Chapter – 14
“အဆိပ်မိခဲ့တော့ရော ဘာဖြစ်လဲ”
လုယက်မှုကြောင့်မြို့တော်တစ်ခုလုံးသည်အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရပြီး ပြန်လည်၍ တည်ငြိမ်မှု မရှိသေးပေ။ မြို့တော်ထဲတွင်အင်အားကြီးသော လူဆိုးဂိုဏ်းများသာမက အင်အားနည်းပါးသော လူဆိုးဂိုဏ်းများသည်လည်းရာထောင်ချီမကပင်ရှိနေကြသည်။ သို့သော်ထိုဂိုဏ်းများအားလုံးသည်ယခုကဲ့သို့သောအခြေအနေမျိုးတွင်သတိလက်လွတ်ဖြင့်လှုပ်ရှားမှု မပြုရဲကြချေ ။ အဘယ့်ကြောင့်ဆိုသော်အမြစ်ပြတ်ချေမှုန်းခံရမည်ကိုကြောက်ရွံ့နေကြသောကြောင့်ပင်ဖြစ်သည်။
ဇူရှန်ဖူ၏ တွန်းအားပေးမှုများကြောင့်ရဲမက်များသည်မြို့တော်၏ ဂိတ်လေးပေါက်အား ပိတ်ဆို့စေလိုက်ပြီး မြို့အတွင်းရှိ ရာဇဝတ်မှု အများဆုံး ဖြစ်လေ့ဖြစ်ထရှိသည့်နေရာများအား ရှာဖွေလျက်ရှိ၏။
ရဲမက်များသည်လူဆိုးဂိုဏ်းများအား စတင်၍ ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိလေသည်။
ပြည်သူများအား အုပ်စုဖွဲ့ အနိုင်ကျင့်တတ်သည့်ထိုဂိုဏ်းများသည်ယခုအချိန်တွင်မူ ကံဆိုးမိုးမှောင်ကျခဲ့လေပြီ။
မြို့ထဲရှိလူများသည်အမတ်ကြီးဇူ၏အိမ်မှ မည်ကဲ့သို့သော အဖိုးတန်ပစ္စည်းများ အခိုးခံလိုက်သည်ကို အထူးပင်စိတ်ဝင်စားလျက်ရှိကြ၏။ ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီး စုံစမ်းစစ်ဆေးမှုများကိုလည်း ဆက်လက်၍ ပြုလုပ်နေကြတုန်းပင်။
ထိုအချိန်တွင်သတင်းနှစ်ခုသည်ချန်နိုင်ငံတော်အတွင်း၌ ဟိုးလေးတကျော်ကျော်ဖြင့်နာမည်ကြီးသွားခဲ့သည်။
ပထမဆုံးသတင်းသည်တူရှန်လူဆိုးဂိုဏ်းအကြောင်းပင်ဖြစ်၏။ တူရှန်ဂိုိုဏ်းသည်လျှိ့ဝှက်သိုသိပ်စွာဖြင့်လှုပ်ရှားပြုမှု တတ်ကြပြီး အလွန်တရာမှပင်သွေးအေးရက်စက်တတ်သည့်ဂိုဏ်းတစ်ခုပင်ဖြစ်သည်။ အဆိုပါဂိုဏ်းသည်ရဲမက်များ၏ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခြင်း ခံရပြီး သူတို့၏ အတော်ဆုံးအဆင့်ရှိ အဖွဲ့ဝင်များ အများအပြား ဆုံးရှုံးခဲ့ရလေသည်။
အဘယ့်ကြောင့်ဆိုသော်တူရှန်ဂိုဏ်း၏ တည်နေရာနှင့်အဖွဲ့၏ သတင်းအချက်အလက်များသည်ပေါက်ကြားသွားခဲ့သောကြောင့်ပင်။ အဖွဲ့ထဲမှ အဖွဲ့ဝင်တစ်ယောက်သည်သူ၏ မျက်နှာနှင့်နာမည်အား ထုတ်ဖော်ပြခဲ့သည့်အတွက်ပြည်သူများသည်အဆိုပါလူသတ်သမားအား သိသွားကြလေသည်။ မည်သူကမှ ထိုလူသတ်သမား၏ေနာက်ကြောင်းအား အတိအကျ မသိကြသော်လည်း သူ၏ ဖွင့်ဟပြောဆိုမှုကြောင့်တူရှန်လူဆိုးဂိုဏ်းမှ လူဖြစ်ကြောင်း သိသွားခြင်းပင်ဖြစ်၏။
ယခုအခါတွင်မူ ထိုလူဆိုးဂိုဏ်း မည်သည့်နေရာတွင်ရှိသည်ကို ရှာဖွေတွေ့ရှိခဲ့ပေပြီ။ ပြည်သူများသည်သူတို့အဖွဲ့အား အလွန်တရာမှပင်စက်ဆုပ်ရွံရှာ မုန်းတီးကြသည်။
ရဲမက်များ၏ နှိမ်နင်းမှုများကြောင့်လူသတ်သမားများသည်လမ်းမပေါ်တွင်ကြွက်များပြေးနေသကဲ့သို့ပင်ထွက်ပြေးနေကြရသည်။
တူရှန်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ နင်ဘီလျုသည်နံပါတ်တစ်လူသတ်သမားဟုပင်တင်စားခေါ်ဆိုခြင်း ခံရသူတစ်ဦးဖြစ်၏။ နင်ဘီလျုအား ပိတ်ဆို့၍ ဖမ်းဆီးရန်ကြိုးပမ်းနေချိန်မှာပင်ကံကောင်းစွာဖြင့်လွတ်မြောက်သွားခဲ့သည်။ထိုအချိန်မှစ၍ သူ့အား မြင်တွေ့ရခြင်း မရှိတော့ဘဲ လုံးဝပျောက်ကွယ်သွားခဲ့လေသည်။
ဒုတိယသတင်းသည် အစွမ်းထက်သည့်ဆေးများ အကြောင်းပင်ဖြစ်၏။
လင်းပါအိုလေလံခန်းမသည်ထိုထူးခြားသည့်ဆေးများအားနောက်တစ်ကြိမ်ကျင်းပမည့်လေလံပွဲတွင်ရောင်းချသွားမည်ဖြစ်သည်။
အဆင့်မြင့်သိုင်းပညာရှင်များအတွက်မူဖေးယွမ်ဆေးများသည်အသုံးမဝင်လှချေ ။ အဘယ့်ကြောင့်ဆိုသော်ထိုဆေးများသည်ကျင့်စဉ်စတင်ကျင့်ကြံနေသူများ အတွက်သာ အသုံးဝင်သောကြောင့်ပင်ဖြစ်၏။
သို့သော်သမားရိုးကျ နည်းလမ်းအရ အဆိုပါဖေးယွမ်ဆေးများသည်အရည်အသွေးနိမ့်ပြီး အသုံးမဝင်သည့်ဆေးများဖြစ်သော်လည်းဆေးတိမ်တိုက်ကိုပင်ဖြစ်တည်စေခဲ့သည့်ဒဏ္ဍာရီလာအဆင့်ရှိဆေးဖြစ်သည်ဆိုသည်ကိုတော့ ငြင်းဖွယ်ရာ မရှိနိုင်ပေ။
မော်တယ်ကမ္ဘာရှိဆေးပညာရှင်များအားလုံးသည်ထိုဒဏ္ဍာရီလာဆေးများအား အလုအယက်ဖြင့်ပင်လိုချင်တပ်မက်ကြပေလိမ့်မည်။
အကယ်၍ဆေးပညာရှင်တစ်ဦးသည်အဆိုပါဆေးများအားလေ့လာခွင့်ရခဲ့ပါက သူ၏ဆေးပြုလုပ်သည့်အဆင့်အား ပို၍ တိုးတက်မြန်ဆန်နိုင်စေမည်ဖြစ်သည်။
ဆေးပြုလုပ်ခြင်းသည်သိုင်းပညာဂိုဏ်းများအတွက်မရှိမဖြစ်ရှိရမည့်အခြေခံအုတ်မြစ်တစ်ခုပင်ဖြစ်၏။ ဂိုဏ်းတိုင်းသည်သူတို့၏ အခြေခံအုတ်မြစ်အား ပို၍တောင့်တင်းခိုင်မာစေချင်ကြသည်။
ထို့ကြောင့်သိုင်းပညာဂိုဏ်းများအားလုံးသည်သတင်းကြီးနေသည့်အဆိုပါ ထူးခြားအစွမ်းထက်သည့်ဆေးများအား ရယူနိုင်ရန်အတွက်သူတို့၏ အတော်ဆုံးလူများအား မြို့ထဲသို့စေလွှတ်ကြသည်။သူတို့အတွက်ထိုဆေးများသည်မည်မျှပင်ဈေးကြီးနေစေကာမူတွေဝေတွန့်ဆုတ်နေလိမ့်မည်မဟုတ်ပေ။
ဆေး၏ အရည်အသွေးအား စစ်ဆေးရန်အတွက်အတွေ့အကြုံရှိသည့်ဆေးပညာရှင်များပင်စေလွှတ်ထားကြလေသည်။
လေလံပွဲတွင်ဒဏ္ဍာရီလာဆေးလုံး အရေအတွက်မည်မျှ ရှိသည်ကိုပင်သူတို့ မသိကြသေးပေ။အကယ်၍ဆေးလုံးတစ်လုံးသာ ရှိနေခဲ့မည်ဆိုလျှင်အပြိုင်အဆိုင်ဖြင့် လေလံဆွဲကြမည်မှာ အသေအချာပင်ဖြစ်သည်။
ဆေးလုံးများသည်ဒဏ္ဍာရီလာအဆင့်ရှိဆေးများ ဖြစ်နေသည့်အတွက်သိုင်းပညာဂိုဏ်းများ အနေဖြင့်ထိုကဲ့သို့သော ရှားပါးလှသည့်ဆေးများ အရေအတွက်များများစားစား ရှိရန်မမျှော်လင့်ထားရဲကြပေ။ဆေးများအားလေလံတင်မည့်သတင်း ကြားသိလိုက်ရသောအခါ သူတို့အားလုံး ဝမ်းသာသွားကြလေသည်။ သို့သော်တစ်ချိန်တည်းမှာပင်သူတို့အနေဖြင့်သတိကြီးစွာ ထားနေကြရ၏။ ထိုဆေးများအတွက်အချင်းချင်း တိုက်ခိုက်ကြလိမ့်မည်မဟုတ်ပေ။
ဇူရှန်ဖူသည်တစ်မြို့လုံးရှိ လူဆိုးဓားပြများ နှင့်သူခိုးများအားမြေလှန်၍ ရှာဖွေ ဖမ်းဆီးနေချိန်တွင်ထိပ်သီးဂိုဏ်းများ နှင့်တော်ဝင်မိသားစုများသည်လည်း သူနှင့်အတူ ပူးပေါင်း၍ ပါဝင်လာကြသည်။ မြို့တစ်မြို့လုံးသည်ရုတ်ရုတ်သဲသဲပင်ဖြစ်လျက်ရှိပေသည်။
ကမ္ဘာပေါ်ရှိ ဂိုဏ်းများအားလုံးသည်ချန်နိုင်ငံတော်၏ မြို့တော်ချန်ရှင်းမြို့လေးအပေါ်တွင်အာရုံစူးစိုက်လျက်ရှိ၏။
ဂိုဏ်းများအားလုံးထဲမှ ထင်ရှားကျော်ကြားသည့်ဂိုဏ်းများမှာ အပြာရောင်မိုးတိမ်ဂိုဏ်း၊ အမြဲစိမ်းတောင်ဂိုဏ်း၊ လွင့်မျော တိမ်တိုက်ဂိုဏ်း၊ ခရမ်းရောင်ဂိုဏ်း ၊ ငြိမ်းချမ်းရေးတောင်ဂိုဏ်း နှင့်အဆုံးမဲ့ဂိုဏ်း တို့ဖြစ်ကြသည်။
အဆိုပါထိပ်သီးဂိုဏ်းများသည်သူတို့၏ ဘဝတွင်တစ်ကြိမ်သာ ကြုံတွေ့နိုင်သည့်လေလံပွဲအား ပါဝင်ဆင်နွဲရန်ပြင်ဆင်လျက်ရှိကြ၏။ နှစ်ပေါင်းများစွာကြာအောင်လူရှေ့သူရှေ့ ထွက်မပြခဲ့ကြသည့်သက်ကြီးအဖိုးအိုများပင်လေလံပွဲကြောင့်လူအများကြားသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
ရဲရှောင်သည်ထူးခြားအစွမ်းထက်သည့်ဆေးများအား ထုတ်ဖော်ပြလိုက်သည့်အတွက်မော်တယ်ကမ္ဘာတွင်ယခုလောက်ထိပင်ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလိမ့်မည်ဟု စိတ်ကူးဖြင့်ပင်မတွေးမိခဲ့ပေ။ သူ၏ ကျင့်စဉ်ခရီးလမ်းအား ပို၍ မြန်ဆန်စေရန်အတွက်အရည်အသွေးမြင့်မားသည့်ရတနာပစ္စည်းအချို့အား လိုအပ်သည်။ ထို့အတွက်ရတနာများ ဝယ်ယူရန်အတွက်ပိုက်ဆံများလိုအပ်သဖြင့်ဆေးများအားရောင်းချခဲ့ရခြင်းဖြစ်၏။ သူ၏ အတွေးများသည်အလွန်တရာမှပင်ရိုးရှင်းလှပေသည်။ အကယ်၍ ထိုဆေးများသည်ယခုကဲ့သို့ ကမ္ဘာအနှံ့မှ လူများ၏ အာရုံစူးစိုက်ခြင်းခံရမည်ကိုသာ သူသိခဲ့မည်ဆိုလျှင်ဆေးများအားရောင်းခဲ့မည့်အစား လွှတ်ပစ်ခဲ့မိပေလိမ့်မည်။
ရဲရှောင်သည်ယခင်ဘဝ၌ အဆင့်မြင့်ပညာရှင်များရှိရာ ချင်းရန်နယ်ပယ်တွင်နေထိုင်ခဲ့သူ တစ်ဦးဖြစ်သောကြောင့်သူ့အနေဖြင့်မော်တယ်ကမ္ဘာသို့ တစ်ကြိမ်တစ်ခါမှပင်မရောက်ခဲ့ဖူးပေ။ ထိုအချက်ကြောင့်ပင်သူ့အတွက်တန်ဖိုးမရှိသည့်ဆေးများသည်မော်တယ်ကမ္ဘာရှိလူများအား အုန်းအုန်းကြွကြွပင်ဖြစ်စေနိုင်ခဲ့သည်ကို မခန့်မှန်းနိုင်မိခဲ့ချေ ။
ရဲရှောင်အမှတ်တမဲ့ပြုလုပ်ခဲ့သည်ကိစ္စသည်လူအများအား လှုပ်လှုပ်ရှားရှားပင်ဖြစ်စေခဲ့သည်။ သို့သော်အဆိုပါ ကိစ္စများအား မည်သည့်သဲလွန်စမှ မကျန်အောင်ပင်ပိပိရိရိဖြင့်အကွက်ချ စီမံနိုင်ခဲ့သည့်အတွက်ယခုအချိန်တွင်ရဲရှောင်သည်သူ၏ အချိန်များအားအေးအေးလူလူဖြင့်ပင်အနားယူ ကုန်ဆုံးစေလျက်ရှိသည်။
…………………..
လက်ရှိတွင်ရဲရှောင်သည် ဝမ်ရှောင်နမ်၏ အိမ်သို့ရောက်ရှိနေပြီး ပြသာနာအား မီးခွက်ထွန်းရှာရန်ကြံစည်လျက်ပင်ရှိ၏။
ရဲရှောင်တို့သုံးဦးသည်ဝမ်ရှောင်နမ်အား အတင်းအကြပ်ဖိအားပေးနေသည့်အတွက်ဝမ်ရှောင်နမ်ခမျှာ အသက်ပင်ရဲရဲ မရှုရဲဘဲ မတ်တပ်ပင်ကောင်းကောင်း မရပ်နိုင်တော့ချေ ။ သူ့အား ပြသာနာရှာရန်ရောက်ရှိနေကြသည့်သခင်လေးသုံးပါးအား မကိုင်တွယ်မဖြေရှင်းနိုင်သည့်အတွက်သူ့အဖေအား အမြန်ပြန်လာရန်တိတ်တဆိတ်လူလွှတ်၍ ခိုင်းစေခဲ့ရသည်။
“ဝမ်ရှောင်နမ်. . . မင်းရိုးရိုးသားသား ဝန်ခံလိုက်စမ်းပါ။ အဲ့ဒီညက ရှန်ဟွာအိမ်တော်မှာ ငါ့ကို အဆိပ်ခတ်လိုက်တာ မင်းမဟုတ်လား”
ရဲရှောင်ဝမ်ရှောင်နမ်အား စားမတတ်ဝါးမတတ်ပင်ကြည့်ရင်းမေးလိုက်သည်။
“ဟုတ်တယ်။ ရဲရှောင်ကို အဆိပ်ခတ်လိုက်တာ မင်းပဲ။ ငါသက်သေရှိတယ်”
လန်လန့်လန့်သည်မီးလောင်ရာလေပင့်လုပ်တတ်သည့် အကျင့်ရှိသူတစ်ဦးပီပီ ပြသာနာအား ပိုမိုကြီးထွားစေရန်အတွက်ရဲရှောင်ပြောသည့်စကားများအားထောက်ခံလိုက်သည်။ သူ့အနေဖြင့်မှန်သည်မှားသည်အား ဂရုမစိုက်ပြသာနာရှာရဖို့က အရေးကြီးဆုံးပင်ဖြစ်လေသည်။
“မျိုးမစစ်ကောင်. . . မင်းမလို့ ငါ့သူငယ်ချင်းကို အဆိပ်ခတ်ရဲတယ်။ အတင့်ရဲလိုက်တဲ့ကောင်ကွာ”
ဇူဝူကျီဒေါသတကြီးဖြင့်အော်ပြောလိုက်၏။
ဇူဝူကျီ နှင့်လန်လန့်လန့်တို့၏ စိတ်ထဲတွင်ရဲရှောင်အဆိပ်ခတ်ခံရသည့်ကိစ္စအား အမှန်တကယ်ဖြစ်ခဲ့သည့်ကိစ္စဟု မထင်ကြပေ။ ရဲရှောင်မှ ဝမ်ရှောင်နမ်အား ပြသာနာရှာချင်၍ တမင်ပြသာနာရှာနေသည်ဟုပင်ထင်နေကြလေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးသည်အဆင်းမှာ ဘီးတပ်ပေးသကဲ့သို့ ပြသာနာအား ပိုမိုကြီးထွားလာစေရန်သာခေါင်းထဲ ရှိပေသည်။ အနည်းဆုံးတော့ ဝမ်ရှောင်နမ်အားဇောချွေးပျံစေပြီး ဖြဲခြောက်နေရသည်ကိုပင်သူတို့အကျေနပ်ကြီးကျေနပ်နေကြ၏။
ရဲရှောင်၏ မျက်နှာထားအား ကြည့်၍ ဝမ်ရှောင်နမ်သည်အမှန်အတိုင်းပင်ပြောရတော့မလိုလို လိမ်ညာ၍ပင်ပြောရတော့မလိုလိုဖြင့်ထိတ်လန့်ကြောက်ရွံ့နေလေသည်။
ဝမ်ရှောင်နမ်သည် မျက်နှာငယ်လေးဖြင့်-
“ရဲရှောင်. . . မင်း . . . မင်း . . . အရေးမပါတာတွေ မပြောနဲ့။ ငါဘယ်တုန်းက မင်းကို အဆိပ်ခတ်လို့လဲ။ မင်း . . . မင်း . . . ငါ့ကို လာမစွပ်စွဲနဲ့”
“မင်း မငြင်းနဲ့။ အဲ့ဒီတုန်းက ငါရှိတယ်။ ရဲရှောင်ကို အဆိပ်ခတ်လိုက်တာ မင်းပဲ။ မင်းရဲ့အောက်တန်းကျတဲ့ လုပ်ရပ်ကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်တာ”
လန်လန့်လန့်သည်မျက်လုံးပြူးကြီးများဖြင့်-
“အဲ့ဒီလိုမှမဟုတ်ရင်ရဲရှောင်အရက်ကလေး နည်းနည်းလေးသောက်ရုံနဲ့ မြန်မြန်ဆန်ဆန်ဘယ်မူးလိမ့့်မလဲ . . .”
ဝမ်ရှောင်နမ်သည်တစ်ကိုယ်လုံးသွေးမရှိတော့သကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး –
“ဘာ . . . အရက်မြန်မြန်ဆန်ဆန် မူးတာနဲ့ပဲအဆိပ်မိတယ်လို့ပြောလို့ရတယ်ပေါ့”
“ဟုတ်တယ်လေ . . . ဟုတ်တယ်။ အဲ့ဒီတော့ ဘာဖြစ်လဲ”
“ဝမ်ရှောင်နမ်. . . ဒီနေ့တော့ မင်းအနေနဲ့ အမှန်အတိုင်း ဝန်ခံသင့်တယ်”
“ဝန်မခံရင်ငါတို့ မင်းအိမ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင်ကို ဆွဲဆုတ်ပစ်မယ်. . .”
သခင်လေးသုံးပါးသည်မကောင်းဆိုးဝါးများနှင့်ပင်တူနေချေသည်။ သူတို့သည်ဝမ်ရှောင်နမ်အား မရပ်မနားပင်ခြိမ်းခြောက်ပြောဆိုလျက်ရှိ၏။ သူတို့၏ ပုံစံသည်ပြသာနာအား မီးခွက်ထွန်းရှာနေသည်နှင့်ပင်တူနေပေသည်။ ဝမ်ရှောင်နမ်သည်ချောင်ပိတ်ရိုက်ခံနေသည့်လူတစ်ယောက်ကဲ့သို့ပင်စိတ်ရှုပ်ထွေးခြင်း ၊ဒေါသထွက်ခြင်းများဖြင့်ပြည့်နှက်နေပြီးအော်၍ပင်ငိုချင်လာသကဲ့သို့ ခံစားနေရပေသည်။
သူ့အနေဖြင့်လူရှုပ်လူပွေ သခင်လေးသုံးပါးအား မည်ကဲ့သို့သော အင်အားမျိုးဖြင့်ရင်ဆိုင်ယှဉ်ပြိုင်နိုင်ပါမည်နည်း။
ရဲရှောင်သည်ရှန်ဟွာအိမ်တော်တွင်အမှန်တကယ်ပင်အဆိပ်မိခဲ့သည်။ ထိုနေ့ညက သူတို့သုံးဦး၏ အနားတွင်ဝမ်ရှောင်နမ်သည်လည်း ရှိနေခဲ့လေသည်။ ထို့ပြင်ဝမ်ရှောင်နမ်၏ ဖခင်ဝမ်ဒါနမ်သည်ထိုရှန်ဟွာအိမ်တော်နှင့်အတော်ပင်နီးစပ်သည့်ဆက်ဆံရေးမျိုးရှိ၏။
ထိုအချက်များကြောင့်ရဲရှောင်သည်ဝမ်မိသားစုအား သံသယဝင်နေမိခြင်းပင်။
စဉ်းစားသင့်သည့်အချက်တစ်ချက်မှာ ဝမ်ရှောင်နမ်သည်လူကောင်းတစ်ယောက်မဟုတ်သော်လည်း အခြားလူအား အဆိပ်ခတ်ရလောက်အောင်အထိအောက်တန်းကျသည့်လုပ်ရပ်အား သူလုပ်နိုင်ပါမည်လော . . .
ရဲရှောင်တို့သုံးဦးသည်ဝမ်ရှောင်နမ်အား တစ်ယောက်တစ်လှည့်ဆီ ခြိမ်းခြောက်ပြောဆိုနေသည့်အတွက်ဝမ်ရှောင်နမ်သည်ကြောက်ရွံ့လာသောကြောင့့် သူ၏မျက်နှာမှချွေးသီးချွေးပေါက်များပင်ကျလာသည်။
ဇူဝူကျီသည်အမတ်ကြီးဇူ၏ သားဖြစ်ပြီး ရဲရှောင်နှင့်လန်လန့်လန့်တို့သည်တောင်ပိုင်းမြောက်ပိုင်း စစ်သူကြီးတို့၏ သားများဖြစ်ကြ၏။ ဝမ်ရှောင်နမ်နှင့်ရဲရှောင်တို့သုံးဦး ယခုကဲ့သို့ ပြသာနာတက်နေသည်ကိုသာ သူတို့သုံးဦး၏ အဖေများသိလျှင်ဝမ်ရှောင်နမ်အတွက်လွယ်ကူစေမှာ မဟုတ်သလို သူ၏ အဖေဝမ်ဒါနမ်အတွက်လည်း အသက်ရှုချောင်မည်မဟုတ်ချေ ။
အကယ်၍ ဝမ်ဒါနမ်အနေဖြင့်သားသမီးဇောဖြင့်ထိုအရာရှိသုံးဦးအား အနည်းငယ်မျှပင်ဆန့်ကျင်မိမည်ဆိုပါက ထွက်ပြေးရန်ပင်အခွင့်အရေးရှိလိမ့်မည်မဟုတ်ပေ။ အိမ်ရှေ့မင်းသား၏ ကိုယ်ရံတော်ဖြစ်နေစေကာမူ ထိုအချက်သည်သူ့အား အထောက်အကူပြုနိုင်မည်မဟုတ်ချေ ။ အိမ်ရှေ့မင်းသားအနေဖြင့်လည်း သူ၏ ကိုယ်ရံတော်ခေါင်းဆောင်တစ်ယောက်အတွက်ဩဇာအရှိန်အဝါကြီးမားသည့်အရာရှိသုံးဦးနှင့်မျက်နှာပျက်စေမည့်ကိစ္စအား ပြုလုပ်မည်မဟုတ်ပေ။
“မင်းတော်တော်အောက်တန်းကျတဲ့ကောင်ပဲ။ ငါ့ကို အဆိပ်ခတ်ရလောက်အောင်ထိ အတင့်ရဲနေတယ်ပေါ့”
ရဲရှောင်ဝမ်ရှောင်နမ်အား စူးစူးရဲရဲပင်စိုက်ကြည့်ရင်းမေးလိုက်သည်။
“မင်း အကြင်နာတရား အတော်ခေါင်းပါးတဲ့ကောင်ပဲ။ ရဲရှောင်ကို အဆိပ်ခတ်ရဲတယ်ပေါ့။ ငါသက်သေရှိတယ်။ ငါ့မျက်လုံးနှစ်လုံးနဲ့ကို မြင်လိုက်တာ”
လန်လန့်လန့်ဒေါသတကြီးဖြင့်အော်ပြီးပြောလိုက်၏။
“မင်းက အသိဥာဏ်မရှိတဲ့ကောင်။ ငါ့သူငယ်ချင်းအပေါ် လုပ်ရက်တဲ့ကောင်”
ဇူဝူကျီမှ ထပ်မံ၍ပြောဆိုလိုက်သည်။
“မင်းရဲ့ မိသားစုဂုဏ်သိက္ခာကိုမှ မထောက်အောက်တန်းကျတဲ့ လုပ်ရပ်ကို လုပ်တဲ့ကောင်။ မကောင်းဆိုးဝါးတွေထက်ပိုပြီးဆိုးရွား နိမ့်ကျတဲ့ကောင်။ မင်းက ဘုရားမကြိုက်တဲ့ အလုပ်ကိုတောင်လုပ်ရဲတယ်။ ငရဲ မကြောက်ဘာမကြောက်အတော်ကြောက်ဖို့ကောင်းတဲ့ကောင်ကွာ။ ရဲရှောင်ကို အဆိပ်ခတ်တာသေချာပေါက်မင်းပဲ”
လန်လန့်လန့်၏ ပါးစပ်မှ လူကောင်နှင့်မမျှသည့်စကားလုံးများသည်ပွင့်အန်ထွက်ကျလာကုန်သည်။ သူ၏ စကားလုံးများဖြင့်ပင်ဝမ်ရှောင်နမ်တစ်ယောက်သေမည်ဆိုလျှင်သေသွားနိုင်ပေသည်။ သာမန်အခြေအနေမျိုးတွင်ထိုကဲ့သို့သော စကားကြီးစကားကျယ်များပြောရန်အတွက်သူစဉ်းစားတတ်လိမ့်မည်မဟုတ်ချေ ။
“ငါ . . . ငါ . . . အဆိပ်. . . မခတ်. . . ငါမလုပ်ပါဘူး။ ဘာအဆိပ်ဆိုတာမှန်းတောင်ငါမသိပါဘူး”
ဝမ်ရှောင်နမ်မျက်ရည်ကျလုလုပင်ဖြစ်နေသည့်အချိန်တွင်သူ၏ အဖေ ဝမ်ဒါနမ်သည်အိမ်သို့ ပြန်ရောက်လာခဲ့သည်။
ဝမ်ဒါနမ်သည်ရဲရှောင်အား မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်နှာအမူအယာသည်သိသိသာသာပင်ပျက်သွားခဲ့လေသည်။
ထို့ပြင် “ရဲရှောင်ကို မင်းအဆိပ်ခတ်လိုက်တာ” ဆိုသည့်စကားအား ကြားလိုက်ရသောကြောင့်သူ၏ တစ်ကိုယ်လုံး အားမရှိတော့သကဲ့သို့ ခံစားလိုက်ရပြီးခြေလှမ်းများ အမှားမှားအယွင်းယွင်းဖြင့်လှေကားပေါ်မှပင်ပြုတ်ကျသွားမတတ်ဖြစ်သွား၏။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်းသွေးမရှိတော့သကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။
ဝမ်ဒါနမ်၏ အပြုအမူသည်အလွန်ပင်သိသာလွန်းလှပေသည်။ အိမ်ရှေ့မင်းသား၏ ကိုယ်ရံတော်ခေါင်းဆောင်တစ်ယောက်အနေဖြင့်ထိုကဲ့သို့သတိလက်လွတ်ဖြစ်သည့်အမူအယာသည်မဖြစ်သင့်ပေ။
ဝမ်ဒါနမ်သည်သူ၏ အမူအယာအား ချက်ချင်းပင်ပြန်ထိန်းလိုက်ပြီး ရဲရှောင်တို့ထံသို့ သွားလိုက်လေသည်။ ထို့နောက်မျက်နှာလိုမျက်နှာရ ပုံစံမျိုးဖြင့်-
“အိုးး . . . သခင်လေးသုံးပါး ငါတို့အိမ်ရောက်နေတာ ငါတို့အတွက်ဂုဏ်ယူစရာပဲ။ ဒီလို နိမ့်ကျတဲ့ အိမ်မျိုးကို လာလည်တာ ငါတို့အိမ်အတွက်တော့ တကယ်ကို ဂုဏ်တက်စရာပဲ”
ထို့နောက်သူ၏ သားဘက်သို့ လှည့်၍ –
“အလိုက်ကမ်းဆိုး မသိတဲ့ကောင်။ သခင်လေးသုံးပါး ဒီရောက်နေတာတောင်လက်ဖက်ရည်မပြင်ပေးထားဘူး။ မင်းကို ငါဘယ်လိုမျိုး ဆုံးမသွန်သင်ထားလဲ။ ကိုယ့်အိမ်လာတဲ့ ဧည့်သည်ကို ဒီလိုပုံစံမျိုးနဲ့ ဧည့်ခံထားတာလား”
ရဲရှောင်အနေဖြင့်ဝမ်ဒါနမ်၏ ထူးဆန်းသည့်အပြုအမူများအား အစောပိုင်းကတည်းကပင်သတိပြုမိလိုက်သည်။ သူ၏ မျက်နှာအမူအယာနှင့်ခလုတ်တိုက်မိသကဲ့သို့ ဖြစ်သွားသည့်အခြေအနေများအား ရှင်းရှင်းလင်းလင်းပင်မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
“အဖေ . . .”
ဝမ်ရှောင်နမ်သည်အလွန်အမင်းပင်စိတ်ဓာတ်ကျနေလျက်ရှိသည်။ သို့သော်သူ၏ အဖေသည်ကယ်တင်ရှင်တစ်ယောက်ကဲ့သို့ပင်အိမ်သို့ အမြန်ပြန်ရောက်လာခဲ့လေသည်။ ဝမ်ရှောင်နမ်သည် သူ့အဖေအား အားကိုးတကြီးဖြင့် ကြည့်လိုက်ရင်း –
“အဲ့ဒီညက ဒီကောင်အရက်တော်တော်မူးနေခဲ့တာ။ အခု ကျွန်တော်ကပဲ သူ့ကို အဆိပ်ခတ်လိုက်သလို စကားလာအစ်နေတယ်။ သူသာ အမှန်တကယ်အဆိပ်မိခဲ့ရိုးမှန်ရင်သေနေတာဖြင့်ကြာလောက်ပြီ။ ဒီနေရာကိုလာပြီး ဘယ်လိုတောင်ပြသာနာရှာရဲနေတာလဲ။ ဒါကျွန်တော်တို့ကို တမင်ရန်လာစနေတာ မဟုတ်ဘူးလား”
ဝမ်ဒါနမ်၏ မျက်နှာအမူယာသည်အလွန်အမင်းစိတ်ရှုပ်ထွေးနေကြောင်းပေါ်လွင်လျက်ရှိသည်။
ရဲရှောင်သည်ဝမ်ဒါနမ်ထံသို့အေးအေးလူလူဖြင့်ပင်လမ်းလျှောက်သွားလိုက်သည်။ ထို့နောက်သူသည်ဝမ်ဒါနမ်အား စူးစိုက်ကြည့်လျက်အသံခပ်မာမာဖြင့်ပင်-
“အဲ့ဒီညက ခင်ဗျားရဲ့သား ကျုပ်တို့ကို အရက်တိုက်နေတာ။ သူကျုပ်ကို အဆိပ်ခတ်ခဲ့တယ်။ ကျုပ် အဲ့ဒီကိစ္စအတွက်မှန်ကန်တိကျတဲ့ဖြေရှင်းချက်မျိုး လိုချင်တယ်”
လန်လန့်လန့်သည်လည်း ရဲရှောင်အနားသို့ သွားလိုက်ရင်း –
“ဟုတ်တယ်။ ကျုပ်မျက်လုံးနှစ်လုံးနဲ့ကို မြင်လိုက်တာ။ ကျုပ်ကသက်သေပဲ။ ခင်ဗျားရဲ့သားက ရဲရှောင်ကို အဆိပ်ခတ်လိုက်တာ။ သက်သေက ခိုင်ခိုင်မာမာကို ရှိနေတာ။ ဒါတောင်ခင်ဗျားက ငြင်းချင်နေသေးတာလား”
ဝမ်ဒါနမ်သည်စိတ်ဝင်တစားဖြင့် –
“အဆိပ်ဟုတ်လား။ သခင်လေးရဲ အနေနဲ့ စိတ်မရှိဘူးဆိုရင်သေသေချာချာပြောပြပေးလို့ရမလား ငါ့ရဲ့သားက မင်းကို ဘယ်လိုအဆိပ်ခတ်လိုက်တာလဲနောက်ပြီး အဆိပ်ကရော ဘာအဆိပ်လဲ . . .”