Switch Mode

Chapter – 178

ဓမ္မ ကျမ်းစာ

စာကြည့်တိုက်တာအိုသခင်
အပိုင်း (၁၇၈) ဓမ္မကျမ်းစာ

ယဲ့ရှောင်၏ မျက်ဆံကအနည်းငယ် လှုပ်သွားလေ၏။ သူသည် ယခင်က အတော်လေးဇဝေဇဝါဖြစ်ခဲ့သည်။ အံ့ဖွယ်ဂိုဏ်းများက အာကာသစစ်မြေပြင်သို့ အဘယ်ကြောင့်မသွားရသနည်း။ သူတို့သာ အာကာသစစ်မြေပြင်သို့သွားခဲ့လျှင် ကြယ်တာရာသားရဲများကိုသတ်နိုင်ပြီး ၎င်းတို့ကို ဆေးလုံးအဖြစ်သန့်စင်ကာ ပိုမြင့်သောအဆင့်သို့ရောက်ရန် အသုံးချနိုင်၏။ ဤကဲ့သို့ အဖြေရလာလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
အစက အကြောင်းအရင်းမျိုးစုံကို တွေးခဲ့၏။ သို့သော် သူ မတွေးဝံ့သည့် တစ်ခုတည်းသောအကြောင်းအရာက အံ့ဖွယ်ဂိုဏ်းများသည်လည်း အာကာသစစ်မြေပြင်ကို အတော်လေးကြောက်ရွံ့နေသည့်အချက်ပဲ ဖြစ်သည်။
” ဒီလောကကြီးက တကယ်အလွန်အန္တရာယ်များတဲ့ပုံပဲ … ”
သူ အံ့ဖွယ်ဂိုဏ်းဖြစ်လာပြီးသည့်တိုင် ၎င်းကို လျော့မတွက်နိုင်ပေ။
ထိုစဥ် လျိုချန်စွင်းက သူ့ဘာသာသူပြောလိုက်၏။
” ဒါပေမယ့် အရည်အချင်းတစ်ချို့ရှိတယ်ဆိုရင် အာကာသစစ်မြေပြင်ကိုသွားတာက ပိုကောင်းလိမ့််မယ် … ငါတို့လိုလူတွေအတွက် ငါတို့တွေက ကိုယ့်ကိုကို ပိတ်လောင်ထားသလိုပဲ … အာကာသစစ်မြေပြင်ကိုသွားမယ်ဆိုရင် သေချာပေါက် ပိုမြန်မြန်ဆန်ဆန်ကြီးပြင်းလာမှာ … ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ထိုကိစ္စကို သူ့စိတ်ထဲ၌လည်း တွေးနေလေသည်။ နောင်ကျ သူက အာကာသစစ်မြေပြင်သို့ သွားရအုံးမည့်ပုံ ပေါ်သည်။
နှစ်ယောက်သားက စားသောက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်စကားပြောလိုက်ကြ၏။
လျိုချန်စွင်းက စာကြည့်တိုက်အဆောင်သို့ပြန်သွားစဥ် ယဲ့ရှောင်က တစ်ဖက်သို့လျှောက်သွားလိုက်၏။
ဟွမ်လျို့လီသည် ဘေးကနေတိတ်တဆိတ်ထွက်ပေါ်လာပြီးနောက် ယဲ့ရှောင်၏ ခန္ဓာကိုယ်ပေါ် ခုန်တက်လိုက်တော့သည်။
” သခင် သားရဲနတ်ဘုရားမဟာမိတ်ရဲ့ လက်ဝဲကာကွယ်သူက ချိတ်ပိတ်မှုထဲ ကမန်းကတမ်းဝင်သွားပြီး သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားကို အားဖြည့်ဖို့အတွက် နော့ဖစ်ကို အသုံးချချင်နေတာ … အခု နော့ဖစ်နဲ့ အခြားသူတွေကြောင့် အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရပြီ … ”
” သားရဲနတ်ဘုရားမဟာမိတ်လား … သားရဲနတ်ဘုရားဂိုဏ်းနဲ့ ဆက်နွယ်နေတဲ့ပုံပဲ … ”
” သားရဲနတ်ဘုရားမဟာမိတ်က သားရဲနတ်ဘုရားဂိုဏ်းရဲ့ တိုက်ရိုက်အထက်ပဲ … စီရင်စုကိုးစုထဲမှာ အင်မတန်ကြီးမားတဲ့ သားရဲနတ်ဘုရားမဟာမိတ်တစ်ခုရှိတယ် … သားရဲနတ်ဘုရားမဟာမိတ်ထဲမှာ မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေရှိကြတယ် … လက်ဝဲကာကွယ်သူက ရှန့်ထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းအဆင့်ကို ရောက်နေပြီးသား … သားရဲနတ်ဘုရားမဟာမိတ်ရဲ့ ခေါင်းဆောင်က အနည်းဆုံး ရှန့်ထျန်း အဋ္ဌမအဆင့်ရှိတယ်လို့ ကြားမိတယ် … ”
” နောက်ထပ်သားရဲလူသားလား … ”
ယဲ့ရှောင်၏ မျက်လုံးထဲ၌ အေးစက်စက်အလင်း ဖျက်ခနဲပေါ်လာ၏။
ယဲ့ရှောင်သည် သားရဲလူသားများအပေါ် အမြင်ကောင်းမရှိပေ။ သူ့အမြင်ကောင်းရှိသည့် တစ်ဦးတည်းသောသူက နျဥ်ယွိဟန် ဖြစ်သည်။ သူတောင် ​ရွှေရောင်မြေခွေးမျိုးနွယ်စုက ခေါ်သွားတာခံလိုက်ရသည်။
သားရဲလူသားများကိုယ်တိုင်က လူသားသွေးတစ်ဝက်ရှိသော်ငြား သူတို့သည် အမြဲတမ်းကြယ်တာရာသားရဲများ ဖြစ်ချင်နေ၏။ ကြယ်တာရာသားရဲများက မြင့်မြတ်ပြီး လူသားများက နိမ့်ကျသည်ဟု သူတို့အမြဲတမ်းယုံကြည်နေကြသည်။
သူတို့ လူသားများကို အထင်သေးတာက အဆင်ပြေ၏။ သို့သော် လူသားများကို ရင်ဆိုင်တိုက်ခိုက်ရန် ကြယ်တာရာသားရဲများကိုတောင် ကူညီခဲ့သည်။ တူညီသောအခြေအနေက ယခင်က ဖာ့ရှင်းနှင့် သက်ဆိုင်ဖူးသည့် တောအုပ်မြို့၏ လူသားများကို ကာကွယ်ရန်အလို့ငြာ သူသည် မိစ္ဆာလမ်းစဥ်ကိုကျင့်ကြံသည့် သားရဲလူသားများကို ချိတ်ပိတ်ထားခဲ့၏။ ထို့ကြောင့် ယဲ့ရှောင်သည် သားရဲလူသားများအပေါ် အမုန်းဆုံးဖြစ်သည်။
” သခင် နော့ဖစ်နဲ့ တခြားသူတွေလုပ်ပုံအရ လက်ဝဲကာကွယ်သူက မသေခင် သူတို့ကို ခြိမ်းခြောက်ခဲ့တယ် … သူက သူ့ဆီမှာ ကိုသြဒိနိတ်အမှတ်အသားတစ်ခုရှိတယ်လို့ ပြောတယ် … သားရဲနတ်ဘုရားမဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင်က သေချာပေါက်ရောက်လာပြီး သူ့အတွက် လဲ့စားချေပြီး ကျန်းဟိုင်မြို့ကို ဖျက်ဆီးမှာ … ”
ယဲ့ရှောင်၏ သူငယ်အိမ်တို့ ကျုံ့သွားပြီး အေးစက်မှုက ဟွမ်လျို့လီကို ကြောက်လန့်တကား တုန်ရီသွားစေ၏။
သခင် ဒေါသထွက်နေလေသည်။ ဤနည်းဖြင့် ထိုသားရဲလူသားများ ဒုက္ခရောက်လောက်၏။
” သခင် သားရဲနတ်ဘုရားမဟာမိတ်ရဲ့နေရာကို ကျွန်မတို့ သွားစစ်ကြည့်သင့်လား … ”
” မလိုဘူး … ငါတို့ အဲ့တာကို ရှာနိုင်မယ်ဆိုရင် စီရင်စုကိုးစု မဟာမိတ်က အစောထဲက သားရဲနတ်ဘုရားမဟာမိတ်ကို ဖျက်ဆီးလောက်ရောပေါ့ … လက်ဝဲကာကွယ်သူပြောတာ အမှန်ပဲဆိုရင် သားရဲနတ်ဘုရားမဟာမိတ်ရဲ့ မဟာမိတ်ခေါင်းဆောင်ကိုယ်တိုင် ရောက်လာဖို့က သိပ်မလိုတော့ဘူး … ”
” သခင်က ဉာဏ်ကြီးလိုက်တာ … ဒါဆိုရင် ကျွန်မတို့ အိမ်ပြန်ပြီး ချက်ပြုတ်သင့်လား … ”
ဟွမ်လျို့လီအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးကိစ္စက နေ့စဥ်နေ့တိုင်း အံ့ဖွယ်အဆင့်ကြယ်တာရာသားရဲခုနှစ်ကောင်၏ အသားနှင့် ဥများကိုစားရတာပဲဖြစ်သည်။ ထိုထဲ၌ အင်မတန်သိပ်သည်းသည့် သွေးအဆီအနှစ်ပါဝင်နေသောကြောင့် သူမ၏ ကျင့်ကြံဆင့် လျင်မြန်စွာတက်လာသည်ဟု ခံစားမိစေသည်။
ထိုအခြေအနေအရ သူမသည် နောက်ထပ်လဝက်ခန့်စားသောက်ပြီးနောက် ရှန့်ထျန်း ဆဠမအဆင့်သို့ အဆင့်တက်သွားလောက်သည်။ ထိုအချိန်ရောက်လျှင် သူမသည် အံ့ဖွယ်ချီရှန်းတစ်ဦးဖြစ်ဖို့ ခြေတစ်လှမ်းသာလိုတော့မှာပဲ ဖြစ်သည်။
သို့သော် ယဲ့ရှောင်က သူမ ဆန္ဒရှိသလို လုပ်ချင်ပုံမပေါ်ပေ။ သူက ခေါင်းခါလိုက်၏။
” ဒီနေ့ လောဖို့မလိုဘူး … မနက်ဖြန်က ပိတ်ရက်ပဲ … ငါအလုပ်မလုပ်ရတဲ့နှစ်ရက်ကို အသုံးချပြီး ဖာ့ရှင်းသွားခဲ့တဲ့ဂူကို သွားရှာမယ် … ”
” မင်းက ကျန်းဟိုင်မြို့မှာနေပြီး နော့ဖစ်နဲ့ အခြားသူတွေရဲ့ အသားနဲ့ဥတွေကို နေ့တိုင်းစုဆောင်းထား … အဲ့ဒီ ပစ္စည်းတွေကို သိမ်းတဲ့နေရာမှာသုံးဖို့ သိုလှောင်လက်စွပ်လေးတစ်ကွင်း ချန်ထားပေးမယ် … ငါပြန်ရောက်တဲ့အချိန် အဲ့တာကို မင်းသုံးလို့ရတယ် … ”
ဝမ်လျို့လီက အနည်းငယ်စိတ်ပျက်သွားသော်ငြား ယဲ့ရှောင်ပြောတာကို သေချာပေါက်နားထောင်ရပေမည်။
” သခင် စိတ်မပူနဲ့ … တာဝန်ပြီးမြောက်မှာ သေချာတယ် … ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် မြေပုံကိုတစ်ချက်ထိပြီး ခြေထောက်ကိုဖျက်ခနဲခုန်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် နေရာကနေချက်ချင်းပျောက်ကွယ်သွား၏။
စာကြည့်တိုက်ထဲကနေ လမ်းလျှောက်ထွက်လာသော လျို့ချန်စွင်းက ရုတ်တရက်ထိတ်လန့်တုန်လှုပ်သွား၏။
ခုနတုန်းက အမဲရောင်ကြွက်ကြီးတစ်ကောင် ပြေးလာတာများလား။ အလျင်အမြန်ပဲ သူက ခေါင်းထက်ခါလိုက်ပြန်သည်။
ငါတကယ် စိတ်နောက်နေတာပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူကိုယ်တိုင်က အံ့ဖွယ်ချီရှန်းတစ်ဦးဖြစ်ပြီး ရှန့်ထျန်း အဋ္ဌမအဆင့်တွင်တောင် ရှိသည်။ သူ မမြင်ဘဲ သူ့ရှေ့ကနေ ဖြတ်ပြေးနိုင်သည့်သူ ရှိလာခဲ့လျှင် ထိုလူက သေချာပေါက်လူမဟုတ်ပေ။ အမှန်တကယ်တွင် ယဲ့ရှောင်၏အရှိန်က မြန်လွန်းသောကြောင့် ဖြစ်၏။
ရှန့်ထျန်းအဋ္ဌမအဆင့်အပြင် ကောင်းကင်အာရုံစူးစိုက်ခြင်းကျင့်စဥ်၏ အရှိန်ကမြန်ဆန်လွန်းသောကြောင့် မည်သူကမှ သူ့ပုံရိပ်ကို မမြင်နိုင်ချေ။
ရှန့်ထျန်း နဝမအဆင့် သိုင်းပညာရှင်တစ်ဦးကတောင် ယဲ့ရှောင်၏အရှိန်ကို အလွယ်တကူခြေရာခံနိုင်မှာမဟုတ်လေရာ ရှန့်ထျန်း အဋ္ဌမအဆင့်သာရှိသည့် လျို့ချန်စွင်းဆို ပြောရန်မလိုပေ။
အရှိန်အရာတွင် သူက ယဲ့ရှောင်၏ဖိနပ်ကိုသယ်ဖို့တောင် မမှီပေ။
ယဲ့ရှောင်သည် မြေပုံပေါ်၌ အမှတ်အသားပြုထားသော တည်နေရာသို့ လျင်မြန်စွာရောက်သွားလေ၏။ ယင်းက ကျန်းဟိုင်မြို့နှင့် မဝေးပေ။ ကျုံးစီရင်စု၏ အရှေ့တောင်အရပ်ရှိ တောအုပ်ကြီးထဲတွင် ဖြစ်သည်။
ကျုံးစီရင်စု၏ အရှေ့အရပ်တွင် ကျန်းစီရင်စုနှင့် ချင်စီရင်စုတို့ရှိသည်။ ကျန်းစီရင်စုက မြောက်ဘက်တွင်ရှိပြီး ချင်စီရင်စုက တောင်ဘက်တွင်ရှိ၏။ ချင်စီရင်စုက ချူစီရင်စုနှင့် ဆက်နွယ်နေသည်။ ကျန်းစီရင်စုကမူ ကျုံးစီရင်စုနှင့် အပြည့်အဝဆက်နွယ်ထား၏။
လင်းမြို့က ကျန်းစီရင်စု၏ အနောက်မြောက်အရပ်တွင်ရှိပြီး ကျုံးစီရင်စု၏ အရှေ့မြောက်အရပ်တွင်ရှိကာ ကျုံးစီရင်စုနှင့် ကျိုးစီရင်စုက ဆက်နွယ်နေ၏။
ထိုတောင်တန်းတောအုပ်က ကျုံးစီရင်စု၏ အရှေ့တောင်အရပ်တွင် ရှိသည်။ ချူစီရင်စု၏ ရှောင်လင်ကျောင်းတော်အပိုင် ဖြစ်သည်။ ယင်းက လင်းမြို့သို့သွားရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
တောအုပ်ဆီသို့ ရောက်လာပြီးနောက် ယဲ့ရှောင်သည် ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုကို ချက်ချင်းထုတ်ဖော်ကာ စတင်ရှာဖွေတော့၏။
ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုက လေထဲပြန့်ကားသွားပြီးနောက် တောင်တန်းတောအုပ်တစ်ခုလုံးကို လျင်မြန်စွာသိမ်းပိုက်လိုက်တော့သည်။ ထို့အပြင် ယင်းက တစ်စက္ကန့်လျှင် အကြိမ်တစ်ရာနှုန်းဖြင့် စစ်ဆေးနေတာပဲဖြစ်သည်။
အသက်နှစ်ရှိုက်သုံးရှိုက်စာအတွင်း ယဲ့ရှောင်က တည်နေရာကို ဆုံးဖြတ်ပြီးသွားသည်။
ရှာတွေ့ပြီ။
ယဲ့ရှောင်က စိတ်လှုပ်ရှားသွား၏။ သူက နတ်ဘုရားအာရုံစူးစိုက်ခြင်းကျင့်စဥ်ကို ထပ်မံအသုံးပြု၏။ ချက်ချင်းပင် ဂူထဲရောက်လာတော့သည်။
ဂူဝင်ပေါက်၌ အရိုးအချို့ ပုံနေလေ၏။ ကြယ်တာရာသားရဲအချို့ သို့မဟုတ် သားရဲလူသားများက ပြောင်းရွေ့ပြီးတာ သိသာသည်။
သို့သော် ယဲ့ရှောင်က ဂရုမစိုက်ပေ။ သူ၏ ခုနှစ်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုက အရာအားလုံးကိုစစ်ဆေးပြီး အမှတ်အသားပြုလုပ်ပြီးပြီ ဖြစ်သည်။
ယဲ့ရှောင်ဝင်လာချိန်၌ အမှောင်ထဲ၌ ဟိန်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။
ပြီးနောက် ထူးကဲအဆင့် အစိမ်းရောင်ဝံပုလွေတစ်ကောင်က သူ့ဆီသို့ တစ်ဟုန်ထိုးဝင်လာပြီး အမှောင်ထုထဲ၌ သွေးသံရဲရဲပါးစပ်ကြီးကို ဟထားသည်။ သူ၏ နှာခေါင်းဝသို့ ငါးညှီနံက တိုးဝှေ့လာလေ၏။ ထိုသွေးသံရဲရဲပါးစပ်က ကြီးမားလွန်းသောကြောင့် ယဲ့ရှောင်၏ ခေါင်းသုံးလုံးစာ ဆန့်ပေသည်။
ဖုတ် …
အစိမ်းရောင်ဝံပုလွေက မြေကြီးပေါ်ပြုတ်ကျသွား၏။ ၎င်း၏ ခေါင်း၌ အပေါက်ကြီးတစ်ပေါက်ရှိနေပြီး အငွေ့အသက်များမရှိတော့ပေ။
ယဲ့ရှောင်က သူ့လက်တောင်မမြောက်ပေ။ ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုက သူ၏ ဝိညာဥ်စွမ်းအားကို ထိန်းချုပ်ပြီး ၎င်းကို ရုပ်ခန္ဓာအသွင်ဖြင့် သိပ်သည်းလိုက်တာပဲဖြစ်သည်။ ချင်ချင်းပင် ယင်းက အစိမ်းရောင်ဝံပုလွေ၏ခေါင်းကို ဖောက်ခွဲလိုက်ပြီး အညှာအတာမဲ့စွာ သတ်ဖြတ်လိုက်၏။
ယဲ့ရှောင်သည် ဂူအတွင်းသို့ရောက်သည့်အချိန်၌ သူသည် အစိမ်းရောင်ဝံပုလွေက ဝံပုလွေသားရဲတွင်းအဖြစ် အသွင်ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သို့သော်ငြား နံရံပေါ်တွင် တစ်စုံတစ်ယောက်က ကျင့်စဥ်များကိုထွင်းထုထား၏။ ထို့ကြောင့် သူတို့က မထိခိုက်ပေ။
ယဲ့ရှောင်က တစ်ချက်ကြည့်ပြီး အစတွင်မြင်လိုက်ရသည်က တထာဂတာ နတ်လက်ဝါးဖြစ်သည်။
သူကိုယ်တိုင် တထာဂတာနတ်လက်ဝါးကို ကျင့်ကြံသောကြောင့် ထိုကျင့်စဥ်နှင့် အလွန်ရင်းနှီးသည်။ ပြီးနောက် ယဲ့ရှောင်သည် ကျန်သည့်ကျင့်စဥ်များကို ကျင့်လိုက်၏။
ရွှေရောင်စာအုပ်က အခြေခံကျင့်စဥ်လေးမျိုးကို လျင်မြန်စွာ စုဆောင်းလိုက်၏။
လက်တောက်ခြင်းကျင့်စဥ်၊ မဟာဗျာဒတ်သလက်ချောင်း၊ ဟာကြူလီမိုးကြိုးလက်ချောင်းနှင့် ယန်တစ်ပါးလက်ချောင်းတို့ ဖြစ်သည်။
လေးမျိုးလုံးက လက်ချောင်းသိုင်းဖြစ်ကြ၏။ နံရံပေါ်၌ လက်ချောင်းသိုင်းများကို ထွင်းထုထားသည့် စီနီယာက လက်ချောင်းသိုင်းနှင့်ပတ်သက်ပြီး အတော်လေးဗဟုသုတကြွယ်ဝသူဖြစ်ရမည်။
ဤနည်းဖြင့် ယဲ့ရှောင်၏ လက်ချောင်းသိုင်းက ချက်ချင်းပင် အမြင့်ဆုံးအထိရောက်လာ၏။ ယခင်ရှိသည့်အရာနှင့် ပေါင်းလိုက်ရာ စုစုပေါင်းလက်ချောင်းသိုင်း ဆယ့်တစ်မျိုးဖြစ်လာတော့သည်။ သို့သော် ၎င်းပေါင်းစည်းနိုင်ချေ ရှိမရှိကမူ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ပေါ်တွင် မူတည်နေ၏။ ပြီးနောက် ယဲ့ရှောင်သည် နောက်ဆုံးကျင့်စဥ်ကိုကြည့်လိုက်သည်။
ဓမ္မကျမ်း။ ရှောင်လင်တော်ဝင်ကျမ်းကျင့်စဥ် ဓမ္မကျမ်းပင် ဖြစ်သည်။
နံရံပေါ်ရှိကျင့်စဥ်ကို ရှင်းရှင်းလင်းမြင်တွေ့ပြီးနောက် ယဲ့ရှောင်သည် ပျော်ရွှင်မှုကြောင့် မျက်နှာက လက်သွားတော့၏။
ဓမ္မကျမ်းက တော်ဝင်ကျင့်စဥ်တစ်မျိုးဖြစ်သည်။ ယခင်က ရှောင်လင်မသင်ပေးနိုင်သည့် လျှို့ဝှက်ချက်ဖြစ်ကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။
နောင်ကျ ဓမ္မကျမ်းကို ရအောင်ယူနိုင်ရန် အခွင့်အရေးရှိလာမည့်ပုံကို သူတွေးခဲ့သည်။ မျက်တောင်တခက်အတွင်း၌ ဤဂူထဲ၌ ဓမ္မကျမ်းကိုရှာတွေ့လိမ့်မည်ဟု သူ မထင်ထားပေ။ ဤနည်းဖြင့် သူသည် ရှောင်လင်ကိုသွားဖို့ စိုးရိမ်စရာမလိုတော့သောကြောင့် ဒုက္ခသက်သာ၏။
ရှောင်လင်၏ အကြွင်းမဲ့သိုင်းပညာလေးရပ်နှင့် လက်ချောင်းသိုင်းမှအပ သူ ယခုအခေါက်တွင် အတော်လေးရလိုက်၏။ မြေပုံဝေဖန်စမ်းစစ်မှုက သူ့အတွက် မှန်ကန်သည့်အရာ ဖြစ်ပုံပေါ်သည်။
ပြီးပြည့်စုံတယ်။
ယဲ့ရှောင်သည် သူ၏ဝိညာဥ်ထဲသို့ ဓမ္မကျမ်းကို ချက်ချင်းသိုလှောင်ပြီးနောက် ရွှေရောင်စာအုပ်အံ့ဖွယ်ဝိညာဥ်ကို နိုးဆွကာ စတင်ကျင့်ကြံလိုက်တော့၏။
နှစ်နာရီကြာပြီးနောက် သူသည် လက်ချောင်းကျင့်ကြံမှုများအားလုံးကို ကျင့်ကြံပြီးလိမ့်မည်ဟု သူမှန်းဆခဲ့သည်။ နှလုံးသားကျင့်စဥ်သည် နောက်နေ့နံနက်ထိ စောင့်ရမှာဖြစ်နိုင်သည်။
သူ့တွင်ရှိသည့် နှလုံးသားကျင့်စဥ်က ခရမ်းရောင်ငွေပင်လယ်နှင့် ဓမ္မကျမ်းတို့ဖြစ်ပြီး တော်ဝင်နှလုံးသားကျင့်စဥ် နှစ်မျိုးရှိ၏။ သို့သော်ငြား အများအပြားရှိသည်ဟု ယဲ့ရှောင် မခံစားမိပေ။ အကြောင်းမှာ တော်ဝင်ကျင့်စဥ်များကိုလည်း ပေါင်းစီးနိုင်သောကြောင့် ကျင့်စဥ်ပိုများလေကောင်းလေဖြစ်သည်။
ယခု သူ၏ ကျင့်စဥ်က တော်ဝင်ကျင့်စဥ်အဖြစ် ပေါင်းစီးနိုင်သည့်အဆင့်သို့ ရောက်အောင်သာ သူစောင့်စားရုံသာရှိသည်။ ထိုအချိန်ကျလျှင် တော်ဝင်ကျင့်စဥ်သုံးမျိုးကို တစ်ခုထဲအဖြစ်​ပေါင်းစီးပြီး ကျင့်စဥ်အရေအတွက်က လျော့ကျသွားလိမ့်မည်။
အဆုံးတွင် ကျင့်စဥ်အားလုံးကို တစ်သားထဲပေါင်းစီးနိုင်မည်လားဆိုတာ သူ မသိရုံဘဲရှိမည်။
ယခု သူက အားလုံးကိုသင်ယူခဲ့ပြီဖြစ်ရာ ကျန်းဟိုင်မြို့သို့ပြန်ရန် အချိန်ကျနေပြီဖြစ်သည်။
သို့သော် ထိုစဥ် ယဲ့ရှောင်သည် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်မိ၏။
မျက်ခုံးအနည်းငယ်ပင့်လိုက်ပြီး ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုက ပတ်ဝန်းကျင်ကိုလွှမ်းခြုံသွားကာ ယဲ့ရှောင်သည် အော်သံကိုကြားလိုက်ရ၏။
” ကယ်ကြပါ ကျွန်မကို မသတ်ပါနဲ့ … ”
” မင်းမင်း မြန်မြန်ထ … ဟင့်ဟင့် … ”
” နှလုံးသားမဲ့တဲ့ သားရဲလူသား … ကောင်းကင်ဘုံက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး … ”
သားရဲလူသား ဖြစ်နေပြန်ပြီလား။
ယဲ့ရှောင်၏အကြည့်က အနည်းငယ်အေးစက်သွားသည်။ ယခုအချိန်၌ သားရဲလူသားများကို သူ အင်မတန် ရွံရှာစက်စုတ်နေပြီဖြစ်သည်။ လူသားများကိုသတ်နေသည့် သားရဲလူသားများကို တွေ့ကြုံရသည်က ပိုဆိုးစေ၏။ အတွေးတစ်ချက်ဖြင့် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို ထုတ်ဖော်လိုက်သည်။ မျက်တောင်တခက်အတွင်း ယဲ့ရှောင်က မိုင်တစ်ရာကျော်ကွာဝေးသည့် ရွာလေးတစ်ရွာ၌ ပေါ်လာ၏။
ရွာလေး၏ တည်နေရာက အတော်လေးလျှို့ဝှက်ကာ ဤနေရာ၌ နေထိုင်သည့်ရွာသားဦးရေ အနည်းငယ်ရှိသည်။ ထိုစဥ် တောင်ပေါ်ရွာ၏ လျှပ်စီးဝါယာကြိုးများက ဖြတ်တောက်ခံထားရသည်။ တစ်ရွာလုံးက မှောင်နေလေ၏။
အကူအညီတောင်းရန် ငိုနေသည့်အသံကိုသာ ကြားနေရပြီး သူတို့ကလည်း ဖြည်းဖြည်းချင်းအားလျော့သွားလေ၏။
ဆိုလိုသည်က ရွာထဲရှိလူများ သေတော့မှာပဲဖြစ်သည်။
ရက်စက်လိုက်တဲ့ နှလုံးသား။
ရွာထဲတွင် အနည်းဆုံးမိသားစုရာချီရှိသည်။ သားရဲလူသား၏ လုပ်ရပ်များက အဆုံးစွန်ထိရောက်အောင် အင်မတန်ရက်စက်လွန်း၏။
ယဲ့ရှောင်က နှာခေါင်းရှုံ့လိုက်သည်။ သူ၏ နောက်ကျော၌ ရွှေရောင်ဓားက ပေါ်လာ၏။ ချက်ချင်းပင် သတ်ဖြတ်ခြင်းရောင်ခြည်က ပေါ်ထွက်လာပြီး တောင်ပေါ်ရွာထဲ ဝင်ရောက်သွား၏။ နောက်တစ်က္ကန့်က ပေါက်ကွဲသံများကို ဆက်တိုက်ကြားလိုက်ရတော့သည်။

အပိုင်း (၁၇၈) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset