Chapter – 5
“ရတနာရှိရာ ရန်သူလာ”
ရဲရှောင်လန့်ဆီမှရွှေစ ၅၀၀ ယူပြီးနောက်အမတ်ကြီး ဇူရှန်ဖူ၏ အိမ်နားရှိ လမ်းကြားသို့ အပြေးအလွှားသွားလိုက်သည်။
သူလမ်းတစ်ဝက်ရောက်သည့်အချိန်တွင်နေမင်းကြီးပင်ဝင်သွားချေပြီ။ မကြာမီ အမှောင်ထုသည်လျင်မြန်စွာ ကြီးစိုးသွားသည်။
ရဲရှောင်ရပ်နေသည့်နေရာသည်အမတ်ကြီး ဇူရှန်ဖူ၏ အိမ်နှင့်သိပ်မဝေးတော့ပေ။ ရဲရှောင်အလွန်အမင်း စိတ်ကျေနပ်သည့်ပုံစံဖြင့်ပြုံးလိုက်ပြီး ချိန်းဆိုထားသည့်လမ်းကြားသို့ မြန်မြန်ရောက်စေရန်အတွက်ဖြတ်လမ်းမှ သွားလိုက်သည်။ သို့သော်သူရောက်ရှိသွားသည့်အချိန်တွင်ကြောက်မက်ဖွယ်ကောင်းသည့်စိတ်ခံစားမှု တစ်မျိူး ခံစားရလိုက်သည်။
“အမ်”
ရဲရှောင်ရုတ်တရက်သူ့ခြေလှမ်းများအား ရပ်တန့်လိုက်ပြီး အန္တရာယ်အငွေ့အသက်တစ်ခုအား ခံစားလိုက်ရသည်။
မရေမတွက်နိုင်အောင်များပြားလှသည့်အသေအကြေတိုက်ပွဲများ၊ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း နှင့်သူဖြတ်သန်းခဲ့ရသည့်အတွေ့အကြုံများကြောင့်အန္တရာယ်အငွေ့အသက်များအား ကြိုသိနေခြင်းပင်ဖြစ်သည်။
ထိုစိတ်စွမ်းအင်သည်ယခင်ဘဝတစ်လျှောက်လုံး ကြုံတွေဖြတ်သန်းခဲ့ရသည့်တိုက်ပွဲအတွေ့အကြုံများကြောင့်ပိုမိုတိုးတက်လာသည်ဟု အကြွင်းမဲ့ယုံကြည်နေမိသည်။
အလွန်အမင်း အန္တရာယ်ကြီးသည့်အခြေအနေမျိုး ဖြစ်နေ၍သာ ထိုစိတ်စွမ်းအင်သည်မိမိအား လှုံ့ဆော်၍ သတိပေးလိုက်ခြင်း ဖြစ်ကြောင်း ရဲရှောင်သဘောပေါက်လိုက်သည်။
စွမ်းအားကြီး ပညာရှင်များ၏ စွမ်းအင်လှိုင်းများ သူ့ထံသို့ ဦးတည်လာနေခြင်းဖြစ်ကြောင်း အာရုံရလိုက်သည်။
ထိုစွမ်းအင်လှိုင်းများနှင့်အနီးဆုံးနေရာသို့ ရဲရှောင်ရောက်ရှိနေခြင်းပင်ဖြစ်သည်။
“သူတို့ ငါ့ဆီလာကြတာလား”
ရဲရှောင်မျက်မှောင်ကြုတ်လိုက်ရင်း –
“မဖြစ်နိုင်ပါဘူး . . . ငါ့လို ဘာမဟုတ်တဲ့ကောင်အတွက်သူတို့ ဒီလောက်လူအင်အားသုံးမှာမဟုတ်ဘူး။ ငါ့အတွက် သူတို့ အဲ့ဒီလောက်ထိ စဉ်းစားနေမှာ မဟုတ်ဘူး”
ချိန်းဆိုထားသည့်နေရာသို့ခြေလှမ်းခပ်ကြဲကြဲလှမ်းလိုက်ရင်း ရဲရှောင်ခပ်သုတ်သုတ်သွားလိုက်သည်။ ရဲရှောင်ရောက်သွားသောအခါ တတွတ်တွတ်ရေရွတ်နေသည့်အသံအားကြားလိုက်ရသည်။
“ရဲရှောင်လာပါ့မလား။ ဒါမှမဟုတ်သူမလာဘူးလား။ သူငါ့ကိုတော့ မလှည့်စားလောက်ပါဘူး”
ထိုအသံသည်ဇူဝူကျီ၏ အသံပင်ဖြစ်သည်။
အစောကြီးကတည်းကပင်သူရောက်နှင့်နေပြီး ရဲရှောင်အား စိတ်မရှည်လက်မရှည်ဖြင့်စောင့်စားနေလေသည်။
ယခုကဲ့သို့ ဇူဝူကျီကြိုတင်ရောက်ရှိနေခြင်းအား ရဲရှောင်အနေဖြင့်ပို၍ သံသယဝင်မိ၏။
“အဟား . . . မင်း . . . ”
ရဲရှောင်အားတွေ့လိုက်ရသောအခါ ဝမ်းသာအားရဖြင့်အော်လိုက်ပြီး ရဲရှောင်ထံသို့ပေါ့ပါးသွက်လတ်သည့်ခြေလှမ်းများဖြင့်ဇူဝူကျီသွားလိုက်သည်။
“ရှူးးး”
ရဲရှောင်ဇူဝူကျီ၏ ပါးစပ်အား အလျင်အမြန်ပိတ်လိုက်ရင်း –
“မင်း ပစ္စည်းယူခဲ့လား”
ပါးစပ်အားလက်ဖြင့်အုပ်ရင်း ဇူဝူကျီခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်သူ့အနောက်မှ ဖွက်၍ယူလာသည့်အထုတ်အား ရဲရှောင်ထံသို့ပေးလိုက်သည်။
ထိုအထုတ်အား ဖွင့်ကြည့်စရာမလိုအောင်ပင်မှော်ကျောက်ဖရုံမှန်း ရဲရှောင်သိလိုက်သည်။
မှော်ကျောက်ဖရုံအား လွယ်လွယ်ကူကူဖြင့်ပင်ဇူဝူကျီ ခိုးလာခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့်ခိုးလေ့ခိုးထရှိသည့်သူခိုးတစ်ယောက်ကဲ့သို့ပင်တူနေပါတော့သည်။
“ရော့ . . . ဒီမှာရွှေစ ၇၅၀။ ငါ့ကိုပြန်ဆပ်ဖို့မမေ့နဲ့ဦး”
ရဲရှောင်ရွှေစနှင့်မှော်ကျောက်ဖရုံအထုတ်အား လဲလှယ်လိုက်သည်။ သူ၏ ရည်ရွယ်ချက်များအောင်မြင်ပြီးမြောက်သွားသလို ခံစားလိုက်ရ၏။
“ကျေးဇူးတင်လိုက်တာကွာ”
ဇူဝူကျီ ငိုသံပါကြီးဖြင့်-
“သူငယ်ချင်း . . . ငါ့အပေါ် တကယ်ကောင်းတဲ့ သူငယ်ချင်းကြီး။ ခုချိန်ကစပြီး မင်းကငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းဖြစ်သွားပြီ။ ငါ . . . ငါ . . .”
ဇူဝူကျီ စိတ်လှုပ်ရှားလွန်း၍ စကားများထစ်အကုန်သည်။
သူ၏ အဖေအားကျောက်စိမ်းတောင်ဝှေး ပြန်ပေးနိုင်မည့်အကြောင်း စဉ်းစားနေမိလေသည်။ သူ့ဂုဏ်သိက္ခာအား ပြန်လည်အဖတ်ဆယ်နိုင်မည်ဖြစ်၍ သူ့အား သဲအိတ်တစ်အိတ်ကဲ့သို့ ထိုးနှက်ဆူပူနေတတ်သည့်သူ့အဖိုး နှင့်အဖေတို့၏ အပြစ်တင်ခံဘဝမှလည်း လွတ်မြောက်နိုင်ပေမည်။ ဇူဝူကျီ စဉ်းစားရင်း အလွန်အမင်း စိတ်လှုပ်ရှားဟန်ဖြင့်-
“မင်းက ငါ့ရဲ့ တကယ့်ကျေးဇူးရှင်ကြီးပါပဲကွာ”
“အိုးးး . . . ဘုရားကိုကျေးဇူးတင်လိုက်တာ။ ဒီနယ်မြေ မှာ နံပါတ်၁ လူဆိုးလို့ အခေါ်ခံနေရတဲ့ ဘဝကနေ မကြာခင်လွတ်မြောက်တော့မယ်။ အရင်ရက်တွေတုန်းက ငါဘယ်လောက်ထိ စိတ်ဖိစီးမှုတွေ များခဲ့လဲဆိုတာ ဘုရားအသိဆုံးပဲလေ”
ဇူဝူကျီတွေးလိုက်သည်။
“ကဲ . . . ဟုတ်ပြီ။ အခုမင်း မြန်မြန်ပြန်တော့။နောက်နေ့တွေအတွက်ကျေးဇူးတင်ဖို့ ချန်ထားလိုက်ဦး”
ယခုအချိန်တွင်မှော်ကျောက်ဖရုံအား ရဲရှောင်ရရှိခဲ့လေပြီ။ ရဲရှောင်အနေဖြင့်ယခုနေရာတွင်တစ်စက္ကန့်မျှ အချိန်ထပ်၍မဖြုန်းချင်တော့ပေ။
သူ၏ စိတ်စွမ်းအင်များသည်ထိုနေရာမှ မြန်မြန်ထွက်ခွာသွားရန်သတိပေးလျက်ရှိသည်။
ကံကောင်းစွာဖြင့်ဇူဝူကျီသည်သူ့ထက်ပင်မြန်မြန်ပြန်ရန်စိတ်အားထက်သန်လျက်ရှိသည်။
“သူငယ်ချင်း . . . သန်ဘက်ခါလေလံပွဲပြီးတာနဲ့ ငါလွတ်လွတ်လပ်လပ်နေလို့ရပြီ။ အဲ့ဒီအခါကြ ငါတို့ တစ်ခါလောက်အတူသောက်ရအောင်”
ဇူဝူကျီပြေးရင်း လှမ်းအော်ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင်သူ၏ ဂုဏ်သိက္ခာအား ပြန်လည်၍ အဖတ်ဆယ်နိုင်မည့်အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသည့်သူ့ဘဝတစ်လျှောက်လုံးတွင်ဂုဏ်သိက္ခာကျဆင်းစေမည့်ကိစ္စရပ်များအား တစ်စက္ကန့်မျှပင်မရှိစေချင်တော့ပေ။
“မင်းကတော့ လုပ်ပြီကွာ”
ရဲရှောင်သဘောကျစွာဖြင့်-
“ဒီခွေးသားပြေးတာ ငါ့ထက်တောင်ပိုမြန်နေသေး”
နောက်ဆုံးတွင်မှော်ကျောက်ဖရုံအား ရဲရှောင်ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သောကြောင့်စိတ်ကျေနပ်လျက်ရှိသည်။ အထုတ်ထဲရှိမှော်ကျောက်ဖရုံအား တယုတယဖြင့်ပွတ်သတ်လိုက်ရင်း လမ်းကြားထဲမှ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင်ရုတ်တရက်မိုက်ခနဲ မူးဝေသွားသောကြောင့်ဟန်ချက်ပင်မထိန်းနိုင်တော့ဘဲ သူ၏ နဖူးအား လက်ဖြင့်ပင်ဖိလိုက်ရသည်။
ခန္ဓာကိုယ်တွင်းမှ ကျန်ရှိနေသော အဆိပ်များသည်ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အတွက်သူ့အား စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။
“ငါ ဒီအဆိပ်ကို အရင်ကတည်းက အပြတ်ဖယ်ရှားပစ်ခဲ့ရမှာ။ ဘာလို့ ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ကို ပြန်ထကြွလာရတာလဲ မသိဘူး”
ရဲရှောင်တွေးလိုက်သည်။
မူးဝေခြင်းဝေဒနာသည်ပို၍ ပြင်းထန်သထက်ပြင်းထန်လာခဲ့သည်။ ခန္ဓာကိုယ်ထဲ၌ သူရှိနေသေးသည်ဆိုသည့်အကြောင်းအား သိစေချင်၍ ပို၍ပင်ထကြွသောင်းကျန်းနေသည့်ပုံစံမျိူးပင်။ ထိုအဆိပ်အားရဲရှောင်အနေဖြင့်ပေါ့ပေါ့တန်တန်သဘောမထားဝံ့တော့ပေ။ အံတစ်ချက်ကြိတ်လိုက်ရင်း သူ၏ ဓားအားဆွဲထုတ်လိုက်သည်။ ယခုကဲ့သို့သော အခြေအနေမျိူးတွင်ရွေးချယ်စရာမရှိတော့ပြီဖြစ်၍မှော်ကျောက်ဖရုံအား ဖြတ်တောက်၍ အဆိပ်အား ဖယ်ရှားနိုင်ရန်အသုံးပြုရတော့ပေမည်။ ထိုအဆိပ်သည်သူ့အားသေစေနိုင်လောက်သည်အထိကြောက်မက်ဖွယ်ကြီးထွားလာပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။သူ့အနေဖြင့်မှော်ကျောက်ဖရုံ အချိူ့တစ်ဝက်အား အသုံးပြုရန်တွန့်ဆုတ်မနေတော့ပေ အဘယ့်ကြောင့်ဆိုသော်ခံစားရနေရသည့်ဝေဒနာမှ အမြန်လွတ်မြောက်နိုင်ရန်မှာ အဓိက အရေးအကြီးဆုံး ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။
ကျောက်ဖရုံ၏ အတွင်းပိုင်းသည်အလွန်မာကြောသည့်အတွက်လှီးဖြတ်နေသည့်အချိန်တွင်အသံများပင်ထွက်ပေါ်လျက်ရှိသည်။ သူ၏ ယခုလက်ရှိ အခြေအနေမျိူးဖြင့်ဆိုလျှင်ဖရုံသီး၏ မျက်နှာပြင်မှ အမှုန်အမွှား အနည်းသာ ယူနိုင်ပေလိမ့်မည်။
“ခက်လိုက်တာကွာ”
ရဲရှောင်ဖရုံသီး အမှုန့်များအား မြိုချရင်းမျှော်လင့်ချက်ကင်းမဲ့လာသကဲ့သို့ ခံစားလိုက်ရ၏။
သူ့အနေဖြင့်ထိုမှော်ကျောက်ဖရုံသီးအား ယခင်က စားဖူးရန်ပင်မဆိုနှင့်မြင်ပင်မမြင်ဖူးခဲ့ချေ။ ထို့ကြောင့်ကျောက်ဖရုံသီးနှင့်ပက်သက်သည့်အကြောင်းအရာများအား များများစားစား မသိခဲ့ပေ။ ယခုလက်ရှိတွင်သူသိသည်မှာကျောက်ဖရုံသီးသည်အလွန်တရာမာကြောသည်ဆိုသည့်အချက်တစ်ချက်သာပင်။
စိန်ထက်ပင်ပို၍ မာကြောလွန်းလှသည်။
အမှုန့်များအား မြိုချပြီးသည့်အချိန်တွင်သူ၏ လက်များထဲမှကျောက်ဖရုံ၏မွှေးပျံ့သည့်ရနံ့များ ထွက်ပေါ်လာသည်။ ထိုရနံ့များအား အားရပါးရ ရှူရှိုက်လိုက်ပြီးနောက်ရဲရှောင်လန်းဆန်းတက်ကြွသွားပြီး စိတ်ပေါ့ပါးသွားသည်။
ထို့နောက်ခေါင်းမူးခြင်းဝေဒနာအားနောက်တစ်ကြိမ်ခံစားလိုက်ရပြီး သူ၏ စိတ်အတွင်း၌ရွှေရောင်များတောက်ပဖြာထွက်နေသည့်စာလုံးအချိူ့အား မြင်တွေ့လိုက်ရသည်။ ခဏအကြာတွင်သူကိုင်ဆောင်ထားသည့်မှော်ကျောက်ဖရုံအထုတ်သည်အလေးချိန်မရှိတော့သကဲ့သို့ပေါ့ပါးသွားသည်။ကျောက်မှာ မရှိတော့ပေ။
အထုတ်ကတော့ သူ့လက်ထဲတွင် ရှိနေဆဲပါပင်။
အထုတ်ထဲတွင်ထည့်ထားသည့်ကျောက်သည်မည်သို့မည်ပုံပျောက်ကွယ်သွားသည်မှာ မသိရ။ မျက်စိရှေ့မှာပင်ကွယ်ပျောက်သွားခဲ့သည်။
ရဲရှောင်အံ့ဩလွန်းသဖြင့်ပါးစပ်အဟောင်းသားပင်ဖြစ်သွားသည်။
“ဘာလဲဟစောက်ရေးမပါတာ ဘာတွေဖြစ်ကုန်တာလဲ”
သူ့မျက်စိရှေ့တွင်ရှိသော ပစ္စည်းအား မည်သည့်လူစွမ်းကောင်းကမှ ခိုးယူသွားမည်မဟုတ်ဟုလည်း သူရှင်းရှင်းလင်းလင်းသိ၏။
ရဲရှောင်အနေဖြင့်စွမ်းအားများ အားလုံး ဆုံးရှုံးထားရသော်လည်း သူ့လက်ထဲတွင်ရှိသည့်ကျောက်အား တစ်စုံတစ်ယောက်မှ ခိုးယူထွက်ပြေးသွားသည်အား မသိလိုက်ရအောင်အထိသူမညံ့ပေ။
ကျောက်သည်ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ထဲသို့ပေါင်းစည်းသွားခြင်းပင်ဖြစ်နိုင်လေသည်။
သို့သော်ထိုကျောက်သည်ခန္ဓာကိုယ်ထဲသို့ မည်ကဲ့သို့ပေါင်းစပ်ဝင်ရောက်သွားပါသနည်း . . .
ကျောက်၏ အရွယ်အစားသည်အတော်အတန်ကြီးသည့်အတွက်မည်ကဲ့သို့ ဝင်ရောက်သွားပြီး မည်သည့်နေရာသို့ရောက်ရှိသွားနိုင်မည်နည်း။
စိတ်ထောင်းကိုယ်ကြေ ဖြစ်သွား၍ ရဲရှောင်အားအင်များ ချိနဲ့သကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက်သူ၏ စွမ်းအင်သိုလှောင်ရာနေရာမှ စွမ်းအင်လှိုင်းတစ်ခုသည်ရုတ်တရက်ထွက်ပေါ်လာသည်။
အရာအားလုံးသည်လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်ဖြစ်၏။ တစ်ပြိုက်နက်တည်းမှာပင်ရဲရှောင်ချွေးများ ပိုးပိုးပေါက်ပေါက်ကျလာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်အလွန်ကြီးမားသည့်ဝိညာဉ်တော်ချီဓာတ်များ သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားခြင်းကြောင့်ဖြစ်သည်။သွေးခုန်နှုန်းများသည်လည်း ပုံမှန်မဟုတ်တော့သည်ကို သူခံစားလိုက်ရသည်။ သို့သော်ထိုအခြေအနေအား ဆန့်ကျင်၍ ပြန်လည်ခုခံရန်မှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
“ဟာ . . . မဟုတ်သေးပါဘူး။ အတော်ဆိုးတာပဲ”
ရဲရှောင်ခေါင်းငိုက်စိုက်ကျ၍ စိတ်ဓာတ်ကျသွားသည်။
ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများအား ပညာရှင်တစ်ယောက်အနေဖြင့်သူသိလိုက်သည်။ ထွက်ပေါ်လာသည့် စွမ်းအင်များသည် သေချာပေါက် ကောင်းနိုင်မည် မဟုတ်ပေ။ ထိုမကောင်းသော စွမ်းအင်များသည် သူ၏ အူများအား ဆွဲညှစ်လိုက်သကဲ့သို့ပင်ခံစားလိုက်ရသည်။
အဘယ့်အတွက်ကြောင့်ထိုကဲ့သို့ ဖြစ်ရသည်ဆိုသည့်အချက်မှာ ရိုးရှင်းလှပါသည်။သူ၏ ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာသည့်စွမ်းအင်များသည်အလွန်ပြင်းထန်လှသည်။ သူ့အနေဖြင့်ယခုလက်ရှိအခြေအနေအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ စွမ်းအားများအား ပို၍လိုချင်သော်လည်း ရဲရှောင်အနေဖြင့်ထိုစွမ်းအားများအား ထိန်းချုပ်နိုင်စွမ်းမရှိသည်ကိုသေချာပေါက်သိနေသည်။မှော်ကျောက်ဖရုံအားလိုချင်မိခဲ့ခြင်းအား ရဲရှောင်ယခုမှနောင်တရမိလေသည်။ ထိုကျောက်သည်အလွန်အမင်း စွမ်းအားကြီးကြောင်း သိထားသော်လည်း သူ့အနေဖြင့်လျှော့တွက်မိခဲ့သည်။
ယခုလက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများသည်သူခန့်မှန်းထားသည်ထက်ပင်ပို၍ ဆိုးရွားနေပါသည်။ ပြသာနာအားဖြေရှင်းရန်နည်းလမ်းမှာ ထိုပြင်းထန်သော စွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ပျောက်ကွယ်သွားမှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက ခန္ဓာကိုယ်သည်ပျက်စီးသွားပေမည်။ အကယ်၍ အဆိပ်ကြောင့်မသေခဲ့ပါက ထိုစွမ်းအင်များအား သူပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး သူ့ဘဝသည်လည်းကောင်းစားသွားပေလိမ့်မည်။
“ဝုန်းးးး”
ပေါက်ကွဲသံကြီးတစ်ခုအား သူ၏ အနီးအနားတွင်ကြားလိုက်ရသည်။ မီးလုံးကြီးများသည်ကောင်းကင်ပေါ်သို့မြောက်တက်သွားကြသည်။
ပြင်းထန်လှသည့်တိုက်ပွဲသံများအား ကြားလိုက်ရသည်။ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်တိုက်ခိုက်နေကြသည့်လက်နက်အချင်းချင်း ထိခိုက်သံများသည်ပြင်းထန်လွန်းလှ၍ထောင်ပေါင်းများစွာသော ပန်းပဲသမားများ ပန်းပဲထုနေကြသည့်အသံဖြင့်ပင်တူနေပါတော့သည်။ ရဲရှောင်အခုမှပင်ငိုချင်ရက် လက်တို့ ဖြစ်သွားမိသည်။
သူအကြောက်ဆုံးအရာသည်ဖြစ်လာခဲ့ချေပြီ။ ထိုတိုက်ပွဲသည်ဇူရှန်ဖူ၏ အိမ်တွင်ဖြစ်ပွားနေကြောင်း သူအလိုလိုသိလိုက်သည်။ သူကို့ရို့ကိုးယား ဖြစ်နေသည့်အချိန်မှပင်ထိုတိုက်ပွဲသည်ဖြစ်ပေါ်လာရသည်။ ထိုပညာရှင်များ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည်အမတ်ကြီး ဇူရှန်ဖူ ဖြစ်နေပြီး သူဖြစ်မနေခြင်းမှာ ကံကောင်းသည်ဟုပင်ဆိုရပေမည်။
ကံဆိုးသည့်အချက်မှာ သူရပ်နေသည့်နေရာသည်ထိုပညာရှင်များ၏ဘေးတွင်ဖြစ်နေခြင်းကြောင့်ပင်ဖြစ်သည်။
တိုက်ပွဲဖြစ်နေသည့်နေရာနှင့်အတော်ပင်နီးကပ်နေသည့်အတွက်သူ့အား ဝင်တိုက်လုနီးနီးပင်ဖြစ်နေကြသည်။
သူလုပ်နိုင်သည့်အရာတစ်ခုအား လုပ်ရန်ဆုံးဖြတ်လိုက်သည်။ ထိုအရာသည်သူ၏ လက်ထဲမှ ကိုင်ဆောင်ထားသည့်အထုတ်ဖြင့်ခေါင်းကိုစွပ်ကာ မျက်နှာဖုံးသဖွယ် ကာလိုက်ခြင်းပင်ဖြစ်သည်။
ထို့နောက်သူထွက်ပြေးရန်ကြိုးစားလိုက်သည်။
ထိုရှုပ်ထွေးနေသည့်တိုက်ပွဲသည်သူနှင့်လုံးဝ သက်ဆိုင်မှုမရှိပေ။
တိုက်ခိုက်နေကြသည့်အသံများသည်ကျယ်သထက်ကျယ်လာကြသည်။
အမတ်ကြီးဇူလည်း ပြန်လည်၍ တိုက်ခိုက်နေပုံပါပဲ။
ရုတ်တရက်ရွှီကနဲ မြည်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သောကြောင့် ရဲရှောင်မျက်မှောင်ကြုတ်လိုက်သည်။
“အသံရှည်တစ်ချက်. . .နောက်ထပ်အသံတိုသုံးချက်ဆိုတော့ ဒါဆုတ်ခွာဖို့ အချက်ပေးလိုက်တဲ့အသံပဲ”
ယခုအချိန်တွင်အဖြစ်အပျက်အတော်များများ ဖြစ်ပွားခဲ့ပြီးချေပြီ။ သို့သော်ရဲရှောင်မှာမူ လမ်းကြား၏ အဆုံးသို့ ယခုထက်ထိ မရောက်သေးပေ။ မြန်မြန်ဆန်ဆန်သွားလိုသည့်ဆန္ဒလည်း သူမရှိပေ။ အမှန်တကယ်လည်း မသွားနိုင်ပါ။ ရုတ်တရုတ်သူ့ရှေ့တည့်တည့်သို့ ဓားအလင်းတန်းတစ်ခု ဖြတ်ခနဲ ကျလာသည်။
ရန်သူများထဲမှ တစ်ယောက်သည်သူ၏ရှေ့သို့ရောက်ရှိနေခြင်းဖြစ်သည်။
ထိုရန်သူသည်သူ၏ဓားဖြင့် သူ့အားဆန့်ကျင်သူမှန်သမျှကို သတ်ဖြတ်ရန်ကြိုးစားနေခြင်းဖြစ်သည်။
ထို့ပြင်သူ့ရှေ့တွင်ပိတ်ဆို့ခဲ့သူများအားလုံးကိုလည်း လွယ်လွယ်ကူကူဖြင့်ပင်သတ်ပစ်နိုင်ခဲ့ပုံပင်။
ရဲရှောင်ရုတ်တရက်စဉ်းစားလိုက်သည်-
“ဒီကောင်တွေက အနက်ရောင်တွေ ဝတ်ထားတယ်။ပြီးတော့ မျက်နှာတွေကိုလည်း အုပ်ထားသေးတယ်။ ကြည့်ရတာ အမတ်ကြီးဇူရဲ့ လူတွေမဖြစ်နိုင်ဘူး။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပိုပြီးမြန်တယ်နောက်ပြီး တခြားလူတွေထက်ကို ပိုပြီးခက်ထန်ကြမ်းတမ်းကြတယ်။ သူတို့ပုံစံတွေကြည့်ရတာ အသေအချာလေ့ကျင့်ထားတဲ့ သူတွေလိုပဲ”
ပို၍ဖြစ်နိုင်ခြေရှိသည်မှာလေ့ကျင့်ပေးခြင်း ခံထားရသည့်လူများထက်ပင်ပို၍ရက်စက်ကြမ်းကြုတ်နိုင်ပေသည်။
ရန်သူသည်ကြောက်မက်ဖွယ်ကောင်းသည့်သူ၏ ဓားချက်များအား မရပ်တန့်ခဲ့ပေ။
ထိုသူ၏ စွမ်းအားများသည်ပို၍ ပြင်းထန်လာခဲ့သည်။ သူ၏ ဓားမှတောက်ပနေသည့်အစိမ်းရောင်အလင်းတန်းများသည် နံရံများနှင့် မြေကြီးပေါ်သို့ပင် ဖြာထွက်လျက်ရှိနေပါသည်။
ဓားသည်လေဟုန်ကိုခွင်းလျက် အရှိန်အဟုန်အပြည့်ဖြင့် လာနေပါတော့သည်။