Switch Mode

Chapter – 168

ပန်းပွင့်တစ်ပွင့် ဓါးတစ်လက် တစ်လောကလုံး ထိတ်လန့်တုန်လှုပ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၆၈ ပန်းပွင့်တစ်ပွင့် ဓါးတစ်လက် တစ်လောကလုံး ထိတ်လန့်တုန်လှုပ်။

ရွှမ်းအာက နှင်းဆီနီနှစ်ပွင့်ကို ကြည့်ပြီး မျက်မှောင်ကျုံ့သွား၏။
အဲ့ဒါဘာလဲ။ နှင်းဆီနီနှစ်ပွင့်။ ဒါက ဓါးမော့ဓါးဝိဇ္ဇာဆီကလား။ မှားတာများလား။ ကလေးကစားတဲ့အိမ်နဲ့ ဘာကြောင့် တူနေရတာလဲ။
ဒါပေမဲ့ ဆရာက ဒီလိုပြောတယ်ဆိုတော့ မှားနိုင်စရာအကြောင်း မရှိဘူး။ သူ ဘယ်လို လှည့်ကွက်မျိုး လုပ်နေလဲဆိုတာ အရင်ကြည့်တာပေါ့။
အောက်ရှိ လူများကလည်း အံ့သြဆွံ့အကုန်၏။ ပန်းနှစ်ပွင့်ဖြင့် မိန်းမငယ်လေးကို တွေ့သည့်အချိန်၌ သူတို့က နားမလည်နိုင်ကြပေ။
” သူ ဘယ်သူလဲ ”
” ငါ မသိဘူးလေ ”
” ငါသိတယ်။ သူက ငါ့ရည်းစားဟောင်း ”
” ဟေ့ ဟင်းရွက်များများ ပိုစား။ တစ်ချိန်လုံး သောက်မနေနဲ့ ”
အားလုံး၏ ကျီစယ်သော စကားများက တင်းမာသော မြင်ကွင်းကို ပျော်ရွှင်မှုများ ပြည့်သွားစေ၏။
မိန်းကလေးကမူ မြစ်ဆိပ်ဘေးသို့ ပြေးလာပြီးနောက် သူမလက်ထဲရှိ နှင်းဆီနီနှစ်ပွင့်ကို မြှောက်ပြကာ ပြောလိုက်၏။
” ဘယ်သူက ဟန်နိုင်ငံရဲ့ ဓါးသူတော်စင် လျိုချန်စွင်းလဲ ”
လျိုချန်စွင်းက သူမကို အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်၏။
” ငါပဲ ”
မိန်းကလေးက သူမ၏ လက်ထဲရှိ ပန်းနှစ်ပွင့်ကို ကြည့်ပြီးနောက် ညာလက်ရှိ တစ်ပွင့်ကို မြှောက်ကာ ပြောလိုက်၏။
” အား .. ဒီပန်းပွင့်က ရှင့်အတွက်ပဲ ”
လျိုချန်စွင်းက ပန်းပွင့်ကို ဇဝေဇဝါဖြစ်နေသည့် အမူအယာဖြင့်ကြည့်ပြီး ပိုတောင် မျက်ခုံး ပင့်မိသွား၏။
သို့သော်ငြား ပန်းပွင့်က မူမမှန်တာကို သူ မြန်မြန်ဆန်ဆန်ပဲ သတိပြုမိလိုက်၏။
သူ၏ အမူအယာက လေးနက်တည်ကြည်လာသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် မိန်းကလေးကို ပြောလိုက်၏။
” ကျုပ် ဒီပန်းပွင့်ကို ယူလိုက်မယ် ”
ပြီးနောက် သူ့အစွမ်းထက်သော အံ့ဖွယ်အဆင့် အရှိန်အဝါက စတင်ပေါ်ထွက်လာ၏။
ရှီကွမ်းဟောင်၊ လန်ရှင်းယွဲ့၊ မူရာကာမီပေ့ချွမ်တို့ကလည်း ထိုပန်းနှစ်ပွင့် မူမမှန်တာကို သတိပြုမိသည်။ သူတို့က မျက်ဝန်းများ မှေးကျဥ်းလိုက်မိ၏။
” ဒီလူက သိပ်သန်မာတာပဲ ”
ရှီကွမ်းဟောင်က ချီးကျူးမိသွားသည်။ လန်ရှင်းယွဲ့က ခေါင်းညိတ်လိုက်၏။
” အံ့ဖွယ်ဂိုဏ်းရဲ့ တိုက်ခိုက်မှုကို အသာထားဦး။ သာမန်အကျဆုံး ရှန်းထျန်းနယ်ပယ်သိုင်းပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကတောင် နုနှယ်တဲ့ ပန်းပွင့်လေးကို ခံနိုင်ရည် မရှိဘူး။ ဒါပေမဲ့ သူ လုပ်ခဲ့တယ်။ ဒီလိုခွန်အားနဲ့အရ ငါ လုပ်နိုင်မှာ မဟုတ်ဘူး ”
မူရာကာမီပေ့ချွမ်က ဘာမှမပြောပေ။ ထိုလူ၏ မျက်လုံးများက ရက်စက်နေလေ၏။ သူ ဘာစဥ်းစားနေမှန်း မည်သူမှ မသိပေ။
လျိုချန်စွင်းက သူ၏ ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်အဆင့် အရှိန်အဝါကို စတင်ထုတ်ဖော်လိုက်သည်နှင့် မြစ်ဘေးရှိ လှေများက သူတို့ပေါ် တောင်ကြီးတစ်လုံး ဖိကျလာသည့်ပမာ ခံစားလိုက်ရသည်။ အချို့ကဆို ခေါင်းတောင် မမော့နိုင်တော့ပေ။ လူအများစုက နေရာမှာပင် ခါးကိုင်းရန် ဖိအားပေး ခံရပြီး မြေကြီးပေါ် ပြားပြားကပ်ရုံသာ ရှိတော့၏။
မြစ်ဆိပ်ရှိ သိုင်းပညာရှင် ၉၀ရာခိုင်နှုန်းခန့်က မြေကြီးပေါ် လှဲကျသွားသည်။
ဟို့ထျန်းအဌမအဆင့်အထက် သူများသာလျှင် တောင့်ခံနိုင်သည်။
သူတို့ တောင့်ခံနိုင်ခဲ့ရင်တောင် မျက်နှာများက နီရဲနေပြီး ခန္ဓာကိုယ်ထဲရှိ သွေးများက ရူးသွပ်စွာ စီးဆင်းနေကြ၏။
ချီရှန်းအဆင့်အထက်များ ဖြစ်သည်။
ချင်ရှန်းလုံနှင့် ကျန်သည့်သူများ၏ မျက်နှာတောင် ဖြူဖျော့နေပြီး သူတို့က ၄င်းကို ခံနိုင်ရည် မရှိကြတော့ပေ။
လူတစ်ယောက်၏ ခွန်အားက တုချန်ဖုန်းနှင့် ဖာ့ကျန်းတို့ကဲ့သို့ မဟာချီရှန်းများ အဆင့်သို့ ရောက်သည့်အချိန်ကြမှသာ သူတို့က အနည်းငယ် ပိုခံနိုင်ရည်ရှိမည်ဖြစ်ကာ အရှက်မကွဲတော့မှာပဲ ဖြစ်သည်။
” ဒါက အံ့ဖွယ်ချီရှန်းတစ်ယောက်ရဲ့ ဖိအားလား ”
တုချန်ဖုန်းက သက်ပြင်းချလိုက်မိသည်။
အံ့ဖွယ်ချီရှန်းတစ်ဦး၏ ဖိအားက သန်မာလွန်းသည်။
သန်မာလွန်းသောကြောင့် လူတိုင်း၏ ရင်ပေါ် ဧရာမတောင်ကြီး ဖိကျလာသည့်ပမာ ခံစားလိုက်ရပြီး သူတို့ခေါင်းတောင် မမော့နိုင်တော့ချေ။
ယင်းက ကမ္ဘာ့နဂါးစာရင်းရှိ အဆင့် ၄၉သာ ရထားသည့် ပုဂ္ဂိုလ်သာ ရှိသေးသည်။ အဆင့် ၁၀ရထားသည့် ဓါးသူတော်စင် လုချင်ရှန်းသာဆိုလျှင် သူမည်မျှ သန်မာမည်နည်း။
လူအများက ၃ဆင့်၊ ၆ဆင့်၊ ၉ဆင့် ပိုင်းခြားထားသည်။
လူအုပ်ကြီးထဲရှိ ဖျောင်ကျန့်ရှန်က ထိုမြင်ကွင်းကို မြင်တွေ့သောအခါ သက်ပြင်းချလိုက်မိ၏။ သူ့ဆရာအပေါ် အဆုံးမရှိ လေးစားမှုများ ပြည့်နေသည်။ ယင်းက သူ၏ ဆရာ ဓါးသူတော်စင်ပဲ ဖြစ်သည်။
ရှန်းထျန်း အဌမအဆင့် အံ့ဖွယ်ချီရှန်း။
သူ နိုင်မှာလား။ ဓါးမော့ဓါးဝိဇ္ဇာ နိုင်မှာလား။
ဖျောင်ကျန့်ရှန်က လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။
သူ တစ်နှစ်ကျော် ရှာဖွေနေခဲ့သည့် အဖြေက ယခုအချိန်တွင် ပေါ်ထွက်လာတော့ပေမည်။ သူ၏ အရှိန်အဝါ အထွတ်အထိပ်သို့ ရောက်သည့်အချိန်၌ လျိုချန်စွင်းက နောက်ဆုံးတွင် လှုပ်ရှားလိုက်၏။ သူ၏လက်ချောင်းကို ဓါးတစ်လက်အနေဖြင့် အသုံးပြုကာ ပိုင်းဖြတ်လိုက်သည်။
ချက်ချင်းပင် သူ့ခေါင်းအထက် လျှပ်စီး ဖျတ်ခနဲ ပေါ်လာပြီး အားလုံး၏ အကြည့်ကို ခဲသွားစေကာ အသက်ရှူ ရပ်တန့်သွားစေ၏။
ပြင်းထန်သည့် ဓါးဆန္ဒက မိန်းကလေးဆီသို့ အထင်သေးသည့် အမူအယာဖြင့် ပိုင်းဖြတ်သွားသည်။
ထိုစဥ် မြစ်မျက်နှာပြင်ပေါ်ရှိ လေများက ဖိနှိပ့်ခံလိုက်ရပုံပေါ်ကာ အသံများ မထွက်နိုင်တော့ပေ။
ယခုအချိန်တွင် ကောင်းကင်ထဲရှိ တိမ်တိုက်များကလည်း ခဲသွားပုံပေါ်ပြီး မလှုပ်နိုင်တော့ပေ။ ယခုအချိန်တွင် တစ်လောကလုံး ရပ်တန့်သွားပုံ ပေါ်၏။ လောကကြီးထဲ၌ လျိုချန်စွင်း၏ ဓါးသာ ကျန်နေပုံရသည်။
အရာအားလုံးက ခဏအတွင်း ပြီးစီးသွားသည်။ လျိုချန်စွင်း၏ ဓါးက အင်မတန် မြန်ဆန်၏။ ဟန်နိုင်ငံ၏ တစ်ကမ္ဘာလုံး ကျော်ကြားသည့်
ဓါးသူတော်စင် လျိုချန်စွင်းက ထင်သည့်အတိုင်းပင် ဓါးထုတ်ဖော်လိုက်သည်နှင့် အေးစက်စက် အလင်းတန်းက ကျရောက်လာပြီး ချက်ချင်း ပိုင်းဖြတ်လာတော့၏။ အားသာချက်အားလုံးရထားပုံ ပေါ်၏။
ဓါးက မရေမတွက်နိုင်သည့် လူပေါင်းများစွာ သူတို့တစ်ဘဝလုံး၌ ဘယ်တော့မှ မရောက်နိုင်သည့် အမြင့်တွင် ရှိနေသည်။
သို့သော် ထိုမိန်းကလေး၏ လက်ရှိ နှင်းဆီကလည်း လှုပ်ရှားလာလေ၏။
ခန္ဓာက ရွှေရောင်အလင်းတစ်ခု စတင်ဖြာထွက်လာပြီးနောက် ၄င်း၏ ခွန်အားသည် လျိုချန်စွင်း၏ ခွန်အားထက် ပိုသန်မာသည့် အရှိန်အဝါတစ်ခုအထိ ချက်ချင်းရောက်သွားပြီး လျိုချန်စွင်း၏ အရှိန်အဝါကို ချက်ချင်း သာလွန်သွားသည်။
အရှိန်အဝါက အထွတ်အထိပ်အထိ ပေါက်ကွဲသွားသည့်အချိန်၌ လျိုချန်စွင်းဆီသို့ တည့်တည့်မတ်မတ် ဝင်သွားလေ၏။
လျိုချန်စွင်းကို တစ်သမတ်တည်း ရပ်နေအောင် မလုပ်ပေ။ အလင်းဖျတ်ခနဲပေါ်လာပြီး ရိုးရှင်းပြီး သမန်ကာလျှံကာ ရှိနေလေ၏။
ပြီးနောက် ဓါးက နဂါးတစ်ကောင်ပမာ ပေါ်ထွက်လာပြီး ကောင်းကင်ထဲသို့ ဦးတည်သွား၏။
ဖုန်း ဖုန်း။
၄င်းပေါ်လာသည်နှင့် လျိုချန်စွင်း၏ ဓါးအလင်းနှင့် ချက်ချင်း တိုက်မိသွားသည်။ ပြီးနောက် မတားမြစ်နိုင်သော အဟုန်တစ်ခုဖြင့် လျိုချန်စွင်း၏ ဓါးအလင်းကို ပိုင်းဖြတ်ဖို့ တည်းတည်းမတ်မတ် ဦးတည်သွားလေ၏။ ဓါးအလင်းက ကောင်းကင်ကို ခွင်းလျက် လျိုချန်စွင်း၏ အရှိန်အဝါအားလုံးကို ဖြိုခွဲလိုက်တော့သည်။
ထိုစဥ် လျိုချန်စွင်း၏ အရှိန်အဝါကြောင့် ဖိနှိပ့်ခံထားရသော လေပြေနှင့် တိမ်တိုက်များသည် ထိုဓါးကြောင့် ပွင့်သွားသလိုပေါ်သည်။ လေများက ပြန်လည်တိုက်ခတ်လာပြီး တိမ်များကလည်း စတင်စီးဆင်းလာပြီ ဖြစ်သည်။
လျိုချန်စွင်း၏ ယုံကြည်ချက်များ ပြည့်နေသော အကြည့်က မှိန်ဖျော့သွား၏။ တစ်စက္ကန့်သာ ကုန်လွန်သွားသည်။
ဖူး။
လျိုချန်စွင်းက သွေးတစ်ပွက်အန်ပြီးနောက် ချက်ချင်းပင် ဒူးတစ်ဝက် ထောက်သွား၏။ သူက သူ့ကိုသူ လှဲပြိုမကျသွားအောင် ထိန်းထားရန် အသက်အောက်ထားလိုက်၏။ ထိုသို့တိုင် မျက်နှာက အင်မတန် ဖြူဖျော့နေကာ သူ၏ မျက်နှာအထက်၌ ပဲစေ့လောက်ရှိသည့် ချွေးသီးချွေးပေါက်များ တစ်လှိမ့်လှိမ့် ကျလာ၏။
ဓါးတစ်ချက်။
ဟန်နိုင်ငံ၏ ဓါးသူတော်စင် လျိုချန်စွင်း ရှုံးနိမ့်သွားခဲ့ချေပြီ။ နေရာတစ်ခုလုံးက ရေသေကန်ပမာ တိတ်ဆိတ်သွားလေ၏။ အရာအားလုံးကို သူတို့က မင်သက်စွာ ကြည့်နေမိသောကြောင့် မည်သူကမှ အချိန် မတုံ့ပြန်နိုင်ကြပေ။
တုချန်ဖုန်းနှင့် ကျန်သည့် မဟာဂိုဏ်းများကတောင် အံ့သြဆွံ့အနေလေ၏။ အံ့ဖွယ်ဂိုဏ်းသုံးယောက် ဖြစ်သည်။ မူရာကာမီပေ့ချွမ်၊ ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့တို့က မင်သက်နေလေသည်။
သူက ဒီအတိုင်း နိုင်သွားတာလား။ ဒီလောက် ရိုးရှင်းတယ်လား။ ပန်းတစ်ပွင့်နဲ့ ဓါးဆန္ဒတစ်ခုပဲနဲ့လေ။
လျိုချန်စွင်းက ပထမဆုံး လှုပ်ရှားသည့်သူ ဖြစ်ပုံပေါ်သည်။ ထိုသို့တိုင် အဆုံးတွင်မူ လျိုချန်စွင်းက ရှုံးနိမ့်နေသေး၏။ သူက ရှုံးနိမ့်သွားခဲ့ချေပြီ။ ယင်းကို သံသယဖြစ်ဖွယ် မရှိ။ ထိုစဥ် လူတိုင်းက
ဓါးမော့ဓါးဝိဇ္ဇာ ရောက်မလာရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ သဘောပေါက်လာပုံပေါ်၏။ သူကိုယ်တိုင် ရောက်လာရန် မလိုအပ်ချေ။
လျိုချန်စွင်းက သူ၏ ပြိုင်ဘက်မဟုတ်။ အစကနေ အဆုံးအထိ သူက လျိုချန်စွင်းကို မျက်စိထဲ မထည့်ထားပေ။
မုန်းတီးနေသူများနှင့် သံသယဖြစ်နေသူများက တိတ်ဆိတ်ကုန်၏။ ဟန်နိုင်ငံနှင့် ရင်နိုင်ငံကတောင် ဓါးမော့ဓါးဝိဇ္ဇာကို အထင်သေးသည့် စကားများ ထပ်မ​တင်ရဲတော့ချေ။ သူတို့က ထိုဓါးချက်ကို ယုံကြည်သွားပြီ ဖြစ်၏။ သူတို့၏ အကျင့်စရိုက် မည်မျှ ဆိုးရွားစေကာမူ သူတို့က မည်မျှ ယုတ်မာကောက်ကျစ်စေကာမူ ယဲ့ရှောင်၏ ဓါးချက်ရှေ့၌ သူတို့ အပြည့်အဝ လက်ခံယုံကြည်သွားသည်။
သူတို့၏ ရှုံးနိမ့်မှုကို အပြည့်အဝ လက်ခံပြီး အနည်းငယ်လေးတောင် စိတ်မကွက်ကြချေ။
ဖျောင်ကျန့်ရှန်၏ လက်သီးဆုပ်က ပြေလျော့သွားပြီး နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။
သူ၏ ဆရာကို မကူညီချင်တာမဟုတ်ပေ။ စစ်မှန်သည့် သိုင်းပညာရှင်တစ်ယောက်ကို သူ မျက်မြင်တွေ့လိုက်ရရုံသာ ဖြစ်သည်။
သူတို့၏ ခံစားချက်ကြောင့် မည်သူကိုမှ မျက်နှာသာ မပေးသည့် စစ်မှန်သော သိုင်းပညာရှင်တစ်ဦး။ ထိုလူက သူ့မိသားစု ဖြစ်နေလျှင်တောင် စစ်မှန်သည့် သိုင်းပညာရှင်တစ်ဦးက ထိုက်တန်သည့် နောက်ထပ် သိုင်းပညာရှင်ကိုသာ လေးစားလိမ့်မည်။ စိတ်လှုပ်ရှားဖွယ် နှစ်ယောက်တိုက်ခိုက်ပွဲအတွက် လေးစားခြင်း။
ဓါးမော့ဓါးဝိဇ္ဇာက စစ်မှန်သည့် သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်သည်။
အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် သူက တင်ပလ္လင်ခွေချိတ် ထိုင်လိုက်သည်။ မင်သက်ဖွယ်ဓါးကို မြင်တွေ့ပြီးနောက် ချီရှန်းနယ်ပယ်သို့ အဆင့်ချိုးဖျက်တက်ရန် သော့ချက်ကို အမှန်တကယ် သဘောပေါက်သွား၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်သည် ဆည်ကို ဖွင့်လိုက်ရာမှ စီးထွက်သည့် မြစ်ရေများပမာ မိုင်ထောင်ချီအတွက် သွန်ကျသွားသည်။
သူ၏ ချီသွေးကြောအားလုံးကို ချိုးဖောက်သွားပြီး ဖျောင်ကျန့်ရှန်ကို ဟို့ထျန်းနဝမအဆင့်ကနေ အပြည့်အဝ အဆင့်တက်ခွင့်ပေးကာ ချီရှန်းသိုင်းပညာရှင်တစ်ယောက် ဖြစ်သွားစေ၏။
သူတစ်ယောက်တည်း အဆင့်တက်သွားတာမဟုတ်ပေ။ မကြာမီ၌ ဒုတိယမြောက်လူက တင်ပလ္လင်ခွေချိတ် ထိုင်လိုက်၏။ တတိယမြောက်လူ၊ စတုတ္ထလူ၊ ပဥ္စမလူ။
အနီးအနားမြို့ကနေ ပါရမီရှင်များစွာက အရှိန်မြန်ရထားဖြင့် အနီးအနားမြို့များကနေ အရှိန်မြန်ရထားဖြင့် ပါရမီရှင်များစွာ ရောက်လာပြီး ဤတိုက်ပွဲအတွက် စောင့်ဆိုင်းရန် ကျန်းဟိုင်မြို့သို့ ရောက်လာကြ၏။ စီရင်စု၉ခုမှ သိုင်းပညာရှင်က အနည်းဆုံး တစ်ဒါဇင်ခန့် ဤနေရာ၌ ဒါဇင်ပေါင်းများစွာ ဤနေရာ၌ စုဝေးနေသည်။
ယဲ့ရှောင်၏ ဓါးကို မြင်တွေ့ပြီးနောက် မရေမတွက်နိုင်သည့် လူပေါင်းများစွာသည် သူတို့၏ စိတ်နှင့် ကျင့်ကြံမှု၌ ဉာဏ်အလင်းပွင့်မှုအသစ် ရသွားခဲ့သည်။ ထိုဓါးက အစွမ်းထက်လွန်း၏။ သူတို့ပေါ် သက်ရောက်မှုက သူတို့ဘဝတွင် သင်ယူထားသည်ထက် သာလွန်နေပြီးသား ဖြစ်သည်။ အချို့က
ဟို့ထျန်းနဝမအဆင့်၌ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး ခါးခါးသီးသီး ကျင့်ကြံနေခဲ့ပြီး ၄င်းကို နားလည်သဘောပေါက်ခြင်း မရှိခဲ့ပေ။
ဟို့ထျန်းနဝမအဆင့်ကို သိပ်မကြာခင်ကမှ ရောက်လာသည့် သူများလည်း ရှိ၏။
ယခုမူ အားလုံးက ယဲ့ရှောင်၏ ဓါးဆန္ဒလွှမ်းမိုးမှုအောက်၌ တိုက်ရိုက်အဆင့်တက်ကုန် ဖြစ်သည်။
နောက်ထပ် ချီရှန်းတစ်ယောက် မွေးဖွားလာမှုက
မရေမတွက်နိုင်သည့် လူပေါင်းများစွာကို ပင့်သက်ရှိုက်သွားမိစေပြီး မရေမတွက်နိုင်သည့် လူများစွာကိုလည်း အားကျသွားစေ၏။ အကြောင်းမှာ ထိုမျှများပြားသည့် လူများစွာအတွက် ချီရှန်းခွန်အားကို မရနိုင်သောကြောင့် ဖြစ်သည်။
လူများစွာအဖို့ မဟာချီရှန်းနှင့် အံ့ဖွယ်ချီရှန်းဟူသည်က သူတို့ တစ်ဘဝလုံးလိုက်နေရသည့်အိမ်မက်တစ်ခုသာ ဖြစ်သည်။
ယင်းက ယဲ့ရှောင်၏ ခွန်အားကို လူများစွာအား ပိုမိုရှင်းလင်းစွာ နားလည်သွားစေ၏။
သူတို့ရင်ထဲရှိ ဓါးမော့ဓါးဝိဇ္ဇာ ယဲ့ရှောင်သည် နဂါးစာရင်း၏ အောက်ခြေရှိ လူတစ်ယောက် နှစ်ယောက်ကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိပြီးသား ဖြစ်သည်။ သူ၏ ခွန်အား အစစ်အမှန်က အယောက်၃၀အောက် မနိမ့်ပေ။
နောက်ထပ် ထိပ်တန်းသိုင်းပညာရှင်များက စီရင်စု၉ခုထဲ၌ ပေါ်လာချေပြီ။ ယင်းက မရေမတွက်နိုင်သည့် လူများစွာကို စိတ်လှုပ်ရှားသွားစေ၏။
ကောင်းကင်ထဲ၌ ဓါးသူတော်စင် လုချင်ရှန်းက တိတ်ဆိတ်နေလေ၏။ သူက နှစ်ခွန်းသာ ပြောလိုက်သည်။
” သွားမယ် ”
ရွှမ်းအာက ခေါင်းညိတ်လိုက်၏။ ဆရာ၏ လေသံက အနည်းငယ် မွန်းကြပ်နေပုံ ပေါ်သည်။
ထိုဓါးက အလွန်သန်မာကြောင်း သူမ သိသည်။ သန်မာလွန်းသောကြောင့် သူမကဲ့သို့ မောက်မာထောင်လွှားပြီး နိုင်လိုမင်းထက် ပြုမူသည့် သခင်မလေးကတောင် လေးစားမိသည်။
သို့သော် သူမဆရာက မည်သို့ ဖြစ်သနည်း။ စီရင်စု၉ခု၏ ဓါးသူတော်စင် ဖြစ်သည်။ ထိုဓါးချက်က သူ အမှန်တကယ် ပြိုလဲသည်လော။ အမှန်တကယ်တွင် လုချင်ရှန်း ဝမ်းနည်းနေတာ မဟုတ်။ ပျော်နေတာမှန်း သူ မသိပေ။ စီရင်စု၉ခုထဲ၌ နောက်ထပ် အကြွင်းမဲ့ ပါရမီရှင်တစ်ဦး ပေါ်လာသောကြောင့် ပျော်ရွှင်နေတာပဲ ဖြစ်သည်။ ထိုဓါးက သူ ထိုနေ့က မြင်ခဲ့သည့် ဆန်းကြယ်သော လူငယ်လေး၏ ဓါးဆန္ဒဆိုတာ သူ ပြောနိုင်သည်။ သို့သော် တစ်ဖက်သူက ထိုမျှ သန်မာနေလိမ့်မည်ဟု သူ မထင်ထားပေ။ သူ ရောက်မလာခင်က
ယဲ့ရှောင်ကို ရှာရန် ပြင်ဆင်ထားသည်။ သူ့ဘဝ၌ သင်ယူထားသမျှ အရာအားလုံးကို သင်ပေးနိုင်ပြီး စီရင်စု၉ခုကို နောက်ထပ် ဒဏ္ဍာရီတစ်ပါး မွေးထုတ်ပေးနိုင်ကာ ကူညီပေးနိုင်လျှင် အကောင်းဆုံး ဖြစ်၏။ သို့သော် ယခုအချိန်တွင် ထိုနည်းကို တွေးရနမ မလိုအပ်တော့ချေ။ ထိုကလေးက သူ၏ အပိုသင်ကြားခြင်းကို မလိုအပ်ချေ။ သူက ပါရမီရှင်တစ်ယောက် ဖြစ်နေပြီးသားပင်။

အပိုင်း ၁၆၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset