာ ရစေနိုင်မှာ မဟုတ်ပေ။ သူ့ကိုယ်ပေါ်ရှိ အဝတ်အစားများကတောင် ထူးခြားသော ကုန်ကြမ်းဖြင့် ပြုလုပ်ထားသည့် သံချပ်ကာ ဖြစ်သည်။ ချီရှန်းအဆင့် ချပ်ဝတ်တန်ဆာနှင့် ယှဥ်နိုင်ပေ၏။ သို့သော်ငြား လျန်ချီမူက ဒဏ်ရာပြင်းပြင်းထန်ထန် ရသေးသည်။
ဆိုလိုသည်က လျန်ချီမူနှင့် တိုက်ခိုက်နေသည့်သူက သာမန်သူ မဟုတ်ပေ။
ထင်သည့်အတိုင်းပင် နောက်တစ်စက္ကန့်၌ ပုံရိပ်တစ်ခုက ဖုန်ထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး လျန်ချီမူဆီသို့ ဦးတည်လာလေ၏။
သူမ ခန္ဓာကိုယ်က တောင့်တင်းသွား၏။ မင်သက်ဖွယ် ကောင်းလှ၏။ သူမသည် လဲ့ရှင်းလင်ထက် နှစ်ဆ ပိုသန်မာသူ ဖြစ်သည်။
လဲ့ရှင်းလင်က နာမည်ကြီး ပေါင်မုန့်ဆိုလျှင် သူမက ခြောက်ထပ်ကိတ်ကြီး ဖြစ်သည်။
သူမ လှည့်ကြည့်လိုက်ရာ အစိမ်းရင့်ရင့် ဥမင်တစ်စုံကို တွေ့လိုက်ရ၏။ သူတို့က ဖောက်ထွင်းမြင်နေရပြီး ထူးဆန်းသော အလင်းတစ်ခု ဖြာထွက်နေလေ၏။
” လဲ့ရှင်းလင် … ချင်ယွိယန်ကို မြန်မြန် ခေါ်သွားတော့။ ငါ သူ့ကို ဒီမှာ ထိန်းထားမယ်။ ဒါပေမဲ့ မိနစ်ဝက်လောက်ပဲ ထိန်းထားမှာ။ ဒီတစ်ကောင်ကလည်း ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်ပဲ ”
လဲ့ရှင်းလင်က ရင်တုန်သွားလေ၏။ ဘာမှပြောမနေတော့ပဲ သူမက ချက်ချင်း လှည့်ထွက်သွားတော့သည်။
ရှန်းထျန်းအဌမ အံ့ဖွယ်ကြယ်တာရာသားရဲနှစ်ကောင်က သူတို့နှစ်ယောက် ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။
သူမ နေခဲ့လျှင်တောင် သေဆုံးမှု တိုးစေရုံသာ ရှိလိမ့်မည်။
ယခုအချိန်၌ သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ချင်ယွိယန်ကို ခေါ်သွားပြီး ဆုံးရှုံးမှုကို လျော့နည်းစေရန်သာ ဖြစ်သည်။
” လောင်လျန် ကျေးဇူးပြုပြီး မသေလိုက်ပါနဲ့ ”
သူမ ထိုကဲ့သို့ ပြောခဲ့သော်ငြား ချီမူ အသက်ရှင်နိုင်ချေက ၅၀ရာခိုင်နှုန်းအောက်သာရှိကြောင်း လဲ့ရှင်းလင် သိနေလေသည်။ သူတို့က ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲနှစ်ကောင် ဖြစ်နေသည်။
သို့သော်ငြား သူမ လှည့်လိုက်စဥ် နောက်ထပ် အစွမ်းထက်သည့် ဖိအားက တိုက်ခိုက်လာပြီး သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိုးဖောက်သွားတော့၏။
ဖူး။
” စီနီယာ လဲ့ ”
ချင်ယွိယန်၏ နှလုံးသားထဲ သွေးများ စီးထွက်နေလေ၏။ သို့သော် ယင်းက အဆုံးသတ် မဟုတ်သေးပေ။ နောက်ထပ် အင်မတန် မြန်ဆန်သည့် ဓါးအလင်းက သူမကို တိုက်ခိုက်လာလေ၏။
ဓါးအလင်းက ဖြတ်ခနဲ ပေါ်လာပြီး ချင်ယွိယန်၏ လက်ကို ကိုင်ထားသည့် လဲ့ရှင်းလင်၏ လက်က ဖြတ်တောက်ခံလိုက်ရသည်။ ပြီးနောက် ပိုတောင် အစွမ်းထက်သည့် ဖိအားက သူမကို အဝေးသို့ တွန်းထုတ်သွားကာ ပျောက်ကွယ်သွားစေ၏။
နောက်တစ်စက္ကန့်၌ ဖြူလျပြီး နုနှယ်သော လက်တစ်ဖက်က ချင်ယွိယန်၏ ပခုံးကို လင်းယုန်၏ လင်သည်းပမာ ဆုပ်ကိုင်ထားလေ၏။ လင်းယုန်သည် ကြက်တစ်ကောင်ကို ဖမ်းသည့်ပမာ သူမကို ရုန်းထွက်ရန်မရ ဖြစ်စေသည်။
” ငါ့ကိုလွှတ် ”
ချင်ယွိယန်က ဒေါသတကြီး အော်လိုက်ကာ သူမ မျက်လုံးများ နီရဲနေလေ၏။
လဲ့ရှင်းလင်သည် သူမကို ရက်ပေါင်းများစွာ သင်ပြပေးခဲ့၏။ သူမ၏ ဆရာတစ်ဆူ ဖြစ်နေပြီးသားပင်။ ထိုသို့တိုင် တစ်ဖက်သူကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပြီး သေလားရှင်လား မသိရပေ။ ချင်ယွိယန်က အင်မတန် ဒေါသထွက်နေလေ၏။
သူမသည် တတ်စွမ်းသမျှ အစွမ်းကုန်သုံးပြီး တစ်ဖက်သူကို ရိုက်နှက်ခဲ့သည်။ သို့သော် အရာမထင်ပေ။
သူမ၏ ရှန်းထျန်းတတိယအဆင့် ကျင့်ကြံဆင့်ဖြင့် သူမက တစ်ဖက်သူကို ထိခိုက်အောင် မလုပ်နိုင်ချေ။
” ပုရွက်ဆိတ် ”
ကြယ်တာရာသားရဲက အထင်တသေး ပြုံးလိုက်ပြီး ချင်ယွိယန်ကို လျစ်လျူရှူထားလေ၏။ ထိုစဥ် ဓါးရောင်ခြည်က ရုတ်တရက် ပေါ်ထွက်လာပြီး ကြယ်တာရာသားရဲ၏ နောက်ကျောကို တိုက်ရိုက် ချိန်ရွယ်လိုက်သည်။
သူမ မျက်ဝန်းများ မှေးကျဥ်းလိုက်ပြီး ရွှေရောင်တောင်ပံတစ်စုံက နောက်ကျော၌ ပေါ်ပေါက်လာ၏။ တောင်ပံပေါ်လာသည်နှင့် သူမက မမြင်ရတော့ပဲ ရွေ့သွားတော့သည်။
” ဘယ်အချိန်စပြီး လူသားတွေက မင်းလို အကောင်တွေကို သူတို့ နယ်မြေထဲ ဝင်ခွင့်ပေးလိုက်လဲ ”
ယင်းက လျိုချန်စွင်း ဖြစ်သည်။
ချင်ယွိယန်ကို သယ်ထားသော ကြယ်တာရာသားရဲက သူ၏ အကြည့်များ မှေးကျဥ်းလိုက်၏။
” ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်းလား။ စိတ်ဝင်စားစရာပဲ ”
သူမ၏ မျက်လုံးထဲ၌ ပြင်းပြသည့် တိုက်ခိုက်လိုစိတ် ပေါ်လာတော့သည်။
ကြယ်တာရာသားရဲများသည် တောတွင်းဥပဒေကိုသာ အမြဲတမ်းလိုက်နာ၏။ သူတို့အဖို့ အားနည်းသည့် လူသားမျကို ဖျက်ဆီးရခြင်းက ဘာမှမဟုတ်ပေ။ သို့သော် အဆင့်တူညီသည့် လူသားများ သို့မဟုတ် ပိုတောင် သန်မာသည့် လူသားများကိုမူ သူတို့က စိန်ခေါ်ရတာ နှစ်သက်သည်။
သူမ ခန္ဓာကိုယ်ထဲရှိ အရှိန်အဝါက စတင်ပေါ်ထွက်လာတော့သည်။
သို့သော်ငြား သူမ မလှုပ်ရှားရသေးခင် လျို့ဝှက်ခန်းထဲကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည့် ကြယ်တာရာသားရဲက အေးစက်စက် ကြည့်လာလေ၏။
” ဒီလူသားက ငါ့ဟာပဲ …..။ မင်းနဲ့ မော့ယွီက ဧကရာဇ်ကို အရင်ခေါ်သွားလိုက်။ အရှင်ကျားနတ်ဘုရားရဲ့ အစီအစဥ်ကို မဖျက်ဆီးနဲ့ ”
ကျားနတ်ဘုရားဟူသော စကားလုံးကို ကြားသည့်အချိန်၌ ဆူဇန်က ဆန္ဒမရှိသော်ငြား ပခုံးတွန့်ရုံသာ တတ်နိုင်သည်။
” ကောင်းပြီလေ။ ဒီတစ်ခေါက် မင်းကို ထားခဲ့ပေးလိုက်မယ်။ သိပ်ပြီး စိတ်လှုပ်ရှားမနေနဲ့။ တခြားလူသား သိုင်းပညာရှင်တွေ ရောက်လာမှာကို ဂရုစိုက် ”
” ဒီမြေပြင်က အာကာသစစ်မြေပြင်လို မဟုတ်ပေမဲ့ သူတို့တွေ အများကြီး ရှိနေသေးတာ ”
” ငါ သိတယ် ”
လျန်ချီမူက အံကြိတ်ပြီး ပြောလိုက်တော့၏။
” သူ့ကို ခေါ်သွားဖို့ တွေးတောင် မတွေးနဲ့ ”
သူပြောပြီးသည်နှင့် ကြယ်တာရာသားရဲတစ်ကောင်က သူ့ရှေ့၌ ရုတ်တရက် ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ကို ထိုးလိုက်လေ၏။
ဖုန်း။
ကြီးမားသည့် ဖိအားက သူ့ကို အမြှောက်ဆံပမာ လွှင့်ထွက်သွားစေ၏။ သူ၏ နံရိုးများကို ချက်ချင်း ကြေမွသွားစေသည်။
” မင်း ပြောပိုင်ခွင့် မရှိဘူး ”
၄င်း၏ မျက်နှာထက်တွင် လှောင်ပြောင်ပြီးအထင်သေးသည့် အမူအယာ ပေါ်လာကာ လျိုချန်စွင်းကို စိုက်ကြည့်လိုက်၏။
လျိုချန်စွင်းက မလှုပ်ရှားခဲ့ပေ။ သူ မလုပ်ချင်တာမဟုတ်။ မတတ်နိုင်တာပဲ ဖြစ်သည်။
ဤနေရာ၌ ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲသုံးကောင် ရှိနေသည်။ သူ့ခွန်အားတစ်ခုတည်းဖြင့် သူ့အဖို့ သူတို့အားလုံးကို တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။
အလွန်ဆုံးမှ သူသည် တစ်ယောက်ကိုသာ တိုက်ခိုက်နိုင်လိမ့်မည်။ သူက ရှုပ်ထွေးသွားပြီး ကျန်သည့် ကြယ်တာရာသားရဲနှစ်ကောင် ဝိုင်းတာ ခံရမည်ဆိုလျှင် ဤနေရာတွင် သူကိုယ်တိုင်တောင် သေသွားနိုင်၏။
စူစန်နှင့် မော့ယွီတို့က ချင်ယွိယန်ကို ကြယ်ဆုံသော ကောင်းကင်ဆီ သယ်သွား၏။ ကျန်ရှိသော ကြယ်တာရာသားရဲကမူ ဇက်လိန်ပြီးသား ကြည့်လိုက်တော့သည်။
” လူသား ငါ သင့်တော်တဲ့ ပြိုင်ဘက် မတွေ့တာ အတော်ကြာပြီ။ မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ် ”
” ငါရောပဲ ”
အတွေးတစ်ချက်ဖြင့် လျိုချန်စွင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲကနေ အေးစက်စက် အလင်းဖြာထွက်နေသည့် ဓါးရှည်တစ်လက်ကို ဆင့်ခေါ်လိုက်၏။ သူ၏ အရှိန်အဝါတို့က ရုတ်တရက် မြင့်တက်သွားလေသည်။
လွန်ခဲ့သည့် တစ်မိနစ်က အိမ်တွင် စားသောက်နေသော ယဲ့ရှောင်သည် မူမမှန်သော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်၏။
” ဒါက ရှန်းထျန်းအဌမအဆင့်လား။ ပြီးတော့ တစ်ကောင်တည်း မဟုတ်ဘူး။ ကြယ်တာရာသားရဲလား ”
ယဲ့ရှောင်သည် အစက မင်သက်သွားခဲ့သည်။ သူ၏ အိမ်တံခါးဝသို့ အဌမအဆင့် ကြယ်တာရာသားရဲတစ်ကောင်က အလိုအလျောက် တံခါးလာခေါက်လိမ့်မည်ဟု သူ မထင်ထားပေ။
ယခင်က ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲအချို့ ရောက်လာလျှင် သူ နေ့စဥ်နေ့တိုင်း ဖြည့်နိုင်သည့် သွေးအဆီအနစ် ပိုသန်မာလာလိမ့်ဟု သူ ထင်ခဲ့သည်။ တစ်ကောင် မြန်မြန်ရောက်လာလိမ့်မည်ဟု မထင်ထားပေ။
မွေးမြူရေးကွင်းသို့ ပို့ရန် သင့်တော်သည့် အကောင် ဟုတ်မဟုတ် သူ သွားကြည့်သင့်သည်။
အချိန်ဖြုန်းမနေတော့ပဲ ယဲ့ရှောင်က နှုတ်ခမ်းထောင့်ကို သုတ်ရန် လက်သုတ်ပဝါကို သုံးပြီးနောက် ချက်ချင်း ထွက်သွားတော့သည်။
တံခါးဝသို့ အရောက်ပို့လာသောကြောင့် ဝေးဝေးသွားရန် မလိုအပ်ပေ။ သို့သော် သူ ထွက်သွားတော့မည့်အချိန်၌ ကျန်းဟိုင်သိုင်းကျောင်းတော်ဘက်ခြမ်းဆီမှ သွေးလန့်သည့် ပုံရိပ်တစ်ခုက လွှင့်ထွက်လာ၏။
ယဲ့ရှောင်က မျက်ခုံး အနည်းငယ်ပင့်ကာ တစ်ဖက်သူကို လက်ကြီးဖြင့် ဖမ်းလိုက်သည်။ တစ်ဖက်လူ၏ လက်မောင်းကို တိုက်ရိုက် ချုပ်နှောင်ထားလိုက်သည်။
ပြင်းလိုက်တဲ့ ဒဏ်ရာ။
တစ်ဖက်သူ၏ ဝမ်းဗိုက်က တစ်စုံတစ်ယောက် ထိုးထားခံရပြီး သူ၏ လက်တစ်ဖက်က အခုတ်ခံထားရသည်။ သွေးနံ့များက လေထဲ ပြည့်နေလေ၏။
ကြယ်တာရာသားရဲတစ်ကောင်၏ ကျင့်ကြံဆင့်က ပိုမြင့်မားလေ ပိုကြမ်းတမ်းလေ ဖြစ်ပုံပေါ်သည်။
အတွေးတစ်ချက်ဖြင့် နံနက်ခင်းကြယ်ကျင့်စဥ်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်ပြီး တစ်ဖက်သူ၏ ခန္ဓာက ချက်ချင်း ကောင်းသွား၏။
လဲ့ရှင်းလင်သည် အစောတုန်းက ပြင်းထန်သည့် ဒဏ်ရာ ခံစားနေရပြီး သတိလစ်နေတာ ဖြစ်သည်။ ချက်ချင်းပင် နွေးထွေးသည့် စွမ်းအင် သူမ ကိုယ်ထဲ ရောက်လာတာကို ခံစားမိလိုက်၏။ မျက်တောင်တစ်ခတ်အတွင်း သူမ ခန္ဓာကိုယ်ထဲရှိ နာကျင်မှုအားလုံး ပျောက်ကွယ်သွားသည်။
သို့သော် တစ်ဖက်သူ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင် တစ်ဖက်သူက သူမကို ပစ်ချလိုက်၏။
ဘန်း။
သူမက မြေကြီးပေါ် အက်ရာအချို့ ထင်သွားစေသည်။ အံ့ဖွယ်အဆင့် ခန္ဓာကိုယ်သည် ထိုအကြောင်းအရင်းကြောင့် ဒဏ်ရာရမှာ မဟုတ်ပေ။ သို့သော် သူက အံ့သြဆွံ့အနေသော အမူအယာဖြင့် မြေကြီးထဲကနေ တွယ်တက်လာလေ၏။
” ဒါက ကျန်းဟိုင်မြို့ရဲ့ ဒဏ္ဍာရီလာ ဓါးမော့ဓါးဝိဇ္ဇာများလား ”
သိုင်းပညာရှင်ကြီးတစ်ယောက်က တကယ်ပါပဲ။ အစောတုန်းက သူ့ကို လွယ်လင့်တကူ ကယ်သွားတာ။ ဒီလို ကုသခြင်းစွမ်းရည်က အထူးအမျိုးအစား ကုသသူထက် သာလောက်တယ်မလား။
သို့သော်ငြား သူမကို ကယ်တင်ပြီးနောက် ပစ်ထုတ်ခြင်းက အမှန်တကယ် မလိုအပ်သည့်အရာ ဖြစ်သည်။ လက်တွေ့တွင် ယဲ့ရှောင်က သူမကို ကယ်တင်ဖို့က အသေးမွှားသာ ဖြစ်သည်။ အခြားအချိန်တွေသာဆိုလျှင် ကုသပြီးနောက် ကြမ်းတမ်းစွာ ပစ်ထုတ်မှာ မဟုတ်။ သို့သော် တစ်ဖက်၌ အဌမအဆင့် ကြယ်တာရာသားရဲသုံးကောင် ရှိနေသည်။
အခြေအနေက အရေးပေါ်ဖြစ်နေသောကြောင့် သာသည် လဲ့ရှင်းလင်ကို ဖြေရှင်းရန် အချိန်သိပ်မရှိခဲ့ပေ။ သူက ရိုးရိုးရှင်းရှင်းသာ ကုသပေးလိုက်၏။
သို့သော် သူ ထွက်လာပြီး စက္ကန့်ဝက်အတွင်း၌ နောက်ထပ် ပုံရိပ်တစ်ရိပ် လွှင့်ထွက်လိမ့်မည်ဟု မထင်ထားပေ။
သူ၏ ရင်ညို့ရိုးများက ကျိုးနေလေ၏။
နောင်ထပ် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော အံ့ဖွယ်ချီရှန်းတစ်ဦး ဖြစ်သည်။
” နောက်တစ်ယောက်လား ”
ယဲ့ရှောင်သည် ရှန်းထျန်းအဌမအဆင့် ကြယ်တာရာသားရဲနှစ်ကောင်၏ အရှိန်အဝါက ထွက်သွားတော့မည်ဖြစ်ကြောင်း အာရုံခံမိသည်။
တစ်ဖက်သူကို လျစ်လျူရှူလိုက်ကာ သူက အဆုံးစုံ ကုသခြင်း ကျင့်စဥ်၏ ကုသခြင်း စွမ်းအားကို လက်ဝါးတစ်ချက်တည်းဖြင့် သိပ်သည်းစေပြီး တစ်ဖက်သူ၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်၏။ ပြီးနောက် သူက နတ်ဘုရားရုံစူးစိုက်ခြင်းကို ထုတ်ဖော်ကာ ပိုတောင် မြန်ဆန်သည့် အရှိန်ဖြင့် ကျန်းဟိုင်သိုင်းကျောင်းတော်ဆီသို့ တစ်ဟုန်ထိုး သွားလိုက်လေ၏။
အပိုင်း ၁၈၉ ပြီး၏။