စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၈၁ မဟာရိတ်သိမ်းမှု။
ယဲ့ရှောင်က ချက်ချင်းပင် ဝဂ်ပေ့ကို ဖွင့်လိုက်လေ၏။ ဧကရာဇ်သွေးမျိုးဆက်ရှိသည့် သူက မည်သူမှန်း သူ အမှန်တကယ် သိချင်နေ၏။ ယခင်က သူ ဧကရာဇ်တစ်ပါး ဖြစ်လာမည်လားဟူ၍တောင် တွေးခဲ့ဖူး၏။ သူက ဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်လျှင် ဧကရာဇ်သွေးမျိုးဆက် နှိုးထလာသည့်သူနှင့် မိတ်ဆွေဖွဲ့ထားရမည်။ ဤနည်းဖြင့် သူ့၌ အလွန်သန်မာသော မိတ်ဆွေတစ်ယောက်လည်း ရှိလာလိမ့်မည်။
သူ၏ လက်ရှိ မိတ်ဆွေများထဲ၌ သူတို့အားလုံးက သာမန်လူများ ဖြစ်ကြ၏။ ပြောရလျှင် လျိုချန်စွင်းက သူ၏ မိတ်ဆွေ မဟုတ်ပေ။ သူတို့နှစ်ယောက် ထိုနေ့ကမှ တွေ့ခါစဖြစ်သည်။
သူက ပြဿနာကြီးကြီးမားမား ကြုံတွေ့ရလျှင် ဘုရင်နယ်ပယ် ပုဂ္ဂိုလ်တချို့ကို တိုက်တိုက်ဆိုင်ဆိုင် ရန်စမိခဲ့တာမျိုး ရှိလျှင် လျိုချန်စွင်းက ကူညီပေးလောက်မှာ မဟုတ်ပေ။ ထို့အပြင် လျိုချန်စွင်းက သူ့မိတ်ဆွေဖြစ်နေလျှင်တောင် အသုံးမဝင်လောက်ပေ။
အကြောင်းမှာ သူကိုယ်တိုင်က တစ်ဖက်သူကို မဖြေရှင်းနိုင်လျှင် လျိုချန်စွင်းက အချည်းနှီးသက်သက် သူ့ခေါင်းကို ပစ်ထုတ်လိုက်ရပေလိမ့်မည်။ ဧကရာဇ်၏ သွေးမျိုးဆက်ကမူ မတူတော့ပေ။
အမြို့မြို့သော ဒဏ္ဍာရီများအရ ဧကရာဇ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုက အကန့်အသတ်မဲ့သည်။ သူတို့က ဒဏ္ဍာရီလာ ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်သွားနိုင်ချေ ရှိသည်။ သူတို့က ဧကရာဇ်နယ်ပယ်သို့ ရောက်နိုင်သည် သူ မဟုတ်လျှင်တောင် ဘုရင်နယ်ပယ်ကို ရောက်မည်ဆိုတာ အာမခံနိုင်၏။ ထို့အပြင် တစ်ဖက်လူက ကျန်းဟိုင်မြို့တွင် ဖြစ်သည်။ သူနှင့် တစ်ဖက်လူ မိတ်ဆွေဖွဲ့နိုင်ချေက အလွန်မြင့်မား၏။
ငါကြားတာတော့ သူတို့ရဲ့ ဧကရာဇ်သွေးမျိုးဆက် နှိုးထတဲ့ လူတချို့ကို စီရင်စု၉ခုက တိတ်တဆိတ် ကာကွယ်ပေးထားတာတဲ့။ ဒါ့အပြင် သူတို့ရဲ့ ကျင့်ကြံမှုအရှိန်ကလည်း အလွန်မြန်ဆန်တယ်။
ကျန်းဟိုင်မြို့ထဲက အဲ့ဒီလူက ချီရှန်းနယ်ပယ်ထဲ ခြေချခဲ့ပြီးပြီဆိုပေမဲ့ စီရင်စု၉ခုက သူတို့ကို ပျိုးထောင်ဖို့ အရင်းအမြစ်တွေ သေချာပေါက် သုံးလိမ့်မယ်။
သူတို့ရဲ့ ကျင့်ကြံဆင့် အရှိန်ကလည်း အလွန်မြန်တယ်ဆိုတာ ငါ ယုံတယ်။
ယဲ့ရှောင်က ဖုန်းဖွင့်ပြီး တစ်ဖက်သူ၏ အထောက်အထားကို အတည်ပြုတော့မည့်အချိန်၌ သူက ချက်ချင်း ဆွံ့အသွားသည်။ သူက အဆိပ်မိသွားသလို ခံစားလိုက်ရ၏။
ဒါ ဒါက ရယ်စရာ မဟုတ်လောက်ပါဘူးနော်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဧကရာဇ်သွေးမျိုးဆက်၏ ပိုင်ရှင်က တခြားသူမဟုတ်။ သူ၏ မိတ်ဆွေဟောင်းကြီး ချင်ယွိယန်ပင် ဖြစ်သည်။
ဘာကို အခြေခံပြီးတော့လဲ။
ယခုအချိန်တွင် ယဲ့ရှောင်၏ စိတ်အခြေအနေ မည်မျှ ကောင်းစေကာမူ သူက ၄င်းကို မခံနိုင်တော့ပေ။
တကယ်ကြီး သောက်ရမ်းအဆိပ်ပြင်းတာပဲ။ သူ့ကို ဘာအခြေခံပြီးတော့လဲ။ နည်းနည်းလေး ပိုလှပြီး လတ်ဆတ်တဲ့ ယုန်ပေါက်လေးနှစ်ခု ခြေတံရှည်ရှိတဲ့အပြင် သူ့မှာ ဘာရှိလို့လဲ။ သူ့မှာ ဘာရှိလို့လဲ။
ကျင့်ကြံခြင်း ဉာဏ်ရည် ပါရမီ စီရင်စု၉ခုထဲမှာ သူမထက် ပိုသန်မာတဲ့သူ ဘယ်လောက်များများ ရှိလဲဆိုတာ ဘယ်သူက သိမှာလဲ။ တခြားကိစ္စတွေ မပြောနဲ့ဦး။ လင်းနန်မြို့၊ ဟူမြို့၊ ကွမ်မြို့တွေထဲမှာ ကြုံရာအုတ်ခဲပစ်ထုတ်လိုက်ရင် သူမထက် ပိုသန်မာတဲ့ ပါရမီရှင်တစ်စုနှင့် ဝင်တိုက်မိမှာ။ သူမက ဧကရာဇ်သွေးမျိုးဆက် နှိုးထပိုင်ခွင့် ဘာရှိလို့လဲ။
ယဲ့ရှောင်က သူ့ကို မနာလိုဖြစ်နေတာလား။
တစ်ဖက်သူက ဖျောင်ကျန့်ရှန်ထက်တောင် ပိုထူးချွန်သည့် ပါရမီရှင်တစ်ဦးဆိုလျှင် သူ သေချာပေါက် ယုတ္တိမရှိဟု ခံစားရမှာ မဟုတ်ပေ။ သူက အနည်းငယ် အားကျရုံလောက်သာ ဖြစ်ပေမည်။ သို့သော်ငြား အလွန်ကျိုးကြောင်းသင့်သည်ဟုလည်း ခံစားရမှာပဲ ဖြစ်၏။ သို့သော် တစ်ဖက်သူက ချင်ယွိယန် ဖြစ်နေသည်။
သူက ချင်ယွိယန်နဲ့ မိတ်ဆွေဖြစ်နေသောကြောင့် သူမက သင့်တော်သည့် လူတစ်ယောက်ဟု သူ မထင်ပေ။ သူ အမှန်အတိုင်း ပြောနေတာပဲ ဖြစ်၏။ ချင်ယွိယန်က တကယ် အမှိုက်သာ ဖြစ်သည်။
ဧကရာဇ်သွေးမျိုးဆက် နှိုးထသည့် အရေးကိစ္စက ကလေးကစားစရာ မဟုတ်ကြောင်း သိထားရပေမည်။ စီရင်စု၉ခု၏ လူသားမျိုးနွယ်စုအတွက် အဆင့်မြင့်တက်စေရန် ပြိုင်ဘက်ကင်း သိုင်းပညာရပ် ကျွမ်းကျင်သူတစ်ယောက်ကို ရွေးချယ်ရတာပဲ ဖြစ်သည်။
ချင်ယွိယန်က အဆုံး၌ ဧကရာဇ် သေချာပေါက် ဖြစ်လာမည့်လူ မဟုတ်လျှင်တောင် သူမသည် ယှဥ်ပြိုင်ပွဲ၌ ပါဝင်ရန်အတွက် အရည်အချင်းရှိသည့် လူအနည်းစုထဲမှတစ်ယောက် ဖြစ်နေသေး၏။
စီရင်စု၉ခုရဲ့ သူတော်စင် သားတော် သမီးတော်တွေကို ရွေးချယ်တယ်လို့ ခေါ်တဲ့ဟာတွေက သူတို့ ပါရမီကို အခြေခံတာ မဟုတ်ပဲ ကံကိုပဲ အခြေခံတာများလား။ ဒါတောင် ချင်ယွိယန်က ကံကောင်းတဲ့ပုံ မပေါ်ပါဘူးနော်။
ယဲ့ရှောင်သည် သူမ ကိုယ်ဝန်လွယ်ထားသည်ဟု ပြောလျှင်တောင် ပိုယုံကြည်လောက်မိသည်။ သူ့မှာ ဘယ်လိုကံမျိုး ရှိတာလဲ။
ယဲ့ရှောင်က ဖိုရမ်ထဲ သုန်မှုန်စွာ ကြည့်လိုက်ပြီး အင်တာနက်အသုံးပြုသူများ ပြောနေသည့် အကြောင်းအရာကို မြင်ချင်၏။
” အားလုံးက အောင်ပွဲခံနေကြပြီ။ ငါတို့ ကျန်းဟိုင်မြို့က ဧကရာဇ်သွေးမျိုးဆက်ရှိတဲ့ သူတစ်ယောက် တကယ်နှိုးထလာခဲ့ပြီး သူတော်စင်သမီးတော်တစ်ပါး ပေါ်လာခဲ့ပြီ ”
” ချင်ယွိယန်က ငါတို့ ကျန်းဟိုင်မြို့ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ။ သူက အသက် ၂၁နှစ်ပဲ ရှိသေးတယ်။ ဒါတောင် ချီရှန်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီးပြီ။ သူမက ဖျောင်ကျန့်ရှန်ထက် နှစ်နည်းနည်းတောင် ငယ်သေးတယ် ”
” သူ တကယ်အံ့သြဖို့ ကောင်းတာပဲ။ စီနီယာဓါးမော့ဓါးဝိဇ္ဇာ ချန်ထားရစ်ခဲ့တဲ့ ဓါးရာကနေ ဓါးဆန္ဒကို နားလည်သဘောပေါက်ခဲ့တာ အံ့သြစရာ မရှိဘူးပဲ။ သူ့ရဲ့ ပါရမီက တကယ်ထူးချွန်တာကိုး ”
” အခု ငါ နားလည်သွားပြီ ”
” သူမက ဓါးဆန္ဒကို နားလည်သဘောပေါက်ပြီး ကျင့်ကြံဆင့် တိုးလာတာကြောင့် ဧကရာဇ်သွေးမျိုးဆက် နှိုးလာတာလို့ ပြောလို့ရတယ်။ ဒီရှုထောင့်အရဆို သူက စီနီယာဓါးမော့ဓါးဝိဇ္ဇာရဲ့ အောင်မြင်မှုထဲမှာ လုံနေတုန်းပဲလေ ”
” စီနီယာဓါးမော့ဓါးဝိဇ္ဇာက အတော်ဆုံးပဲ ”
ယဲ့ရှောင်သည် ထိုစကားများ အားလုံးကို ဖတ်ပြီးသောအခါ သူ့ရင်ထဲ၌ နားလည်သဘောပေါက်မှု အချို့ရှိလာ၏။
ချင်ယွိယန်သည် သူ၏ မျက်လုံးထဲ၌သာ အမှိုက်ဟူ၍ သတ်မှတ်ခံထားရတာ ဖြစ်သည်။ လက်တွေ့တွင် သူ၏ ကျင့်ကြံသည့် အရှိန်က သာမန်လူများအနက် အလွန်မြန်နေသေး၏။ သူ၏ ဓါးမော့ရာကနေ ဆန္ဒအချို့ကို ထုတ်နုတ်ပြီးနောက် ၄င်းသည် သာမန်လူတစ်ယောက်အဖို့ မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်ရန် မဖြစ်နိုင်ပေ။ နှစ်အနည်းငယ်တောင် ကြာနိုင်ပြီး ၁၀နှစ်ကျော် သို့မဟုတ် ၄င်းကို အပြည့်အဝ နားလည်သဘောပေါက်ရန် ၁၀နှစ်ကျော်ထက်တောင် ပိုကြာလောက်သည်။ သူမအတွက်မူ လပိုင်းအတွင်း သူမအတွက် သူ ချန်ထားရစ်ခဲ့သည့် ဓါးမော့ဆန္ဒကို အပြည့်အဝ နားလည်သွားသည်။ ထိုရှုထောင့်အရ သူမသည် ကျန်သည့်လူများစွာထက် သန်မာသေး၏။
အသက် ၂၁နှစ်အရွယ် ရှန်းထျန်းပထမအဆင့်
ချီရှန်းတစ်ဦးက မဆိုးရွားပေ။
ယဲ့ရှောင်သည် အင်တာနက်ပေါ်၌ ယခင်က မြင်ခဲ့ဖူး၏။ ဓါးသူတော်စင် လုချင်ရှန်းကဲ့သို့ ကျွမ်းကျင်သူတစ်ဦးသည် အသက် ၁၉နှစ်အရွယ်၌ ရှန်းထျန်းနယ်ပယ်သို့ ခြေချနိုင်ခဲ့တာပဲ ဖြစ်၏။ လျိုချန်စွင်းသည် ရှန်းထျန်းနယ်ပယ်သို့ ရောက်စဥ်၌ သူက အသက် ၂၃နှစ်ရှိပြီး ဖြစ်ပုံပေါ်သည်။
သူ၏ ဓါးမော့ဆန္ဒကို ဖယ်ရှားပြီး သူမကို ဓါးသိုင်းအစား ငယ်ရွယ်စဥ်တည်းက သူမ နှစ်သက်သည့် ဓါးမော့သိုင်းကို လေ့ကျင့်ခိုင်းခဲ့မည်ဆိုလျှင်တောင် သူမက အသက် ၂၂နှစ် ၂၃နှစ်ဝန်းကျင်၌ ရှန်းထျန်းပထမအဆင့်သို့ အဆင့်တက်နိုင်လောက်မည်ဟု သူ မှန်းဆမိသည်။
လျိုချန်စွင်းသည် အာကာသစစ်မြေပြင်မပါပဲ ကမ္ဘာကြီးရှိ ထိပ်တန်းသိုင်းပညာရှင် ၅၀ထဲမှာ တစ်ယောက်ဖြစ်နေပြီးသားပင်။
ချင်ယွိယန်က သူ့ထက် အားမနည်းလျှင် သူမက နောင်၌ ထိပ်တန်းသိုင်းပညာရှင်အယောက် ၅၀ထဲမှာ တစ်ယောက်လည်း ဖြစ်လာလိမ့်မည်။
နောက်ထပ် တစ်ချက်ရှိသေး၏။ လုချင်ရှန်းသည် ငယ်ရွယ်စဥ်တည်းက သူ့ဆရာ၏ လမ်းညွှန်ပြသမှု ရခဲ့ပြီး လျိုချန်စွင်းကိုလည်း ယခင် ဟန်နိုင်ငံ ဓါးသူတော်စင်က သင်ပြပေးခဲ့တာ ဖြစ်သည်။
ချင်ယွိယန်ကမူ သူမကို သင်ကြားပြသပေးသူ မရှိပဲ သူမ၏ ပင်ကိုအရည်အချင်းက သူနှင့် တူညီနေပြီး ဖြစ်၏။ သူက သူမကို ဓါးမော့ဆန္ဒ စောစောပေးခဲ့လျှင် သူမသည် လုချင်ရှန်း၏ စံချိန်ကို လိုက်မှီပြီး ရှန်းထျန်းပထမအဆင့်လို့တောင် တက်လှမ်းနိုင်လောက်သည်။ ထိုအကြောင်းကို တွေးမိပြီး ယင်းက အတော်လေး အဓိပ္ပာယ်ရှိသည်ဟု ထင်လိုက်ရသည်။ သို့သော်ငြား ဧကရာဇ်အကြောင်း ယဲ့ရှောင်၏ စိတ်ကူယဥ်ဇာတ်လမ်းများကို အပြည့်အဝ ချေမွလိုက်တော့သည်။
လက်ရှိအခြေအနေအရ ယဲ့ရှောင်သည် မှန်းဆချက်တစ်ခု ပြုလုပ်ထား၏။ ဧကရာဇ်၏ သွေးမျိုးဆက်ပွင့်သွားလျှင်တောင် စီရင်စု၉ခု၏ မဟာအရင်းအမြစ်များဖြင့် ချင်ယွိယန်သည် အနည်းဆုံး အသက် ၃၀ဝန်းကျင်၌ အံ့ဖွယ်ချီရှန်းအဆင့်သို့ အဆင့်တက်နိုင်လောက်သည်။
လုချင်ရှန်းသည် အသက် ၃၀အရွယ်၌ ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းအဆင့်သို့ အဆင့်တက်နိုင်ခဲ့သည်။
ချသ်ယွိယန်ကလည်း ထိုဝန်းကျင်တွင် ရှိလောက်သည်။
သို့သော်ငြား သူက ယခုအချိန်တွင် ရှန်းထျန်းအဌမအဆင့်သို့ ရောက်နေပြီးဖြစ်၏။ ရှန်းထျန်းနဝမအဆင့်သို့ လပိုင်းအတွင်း အဆင့်တက်ဖို့က သူ၏ အစီအစဥ် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူက ဘုရင်နယ်ပယ်ကို ကျော်ဖျက်နိုင်မှာပဲ ဖြစ်သည်။
ဘုရင်နယ်ပယ်မည်မျှ ခက်ခဲစေကာမူ သူသည် ချင်ယွိယန်ထက် ပိုစောပြီး အဆင့်တက်မှာ သေချာ၏။ ချင်ယွိယန်က ဘုရင်နယ်ပယ်သို့ ရောက်သည့်အချိန်၌ သူသည် ဒဏ္ဍာရီလာ ဧကရာဇ်နယ်ပယ်သို့ ရောက်နေလောက်ပြီ မဟုတ်ပါလော။
သူ ဒုက္ခရောက်လျှင် သူမ သူ့ကို ကူညီပေးရန် မျှော်လင့်နေသေး၏။
ဒါက မာလွန်းတာပဲ။
သူက အချည်းနှီး စိတ်လှုပ်ရှားမိခဲ့၏။ ဒါက ဧကရာဇ်သွေးမျိုးဆက်။
ခေါင်းခါလိုက်ပြီးနောက် ယဲ့ရှောင်သည် ထိုကိစ္စကို စိတ်ထဲကနေ ဖယ်လိုက်တော့၏။ အစက သူ ဖုန်းခဏဆော့ချင်ခဲ့သည်။ သို့သော် ယခုမူ စိတ်မပါတော့ပေ။
အကြောင်းမှာ အင်တာနက်ပေါ်၌ အများစုက ထိုကိစ္စများဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။
ထို့အပြင် ကောင်းမွန်သည့် ဝဂ်ဆိုက်များလည်း ရှိမနေချေ။
သူသည် နန်ရှန်းမြို့၏ မြို့တော်ဝန်နှင့် သားရဲနတ်ဘုရားမဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်လေးမှ ရလာသော သိုလှောင်လက်စွပ်များကို စစ်ဆေးကြည့်လို့ ရလောက်သည်။ အထဲ၌ ပစ္စည်းကောင်းရှိမရှိ မြင်ချင်နေ၏။
ရှေးဦးစွာ သူသည် နန်ရှန်းမြို့၏ မြို့တော်ဝန် လက်စွပ်ကို တစ်ချက်ကြည့်လိုက်ပြီး ယဲ့ရှောင်၏ ပုံမှန်အလေ့အထက အကောင်းဆုံးကို မခံစားခင် ဆိုးရွားသည်ကို အရင်စတာပဲ ဖြစ်သည်။
နန်ရှန်းမြို့တော်ဝန်၏ သိုလှောင်လက်စွပ်က အလွန်သေး၏။ သို့သော်ငြား ၂၅၀မှ ၃၀၀ကုဗပေဝန်းကျင် ရှိသေးသည်။ ထိုကဲ့သို့ သိုလှောင်လက်စွပ်က အတော်လေး စျေးကြီးနေပြီးသား ဖြစ်သည်။
မြို့တော်ဝန်က လူပေါင်းများစွာကို အမြတ်ထုတ်ပြီး သားရဲလူသားများနှင့် နေ့စဥ် ပူးပေါင်းခဲ့ပုံပေါ်၏။ သူက သူ့ကို သတ်ခဲ့လျှင် ဆုံးရှုံးမှာ မဟုတ်ပေ။
ယဲ့ရှောင်၏ အကြည့်က လက်စွပ်ဆီ ရောက်သွားချိန်၌ သူ့အမူအယာ တောင့်တင်းသွားတော့၏။
ပစ္စည်းကောင်းပဲ။ နှစ်တစ်သောင်း အေးခဲသံမဏိ စုစုပေါင်း ပေါင် ၄၀၀။
လက်နက်သွန်းလုပ်ရန်အတွက် ထိပ်တန်းအဆင့် ကုန်ကြမ်းများထဲမှတစ်ခု ဖြစ်သည်။
ချီရှန်းအဆင့် ကြယ်တာရာသားရဲ အမြုတေတစ်ရာကျော်နှင့် သူတို့ထဲမှ အချို့က မဟာချီရှန်းများ ဖြစ်ကြသည်။ ယဲ့ရှောင်အတွက် ထိုပစ္စည်းသည် သိပ်အသုံးမဝင်လောက်သော်ငြား သာမန်မြို့တော်ဝန်တစ်ဦးအတွက် ယင်းက များပြားသည့် ငွေကြေး ဖြစ်နေပြီးသားပင်။
ခရမ်းရွှေ ပေါင်၈၂၀။
ယင်းက လက်နက်သွန်းလုပ်ရန်အတွက် အသုံးပြုသည့် ထိပ်တန်းအဆင့် ကုန်ကြမ်းများထဲမှ တစ်ခု ဖြစ်သည်။ ယင်းက အနှစ်တစ်သောင်းအေးခဲ သံမဏိလောက် ဈေးမကြီးသော်ငြား ၄င်း၏ တန်ဖိုးက အတော်မြင့်သေးသည်။
ကျန်သည့် အထွေထွေ အိုင်တန်များဖြစ်သည့် တန်ဖိုးကြီးကုန်ကြမ်းများ၊ ဆေးလုံးများ၊ လက်နက်များစွာ ရှိနေသည်။ လက်စွပ်အပြင် အတွင်းရှိ ပစ္စည်းများအားလုံး၏ တန်ကြေးက ၁၀ဘီလံနား ကပ်ခါနီးပြီးဆိုတာ ချဲ့ကားပြောရန် မလိုအပ်တော့ချေ။ ထိုလက်စွပ်ကို ထပ်ပေါင်းထည့်လိုက်လျှင် ၁၀ဘီလီယံကို အလွယ်တကူ ကျော်လွန်သွားတာပဲ ဖြစ်၏။
သေးငယ်သည့် နန်ရှန်းမြို့၏ မြို့တော်ဝန်က ယဲ့ရှောင်ကို အမှန်တကယ်တွေးပေးပြီး ဝင်ငွေရအောင် လုပ်ပေးလိမ့်မည်ဟု သူ မထင်ထားပေ။ ပြီးနောက် ယဲ့ရှောင်သည် သားရဲနတ်ဘုရား မဟာမိတ် ခေါင်းဆောင်၏ သိုလှောင်လက်စွပ်ကို ကြည့်လိုက်သည်။
နန်ရှန်းမြို့၏ မြို့တော်ဝန်နှင့်ယှဥ်လျှင် သားရဲနတ်ဘုရားမဟာမိတ် ခေါင်းဆောင်၏ သိုလှောင်လက်စွပ်က သေချာပေါက် ပိုသန်မာပြီး နှစ်ဆပိုမာကျော၏။
သူမ သိုလှောင်လက်စွပ်၏ ဧရိယာက ဘောလုံးကွင်းနှစ်ကွင်းစာကျယ်ပြီး ပေ၂၀ကျော်ခန့် မြင့်မားလေသည်။
သိုလှောင်နေရာ၏ လက်ရှိက အတော်လေး ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်၏။ သူ့ကိုယ်ပိုင်လက်စွပ်၏ တစ်ဝက်ကို ရောက်နေပြီ ဖြစ်သည်။
သားရဲနတ်ဘုရား မဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်ကဲ့သို့ အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦး အသုံးပြုသည့် သိုလှောင်လက်စွပ်က ယဲ့ရှောင်ထက် နိမ့်ကျသည်ဟု ဆိုလိုတာ မဟုတ်ပေ။ ယင်းက အတော်လေး စုတ်ချာနေပေ၏။ လက်တွေ့၌ ဤလောကထဲ၌ လေဟာနယ် ကုန်ကြမ်းများစွာ ရှိပေသည်။ သို့သော်ငြား
ယဲ့ရှောင်အဆင့် လက်နက်ပညာရှင် မရှိပေ။ သူတို့က လေဟာနယ်စွမ်းအင်အချို့သာလျှင် သိုလှောင်လက်စွပ်လေးထဲ၌ သိပ်သည်းနိုင်ပေ၏။
လက်တွေ့တွင် သားရဲနတ်ဘုရား မဟာမိတ်၏ ခေါင်းဆောင် အသုံးပြုသည့် သိုလှောင်လက်စွပ်ကို ခရမ်းနီလာကျောက်ဖြင့် ပြုလုပ်ထားတာ ဖြစ်သည်။ ယင်းက ယဲ့ရှောင်၏ လက်စွပ်ထက် ပိုတောင် ကြီးမားပေသည်။ ဆိုလိုသည်က လက်နက်ကို
သန့်စင်သည့် လက်နက်ပညာရှင်က ယှဥ်နိုင်ရုံသာ ရှိသည်။
ယဲ့ရှောင်က လက်စွက်နှစ်ကွင်းကို တစ်ကွင်းတည်း ပေါင်းစည်းနိုင်မည်ဆိုလျှင် သူ သိုလှောင်လက်စွပ်၏ ဝင်ဆံ့နိုင်သည့် ပမာဏကို ထပ်မံ ချဲ့ထွင်နိုင်ပေလိမ့်မည်။ သူမ၏ သိုလှောင်လက်စွပ်ထဲ၌ မည်သည့် ပစ္စည်းကောင်းများ ရှိတယ်ဆိုတာ သိရပေမည်။ ထို့ကြောင့် သူက စိတ်သွင်းလိုက်၏။
” … ”
များလိုက်တာ။ များလိုက်တဲ့ ကုန်ကြမ်းတွေ။
နှစ်တစ်သောင်း အေးခဲသံမဏိထက် ပိုတောင် တန်ဖိုးကြီးသည့် ထိပ်တန်းအဆင့် ဥက္ကာခဲ သံရိုင်းများစွာလည်း ရှိနေ၏။ တစ်ပေါင်၏ တန်ကြေးက နှစ်တစ်သောင်းအေးခဲသံမဏိထက် ၅ဆပိုမြင့်ပြီး ယင်းက တန်ဖိုးတောင် မဖြတ်နိုင်ပေ။ လက်စွပ်ထဲ၌ ကားလေးတစ်စီးပမာဏခန့် ရှိ၏။
သွေးနီကျောက်စိမ်းသည် လက်နက်များနှင့် ချပ်ဝတ်တန်ဆာများကို ရန်သူ၏ သွေးအဆီအနစ်က စုပ်ယူခွင့်ပေး၏။ တိုက်ပွဲပြီးသွားသည့်အချိန်ထိ လက်နက်နှင့် ချပ်ဝတ်တန်ဆာ၏ ခွန်အားက တိုးလာနေမည် ဖြစ်သည်။
ထိုကဲ့သို့ ကုန်ကြမ်းမျိုးကို စီရင်စု၉ခုနှင့် တစ်ကမ္ဘာလုံးတွင်တောင် ရောင်းချရန် တားမြစ်ထား၏။ ယင်းကို ဈေးကွက်ထဲတွင် ဝယ်၍မရပေ။
ထို့ကြောင့် အာကာသစစ်မြေပြင်ထဲတွင်သာ ရနိုင်သည်။ ထိုနေရာ၌ အနည်းဆုံး ကုဗပေ ၃၅၀ခန့် ရှိသည်။
အပိုင်း ၁၈၁ ပြီး၏။