Chapter – 12
“ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်”
ကွမ်ဝမ်ရှန်ခေါင်းတစ်ချက်ညိတ်လိုက်ရင်း –
“မင်းပြောတာ မှန်ပါတယ်။ဆေးပညာရှင်ကြီးက ဒီလို အခွင့်အရေးမျိုးပေးတာကိုက ငါ့အတွက်ဂုဏ်ယူစရာကောင်းနေပါပြီ။ အင်း . . . ငါတို့မှာ အဖြေရှာဖို့အတွက်နောက်နည်းလမ်းတစ်လမ်းတော့ရှိမှာပါ။ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့တော့ဖြေရှင်းလို့ရမှာပါ။ မင်းရော ဘယ်လိုထင်လဲ”
ရဲရှောင်မျက်မှောင်ကြုတ်လိုက်ရင်း –
“ဘယ်လို သွယ်ဝိုက်တဲ့ နည်းလမ်းလဲ”
“သွယ်ဝိုက်တဲ့ နည်းလမ်းဆိုတာ မရှုပ်ထွေးပါဘူး လွယ်ပါတယ်။ ငါတို့က မင်းကိုဆေးရဲ့တန်ဖိုးအတွက်ဆိုပြီး ပိုက်ဆံ အရင်ပေးမယ်ပြီးရင်မင်းက အဲ့ဒီ ပိုက်ဆံတွေနဲ့ ငါတို့လေလံပွဲကို လာတက်ပေါ့ ဒါမှမဟုတ်ရင်ရတနာပစ္စည်းတစ်ခုခုကိုလေလံဆွဲလိုက်လေ။ အဲ့ဒီနည်းလမ်းက မင်းရော ငါရော နှစ်ယောက်စလုံးအတွက်အဆင်ပြေဆုံး နည်းလမ်းပဲ”
ရဲရှောင်ကွမ်ဝမ်ရှန်အား တစ်ချက်ကြည့်လိုက်ရင်း တည်ကြည်လေးနက်စွာဖြင့်-
“လေလံပွဲမှာ ငါရှုံးသွားပြီး ရတနာပစ္စည်းကို မရခဲ့ရင်ရော”
ကွမ်ဝမ်ရှန်ပြုံးလိုက်ရင်း –
“နောင်ကြီးဖန်ကိုကြည့်ရတာလေလံပွဲတွေရဲ့ အကြောင်းကောင်းကောင်းကို သိနေတဲ့ပုံ။ ဟူး . . . ဒီနေ့ ဘာမှကို လွယ်လွယ်ကူကူနဲ့ မပြီးပါလား။ ရတနာပစ္စည်းတွေကို ပိုင်ရှင်တစ်ယောက်တည်းက ပိုင်တာမဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်းကလည်း သေချာစောင့်ကြည့်နေကြတယ်။ ဒါပေမယ့်လည်း မြို့ထဲမှာ ငါတို့ဒီလို ရပ်တည်နေနိုင်တာ ငါတို့မှာလည်း လျို့ဝှက်နည်းလမ်းတွေ ရှိပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်ဒီလိုများပြားလှတဲ့ ကမ္ဘာအနှံ့က ရတနာပစ္စည်းတွေကို ဘယ်လို စုဆောင်းနိုင်မှာလဲ”
ကွမ်ဝမ်ရှန်သည်ထိုစကားများအား ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပင်ပြောဆိုနေလေသည်။
ရဲရှောင်အနည်းငယ်တုန်လှုပ်သွားပြီးကွမ်ဝမ်ရှန်အား ပြန်ပြောလိုက်သည်မှာ –
“ခင်ဗျားက ဒီလိုပြောနေမှတော့ . . . ကျုပ်ခင်ဗျားကိုတော့ ယုံပါတယ်။ ခင်ဗျားအနေနဲ့လည်း ဒီဆေးတွေရဲ့ အရည်အသွေးနဲ့ တန်ဖိုးကိုကောင်းကောင်း သိနေတာပဲ။ ဒါပေမယ့်ဒီနေရာမှာ တကယ်ရော ရတနာပစ္စည်း များများစားစား ရှိရဲ့လား။နောက်ပြီး ခင်ဗျားအနေနဲ့လည်း ဒီတစ်ကြိမ်မှာ ရတနာပစ္စည်းတွေကို လုံလုံလောက်လောက်စီစဉ်ပေးနိုင်ပေမယ့်နောက်တစ်ကြိမ်အတွက်ကျတော့ရော ဘယ်လိုလုပ်မှာလဲ။နောက်ထပ်နောက်ထပ်နောက်ထပ်အကြိမ်အတွက်ရော . . . ခင်ဗျားဘက်ကလည်း ဒီလို သဘောတူညီမှုမျိုးကို တစ်ကြိမ်တည်းနဲ့ တင်းတိမ်နိုင်လိမ့်လို့ ကျုပ်တော့ မထင်ဘူး။ ဟုတ်တယ်မှတ်လား. . .”
ရဲရှောင်ထပ်မံ စဉ်းစားလိုက်ရင်း –
“ဒီကမ္ဘာပေါ်မှာ တန်ဖိုးကြီးတယ်လို့ သတ်မှတ်လို့ရတဲ့ ရတနာပစ္စည်း ဘယ်နှစ်မျိုးလောက်ရှိလဲ။ အဲ့ဒီလို ရတနာပစ္စည်းတွေကို ဒီလေလံခန်းမက တကယ်ရော ပိုင်ဆိုင်ရဲ့လား”
“မင်းရဲ့ အမြင်တွေက နည်းနည်းတော့ လွဲကောင်းလွဲနိုင်တယ်လို့ ငါထင်တယ်။ကျောက်စက်ပန်းဆွဲတွေ နဲ့ကြယ်တွေရဲ့ အလင်းရောင်ကလည်း သဘာဝတရားကြီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲလေ။ အင်း. . .နောက်ပြီး ဂျင်ဆင်း နဲ့ မှိုတွေကလည်း ငါတို့အတွက်ရတနာတွေပဲလေ။ မဟုတ်ဘူးလား”
ကွမ်ဝမ်ရှန်မှ ယုံကြည်မှု အပြည့်ဖြင့်ပင်ပြောနေခြင်း ဖြစ်ပေသည်။
“အာ. . .”
စကားအား ကပ်သီးကပ်ဖဲ့ဖြင့်ပြောနေသော ထိုအဖိုးကြီးအား ရဲရှောင်စိတ်ပျက်လက်ပျက်ပုံစံဖြင့်စိုက်ကြည့်လိုက်သည်။
အကယ်၍ ဆယ်နှစ်သက်တမ်းရှိသည့်ဂျင်ဆင်းအား ရတနာပစ္စည်းတစ်ခုအဖြစ်သတ်မှတ်၍ ရခဲ့မည်ဆိုလျှင်ဒီကမ္ဘာပေါ်တွင် တန်ဖိုးရှိသည်ဟု သတ်မှတ်၍ ရနိုင်သည့်ရတနာပစ္စည်းများမှာ မရေမတွက်နိုင်အောင်ပင်ရှိနေပေလိမ့်မည်။
ရဲရှောင်သည်သူ့အနေဖြင့်လည်းကောင်းပေ့ဆိုသည့်ထိပ်သီးအဆင့်ရတနာများအား တစ်ကြိမ်တည်းဖြင့်ရရှိရန်မမျှော်လင့်ထားပေ။ ထို့ကြောင့်ကွမ်ဝမ်ရှန်၏ စကားအား သဘောတူထောက်ခံလိုက်ရင်း –
“ခင်ဗျားပြောတာ အကျိုးအကြောင်း ညီညွတ်ပါတယ်။ ဒါဆို ဒီဆေးတွေအတွက်ခင်ဗျား ဘယ်လောက်ပေးနိုင်လဲ”
ကွမ်ဝမ်ရှန်အချိန်အတော်ကြာ စဉ်းစားတွက်ချက်လိုက်ပြီးနောက်-
“တခြား သာမန်ဆေးတွေဆိုရင်တော့ တစ်လုံးကိုငွေစ ၂၅၀၀ ထက်ပိုပြီး ငါမပေးဘူး။ ပြီးရင်ငါ အဲ့ဒီဆေးတွေကိုလေလံပွဲမှာ ပြန်ရောင်းတယ်။ ဒါပေမယ့်မင်းယူလာတဲ့ဆေးတွေက တကယ့်ကို အရည်အသွေးကောင်းတဲ့ဆေးတွေဆိုတော့ သာမန်ဆေးတွေနဲ့ ယှဉ်လို့တော့ မဖြစ်ဘူးလေ။ ဒီတော့ကားး. . .ဆေးတစ်လုံးကိုငွေစ ၂၅၀၀၀ပေးမယ်ဆိုရင်ရော။ ဘယ်လိုလဲ”
“ဟာ. . . ဒီဆေးတွေက အဲ့ဒီလောက်တောင်တန်ဖိုးရှိလား”
ရဲရှောင်အံ့ဩတုန်လှုပ်စွာဖြင့်စိတ်ထဲတွင်ေတွးမိလိုက်ခြင်း ဖြစ်သည်။
သို့သော်အလိုမကျသည့်မျက်နှာထားမျိုးဖြင့်ဟန်ဆောင်လိုက်ရင်း မျက်မှောင်ကြုပ်လိုက်ကာ –
“ဆေး တစ်လုံးကိုငွေစ ၁၀၀,၀၀၀ပေးရမယ်”
ကွမ်ဝမ်ရှန်၏ မျက်နှာတွင်စိတ်မသက်သာရာ အမူအယာများ ဖြင့်ပြည့်နှက်သွားပြီး –
“နောင်ကြီး ဖန်. . . မင်းရဲ့ ဆရာပြုလုပ်ထားတဲ့ ဒီဆေးတွေက အဆင့်၁၀ ရှိတဲ့ ဒဏ္ဍာရီလာဆေးတွေပါ။ အမှန်တော့ ဒီဆေးတွေကငွေစ ၁၀၀,၀၀၀ ဒါမှမဟုတ်ရင်အဲ့ဒီထက်မကတောင်ပိုပြီး တန်ဖိုးရှိနိုင်ပါတယ်။ ဒါပေမယ့်ဆေးတွေက အရမ်းကို အဖိုးထိုက်လွန်းလို့လေလံပွဲမှာ ငါတို့က ပြန်မရောင်းဘဲ သိမ်းဆည်းထားမှာပါ။ ဟဲ. . . ဟဲ. . . ငါတို့ရဲ့ လက်ရှိငွေရေးကြေးရေး အခြေအနေအရလည်းငွေစ ၁၀၀,၀၀၀ ဆိုတာ မတတ်နိုင်လို့ပါ။ ငါတို့အတွက်တော်တော်ကို များနေလို့ပါ. . .”
ရဲရှောင်ခနဲ့တဲ့တဲ့လေသံမျိုးဖြင့်-
“ပိုက်ဆံ မတတ်နိုင်ဘူး ဟုတ်လား။ အဲ့ဒါဆို ခင်ဗျားဆေးငါးလုံးကိုပဲ အရင်ဝယ်ထားလိုက်။နောက်ဆေးဆယ်လုံးကိုတော့လေလံပွဲမှာ ကျုပ်အတွက်ခင်ဗျားရောင်းပေးလို့ရတာပဲ။ ဘယ်လောက်ပဲရောင်းရရောင်းရ ကိစ္စမရှိဘူး။ အဲ့ဒီဆေးတွေအကုန်လုံးကို ကျုပ်ပိုင်နေတာပဲ”
ကွမ်ဝမ်ရှန်ပါးစပ်အဟောင်းသားနှင့်ပင်ဖြစ်သွားရင်း –
“အင်း. . . ဒီလူကိုတော့လျှော့တွက်လို့ မရဘူးပဲ”
လေလံပွဲများတွင်ဖြစ်လေ့ဖြစ်ထရှိသည့်ကိစ္စတစ်ခုရှိလေသည်။အကယ်၍ ပစ္စည်းတစ်ခုသည်အရည်အသွေးလည်း မကောင်း အခြားပုံစံတူ ပစ္စည်းမှာလည်း ဆယ်မျိုးလောက်ရှိနေခဲ့လျှင်လေလံပြိုင်ဆိုင်သည့်ဈေးနှုန်းသည်ဆိုးဆိုးရွားရွားပင်ဈေးနိမ့်နေမည်ဖြစ်သည်။ ထို့ပြင်ပုံစံတူ ရတနာပစ္စည်းများ အမြောက်အများ ရှိနေခဲ့လျှင်လည်း ဝယ်လိုအား နှင့်ရောင်လိုအားများသည်ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့်အရည်အသွေးကောင်းသည့်ဆေးအားအဆမတန်မြင့်မားသည့်ဈေးနှုန်းဖြင့်ရောင်းချသော်လည်း ထိုဆေးနှင့်အရည်အသွေးတူ ပုံစံတူနောက်ထပ်ဆေးဆယ်လုံးအား တစ်ပြိုင်တည်းပင်ရောင်းချခဲ့လျှင်ထိုဆေးများသည်မည်မျှပင်အရည်အသွေးကောင်းနေစေကာမူဈေးနှုန်းတန်ဖိုးမှာ အမှန်တကယ်ပင်ကျဆင်းသွားပေလိမ့်မည်။
ဆေးတစ်လုံးငွေစ ၁၀၀,၀၀၀ ဖြင့်ဆေးဆယ့်ငါးလုံးစာအတွက်ငွေစ ၁၅,၀၀၀၀၀သည်လေလံပွဲအတွက်ကုန်သွယ်မှုဥပဒေအရ မဆီလျော်မအပ်စပ်ပေ။
သို့သော်ခြွင်းချက်အနေဖြင့်ရဲရှောင်ယူလာသည့်ဆေးများသည်ထိပ်သီးအဆင့်ရှားပါးဆေးများဖြစ်ပြီး ထိုကဲ့သို့သောဆေးများအား ပြုလုပ်နိုင်သည့်ပညာရှင်များများစားစား မရှိပေ။ အကယ်၍ ထိုဆေးများသည်ဆယ့်ငါးလုံးထက်မက ရှိနေခဲ့မည်ဆိုလျှင်လည်းဆေး၏ တန်ဖိုးမှာ အနည်းငယ်မျှပင်လျှော့ကျသွားမည်မဟုတ်ချေ ။ ပို၍ပင်ဈေးတန်ဖိုး မြင့်လာနိုင်ပါသေးသည်။
ဆေးများအားလေလံပွဲတွင်ပြန်လည်ရောင်းချခဲ့မည်ဆိုပါကဆေး၏ဈေးနှုန်းသည်ငွေစ ၁၀၀,၀၀၀ အထက်ပင်ရနိုင်ပါသည်။ အကယ်၍ကွမ်ဝမ်ရှန်အနေဖြင့်လေလံပွဲပြီးမှ ထိုဆေးများအား ဝယ်ယူမည်ဆိုပါကဆေးတစ်လုံးကိုငွေစ ၁၀၀,၀၀၀ ဖြင့်ပင်ဝယ်ယူရန်ဖြစ်နိုင်တော့မည်မဟုတ်ပေ။ ယခုအချိန်တွင်ဆေးငါးလုံးအား ရနိုင်တုန်းယူထားနိုင်မှသာ သူ့အတွက်ကံကောင်းပေမည်။
“ကောင်းပြီ။ ငါသဘောတူတယ်”
ကွမ်ဝမ်ရှန်သည်မကျေမချမ်းဖြင့်ပင်အံကြိတ်လျက်နောက်ဆုံးတွင်သဘောတူလိုက်ရ၏။
ယခုကဲ့သို့ ထိပ်သီးအဆင့်ဆေးများအား အခြားသာမန်လူများထံမှ ဘယ်သောအခါမှ ရနိုင်မည်မဟုတ်ကြောင်းကို သူ့အနေဖြင့်ကောင်းကောင်းကြီး သဘောပေါက်မိလေသည်။ ရဲရှောင်စိတ်ကျေနပ်စေမည့်အခြေအနေ ပြုလုပ်ပေးလိုက်ခြင်းဖြင့်နောင်တစ်ချိန်တွင်သူ့အတွက်ပိုမိုကောင်းမွန်သည့်အခွင့်အရေးများ ရရှိလာနိုင်မည်ဖြစ်သည်။
အကယ်၍ မကျေနပ်သည့်ပုံစံမျိုး သူလုပ်ပြလိုက်မည်ဆိုပါကနောက်ထပ်ရလာမည့်အခွင့်အရေးများအား လက်လွှတ်ဆုံးရှုံးလိုက်ရပေမည်။
ရဲရှောင်လေလံခန်းမသို့ လာခဲ့စဉ်အချိန်က သူ၏ လက်ထဲတွင်ငွေစ တစ်စသာ ပါရှိလေသည်။ ယခုလေလံခန်းမထဲမှ ပြန်ထွက်သွားသည့်အချိန်မှာတော့ သူ့ထံတွင်ငွေစ ၅၀၀,၀၀၀ ပိုင်ဆိုင်သွားခဲ့လေပြီ။
ရဲရှောင်အတွက်ဆေးများသည်တန်ဖိုးမရှိသော်လည်းမော်တယ်ကမ္ဘာမှ လူတွေအတွက်မူ တန်ဖိုးအလွန်ရှိသောဆေးများဖြစ်နေခဲ့သည်။ ရဲရှောင်အတွက်အမှိုက်မှရွှေဖြစ်သွားသကဲ့ပင် လမ်းလေးလျှောက်ရင်း အမှိုက်ပုံထဲသို့ တန်ဖိုးမရှိသည့်ဆေးအချို့အား လာပစ်လိုက်ရုံဖြင့်ပင်ငွေစ အမြောက်အများ ပိုင်ဆိုင်နိုင်ခဲ့ချေပြီ။
ကွမ်ဝမ်ရှန်သည်ရဲရှောင်အား မိတ်ဖြစ်ဆွေဖြစ်ရင်းနှီးဖော်ရွေစွာဖြင့်ကောင်းကင်အဆင့်အထူးကတ်ပြားအားပေးခဲ့သော်လည်း ရဲရှောင်မှာမူ ပြတ်ပြတ်သားသားဖြင့်ပင်ငြင်းပယ်လိုက်ရင်း –
“ငါအလုပ်ကိစ္စနဲ့ ဒီကိုနောက်ထပ်လာဦးမှာပါ။ ဒါပေမယ့်ဒီလိုကတ်လေးကို ငါချိတ်မဆွဲထားချင်ဘူး။ ဒီနေရာမှာ ငါ့ရဲ့ အဆင့်အတန်းကို ပြဖို့အတွက်အဲ့ဒီကတ်က လိုလို့လား”
ကွမ်ဝမ်ရှန်သည်ရဲရှောင်အား အံဩတုန်လှုပ်စွာဖြင့်ကြည့်လိုက်ရင်း –
“ချိတ်ဆွဲမထားချင်ဘူးဆိုပဲ . . . သူ အမှန်တကယ်ကို မလိုချင်တဲ့ပုံစံ။ သူက တကယ့်ကို အထင်ကြီးဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ”
အရိပ်ပြ အကောင်မြင်တတ်တဲ့သည့်ပါးရည်နပ်ရည်ရှိသည့်သူလိုလူမျိုးတစ်ယောက်ပင်ရဲရှောင်၏ စကားများအား နားမလည်နိုင်အောင်ပင်ဖြစ်နေခဲ့သည်။
ရဲရှောင်သည်အထူးကတ်ပြားအား မလိုချင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်သူသည်အနှောင်အဖွဲ့မရှိ လွတ်လွတ်လပ်လပ်နေတတ်သော သူတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်ဖြစ်၏။
အထူးကတ်ပြားသည်ရဲရှောင်၏ အဆင့်အတန်းနှင့်ဂုဏ်ပုဒ်အားဖော်ပြနေသော ကတ်တစ်ကတ်ဖြစ်သော်လည်း ထိုကတ်သည်ချုပ်နှောင်မှု တစ်မျိုးပင်ဖြစ်သည်။ အကယ်၍ ရဲရှောင်အနေဖြင့်အထူးကတ်ပြားအား လက်ခံခဲ့ပါကနောက်တစ်ကြိမ်တွင်လည်း အရောင်းအဝယ်ကိစ္စများ ရှိလာမည်ဆိုပါက ယခုလေလံခန်းမကိုပင်အရင်ဆုံးရွေးချယ်မိမည်ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးသည်ချည်နှောင်ချုပ်နှောင်ထားခြင်း တစ်မျိုးပင်ဖြစ်၏။
ရဲရှောင်ထိုကဲ့သို့ ချုပ်နှောင်မှုမျိုးအား မကြိုက်ပေ။
အမှောင်အရိပ်အတွင်းမှ လူတစ်ယောက်သည်ကွမ်ဝမ်ရှန်၏ အနားသို့ရုတ်တရက်ရောက်လာပြီး-
“သခင်ကြီး. . .အဲ့ဒီလူနောက်ကိုနောက်ယောင်ခံလိုက်ဖို့ လိုသေးလား”
“မလိုဘူး. . . ထားလိုက်”
ကွမ်ဝမ်ရှန်သည်တည်ကြည်လေးနက်သော မျက်နှာဖြင့်-
“ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ။ ငါတို့ သူ့ကို သွားမရှုပ်သင့်ဘူး။ ငါတို့က သူ့ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်မိတာပဲ ဖြစ်ဖြစ်နောက်ဆုံး သတ်ပစ်လိုက်တာပဲ ဖြစ်ဖြစ်တစ်ခုခုလုပ်မိလိုက်ရင်ဆေးပညာရှင်ကြီးနဲ့ အဆက်အသွယ်ပြတ်တောက်သွားလိမ့်မယ်နောက်ပြီး ငါတို့ကို သူတို့ဘက်က လက်စားပြန်ချေတာမျိုးတွေ ဖြစ်လာနိုင်တယ်။ ရုံးချုပ်ကို အရင် သတင်းပို့ပြီးမှ ငါတို့ဖြေရှင်းကြတာပေါ့”
“ကောင်းပါပြီ သခင်ကြီး။လေလံပွဲအတွက်ကရော ဘယ်လိုလုပ်မလဲ”
“ဆိုင်းငံ့ထားလိုက်”
ကွမ်ဝမ်ရှန်တည်ငြိမ်ပြတ်သားစွာဖြင့်-
“လေလံပွဲအတွက်တခြားဆေးဘက်ဝင်အပင်တွေကတော့ လုံလုံလောက်လောက်ရှိတယ်။ ဒါပေမယ့်ထိပ်သီးဆေးတွေကတော့ လုံလောက်မှု မရှိသေးဘူး။လေလံပွဲကို ၁၀ ရက်နောက်ဆုတ်ကြောင်းအခုပဲကြေညာလိုက်။ ဒီထိပ်သီးဆေးတွေနဲ့ ပက်သက်ပြီး ရုံးချုပ်ကို သတင်းပို့လိုက်ပြီးရင်သူတို့ကို ဘာဆက်လုပ်ရမယ်ဆိုတာမေးလိုက်။ သူတို့ရဲ့ ညွှန်ကြားချက်အတိုင်းပဲ ငါတို့ ဆက်လုပ်ကြတာပေါ့. . .”
“ကောင်းပါပြီ။ သခင်ကြီး”
ရဲရှောင်အရောင်းခန်းမထဲမှ ထွက်လာခဲ့ပြီး လမ်းမကြီးပေါ်သို့ မသွားခင်လမ်းကြိုလမ်းကြားထဲမှ ဖြတ်၍ သွားလိုက်သည်။ သူ၏ ငယ်ရွယ်ပြီး ခန့်ညားလှသည့်နဂိုမူလရုပ်ရည်သို့ြပန်လည်၍ပြောင်းလဲလိုက်၏။ ကိုယ်နှုတ်အမူအယာ ၊ အရပ်အမောင်း ၊ သူ၏ အကျင့်စရိုက်များ အားလုံးပြောင်းလဲသွားခြင်းပင်ဖြစ်သည်။
အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်း နှင့်ရုပ်ဆိုးဆိုး ဖန်ဇီလန်၏ ရုပ်အသွင်မှာ လုံးဝ ကွယ်ပျောက်သွားခဲ့လေပြီ။
“လေလံပွဲက မနက်ဖြန်ဆို စပြီ”
ရဲရှောင်တစ်ကိုယ်တည်းတွေးလိုက်ရင်း –
“ဒီငွေစ ၅၀၀,၀၀၀ နဲ့ အနည်းဆုံးတော့ ငါ ရတနာပစ္စည်းအချို့ကို ဝယ်နိုင်မယ်။နောက်ပြီးဇူဝူကျီကျောက်စိမ်းတောင်ဝှေးကို ရသွားလား မရသွားဘူးလားဆိုတာလည်း ငါစောင့်ကြည့်ရဦးမယ်။ တကယ်လို့ သူမရခဲ့ရင်ငါနဲ့သဘောတူထားတဲ့ ကိစ္စကို ဖျက်သိမ်းပြီး ငါ့ဆီကနေ သူ့ပစ္စည်းကို ပြန်တောင်းနေဦးမယ်. . .”
ရဲရှောင်လေလံပွဲအားချောချောမွေ့မွေ့ဖြင့်ပြီးဆုံးသွားရန်မျှော်လင့်လျက်ရှိသည်။ သို့သော်သူမသိလိုက်သည့်အချက်မှာ ကွမ်ဝမ်ရှန်မှလေလံပွဲအားနောက်ဆုတ်လိုက်ခြင်းပင်ဖြစ်၏။
လေလံပွဲအားချောချောမွေ့မွေ့ဖြင့်အမြန်ဆုံး ပြီးစေချင်နေမိသည့်သူသည်လေလံပွဲအားရွှေ့ဆိုင်းစေလိုက်သည့်အဓိက တရားခံပင်ဖြစ်နေလေသည်။
ရဲရှောင်အိမ်သို့ချောချောမောမောပင်ပြန်ရောက်ခဲ့သည်။
အိမ်သို့ရောက်သောအခါ ကျင့်စဉ်အချို့အား ကျင့်ပြီးနောက်စာဖတ်နေလေသည်။ သူသည်ယခုမော်တယ်ကမ္ဘာအကြောင်းအားသေဆုံးသွားခဲ့ပြီဖြစ်သည့်ယခင်ရဲရှောင်၏ မှတ်ဥာဏ်များကြောင့်သာ သိရှိရခြင်း ဖြစ်၏။ ထိုမျှသိရုံမျှဖြင့်သူ့အတွက်လုံလောက်မှု မရှိသေးပေ။ ထို့ကြောင့်မော်တယ်ကမ္ဘာနှင့်ပက်သက်သည့်စာအုပ်များ ဖတ်ရင်းဖြင့်သူ၏ အချိန်များအားအေးအေးလူလူဖြင့်ပင်ဖြတ်သန်းနေလေသည်။
ညအချိန်သို့ရောက်လာသောအခါ အစောင့်တစ်ယောက်မှ ရဲရှောင်ထံသို့ရောက်လာရင်း –
“သခင်လေး. . . သခင်လေးနဲ့တွေ့ဖို့ သခင်လေးလန်နဲ့ သခင်လေးဇူ တို့ရောက်နေကြပါတယ်”
“သူတို့နှစ်ယောက်အတူ ဘာလို့ လာကြတာလဲ”
ရဲရှောင်အံ့ဩမိသွားသည်။
“သေစမ်း. . .သေစမ်း. . .သေလိုက်ပါတော့ကွာ”
ဇူဝူကျီဒေါသတကြီးဖြင့်ပြောဆိုလိုက်ရင်း အခန်းထဲသို့ ဝင်လာသည်။
လန်လန့်လန့်သည်လည်း အလွန်တရာမှပင်စိတ်ဆင်းရဲနေသည့်အသံမျိုးဖြင့်-
“လင်းပါအိုလေလံခန်းမကတော့ ငါတို့ကို အာရုံနောက်ပြီ. . .”
“ဘာတွေဖြစ်နေကြတာလဲ။ မင်းတို့ နှစ်ကောင်လုံး ဘာလို့ဒေါသထွက်နေကြတာလဲ”
ရဲရှောင်နားမလည်ဟန်ဖြင့်မျက်မှောင်ကြုပ်ရင်းမေးလိုက်သည်။
“ငါဖြင့်ပြောတောင်မပြောချင်တော့ဘူးကွာ”
ဇူဝူကျီ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး ထိုင်ခုံပေါ်တွင်ထိုင်လိုက်ရင်း –
“စောက်ရေးမပါတဲ့လေလံပွဲကနောက်ဆုတ်လိုက်ပြီတဲ့။ ငါလခွမ်းပဲ. . .”
ဇူဝူကျီ အတွက်သူနှင့်သူ့မိသားစု၏ ဂုဏ်သိက္ခာအား အဖတ်ဆည်နိုင်ရန်အတွက်ကျောက်စိမ်းတောင်ဝှေးအား ပြန်လည်ရရှိမည့်ကိစ္စမှလွဲ၍ မည်သည့်ကိစ္စမှ သူစိတ်မဝင်စားပေ။ ဖြစ်ချင်သည့်ဆန္ဒပြင်းပြနေသည့်အတွက် သူ့အတွက်တော့ တစ်မိနစ်သည်တစ်နှစ်ကဲ့သို့ပင်ခံစားနေရလေသည်။
ကျောက်စိမ်းတောင်ဝှေးအား ရရှိနိုင်ရန်အတွက်သူ့ထံတွင်ပိုက်ဆံများ ရှိပြီဖြစ်သော်လည်းလေလံပွဲမှာမူနောက်ဆုတ်သွားခဲ့ချေပြီ။
လေလံပွဲရွှေ့ဆိုင်းမည့်သတင်းအား ကြားလိုက်ရသောအခါသွေးများပင်ဆူပွက်အန်ထွက်မတတ်သူခံစားလိုက်ရ၏။ အဘယ့်ကြောင့်ဆိုသော်သူမလိုချင်သည့်ဆိုးရွားလှသော သူ၏လက်ရှိဘဝအား ကုန်ဆုံးရန်အတွက်နောက်ထပ်၁၀ ရက်လောက်ပင်ထပ်မံစောင့်စားရမည်ဖြစ်သောကြောင့်ပင်။
“ငါအသက်တောင်မရှင်ချင်တော့ဘူး။ ဒီလို ဘဝမျိုး နည်းနည်းလေးတောင်မနေချင်တော့ဘူး. . .”
ဇူဝူကျီ ငိုရင်းပြောလိုက်သည်။
“နောက်ဆုတ်တယ်ဟုတ်လား။ ဘာလို့နောက်ဆုတ်တာလဲ”
ရဲရှောင်မျက်လုံးပြူးသွားလေပြီ။
ထိုသတင်းသည်သူ့အတွက်တော့ သတင်းကောင်း မဟုတ်ပေ။လေလံပွဲ မြန်မြန်လုပ်ဖြစ်လေလေ ရတနာပစ္စည်းများ သူမြန်မြန်ရလေဖြစ်သည်။ သို့မှသာ သူ့အနေဖြင့်သူ၏ စိတ်အတွင်းရှိ အလုံးလေး နှင့်ထိုအလုံးလေးအတွင်းရှိ ဟင်းလင်းပြင်ကြီးအား ပို၍ စူးစမ်းလေ့လာနိုင်မည်ဖြစ်ပြီး ပိုမိုအဆင့်မြင့်မားသည့်ကျင့်စဉ်များအား မြန်မြန်ဆန်ဆန်ဖြင့်ကျင့်ယူနိုင်မည်ဖြစ်သည်။
“စောက်ရေးမပါတဲ့ကောင်ကွာ”
လန်လန့်လန့်သက်ပြင်းချလိုက်ရင်း –
“ဒီလို အရေးကြီးနေတဲ့ အချိန်ရောက်မှကွာ။ ဒီအရမ်းတန်ဖိုးရှိတဲ့ဆေးတွေကို ထုတ်ပြတယ်။ ဆေးလေးကြေညာဖို့အတွက်နဲ့လေလံပွဲကိုနောက်မဆုတ်သင့်ဘူး။ အဲ့ဒီဆေးတွေကိုကြေညာဖို့ဆိုရင်ရက်အကြာကြီးနဲ့တောင်မလောက်နိုင်ဘူး။ ငါတို့တောင်ဒီလိုစဉ်းစားတတ်နေရင်ဆယ်ရက်ဆိုတာ ခဏလေးနဲ့ ကုန်သွားမှာကို သူတို့တွေ မစဉ်းစားတတ်ဘူးလား။ ဘယ်လောက်တောင်ရှက်ဖို့ကောင်းလဲ။လေလံပွဲမှာသံမဏိရေခဲဓား ပါမယ်လို့ ငါကြားထားတယ်။ ငါအဲ့ဒီဓားကို အတတ်နိုင်ဆုံး ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားတာ။ အခုတော့နောက်ထပ်ဆယ်ရက်ထပ်စောင့်ရတော့မယ်။တော်တော်ကိုစောက်တလွဲလုပ်တဲ့ကောင် . . .”
“အာ. . .ဆေးလုံးတွေကြောင့်နောက်ဆုတ်တာတဲ့”
ရဲရှောင်ပါးစပ်အဟောင်းသားပင်ဖြစ်မိသွားလေသည်။
ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်လိုက်သလိုပါပဲလား. . .