Chapter – 6
“မိုးကောင်းကင်မှ ခရမ်းရောင်ချီဓာတ်များ”
ဓားသည် ရဲရှောင်၏ မျက်နှာပေါ်သို့ ကျလုနီးပါးပင် ဖြစ်နေပါသည်။ ဓားမရောက်ခင် ဓားနှင့် လေထု ထိတွေ့မှုကြောင့် ထွက်ပေါ်လာသည့် လေဟပ်သံကိုပင် ခံစားလိုက်ရသည်။
သူ့အား သတ်ရန် ဓားမလိုအပ် ဓား၏ လေဟပ်သံဖြင့်ပင် လုံလောက်ပေသည်။
ရဲရှောင်တွင် မည်သည့်စွမ်းအားမျှ မကျန်ရှိတော့သော်လည်း သူ၏ အမြင်များသည် အားကောင်းနေပါသေးသည်။ ဖြစ်ပျက်နေသမျှ အရာအားလုံးအား ကြည်လင်ပြတ်သားစွာ မြင်နေရသည်။ ထိုတိုက်ကွက်အား ဓားကျင့်စဉ်တွင် တောင်ဖြိုရိုက်ချက်ဟုခေါ်သည်။ အကယ်၍ ထိုဓားဖြင့်သာ သူအခုတ်ခံရမည်ဆိုလျှင် သူ၏ခန္ဓာကိုယ်သည် မည်သည့်အရာမျှ အကောင်းတိုင်းရှိလိမ့်မည် မဟုတ်ပေ။
အရိုးများအားလုံးလည်း ကျူ ိးသွားနိုင်ပြီး တစ်စစီ ဆွဲဆုပ်ပစ်သကဲ့သို့ပင် ခံစားရပေလိမ့်မည်။
“မင်းကငါ့ကို အကြောင်းပြချက်မရှိဘဲ သတ်ချင်နေတယ်။ တစ်စစီတောင် ဆုတ်ဖြဲပစ်ချင်နေတဲ့ပုံပဲ”
ရဲရှောင် ဒေါသထွက်သွားသည်။ သူ အမှန်တကယ်ပင် ဒေါသအမျက်ချောင်းချောင်း ထွက်သွားခြင်းဖြစ်၏။
ထိုအချိန်တွင် ရဲရှောင်၏ ခန္ဓာကိုယ်ထဲတွင် ဆုံးရှုံးသွားသည့် စွမ်းအင်များ ပြန်လည် လှည့်ပတ်စီးဆင်းသွားသယောင် ခံစားလိုက်ရသည်။ ရဲရှောင်သည် သူ၏ အကျီလက်များအား ပင့်တင်လိုက်ပြီး အထူးတလည် မစဉ်းစားတော့ဘဲ ပြန်လည်တိုက်ခိုက်ရန်အတွက် ရယ်မောခြင်း ရှစ်ပါးတိုက်ကွက်အား သုံးရန် ပြင်ဆင်လိုက်သည်။ထိုတိုက်ကွက်အား အသုံးပြုရန် ပြင်ဆင်နေသည့်အချိန်တွင် သူစတင် ရယ်မောလိုက်သည်။
ထိုလှုပ်ရှားမှုသည် ရှောင်ဧကရာဇ်၏ ပြုမှုလှုပ်ရှားနေကြ ပုံစံပင် ဖြစ်သည်။
သို့သော် လှုပ်ရှားမှု ပြု ပြီးသည့်တိုင် ထိုတိုက်ကွက်အား သူမလုပ်ခဲ့နိုင်ပေ။
“သေလိုက်ပါတော့ကွာ။ ငါက အရင်ဘဝက ရှောင်ဧကရာဇ်မှ မဟုတ်တော့တာ။ ဘယ်လိုပဲ စွမ်းအားတွေကို ထုတ်ထုတ် ငါ့ခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့ ဝိညာဉ်တော်ချီဓာတ်တွေက ပြင်ပ အရင်းအမြစ်တွေပေါ်မှာ မှီခိုနေရသေးတယ်။ ဒီစွမ်းအင်တွေကို ငါလိုသလို မသုံးနိုင်ဘူး။ ငါခြွေတာဖို့လိုသေးတယ်။ ဒါပေမယ့် ဒီစွမ်းအင်ကို ငါအခု မသုံးသေးဘူးဆိုရင် ငါဘယ်လို ပြန်တိုက်ခိုက်ပြီး ဘယ်လိုခုခံကာကွယ်ရမလဲ”
သို့သော် နောက်ထပ်ဖြစ်ပျက်လာသည့် အရာများကြောင့် ရဲရှောင်ပင် အံ့ဩသွားရသည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ အဆုံးမရှိသည့် ပြင်းထန်သော စွမ်းအားများသည် အပြင်ဘက်သို့ အဆက်မပြတ် ပေါက်ကွဲထွက်လာပြီး ရပ်တန့်သွားမည့် လက္ခဏာပင် မရှိတော့ချေ။
စူးရှသော အသံနှင့်အတူ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လျက်ရှိသည်။ ထို့နောက် ခရမ်းရောင်အလင်းတန်းတစ်ခုဖြာထွက်လာပါသည်။
ထိုအချိန်တွင် ရဲရှောင်သည် သူ၏ ယခင်ဘဝမှ အကောင်းဆုံး အခြေအနေများအား ပြန်ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ရန်သူများအပေါ် မထီမဲ့မြင် ဆက်ဆံတတ်သည့် ရှောင်ဧကရာဇ်တစ်ယောက် ပြန်လည်နိုးထလာပြီလော။
ရဲရှောင်ထံသို့ ပြေးဝင်လာသည့် ရန်သူသည် သူ၏ ဓားဖြင့် ဆက်လက်ခုတ်ပစ်နိုင်စွမ်းပင် မရှိတော့ဘဲ ထပ်မံတိုက်ခိုက်နိုင်စွမ်းလည်းမရှိတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ရဲမောခြင်းရှစ်ပါး တိုက်ကွက်မှ ထွက်ပေါ်လာသည့် မမြင်နိုင်သည့် စွမ်းအားများကြောင့်ပင်ဖြစ်သည်။ ထိုပြင်းထန်သည့် စွမ်းအားများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသောအခါ သူ၏ လက်ထဲမှ ကိုင်ဆောင်ထားသည့်ဓားသည် တွန်းကန်ထွက်သွားပြီး တစ်ပတ်လည်ကာ ဦးခေါင်းဆီသို့ လွှင့်ပျံထွက်သွားပါသည်။
ဓား၏ တွန်းကန်သွားသည့် အရှိန်သည် ရန်သူ၏ မူလဓားခုတ်ချက်ထက်ပင် ပို၍ပြင်းထန်သောကြောင့် သူ့အနေဖြင့် ဟန်ချက်ပင် မထိန်းနိုင်တော့ချေ။
အထိနာသွား၍ ထိုသူ၏ မျက်နှာသည် ပျက်လျက်ရှိသည်။ သို့သော် သူသည်လည်း တိုက်ပွဲအတွေ့အကြုံရှိသူတစ်ဦးဖြစ်သောကြောင့် လျင်မြန်သော လှုပ်ရှားမှုများနှင့်အတူ သူ့ခေါင်းထံသို့ လွှင့်ပျံလာသည့် ဓားအား ခုခံရန်အတွက် ဟန်ချက်ပြန်ထိန်းလိုက်သည်။
“ရွှိ”
အနေအထားအား ဟန်ချက်ပြန်ပြင်လိုက်သည့်အတွက် သူ၏ ဦးခေါင်းအား ဓားရိုးဖြင့် ထိမှန်ရမည့်အစား လက်များကိုသာ ထိမှန်သွားပါသည်။ ထိုကဲ့သို့ ထိမှန်ရာတွင်လည်း ဓား၏ ချွန်မြသော ဘက်ခြမ်းဖြင့်မဟုတ်ဘဲ တုံးသောဘက်ခြမ်းဖြင့်သာ ထိမှန်သွားခြင်းပင်ဖြစ်သေည်။ ဓားလွှင့်ထွက်လာသည့် အရှိန်မှာ ပြင်းလွန်းလှသည့့််အတွက် ထိုတုံးသောဘက်ခြမ်းဖြင့် ထိမှန်ခြင်းသည်ပင်လျှင် သွေးများထွက်စေခဲ့ပါသည်။
ပြင်းထန်လှသည့် စွမ်းအားများကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ အဝေးသို့ လွှင့်ထွက်သွားပါသည်။
ဖုန်းကနဲ မြည်သံကြီးနှင့်အတူ နံရံပေါ်သို့ လွှင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပါသည်။ သူ၏ အရိုးများ ကျူ ိးသကဲ့ ဖြစ်သွားသော်လည်း ဘာမှမဖြစ်သကဲ့သို့ ဟန်ချက်ပြန်ထိန်းလိုက်သည်။
ရန်သူသည် ရဲရှောင်အား တောင်ဖြိုရိုက်ချက် တိုက်ကွက်ဖြင့် တိုက်ခိုက်ခဲ့သည်။ သို့သော် ထိုတိုက်ကွက်အား ရဲရှောင်မှ သူ၏ အကျီလက်ဖြင့် အသာယာပုတ်ထုတ်၍ ရယ်မောခြင်းရှစ်ပါး တိုက်ကွက်ဖြင့် ပြန်လည်ခုခံခဲ့သည်။ ထိုတိုက်ကွက်ကြောင့်ပင် ရဲရှောင်သည် ယခုကဲ့သို့ကြောက်မက်ဖွယ်ကာင်းသော အောင်မြင်မှုမျူ ိးရရှိခဲ့ခြင်းပင်ဖြစ်သည်။
“ကောင်းကင်သခင် . . . သူကဘယ်သူလဲ”
ကောင်းကင်သခင်၏ အနားသို့ ရောက်ရှိလာသည့် ရန်သူများသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် မေးလိုက်သည်။ သူတို့၏ အသံများသည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြသည်။
“သေလိုက်ပါတော့ကွာ။ ငါလုပ်ရမယ့် အလုပ်တစ်ခုက အောင်မြင်ခါနီး ဖြစ်နေပြီ။ ငါလှည့်ပြန်လာတဲ့ အချိန် လမ်းကြားထဲမှာ အဲ့ဒီကောင်နဲ့စတွေ့တော့တာပဲ။ သူနဲ့တွေ့တာ ငါ့အတွက် အိမ်မက်ဆိုး မက်ရသလိုပဲ။ ငါဘယ်လောက်တောင် ကံဆိုးလိုက်သလဲကွာ”
ရဲရှောင်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားသည် ယခင်ကထက်ပင် ပို၍ ပြင်းထန်လာပါသည်။ တိုက်ခိုက်မှုများပြီးဆုံးသွားသော်လည်း ထိုစွမ်းအားများသည် လျော့နည်းသွားခြင်းမရှိဘဲ ပြင်းထန်စွာ ထွက်ပေါ်လျက်ရှိသည်။ အချိန်မရွေးပေါက်ကွဲထွက်သွားတော့မည့်ပုံစံအလားပင်။
“ဟမ့်… ဒီလောက်နဲ့များ”
ရဲရှောင် မထီမဲ့မြင်ပုံစံမျိူးဖြင့် သူ၏လက်အား လေထဲသို့ ဆန့်ထုတ်လိုက်ပြီး စွမ်းအားများအား ထုတ်လွှတ်လိုက်သည်။ ထိုထုတ်လွှတ်လိုက်သည့် အသံသည် ဓားအိမ်မှ ဓားအား ဆွဲချွတ်လိုက်သည့် အသံနှင့်ပင် တူနေပါတော့သည်။ ရဲရှောင်သည် သူနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် ပုံသဏ္ဍာန်တစ်ခုအား ပြုလုပ်လိုက်သည်။ သူသည် လေထုထဲတွင် ဓားတစ်ချောင်း၏ ပုံရိပ်အား မျက်လှည့်ပြသကဲ့သို့ ဖန်တီးလိိုက်သည်။
ဝိညာဥ်တော်ချီဓာတ်များသည် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။ ထိုကဲ့သို့ ချီဓာတ်များအား ပြောင်းလဲနိိုင်စွမ်း ရှိခြင်းကြောင့်အရာအားလုံးသည် သူ၏ လက်နက်ကဲ့သို့ ဖြစ်လာပေလိမ့်မည်။
ရှောင်ဧကရာဇ်သည် ရယ်မောခြင်းကောင်းကင် တိုက်ကွက်နှင့်အတူ လှုပ်ရှားလိုက်သည်။
ထိုတိုက်ကွက်သည် ရန်သူများ၏ အသက်များအား နှုတ်ယူပစ်နိုင်ပြီး သေဆုံးပြီးနောက်မှာပင် ဝိညာဥ်များအား အလွတ်မပေးဘဲ ဒုက္ခရောက်စေနိုင်သည်။
“ဟင်… ဘယ်လိုတိုက်ကွက်မျိုးလဲ။ လေထဲကနေတောင် ဓားတစ်ချောင်းပုံ ဖြစ်အောင် ဖန်တီးနိုင်တယ်။ အဓိပ္ပါယ်မရှိလိုက်တာကွာ”
ရန်သူများသည် အံ့ဩခြင်းနှင့်အတူ ကြောက်ရွံ့ထိတ်လန့်မှုများကြောင့် အော်ဟစ်လိုက်ကြပြီး တစ်ပြိုင်နက်တည်းပင် သူတို့၏ ခြေလှမ်းများအား နောက်သို့ဆုတ်လိုက်ကြသည်။ သူတို့အနေဖြင့် ရဲရှောင်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် အဆင့်မမီသေးကြောင်းရှင်းရှင်းလင်းလင်း သိလိုက်သည်။ ထို့ကြောင့်သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အသက်ရှင်နိုင်ရန်အတွက် ထွက်ပြေးခြင်းပင် ဖြစ်သည်။
သို့သော် နောက်ကျသွားချေပြီ။
ရဲရှောင်၏ မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ရှေ့သို့တစ်လှမ်းတိုးလိုက်ရင်း သူဖန်တီးထားသည့် ဓားအား ရန်သူများဆီသို့ ပစ်လွှတ်လိုက်သည်။
ခရမ်းရောင်ချီဓာတ်စွမ်းအင်လုံးကြီးသည် ရုတ်တရက်ပေါ်ထွက်လာပြီးနောက် ပေါက်ကွဲထွက်သွားလေသည်။ ထိုစွမ်းအင်လုံးကြီး ပေါက်ကွဲထွက်သွားပုံသည် ညဘက်တွင် ကောင်းကင်ယံ၌ အလွန်လှပသော ခရမ်းရောင်မီးရှုးမီးပန်းများ ပေါက်ကွဲဖြာထွက်သွားသည့်ပုံစံနှင့်ပင် တူနေပါသည်။
“အား”
နာကျင်မှုကြောင့် ညည်းညူနေသည့်အသံများသည် ပဲ့တင်ထပ်လျက်ရှိသည်။ ဓားသည် ရန်သူတစ်ဦးထံသို့ အရင်ဆုံး ပစ်ဝင်သွားပြီး ထိုသူ၏နောက်တွင် ရှိသည့် ကျန်နှစ်ဦး၏ လည်ပင်းများကိုပင် ထိမှန် ပြတ်ရှသွားစေသည်။ ထို့နောက် မျက်လုံးများပြူးထွက်ကာ အားတင်းလျက် ဒဏ်ရာများအား ဖိထားရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားပါသည်။
ဓားတစ်ချက်တည်းဖြင့် ရန်သူသုံးယောက်အား သတ်လိုက်ပေပြီ။
ကောင်းကင်ပေါ်တွင် ဘာဆိုဘာမှ မရှိတော့ပေ။ ခရမ်းရောင်ချီဓာတ်များလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
ရဲရှောင်နှင့်အဝေးဆုံးတွင် မတ်တပ်ရပ်နေသော ရန်သူတို့၏ ခေါင်းဆောင်ဖြစ်သူသည် တိုက်ပွဲအခြေအနေအား ရှင်းရှင်းလင်းလင်းပင် မြင်တွေ့နေရသည်။ အုပ်စုထဲမှ အသက်ရှင်ကျန်ရစ်ခဲ့သူသည် ကြောက်ရွံ့စိတ်ဖြင့် ထွက်ပြေးရန် ကြိုးစားလေသည်။ သို့သော် သူ၏ ရင်ဘတ်တွင် အကြီးအကျယ် ဒဏ်ရာရရှိထားသည့်အတွက် ထွက်ပြေးရန် ကြိုးပမ်းမှုမှာ အချည်းနှီးပင်။ သူ၏ မျက်လုံးများတွင်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေသည်။ သူသည် ရဲရှောင်အား တုန်လှုပ်ခြောက်ခြားစွာဖြင့် ကြည့်လိုက်ရင်း-
“မင်း… မင်းက တကယ် နင်ဘီလျု။ မင်း အတင့်ရဲလှချည်လား။ ငါတို့ကို ဆန့်ကျင်ပြီး တိုက်ခိုက်ရဲတယ်။ မင်းက ကမ္ဘာပေါ်မှာ နံပါတ်၁ လုပ်ကြံသတ်ဖြတ်သူ ဖြစ်နေခဲ့ရင်တောင် ငါတို့ရဲ့ သခင်ကြီးက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး”
ရဲရှောင် ပဟေဠိတစ်ခုကဲ့သို့ စဥ်းစားရကြပ်သွားရင်း-
“နင်ဘီလျု … သူကဘယ်သူလဲ။ နံပါတ်၁ လုပ်ကြံသတ်ဖြတ်သူတဲ့လား။ ဒီမော်တယ်ကမ္ဘာမှာ လက်ရွေးစင် ပညာရှင်တစ်ယောက် တကယ်ရှိနေတာပဲ”
“နောက်ပြီး သခင်ကြီးတဲ့။ ဘာသခင်ကြီးလဲ။ သူကရောဘယ်သူလဲ”
ခုရှုပ်မှနောင်ရှင်းဆိုသည့်အတိုင်း နောင်တစ်ချိန်တွင် မလိုလားအပ်သည့် ပြသာနာများ မဖြစ်ပေါ်စေရန် ထိုသူအား အပြတ်ရှင်းရန်အတွက် ရဲရှောင် သူ၏ စွမ်းအင်များအား နောက်တစ်ကြိမ် ထုတ်လိုက်သောအခါ များပြား ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများသည် ဒီရေကျသွားသည့်အလား လျင်မြန်စွာဖြင့်ပင် ငြိမ်သက်လျော့ကျသွားသည်။ သူ၏ အသွေးထဲ အသားထဲရှိ ပြင်းထန်လှသော စွမ်းအင်လှိုင်းများသည် ပေါက်ကွဲနေရာမှ ရေများစီးဆင်းသွန်ကျသွားသကဲ့သို့ ဘာမှ မကျန်ရှိဘဲ ဗလာနတ္ထိဖြစ်သွားလေသည်။ အဘယ့်ကြောင့်ဆိုသော် မှော်ကျောက်ဖရုံအမှုန့်များ၏ အာနိသင်သည် ပျက်ပျယ်ကုန်ဆုံးသွားသောကြောင့်ပင်ဖြစ်၏။
ရဲရှောင် အမှန်တကယ် ပိုင်ဆိုင်ခြင်း မရှိသေးသည့် ချီဓာတ်များသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ကြာရှည်စွာ တည်ရှိနိုင်မည်မဟုတ်ပေ။
ချီဓာတ်၏ အထောက်အပံ့ မရှိတော့သည့်အတွက် သူ၏ လက်ထဲမှ ဓားပုံရိပ်သည်လည်း ပျောက်ကွယ်သွားလေသည်။ ရဲရှောင်သည် အထက်စီးဆန်သည့် လေသံမျိုးဖြင့် –
“အဟက်… မင်းတို့လူမှားနေပြီ။ ငါက မင်းတို့ထင်နေတဲ့သူ မဟုတ်ဘူး”
ရှောင်ဧကရာဇ်သည် ကမ္ဘာအနှံ့ခြေဆန့်သွားလာနေသည့် ပညာရှင်ကြီးတစ်ဦးဖြစ်သည်နှင့်အညီ အမှား အမှန် ဝေဖန်ပိုင်းခြားနိုင်သူ တစ်ဦးဖြစ်သည်။ သူသည် အခြားသူများအပေါ် လွယ်လွယ်ကူကူ အပြစ်မတင်တတ်ပေ။
သို့သော် နင်ဘီလျု မဟုတ်ကြောင်း ငြင်းသော်လည်း ထိုလူမှာမူ ရဲရှောင်အား နင်ဘီလျုဟုပင် ယုံကြည်နေလေသည်။
သူ့ထံတွင် တောင်ကြီးတစ်ခုကဲ့သို့ ကြံ့ခိုင်မာကျောသည့် ပညာရှင်တစ်ဦး၏ ဟန်ပန်အမူအယာများနှင့် တိုက်ခိုက်ရေးစွမ်းရည်များ ရှိနေသည်။ အကယ်၍ သူသည် နံပါတ်၁ လုပ်ကြံသတ်ဖြတ်သူမဟုတ်လျှင် အဘယ်သူဖြစ်နိုင်ပါမည်နည်း။
ရန်သူသည် မကျေနပ်သည့် လေသံဖြင့် –
“နင်ဘီလျု… ငါတို့နောက်တစ်ခေါက်ဆုံဖို့ အခွင့်ရေးရှိလာဦးမှာပါ။ မင်းစောင့်နေ”
သူသည် နောက်ကျွမ်းတစ်ချက်ထိုးလိုက်ကာ မယုံကြည်နိုင်လောက်ဖွယ် လျင်မြန်မှုနှုန်းဖြင့် အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပါတော့သည်။
ရဲရှောင် သူ့အား နောက်တစ်ကြိမ် မတိုက်ခိုက်လိုက်သည်မှာ ကံကောင်းသည်ဟု တွေးနေမိသည်။ မျက်နှာအား ဖုံးအုပ်ထားသည့် ထိုရန်သူသည် ချွေးစေးများပင် ထွက်နေသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ရွှဲနစ်လျက်ရှိသည်။ အသက်ရှင်လျက် လွတ်မြောက်လာသည်ကို မယုံနိုင်ဖြစ်လျက်ရှိ၏။
စစ်သည်တော်များ၏ အသံများသည် နီးသထက်နီးလာသည်။
“ငါဒီမှာ ကြာကြာဆက်နေလို့ မဖြစ်တော့ဘူး”
လျို့ဝှက်စွာထွက်ခွာသွားသော ရဲရှောင်အား မည်သူကမျှ သတိမထားမိကြပေ။
“သူတို့တွေ ငါ့ကိုမတိုက်ခိုက်ကြဘူး။ ငါလွတ်မြောက်လာပြီ”
လွတ်မြောက်သွားသည့် ရန်သူသည် အုပ်စုထဲတွင် စွမ်းအားအကြီးဆုံး ဖြစ်လိမ့်မည်ဟု ရဲရှောင်ခန့်မှန်းမိသည်။ အကယ်၍ ရဲရှောင်အား တိုက်ခိုက်ရန်အတွက် သူ့ထံတွင် လုံလောက်သော ရဲရင့်မှုများရှိမည်ဆိုပါက ရဲရှောင်အတွက်လည်း မလွယ်ကူနိုင်မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ရဲရှောင်တွင် စွမ်းအားများ လျော့နည်းသွားသောကြောင့် ဖြစ်သည်။
အနည်းငယ်သာကျန်ရှိသည့် သူ၏စွမ်းအားများသည် ပျောက်ကွယ်မသွားခဲ့လျှင်တောင်မှ ထိုသူအား တိုက်ခိုက်ရန် မလုံလောက် ရွှေ့လျားရန်အတွက်သာ လုံလောက်ပေလိမ့်မည်။ ရဲရှောင်သည် တစ္ဆေတစ်ကောင်ကဲ့သို့ လမ်းကြားထဲမှ တစ်ခဏချင်းအတွင်းပင် ပျောက်ကွယ်သွားသည်။
ထိုလှုပ်ရှားမှုအား ကောင်းကင်ထက်မှရယ်မောခြင်းဟုခေါ်တွင်ပြီး သူယခင်ရှောင်ဧကရာဇ်ဖြစ်ခဲ့စဥ်က အသုံးပြုခဲ့ခြင်းဖြစ်သည်။
ရဲရှောင်သည် တစ်ချက်ရွေ့လျားရုံဖြင့်ပင် မီတာ ၁၀၀ ကျော်ကျော်ခန့်အထိရောက်သွားကာ မြေပြင်ပေါ်သို့ လေးလံစွာ ကျသွားသည်။ ရုတ်တရက်ရရှိခဲ့သည့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များအား ယခုအခါတွင် အပြည့်အဝ သုံးလိုက်ပြီဖြစ်သည်။
သူ့ဘဝ၏ အကောင်းဆုံးအနေအထားဖြစ်ခဲ့သည့် ရှောင်ဧကရာဇ်ဘဝတွင် ကောင်းကင်ထက်မှရယ်မောခြင်း တိုက်ကွက်အား စွမ်းအားအပြည့်ဖြင့် အသုံးပြု၍ မိုင်ပေါင်းဒါဇင်ချီအောင် သွားနိုင်ခဲ့သော်လည်း အခုအခါတွင်မူ မီတာ ၁၀၀ ကျော်ကျော်ခန့်သာ သွားနိုင်တော့ပေသည်။ ယခင်ဘဝနှင့် ယခုဘဝသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှပေသည်။
ရဲရှောင်အနေဖြင့် စိတ်မသက်သာဖွယ်ရာအခြေအနေအား သက်ပြင်းချလိုက်မိသော်လည်း တိုက်ပွဲအလယ်မှ လွတ်မြောက်လာသည့်အတွက် ကျေနပ်မိလျက်ရှိသည်။ သိုင်းပညာရှင်ထိပ်သီးတစ်ယောက်အနေဖြင့် ထိုကဲ့သို့ အကွာအဝေး တိုတိုလေးသာလျှင် သွားနိုင်တော့သည့် အကြောင်းအား နားလည်သဘောပေါက်လိုက်သည်။ သူ၏ ကောင်းကင်ထက်မှ ရယ်မောခြင်းတိုက်ကွက်သည် ကျေနပ်ဖွယ်ရာ မရှိသေးပေ အဘယ့်ကြောင့်ဆိုသော် သူ၏ ကိုယ်တွင်းစွမ်းအားများသည် အားနည်းနေသေးပြီး ဝိညာဥ်တော်ချီဓာတ်သည်လည်း အလုံအလောက်မရှိသေးသောကြောင့်ပင် ဖြစ်သည်။ ထိုအချက်များအားလုံး ပေါင်းစပ်လိုက်သောအခါ သူ၏ရွှေ့လျားမှုအကွာအဝေးသည် ကျေနပ်ဖွယ်မရှိသည်မှာ အံ့ဩစရာတော့မရှိပေ။
တစ်ချက်ရွှေ့လျားရုံဖြင့် နတ်ဘုရားတစ်ပါးကဲ့သို့ မီတာ ၁၀၀ ကျော်သွားနိုင်သည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။ အကယ်၍ ထိုအခြင်းအရာအား အခြားသူများ မြင်တွေ့မိပါက အံ့ဩတုန်လှုပ်လွန်း၍ သူတို့၏ မေးရိုးများ ကြမ်းပြင်ပေါ် ပြုတ်ကျသွားလောက်သည်အထိ ပါးစပ်အဟောင်းသား ဖြစ်နေပေလိမ့်မည်။
ရဲရှောင် သတိမပြုမိသည့်အချက်မှာ ယောက်ယက်ခတ်နေသည့် အမတ်ကြီးဇူကိုသာမက ရုတ်ရုတ်သဲသဲဖြင့် ပျာယာခတ်နေသည့် မြို့တစ်မြို့လုံးကိုပင်ဖြစ်သည်။
လူများသည် အော်ဟစ်နေကြပြီး မြင်းများသည်လည်း ကြောက်ရွံ့မှုကြောင့် ဟီသံများပေးနေကြသည်။ မရေတွက်နိုင်သည့် စစ်သည်တော်များသည် လမ်းမပေါ်သို့ ပြေးထွက်လာကြပြီး လွတ်မြောက်သွားသော ရန်သူများအား ရှာဖွေလျက်ရှိသည်။
“ရန်သူတွေကို ဖမ်းကြဟေ့”
“သူတို့ကို လွတ်မသွားစေနဲ့”
“ဂရုစိုက်ပြီးရှာကြ။ သံသယရှိတဲ့သူမှန်သမျှကို မလွတ်စေနဲ့”
အေးချမ်းငြိမ်သက်နေသော မြို့စွန်လေးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။ ထိုအခြေအနေသည် တည်ငြိမ်နေသော ကန်ရေပြင်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ကျသွားသည့်အတွက် လှိုင်းဂယက်များ ထသွားသည်နှင့်ပင် တူနေပါသည်။ တစ်မြို့လုံး ဖရိုဖရဲဖြစ်ခဲ့ရသည်။ အခြေအနေများသည် ပိုပို၍ ဆိုးရွားလာနေလေပြီ။
ရဲရှောင်၏ ခန္ဓာကိုယ်တွင်းရှိ ချီဓာတ်များသည် လျော့နည်းသွားသော်လည်း သူ၏ ခြေထောက်များအား ရွေ့လျားရန်အတွက် အားအနည်းငယ်တော့ ရှိနေပါသေးသည်။ ထိုကျန်ရှိနေသော အားအနည်းငယ်သည် သူ့အတွက် လမ်းပေါ်တွင် လမ်းလျှောက်ရုံအတွက်မျှသာ လုံလောက်ပေသည်။ ရဲရှောင်သည် ခြေကုန်လက်ပမ်းကျ ပင်ပန်းနွမ်းနေပြီဖြစ်၍ သူ၏ လက်ချောင်းများကိုပင် လှုပ်ရှားချင်စိတ် မရှိတော့ပေ။
လွတ်မြောက်သွားသော ရန်သူများအား ပိုက်စိပ်တိုက်ရှာနေကြသည့် စစ်သည်တော်များသည် မသင်္ကာစရာကောင်းသည့် လူများအား စစ်ဆေးမေးမြန်းလျှက်ရှိသည်။ သို့သော် ထိုစစ်သည်တော်များသည် ရဲရှောင်အား တွေ့မြင်နေရသော်လည်း သူ့အား စစ်ဆေးမေးမြန်းရန်ပင် အာရုံမရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် မြို့ထဲရှိ လူအားလုံးသည် ရဲရှောင်အား မြောက်ပိုင်းစစ်သူကြီး၏ လူပေါ်ကျော့ သားတစ်ယောက်ဟုပင် လက်ခံထားကြသောကြောင့်ဖြစ်သည်။ သူတို့သည် ရဲရှောင်အား တွေ့လိုက်ရသောအခါ မိန်းမများနှင့် ပျော်ပါးသောက်စားလာပြီး အိမ်ပြန်လာသည်ဟုပင် ထင်ကြသည်။ သူ့အား မည်သူမျှ အရေးတယူ အဖတ်မလုပ်ကြပေ။
စစ်သည်တော်များအနေဖြင့်လည်း သခင်လေးသုံးပါးထဲမှ တစ်ပါးသည် တိုက်ပွဲတွင် ပါဝင်ပက်သက်ခြင်း ရှိလိမ့်မည် မဟုတ်ဟု လက်ခံထားကြပေသည်။
ရှောင်ဧကရာဇ်သည် အိမ်တံခါးဝရှေ့သို့ ရောက်သွားသောအခါ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သော အသံတစ်ခုအား ကြားလိုက်ရလေသည်။
“နင် ဘယ်တွေသွားနေတာလဲ။ ဒီလိုအန္တရာယ်များတဲ့ အချိန်မျိုးမှာတောင် နင်က အပြင်မှာ အကြာကြီးနေနေတယ်။ နင့်ကိုငါ သေအောင်ရိုက်သတ်ပစ်မယ်။ လာခဲ့စမ်း”
ထိုအသံသည် ဒေါသသံများဖြင့် ပြည့်နှက်နေသော်လည်း အလွန်တရာမှပင် နူးညံ့သိမ့်မွေ့ပြီး ချိုသာမှုများဖြင့် ရောပြွန်းနေသည့် အသံပင်ဖြစ်သည်။ ထိုအသံသည် မိန်းကလေးတစ်ယောက်၏ အသံပင်ဖြစ်၏။
ရဲရှောင် အသံလာရာဆီသို့ ကြည့်လိုက်သောအခါ အိမ်အတွင်းရှိ မီးအိမ်အောက်တွင် အလွန်လှပသော မိန်းကလေးနှစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရှေ့မှ မတ်တပ်ရပ်နေသော မိန်းကလေးသည် သူ့အား နှုတ်ခမ်းစူပုတ်ကာ စိုက်ကြည့်နေလေသည်။ ထိုကဲ့သို့ ဒေါသထွက်သည့် အကြည့်ဖြင့် ကြည့်နေသည့် ပုံစံကပင် ဆွဲဆောင်မှုအပြည့်ဖြင့် ချစ်စဖွယ်ကောင်းနေပြီး စွဲမက်ဖွယ်ကောင်းလောက်အောင် ဖြစ်နေပေသည်။
တံခါးဘေးမှ အစောင့်သည် ရဲရှောင်အား တွေ့လိုက်ရသောအခါ ပျာပျာသလဲလဲ အမူအယာဖြင့် –
“သခင်လေး… သခင်လေးနဲ့ တွေ့ဖို့ မင်းသမီးရောက်နေပါတယ်”
ရုတ်တရက် ရဲရှောင် ခေါင်းမီးတောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှေ့မှရပ်နေသော မိန်းကလေးသည် သူနှင့်စေ့စပ်ထားသော မိန်းကလေးဖြစ်ပြီး ယခုဘဝဖခင်မှ ရွေးချယ်ပေးထားခြင်းဖြစ်ကြောင်း သူ၏ မှတ်ဥာဏ်များအရ မှတ်မိလိုက်သည်။ သူမသည် မင်းသား ဟွားယန်၏ သမီးဖြစ်ပြီး မင်းသမီးလေး ယဲ့ယွဲ့ (စုယဲ့ယွဲ့) အဖြစ် လူသိများလေသည်။
“အမ် . . . မိန်းကလေးဖြစ်ပြီး နူးနူးညံ့ညံ့ကို မရှိဘူး။ ငါ့ကို မြင်တာနဲ့ ခြင်္သေ့မလေးတစ်ကောင်လို ဟိန်းဟောက်နေတော့တာပဲ။ ဘာတွေဆက်ဖြစ်ဦးမှာလဲ”
ရဲရှောင် ဘာမှ မပြောရသေးခင်မှာပင် သူ၏နားရွက်အား နူးညံ့ပြီး သေးသွယ်သော လက်ချောင်းလေးများက ဆွဲစောင့်လိုက်လေသည်။
“နင်ဒီမှာ ဘာလို့ရှိမနေတာလဲ”
သူမ၏ ဘေးတွင်ရှိသော အမျိုးသမီးအစေခံများသည် သူတို့၏ ပါးစပ်များအား လက်ဖြင့်အုပ်ရင်း တခစ်ခစ်ရယ်မောလိုက်ကြသည်။ ရဲရှောင်သည် မိန်းမလှလေး၏ နားရွက်ဆွဲခြင်းကို ခံရပြီး ယက်ကန်ယက်ကန်ဖြင့် ပါသွားလေသည်။
“အ…အ… ဖြည်းဖြည်းလုပ်ပါဟ”
ရဲရှောင်သည် မျက်နှာအား ရှုံ့မဲ့ကာ ပြောလိုက်သည်။ သူ၏ စွမ်းအားများအားလုံးအား မကြာမီသေးကပင် အသုံးပြုထားရသောကြောင့် ခြေကုန်လက်ပမ်းကျကာ သူ၏ ခန္ဓာကိုယ်သည်လည်း အားနည်းနေလျက်ရှိသည်။ သူ့အနေဖြင့် နားရွက်အဆွဲခံရသည်ကိုပင် မခံချင်တော့ပေ။
“ပြောစမ်း … နင်ဘယ်တွေကိုသွားနေတာလဲ။ ကောင်စုတ်”
ယဲ့ယွဲ့သည် သူ့အရှေ့တွင်ရှိသည့် ရဲရှောင်အား ရန်လိုနေသော ကျားမလေးတစ်ကောင်ကဲ့သို့ ဒေါသထွက်နေသောအကြည့်များဖြင့် ကြည့်လိုက်သည်။
ရဲရှောင် သူမ၏ အလှအား မီးရောင်အောက်တွင် ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသည်။ သူမ၏ မျက်နှာသည် အလွန်လှပသော ပန်းလေးတစ်ပွင့်နှင့် တူပေသည်။ စင်ရော်တောင်ကဲ့သို့ ကွေးညွှတ်သော မျက်ခုံးများအား ပိုင်ဆိုင်ထားပြီး မျက်ဝန်းများသည် အရည်တလက်လက်ဖြင့် ရွှန်းလဲ့ တောက်ပလျက်ရှိသည်။ ထို့ပြင် သူမ၏ နှာတံသည် ဖြောင့်စင်းလျက်ရှိပြီး ဖူးငုံအိစက်နေသော နှုတ်ခမ်းများသည်လည်း မကြာမီပွင့်တော့မည့် ချယ်ရီပန်းတစ်ပွင့်နှင့်ပင် တူနေပေသည်။ သူမ၏ ဦးခေါင်းမှ ဆံပင်အနည်းငယ်အား ကပိုကရိုချထားသည့်ပုံမှာ ကဗျာများ နှင့် ပန်းချီကားများထဲမှ အလှကဲ့သို့ပင်။
ရဲရှောင်အား ရန်လိုသော အကြည့်ဖြင့် ကြည့်နေတာတောင်မှပင် သူမသည် မူးမေ့သတိလစ်သွားအောင်ထိ လှနေတုန်းပင်ဖြစ်သည်။ သူမ၏ အလှသည် သန်းပေါင်းများစွာထဲမှ တစ်ယောက်ကဲ့သို့ ရှားမှရှားပင်။ သူ့အလှအား မြင်တွေ့ရသူတိုင်းအဖို့ အသိလက်လွတ်ဖြစ်ကာ အသက်ရှုသံများပင် ရပ်တန့်သွားစေမှာ ဖြစ်ပါတော့သည်။