စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၈၂ အံ့ဖွယ်လက်နက်တစ်ခု၏ ရည်ရွယ်ချက်။ သံမဏိသွေးအဆီအနစ်။
လက်နက်တစ်ခုသည် တူညီသည့် တည်ဆောက်ပုံနှင့် လူသားတစ်ယောက်၏ သွေးကဲ့သို့ ရှိနေနိုင်ကာ လက်နက်ကို လူသားခန္ဓာကိုယ်နှင့် သဟဇာတဖြစ်စေနိုင်သည်။ လူပိန်းနည်းဖြင့် ဆိုရမည်ဆိုလျှင် ကျင့်ကြံခြင်း ဝတ္ထုထဲရှိ ခန္ဓာကိုယ်ထဲတွင် သိပ်သည်းထားနိုင်သော လက်နက်တစ်မျိုးနှင့် ဆင်တူသည်။ ယင်းက အလွန်အဆင့်မြင့်မားသည့် ကုန်ကြမ်းတစ်မျိုးဖြစ်ပြီး တန်ကြေးကလည်း ဈေးမပေါပေ။
ယဲ့ရှောင်၌ သိုလှောင်လက်စွပ်တစ်ကွင်း ရှိပြီးဖြစ်ကာ အချိန်မရွေး လက်ကိုင်ရိုးရှည် ဓါးမော့ကို သိမ်းထားနိုင်သော်ငြား ထိုအရာနှင့် မတူညီသေးပေ။ ယင်းက အဆင့်အတန်းမြင့်မားရုံသာမက အလွန်လည်း အဆင်ပြေပေ၏။
သိုလှောင်လက်စွပ်ကို ကန့်သတ်ထားသည့် နေရာအချို့၌ ၄င်းတို့ကို မသုံးနိုင်လောက်ပေ။ သို့သော်ငြား လက်နက်က ခန္ဓာကိုယ်ထဲတွင် ရှိနေလျှင် အချိန်မရွေး ထုတ်သုံးနိုင်၏။
ထို့အပြင် လက်နက်၌ အသိစိတ်ပြည့်နေလေရာ သခင်နှင့် လက်နက်ကြား ဆက်ဆံရေးကို တိုးမြင့်ရာ၌လည်း ပိုအဆင်ပြေနိုင်သည်။
လက်နက်က အလိုအလျောက် ထွက်လာမည်လားဆိုတာကိုတော့ သူ တကယ်မသိရုံသာ ဖြစ်၏။
တစ်စုံတစ်ခု ဖော်ပြ၍ မရသည့် အရာကို ပြုလုပ်ပြီး ၄င်းက ရုတ်တရက် ထွက်လာကာ လူ့နှလုံးကို ဖောက်လိုက်လျှင် ယင်းက ကြောက်မက်ဖွယ် ကောင်းလွန်းသွားမည်။ ထိုမှအပ ကျန်သည့်အရာများစွာလည်း ရှိသေး၏။ သူတို့အားလုံးက တန်ဖိုးရှိသည်။
ထိုပစ္စည်းများကို စုဆောင်းရန်က တစ်ရက်တည်းဖြင့် ရလာတာ မဟုတ်ပေ။ သားရဲနတ်ဘုရား မဟာမိတ်၏ တည်ရှိမှုသည် နှစ်ပေါင်းရာချီကျော် ရှိနေလောက်တာ ဖြစ်သည်။ ယခင် သားရဲနတ်ဘုရား မဟာမိတ်ခေါင်းဆောင်က ဤနေရာရှိ ပစ္စည်းအားလုံးကို စုဆောင်းခဲ့၏။ ယခုအခေါက်တွင် ကြွယ်ဝသည့် ရိတ်သိမ်းမှုကြီး ဖြစ်သည်။
သူသည် ထိုပစ္စည်းများ အားလုံးကို သူ၏ သံချပ်ကာနှင့် တော်ဝင်လက်နက်ကို ခွန်အားမြှင့်တင်ရန် အသုံးပြုခဲ့လျှင် သူတို့ မည်မျှ မာကျောလာမည်ဆိုတာ မည်သူက သိမည်နည်း။
ယဲ့ရှောင်က ၄င်းကို တွေးဆနေစဥ် သတ္တုယာဥ်ကားနှစ်ခုကို ရုတ်တရက် တွေ့လိုက်ရ၏။ ယင်းက သူ့ကို မင်သက်သွားစေသည်။
” ဒါတွေက ”
သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးပြီး တစ်ချက်ကြည့်လိုက်ရာ အကြည့်ထဲ အနည်းငယ် ပြောင်းလဲသွားလေ၏။
ထိုယာဥ်ကားနှစ်ခုသည် ထူးခြားသော ကုန်ကြမ်းများမှ အမှန်တကယ် သန့်စင်ထားပြီး ဝိညာဥ်စွမ်းအင်ကို ကာပေးနိုင်သည်။
ဘုရားရေ။ ဝိညာဥ်စွမ်းအင် ဒိုင်းတောင် ဟုတ်နေတယ်။ အထဲမှာ ပစ္စည်းကောင်းတွေ ရှိပုံပဲ။
ယဲ့ရှောင်သည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အကြိမ်ရေ အနည်းငယ် တိုးမြှင့်လိုက်ပြီး ၄င်းကို ထပ်မံ စစ်ဆေးလိုက်၏။ ခဏအကြာ၌ သူသည် မှောင်မည်းပြီး ရှင်းလင်းနေသည့်နေရာတစ်ခုဆီသို့ ရောက်သွား၏။
ဝေါင်း။
မြေကမ္ဘာတုန်လှုပ်ဖွယ် ဟိန်းသံက လူသားများ၏ နှလုံးကို တုန်လှုပ်ခြောက်ခြားစေ၏။ ယဲ့ရှောင်က နေရာမှာတင် ထိတ်လန့်သွားသည်။ သူ့အကြည့်ရောက်သွားသည့် နေရာ၌ ပေရာချီရှည်သော နဂါးတစ်ကောင်၏ ဝိညာဥ်က အမှောင်ထုထဲ လည်ပတ်နေ၏။ ၄င်း၏ ခန္ဓာက သိပ်သည်းသော သတ်ဖြတ်ခြင်း ဆန္ဒနှင့် သတ်ဖြတ်လိုခြင်း အရှိန်အဝါများ ဖြာထွက်နေ၏။ ဒေါသက လေဟာနယ်တစ်ခုလုံး ပြည့်နေတော့သည်။ အတွင်း၌ တကယ့်ကို နဂါးဝိညာဥ် ရှိနေ၏။ မဟုတ်ပေ။ ယင်းက နဂါးဝိညာဥ် မဟုတ်ပေ။ နဂါးဝိညာဥ်သာဆိုလျှင် ၄င်း၏ ဝိညာဥ်စွမ်းအားက အရာဝတ္ထုတစ်ခုအဖြစ် သိပ်သည်းနေပြီး လေဟာနယ်တစ်ခုလုံး ပြည့်နေလောက်သည်။
ယင်းက အံ့ဖွယ်ဝိညာဥ်ပဲ ဖြစ်၏။
လူသားပါရမီရှင်တစ်ဦး၏ အံ့ဖွယ်ဝိညာဥ်က အဓမ္မဖယ်ခွာခဲ့ရပြီးနောက် နှစ်ပေါင်းမည်မျှ ကြာအောင် သူ့ သေတ္တာထဲ၌ ချုပ်နှောင်ခံထားရသည်။
ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်ကို အာရုံခံမိပြီး ၄င်းက ချက်ချင်း ဒေါသထွက်လာတော့၏။ သူက ဒေါသတကြီး ဟိန်းဟောက်ကာ ယဲ့ရှောင်ကို ခုန်အုပ်ရန် ပြင်ဆင်လိုက်တော့သည်။
ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်က ၄င်းကို ချက်ချင်း ရှောင်ရှားလိုက်၏။ သူ၏ ဝိညာဥ်စွမ်းအင်ကို အသုံးချပြီး လွန်ကဲခြင်းစွမ်းအား ဓါးမော့ကို ချက်ချင်း သုံးလိုက်တော့သည်။
ဖုန်း။
ကံဆိုးသည်မှာ ဝိညာဥ်စွမ်းအင်က ၄င်း၏ ကိုယ်ထည်ကို ဖြတ်ကျော်သွားပြီး သက်ရောက်မှု မရှိပေ။ သံမဏိသေတ္တာ၏ အတွင်းနံရံကိုသာ သွားပြီး ဓါးရာဖျော့ဖျော့ ချန်ရစ်ခဲ့၏။
အံ့ဖွယ်ဝိညာဥ်သည် ဝိညာဥ်စွမ်းအင်နှင့် အရှိန်အဝါ၏ အဆင့်ကို သာလွန်သည့် ပစ္စည်းတစ်မျိုး ဖြစ်၏။ ယင်းကို ဝိညာဥ်စွမ်းအားနှင့် အရှိန်အဝါတို့ဖြင့် ဖြေရှင်းဖို့က ခက်ခဲလှသည်။
နှစ်ခုက မတူညီသည့် အထဲတွင် ရှိနေသည့်ပမာ ဝိညာဥ်က လူသားများကို ထိခိုက်စေနိုင်သော်ငြား လူသားများက ဝိညာဥ်စွမ်းအင်နှင့် အရှိန်အဝါဖြင့် ဝိညာဥ်ကို ထိခိုက်အောင် မလုပ်နိုင်ပေ။
ဝိညာဥ်ကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသောအရာက ဝိညာဥ်ပဲ ဖြစ်သည်။
ယဲ့ရှောင်သည် မည်သူ့ရှေ့မှောက်မှ သူ၏ ဝိညာဥ်ကို မထုတ်ပြဖူးပေ။ သူ့အံ့ဖွယ်ဝိညာဥ် မည်မျှ သန်မာကြောင်း သူ မသိခဲ့ပေ။ သို့သော်ငြား ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က သန်မာသောကြောင့် အသုံးမဝင်တာ မဖြစ်လောက်ပေ။
ထိုစဥ် ဧရာမ နဂါးအံ့ဖွယ်ဝိညာဥ်သည် ထပ်မံ ဟိန်းဟောက်ကာ ရှေ့သို့ တိုးဝင်လာ၏။ ယဲ့ရှောင်က အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် သူ၏ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို သူ ချက်ချင်း ထုတ်ဖော်လိုက်တော့၏။
ဖုန်း။
” ဝေါင်း ”
ဧရာမ နဂါးက သနားစဖွယ် အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းပင် နေရာမှာတင် ပိပြားသွားတော့၏။
ယဲ့ရှောင်က ကြက်သေ သေသွားသည်။ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က စာအုပ်တစ်အုပ်၏ အရွယ်အစားခန့်သာ ရှိသော်ငြား ဧရာမ နဂါးဝိညာဥ်ကို ဖြေရှင်းနိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ ချက်ချင်းပင် လေဟာနယ်၏ အောက်ခြေ၌ ကန့်သတ်ချက်တစ်ခု ပေါ်ထွက်လာပြီး ရုန်းကန်ရတာတောင် ခက်ခဲလှလေ၏။
သန်မာလိုက်တာ။
ယဲ့ရှောင်က သက်ပြင်းချလိုက်လေ၏။ သူ၏ ရင်ထဲ၌ နက်ရှိုင်းစွာ ထိတ်လန့်တုန်လှုပ်သွားပြန်သည်။ သူသည် ယခင်က လူများစွာ၏ အံ့ဖွယ်ဝိညာဥ်များကို တွေ့ခဲ့ဖူးသည်။
ချင်ယွိယန်၏ အံ့ဖွယ်ဝိညာဥ်ဖြစ်စေ၊ ကုဟိုင်၏ အံ့ဖွယ်ဝိညာဥ်ဖြစ်စေ၊ အိုးရန်ယွင်ကျုံးနှင့် ချင်ရှန်းလုံတို့ကဲ့သို့ ပညာရှင်များ၏ အံ့ဖွယ်ဝိညာဥ်ဖြစ်စေ သူတို့၏ ဝိညာဥ်များက အလွန်သေးငယ်ပေ၏။ ၃ပေခန့်သာ ရှိသည်။
ဧရာမ နဂါးအံ့ဖွယ်ဝိညာဥ်အတွက်မူ ၄င်း၏ အရွယ်အစားက မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလွန်းသည်။ ပေရာချီရှည်လျား၏။ ယင်းကို သားရဲနတ်ဘုရား မဟာမိတ်က လေဟာနယ်စွမ်းအင်ဖြင့် သတ္တုသေတ္တာထဲတွင်တောင် ချုပ်နှောင်ထားခဲ့သည်။
ယခု ထိုကဲ့သို့ အစွမ်းထက်သည့် ဝိညာဥ်က ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ရှေ့၌ ခုခံရန် ခွန်အားတောင် မရှိပေ။ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က မည်မျှ အစွမ်းထက်သနည်း။
ယခုအချိန်၌ ယဲ့ရှောင်သည် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်၏ စွမ်းအားကို နားလည်သဘောပေါက်မှုအသစ် ရလာတော့သည်။
အနာဂတ်တွင် သူတို့ တိုက်ခိုက်သောအခါ တစ်ဖက်သူကို ဖိနှိပ့်ရန်အတွက် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို အသုံးပြုရန်လည်း တွေးထားနိုင်သည်။ ယင်းက အလွန်ကောင်းသည့်အကွက်ဟုလည်း သတ်မှတ်နိုင်ပေ၏။ ပြီးနောက် ယဲ့ရှောင်က ဆင်းသက်လိုက်ပြီး မြေပြင်ပေါ်ရှိ ဧရာမ နဂါးက ရုန်းကန်တာကို အပြည့်အဝ လက်လျှော့လိုက်၏။ သို့သော်ငြား စိတ်ပျက်အားငယ်မှုနှင့် သူ၏ မျက်လုံးထဲ၌ မလိုလားသည့် အရိပ်ယောင်တို့ ရှိနေသေးသည်။
၄င်း၏ ကံကြမ္မာကို လက်ခံလိုက်ပြီးသည့်ပမာ ယဲ့ရှောင်ကို တစ်ချက် ကြည့်လိုက်သည်။ ၄င်း၏ မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်ထားလျက် သူ့ကို ယဲ့ရှောင် သတ်ဖြတ်လာမှာကို စောင့်နေသည်။
သို့သော် ယဲ့ရှောင်က မလှုပ်ရှားခဲ့ပေ။ ဧရာမနဂါးအံ့ဖွယ်ဝိညာဥ်ကနေ သူသည် နာတာရှည်ရောဂါကြောင့် ဆေးရုံကုတင်ပေါ်၌ လှဲနေရပြီး သေခြင်းတရားကို စောင့်နေရသော သူ့ကိုသူ ပြန်မြင်လာ၏။
စိတ်ပျက်အားငယ်ခြင်း၊ ကူကယ်ရာမဲ့ခြင်း။ သူ ဆန္ဒမရှိသည့်တိုင် ကူကယ်ရာမဲ့နေလေ၏။
ထိုကဲ့သို့ နှလုံး နာကျင်စဖွယ် ခံစားချက်မျိုးက မည်သူကမှ တွေ့ကြုံပြီး မျှဝေနိုင်သည့်အရာ မဟုတ်ပေ။
ယဲ့ရှောင်သည် နဂါး၏ ဝိညာကို စစ်ဆေးရန် သူ၏ ဝိညာဥ်စွမ်းအားကို အသုံးပြုခဲ့သည်။ ၄င်း သက်ရှိထင်ရှားရှိစဥ်က မူလခန္ဓာက မှတ်ဉာဏ်များ ရှိနေသည်။ ဝမ်းနည်းကြေကွဲဖွယ် မြင်ကွင်းများက ယဲ့ရှောင်၏ မျက်လုံးရှေ့၌ ပေါ်လာလေ၏။
ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်၏ မူလပိုင်ရှင်သည် ရွာတစ်ရွာမှ ကောင်လေးတစ်ယောက် ဖြစ်သည်။ ရွာသည် သားရဲလူသားများ တိုက်ခိုက်တာ ခံလိုက်ရ၏။ သားရဲလူသားများသည် လူတိုင်းကို သတ်ဖြတ်ခဲ့ကာ သူတို့၏ ဝိညာဥ်စွမ်းအားများကို အားဖြည့်ရန်အတွက် သူတို့ အံ့ဖွယ်ဝိညာဥ်များကို ဝါးမြိုဖို့ရာ ဆွဲထုတ်ခဲ့သည်။
သားရဲလူသားများသည် ကြယ်တာရာသားရဲအသွင်ပြောင်းသည့် အချိန်၌ သူတို့သည် သူတို့၏ ဝိညာဥ် အံ့ဖွယ်ဝိညာဥ် နှိုးထခါစ လူသားများနှင့် တူညီနေသောကြောင့် ဖြစ်၏။ ခွန်အား ကွဲပြားမှုလည်း ရှိကြသည်။ သူတို့ သွေးမျိုးဆက်စွမ်းအားနှင့် ဝိညာဥ်စွမ်းအင်က အကဲဖြတ်မှုတစ်ခု ပြုလုပ်ရန်အတူတကွ ရောနှောရ၏။
သားရဲလူသားများသည် ကြယ်တာရာသားရဲများ၏ သွေးမျိုးဆက်စွမ်းအားနှင့် လူသားများ၏ အံ့ဖွယ်ဝိညာဥ်မှ ဝိညာဥ်စွမ်းအားကို စုပ်ယူ၏။ ယင်းက သူတို့ ကြယ်တာရာသားရဲအဖြစ် အပြည့်အဝ အသွင်ပြောင်းလဲသွားသည့်အခါ ပိုသန်မာသော သွေးမျိုးဆက် ရရှိစေ၏။ ထိုအကြောင်းအရင်းကြောင့် ယဲ့ရှောင်သည် ယခင်က ရွာကို သတ်ဖြတ်နေသော သားရဲလူသားများကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်သည်။
ကောင်လေး၏ မိသားစုဝင်များက အသတ်ခံခဲ့ရ၏။ ထို့ကြောင့် သူသည်လည်း ချွင်းချက် မဟုတ်ပေ။ သားရဲနတ်ဘုရား မဟာမိတ်သည် သူ၏ ခန္ဓာကနေ ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်ကို ခွာထုတ်ရန် လျှို့ဝှက် ကျင့်စဥ်တစ်မျိုးကို သုံးကာ ၄င်းကို သတ္တုသေတ္တာထဲ၌ ပိတ်ထားပြီး ပါရမီရှင် မဟာမိတ်ခေါင်းဆောင်အတွက် ၄င်းကို ဝါးမြိုပစ်ဖို့ရာ အသုံးပြုရန် ပြင်ဆင်ထားသည်။ နဂါးအမျိုးအစား သွေးမျိုးဆက်တစ်ခု ဖန်တီးချင်နေတာ ဖြစ်လောက်သည်။
သို့သော် ယခုအချိန်ထိ သားရဲနတ်ဘုရား မဟာမိတ်က ၄င်းကို သန့်စင်နိုင်သော မဟာမိတ်ခေါင်းဆောင် မရှိလာပေ။
ယင်းက သန်မာလွန်း၏။
သာမန်လူတစ်ယောက်၏ ခွန်အားကို သာလွန်ပြီးသား ဖြစ်၏။ ၄င်း၏ သခင်က သေခဲ့လျှင် ဘုရင်နယ်ပယ်အထက် သိုင်းပညာရှင်တစ်ယောက်အဖြစ် ကြီးပြင်းလာနိုင်မှာ သေချာသည်။
နှမြောစရာပဲ။
ယဲ့ရှောင်က သူ၏ လက်ကို ဆန့်တန်းပြီးနောက် ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်ကို ညင်သာစွာ ပွတ်သပ်လိုက်လေ၏။
” ငါက သားရဲလူသား မဟုတ်ဘူး။ သားရဲနတ်ဘုရား မဟာမိတ်ကို ငါ ဖျက်ဆီးလိုက်ပြီးပြီ ”
နဂါးက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ယဲ့ရှောင်ကို ဝေခွဲမရမှု၊ မယုံကြည်နိုင်မှုအချို့တို့ဖြင့် ကြည့်လိုက်လေ၏။
ယဲ့ရှောင်သည် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို ထုတ်ပြလိုက်၏။ ရွှေရောင်စာအုပ်အနားတွင် ရှိနေမှုဖြင့် သူသည် ဧရာမနဂါး အံ့ဖွယ်ဝိညာဥ် သူ့ကို ထိခိုက်အောင် လုပ်မှာကို စိုးရိမ်စရာ မလိုတော့ပေ။
” ဒါအမှန်ပဲ။ ငါ့ရဲ့ အံ့ဖွယ်ဝိညာဥ်က မင်းထက် ပိုပြီးသန်မာတာ။ မင်းကို လိမ်ဖို့ မလိုဘူးလေ ”
ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်က အတော်ကြာ တိတ်သွားသည်။ သူက ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်ပြီး သူ၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြရန် ယဲ့ရှောင်ကို ခေါင်းဖြည်းဖြည်းချင်း ငုံ့ပြလိုက်၏။
” ငါ အခု သေတ္တာကို ဖွင့်ပေးနိုင်တယ်။ ဒါပေမဲ့ မင်း တကယ်သယ်ဆောင်ထားတာ မရှိရင် မင်း မကြာခင်မှာ လေထဲ ငွေ့ရည်ပျံသွားနိုင်တယ် ”
နဂါးက ခေါင်းညိတ်လိုက်၏။ ထိုကဲ့သို့ ရလဒ် ဖြစ်ပေါ်လာမည်မှန်း သိထားတာ ကြာပြီဖြစ်၏။ လုံလောက်သွားပေချေ။ ယင်းက ရှင်လည်းမရှင်နိုင်၊ သေလည်းမသေနိုင်ပေ။
ယဲ့ရှောင်က ပါးစပ် ထပ်ဟလိုက်၏။
” ဒါပေမဲ့ မင်း ရှင်သန်ချင်တယ်ဆိုရင် အခွင့်အရေးတစ်ခု ရှိသေးတယ် ”
ထိုစကားများကို ပြောလိုက်ချိန်၌ ယဲ့ရှောင်သည် ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်၏ မျက်လုံးထဲ၌ အလင်းတစ်ခုကို ဖြတ်ခနဲ တွေ့လိုက်ရ၏။
ထင်သည့်အတိုင်းပင် သူ မသေချင်သေးပေ။
ဆိုရလျှင် အသိဉာဏ်ရှိသည့် သတ္တဝါတိုင်းက အသက်ရှင်ရန် မည်မျှ ခက်ခဲကြောင်း သိသည်။ အသက်ရှင်နိုင်မည်ဆိုလျှင် မည်သူမှ မသေချင်ပေ။
အမှန်တကယ်တွင် ယဲ့ရှောင်က နဂါးကို မြင်တွေ့ချိန်၌ သူ့ရင်ထဲ အတွေးတချို့ ရှိနေပြီးသား ဖြစ်သည်။
ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်က ဉာဏ်ရည်ရှိသည့် တည်ရှိမှုဖြစ်ပြီး အလွန်အစွမ်းထက်သော ဝိညာဥ်ဖြစ်သည်။
သူသာ ၄င်းကို လက်ကိုင်ရိုးရှည် ဓါးမော့ထဲ ထည့်နိုင်မည်ဆိုလျှင် တော်ဝင်လက်နက် ဖြစ်နေပြီးသား ဓါးမော့က နောက်တစ်ဆင့် တက်သွားမည်လော။
အတိတ်တုန်းက လက်နက်သွန်းလုပ်ရန်အတွက် သူတို့ကိုသူတို့ စတေးဖို့ ရွေးချယ်ခဲ့သည့် လူများစွာ ရှိပုံပေါ်သည်။ ထို့ကြောင့် ပိုတောင် အစွမ်းထက်သည့် လက်နက်များ သွန်းလုပ်လာနိုင်တာ ဖြစ်သည်။
ယဲ့ရှောင်၏ လက်ကိုင်ရိုးရှည် ဓါးမော့သည် အသိစိတ်ဖျော့ဖျော့ ရှိနေပြီးဖြစ်ကာ သူကိုယ်တိုင် လှုပ်ရှားနိုင်သော်ငြား ရိုးရှင်းသည့် လုပ်ငန်းဆောင်တာများကိုသာ လုပ်နိုင်သည့် စက်ရုပ်နှင့် တူပေ၏။
လက်နက်တစ်ခုသည် ချီရှန်းအဆင့်သို့ ရောက်ရှိပြီးနောက် ၄င်း၏ ပိုင်ရှင်ကနေ ဝိညာဥ်စွမ်းအင်ကို ကူးပြောင်းနိုင်ကာ အသိစိတ် သိပ်သည်းမှုကို ထုတ်လုပ်နိုင်၏။
တော်ဝင်အဆင့်သို့ ရောက်ရှိပြီးနောက် ၄င်းသည် သူ့ဘာ့သာသူ ဝိညာဥ်စွမ်းအင်ကို စုပ်ယူနိုင်ပြီး သူ့ဘာ့သာသူ ရိုးရှင်းသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။
သူက အစွမ်းထက်သော ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်ကို ၄င်းထဲ ထည့်လိုက်လျှင် လက်ကိုင်ရိုးရှည် ဓါးမော့က ၄င်း၏ ကိုယ်ပိုင် အသိစိတ်ထဲရှိသည့် သက်ရှိသတ္တဝါ ဖြစ်သွားနိုင်လောက်သည်။ ထိုအချိန်ရောက်လျှင် တော်ဝင်လက်နက်၏ တည်ရှိမှုထက် သာလွန်သွားမှာ သေချာ၏။
” မင်း ဆန္ဒရှိတယ်ဆိုရင် မင်းကို ငါ့လက်နက်နဲ့ ပေါင်းချင်တယ်။ အထဲက လက်နက်ဝိညာဥ် ဖြစ်စေချင်တယ်။ မင်း ဆန္ဒမရှိရင်လည်း ဖိအားမပေးဘူး။ ဒါပေမဲ့ မင်းရဲ့ သခင်က သေသွားပြီးပြီ။ ဒီလောကထဲမှာ အသက်ရှင်ချင်တယ်ဆိုရင် မင်း လက်နက်ဝိညာဥ် ဖြစ်မှပဲ ရမယ် ”
ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်သည် မည်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ဖူးပေ။ မရေမတွက်နိုင်သည့် လူပေါင်းများစွာကို ထိခိုက်အောင် လုပ်ခဲ့သော နော့ဖစ်ကဲ့သို့ ကြယ်တာရာသားရဲများနှင့် မတူပဲ ယဲ့ရှောင်သည် လွန်ကြူးတာ ဘာမှလုပ်မှာ မဟုတ်ပေ။
ဧရာမနဂါး အံ့ဖွယ်ဝိညာဥ်သည် အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။
ယဲ့ရှောင်က သူ့အတွက် လဲ့စားချေပေးခဲ့ပြီး သားရဲနတ်ဘုရား မဟာမိတ်ကို ဖျက်ဆီးပေးခဲ့တာ ဖြစ်သည်။ ယင်းက ရှားပါးသည့် အကျိုးဆောင်ပေးမှု ဖြစ်၏။ ပြန်ပေးဆပ်ရန် ထိုက်တန်သည်။ ထို့အပြင် အသက်ရှင်ရန်အတွက်လည်း သယ်ဆောင်သူကို ရှာရန် လိုအပ်သည်။
နောက်ထပ်တစ်ချက်က ယဲ့ရှောင်က အလွန်သန်မာ၏။ သူကိုယ်တိုင်၌ကလည်း အစွမ်းထက်သည့် အံ့ဖွယ်ဝိညာဥ် ဖြစ်သည်။ သန်မာသူတစ်ယောက်သည် နောက်ထပ် ပိုသန်မာသည့် လူတစ်ယောက်၏ ခြေရင်း၌သာ အညံ့ခံမှာ ဖြစ်သည်။
ယဲ့ရှောင်မှအပ မည်သူကမှ မှတ်ကျောက်များနှင့် ကိုက်ညီသူ မရှိပေ။
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့် အနည်းငယ် ကွေးတက်သွား၏။
ပြီးသွားချေပြီ။
” ဒါဆို ဟုတ်ပြီ။ ငါ ကုန်ကြမ်းတွေ ပြင်ဆင်ပြီးရင် စတင်သန့်စင်လိုက်မယ်။ ဒီကာလအတွင်း မင်း ဒီသေတ္တာထဲမှာ ခဏလောက် နေရဦးမယ်။ မကြာခင်မှာ နေအလင်းရောင်ကို ထပ်မံ တွေ့ရတော့မှာ
ပါ ”
နဂါးက ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်များ ပြည့်နေလေ၏။
ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်က သတ္တုသေတ္တာထဲကနေ ပြန်ရုတ်သိမ်းလိုက်သည်။ သူက အခြားသော သတ္တုသေတ္တာကို မကြည့်ပေ။ ယင်းက ကောင်ငယ်လေး၏ သွေးအဆီအနစ် ဖြစ်သည်။
သားရဲနတ်ဘုရား မဟာမိတ်သည် အံ့ဖွယ်ဝိညာဥ်ကို သန့်စင်ချင်လျှင် မူလပိုင်ရှင်၏ သွေးအဆီအနစ်ကို သုံးကာ အံ့ဖွယ်ဝိညာဥ်၏ ခုခံမှုကို ဖိနှိပ့်ရပေမည်။ ယင်းက မူလပိုင်ရှင်၏ သွေးဖြစ်သည်။
ထို့ကြောင့် အံ့ဖွယ်ဝိညာဥ်က နှစ်သိမ့်ရာ ရောက်ပေမည်။ ပြောရမည်ဆိုလျှင် အတော်လေး ရက်စက်ပေ၏။ ယင်းက ပိုင်ရှင်၏ အထောက်အထားကို အသုံးပြုပြီး သူ ပျိုးထောင်ခဲ့သည့် ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်ကို သတ်ဖြတ်လိုက်ခြင်းနှင့် တူညီသည်။ ချစ်ခင်ဖွယ်ကောင်းသော အိမ်မွေးတိရစ္ဆာန်က မည်သို့ ခုခံနိုင်မည်နည်း။ သို့သော်ငြား ယင်းက ယဲ့ရှောင်အတွက် အဆင်ပြေသည့် ကိစ္စတစ်ရပ် ဖြစ်သည်။
အပိုင်း ၁၈၂ ပြီး၏။