Switch Mode

Chapter – 8

ရှေးဦးခရမ်းရောင်ကျင့်စဥ်ဖြင့် အရိုးများနှင့် ကြွက်သားများအား သန့်စင်ခြင်း

Chapter – 8
“ရှေးဦးခရမ်းရောင်ကျင့်စဉ်ဖြင့် အရိုးများနှင့် ကြွက်သားများအား သန့်စင်ခြင်း”

ရွှေရောင်စာလုံး ဆယ်လုံးသည် သေးငယ်သထက် သေးငယ်လာပြီး နောက်ဆုံးတွင် အလုံးလေးအတွင်းသို့ ကျုံ့ဝင်သွားလေသည်။ ရဲရှောင်အား တုန်လှုပ် ခြောက်ခြားသွားစေသည့် အချက်မှာ သူ၏ စိတ်ဝိညာဉ်သည် အဆိုပါ ကျုံ့သွားသည့် စာလုံးများ၏ နောက်သို့လိုက်ပါသွားခဲ့ပြီး အလုံးလေး၏ အတွင်းထဲသို့ ဆွဲသွင်းခံလိုက်ရသောကြောင့် ဖြစ်သည်။
“ဒီအလုံးလေးက ငါ့ခန္ဓာကိုယ်ထဲမှာ ထင်ထင်ရှားရှားကို ရှိနေတာပဲ။ ငါ့ကို ဘယ်လိုများ ဆွဲသွင်းလိုက်ပါလိမ့်။ ဘာတွေဆက်ဖြစ်မှာလဲ”
ရဲရှောင် စိတ်ထဲတွင် မရေမရာမှုများနှင့်အတူ သူ၏ အသိစိတ်သည် လျှို့ဝှက်ဆန်းကြယ်သော ဟင်းလင်းပြင်ကြီး တစ်ခုထဲသို့ ကျသွားလေသည်။
အဆိုပါ ဟင်းလင်းပြင်ကြီးအား ခဏအကြာ စိုက်ကြည့်ပြီးနောက်တွင် ရဲရှောင်၏ စိတ်များ ပြန်လည်တည်ငြိမ်သွား၏။ ပတ်ပတ်လည်အား ကြည့်လိုက်သောအခါ တိမ်များ ရစ်ဆိုင်းသိုင်းဖွဲ့ထားသည့် တောင်များကဲ့သို့ ကြီးမားမြင့်မားသည့် နန်းတော်မျှော်စင်ကြီး တစ်ခုအား မြင်တွေ့လိုက်ရသည်။
နန်းတော်၏ အောက်ခြေတွင် အဖြူရောင်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည့် ကြီးမားသော တံခါးရွက်ကြီး နှစ်ချပ်ရှိလေသည်။ တံခါးရွက်များ၏ မျက်နှာပြင်သည် မှန်ကဲ့သို့ ချောမွေ့ပြောင်လက်လျက်ရှိ၏။ မျက်နှာပြင်ပေါ်တွင် ဘာဆိုဘာမှ မရှိပေ။
ရဲရှောင် တံခါးများအား အသေအချာ စိုက်ကြည့်နေချိန်တွင် ရုတ်တရက် အသံတစ်ခုအား ကြားလိုက်ရသည်။ ဥက္ကာပျံနှင့် တူသည့် ပုံသဏ္ဍာန်တစ်ခုသည် မိုးကုပ်စက်ဝိုင်းအား ကျော်လွန်၍ ပျံသန်းသွားပြီးနောက် ဘယ်ဘက်တံခါး၏ တံခါးဘောင်အား ဝင်တိုက်သွားလေသည်။
“ဒုန်း”
ထို့နောက် နောက်ထပ် ပုံသဏ္ဍာန်တစ်ခုသည် ထပ်၍ ကျလာခဲ့သည်။
အောက်သို့ ပျံဝဲ၍ ကျလာသည့် အဆိုပါ ဥက္ကာပျံ ပုံသဏ္ဍာန်များသည် တံခါးမျက်နှာပြင် နှစ်ဖက်လုံးထဲသို့ မြှပ်ဝင်သွားကြသည်ကို ရဲရှောင် မြင်တွေ့လိုက်ရသည်။ ထို့နောက် သူယခင်မြင်တွေ့ ခဲ့ဖူးသည့် စာလုံးဆယ်လုံးအား မြင်တွေ့လိုက်ရသည်။
“ပြိုင်ဘက်ကင်း လောကနတ်ဘုရား နှင့် ရှေးဦးစကြာဝဠာ ဝိညာဉ်တော်”
ထို့နောက် စာလုံးများသည် ပို၍များလာပြီး အဖြူရောင် ကျောက်စိမ်းတံခါး များပေါ်တွင် တစ်လုံးပြီး တစ်လုံးပေါ်လာလျက်ရှိသည်။
“ကောင်းကင်ဘုံမှ ငရဲအထိ အုပ်ချုပ်ကြီးစိုးသူ တစ်ယောက်သာ ရှိတယ်”
“ဒါပေမယ့် သူကဘယ်သူလဲ”
ရဲရှောင်တွေးလိုက်မိသည်။

“စကြာဝဠာကြီး စတင်ဖြစ်တည်လာသောအခါ အလုံးလေးသည်လည်း ​ဖြစ်တည်လာခဲ့သည်။ အလုံးလေး ဖြစ်တည်လာရန်အတွက် စွမ်းအင်များ၊ သက်ရှိများနှင့် စကြာဝဠာကြီး၏ စွမ်းအင်များကို အသုံးပြုရသည်။ နေ၊ လ၊ ကောင်းကင်ပေါ်ရှိ ကြယ်များ ၊ တောင်များ နှင့် ကမ္ဘာပေါ်ရှိ မြစ်များသည် အလုံးလေးကြောင့်ပင် ဖြစ်တည် လာရခြင်းဖြစ်သည် . . . ”
ရှည်လျားလှသည့် စာလုံးများပင် ဖြစ်သည်။
ရဲရှောင် ထိုစာလုံးများအား ဖတ်ပြီးနောက် စိတ်ရှုပ်ထွေးသွားမိသည် –
“အလုံးထဲမှာရှိတဲ့ စာလုံးတွေက ချဲ့ထွင်ပြောနေတာပဲ မဟုတ်လား။ နေတွေ လတွေ ကြယ်တွေက မင်းကြောင့် ဖြစ်တည်လာတာဆိုပဲ။ အဟက် . . .
ဒါ ဖြစ်မှ မဖြစ်နိုင်တာ . . .
မင်းကိုယ်မင်း ဘာထင်နေတာလဲ။ နတ်ဘုရားလား စွမ်းအားရှင်လား ဒါမှမဟုတ် ဘုရင်လား”
ခဏအကြာတွင် ပိတ်ထားသော တံခါးများသည် ရုတ်တရက် ပွင့်သွားခဲ့သည်။
ထူထပ်အုံ့ဆိုင်းနေသော မြူခိုးများသည် ပျံ့လွှင့်လျက်ရှိသည်။
မြူခိုးများ၏ အလွန်တွင် ရှည်လျားသော ဥမင်တစ်ခုရှိလေသည်။
ထိုအထဲသို့ ရဲရှောင် ဝင်ခါနီးဆဲဆဲတွင် သူ၏ မျက်နှာရှေ့သို့ ရွှေရောင်များ ဝင်းလက်တောက်ပနေသော စာလုံးရှစ်လုံးပါ စာကြောင်းတစ်ကြောင်းသည် ရုတ်တရက် ပေါ်လာခဲ့သည်။
“ဝင်ပါ . . . စွမ်းအားတွေကို ရရှိမယ် ဒါမှမဟုတ်ရင် ပျက်သုဉ်းခြင်းတွေကို ရင်ဆိုင်ရမယ်”
ရဲရှောင် သူ၏ ခြေလှမ်းများအား ရပ်တန့်လိုက်ပြီး ထိုစာလုံးများအား လေးနက်စွာဖြင့် ကြည့်လိုက်သည်။
ထိုစာလုံး ရှစ်လုံးပေါ်လာပြီးနောက် နောက်ထပ် တောက်ပနေသော စာလုံး ဆယ့်နှစ်လုံးသည် သူ၏ စိတ်ထဲတွင် တစ်လုံးပြီးတစ်လုံး ပေါ်လာခဲ့သည်။
“စကြာဝဠာကြီး၏ အရှင်သခင် မဖြစ်ခဲ့ရင် အရေးမပါတဲ့ ဖုန်မှုန့်တစ်မှုန့်လို လွင့်မျောကွယ်ပျောက်သွားမယ်”
ရဲရှောင် သူ၏ နှလုံးသားထဲမှပင် တုန်လှုပ် ခြောက်ခြားသွားလေသည်။
စာလုံးများ၏ ဆိုလိုရင်းသည် ရှင်းလင်းပြတ်သားလှပေသည်။ အကယ်၍ အထဲသို့ ဝင်ခဲ့ပါက ထိုဥပ​ဒေသများအား လိုက်နာရမည်​ဖြစ်ပြီး အပြင်သို့ ပြန်ထွက်ရန်မှာ နည်းလမ်းတစ်ခုသာ ရှိပေသည်။ စကြာဝဠာတစ်ခုလုံးအား အုပ်စိုးသည့် အရှင်သခင် ဖြစ်မှသာ ထွက်နိုင်ပေလိမ့်မည်။ အကယ်၍ မအောင်မြင်ခဲ့ပါက ဖုန်မှုန့်လေးတစ်မှုန်အဖြစ် ကွယ်ပျောက်သွားမည် ဖြစ်သည်။
အရိုးရှင်းဆုံးနည်းဖြင့် ပြောရမယ်ဆိုလျှင် အကယ်၍ ရဲရှောင် ကျရှုံးခဲ့ပါက သူသေဆုံးရပေမည်။
အခြေအနေသည် ပြင်းထန်လှသည်။
အသက်ရှင်မလား . . . သေသွားမလား။
စဉ်းစားရန် အခြားရွေးချယ်စရာလည်း မရှိပေ။
ရဲရှောင် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရပ်နေပြီး လေသံတိုးတိုးဖြင့် –
“ကမ္ဘာပေါ်မှာ လူတစ်ယောက်တည်းကပဲ အရာအားလုံးအပေါ် စိုးမိုးခြယ်လှယ်သင့်တယ်။ တကယ်လို့ ကျရှုံးခဲ့ရင်တောင် အနည်းဆုံးတော့ ငါတိုက်ခိုက်ခဲ့ရတာ အမြတ်ပေါ့။ ငါသေသွားကောင်း သေသွားနိုင်တယ် ဒါပေမယ့် ဘယ်တော့မှ နောင်တမရဘူး။ ဖုန်မှုန့်ဖြစ်ဖြစ် သစ်သားမှုန့် ဖြစ်ဖြစ် ဘာဖြစ်လဲ။ ဘာများ အရေးစိုက်စရာလိုလို့လဲ။ ဘဝဆိုတာ သစ်ရွက်လေးတစ်ရွက်လိုပဲ ဝေပြီးရင် ကြွေရမှာပဲ”
“တကယ်လို့ ငါအောင်မြင်ခဲ့ရင်တော့ ငါဟာ စကြာဝဠာကြီးတစ်ခုလုံးကို အုပ်စိုးတဲ့ အရှင်သခင်ဖြစ်လာလိမ့်မယ်”
ရဲရှောင် လက်နောက်ပစ်ရင်း အေးအေးလူလူဖြင့်ပင် တံခါးပေါက်ဝသို့ လျှောက်သွားလိုက်သည်။
သူ၏ ပတ်ပတ်လည်တွင် ပေါ်နေသည့် တလက်လက်တောက်ပနေသော ထိုသတိ​ပေး စာလုံးများအား ဂရုမစိုက်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
အောင်မြင်ခဲ့လျှင် ကမ္ဘာကြီးအား အပေါ်စီးမှ ကြည့်မြင်နိုင်သည့် ဌက်တစ်ကောင်၏ မျက်လုံးကဲ့သို့ စကြာဝဠာကြီး၏ အထက်မှ အားလုံးကို ကြည့်မြင်နိုင်မည်ဖြစ်ပြီး ကျရှုံးခဲ့ပါက ပျက်သုဉ်းခြင်းဘဝသို့ ရောက်သွား​ပေမည်။
ရဲရှောင်၏ သွေးများ ပွက်ပွက်ဆူနေသကဲ့သို့ ခံစားလိုက်ရပြီး ဖော်မပြနိုင်သည့် လိုချင်တောင့်တမှုများဖြင့် ပြည့်နှက်သွားသည်။
“ဒါချင်းရန်နယ်ပယ်ကို ပြန်သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ ဂိုဏ်းကြီးသုံးခုရေ စောင့်သာစောင့်နေကြတော့။ ငါ ရှောင်ဧကရာဇ် မကြာခင် ပြန်လာမယ်”
သတိပေးစာလုံးများဖြင့် ပြည့်နှက်နေသည့် ထိုနေရာသည် သူ၏ ခံယူချက်နှင့် ကိုက်ညီနေပေသည်။
သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး ဆိုသည့်အတိုင်းပင်။
သူ့ယခင်ဘဝ၌လည်း ထိုခံယူချက်အတိုင်းပင် နေထိုင်ခဲ့သည်။
သို့သော် ယခုလက်ရှိရှောင်ဧကရာဇ်၏ ဆုံးဖြတ်ချက်များသည် ယခင်ဘဝကထက်ပင် ပို၍ ခိုင်မာပြတ်သားလျက်ရှိသည်။
“ဒီနေရာပဲ”
ခန်းမအလွတ်တစ်ခုတွင် ထူးဆန်းသော နယ်မြေတစ်ခုရှိနေသည်။ မှော်ကျောက်ဖရုံသည် ထိုခန်းမ၏ အလယ်တည့်တည့်တွင် ရှိနေပြီး အခိုးအငွေ့လှိုင်းများသည် ဖြည်းညှင်းစွာဖြင့် ပြန့်ထွက်နေပါသည်။ ခန်းမကြီးတစ်ခုလုံးတွင် အခိုးအငွေ့များဖြင့် ပြည့်နှက်နေပြီး ခရမ်းရောင်ချီဓာတ်များသည် မှော်ကျောက်ဖရုံထံသို့ ဖြေးဖြေးချင်း ဝင်လာနေကြပါသည်။
“ငါတွေးတာ မှန်သားပဲ။ သူတို့တွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေကြပြီး အပြန်အလှန် မှီခိုနေကြတယ်။ နောက်ပြီး ပုံမှန်လည်ပတ်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တည်လာတယ်”
ရဲရှောင် တစိမ့်စိမ့် တွေးတော ဆင်ခြင်လိုက်သည်။
အလုံးလေး၏ အတွင်းထဲသို့ သူကြည့်နိုင်ခဲ့သော်လည်း ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာကိုတော့ နားမလည်ခဲ့ပေ။ မှော်ကျောက်ဖရုံသည် အမှန်တကယ်ပင် ထိုအလုံးလေးအတွက် အထောက်အကူ ပြုပစ္စည်းတစ်ခုပေလော။
ရဲရှောင် မှော်ကျောက်ဖရုံအား ယူရန်ကြိုးစားခဲ့သည်။ သို့သော် မှော်ကျောက်ဖရုံ၏ အနားသို့ သွားပင်မသွားနိုင်ချေ။
“ဘာဖြစ်တာလဲဟ။ ငါဒီပစ္စည်းကို လိုချင်လွန်းလို့ ရူးမတတ်ခေါင်းခြောက်ခဲ့ရတယ်။ အခုတော့ ငါ့မှာ ထိတောင် မထိနိုင်ဘူး”
ရဲရှောင် အနည်းငယ် စိတ်ပျက်သွားသည်။
အလုံးလေးအတွင်းရှိ မှော်ကျောက်ဖရုံအား ရှာဖွေတွေ့ရှိပြီးနောက် ဘေးပတ်ဝန်းကျင် အနေအထားအား အကဲခတ် လိုက်မိလိုက်သည်။ သူ့အနေဖြင့် နန်းတော်ကြီးအတွင်းသို့ ဝင်နိုင်ခဲ့သော်လည်း ထိုနန်းတော်ကြီး၏ ပတ်ဝန်းကျင်အနေအထားအား များများစားစား မသိသေးပေ။ အဘယ့်ကြောင့်ဆိုသော် အခြားအဆောက်အဦးများ၏ နောက်တွင် မြူခိုးမြူငွေ့များ ထူထပ်စွာ ဖုံးလွှမ်းနေသောကြောင့် ဖြစ်သည်။ သူ၏ လက်​ချောင်းများကိုပင် သဲသဲကွဲကွဲ မမြင်ရသောကြောင့် ပတ်ဝန်းကျင်အား မြင်တွေ့နိုင်ရန်မှာတော့ ဆိုဖွယ်ရာ မရှိတော့ချေ။
ရုတ်တရက် ခေါင်းလောင်းတီးသံကဲ့သို့ အလွန်တရာမှပင် သာယာနာ ပျော်ဖွယ်ကောင်းသည့် အသံတစ်ခုသည် လေထဲမှ ပျံ့လွှင့်လာသည်။ ထိုအသံအား ကြားလိုက်ရသောအခါ ရဲရှောင်၏ စိတ်ထဲတွင် ဟာတာတာ ဖြစ်သွားလေသည်။ ထို့နောက် သူ၏ ဦးနှောက်ထဲတွင် အသိဉာဏ်ပညာတစ်ခုသည် ဖျတ်ခနဲ ပေါ်လာခဲ့၏။ ထိုခေါင်းလောင်းသံသည် သူဖြတ်သန်းခဲ့သည့် ဘဝပေါင်းများစွာအား ပြလိုက်သကဲ့သို့ပင် ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူဖြတ်သန်းခဲ့ရသည့် ဘဝပေါင်းများစွာသည် အလင်းတန်းလေး တစ်ခုကဲ့သို့ မြန်မြန်ဆန်ဆန်ဖြင့်ပင် အတွေးထဲသို့ ဖြတ်သန်းသွားသည်။
ထိုအဖြစ်အပျက်များသည် သူ၏မျက်စိရှေ့တွင် တကယ်ဖြစ်ပျက်နေသလိုလို အိမ်မက်လိုလိုဖြင့် ခံစားလိုက်ရသည်။
‌ ခရမ်းရောင်ချီဓာတ်များသည် ခေါင်းလောင်းသံ မရပ်မချင်း ဆက်လက် ပြန့်ထွက်လျက်ရှိသည်။ ခရမ်းရောင်ချီဓာတ် စွမ်းအင်လှိုင်းသည် မြေပြင်မှ တိုးထွက်လာကြပြီး စာလုံးဆယ်လုံးအဖြစ် ပြောင်းလဲသွားသည်။
“စကြာဝဠာကြီး စတင် ဖြစ်တည်လာကတည်းက အရှေ့အရပ်မှ ခရမ်းရောင် ချီဓာတ်များသည် တည်ရှိခဲ့သည်”
အလွန်သိပ်သည်း ထူထပ်သော ခရမ်းရောင်ချီဓာတ်များသည် ထိုစာလုံးများ၏ ဘေးပတ်ပတ်လည်တွင် တောက်ပသော အလင်းတန်းများနှင့်အတူ ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက် လျှပ်စီးလျှပ်လိုက်သကဲ့သို့ပင် ရဲရှောင်၏မြင်ကွင်းထဲသို့ လျင်မြန်စွာဖြင့် ရောက်ရှိလာသည်။
သိုင်းကျင့်စဉ်တစ်ခုသည် ရဲရှောင်၏အတွေးထဲတွင် လျင်​မြန်စွာဖြင့် ပေါ်လာသောကြောင့် သူ၏ ခေါင်းတစ်ခုလုံးသည် လေးလံသွား၏။
“စကြာဝဠာကြီး၏ ဖြစ်တည်မှုသည် ရှေဦးခရမ်းရောင် ချီဓာတ်ကျင့်စဉ်ပေါ်တွင် မူတည်သည်”
“စကြာဝဠာကြီး စတင်ဖြစ်တည်ခဲ့တဲ့ အချိန်တုန်းက အရှေ့အရပ်က ပေါ်ထွက်လာတဲ့ ခရမ်းရောင်ချီဓာတ်တစ်ခုရှိခဲ့တယ်။ သူက ကမ္ဘာကြီးရဲ့မိခင် ကောင်းကင်ဘုံရဲ့ ကျေးဇူးရှင် အရှင်သခင်ဖြစ်တယ်။ ခရမ်းရောင်ချီဓာတ်ကျင့်စဉ်က နှလုံးသားနဲ့ စိတ်ဝိညာဉ်တွေကို သန့်စင်စေပြီး ပိုပြီး သန်မာစေတယ်။ ငါ့ရဲ့နှလုံးသားက ကောင်းကင်ဘုံနဲ့တူတယ်။ ယင် နဲ့ ယန်လည်း ပါဝင်​နေတယ်။ အလင်းတန်းသုံးခုကလည်း ပေါင်းဆုံနေတယ်။ အရှေ့က ခရမ်းရောင်ချီဓာတ်ဟာ ပေါ်ထွက်လာခဲ့တယ်”
…………….
“ရှေးဦး ခရမ်းရောင်ချီဓာတ်ကျင့်စဉ်”

ရဲရှောင် ထိုကျင့်စဉ်၏ စာလုံးတစ်လုံးချင်းနှင့် စာကြောင်းတစ်ကြောင်း ချင်းစီအား ဖတ်လိုက်သည်။ ထို့နောက် နောက်ဆုံးတွင် သူ၏ စိတ်ထဲ၌ အသိဉာဏ်ပညာတစ်ခု ပွင့်လင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခံစားချက်သည် ရတနာတစ်ခုအား ရှာဖွေတွေ့ရှိလိုက်ရသည့် ခံစားချက်နှင့်ပင် တူနေပါသည်။
ရှောင်ဧကရာဇ်သည် ယခင်ဘဝတည်းကပင် ကြီးကျယ်မြင့်မြတ်သော ဂုဏ်ပုဒ်အား ပိုင်ဆိုင်ခဲ့သည်။ အစွမ်းထက်လှသော ကျင့်စဉ်များအား ကျင့်ကြံခဲ့ပြီး အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သူကျင့်ကြံခဲ့သည့် ကျင့်စဉ်များအားလုံးသည် သာမန်တော့ မဟုတ်ပေ။ သူ၏ အသိဉာဏ်ပညာသည်လည်း သာမန်လူများနှင့် မတူသည့် မြင့်မားသော ဉာဏ်ပညာမျိုးဖြစ်၏။ ရှေးဦးခရမ်းရောင်ချီဓာတ် ကျင့်စဉ်သည် စကြာဝဠာကြီး၏ ပထမဦးဆုံး ကျင့်စဉ်တစ်ခု ဖြစ်ခဲ့လျှင်လည်း ရဲရှောင်အတွက် ကိစ္စမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ထိုကျင့်စဉ်သည် သူယခင်ဘဝတွင် ကျင့်ခဲ့သည့် ယန်ကျင့်စဉ်ထက်ပင် ပို၍ သာလွန် နေသောကြောင့် ဖြစ်သည်။ ကျင့်စဉ်နှစ်ခုသည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ အဆင့်မတူကြပေ။ ရှေးဦးခရမ်းရောင် ချီဓာတ်ကျင့်စဉ်သည် ကောင်းကင်ကြီးဖြစ်ပြီး ယန်ကျင့်စဉ်သည် ကမ္ဘာမြေကြီးပင်ဖြစ်သည်။ ထိုကျင့်စဉ်နှစ်ခုသည် မတူညီကြပေ။
ကျင့်စဉ်၏ အစပိုင်းအား ဖတ်လိုက်ရုံ​ဖြင့်ပင် အဆုံးမရှိသော စွမ်းအားများအား ရရှိသွားသကဲ့သို့ ရဲရှောင် ခံစားလိုက်ရသည်။
ရဲရှောင် အိပ်ယာပေါ်တွင် ထိုင်လိုက်ပြီး ကျင့်စဉ်အသစ်အား မီးကုန်ယမ်းကုန်ဖြင့် ထပ်တလဲလဲ ကျင့်လိုက်သည်။ သေးငယ်လှသော ဝိညာဉ်တော်ချီဓာတ် အစိတ်အပိုင်းလေးအား ကျင့်စဉ်အသစ်၏ လမ်းကြောင်းပေါ်သို့ ကူးပြောင်းလိုက်သည်။ ကမ္ဘာပေါ်ရှိ ဝိညာဉ်တော်ချီဓာတ်များသည် ဟိုတစ်စ သည်တစ်စဖြင့် ပေါင်းစည်းကုန်ကြပြီး သူ၏ ခန္ဓာကိုယ်ဆီသို့ ရောက်လာကြသည်။ ထို့နောက် တဖြည်းဖြည်းချင်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားကြပြီး သူ၏စွမ်းအင်သိုလှောင်ရာ နေရာသို့ စီးဆင်းသွားကြသည်။
အလုံးလေး၏ အတွင်းရှိ မှော်ကျောက်ဖရုံသည် သန့်စင်သော ချီဓာတ်များအား အဆက်မပြတ်ထုတ်လွှတ်လျက်ရှိသည်။ ခရမ်းရောင်ချီဓာတ်များ ဆက်လက် ပျံ့နှံ့နေသည့်အချိန်တွင် ဟင်းလင်းပြင်တစ်ခုသည် ဖြစ်ပေါ်လာပါသည်။
ရဲရှောင် တစ်ညလုံး သူ၏ အိပ်ယာပေါ်တွင် ထိုင်နေခဲ့သည်။
ရဲရှောင် ကျင့်စဉ်အသစ်အား အကြိမ်ပေါင်း (၁၉၉၉) ကြိမ် ကျင့်ပြီးသောအခါ သူ၏စိတ်ဝိညာဉ်သည် တုန်ခါသွားပြီး ခန္ဓာကိုယ်ရှိ အကြောများအားလုံးသည် တစ်ကြိမ်တည်းဖြင့် ပွင့်ကုန်လေသည်။ ကမ္ဘာအနှံ့ရှိ ဝိညာဉ်တော်ချီဓာတ်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ အပြေးအလွှား ဝင်ရောက်နေကြသည်။
သူ၏ စွမ်းအင်သိုလှောင်ရာနေရာတွင် စကြာဝဠာကြီး၏ ချီဓာတ်များအား သိုလှောင်ထားသည်။ ထို့ပြင် သူ၏ အသွေးထဲ အသားထဲသို့ ပိုးချည်မျှင်ကဲ့သို့ ခိုင်ခံ့ ပြင်းထန်သော စွမ်းအားများကို ဖြစ်ပေါ်စေသည့် အေးမြသော စွမ်းအင်လှိုင်းများပင် စီးဆင်းနေကြသည်။
မှော်ကျောက်ဖရုံနှင့် အလုံးလေးတို့၏ ပေါင်းစပ်မှုကြောင့် သန့်စင်သော ပထမဦးဆုံး ဝိညာဉ်တော်စွမ်းအား အပိုင်းအစလေးတစ်ခုသည် ဖြစ်တည်လာခဲ့သည်။
သူ၏ စွမ်းအင်သိုလှောင်ရာနေရာသို့ သာမန်ဝိညာဉ်တော် ချီဓာတ်များသည် ဝင်ရောက်သွားသောအခါ ထိုချီဓာတ်နှစ်ခုသည် အတူတကွ ပေါင်းစပ်သွားကြသည်။ ချီဓာတ်နှစ်ခုအား ချည်မျှင်နှစ်ချောင်းဖြင့် ဥပမာထား၍ နှိုင်းယှဉ်ကြည့်မည်ဆိုပါက သာမန်ချီဓာတ်များသည် ရိုးရိုးသာမန်ချည်မျှင်ဖြင့် ပြုလုပ်ထားသည့် ချည်မျှင်နှင့်တူပြီး သန့်စင်သော ဝိညာဉ်တော် ချီဓာတ်စွမ်းအားများသည် ထူးကဲသာလွန်သော ပိုးချည်မျှင်ဖြင့် ပြုလုပ်ထားသည့် ချည်မျှင်တစ်ချောင်းနှင့် တူသည်။ ထိုချည်မျှင်ဖြင့် ကီလိုဂရမ် ၁၀၀၀ လေးသည့် ပစ္စည်းများကိုပင် မ နိုင်ပေလိမ့်မည်။
ထိုအခြင်းအရာသည် နတ်ဘုရားနှင့် လူသား၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ ကွာခြားမှုကဲ့သို့ ကွာဟမှု ကြီးမားလေသည်။
ရဲရှောင် ရှေးဦးခရမ်းရောင် ချီဓာတ်ကျင့်စဉ်အား စုပ်ယူနေစဉ်တွင် သူ၏အရေပြားမှ နံဟောင်စေးကပ်နေသော အနက်ရောင် အရိအရွှဲများသည်တဖြည်းဖြည်းထွက်လာကြသည်။
ရဲရှောင် အနည်းငယ်မျှပင် မလှုပ်ရှားရဲပေ။ သူ၏ ခန္ဓာကိုယ်သည် ညစ်ပတ်သည်ထက် ညစ်ပတ်လာသည်ကိုပင် သတိမမူမိချေ။ ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုတစ်ခုသည် သူ၏စိတ်တစ်ခုလုံးအား လွှမ်းမိုးသွားသည်။
ရဲရှောင် ယခုလက်ရှိ ရောက်ရှိနေသည့် ကြွက်သားများနှင့် အရိုးများ သန့်စင်ခြင်းအဆင့်သည် ကျင့်ကြံသူ အများစုအတွက် အိမ်မက်မျှသာ မက်နိုင်သည့် အခြေအနေဖြစ်သည်။
ထိုအဆင့်သည် သူလျှောက်လှမ်းရမည့် ရှည်လျားလှသော ကျင့်စဉ်ခရီးလမ်း၏ ပထမဦးဆုံးခြေလှမ်းပင်ဖြစ်သည်။ သူသာ သာမန်နည်းလမ်းများကို အသုံးပြုမည်ဆိုပါက သူ၏ခန္ဓာကိုယ်အား သန့်စင်သောကိုယ်အဖြစ် ပြောင်းလဲစေရန် အလွန်မြင့်မားလှသည့် အဆင့်တစ်ခုရောက်ရှိမှ ရပေလိမ့်မည်။
အံ့ဩစရာကောင်းသည်မှာ ရှေးဦးခရမ်းရောင်ချီဓာတ်ကျင့်စဉ်သည် သန့်စင်ခြင်း အဆင့်မှ စတင်ခြင်းကြောင့်ပင် ဖြစ်သည်။
စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သော ရတနာတစ်ပါးအား ရဲရှောင်တွေ့ရှိခဲ့ပြီလေ။
ရှေးဦးခရမ်းရောင်ချီဓာတ်ကျင့်စဉ်သည် သူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် များအတိုင်း စကြာဝဠာကြီး၏ ပထမဦးဆုံး သိုင်းကျင့်စဉ်တစ်ခု ဖြစ်သည်ဆိုသည်မှာ မှန်ကန်နိုင်ပါသည်။
………………………………………

နောက်တစ်နေ့ နံနက်သို့ ကူးပြောင်းသွားခဲ့သည်။ ကောင်းကင်ကြီးမှာတော့ အလင်းရောင်မထွက်ပေါ်သေးဘဲ မှောင်မိုက်နေတုန်းပင်။ ရဲရှောင် သူ၏ အခန်းထဲမှ အလျင်အမြန် ထွက်သွားရင်း ရေကဲထဲသို့ ခုန်ဆင်းလိုက်သည်။
“ဗွမ်း”
ရေကန်ထဲတွင် ကြီးမားများပြားလှသော ငါးကြီးများရှိလေသည်။ ငါးများသည် ရေကန်ထဲသို့ သူတို့မမျှော်လင့်ထားသည့် ဧည့်သည်တစ်ယောက် ရုတ်တရက်ရောက်လာ၍ ကြောက်လန့်သွားကြပြီး ဆောက်တည်ရာမရဖြစ်ကာ ဝရုန်းသုန်းကားဖြင့် ကူးခတ်ကုန်ကြသည်။
ရဲရှောင်တွင် အခြား ရွေးချယ်စရာမရှိတော့ပေ။ ကျင့်စဉ်ကျင့်ရင်း နိုးထလာသည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်သည် မိလ္လာကျင်းကဲ့သို့ နံဟောင်လျက်ရှိသည်။
ထိုလူ့ပေါ်ကျော့ ကောင်လေး၏ ခန္ဓာကိုယ်ထဲတွင် ဘယ်လောက် ညစ်ပတ်နေတယ်ဆိုတာကို ဘုရားသာ အသိဆုံးဖြစ်ပေလိမ့်မည်။ ထိုအချိန်တွင် ညစ်ပတ် ပေရေနေသော အရာများသည် ထွက်လာကြပြီး သူ့ခန္ဓာကိုယ်တွင် ထူထပ်သော အလွှာတစ်ခုလိုပင် ဖြစ်နေပါသည်။
ရဲရှောင်သည် သူ၏မျက်လုံးများကိုပင် အညစ်အကြေးများက ဖုံးကွယ်ထားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်အား ပွတ်တိုက်ခဲ့ပြီး လက်တစ်ဆုပ်စာ အညစ်အကြေးများအား ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် အညစ်အကြေးများအား ဖယ်ရှားရန်အတွက် ထပ်မံ ပွတ်တိုက်လိုက်သည်။ ထိုအညစ်အကြေးများသည် ၃၀ စင်တီမီတာရှည်လျားပြီး အထူသည် လက်ချောင်းတစ်ချောင်းလောက်ရှိပါသည်။ အကြောင်းမသိသည့် လူများကတော့ သခင်လေးရဲတစ်ယောက် သူ့အိမ်ရှိရေကန်တွင် ငါးဖမ်းနေသည်ဟုပင် ထင်ကြလိမ့်မည်။
နံစော်နေသော အနံ့များသည် လေနှင့်အတူ လွှင့်ပျံ့သွားကြသည်။ ထိုအနံ့အားရှုရှိုက်မိသည့် မည်သူမဆို ချက်ချင်းပင် ပျို့အန်သွားနိုင်ပေသည်။
အနံ့သည် အလွန်အမင်း ပြင်းထန်လှပေသည်။ ထိုအနံ့အား ရှုမိသည့် အစောင့်တစ်ယောက်ပင် သူ၏ နှာခေါင်းအား လက်ဖြင့်ပိတ်ရင်း အနံ့ထွက်နေသည့် ရဲရှောင်၏ အနားသို့ ရောက်လာခဲ့သည်။ သို့သော် ရဲရှောင်မှ –
“ငါရေချိုးနေတာ မင်းမမြင်ဘူးလား။ မင်းဒီကို ဘာလာလုပ်တာလဲ”
ရဲရှောင် အော်လိုက်သည့် အချိန်မှာပင် အစောင့်သည် သူ၏ နှာခေါင်းအား လက်ဖြင့်ပိတ်လျက် နောက်သို့ ပြန်ပြေးသွားရင်း –
“သေလိုက်ပါလား။ မင်းရေချိုးနေတာ ငါမြင်တာပေါ့။ ဒါပေမယ့် မေးစရာ မေးခွန်းနှစ်ခုတော့ရှိတယ်။ ပထမဆုံး မေးခွန်းက နေတောင်မထွက်သေးဘူး ရေချိုးဖို့ ဒီအချိန်က အရမ်းစောသေးတယ်လို့ မင်းမထင်ဘူးလား။ ဒုတိယအချက် ငါလခွမ်းတဲ့မှပဲ မင်းရေချိုးနေမှန်းတော့ ငါသိတာပေါ့ ဒါပေမယ့် အနံ့က တစ်ယောက်ယောက် အိမ်သာတက်နေတဲ့အတိုင်းဖြစ်နေတာကို”
အစောင့်သည် တစ်ယောက်တည်း ရေရွတ်ပြောလိုက်ခြင်းပင်။

စစ်သူကြီးရဲ၏ အိမ်ရှိ ရေကန်သည် အမှန်တကယ်ပင် ကြီးမားလေသည်။ အတော်လေးပင် ကြီးမားသော ရေကန်တစ်ခုဖြစ်၏။
ရဲရှောင် ရေကန်ထဲမှ တက်လာပြီး နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ ကန်ထဲရှိ ငါးများအားလုံးသည် ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေကြသည်။ အသက်ရှုမဝသော​ကြောင့် သူတို့၏ အဖြူရောင် ဗိုက်သားများသည် ဖောင်းလိုက်ပိန်လိုက်ဖြစ်နေပြီး ပါးစပ်များသည်လည်း ဟစိဟစိ ဖြစ်နေကြသည်။ ငါးများသည် လေကောင်းလေသန့် ရှုရန်အတွက် ကန်ရေမျက်နှာပြင်ပေါ်သို့ တက်လာကြခြင်း ဖြစ်သည်။
အကယ်၍ ထိုငါးများသာ စကားပြောတတ်ခဲ့မည်ဆိုလျှင် သူတို့ငိုရင်းဖြင့် ပြောပါလိမ့်မည်။
“သေလိုက်ပါတော့ကွာ။ ဘယ်လောက်တောင် ယုတ်မာရိုင်းစိုင်းလိုက်တဲ့ ကောင်လဲ။ ဒါ . . . ဒါ . . . ငါတို့ရဲ့ အဆုံးသတ်ပဲလား”

Comment

Leave a Reply

Options

not work with dark mode
Reset