Chapter – 11
“မင်းက၀ယ်ချင်နေပေမဲ့ ငါကမရောင်းနိုင်ဘူး”
ကွမ်ဝမ်ရှန်သည် အစပိုင်းတွင် ဆေးများအား အထင်အမြင်သေးခဲ့မိသည့်အတွက် နောင်တရလျက်ရှိသည်။ ယခုကဲ့သို့ တန်ဖိုးရှိလှသည့် ဆေးများအား ရှာဖွေတွေ့ရှိခြင်းသည် နောက်မျိုးဆက် သုံးဆက်အထိလောက်ပင် ကောင်းစားနိုင်ပေသည်။ ကွမ်ဝမ်ရှန်သည် ဆေးများအား ထပ်၍ မြင်ချင်နေမိသည်။ သူ၏ အတောမသတ်နိုင်သည့် လောဘများသည် သူ၏ ဆင်ခြင်တုံတရားများကိုပင် ဖုံးလွှမ်းလျက်ရှိ၏။ အကယ်၍ ယခုကဲ့သို့ အဖိုးထိုက်တန်လှသည့် ဆေးများအား တစ်ခုထက်ပို၍ ရရှိနိုင်မည်ဆိုပါက ထိုနေ့သည် သူ၏ ဘ၀တွင် အကောင်းဆုံး နေ့တစ်နေ့ပင် ဖြစ်လာပေလိမ့်မည်။
ကွမ်ဝမ်ရှန်၏ ပျာယာခတ်သည့် အမူအယာအားကြည့်ရင်း ရဲရှောင် အံ့သြနေမိလေသည်။ သို့သော် သူ၏ အဖြေအား ယခင်အတိုင်းပင် မပြောင်းလဲဘဲ –
“ဘယ်လောက်ရှိတယ်ဆိုတာ အခုထိတော့ မရေရသေးဘူး၊ အင်း . . . ဆယ့်ငါးလုံး ဆယ့်ခြောက် လုံးလောက်တော့ ရှိမယ်ထင်တယ်။ အတိအကျကို မရေရသေးဘူး”
ရဲရှောင် စိုးရိမ်ပူပန် မိလာသောကြောင့် နဖူးမှ ချွေးများပင် ထွက်လာသည် –
“ဒီဆေးတွေ ဒီလောက်ထိ တန်ဖိုးရှိမယ်မှန်း မထင်ခဲ့ဘူး။ ဘာကြောင့် ဒီအဖိုးကြီးက ဒီလောက် တောင် ပျာယာခတ်နေတာပါလိမ့် . . . ဒီလူကြီး ကြောင်နေတာလားမသိ”
“ဘာ . . . ဆယ့်ငါးလုံး ဆယ့်ခြောက်လုံးလောက် ဟုတ်လား . . . မင်းဆေးတွေကို ရေတောင် မရေကြည့်ရသေးဘူးပေါ့လေ တကယ်ကြီးလား . . .”
ကွမ်ဝမ်ရှန်မှ ရဲရှောင်အား အားမလိုအားမရ ပုံစံမျိုးဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
ကွမ်ဝမ်ရှန်သည် သူ၏ ရှေ့တွင် ထိုင်နေသော ရဲရှောင်အား အမှန်တကယ်ပင် ဆဲချင်နေမိသည်။ သို့သော် သူ၏ စိတ်အား တတ်နိုင်သမျှ ဖြေလျော့၍ စကားအမှားမပါစေရန် အတတ်နိုင်ဆုံး ထိန်းလိုက်၏။ သူတွေးလိုက်မိသည်မှာ –
“ဆေးလုံးလေး တစ်လုံးတည်းနဲ့တောင် ကမ္ဘာကြီးကို ကိုင်လှုပ်ဖို့ လုံလောက်တယ်။ သူ့ဆီမှာ ဆေးက ဆယ့်ငါးလုံးမက ရှိနိုင်တယ်။ ဒီလို တန်ဖိုးကြီးတဲ့ဆေးတွေ သူ့ဆီမှာ ရှိနေတာ ရယ်စရာ ကောင်း လိုက်တာ . . . သူ့ကြည့်ရတာ ဆေးတွေရဲ့ တန်ဖိုးကိုတောင် မသိတဲ့ပုံပဲ။ ဒီအထိတောင် ဆေးတွေကို ယူလာပြီးမှ သူ့ဆီမှာ ဆေးဘယ်လောက်ရှိတယ်ဆိုတာ မရေရသေးဘူးတဲ့လား။ ဘုရားက ဖန်ဆင်းပေးတဲ့ လက်ဆောင်ကို ကောင်းကောင်းအသုံးမချတတ်တဲ့ ပုံစံမျိုးပဲ။ ဒီလိုလူမျိုး ရှိနေတာ သူတို့ မိသားစုအတွက် ရင်လေးမိတယ်။ မိသားစုကို အရှက်ရစေတဲ့ ကောင်ပဲ . . . ငါတို့မြို့က ဟိုလူရှုပ်လူပွေ သခင်လေးသုံးပါးထက်တောင် မိုက်မဲနေသေးတယ်။ ဒီလူနဲ့ ယှဉ်ရင် ဟိုကလေး သုံးယောက်ကမှ တော်သေးတယ်လို့ ပြောလို့ရသေးတယ်။ သူ့ရဲ့ ဉာဏ်မရှိ မိုက်မဲပုံကတော့ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ဘူး . . .”
ကွမ်ဝမ်ရှန်သည် ဒေါသထွက်နေသည့် အသံဖြင့် –
“ငါ့ဆီကို ခရမ်းရောင် ပုလင်း ဆယ်နှစ်လုံး ယူလာခဲ့စမ်း . . .”
ကွမ်ဝမ်ရှန်အနေဖြင့် ရဲရှောင်အပေါ် ဒေါသမထွက်ရဲသဖြင့် သူ၏ ဒေါသများအား လက်အောက် ငယ်သားများအပေါ်တွင်သာ စုပုံချရလေသည်။
ကွမ်ဝမ်ရှန်၏ အော်ဟစ်ကြိမ်းမောင်းသံအား ကြားလိုက်ရသောအခါ သူ၏ တပည့်များသည် ဆောက်တည်ရာမရ ဖြစ်ကာ ပျာယာခတ်သည့် အမူအရာများဖြင့် ရောက်လာကြသည်။
ယခုကဲ့သို့ သူတို့ သခင်ကြီး၏ ဆူပူကြိမ်းမောင်းသံအား မကြားရသည်မှာ နှစ်ပေါင်းပင် အတော် ကြာခဲ့ချေပြီ။
ထိုကဲ့သို့ အခြေအနေမျိုးတွင် အကြောင်းပြချက် မရှိပဲ သူတို့၏ သခင်ကြီးအနားသို့ အရောက် နောက်ကျခဲ့ပါက အပြစ်တင် ကြိမ်းမောင်းခံရမည်ဖြစ်ပြီး အဆိုးဆုံးအခြေအနေအရ အလုပ်ပင် ပြုတ်သွား နိုင်ပါသည်။
ခဏအကြာတွင် ကွမ်ဝမ်ရှန် တောင်းလိုက်သည့် ပစ္စည်းများအားလုံး ရောက်ရှိလာခဲ့သည်။
ကွမ်ဝမ်ရှန်သည် အဖြူရောင်ပဝါဖြင့် သူ၏ လက်များအား သန့်ရှင်းသွားစေရန် သုတ်လိုက်သည်။ ထို့နောက် ခရမ်းရောင်ကျောက်ဖြင့် ပြုလုပ်ထားသည့် ပန်းကန်ပြားအား စားပွဲပေါ်သို့တင်လိုက်ပြီး အထဲသို့ ဖောက်ထွင်းမြင်နိုင်သော အဖုံးတစ်ခုအား ပန်းကန်ပြားပေါ်တွင် ဖုံးအုပ်လိုက်သည်။ ထိုအဖုံးလေးတွင် ပစ္စည်းများအား အပြင်မှ ထည့်နိုင်သည့် အပေါက်လေးတစ်ခုပါရှိ၏။
ထို့နောက် ရဲရှောင်ထံမှ ဆေးပုလင်းအား ယူလိုက်ပြီး အဖုံးလေး၏ အပေါက်မှတစ်ဆင့် ပန်းကန်ပြားပေါ်သို့ တင်လိုက်သည်။
ဆေးထဲမှ ဝိညာတော်ချီဓာတ်များ လွှင့်ပျံသွားမည်စိုးသောကြောင့် အဖုံး၏အပေါက်မှတစ်ဆင့် သူ၏လက်ချောင်းများအား ပိတ်ဆို့ထားလိုက်သည်။ ကွမ်ဝမ်ရှန်၏ လက်ချောင်းများသည် အဖုံး၏အပေါက်နှင့် ကွက်တိပင်ဖြစ်နေလေသည်။
“ဒီပစ္စည်းက တော်တော်အံ့သြဖို့ ကောင်းတာပဲ။ တကယ်ကို အရည်အသွေးကောင်းတယ်”
ရှောင်ဧကရာဇ်တစ်ယောက် ထိုအဖုံးလေးအား သဘောကျမိ၍ နှုတ်မှပင် ချီးကျုး စကားဆိုလိုက်မိသည်။
သို့သော် သူ၏ ချီးကျုးမှုသည် အဖိုးကြီးအား စိတ်ဆိုးလုနီးပါးပင် ဖြစ်စေခဲ့ပြီး နှစ်ပေါင်း ၁၀၀၀ ကျော်ကြာသည့်အထိ လှောင်ပြောင်စရာ ကိစ္စဖြစ်စေခဲ့သည်ကို ရဲရှောင် နားမလည်နိုင်အောင်ပင် ဖြစ်ခဲ့ရသည်။……….
အဖုံးသည် ပညာသားပါပါနှင့် ပြုလုပ်ထားသော ပစ္စည်းတစ်ခုဖြစ်ပြီး ဆေး၏ တန်ဖိုးနှင့်တော့ နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
ဆေးပုလင်းအဖုံးအား ဖွင့်လိုက်သောအခါ အံ့သြဖွယ်ရာကောင်းသည့် သင်းပျံ့သော ရနံ့များသည် ပျံ့လွှင့်လာကြသည်။ ထိုပုလင်း၏ အတွင်းတွင် ထုထည်ကြီးမားသည့် အဖြူရောင် အခိုးအငွေ့များ ဖြစ်ပေါ်လျက်ရှိပြီး သူတို့၏ သိပ်သည်းမှုကြောင့် အပြင်ဘက်သို့ပင် လွှင့်ပျံထွက်လာနိုင်ခြင်း မရှိပေ။
“ဆေး တိမ်တိုက် . . . ”
ကွမ်ဝမ်ရှန် တုန်လှုပ်သွားလေသည်။ သူ၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး အောက်သို့ ပြုတ်ကျသွားမတတ်ပင် ဖြစ်ကုန်သည်။
ဆေးများတွင် အဆင့် (၉) ဆင့်ရှိပြီး အဆင့် ( ၇ ) အထက်ရှိ ဆေးများသည် အလင်းရောင်များ ဖြာထွက်ထုတ်လွှတ်နိုင်ပြီး အဆင့် (၉) အဆင့်ရှိ ဆေးများသည် အခိုးအငွေ့များ ထုတ်လွှတ်နိုင်ပါသည်။
သို့သော် အဆင့် (၉) အဆင့်အထက်ရှိ ဒဏ္ဍာရီလာဆေးများ၏ အခိုးအငွေ့များသည် တိမ်တိုက်များသဖွယ် ဖြစ်တည်နိုင်ပြီး အငွေ့များ၏ သိပ်သည်းမှုကြောင့် အလွှာလေးတစ်ခုကဲ့သို့ပင် ဖြစ်တည်နိုင်စွမ်းရှိသည်။
တိမ်တိုက် နှင့် အခိုးအငွေ့သည် ဂုဏ်သတ္တိတူညီသည်ဟု သတ်မှတ်နိုင်သော်လည်း အခိုးအငွေ့သည် နေရာအနှံ့အပြားသို့ ပျံ့နှံ့ပျောက်ကွယ်သွားနိုင်ပြီး တိမ်တိုက်များမူ သိပ်သည်းဆများကြောင့် ၎င်းတို့၏ ပုံသဏ္ဍာန်အား ပျောက်ကွယ်မသွားစေဘဲ တည်ရှိနိုင်သည်။
တိမ်တိုက် နှင့် အခိုးငွေ့သည် ကောင်းကင် နှင့် မြေကြီးကဲ့သို့ပင် ကွာခြားပေသည်။
ဆေးတိမ်တိုက်သည် ကမှ္ဘာဦးကာလကတည်းက ဒဏ္ဍာရီလာ ပုံပြင်များထဲတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မော်တယ်ကမ္ဘာတွင် ထိုဆေးတိမ်တိုက်အကြောင်းအား ပါးစပ်ရာဇ၀င်အဖြစ်သာ ပြောဆိုကြပြီး မြင်တွေ့ဖူးခြင်းတော့ မရှိကြပေ။
ကွမ်ဝမ်ရှန်သည် သူ့အနေဖြင့် အိမ်မက်ထဲပင် ထည့်မမက်ရဲခဲ့သည့် ဒဏ္ဍာရီလာ ဆေးတိမ်တိုက်အား မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပေပြီ။ ထိုဆေး၏ ထူးကဲသာလွန်လှသော ရနံ့များကြောင့် ကွမ်ဝမ်ရှန်တစ်ယောက် စိတ်ရောကိုယ်ပါ နုပျိုလန်းဆန်းသွားသည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားသောကြောင့် ငိုချမတတ်ပင် ဖြစ်သွားလေသည်။
“အို ရိုသေလေးစားရပါသော ကျွန်ုပ်ရဲ့ ဘိုးဘေးအပေါင်းတို့ . . . ”
ကွမ်ဝမ်ရှန် ၀မ်းသာအားရဖြင့် တတွတ်တွတ် ရေရွတ်လိုက်ရင်း –
“ဒီနေ့ ဒဏ္ဍာရီလာ ဆေးတိမ်တိုက်ကို ငါ့မျက်လုံးနှစ်လုံးနဲ့ ငါကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီ။ ဒီဆေးတိမ်တိုက်က နောက်မျိုးဆက် သုံးဆက်လောက်အထိကို ကောင်းစားနိုင်တယ်။ ငါ့မှာ ဘာပူဆွေးဝမ်းနည်းမှုမှ မရှိတော့သလို သေရမယ်ဆိုရင်တောင် သေပျော်သွားပါပြီ”
ရှောင်ဧကရာဇ် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားပင် ဖြစ်သွားရင်း –
“ဘာတွေ ဖြစ်နေတာလဲ။ ဒီဆေးလုံးလေးအတွက်နဲ့ သူဘာဖြစ်နေတာလဲ။ ဒီဆေးလေးက သူ့ကို ရူးမတတ်ဖြစ်အောင်တောင် ဘယ်လိုလုပ်လိုက်တာလဲ။ ပျော်ပျော်ကြီးတောင် သေတော့မယ်ဆိုပဲ။ ဒါရိုးရိုးသာမန် ဆေးလေးပဲလေ။ ဘာမှထူးခြားနေတာမှ မဟုတ်တာ”
ဆေးပုလင်းထဲမှ ပဲစေ့အရွယ် ဆေးလုံးများ ထွက်ကျလာစေရန်အတွက် ပုလင်းအား ဖြေးဖြေးချင်း စောင်းလိုက်သည်။ ဆေးလုံးများ ပန်းကန်ပြားအတွင်းထဲသို့ ကျသွားသည့်အချိန်မှာတောင်မှပင်ဆေးတိမ်တိုက်များသည်ဆေးလုံးများအား ရစ်ပတ်ကာရံ ထားလျက်ရှိသည်။ ခဏအကြာတွင်ရွှေရောင်များတောက်ပနေသည့်ဆေးလုံးများအား ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီး ထိုဆေးများ၏ မျက်နှာပြင်တစ်ခုလုံးတွင်သွေးကြောမျှင်များကဲ့သို့ အရေးအကြောင်းများပင်ပါရှိသည်။
ကွမ်ဝမ်ရှန်သည်အလွန်အမင်းပင်အားရဝမ်းသာ ဖြစ်သွားသောကြောင့်သူ၏ မျက်လုံးများသည် အရောင်တလက်လက်ဖြင့်တောက်ပကုန်သည်။
ဆေး၏ တန်ဖိုးအား မယုံသင်္ကာဖြစ်ရန်ပင်နောက်ထပ်မလိုအပ်တော့ပေ။
ဆေးကြောမျှင်လေးများသည်နေရာလပ်မရှိအောင်ပင်ဆေးအပေါ်တွင်ဖုံးအုပ်ထားကြ၏။
ဒဏ္ဍာရီလာ အဆင့်၁၀မှော်ဆေးလုံးအား ထာဝရအသက်ရှင်သန်နိုင်သောဆေးပညာရှင်ကြီးများကသာ ပြုလုပ်နိုင်သည်။
ဖေးယွမ်ဆေးများအား အဆင့်၉ အဆင့်ရှိဆေးပညာရှင်များက သုတေသနပြုလုပ်ရန်အတွက်ဈေးမတန်တဆပေး၍ ဝယ်ကြပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်ထိုဖေးယွမ်ဆေးသည်သူတို့အား ထိပ်သီးဆေးပညာရှင်ဖြစ်မည့်လမ်းကြောင်းပေါ်သို့ရောက်ရှိနိုင်စေသောကြောင့်ပင်ဖြစ်သည်။
အနည်းငယ်လေ့လာရုံမျှဖြင့်ဆေးပညာရှင်များအား များစွာ အကျိုးကျေးဇူး ရရှိနိုင်စေလေသည်။
ကွမ်ဝမ်ရှန်သည်စိတ်လွတ်သွားသည့်အရူးတစ်ယောက်ကဲ့သို့ပင်ခရမ်းရောင်ပုလင်းများအား အလျင်အမြန်ယူလိုက်ပြီးထိုပုလင်းတစ်လုံးချင်းစီ အတွင်းသို့ဖေးယွမ်ဆေးတစ်လုံးချင်းစီအား ထည့်လိုက်သည်။ တစ်လုံး… နှစ်လုံး…သုံးလုံး…လေးလုံး……
“စုစုပေါင်း ဆယ့်ငါးလုံး”
ကွမ်ဝမ်ရှန်ဆေးများအားရေတွက်ရင်း အံ့ဩတုန်လှုပ်သွားသည်။
ရဲရှောင်ပြောခဲ့သည့်အရေအတွက်နှင့်မကွာလှပေ။ ကွမ်ဝမ်ရှန်သည်ဒဏ္ဍာရီလာဆေးတိမ်တိုက်များ ဖြစ်ပေါ်နိုင်စေသည့်ဆေးများအား မျက်မြင်ကိုယ်တွေ့တွေ့ပြီးသည့်တိုင်သူ၏ရှေ့တွင်ရှိနေသည့် ရဲရှောင်အား ယုံကြည်ရန်ခက်ခဲလျက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော်ထိုဆေးတစ်လုံးအား မီးဖိုတွင်တစ်ခါတည်းဖြင့်အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့လျှင်တောင်မယုံနိုင်ဖွယ်ကောင်းသည့်ကံကောင်းမှုပင်ဖြစ်သည်။ သို့သော်ဆေးဆယ့်ငါးလုံးအား မီးဖိုတစ်ခုတည်းတွင်တစ်ချိန်တည်းအောင်မြင်အောင်ပြုလုပ်နိုင်ခဲ့သည့်အခြေအနေအား မြင်တွေ့လိုက်ရ၍ သူမယုံကြည်နိုင်အံ့ဩသင့်လျက်ရှိသည်။ ထိုဆေး ဆယ့်ငါးလုံးလုံးတွင်တူညီသော အရည်အသွေးများ ရှိနေကြလေသည်။
“နောင်ကြီး ဖန်”
ကွမ်ဝမ်ရှန်သည်ရဲရှောင်အားဆာလာမွတ်သိပ်နေသောမြေခွေးတစ်ကောင်၏ အကြည့်မျိုးဖြင့်ကြည့်လိုက်ပြီး ငမ်းငမ်းတက်ပုံစံမျိုးဖြင့်-
“နောင်ကြီးဖန်ဒီဆေးတွေက အမှန်တကယ်ကို အရည်အသွေးကောင်းတယ်။နောင်ကြီးဘက်က တန်ဖိုး စဖြတ်ပါ။ဈေးဘယ်လောက်တောင်းတောင်း ကိစ္စမရှိဘူး။ ငါဆေးတွေကို ယူမယ်”
“သခင်ကြီးကွမ်စဉ်းစားပါဦး…”
ရဲရှောင်တို့၏ဘေးတွင်ရပ်နေသည့်တာဝန်ခံသည်သခင်ကြီးကွမ်၏ စကားကြောင့်တုန်လှုပ်အံ့ဩသွားရင်းတွေးမိလိုက်သည်မှာ –
“ငါလခွမ်းပဲ . . . သူရူးများရူးသွားပြီလား။ ဘယ်လောက်ပဲ ပစ္စည်းတွေကို အကဲခတ်ကြည့်တတ်တဲ့ ကျွမ်းကျင်သူပဲ ဖြစ်ဖြစ်သူ့အနေနဲ့ ဒီဆေးတွေရဲ့ ထူးခြားတဲ့ အရည်အသွေးတွေကို ဘယ်လောက်ပဲ အသိမှတ်ပြုပြု အနည်းဆုံးတော့ဈေးနှိမ်ပြီး တန်ဖိုးဖြတ်သင့်တာ။နောက်ပြီးမှ တန်ဖိုးမရှိတဲ့ဆေးတွေကို အနာခံပြီး အားနာလို့သာ ယူလိုက်ရတဲ့ ပုံစံမျိုးနဲ့ ဟန်ဆောင်ရလိုက်မှာ။ ဒီနည်းလမ်းကလေလံခန်းမအတွက်ပစ္စည်းအသစ်တွေရအောင်လုပ်တဲ့ သူလုပ်နေကြ နည်းဗျုဟာတွေပဲဟာကို။ ဒါပေမယ့်အခုကြ သူက ဒီဆေးတွေက အရည်အသွေးကောင်းလွန်းလို့ဈေးဘယ်လောက်တောင်းဆိုတောင်းဆို ဂရုမစိုက်ဘူး သူယူမယ်ဆိုပဲ။ တကယ်လို့ ဟိုဘက်ကကောင်ကဈေးအဆမတန်တောင်းခဲ့ရင်သူဘယ်လိုလုပ်မှာလဲ”
“ဟဲ . . . ဟဲ . . . ဒီဆေးတွေကိုရောင်းဖို့ ငါစိတ်မဝင်စားဘူး”
ရဲရှောင်တာဝန်ခံအား ဖျတ်ခနဲကြည့်လိုက်ရင်း ပျက်ရယ်ပြုသည့်အပြုံးမျိုးဖြင့်-
“သခင်ကြီးကွမ်. . . ခင်ဗျားမှာ တကယ်တော်တဲ့ တာဝန်ခံတစ်ယောက်ခန့်ထားတာပဲ။ ဒီလိုလူမျိုးနဲ့တော့ ခင်ဗျားကအောင်မြင်ဦးမယ်”
ရဲရှောင်ပြောလိုက်သည့်စကား၏ ဆိုလိုရင်းအား ကွမ်ဝမ်ရှန်နားလည်သဘောပေါက်လိုက်သဖြင့်တာဝန်ခံအား ကြည့်လိုက်ပြီး –
“ထွက်သွားစမ်း။ ဒီနေ့တစ်နေ့လုံး စကားတစ်ခွန်းမှကို မဟနဲ့။ ကိုယ့်ဘဝ ကိုယ့်အခြေအနေ ကိုယ့်ဘာသာသိ”
တာဝန်ခံသည်နဖူးမှပင်ချွေးသီးချွေးပေါက်များ ကျလာပြီး သခင်ကြီးကွမ်အား ပျာပျာသလဲလဲ အမူအယာဖြင့်-
“ဟုတ်. . . ဟုတ်ကဲ့ . . . သခင်ကြီး . . . ထွက်သွားပါ့မယ်”
တာဝန်ခံ ထွက်သွားသောအခါ ကွမ်ဝမ်ရှန်မှ ရဲရှောင်ဘက်သို့ လှည့်၍ အားနာသွားသည့်အမူအယာဖြင့်-
“တောင်းပန်ပါတယ်။ သူက အရိပ်သုံးပါးကို နားမလည်တဲ့ကောင်မလို့ပါ။ ဒီရှားပါးတဲ့ ဒဏ္ဍာရီလာဆေးတွေရဲ့ တန်ဖိုးကိုတောင်မသိတဲ့ကောင်ကိုနောင်ကြီးဖန်သက်ညှာခွင့်လွှတ်ပေးပါ”
ရဲရှောင်ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
ကွမ်ဝမ်ရှန်သည်ရဲရှောင်ပြောသည့်စကားလုံးများ၏နောက်ကွယ်ရှိ အဓိပ္ပါယ်များအား ရှင်းရှင်းလင်းလင်းပင်သိ၏။ အကယ်၍ ရဲရှောင်ယူလာသည့်ဆေးများအား အခြားသာမန်ပစ္စည်းများကဲ့သို့ဈေးအဆမတန်နှိမ်မိပါက ရဲရှောင်အား စိတ်ပျက်စိတ်ဆိုးသွားစေမည်ဖြစ်သည်။ ထိုကဲ့သို့ ရဲရှောင်အား လက်ဗလာဖြင့်ပြန်လွှတ်လိုက်ခြင်းသည်နောင်မျိုးဆက်သုံးဆက်ထိကောင်းစားနိုင်မည့်အခွင့်အရေးအား လက်လွှတ်လိုက်ရသကဲ့သို့ပင်ဖြစ်သွားမည်ကို ကွမ်ဝမ်ရှန်ကောင်းကောင်းကြီး သဘောပေါက်လေသည်။
အခုတစ်ကြိမ်ကဲ့သို့အခွင့်အရေးမျိုးသည်သူ၏ဆွေစဉ်မျိုးဆက်ဆယ်ဆက်မကပင်အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည်ဖြစ်ပြီး ယခုကဲ့သို့ အဖိုးထိုက်တန်လှသည့်ပစ္စည်းမျိုး သူတို့၏လေလံခန်းမတွင်ယနေ့ထက်တိုင်မရှိခဲ့ဘူးချေ ။
ထို့အပြင်ရဲရှောင်ယူလာသည့်ဆေး၏ တန်ဖိုးအား သိနေရက်နှင့်ပင်ထိုရှားပါးလှသည့်ဒဏ္ဍာရီလာဆေးများအား တန်ဖိုးမရှိဟု သူသတ်မှတ်ခဲ့လျှင်သူ့အနေဖြင့်အပြစ်မကင်းသလို ခံစားရမည်ဖြစ်သည်။ ထိုကဲ့သို့ အရည်အသွေး မြင့်မားလှသည့်ဆေးများအားတန်ဖိုးသိရက်နှင့်ပင်တမင်ဈေးနှိမ်၍ ဝယ်ယူခဲ့ပါက ကမ္ဘာပေါ်ရှိဆေးပညာရှင်များ အားလုံးအား တစ်ချိန်တည်းပင် စော်ကားလိုက်သလိုပင် ဖြစ်နေပေမည်။
ကွမ်ဝမ်ရှန်အနေဖြင့်ထိုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့်ကိစ္စမျိုး ပြုလုပ်ခဲ့သည်ကို အပြင်သို့ ပေါက်ကြားသွားမည်ဆိုပါက သူ၏ ဂုဏ်သိက္ခာမှာ အဖတ်ဆယ်၍ မရလောက်အောင်ပင်ဖြစ်သွားမည်ဖြစ်ပြီး သူ့အား လူတွေမှ –
“ဆေးတိမ်တိုက်တောင်ဖြစ်တည်နိုင်တဲ့ ဒီလို ဒဏ္ဍာရီလာဆေးမျိးကို မင်းမလို့ဈေးနှိမ်ရဲတယ်။ မင်းဆီမှာရှိတဲ့ သာမန်ဆေးတွေကိုကြအမြတ်ကြီးစားပြီး ပြန်ရောင်းစားရဲတယ်ပေါ့”
“နောင်ကြီးဖန်. . . မင်းက ဒီဆေးတွေကို မရောင်းချင်ဘူးပေါ့လေ ဟုတ်လား . . . ဘာအဓိပ္ပါယ်လဲ။ မင်းမှာ ဘာအစီစဉ်ရှိလို့လဲ။ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းပြောပြလို့ရမလား”
ကွမ်ဝမ်ရှန်ရဲရှောင်အား အလွန်တရာမှပင်နှိမ့်ချသည့်လေသံမျိုးဖြင့်ပြောလိုက်ပြီး ချက်ချင်းပင်သူ၏ တပည့်များအားအော်ခေါ်လိုက်ရင်း –
“ဟေ့ . . .လာကြစမ်း . . . လက်ဖက်ရည်လာချပေးစမ်း။ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ လက်ဖက်ရည်ကို လာချစမ်း”
“ငါ့ အစီအစဉ်က ရိုးရှင်းပါတယ်။ ငါဒီဆေးလုံးတွေနဲ့ တန်ဖိုးရှိတဲ့ ရတနာတစ်ခုကို အလဲအလှယ်လုပ်ချင်ရုံ သက်သက်ပဲ”
ရဲရှောင်ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။ ထို့နောက်ရဲရှောင်မှ –
“နောက်ပြီး ခင်ဗျားသိထားရမှာက ဒီဆေးတွေကို ကျုပ်ကိုယ်တိုင်လုပ်ခဲ့တာမဟုတ်ဘူး။ ဒီဆေးတွေကို လုပ်နိုင်ဖို့ဆိုတာ ကျူပ်အရည်အချင်းလောက်နဲ့ မရဘူး”
ကွမ်ဝမ်ရှန်မှ ရဲရှောင်ပြောလိုက်သည့်စကားများအားတွေးလိုက်ရင်း –
“အင်း . . . သူ့ပုံစံ သူ့ရုပ်ရည်ကဆေးပညာရှင်တစ်ယောက်ပုံစံမဟုတ်ဘူး။နောက်ပြီး သူ့ခန္ဓာကိုယ်မှာဆေးအနံ့အသက်တောင်မရဘူး”
ကွမ်ဝမ်ရှန်ခေါင်းညိတ်ပြလိုက်ရင်း ရဲရှောင်အား
အယောင်ယောင်အမှားမှားဖြင့်-
“ငါ . . . ငါတော့ မထင် . . . အ . . . အဲ့လိုမဟုတ်. . . နောင်ကြီးဖန်မင်းက ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းနေပြန်ပါပြီ”
ချက်ချင်းဆိုသလိုပင်သူ၏ မျက်နှာတစ်ခုလုံးသည်မီးလောင်မြှိက်ခံထားရသည့်အတိုင်း နီရဲတွတ်သွားသကဲ့ ခံစားလိုက်ရ၏။ သူ့ပါးစပ်မှ ထပ်မံပြောရမည့်စကားလုံးများအတွက်စဉ်းစားချင့်ချိန်နေရလေသည်။ သို့သော်အလွဲလွဲ အချော်ချော်ဖြင့်ပင်သူ၏ စကားများသည်ခုတ်ရာတခြား ရှရာတလွဲပင်ဖြစ်သွားပေသည်။
ရဲရှောင်ခနဲ့တဲ့တဲ့လေသံမျိုးဖြင့်-
“ဟမ့် . . . ဒီဆေးတွေကို ကျုပ်လုပ်တာ မဟုတ်ဘူး။ဆေးတွေကို လုပ်တဲ့ဆေးပညာရှင်က သူဘယ်သူမှန်း လူတွေကို သိစေချင်တာ မဟုတ်ဘူး။ အထူးသဖြင့်ဒီမော်တယ်ကမ္ဘာက လူတွေကိုဆို ပိုဆိုးပေါ့”
ရဲရှောင်မှ ကွမ်ဝမ်ရှန်အနေဖြင့်ထိုဒဏ္ဍာရီလာဆေး ပြုလုပ်သည့်ဆေးပညာရှင်နှင့်တွေ့ဆုံရန်မထိုက်တန်ကြောင်း ဆိုလိုလိုက်ခြင်းပင်ဖြစ်သည်။
ရဲရှောင်ပြောလိုက်သည့်စကားများအား သူ့အနေဖြင့်သံသယမဝင်ရဲပေ။ သူသည်နားလည်သဘောပေါက်ကြောင်း ပြသသည့်အနေဖြင့်နှိမ့်ချသည့်လေသံမျိုးဖြင့်-
“ဟုတ်ကဲ့ . . . ဟုတ်ကဲ့ . . .နောင်ကြီးဖန်ပြောတာတွေ နားလည်ပါတယ်။ ကျွမ်းကျင်တဲ့ဆေးပညာရှင်ကြီး တစ်ယောက်အနေနဲ့ သူ့ရဲ့ဆေးပြုလုပ်တဲ့ကိစ္စမှာပဲ အာရုံစူးစိုက်ထားရမှာလေ။ ငါတို့လိုမော်တယ်ကမ္ဘာက လူတွေနဲ့ ထိတွေ့ဆက်ဆံဖို့အတွက်သူ့အချိန်တွေကို ဘယ်ဖြုန်းမလဲ။နောင်ကြီးဖန်ပြောတာ အင်မတန်မှကို ကျိုးကြောင်းဆီလျော်မှန်ကန်ပါတယ်. . .”
“ဒီလို ဂုဏ်ယူဖို့ကောင်းတဲ့ဆေးပညာရှင်ကြီးရဲ့ မျက်နှာသာပေးခြင်းကို ခံရမယ်ဆိုရင်သူ ဒါမှမဟုတ်ရင်သူမဆီက အကြုံပြုချက်တွေကို ငါတို့ လက်ခံမှာပါ။ ဒါပေမယ့်ဆေးတွေကို ရတနာတွေနဲ့ အလဲအလှယ်လုပ်မယ်ဆိုတာကတော့ ငါတို့ရဲ့လေလံခန်းမ သမိုင်းတစ်လျှောက်မှာ ရှိကိုမရှိခဲ့ဖူးဘူး”
ကွမ်ဝမ်ရှန်မှ ထပ်ပြီး –
“နောင်ကြီး ဖန်. . .နောင်ကြီးအနေနဲ့ ငါတို့မော်တယ်ကမ္ဘာရဲ့ကုန်သွယ်မှုနဲ့ ပက်သက်တဲ့ ဥပဒေတွေကို နားလည်သဘောပေါက်လိမ့်မယ်ထင်ပါတယ်။ ကုန်သွယ်မှု ကိစ္စမှန်သမျှကိုရွှေတွေငွေတွေနဲ့ တန်ဖိုးဖြတ်ကြတယ်။နောက်ပြီး ငါတို့လေလံခန်းမက ဘုရင်ကို အခွန်ဆက်သရတယ်။ ဒါကြောင့်ငါ့အနေနဲ့ ဒီအလဲအလှယ်ကိစ္စကို သဘောမတူချင်ဘူး။ ဒါပေမယ့်. . .”
ရဲရှောင်ခေါင်းညိတ်ပြလိုက်၏။ သူ့အနေဖြင့်နားလည်သဘောပေါက်ပေသည်။
အကယ်၍ ကွမ်ဝမ်ရှန်အနေဖြင့်ရဲရှောင်အားဆေး၏ တန်ဖိုးအားပေးချေရန်အတွက်ရတနာပစ္စည်းတစ်ခုခုအားပေးလိုက်မည်ဆိုပါက အခွန်တော်ကို ရာခိုင်နှုန်းဖြင့်ဆက်သရန်အဆင်မပြေနိုင်ချေ ။ရွှေစဖြင့်အလဲအထပ်လုပ်မည်ဆိုပါ အဆင်ပြေနိုင်ပါသေးသည်။
ဘုရင်မှလည်း အခွန်ကိစ္စများနှင့်ပက်သက်၍ တင်းကြပ်ထားသဖြင့်ကွမ်ဝမ်ရှန်အနေဖြင့်ယခုကဲ့သို့ သဘောတူညီမှုမျိုးအား မလုပ်ရဲပေ။
တစ်ကြိမ်တစ်ခါတည်း ပြုလုပ်ခဲ့မိလျှင်တောင်တားမြစ်ထားသည့်ဥပဒေအား ချိုးဖောက်မှုဖြင့်သူတို့၏ ဂုဏ်သိက္ခာများ ကျဆင်းသွားမည်ဖြစ်ပြီး အဆိုးဆုံးအနေဖြင့်အဖမ်းဆီးပင်ခံရနိုင်ပေသည်။
ကွမ်ဝမ်ရှန်သည်ဆေးအားရွှေတွေငွေတွေဖြင့်အလဲအလှယ်မလုပ်ခိုင်းဘဲ ရတနာပစ္စည်းတစ်ခုခုဖြင့်သာ အလဲအထပ်လုပ်ခိုင်းသည့်ဆေးပညာရှင်အား မကျေမနပ်ဖြစ်လျက်ရှိ၏။ သူ့အနေဖြင့်ယခုသဘောတူညီမှုအား ဘယ်အရာကိုမျှ ဂရုမစိုက်ဘဲ အမှန်တကယ်ပင်လုပ်ချင်နေသော်လည်း တင်းကြပ်ထားသော ဥပဒေများကြောင့်ရှေ့မတိုးသာနောက်မဆုတ်သာ စုပ်လည်းဆူး စားလည်းရူးပင်ဖြစ်နေရလေသည်။
ရဲရှောင်ခေါင်းတဆတ်ဆတ်ညိတ်လိုက်ရင်း –
“ခင်ဗျား အခြေအနေတွေနဲ့ အခက်အခဲတွေကို နားလည်ပါတယ်။ ဒါပေမယ့်ဆေးပညာရှင်က သူများတွေနဲ့ တူတာမဟုတ်ဘူး။ရွှေတွေငွေတွေနဲ့သာ ဆိုရင်သူနှာခေါင်းရှုံ့နေမှာ မြင်ယောင်သေး။ တကယ်လို့ ခင်ဗျားရဲ့ အခက်အခဲတွေကို သူ့ကို သွားပြန်ပြောလိုက်မယ်ဆိုရင်သဘောတူညီမှုကပျက်ပြယ်သွားမှာသေချာပေါက်ပဲ။ အဲ့ဒီလို အခြေအနေမျိုး ဖြစ်သွားရင်ခင်ဗျားအနေနဲ့မပျော်မရွှင်ဖြစ်သွားမှာကို ကျုပ်ဖြင့်တွေးရင်း စိတ်တောင်မကောင်းဘူး