Switch Mode

Chapter – 7

ပြိုင်ဘက်ကင်း လောကနတ်ဘုရားနှင့် ရှေးဦးစကြာဝဠာ ဝိညာဥ်တော်

Chapter – 7
“ပြိုင်ဘက်ကင်း လောကနတ်ဘုရား နှင့် ရှေးဦးစကြာဝဠာ ဝိညာဉ်တော်”

“အ . . . ငါအပြင်ကို လမ်းလျှောက်ထွက်နေတာပါဟ”
ရဲရှောင် အားမရှိ​သော အသံဖြင့် ရှင်းပြလိုက်သည်။ သူ၏ အသံသည် အမှန်တကယ်ပင် အားနည်းနေခြင်းဖြစ်ကြောင်း သက်သေထူလျှက်ရှိသည်။
မိန်းမနှင့်ကိစ္စနှင့် ပက်သက်လျှင် ရှောင်ဧကရာဇ်သည် လူပေါ်ကျော့တစ်ဦးဖြစ်သည့် ယခင် ရဲရှောင်လောက်အတွေ့အကြုံမရှိပေ။ ရှောင်ဧကရာဇ်သည် သူ၏ ယခင်ဘဝတစ်ခုလုံးအား သန့်စင်သော ယန် ကျင့်စဉ်ကျင့်ရင်းဖြင့်သာ အချိန်ကုန်စေခဲ့သည်။
ထို့ကြောင့် သူသည် မိန်းမများနှင့် အချိန်ဖြုန်းရမည့် ကိစ္စအား ဘယ်သောအခါမှ မလုပ်ခဲ့ပေ။
( မှတ်ချက် ။ ။ ယန်ဆိုသည်မှာ ယောကျ်ားအား ကိုယ်စားပြုခြင်း​ဖြစ်သည်။ သန့်စင်သော ယန် ကျင့်စဉ်သည် ယောကျ်ားျင့်၍ ရနိုင်သည့် ကျင့်စဉ်တစ်မျိုးဖြစ်သည်။ ထိုကျင့်စဉ်အား ကျင့်ကြံမည့်သူသည် ကာမစပ်ယှက်၍ မရပေ)
ယခုအခါတွင်မူ သူ၏ရှေ့တွင် အလွန်မှပင် လှပသော အမျိုးသမီးလေးတစ်ဦး မတ်တပ်ရပ်နေလေပြီ။ ထိုမိန်းမလှလေးသည် စိတ်ဆိုးနေသည်ဖြစ်စေ ဒေါသထွက်နေသည်ဖြစ်စေ သူ့အတွက်တော့ အရေးမကြီးတော့ပေ။ မိန်းမလှလေးကြောင့် သူ၏ စိတ်အစဉ်သည် လေဟာနယ်ထဲသို့ ရောက်ရှိသွားသည့်အတိုင်း ရင်ဘတ်တစ်ခုလုံး ဟာတာတာဖြစ်သွားပြီး အာခေါင်များပင် ခြောက်ကပ်လာသကဲ့သို့ ခံစားလိုက်ရ၏။
စုယဲ့ယွဲ့သည် သူမ၏ လက်အား အားကုန်လွှဲ၍ ရဲရှောင်၏ ခေါင်းအား ရိုက်လိုက်သည်။ သူမသည် ဂရုဏာဒေါသသံဖြင့် ရဲရှောင်အား အော်လိုက်ရင်း –
“ဒီလောက် ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အချိန် နင်က အပြင်တောင် လမ်းလျှောက်ထွက်နေတယ်ပေါ့လေ ဟုတ်လား။ ဒီနေ့ မြို့ထဲမှာ အရမ်းအန္တရာယ်များတဲ့ ကိစ္စဖြစ်သွားတာ နင်မသိဘူးလား။ နင်အဲ့ဒီလို လမ်းပေါ် လေလွင့်လျှောက်သွားနေမယ်ဆိုရင် တစ်နေရာရာမှာ အသတ်ခံနေရမယ်။ ဦးလေးရဲ ခရီးမထွက်ခင်က ငါ့ကို ကြာပွတ်တစ်ချောင်းပေးခဲ့တယ်။ အဲ့ဒီတော့ ငါ့မှာ နင့်ကို ဆုံးမပိုင်ခွင့် အပြည့်အဝရှိတယ်။ တကယ်လို့ နင်ငါ့ကို အာခံဆန့်ကျင်နေမယ်ဆိုရင်တော့ ကြာပွတ်နဲ့ နင့်ကို ရိုက်ပစ်မယ်”
ရဲရှောင် တစ်ယောက်တည်း တွေးလိုက်သည် –
“မင်း တကယ်လုပ်ရဲတယ်ပေါ့လေ။ ရှောင်ဧကရာဇ်လို လူကိုတောင် မင်းမို့လို့ ခြိမ်းခြောက်ရဲတယ်။ ငါပြန်လုပ်လိုက်ရ”
သို့သော် သူဘာမှ မသိသည့်ပုံစံဖြင့် ဟန်ဆောင်လိုက်ရင်း –
“တကယ်လား။ မြို့ထဲမှာ ဘာတွေဖြစ်သွားလို့လဲ”
စုယဲ့ယွဲ့ ရဲရှောင်အား စိုက်ကြည့်လိုက်ပြီး –
“ငါကြားတာတော့ ဇူရှန်ဖူရဲ့အိမ် အတိုက်ခံလို့ရတဲ့။
လူဆိုးတွေ အများကြီး သူ့အိမ်ကို ခိုးဝင်ကြတာ တန်ဖိုးကြီးပစ္စည်းတွေ တော်တော်များများပါသွားတယ်။ အခုလောက်ဆို သူဒေါသတွေထွက် စိတ်တိုနေလောက်ပြီ။ စစ်သည်တော်တွေလည်း မြို့ရဲ့ဂိတ်ကိုးခုစလုံးကို စောင့်ကြပ်နေကြတယ်။ အဲ့ဒါကြောင့်မလို့ ဘယ်သူမှ မြို့ထဲကို ဝင်လို့လည်း မရသလို ထွက်ခွင့်လည်း မရှိတော့ဘူး။ လူဆိုးတွေနဲ့ သူတို့ တိုက်ခိုက်လုယူသွားတဲ့ ပစ္စည်းတွေကို ပြန်ရဖို့ ပိုက်စိပ်တိုက်ပြီး ရှာနေကြတယ်”
သူမ စကားပြောနေသည့်အချိန်တွင် ရဲရှောင်မှ စိုက်ကြည့်နေ၍ မင်းသမီးသည် ရှက်သွေးဖြာမိသွားသည်။ ရဲရှောင်၏ ရှေ့တွင် သတိလက်လွတ်ဖြစ်သွားသည့် သူ့ကိုယ်သူ ရှက်မိသွားလေသည်။ ထို့ကြောင့် ချောင်းဆိုးချင်ယောင်ဆောင်လိုက်ပြီး စိတ်တည်ငြိမ်အောင် ပြန်လုပ်ကာ စကားဆက်ပြောလိုက်သည်-
“သူ့အိမ်က တန်ဖိုးကြီးပစ္စည်းတွေပါသွားလို့ အမတ်ကြီးဇူ တော်တော်စိတ်ဆင်းရဲနေတဲ့ပုံပဲ။ လူဆိုးတွေကို ဖမ်းမိဖို့နဲ့ ခိုးသွားတဲ့ပစ္စည်းတွေကို ပြန်ရဖို့ဆိုတာ လွယ်တော့မလွယ်လောက်ဘူး”
ရဲရှောင် သူ၏ မျက်လုံးများအား ဟိုကြည့် ဒီကြည့်လုပ်လိုက်ရင်း –
“သူ့ဆီကနေ ဘယ်တန်ဖိုးကြီး ရတနာတွေ အခိုးခံလိုက်ရတာလဲဆိုတာ မင်းသိလား”
“ငါ မသိဘူးလေ။ ဒါပေမယ့် အဲ့ဒီပစ္စည်းက တန်ဖိုးအရမ်းကြီးတဲ့ဟာပဲ ဖြစ်ရမယ်။ အဲ့ဒီလိုမှမဟုတ်ရင် သူဘာလို့ ဒီလိုအပူတပြင်း လှုပ်ရှားနေမှာလဲ”
စုယဲ့ယွဲ့ သူမ၏ ခေါင်းအား ခါယမ်းရင်း ပြောလိုက်သည်။
ရဲရှောင်တွေးလိုက်မိသည်-
“ငါယူခဲ့တဲ့ ပစ္စည်းက သူတို့ရှာနေတဲ့ ပစ္စည်း ဖြစ်နေမလား”
သူတွေးပြီးရင်း တွေးလိုက်သည်-
“နောင်တစ်ချိန်ချိန်မှာ ဇူဝူကျီက ပစ္စည်းကို ပြန်တောင်းခဲ့ရင် ပေးနိုင်ဖို့ ငါနောက်ထပ် ပုံတူတစ်ခုကို လိုရမယ်ရ ထပ်လုပ်ထားရမယ်”
“နားထောင်စမ်း။ သန်ဘက်ခါ လုပ်မယ့် လေလံပွဲကို နင်မသွားရဘူး။ ငါ့ညီမတော်တွေကို ငါနဲ့အတူသွားဖို့ ခေါ်ထားတယ်။ တကယ်လို့ နင်သာအဲ့ဒီမှာ ရှိနေရင် ငါ့ကို အရှက်ရစေမယ့် ကိစ္စတွေပဲ နင်လုပ်နေမှာ။ နောက်ပြီး ဒီအပတ်ကုန်ခါနီးလောက် ဝမ်ဟွားမှာ လုပ်တဲ့ပွဲကိုလည်း နင်မသွားရဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကာလမှာ နင်ဘယ်ဆို ဘယ်မှကို မသွားနဲ့။ နင်နားလည်လား။ နင့်စိတ်ထဲမှာ မှတ်ထားရဲ့လား။ငါပြောတာတွေ ကြားရဲ့လား”
မင်းသမီးသည် အမိန့်ပေးသည့် လေသံမျိုးဖြင့် အချိန်အတော်ကြာ ပြောဆို​ပြီးနောက် ရဲရှောင်မှ သူမပြောသည့် စကားများအား နားထောင်သည့် ပုံစံဖြင့်​ ခေါင်းအဆက်မပြတ်ညိတ်ပြနေသည်အား မြင်တွေ့လိုက်ရသောအခါ စိတ်ကျေနပ်သွားလေသည်။
သူမ မတ်တပ်ထရပ်လိုက်ပြီး ပြန်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထို့နောက် သူမသက်ပြင်းတစ်ချက်ချလိုက်ပြီး ရဲရှောင်ကြားရုံပင် ကြားရသည့် အသံမျိုးဖြင့် –
“နင်က အမှန်တကယ်တော့ စိတ်ပျက်စရာကောင်းတဲ့ လူမဟုတ်ပါဘူး။ နင့်အမူအကျင့်တွေကို နင်ကိုယ်တိုင်ကြိုးစားပြင်မယ် နောက်ပြီး နင့်ရဲ့အားနည်းချက်တွေအကုန်လုံးကိုသာ ပြုပြင်လိုက်မယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ”
ရဲရှောင် ကြည့်နေရင်းနှင့်ပင် စုယဲ့ယွဲ့၏ ဝေါယာဉ်သည် မှောင်ပျပျ အလင်းရောင်အောက်တွင် တဖြည်းဖြည်း ကွယ်ပျောက်သွားလေသည်။
စုယဲ့ယွဲ့ပြန်သွားသောအခါ ရဲရှောင် နှလုံးသား၏ အနက်ရှိုင်းဆုံး ​နေရာတွင် လွမ်းမောစိတ်များဖြင့် ပြည့်နှက်သွားပါတော့သည်။
စုယဲ့ယွဲ့ အနေဖြင့် မိဘများ၏ စကားများ နှင့် အောင်သွယ်တော်များ၏ စကားများကို တသွေမတိမ်း နားထောင်ရသောကြောင့် သူမ၏ အိမ်ထောင်ဘက်အား ကိုယ်တိုင်ရွေးချယ်ရန်အတွက် ဘယ်သောအခါမှ အခွင့်အရေးမရှိခဲ့ချေ။ ထို့ပြင် သူမသည် မျိုးရိုးမြင့်သည် အထက်တန်းလွှာမိသားစုမှ မွေးဖွားခဲ့သော်လည်း သူမချစ်ခင်မြတ်နိုးသည့် သူအားရွေးချယ်ရန်အတွက် ဆုံးဖြတ်ချက်ချပိုင်ခွင့်လည်း မရှိပေ။
သူမ၏ မိဘများကြောင့် ရဲရှောင်နှင့် စေ့စပ်ခဲ့ရခြင်းဖြစ်ပြီး သူတို့နှစ်ယောက်သည် အနှေးနဲ့အမြန်ပင် လက်ထပ်ရမည်ဖြစ်သည်။
သို့သော် စုယဲ့ယွဲ့အတွက် ကံမကောင်းခဲ့သည်မှာ စေ့စပ်ထားသည့် သူသည် ယခုကဲ့သို့ လူပေါ်ကျော့တစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။ သက်ပြင်းချရုံမျှလွဲ၍ သူမအတွက် ဘာမှထူးမည်မဟုတ်ပေ။
သို့သော် ယဲ့ယွဲ့အနေဖြင့် ရဲရှောင်အပေါ်တွင် သံယောဇဉ်လုံးဝ ကင်းမဲ့သည်တော့ မဟုတ်ပေ။ သူတို့နှစ်ဉီးသည် ငယ်စဉ်ကတည်းကပင် အတူတကွ ကြီးပြင်းလာကြခဲ့ကြသည့် သူများဖြစ်သည်။ ယခုကဲ့သို့ အန္တရာယ်များသည့် အချိန်မှာပင် ရဲရှောင်ဆီသို့ ရောက်အောင်လာခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူမ မည်မျှ စိတ်ပူပန်နေကြောင်း သိနိုင်ပေသည်။
စုယဲ့ယွဲ့၏ မွှေးပျံ့သည့် ကိုယ်သင်းရနံ့သည် လေထဲတွင် ခုထက်ထိတိုင် လွှင့်ပျံလျက်ရှိသည်။ ရဲရှောင် သက်ပြင်းအကြိမ်ကြိမ်ချရင်း သူ၏ နှလုံးသားတစ်ခုလုံးတွင် ဖော်မပြနိုင်သည့် ခံစားမှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ ထိုခံစားမှုမျိုးအား သူအရင်က ဘယ်သောအခါမှ မခံစားဖူးခဲ့ပေ။
ရဲရှောင် သူ၏ အခန်းထဲသို့ရောက်သွားသောအခါ အိပ်ယာထက်တွင် ပစ်လှဲလိုက်သည်။ သူ့စိတ်ထဲမှ လေးလံနေသည့်အရာများအား ခဏတာ လွှတ်ချလိုက်ပြီး ရုတ်တရက် သေတော့မည့် လူတစ်ယောက်ကဲ့သို့ ခြေကုန်လက်ပမ်းကျ သွားလေသည်။ သူ၏ ခန္ဓာကိုယ်တွင် ဘာမှမရှိတော့သည့်အတိုင်း မောဟိုက်နွမ်းလျနေချေပြီ။ လွန်ခဲ့သော နာရီအနည်းငယ်ခန့်က တိုက်ပွဲမှ လွတ်မြောက်ရန်အတွက် သူ၏ စွမ်းအင်များအား အကုန်လုံးနီးပါး သုံးလိုက်ရသည်။ ထို့ပြင် စုယဲ့ယွဲ့နှင့် တွေ့ဆုံလိုက်ရ၍ သူ့အနေဖြင့် ချက်ချင်း အနားယူနိုင်ရန်မှာ ခက်ခဲလှပေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များအား ယခုအချိန်ထိ မကုသရသေးပေ။ ထိုအဆိပ်သည် သူ၏ လည်ပင်းအား ချွန်ထက်သော ဓားဖြင့် ချိန်ရွယ်ထားသကဲ့သို့ အချိန်မရွေး အန္တရာယ်ပေးနိုင်ပါသေးသည်။ သို့သော် ရဲရှောင်မကြာမီက မြိုချလိုက်သည့် မှော်ကျောက်ဖရုံအမှုန့်များကြောင့် အဆိပ်အား ထိန်းထားနိုင်ခဲ့သည်။ အားတစ်ချက်သုံးရုံမျှဖြင့် ထိုအဆိပ်များသည် တွန်းကန်၍ သူ၏ ခန္ဓာကိုယ်အတွင်းမှ လုံးဝ ထွက်သွားနိုင်ပါသည်။
ထိုအဆိပ်အား မြန်မြန် ဖယ်ရှားနိုင်လေ သူမြန်မြန် ပြန်နေကောင်းလေပင် ဖြစ်သည်။ ရဲရှောင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ကျန်ရှိသောချီဓာတ်များအား စိတ်ရှည်လက်ရှည်ဖြင့် ထိန်းချုပ်လိုက်သည်။ မှော်ကျောက်ဖရုံမှ ဖြစ်တည်လာသည့် ချီဓာတ်များ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းအား အသုံးပြုလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်တွင် အနည်းငယ်မျှ ကျန်ရှိနေပါသေးသည်။ ကံကောင်းသည့် အချက်မှာ ထိုအနည်းငယ်မျှသာ ကျန်ရှိသော ချီဓာတ်များအား ကောင်းစွာထိန်းချုပ်၍ လည်ပတ်စေနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ရဲရှောင်သည် ချီဓာတ်များ​ဖြင့် သူ၏ အသွေးထဲ အသားထဲရှိ အဆိပ်များအား လွှမ်းမိုးနိုင်ရန် ထိန်းချုပ်လိုက်သည်။ အနည်းငယ်မျှသာ ကျန်ရှိသော ချီဓာတ်များသည် သူ၏ စွမ်းအင်သိုလှောင်ရာနေရာသို့ ပေါင်းစပ်သွားသည်။ ထို့နောက် ချီဓာတ်များသည် စွမ်းအင်သိုလှောင်ရာမှ သူ၏ အသွေးထဲ အသားထဲမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းလည်ပတ်သွားလေသည်။ မကြာမီ ခေါင်းမာသော ချင်းမင်အဆိပ်များအား လွှမ်းမိုးနိုင်ခဲ့သည်။
မော်တယ်ကမ္ဘာတွင် ကုသ၍ မရနိုင်သည့် ထိုအဆိပ်အား ချီဓာတ်အလွှာပါးပါးလေးတစ်ခုက အမှန်တကယ်ပင် လွှမ်းမိုးနိုင်ခဲ့ပြီး သူ၏ ခန္ဓာကိုယ် အပြင်ဘက်သို့ တွန်းလှန်နိုင်ခဲ့သည်။ ထိုအခြင်းအရာအား ကမ္ဘာပေါ်ရှိ ပညာရှင်ကြီးများသာ မြင်တွေ့ ခဲ့မည်ဆိုလျှင် သေချာပေါက် တုန်လှုပ်သွားကြမည်ဖြစ်ပြီး အံ့ဩလွန်း၍ သူတို့၏ မေးရိုးများပင် ကြမ်းပြင်ပေါ်သို့ အောက်ပြုတ်ကျသွားနိုင်ပေသည်။
ရဲရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုကြောင့် ​ယောင်ကိုင်းနေသကဲ့သို့ ခံစားလိုက်ရသည်။
“အ”
နောက်ဆုံးတွင် ရဲရှောင်၏ ပါးစပ်မှ အနက်ရောင် သွေးအချို့ အန်ထွက်သွားလေသည်။ ကြမ်းပြင်ပေါ်သို့ ကျသွားသည့် သွေးများသည် ပုပ်ဟောင်နံစော်လျက်ရှိသည်။
ရုတ်တရက် ကြမ်းပြင်တစ်ခုလုံး အနက်ရောင်သို့ ပြောင်းသွားခဲ့သည်။ နောက်ဆုံးတွင် ချင်းမင်အဆိပ်သည် လုံးဝ ပပျောက် လွင့်ပြယ်သွားခဲ့ပေပြီ။ ရဲရှောင် သူ၏ စိတ်များ သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရပြီး –
“နောက်ဆုံးတော့ ငါဒီအဆိပ်ကို တိုက်ထုတ်နိုင်ခဲ့ပြီ”
သူခံစားလိုက်ရသည့် စိတ်သက်သာရာရမှုသည် ဖော်မပြတတ်အောင်ပင် ဖြစ်နေလေသည်။
နောက်ဆုံးတွင် ရဲရှောင် ကောင်းကောင်း အိပ်စက်အနားယူနိုင်တော့မည် ဖြစ်သည်။ အနည်းဆုံးတော့ အဆိပ်ကြောင့် သူသေရမည်ကို နောက်ထပ် စိတ်ပူပန်နေစရာမလိုတော့ချေ။
ရဲရှောင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား အနားပေးရန်နှင့် သူ၏ စွမ်းအားများအား ပြန်လည် ပြည့်ဖြိုးစေရန် အိပ်ယာထက်တွင် လှဲချလိုက်သည်။ သို့သော် ခဏအကြာတွင် သူရုတ်တရက် ထထိုင်လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် လှဲချလိုက်သည့်အချိန်တွင် သူ၏ အတွေးအာရုံထဲ၌ စာလုံးတော်တော်များများမြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ထိုစာလုံးများသည် ရွှေရောင်များ တောက်ပနေသည့် စာလုံးများပင်ဖြစ်ပေသည်။
ထိုစာလုံးများအား သူမည်သည့်နေရာတွင် မြင်ဖူးခဲ့ပါသနည်း။ မှော်ကျောက်ဖရုံအား ပထမဆုံးရရှိခဲ့သည့် အချိန်အား ရဲရှောင် ပြန်စဉ်းစားလိုက်သည်။ မှော်ကျောက်ဖရုံ ရုတ်တရက် မကွယ်ပျောက်သွားခင်အချိန်တွင် ရုတ်တရက် မူးဝေခြင်း ဝေဒနာအား သူခံစားလိုက်ရပြီးနောက် အဆိုပါ ရွှေရောင်စာလုံးများသည် သူ၏ အတွေးအာရုံထဲတွင် ပေါ်လာသည်ကို သူပြန်မှတ်မိလိုက်သည်။
ရဲရှောင် ခါးအား မတ်မတ်ထိုင်လိုက်ရင်း သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ကူးပြောင်းရန် ကြိုးစားလိုက်သည်။ ဝမ်းသာစရာကောင်းသည့်အချက်မှာ သူ၏ စိတ်ဝိညာဉ်စွမ်းအားများအား နောက်တစ်ကြိမ် လည်ပတ်စီးဆင်းနိုင်စေခဲ့သည့် အတွက်ပင်ဖြစ်သည်။
ထို့နောက် သူ၏ အသိစိတ်ပင်လယ်အတွင်းမှ အားကောင်းသော ဆွဲငင်အားတစ်ခု ရောက်ရှိလာခဲ့သည်။
ရဲရှောင်၏ ခန္ဓာကိုယ်မှာ တစ်ချက်တုန်သွားပြီးနောက် သူ၏ မျက်နှာသည် ပြန်လည်တည်ငြိမ်သွားပါသည်။
သူ၏ အသိစိတ်ပင်လယ်သည် အခိုးအငွေ့များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ထိုအခိုးအငွေ့များ၏ အထက်တွင် ​တောက်ပဖြာထွက်နေသည့် ထူးခြားသည့် အလုံးလေးတစ်လုံး ရှိနေပေသည်။ ထိုအလုံးလေးမှ ခရမ်းရောင်ချီဓာတ် စွမ်းအင်လှိုင်းများသည် တစ်ခုပြီးတစ်ခု ဖြာထွက်လျက်ရှိပါသည်။
“ဒါ . . . ငါ ချင်းရန်နယ်ပယ်ရဲ့ သေခြင်းတရားနယ်မြေမှာ စူးစမ်းရှာဖွေနေ​တုန်းက မတော်တဆတက်နင်းမိခဲ့တဲ့ အလုံးလေးများလား။ ဒီအလုံးလေးက ဘယ်လိုလုပ် ငါ့အသိစိတ်ပင်လယ်ထဲ ရောက်နေတာလဲ။ ဘာတွေဆက်ဖြစ်မှာလဲ”
ရဲရှောင် မျက်လုံးပြူးသွားသည်။ ဖြစ်ပျက်နေ​​သော အရာများအား မစဉ်းစားတတ်အောင်ပင် ဖြစ်နေသည်။
သို့သော် ဖြစ်နိုင်ခြေတစ်ခုအား သူ့စိတ်ထဲတွင် တွေးမိလိုက်သည် –
“ငါ့အရင်ဘဝ နောက်ဆုံးတိုက်ပွဲတုန်းက ငါသေသွားခဲ့တယ်။ ဒါပေမယ့် ဒီမှာ အကြောင်းပြချက်မရှိဘဲနဲ့ လူပြန်ဝင်စားတယ်။ ဒါတွေက ဒီထူးခြားတဲ့ အလုံးလေး ကြောင့်များလား”
“ဒါမှမဟုတ် ဖြစ်နိုင်တာက မှော်ကျောက်ဖရုံက ဒီအလုံးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေလို့ နောက်ဆုံးမှာ သူ့ဘာသာ ဖြစ်တည်လာတဲ့ သဘောများလား”
ရဲရှောင် အသေအချာပင် သိလိုက်သည်။ သူ၏ အယူအဆများသည် ရယ်စရာကောင်းနေသည်မှာ မှန်သော်လည်း သူ့ခန့်မှန်းချက်သည် တကယ်ပင် မှန်ကန်ကြောင်း ကိုးဆယ်ရာခိုင်နှုန်း သေချာနေပေသည်။ ထိုကဲ့သို့မှ မဟုတ်လျှင် အရာအားလုံးသည် ရှင်းပြ၍ မရနိုင်အောင်ပင် ဖြစ်လာပေလိမ့်မည်။
ပြန်လည်ဝင်စားသည့် ကိစ္စမျိုးပင် ဖြစ်နိုင်သေးလျှင် အခြားကိစ္စများသည်လည်း မဖြစ်နိုင်ဆိုသည်မှာ မရှိနိုင်ပေ။ ရဲရှောင် ဆက်တွေးမိသည့် အချက်တစ်ခုမှာ ထိုအလုံးလေးသည် ရိုးရှင်းမည်မဟုတ်ဟု ဆိုတာကိုပင်။ ထိုအလုံးလေး၏ ဖြစ်တည်လာမှုနှင့် လုပ်ဆောင်ချက်တို့သည် သေချာပေါက်ပင် ရိုးရှင်းမည်မဟုတ်ချေ။
“အရင်ဘဝတုန်းက ထိပ်ဆုံးရောက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ငါကျရှုံးခဲ့ရတယ်။ အခုဘဝအသစ်ရဲ့ ကျင့်စဉ်ခရီးလမ်းမှာ ကျင့်စဉ်တွေကို ပိုပြီးကျင့်နိုင်မယ်။ အဲ့ဒီ လမ်းကြောင်းက ဒီထူးခြားတဲ့ အလုံးလေးနဲ့ စတင်မှာလား”
ရဲရှောင် တစ်ခုပြီးတစ်ခု စဉ်းစားတွေးတောနေမိသည်။ သူတွေးသည့် အတွေးများသည် လုံးဝ ရယ်စရာကောင်းစရာ ဖြစ်နေသော်လည်း သူ၏ အတွေးများသည် မှန်ကန်နိုင်ကြောင်း စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ ထင်ပေါ်ကျော်ကြားသည့် ရှောင်ဧကရာဇ်ပင် ယခုကဲ့သို့ ထူးဆန်းသည့် ကိစ္စရပ်များအား အရင်က ဘယ်​သောအခါမှပင် မကြားဖူးခဲ့ပေ။
ရဲရှောင်သည် သူ၏ အသိစိတ်ပင်လယ်အတွင်းရှိ ထိုထူးခြားသည့် အလုံးလေးအား စူးစိုက်၍ ကြည့်လိုက်သည်။ ထိုအလုံးလေးအား အကြိမ်တစ်ရာတိုင်တိုင် တစ်စိမ့်စိမ့်ချင့်ချိန်ရင်း တွေးစလိုက်သော်လည်း ပဟေဠိ​ဖြစ်နေဆဲပါပင်။ သူ မတော်တဆ တွေ့မိခဲ့သည့် ထူးခြားသည့်အလုံးလေးသည် ကမ္ဘာမြေတုန်လှုပ်သွားအောင် အဖိုးထိုက်တန်သည့် ရတနာတစ်ခုပေလော။ ယခင်တုန်းက ထိုအလုံးလေးအကြောင်းအား အဘယ့်အတွက်ကြောင့် သူမသိခဲ့ပါလိမ့်။
ရဲရှောင်၏ မျက်လုံးများသည် ရုတ်တရက် အရောင်တစ်ချက် ဝင်းလက်သွားလေသည်။ ကောင်းကင်နှင့်မြေကြီးအား ခွဲထွက်သွားစေနိုင်သည့် ကြီးမားသော မိုးကြိုးကြီးတစ်ခု ပစ်ချလိုက်သည့်အတိုင်းပင် ဖြစ်သည်။ လျှပ်စီးတစ်ချက်လက်သွားသကဲ့သို့ အရာအားလုံးသည် အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုအချိန်မှာပင် ရဲရှောင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သူ၏ စိတ်အာရုံထဲတွင် ပေါ်လာသည့် အလင်း​ရောင် အလုံးလေးတစ်လုံးကြောင့် တုန်ရီသွား​လေသည်။
အလင်းရောင်သည် ကြီးသထက်ကြီးလာခဲ့သည်။ တဖြည်းဖြည်း အလင်းရောင်အားလုံး၏ မူလဖြစ်တည်ရာသည် ထိုအလုံးလေးမှ လာကြောင်း သူတွေ့လိုက်သည်။ သူ၏ အသိစိတ်ပင်လယ်အတွင်း နေမင်းကြီးထွက်ပေါ်လာသည်နှင့်ပင် တူနေပါသည်။
အလုံးလေးသည် လှည့်ပတ်နေပြီး ထိုအလုံးလေး၏ ရှေ့တွင် တောက်ပစွာဖြင့် ရွှေရောင်စာလုံးဆယ်လုံး ပေါ်လာသည်။ ထိုစာလုံးများသည် ရဲရှောင်၏ မျက်လုံးထဲတွင် ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီး အံ့ဩဖွယ်ရာ တစ်ခုအား သူမြင်တွေ့လိုက်ရသည်။
“ပြိုင်ဘက်ကင်း လောကနတ်ဘုရား နှင့် ရှေးဦး စကြာဝဠာ ဝိညာဉ်တော်”

Comment

Leave a Reply

Options

not work with dark mode
Reset