အခန်း ၈၄။ မင်း အင်ပါယာဖြစ်ချင်လား
“ဒါက… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကိစ္စတိုင်းသည် မျက်စိတစ်မှိတ်စာအချိန်အတွင်းဖြစ်ပျက်သွားခဲ့သည်။
မူလပြန်နယ်ပယ် အထွဋ်အထိပ်အဆင့်တွင်ရှိသော ချူးချန်ဟဲကို လီကန်ထျန်းက ဓားတစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ မိန်းမစိုးအိုကြီး၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူ၏ အေးစက်သောမျက်လုံးများသည် အံ့ဩကြောက်လန့်မှုများနှင့် ပြည့်နှက်သွားသည်။
သူတစ်ယောက်တည်းမဟုတ်ချေ။ ကျောက်ဖုန်ထျန်းသည်ပင် နှလုံးသားထဲမှ ကြောက်လန့်သွားခဲ့သည်။
ချူးချန်ဟဲသည် မူလပြန်နယ်ပယ် အထွဋ်အထိပ်အဆင့်ဖြစ်သည်။ သို့သော် သူသည် ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
“ဒီလူရဲ့ ခွန်အားက မဟာကပ်ဘေးအဆင့်အထက်မှာပဲ”
သူတို့နှစ်ယောက်သည် လီကန်ထျန်းကို ထိတ်လန့်စွာကြည့်လိုက်သည်။
ဤအချိန်တွင် သူတို့သည် အစောပိုင်းတုန်းကကဲ့သို့ မောက်မာဝံ့ကြွားခြင်းများမရှိတော့ဘဲ ထိတ်လန့်ကြောက်ရွံ့မှုများသာရှိတော့သည်။
ချူးချန်ဟဲသည်ပင် ဤသို့သေဆုံးသွားသည့်အတွက် သူတို့သည်လည်း အသတ်ခံနိုင်ရသည်။
ထို့သို့တွေးတောပြီးနောက် မိန်းမစိုးအိုကြီးသည် ဒေါသထွက်နေသော်လည်း ဘာမှ မပြောဝံ့တော့ချေ။
သူတို့သည် မရပ်နိုင်လောက်သည့်အထိ ထိတ်လန့်နေကြသည်။
လီကန်ထျန်းသည် သူတို့အားသတ်ဖြတ်လိုက်မည်ကို စိုးရိမ်နေကြသည်။
သို့သော်လည်း လင်းဝူတသည် သူတို့အားဂရုမစိုက်ချေ။
“ဝှစ်”
အေးစက်စွာကြည့်ပြီးနောက် မိန်းမစိုးအိုကြီးပြုတ်ကျကျန်ခဲ့သော အမိန့်စာကို ကောက်ယူလိုက်သည်။ ထို့နောက်သူသည် ဂရုတစိုက်ဖတ်ရှုလိုက်သည်။
“သစ္စာမဲ့တာလား။ ဥပဒေမဲ့တာလား။ ပြီးတော့… တိုင်းပြည်ကို ပုန်ကန်တတ်တဲ့ လူစားမျိုးလား။ ကျုပ်ကို လီမင်းဆက်ဆီသို့ ဖမ်းဆီးလာစေချင်တာလား”
လင်းဝူတသည် အမိန့်ကိုဖတ်ရှုပြီးနောက် အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
“ဒုန်း”
ထိုသို့မြင်သောအခါ မိန်းမစိုးအိုကြီးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒူးထောက်ချလိုက်သည်။
“ဘုရင်ခံလင်း… ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ။ အသက်ချမ်းသာပေးပါ။ ဒါက အရှင်မင်းကြီးရဲ့ အမိန့်ပါ။ ကျွန်တော်က အရှင်မင်းကြီးရဲ့ အမိန့်ကို နာခံရုံပါ”
သူသည် ရူးသွပ်စွာတောင်းပန်လိုက်သည်။ သူ၏ အိုမင်းသောမျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်နေသည်။
“ဟားဟား…ကောင်းကင်ဘုံမွှေးရနံ့ဆောင်းကြာမြိုင်နဲ့ နတ်ဆိုးနဲ့ ပူးပေါင်းတဲ့ ကုန်စွန်းမိသားစုကို သုတ်သင်တဲ့အတွက် ဝေ့ချန်ထျန်းက ကျုပ်ကို သူပုန်အဖြစ်သတ်မှတ်တယ်လား။ သူက ဘာကို ကြောက်နေတာလဲ”
“ဘုရင်ခံလင်း… ဘုရင်ခံမသိလို့ပါ။ ကောင်းကင်ဘုံမွှေးရနံ့ဆောင်းကြာမြိုင်က… ကျိုကျို့ကုန်းမြေအပြင်ဘက်က အစိမ်းရောင်ကောင်းကင်ကုန်သည်အဖွဲ့အစည်းရဲ့ လုပ်ငန်းတစ်ခုပါ။ ကျွန်တော်တို့ လီမင်းဆက်က ဆန့်ကျင်ဖို့ မဝံ့ရဲပါဘူး။ သူတို့ရဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် အရှင်မင်းကြီးက ဘုရင်ခံကို ဖမ်းဆီးချင်တာပါ…”
မိန်းမစိုးအိုကြီးသည် တုန်ရင်သောအသံဖြင့်ပြောလိုက်သည်။
အစိမ်းရောင်ကောင်းကင်ကုန်သည်အဖွဲ့အစည်းလား။
လင်းဝူတသည် ထိုအမည်ကိုကြားသည့်အခါ အေးစက်စွာ ပြုံးလိုက်သည်။
သူသိသလောက်ဆိုလျှင် ၎င်းသည် ကြီးမားသော အဖွဲ့အစည်းတစ်ခုပင်။
ထိုအဖွဲ့အစည်းသည် အစိမ်းရောင်ကောင်းကင်ကုန်းမြေတွင်ရှိပြီး နှစ်၈၀၀၀သက်တမ်းရှိသော အင်အားကြီး အဖွဲ့အစည်းဖြစ်သည်။ အစိမ်းရောင်ကောင်းကင်ကုန်းမြေကြီးတွင်းပင် အင်အားကြီးသည့်အဖွဲ့အစည်းဖြစ်သည်။
သဘာဝကျစွာပင် လီမင်းဆက်သည် ဆန့်ကျင်ဝံ့ခြင်းမရှိချေ။
သို့သော်လည်း လင်းဝူတသည် လုံးဝကြောက်လန့်နေခြင်းမရှိချေ။
“အင်ပါယာရဲ့ ညံ့ဖျင်းမှုကြောင့် နေရာတိုင်းလိုလို ဆူပူသောင်းကျန်းမှုတွေဖြစ်နေပြီ။ နတ်ဆိုးတွေလည်း သောင်းကျန်နေတယ်။ ကြည့်ရတာ ဝေ့ချန်ထျန်းက လီမင်းဆက်ရဲ့ အင်ပါယာဆက်ဖြစ်နေစရာမလိုတော့တဲ့ပုံပဲ”
လင်းဝူတသည် အေးစက်စွာပြောလိုက်သည်။
“ဟူး”
ထိုသို့ကြားသည့်အခါ မိန်းမစိုးအိုကြီးနှင့် ကျောက်ဖုန်ထျန်းသည် သက်ပြင်းချလိုက်မိကြသည်။
ထိုအချိန်တွင် သူတို့၏ အတွေးထဲ၌ ထိတ်လန့်စရာကောင်းသော အတွေးတစ်ခုပေါ်လာခဲ့သည်။
လင်းဝူတသည် အင်ပါယာအား ပြောင်းလဲချင်နေသည်။
…
“လီမင်းဆက်ထဲက အသန်မာဆုံးလူရဲ့ စွမ်းအား အဆင့်က်ို ပြောစမ်း”
သူတို့သည် အံ့ဩနေကြစဉ် လင်းဝူတ၏ အေးစက်သောအသံသည် ထွက်ပေါ်လာခဲ့သည်။
“ဘုရင်ခံ… ကျုပ်သိသလောက်တော့ လီမင်းဆက်ရဲ့ဘိုးဘေးတွေနဲ့ အင်ပါယာအစောင့်တပ်ဖွဲ့ရဲ့ ပထမအဆင့်အစောင့်အရှောက်တွေပါ။ နှစ်ဖွဲ့စလုံးက မဟာယာနအဆင့်မှာရှိကြပြီး အနည်းဆုံး တစ်ဖွဲ့စီမှာ ဆယ်ယောက်လောက်ရှိပါတယ်” မိန်းမစိုးအိုကြီးသည် ဖြေကြားလိုက်သည်။
မဟာယာနအဆင့်လား။
လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။
ထို့နောက်ာသူသည် အတွေးနက်သွားခဲ့သည်။
“လီမင်းဆက်က ယိုယွင်းလာတဲ့အတွက် လူတွေအသက်ရှင်ဖို့တောင်ခက်ခဲလာတယ်။ အင်ပါယာပြောင်းလဲဖို့ အချိန်ရောက်ပြီ။ ခင်ဗျားတို့ ကျုပ်ရဲ့ အစီအစဉ်ထဲမှာပါဝင်ချင်လား”
တခဏကြာပြီးနောက် လင်းဝူတသည် မေးလိုက်သည်။
ဘယ်လို။ သူက တကယ်ပဲ ပုန်ကန်ချင်နေတာလား။
မိန်းမစိုးအိုကြီးသည် မျက်နှာများဖြူဖျော့သွားသည့်အထိ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
“ဘုရင်ခံ… ဘုရင်ခံက…”
“ဘာလဲ ခင်ဗျားတို့ ဆန္ဒမရှိဘူးလား”
“ကျွန်တော်… ကျွန်တော်…”
“ဒီလိုဆိုမှတော့ ခက်ဗျားတို့ကို ဖိအားမပေးပါဘူး။ လီကန်ထျန်း…သူတို့ကိုသတ်ပြီး ခွေးစာကျွေးလိုက်”
“မဟုတ်…မဟုတ်…မဟုတ်ပါဘူး။ ဘုရင်ခံရဲ့ အမိန့်ကို နာခံပါမယ်”
လီကန်ထျန်း၏ သတ်ဖြတ်ချင်သော အော်ရာကို မြင်သောအခါ မိန်းမစိုးအိုကြီးသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူသည် ရူးသွပ်စွာ တောင်းပန်လိုက်သည်။
တူညီစွာပင် သူ့ဘေးရှိ ကျောက်ဖုန်ထျန်းသည်လည်း ငြင်းပယ်ဝံ့ခြင်းမရှိချေ။
“လီကန်ထျန်း…သူတို့ကို ခေါ်သွားပြီး ကျေးကျွန်စာချုပ်မှာ လက်မှတ်ထိုးခိုင်းလိုက်။ သူတို့က ကျုပ်ကို အရှင်သခင်အဖြစ်သတ်မှတ်မှတော့ သစ္စာရှိမှုကို ပြသဖို့လိုတယ်”
ဘယ်လို။ ကျေးကျွန်စာချုပ်လား။
ထိုသို့ကြားသည့်အခါ သူတို့နှစ်ယောက်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သူတို့သည် လင်းဝူတနှင့် ကျေးကျွန်စာချုပ် ချုပ်ပြီးသည်နှင့် မည်သည့်အခါမှ လွတ်လပ်တော့မည်မဟုတ်ချေ။
“ဘုရင်ခံ…”
မိန်းမစိုးအိုကြီးသည် တစ်ခုခုပြောချင်နေသည်။
သို့သော်လည်း လင်းဝူတ၏ သတ်ဖြတ်ချင်သောအကြည့်များကြောင့် ထိုစကားလုံးများကို မျိုသိမ့်ထားလိုက်ရသည်။
ထို့နောက် သူတို့ကို သေမင်းတမန်နှစ်ယောက်သည် လာရောက်ခေါ်ဆောင်သွားခဲ့သည်။
“ဝေ့ချန်ယင်ကို ခေါ်ခဲ့လိုက်”
“ကောင်းပါပြီ” သေမင်းတမန်တစ်ယောက်သည် အရိုအသေပေးကာထွက်ခွာသွားခဲ့သည်။
ထိုသေမင်းတမန်ထွက်ခွာသွားပြီးနောက် လင်းဝူတသည် ချူးချန်ဟဲ၏ အလောင်းကို သိမ်းဆည်းလိုက်သည်။
[ဒင်]
[သင်သည် ချူးချန်ဟဲ၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် မဟာကပ်ဘေးအဆင့်ရှေးဟောင်းရုပ်သေးအားရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် မဟာယာနအဆင့်ရှေးဟောင်းရုပ်သေးအားရရှိပါမည်]
[မဟာယာနအဆင့်ရုပ်သေး : ရှေးဟောင်းလက်နက်သန့်စင်သူတစ်ယောက်က ရှားပါးရတနာများဖြင့် ပြုလုပ်ခဲ့သည့် တိုက်ပွဲဝင်ရုပ်သေးဖြစ်သည်။ မဟာယာနနယ်ပယ်ပြီးပြည့်စုံသောအဆင့်ခွန်အားရှိသည်]
[မှတ်ချက် : သုံးကြိမ်သာအသုံးပြုနိုင်သည်]
…
ချူးချန်ဟဲမှာ ဒီလိုပစ္စည်းကောင်းရှိတယ်လား။
လင်းဝူတသည် စနစ်၏ သတိပေးချက်ကို ကြားသည့်အခါ အံ့ဩသင့်သွားသည်။
“ဒီတိုက်ပွဲဝင်ရုပ်သေးက ချူးချန်ဟဲနဲ့ မသက်ဆိုင်လောက်ဘူး။ ဒီမတိုင်ခင် သူထိတွေ့ခဲ့ဖူးတာဖြစ်ရမယ်။ မဟုတ်ရင် လီကန်ထျန်းရဲ့ ဓားချက်ကြောင့် အသတ်မခံရလောက်ဘူး”
သူသည် တစ်ခုခုကို တွေးဆမိသွားခဲ့သည်။
“ဘုန်း”
အတွေးတစ်ချက်ဖြင့် အနက်ရောင်ချပ်ဝတ်ဝတ်ဆင်ထားပြီး ထက်ရှသောလှံရှည်ကို ကိုင်ဆောင်ထားသော ၃မီတာရှည့်သည့် ရုပ်သေးတစ်ခုသည် ပေါ်လာခဲ့သည်။ ၎င်းသည် အေးစက်သော သတ်ဖြတ်ခြင်းအော်ရာကို ထုတ်လွှတ်နေသည်။
ထိုအရာပေါ်လာသည့်အခါ လင်းဝူတသည် ဖိအားအနည်းငယ်ခံစားလိုက်ရသည်။
“ကောင်းလွန်းတယ်”
လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။
“ဒေါက်…ဒေါက်…ဒေါက်”
လင်းဝူတသည် ရုပ်သေးအား ဆန်းစစ်နေစဉ် လူငယ်တစ်ယောက်သည် ဝင်လာခဲ့ပြီး ဒူးထောက်အရိုအသေးပေးလိုက်သည်။
“ဘုရင်ခံ…ဘုရင်ခံ”
သူသည် လေးလံစွာခေါ်လိုက်သည်။
ထိုသို့မြင်သောအခါ လင်းဝူတသည် မသိမသာခေါင်းညိတ်လိုက်သည်။
“ထပါ။ မင်းကို ခေါ်လိုက်ရတဲ့အကြောင်းရင်းက မေးစရာရှိလိုပဲ။ မင်းအင်ပါယာဖြစ်ချင်လား”
ဘယ်လို။ အင်ပါယာလား။
ထိုစကားများကို ကြားသည့်အခါ ဝေ့ချန်ယင်သည် အံ့ဩသွားခဲ့သည်။
သူသည် လင်းဝူတကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။ ဤသို့ ရုတ်တရက် အဖြစ်အပျက်သည် သူ့အား ထိတ်လန့်တုန်လှုပ်သွားစေသည်။
“ဘုရင်ခံပြောချင်တာက… ကျုပ်ကို အင်ပါယာဖြစ်ချင်တာလားလို့ မေးတာလား”
တခဏကြာပြီးနောက် ဝေ့ချန်ယင်သည် အံ့အားသင့်နေရာမှ နိုးထလာခဲ့ပြီး မေးမြန်းလိုက်သည်။
ထိုသို့မြင်သောအခါ လင်းဝူတသည် ပြုံးလိုက်သည်။
“အမှန်ပဲ။ မင်းရဲ့ နောက်ကြောင်းရာဇဝင်တွေကို ငါသိတယ်။ မင်းက လီမင်းဆက်ရဲ့ ၁၈ယောက်မြောက်မင်းသားပဲ။ မင်းရဲ့ မွေးရာပါအရိုးကို အတင်းအကျပ်ထုတ်ယူပြီး မင်းကို လီမင်းဆက်ကနေ ထုတ်ပယ်လိုက်တယ်။ အခု ငါက လီမင်းဆက်ကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းနိုင်တဲ့ အင်ပါယာတစ်ပါးလိုချင်တယ်။ တကယ်လို့ မင်းဆန္ဒရှိရင် အင်ပါယာဖြစ်ဖို့ ငါက်ိုယ်တိုင် ကူညီပေးမယ်”
“ဒါပေမဲ့ ကျွန်တော်က ဒုက္ခိတတစ်ယောက်ဖြစ်နေပြီလေ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး…”
“ဟမ်…မင်းဒုက္ခိတဖြစ်နေတော့ရော ဘာဖြစ်လဲ။ ငါက မင်းလုပ်နိုင်တယ်ပြောရင် မင်းက သေချာပေါက်လုပ်နိုင်လိုပဲ”
ထို သံသယဖြစ်ဖွယ်မကောင်းသောအသံသည် သူ၏နှလုံးသားကို တုန်ရင်သွားစေသည်။
ထိုသို့ကြားသည့်အခါ ဝေ့ချန်ယင်သည် လက်သီးဆုပ်လိုက်မိပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။
“ဘုရင်ခံရဲ့ စကားကို နာခံပါမယ်”
“ဒုန်း”
သူသည် ရိုသေစွာဒူးထောက်လိုက်သည်။
ထိုသို့မြင်သောအခါ လင်းဝူတသည် ပြုံးလိုက်သည်။
“ကောင်းပြီ…အဆင့်သင့်လုပ်ထား။ တခဏလောက်တော့ လီမင်းဆက်ရဲ့ တော်ဝင်မြို့တော်ကို အင်ပါယာအစောင့်တပ်ဖွဲ့ထဲက လူတစ်ယောက်နဲ့ သွားရလိမ့်မယ်။ မင်းရဲ့လုံခြုံမှုအတွက် မဟာယာနအဆင့်ရုပ်သေးကို ပေးလိုက်မယ်”
လင်းဝူတသည် သူ့ဘေးရှိ ရုပ်သေးရုပ်ကို ညွှန်ပြလိုက်သည်။