Switch Mode

Chapter – 9

ထူးခြားသော ဥတစ်လုံး

Chapter – 9
“ထူးခြားသော ဉ တစ်လုံး”

ရဲရှောင် အဝတ်အစားများ ဝတ်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ နောက်ဆုံးတွင် နံပါတ်တစ် သိုင်းကျင့်စဉ်တစ်ခုဖြစ်သည့် “ရှေးဦးချီဓာတ်ကျင့်စဉ်” အား အစောပိုင်းမှာပင် စတင်ခဲ့သည်။
ကျင့်စဉ်မှ ရရှိလာသည့် စွမ်းအားများအား လည်ပတ်စီးဆင်းနိုင်ရန်အတွက် သူလုပ်နေကြ နည်းလမ်းများ အတိုင်းပင် လုပ်လိုက်သည်။ ချီဓာတ်များအား ထိန်းချုပ်ကာ သူ၏ လက်ဆီသို့ ပို့လိုက်သည်။ ထို့နောက် ၎င်းချီဓာတ်သည် အဝါနုရောင် အလင်းတန်းတစ်ခု အဖြစ် တောက်ပသွားခဲ့သည်။
“အဆင့်တစ် မြေကြီးအဆင့်”
ရဲရှောင် စိတ်သက်သာရာ ရသွားသည်။ဘယ်လောက် ကောင်းလိုက်တဲ့ အံ့ဩမှုမျိုးလဲ။
ယခင်ဘဝတွင် သူနေထိုင်ခဲ့သည့် ချင်းရန်နယ်ပယ်နှင့် ယခုမော်တယ်ကမ္ဘာသည် လုံးဝပင် ကွဲပြားကြောင်း ရဲရှောင် နားလည်လိုက်သည်။ ချင်းရန်နယ်ပယ်တွင် ဝိညာဉ်တော်အဆင့်သည် ကျင့်ကြံမှုလမ်းစဉ်တွင် အနိမ့်ဆုံးအဆင့်ဖြစ်သည်။ ယခင်ရှောင်ဧကရာဇ်ဘဝ၌ သူသည် မူလတာအိုအဆင့်၏ ထိပ်ဆုံးသို့ရောက်ရှိခဲ့သည်။ ထိုအဆင့်သည် ချင်းရန်နယ်ပယ်တွင် အမြင့်ဆုံးအဆင့်တစ်ခုဖြစ်သည်။
သို့သော် ယခုမော်တယ်ကမ္ဘာတွင် ကျင့်ကြံမှုလမ်းစဉ်အား မော်တယ်အဆင့်ဖြင့် စတင်ရသည်။
မော်တယ်ကမ္ဘာတွင် မော်တယ်အဆင့်၊ မြေကြီးအဆင့် နှင့် ကောင်းကင်အဆင့် ဟူ၍ ကျင့်စဉ်ကြီး သုံးခုရှိ၏။ ကောင်းကင်အဆင့်၏ အထက်တွင် ဝိညာဉ်တော်အဆင့် ရှိလေသည်။ ထိုဝိညာဉ်တော်အဆင့်သည် ချင်းရန်နယ်ပယ်တွင်သာရှိလေသည်။
မော်တယ်အဆင့်ကျင့်စဉ်တွင် အဆင့် (၉)ဆင့်ရှိပြီး တစ်ဆင့်ချင်းစီတွင် နောက်ထပ်(၉)ဆင့်ရှိလေသည်။ စွမ်းအားရှင်တစ်ယောက်ဖြစ်ရန်အတွက် အဆိုပါ ကိုးဆင့်လုံးအား ကျင့်ကြံရမည်ဖြစ်သည်။ မြေကြီးအဆင့် ကျင့်စဉ်တွင်လည်း အဆင့် (၉)ဆင့်ရှိပြီး ထိုအဆင့်များသည် ပိုပို၍မြင့်မားလာသည့် တောင်ကြီးကိုးလုံးအား တစ်တောင်ပြီးတစ်တောင် တွယ်တက်နေရသကဲ့သို့ ခက်ခဲ ကြမ်းတမ်းစွာ​ဖြင့် ကျင့်ကြံရမည်ဖြစ်သည်။ ထို့ပြင် ကောင်းကင်အဆင့်ကျင့်စဉ်တွင် အဆင့် (၉) ဆင့်ရှိပြီး ၎င်းအဆင့်များအားလုံးသည် ထုထည်အမျိုးမျိုးဖြင့် တည်ရှိနေသည့် တိမ်တိုက်များနှင့် တူ၏။ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားသည့်အခါတိုင်း ကောင်းကင်ဘုံနှင့် ပိုပို၍ နီးကပ်လာသကဲ့သို့ပင် ကျင့်စဉ်များသည်လည်း ပို၍ပင် ခက်ခဲလာမည်ဖြစ်သည်။
မော်တယ်အဆင့်ကျင့်စဉ်၏ အဆင့်တစ်သည် ကျင့်ကြံသူတို့အား မော်တယ်ကမ္ဘာတွင် သူတို့ကိုယ်တိုင် ရပ်တည်နိုင်စေသည့် စွမ်းအားများ ရရှိစေမည်ဖြစ်ပြီး အဆင့် (၅) သို့ရောက်လျှင် သေခြင်းနှင့်ရှင်ခြင်းမှလွဲ၍ အတော်အတန် ကျွမ်းကျင်သည့်အဆင့်သို့ ရောက်နေပြီဟုဆို၍ ရနေပြီဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကျင့်ကြံခြင်း လမ်းစဉ်များသည် အဆင့် (၉) အထိသာရှိကြသည်။ ကျင့်ကြံသူတို့သည် သာမန်လူများထက် ပို၍ ထူးကဲသော စွမ်းအင်များကို ပိုင်ဆိုင်ကြသည် ။
မြေကြီးအဆင့်ကျင့်စဉ်သို့ ရောက်သည့် လူတစ်ယောက်အား စစ်မှန်သည့် ပညာရှင်တစ်ဦးဟု ခေါ်ဆို၍ ရနိုင်ပါသည်။ ထိုအဆင့်သို့ ရောက်ရှိသည့် လူများသည် ကျွမ်းကျင်မှု အဆင့်တစ်ခုအထိ ရောက်ရှိနေပြီဟု ဆိုနိုင်ပါပေသည်။ သို့သော် ထိုမြေကြီး အဆင့်ကျင့်စဉ်တွင် တစ်ဆင့်ပြီး တစ်ဆင့်တက်တိုင်း ကမ္ဘာပေါ်တွင် အမြင့်ဆုံး နှင့် ကြောက်မက်ဖွယ်ကောင်းသည့် အန္တရာယ်များ၊ စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသည့် တောင်များ တက်နေရသကဲ့သို့ပင် ခက်ခဲကြမ်းတမ်းမှုများနှင့် ကြုံတွေ့ရပေမည်။
“ဒီအခြေအရဆိုရင် ငါက သာမန်လူတွေထက် ပိုပြီး သန်မာပြီး စွမ်းအားတွေရှိနေပြီ။ စစ်မှန်တဲ့ ပညာရှင် တစ်ယောက်လို့တောင် အခေါ်ခံရဖို့ ထိုက်တန်နေပြီ”
ရဲရှောင် အနည်းငယ် အားရကျေနပ်သွားတဲ့ ပုံစံပင်။
သာမန်အားဖြင့် အဆင့်တစ် မော်တယ်အဆင့်မှ အဆင့်တစ် မြေကြီးအဆင့်ထိ ရောက်ရှိရန် တစ်နှစ်မျှ ကြာမြင့်ပေလိမ့်မည်။ သို့သော် ရဲရှောင်မှာမူ တစ်ရက်တည်းဖြင့်ပင် ရောက်ရှိသွားခဲ့သည် မဟုတ်ပါလော။
“ဒီလျင်မြန်မှုနှုန်း”
ရဲရှောင် သူ၏ မေးစေ့အား ပွတ်လိုက်ရင်း တွေးလိုက်မိသည်။ ယခုကဲ့သို့ ကျင့်ကြံမှုနှုန်းအား သာမန်လူများအဖို့ အိမ်မက်ပင် မမက်ရဲလောက်ပေ။
ထိုကဲ့သို့သော လျင်မြန်မှုနှုန်းအား ရရှိခြင်းသည် “ရှေးဦးချီဓာတ်ကျင့်စဉ်” ကျင့်ကြံခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးပင်ဖြစ်သည်။
ရဲရှောင်အနေဖြင့် ထိုကျင့်စဉ်အား ကျင့်ကြံရင်းဖြင့်ပင် သေရမည်ဆိုပါက နောင်တရမည်မဟုတ်ပေ။ ကျင့်စဉ်အား ကျင့်ကြံသည့် သူများသာလျှင် ကျင့်ကြံမှုအဆင့်များ၏ ခက်ခဲမှုများအား သိရှိနိုင်ပေသည်။
လူပေါ်ကျော့တစ်ဦးဖြစ်သည့် ယခင်ရဲရှောင်သည် မည်သည့်အရာကိုမျှ အလေးအနက်မထားဘဲ ပေါ့ပေါ့တန်တန် နေတတ်သော လူတစ်ဦးဖြစ်၏။ သူ့ဖခင်ကို ကြောက်ရ၍သာ ချီဓာတ်ကျင့်စဉ် အချို့အား ကျင့်ခဲ့ရခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် မော်တယ်အဆင့်ကျင့်စဉ်တွင် အဆင့်(၃) ပတ်ချာလည်တွင်သာ ရှိလေသည်။
သေဆုံးသွားခဲ့ပြီဖြစ်သည့် ယခင်ရဲရောင်၏ ခန္ဓာကိုယ်အတွင်းတွင် ချီဓာတ်ပမာဏ အနည်းငယ်သာ ရှိနေပါသည်။ သိုသော် ထိုချီဓာတ်များသည် သန့်စင်မှုမရှိကြပေ။
“သူက ငါ့အတွက် အခြေခံအဆင့်လောက်တော့ ဖန်တီးပေးခဲ့တယ်။ ဒါ​​ပေမယ့် သူ့ခန္ဓာကိုယ်က စွမ်းအားတွေနည်းလွန်းလို့ ငါဖြင့်ကြည့်တောင် မကြည့်ချင်ဘူး။ အင်း . . . အနည်းဆုံးတော့ ငါ့မှာခန္ဓာကိုယ်တစ်ခုရှိတယ် ပြီးတော့ အသက်လည်းရှင်နေသေးတာပဲ”
ရဲရှောင် ထိုအချိန် အခိုက်အတန့်အား အလွန်အမင်း စိတ်ကျေနပ်သွားလေသည်။ သူ့အနေဖြင့် အနည်းငယ်မျှပင် အထွန့်မတက်ချင်တော့ပေ။
“ငါသိချင်မိတယ်။ အလုံးလေးထဲမှာ တခြားလုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ရှိဦးမလား . . . ”
ရဲရှောင်၏ စိတ်ထဲတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။
ရဲရှောင်သည် သူ၏ ကျင့်ကြံမှုများ တိုးတက်လာသည်နှင့်အမျှ မှော်ကျောက်ဖရုံအား ပို၍ စိတ်ဝင်စားလာခဲ့သည်။ သူသည် အလုံးအတွင်းရှိ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး မှော်ကျောက်ဖရုံမှ ရရှိသည့် ချီဓာတ်များအား အသုံးပြုခဲ့သည့်အပြင် ကြွက်သားများနှင့် အရိုးများကိုပါ ဆေးကြော သန့်စင်ခဲ့ပြီးပြီဖြစ်သည်။ အမှန်တကယ်ပင် အံ့ဩဖို့ ကောင်းလောက်စေသည့် အချက်များပင်ဖြစ်၏။ မှော်ကျောက်ဖရုံကြောင့် အမှိုက်တစကဲ့သို့ တန်ဖိုးမရှိသည့် ယခင်ရဲရှောင်၏ ခန္ဓာကိုယ်သည် မြေကြီးအဆင့်ကျင့်စဉ်ကိုပင် အောင်မြင် ဖြတ်ကျော်ခဲ့ချေပြီ။
“တကယ်လို့ နောက်ထပ် အပိုင်းအစတစ်ခုကို ငါယူနိုင်ခဲ့မယ်ဆိုရင် ဘာတွေဆက်ဖြစ်မလဲ။ ငါဖြင့်တွေးရင်းနဲ့ ရယ်တောင်ရယ်ချင်လာပြီ ဟဲ . . . ဟဲ . . . ဟဲ . . . ”
ရဲရှောင်တွေးလိုက်ရင်း အလုံးထဲသို့ သူ၏ စိတ်ဝိညာဉ်အား နောက်တစ်ကြိမ် ပြန်ဝင်စေလိုက်သည်။ ရဲရှောင် မှော်ကျောက်ဖရုံ ရှိသည့်နေရာသို့ တန်းတန်းမတ်မတ် သွားလိုက်ရင်း ကျောက်အား ကြည့်လိုက်၏။ သူ၏ မေးစေ့အား တစ်ချက်ပွတ်လိုက်ရင်း –
“ငါနောက်ထပ် အပိုင်းအစလေး တစ်ခုလောက် လှီးဖြတ်သင့်လား”
ရဲရှောင် ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အတွက် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ မှော်ကျောက်ဖရုံအား ခိုးယူရန်အတွက် သူ လက်လှမ်းလိုက်သည်။
ကျောက်အား ဓားဖြင့် ဖြတ်တောက်ရန် ကြိုးစားခဲ့သည့် ယခင်အချိန်တုန်းက သူကျရှုံးခဲ့ရသည်။ သို့သော် ယခုတွင်မူ ရဲရှောင်အနေဖြင့် မြေကြီးအဆင့်ကျင့်စဉ် စွမ်းအားကို ရရှိထားသူတစ်ယောက် ဖြစ်နေခဲ့ချေပြီ။ သူတွေးလိုက်မိသည်မှာ –
“ဒီတစ်ကြိမ်တော့ ငါကလိမ်ကကျစ်ကျသလို ဖြစ်ရင်ဖြစ်နေမယ် ဒါပေမယ့် ကိစ္စမရှိဘူး”
သို့သော် . . .
“ဝုန်း”
ခရမ်းရောင် အလင်းတန်းများသည် ရဲရှောင်အား ချက်ချင်းပင် တုန့်ပြန် တိုက်ခိုက်လိုက်သည်။
ရဲရှောင် ကြမ်းပြင်ပေါ်သို့ လွှင့်ထွက်သွားပြီး သူ၏ တင်ပါးများ ရှစ်စိပ် ကွဲထွက်သွားသည့် အတိုင်းပင် ခံစားလိုက်ရသည်။ ရုတ်တရက် အံ့ဩတုန်လှုပ်သွား၍ နာကျင်မှုများအတွက် အော်ဟစ်ဖို့ပင် သူမေ့လျော့သွားလေသည်။
မှော်ကျောက်ဖရုံသည် သူ့ ရှေ့တည့်တည့်တွင် ရှိနေပြီး ရှင်းလင်းပြတ်သားစွာဖြင့် မြင်နေရသည်။ မြင်တွေ့နေရသော်လည်း ကျောက်အား ရယူရန် ရဲရှောင်၏ ကြိုးပမ်းမှုမှာ မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။ ကျောက်အား ထိခွင့်ပင် မရခဲ့ချေ။
ထို့ပြင် ကျောက်အား ယူရန် လက်လှမ်းလိုက်သည့်အချိန်တွင် ကျောက်အတွင်းမှ ထွက်ပေါ်လာသည့် ခရမ်းရောင်အလင်းတန်းများသည် သူ့အား ရက်ရက်စက်စက်ဖြင့်ပင် အဝေးသို့ လွင့်ထွက်သွားစေခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ။ ဒီကျောက်ကို ရဖို့ ငါ့မှာ မရေမတွက်နိုင်တဲ့ ဒုက္ခတွေပဲ ရင်းခဲ့ရတယ်။ နောက်ဆုံးမှာ ငါ့အပိုင်ဖြစ်လာခဲ့ပေမယ့် အဝေးကပဲ ရပ်ကြည့်နေရတယ်။ တရားမျှတမှု နည်းနည်းလေးတောင်ရှိရဲ့လား”
ရဲရှောင် နာကျင်နေသည့် သူ၏ တင်ပါးအား လက်ဖြင့်ပွတ်လိုက်ရင်း မကျေမနပ်ဖြင့် ခံပြင်းလျက်ရှိသည်။
ရဲရှောင်အနေဖြင့် ယခုကဲ့သို့ လွယ်လွယ်အရှုံးမပေးချင်ပေ။ သူနောက်တစ်ကြိမ် ထပ်ကြိုးစားလိုက်သော်လည်း ရလဒ်မှာတော့ ယခင်အတိုင်းပင် ဖြစ်သည်။
ရဲရှောင် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ဘဲ ကြမ်းပြင်ပေါ်သို့သာ အကြိမ်ကြိမ် လွင့်ထွက်သွားလေသည်။ သူ၏ မျက်နှာတစ်ခုလုံးသည်လည်း ညစ်ပတ် ပေကျံလျက်ရှိသည်။ ရဲရှောင် စိတ်ဓာတ်ကျသွားရင်း –
“ယူဖို့မဖြစ်နိုင်ဘူး”
သူ့အား အဖတ်ပင်မလုပ် မာနကြီးနေသည့် မှော်ကျောက်ဖရုံအား ကြည့်လိုက်ရင်း သက်ပြင်းချလိုက်ကာ –
“ငါဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒီနေရာက ငါ့နေရာ။ ဒီပစ္စည်းက ငါပိုင်တဲ့ ပစ္စည်းပဲ ဖြစ်သင့်တယ်။ ဒါပေမယ့် ငါ့ကို ထိခွင့်လေးတောင် မပေးဘူး။
နောက်ထပ်အကြိမ် အနည်းငယ်ကြိုးစားပြီးနောက် ရဲရှောင် အားအင်ချိနဲ့စွာဖြင့် ဟင်းလင်းပြင်၏ ကြမ်းပြင်ပေါ်သို့ လှဲချလိုက်သည်။
နောက်ဆုံးတွင် သူနားလည် သဘောပေါက်လိုက်သည်။ မှော်ကျောက်ဖရုံအား သူ၏ ခန္ဓာကိုယ်အတွင်းထဲသို့ ထည့်သွင်းနိုင်ခဲ့သော်လည်း သူ၏ ကျင့်စဉ်အဆင့်သည် နိမ့်နေသေးသောကြောင့် ကျောက်၏ စွမ်းအားများကို နောက်ထပ် ရယူနိုင်ခြင်းမရှိဘဲ အနားသို့ပင် မကပ်နိုင်ခဲ့ပေ။
မှော်ကျောက်ဖရုံကဲ့သို့ တန်ဖိုးရှိလှသည့် ရတနာတစ်ပါးအား ရယူရန် ကြိုးပမ်းနေခြင်းသည် သူ၏ စွမ်းအားများ ဆုံးရှုံးစေခြင်းသာ ​ဖြစ်စေနိုင်သည်ကို သူရှင်းရှင်းလင်းလင်း သိလိုက်သည်။ ကျောက်၏ စွမ်းအင်သည် သူ၏ ကျင့်ကြံမှုများအား မထင်မှတ်နိုင်သည့် အဆင့်များသို့ မြင့်တက်စေနိုင်သော်လည်း ခက်ခဲ ကြမ်းတမ်းမှုများကိုလည်း ကြုံတွေ့ရမည်ဖြစ်သည်။ ကျင့်ကြံမှုများသည် ခက်ခဲကြမ်းတမ်းလေလေ ရရှိလာသော စွမ်းအင်များသည်လည်း ပို၍ အားကောင်း လေလေပင်ဖြစ်သည်။ သူ၏ စွမ်းအားများအား အဆုံးအစမရှိ မြှင့်တင်နိုင်ရန်အတွက် သူလျှောက်လမ်းရမည့် ခရီးလမ်းသည်လည်း ကြမ်းတမ်းခက်ခဲပေလိမ့်မည်။
ညတစ်ညတွင် ကောင်းကင်ယံအထက်၌ အရောင်တလက်လက်ဖြင့် ပျံသန်းသွားသည့် ဥက္ကာပျံခဲကြီး၏ အလှအား မြင်ရသူအဖို့ မကြည့်ဘဲ မနေနိုင်အောင် ဖြစ်ကြလိမ့်မည်။ သို့သော် ရယူ ပိုင်ဆိုင်ရန်အတွက်မူ အခွင့်အရေး ရှိလိမ့်မည်မဟုတ်ပေ။ ရဲရှောင် အနေဖြင့်လည်း သူ၏ အရှေ့တွင်ရှိသည့် ထိုရတနာတစ်ပါးအား မြင်တွေ့နေရသော်လည်း ပိုင်ဆိုင်နိုင်ရန်မှာမူ ခက်ခဲပေလိမ့်မည်။
“ကောင်းပြီလေ။ ဒီနေရာမှာ တခြားအရာဝတ္ထုတွေကို ထားလို့ရနိုင်သေးလား မသိဘူး”
ရဲရှောင်တွေးလိုက်မိရင်း သက်တောင့်သက်သာ ဖြစ်စေရန် ပေါ့ပေါ့ပါးပါးပင် နေလိုက်သည်။
ထို့နောက် အလုံးထဲမှ ထွက်၍ အပြင်ဘက် တွင်ရှိသည့် ထိုင်ခုံအား ယူလိုက်ပြီး အထဲသို့ ယူသွားရန် သူကြိုးစားလိုက်သည်။
“အာ . . . မဟုတ်သေးဘူး”
ရဲရှောင် သူ၏လက်ထဲမှ ထိုင်ခုံအား ကြည့်လိုက်ရင်း ​ခေါင်းကုပ်လိုက်သည်။
“ဒါ အရမ်းကြီးနေလို့များလား။ ပို​သေးတဲ့ဟာဆို ရလိမ့်မယ်ထင်တယ်”
ရဲရှောင် ကြက်ဥအရွယ် ကျောက်တုံးတစ်တုံးအား ဆုပ်ကိုင်လိုက်သည်။
သို့သော် ဒီတစ်ကြိမ်တွင်လည်း မအောင်မြင်ခဲ့ပေ။
“ပြသာနာကဘာလဲ”
ရဲရှောင် အမှန်တကယ်ပင် စိတ်ရှုပ်ထွေးနေချေပြီ။
“ငါတောင် အထဲဝင်လို့ရနေရင် ဒီကျောက်တုံး သေးသေးလေးက ဘာဖြစ်လို့မရတာလဲ”
သူနောက်တစ်ကြိမ် ထပ်ကြိုးစားလိုက်သည်။
ရဲရှောင် အကြိမ်ကြိမ် အခါခါ ကြိုးစားသော်လည်း အချည်းနှီးပင်ဖြစ်သည်။ အကြိမ်ကြိမ် အခါခါပင် ကျရှုံးလေသည်။ ထို့နောက် ယခုလက်ရှိ ဖခင်မှ သူ့အား ပေးထားသည့် စကြာဝဠာကြီး၏ စွမ်းအင်များပါဝင်နေသည့် ကျောက်စိမ်းအား သူ သတိရမိလိုက်သည်။ ထိုကျောက်စိမ်းအား အလုံးအတွင်းသို့ ယူလိုက်ပြီးနောက် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့လေသည်။
“တစ်ခုခု ပျောက်သွားသလိုပဲ”
ရဲရှောင် သူ့လက်ထဲရှိ ကျောက်စိမ်းအား ကြည့်လိုက်ပြီး တစ်စုံတစ်ရာ ပြောင်းလဲနေသည်ကို တွေ့ရှိလိုက်သည်။ ထိုအရာသည် သူ့အား ငိုရမလိုလို ရယ်ရမလိုလိုပင် ဖြစ်စေခဲ့သည်။
သာမန်လူများအဖို့ ပြောင်းလဲသွားသည့် ကွဲပြားခြားနားမှုအား ကြည့်တတ်မည် မဟုတ်ပေ။ သို့သော် ရဲရှောင်မှာမူ ပြောင်းလဲသွားသည့်အရာအား သိသိသာသာပင် ခံစားလိုက်ရသည်။ ကျောက်စိမ်း၏ မျက်နှာပြင် နှင့် အရွယ်အစားသည် တစ်စုံတစ်ရာပြောင်းလဲသွားခြင်း မရှိပေ။ သို့ရာတွင်မူ ကျောက်စိမ်းအတွင်းရှိ စွမ်းအင် တော်တော်များများသည် မရှိတော့ပေ။ ယခုအခါ ထိုကျောက်စိမ်းသည် အလှကြည့် ကျောက်တစ်တုံးနှင့်သာ တူသွားပေသည်။ အလှကြည့်ရုံမျှလွဲ၍ မည်သည့်နေရာတွင်မှ အသုံးမဝင်တော့ချေ။
“အလုံး​လေးက တန်ဖိုးရှိတဲ့ ပစ္စည်းတွေပဲ လက်ခံတာ ဖြစ်ရမယ်”
တန်ဖိုးရှိသည့် ပစ္စည်းများမှအပ ကျန်သည့်အရာများသည် အထဲသို့ ဝင်နိုင်ခြင်း မရှိပေ။
ရဲရှောင် သူ၏ မေးစေ့အား ပွတ်လိုက်ရင်း အချိန်အတော်အတန်ကြာအောင် တွေးလိုက်သည် –
“ဒီနေရာက ပစ္စည်းရွေးတဲ့ သဘောများလား”
“ကောင်းကင်ကြီး နှင့် မြေကြီးမှ စွမ်းအားများအား စုပ်ယူနိုင်ရန်နှင့် ချီဓာတ်များအား စုစည်းနိုင်ရန်အတွက် ဟင်းလင်း​ပြင်ကြီးအား ချဲ့ထွင်ရမည်ဖြစ်ပြီး သင်ကိုယ်တိုင်လည်း ကျင့်ကြံရပေမည်။ သို့မှသာ အကန့်အသတ်မရှိ ကျယ်ပြောသည့် ဒီဟင်းလင်းပြင်၏ ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မည်။ ယခုနေရာသည် ဟင်းလင်းပြင်ကြီး၏ ပထမအလွှာ ဖြစ်တယ်။ ဒုတိယအလွှာအား ဖွင့်နိုင်ရန်အတွက် ရှေးဦးခရမ်းရောင်ချီဓာတ်ကျင့်စဉ်ရဲ့ ဒုတိယအဆင့်ကို ကျွမ်းကျင်ဖို့ သင်လိုအပ်တယ်”
နောက်ဆုံးတွင် နံရံပေါ်ရှိ စာလုံးအချို့အား ရဲရှောင်တွေ့လိုက်ရသည်။
ထိုစကားလုံးများအရ ရဲရှောင်သည် အလုံးလေးအတွင်းရှိ ဟင်းလင်းပြင်ကြီးအား ချဲ့ထွင်နိုင်ရန်အတွက် ပို၍မြင့်သည့် ကျင့်စဉ်များအား ကျင့်ကြံရမည်ဖြစ်သည်။ ထိုအပြန်အလှန် ချိတ်ဆက်မှုသည် သူနှင့် ဟင်းလင်းပြင် နှစ်ခုစလုံးအတွက် ကောင်းကျိုးများကိုသာ ဖြစ်စေနိုင်သည်။
“ဟင် . . . ဒါဆိုရင်တော့”
ရဲရှောင် မျက်မှောင်ကြုပ်လိုက်ရင်း –
“ငါ ရှေးဦးခရမ်းရောင်ချီဓာတ်ကျင့်စဉ်ကို ကျင့်ကြံခဲ့တာ ပထမအဆင့်တောင် မရောက်သေးဘူး။ အခုမှ ပဏာမအဆင့်ပဲရှိသေးတယ်”
ယခုကဲ့သို့သော အခြေအနေများကြောင့် ဒုတိယအလွှာထဲသို့ ဝင်ရန်အတွက် ကြံရာမရ ဖြစ်နေမိသည်။
မြေကြီးအဆင့်ကျင့်ကြံမှုသည် ရှေးဦးခရမ်းရောင် ချီဓာတ်ကျင့်စဉ်၏ ပဏာမအဆင့်နှင့် တူညီလေသည်။ ထိုကျင့်စဉ်၏ ဒုတိယအဆင့်အား ရရှိပိုင်ဆိုင်နိုင်ရန် အတွက်မှာမူ အနည်းဆုံး ကောင်းကင်အဆင့်ကျင့်စဉ်တွင် အကျွမ်းကျင်ဆုံး အဆင့်ရှိရမည်ဖြစ်သည်။
ရဲရှောင်၏ ခေါင်းထဲတွင် သူသိချင်သည့် မေးခွန်းတစ်ခုသည် စတင်ဝင်ရောက်ခဲ့လေသည်။
“ရှေးဦးခရမ်းရောင်ကျင့်စဉ်မှာ အဆင့်ဘယ်လောက်ရှိတာလဲ”
နောက်ထပ်တစ်ခုအား ထပ်စဉ်းစားလိုက်မိရင်း-
“ငါရောက်နိုင်တဲ့ အမြင့်ဆုံးအဆင့်က ဘယ်အထိလဲ”
ရဲရှောင် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
အလွန်တရာမှပင် ကျယ်ပြောလှပြီး မြူနှင်းများ အုံ့ဆိုင်းနေသည့် လမ်းတစ်ခုကဲ့သို့ပင် သူလျှောက်လှမ်းရမည့် အဆုံးမရှိသည့် အနာဂတ်လမ်းမကြီးသည် မသေချာ မရေရာမှုများဖြင့် ပြည့်နှက်လျက်ရှိ၏။
ရှေးဦးခရမ်းရောင်ကျင့်စဉ်သည် သူယခင်ဘဝ၌ ကျင့်ကြံခဲ့သည့် ကျင့်စဉ်များထက် အဆပေါင်းတစ်ထောင် ပို၍ အစွမ်းထက်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ရဲရှောင်အနေဖြင့် ထိပ်ဆုံးအဆင့်သို့ ရောက်ရန်အတွက် ထိုကျင့်စဉ်အား ကျင့်ရမည်ဖြစ်ပြီး ပို၍ပင် ပြင်းပြင်းထန်ထန်ဖြင့် ​ကျင့်ကြံရမည်ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ သူလိုအပ်သည့် ရတနာများအား မည်သည့်နေရာမှ ရနိုင်ပါမည်နည်း။
စစ်သူကြီး၏အိမ်ရှိ ပစ္စည်းများအားလုံးတွင် သူ့အဖေပေးခဲ့သည့် ကျောက်စိမ်း တစ်မျိုးတည်းကသာလျှင် တန်ဖိုးအရှိဆုံးဟု သတ်မှတ်၍ရနိုင်ပေသည်။ မည်မျှ ကံဆိုးလိုက်ပါလိမ့်။
“မင်းငါ့ကို ဘာမှမပေးဘူးဆိုရင် မရေမတွက်နိုင်တဲ့ ရတနာတွေကို ငါဘယ်လိုရနိုင်မှာလဲ”
ရဲရှောင် ဟင်းလင်းပြင်ကြီးထဲတွင် တစ်ယောက်တည်း သက်ပြင်းချလိုက်ရင်း စိတ်ဓာတ်ကျမိလိုက်သည်။
“ရတနာပစ္စည်းတစ်ခုကို တွေ့ခဲ့ရင်တောင်မှ အဲ့ဒီ ပစ္စည်းက တော်ဝင်မိသားစုမှာပဲ ရှိလိမ့်မယ်။ ဥပမာ ဘုရင်က ချီးမြောက်ထားတဲ့ ပစ္စည်းမျိုးလိုပေါ့။ ထိုက်တန်တယ်လို့ သတ်မှတ်လို့ရတဲ့ တန်ဖိုးရှိတဲ့ ရတနာမျိုး တွေ့ခဲ့ရင်တောင် ပိုက်ဆံကတော့ လိုနေဦးမှာပဲ။ တကယ်လို့ ငါအမြင့်ဆုံးရောက်အောင် ကျင့်ကြံနိုင်ခဲ့ရင် ငါအဲ့ဒီပစ္စည်းကို သွားပြီးတော့ကို လုယူဦးမယ်။ ဒါပေမယ့် အခုအချိန်မှာ ငါအားနည်းနေသေးတယ်။ ဒီစောက်ရေးမပါတဲ့ ဟင်းလင်းပြင်ကြီးကို ချဲ့ထွင်ဖို့အတွက် တန်ဖိုးအရှိဆုံး ရတနာကို သွားလုယက်မယ်ဆိုရင် ရန်သူတွေထဲက သူတောင်းစားတစ်ကောင် ငါ့ကို ချက်ချင်း သတ်ပစ်မှာတောင် စိုးရိမ်ရသေး။ ငါဘာများ တတ်နိုင်မှာလဲ”
လက်ဝှေ့ထိုးသမားတစ်ယောက်အတွက် လက်မရှိတော့လျှင် လက်ဝှေ့ထိုး၍ မရနိုင်တော့သကဲ့သို့ ရဲရှောင်၏ အဖြစ်သည်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။
ရှောင်ဧကရာဇ်ကြီးအား သနားသွား၍ထင် . . . ဟင်းလင်းပြင်ကြီးသည် ရုတ်တရက်တုန်ခါသွားပြီး ခရမ်းရောင် ချီဓာတ်များသည် လေပေါ်တွင် မျောလွင့်ကုန်ကြသည်။ ဟင်းလင်းပြင်ကြီး၏ အနောက်ဘက်ထောင့်စွန်းတွင် ဥမင်ရှည် တစ်ခုအား တွေ့လိုက်ရသည်။
ထိုဥမင်ဆီသို့ ရဲရှောင် သွားလိုက်သည်။ သူ့အနေဖြင့် ညည်းတွားမိလိုက်ရုံ ညည်းတွားလိုက်​​ခြင်းဖြစ်သည်။ ဟင်းလင်းပြင်ကြီးထံမှ မည်သည့် တုန့်ပြန်မှု တစ်စုံတစ်ရာမျှ မမျှော်လင့်ခဲ့ပေ။
“ငါက အရမ်းသနားစရာ ကောင်းနေလို့ ဘုရားက ငါ့ကို သနားလိုက်တာများလား။ အာ . . . မဟုတ်ဘူး။ ငါဆိုလိုတာ ဟင်းလင်းပြင်ကြီးက ငါ့ကို သနားညှာတာထောက်ထားလိုက်တာ”
ရဲရှောင် ဥမင်ထဲသို့ ဝင်သွားလိုက်သောအခါ ဥမင်၏အဆုံး၌ ခရမ်းရောင် စားပွဲတစ်လုံးအား တွေ့လိုက်ရသည်။ ထိုခရမ်းရောင်စားပွဲပေါ်တွင် ကြာပန်းပုံစံ ကလပ်တစ်ခုရှိပြီး ကြာကလပ်၏ အလယ်တွင် “ဥ” တစ်လုံးရှိလေသည်။
အဆုံးအစမရှိသော ခရမ်းရောင်ချီဓာတ်များသည် ကြာကလပ်အတွင်းမှ ထွက်ပေါ်လာနေပြီး “ဥ” ထဲသို့ ဝင်ရောက်နေကြသည်။ ကျန်ပိုလျှံနေသည့် ချီဓာတ်များသည်လည်း အဝေးသို့ ပျံ့နှံ့ဖြာထွက်လျက်ရှိသည်။
“အာ . . . ဥ တစ်လုံးလား။ မဟုတ်ဘူး . . . ဒါ ဘဲဥများလား”
ရဲရှောင် စားပွဲပေါ်တွင်ရှိသည့် “ဥ” အား ကြည့်လိုက်ရင်း အမှန်တကယ်ပင် စိတ်ရှုပ်ထွေးသွားသည်။
“ဥ” တစ်လုံးဖြစ်သည်ဆိုသည်မှာ သိသာလွန်းလှပေသည်။
ဥ တစ်လုံးထက်တော့ အနည်းငယ် ပိုကြီး၏။ အင်း . . . ဒီ ဥ ထဲမှာ အနှစ်နှစ်ခု ရှိနေလို့သာ သာမန် ဥ ထက်ပိုကြီးနေတာဖြစ်မယ်။
“ဒီဥထဲမှာ ဘာတွေရှိနိုင်လဲ”
ရဲရှောင် ဥ အား ကောက်ယူရန်နှင့် စူးစမ်းရန်အတွက် သူ၏လက်များအား လှမ်းလိုက်သည်။ သို့သော် သူ ဆုပ်ကိုင်လိုက်သည့်အချိန်တွင် သူကိုယ်တိုင်ပင် တုန်လှုပ်သွားလေသည်။ ရဲရှောင် လျင်မြန်စွာဖြင့် သူ၏ စွမ်းအားများအား အကုန်သုံးကာ ဥ အား ယူရန် ကြိုးစားလိုက်သည်။
“ဘုန်း”
ရဲရှောင် ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။
ယခုအချိန်ထိ အဆိုပါ ဥ အား မကောက်ယူနိုင်သေးပေ။ သူအမှန်တကယ်ပင် မလုပ်နိုင်ချေ။
ထိုအရာသည် သေးငယ်သည့် ဥ လေးတစ်လုံးပင်ဖြစ်သည်။ ရဲရှောင်၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ အနည်းဆုံး ကီလိုဂရမ် ၁၀၀၀ အား သယ်နိုင်သော်လည်း ယခု ဥ လေးကိုတော့ အမှန်တကယ်ပင် မကောက်ယူနိုင်ခဲ့ချေ။
ရဲရှောင် မည်သည့်စကားမျှ မပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသားဖြင့်ပင် အံ့ဩနေလေသည်။
ခဏအကြာတွင် သူ၏ နှလုံးသားတစ်ခုလုံးအား မီးလောင်ကျွမ်းနေသကဲ့သို့ပင် ခံစားလိုက်ရပါတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset