Chapter – 4
“မင်းပိုက်ဆံလိုရင်ငါချေးမယ်”
ဇူဝူကျီ၏ မျက်လုံးများသည် ၀မ်းသာအားရဖြင့် တလက်လက် တောက်ပသွားသည်။ သို့သော် ရုတ်တရက် စိတ်ဓာတ်ကျသွားဟန်ဖြင့် –
“အဲဒီလောက် မလွယ်ဘူးကွ . . . တောင်ဝှေးက ဒီလောက်ထိ တန်ဖိုးကြီးမှန်း ငါမသိခဲ့ဘူး။ အဲဒီလို ပစ္စည်းသေးသေးလေးက ရွှေစ ၅၀၀ တောင်တန်နေတယ်။ ရွှေစ ၅၀၀ တန်တဲ့ ပစ္စည်းကို ငွေစ ၅၀ တည်းနဲ့ ငါခိုးပြီး ရောင်းစားလိုက်မိတာ၊ ငါတော်တော်ကို အသုံးမကျတာပဲ၊ ဒီလောက် အကွာကြီးကိုကွာ . . .”
ထို့နောက် အံတစ်ချက် ကြိတ်လိုက်ရင်း –
“ငါ့မှာ နေရင်းထိုင်ရင်းနဲ့ နာမည်ကြီးသွားတယ်။ ဒီကိစ္စကို ဘယ်တော့မှ ထပ်မပြောတော့ဘူး။ ရင်ထဲမှာပဲ သိမ်းထားလိုက်တော့မယ်။ အခု နောက်ထပ်ကျောက်စိမ်းတောင်ဝှေး အကြောင်း မင်းတို့က ငါ့ကို လာပြောပြန်ပြီ။ ဘယ်လိုနည်းနဲ့ ရအောင်ယူရမှာလဲ”
ရဲရှောင် လေသံတိုးတိုးဖြင့် –
“ဟဲဟဲ . . . ပိုက်ဆံကြောင့် မဟုတ်လား၊ အဲဒါက ပြသနာမှ မဟုတ်တာကွ . . . မင်းကို ငါမေးမယ်၊ မင်းတကယ်ပဲ အဲဒီတောင်ဝှေးကို လိုချင်တာလား”
“ဟာ တကယ်လိုချင်တာပေါ့ကွ . . . ကြောင်တောင်တောင်တွေ လာမေးနေပြန်ပြီ။ ငါက ဘာလို့ မလိုချင်ရမှာလဲ၊ တောင်ဝှေးကိုသာ ငါပြန်ရခဲ့မယ်ဆိုရင် ချန်နိုင်ငံတော်ရဲ့ နံပါတ် ၁ လူဆိုးဆိုပြီး အခေါ်ခံနေရာကနေ လွတ်မြောက်နိုင်မယ်လေ။ ငါအဲဒီလို အခေါ်ခံရတဲ့ ဘ၀ကနေ ဘယ်လောက်တောင် လွတ်မြောက်ချင်နေလဲဆိုတာ ဘုရားအသိဆုံးပဲ”
ဇူဝူကျီ ခေါင်းတဆတ်ဆတ် ညိတ်ရင်း အံကြိတ်လိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စတွေဖြစ်ပြီးကတည်းက ငါ့လက်ထဲမှာ ပိုက်ဆံ များများစားစား မရှိတော့ဘူး။ အရင်တုန်းက တစ်လကို ငွေစ ၁၅ စ ရနေတာကနေ အခု လေးပုံတစ်ပုံပဲ ရတော့တယ်။ အဲဒီ ပိုက်ဆံ လောက်လေးနဲ့ ငါဘာသွားလုပ်လို့ရမှာလဲ”
“ချန်နိုင်ငံတော်ရဲ့ နံပါတ် ၁ လူဆိုးလို့ အခေါ်ခံရတဲ့ ဘ၀ကနေ လွတ်မြောက်ချင်တာများ လွယ်ပါတယ်ကွာ . . . စကြာဝဠာကြီးရဲ့ နံပါတ် ၁ လူဆိုးဖြစ်သွားရင် လွတ်မြောက်ပြီပေါ့”
ရဲရှောင် စိတ်ထဲမှ စဉ်းစားနေမိခြင်းပင် ဖြစ်သည်။
“ဟား ဟား”
ရဲရှောင် ကျယ်လောင်စွာ ရယ်မောရင်း သူ့ရင်ဘတ်အား ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပုတ်ပြကာ –
“မင်းအဲဒီတောင်ဝှေးကို တကယ်လိုချင်တယ်ဆိုရင် ငါမင်းကို ပိုက်ဆံချေးမယ်ကွာ . . .”
“ဟာ တကယ်လား . . .”
ဇူဝူကျီနှင့် လန်လန့်လန့် တို့ ၂ ဦးစလုံး အံ့အားသင့်သွားကြလေသည်။
နေမင်းကြီးသည် အနောက်မှ ထွက်လာသကဲ့သို့ ရဲရှောင်၏ မတွန့်မတိုစဖူး ရက်ရောမှုကြောင့် သူတို့ အံ့အား သင့်သွားသည်မှာ မှားတော့မမှားချေ။
“တကယ်ပြောနေတာဟ”
ရဲရှောင် တည်ကြည်လေးနက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“မင်းဘာတွေ ကြံနေပြန်ပြီလဲ . . .”
ဇူဝူကျိ စိတ်ထဲမှ တွေးနေရင်း ရဲရှောင်အား မယုံသင်္ကာ အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဒီသူတောင်းစားက ငါ့အပေါ် တစ်ခါမှ ကောင်းခဲ့ဖူးတဲ့ကောင် မဟုတ်ဘူး၊ ဖြစ်နိုင်ချေရှိတာက မင်းငါ့ကို ကြိတ်ကြိုက်နေတာများလား . . .”
“ခွေးမသား . . .”
ရဲရှောင် သူ၏ ဂုဏ်သိက္ခာအား အစော်ကား ခံလိုက်ရသလို ခံစားလိုက်ရ၍ အော်လိုက်သည်။ သူ၏ စေတနာမှာ ဝေဒနာဖြစ်သွားသကဲ့သို့ ဟန်ဆောင်လိုက်ရင်း နာနာကျင်ကျင်ဟန်ဖြင့် –
“ဇူဝူကျီ . . . မင်းဘယ်လိုများ ပြောထွက်ရက်ရတာလဲ။ ငါကမင်းကို ညီအစ်ကိုတစ်ယောက်လို ခင်လို့ ကူညီပေးချင်တာ။ မင်းကို အဲဒီလို ကူညီလိုက်လို့ ငါ့မှာ ဘာအကျိုးအမြတ် ရနိုင်မှာလဲ။ မင်းလို ခွေးမသားကို ပိုက်ဆံချေးလိုက်ရင် ဘယ်အချိန်ပြန်ရမယ်မှန်းတောင် မသိဘူး။ မင်းမို့လို့ ငါ့ကို သံသယ ၀င်ရဲတယ်။ ကောင်းပြီ . . . မင်းကိုငါ ပိုက်ဆံမချေးတော့ဘူး”
“ထားလိုက်တော့ . . . ငါ့ပိုက်ဆံတွေကို ကောင်မလေးတွေနဲ့ပဲ သွားဖြုန်းတော့မယ်။ ဟုတ်တယ်မလား လန် . . . သွားကြစို့”
ရဲရှောင်ဒေါသတကြီးဖြင့် မတ်တပ်ထရပ်လိုက်ပြီး ထွက်သွားဟန် ပြင်လိုက်သည်။
“ငါတို့ရဲ့ စေတနာကို စော်ကားတဲ့ ဒီလိုကောင်မျိုးနဲ့ ဆက်ပေါင်းစရာ အကြောင်း မရှိတော့ဘူး”
လန် သည် အမြဲတမ်း မီးလောင်ရာ လေပင့်တတ်သူတစ်ဦး ဖြစ်သည်နှင့်အညီ ယခုအခွင့်အရေးကို လက်လွတ်မခံပေ။ ထို့ကြောင့် ထိုင်နေရာမှ ချက်ချင်း ထရပ်လိုက်ပြီး –
“ဟုတ်တယ် . . . ငါတို့နဲ့ အပေါင်းအသင်း မလုပ်ချင်တဲ့ ဒီလိုကောင်မျိုးကို ထပ်ပြောနေစရာ အကြောင်းမရှိတော့ဘူး”
“မဟုတ်ပါဘူး . . . အဲဒီလိုတော့ မလုပ်ပါနဲ့ သူငယ်ချင်းတို့ရယ် . . . နေကြပါဦး”
ဇူဝူကျီ ရှေ့သို့ အမြန်ပြေးသွားပြီး ရဲရှောင်၏ ခါးကို တင်းကြပ်စွာ ဆွဲလိုက်ရင်း အသံတုန်တုန်ရီရီဖြင့် –
“ငါစကားလေး တစ်ခွန်းပဲ မှားသွားတာပါကွာ . . . ငါတို့က ညီအစ်ကိုတွေလိုပဲလေ ဟုတ်တယ် မလား . . . ထာဝရ ညီအစ်ကိုတွေလေ။ ငါ့အပေါ် စိတ်မကွက်ဘူးမဟုတ်လား။ နေစမ်းပါဦးကွာ အိမ်တော်ထိန်းရေ . . . ငါတို့အတွက် လက်ဖက်ရည်လေး ယူခဲ့ပေးပါဦး။ ငါ့အဖိုးကို ဘုရင်က ချီးမြင့်ထားတဲ့ လက်ဖက်ရည် အကောင်းစားနော်။ မြန်မြန်ယူခဲ့ မြန်မြန်ယူခဲ့ . . .”
ထို့နောက် သူသည် ရဲရှောင်အား မိသားစု၏ အထွတ်အမြတ်ထားရာ ထိုင်ခုံတွင် ထိုင်စေလိုက်ပါသည်။ ဇူဝူကျီသည် အလွန်ရိုကျိုးသော ပုံစံဖြင့် ပြုံးပြလိုက်ပြီး –
“ဟဲဟဲ . . . သူငယ်ချင်း . . . သခင်လေးရဲ . . . အချစ်ရဆုံးလေး ငါ့ကို တကယ်ပဲ ပိုက်ဆံချေးမှာ လား”
ရဲရှောင်ဟန်ပါပါဖြင့်ခြေတစ်ဖက်ချိတ်ထိုင်လိုက်ရင်း-
“ငါချေးမှာပါ . . .”
“ဟာ . . . မင်းစိတ်မပြောင်းပါဘူးနော်. . .”
ဇူဝူကျီ ဒူးထောက်မတတ်ထိုင်ချလိုက်ရင်းမေးလိုက်သည်။
သူ၏ အမှားအားပြင်ဆင်နိုင်ရန်အတွက်ရရှိလာသည့်အခွင့်အရေးအား လက်လွတ်မခံနိုင်ပေ။ လွန်ခဲ့သည့်လအနည်းငယ်ခန့်က သူ့ဘဝအခြေအနေသည်မည်မျှကြပ်တည်းခဲ့သည်ဆိုသည်အား ဘုရားသာ အသိဆုံး ဖြစ်ပေလိမ့်မည်။ သူ့အနေဖြင့်ထိုအခြေအနေမှ လွတ်မြောက်ရန်အတွက်အခြားနေရာသို့ ထွက်ပြေးရန်ကြိုးပမ်းရန်မှာလည်း မလွယ်ကူလှချေ အဘယ့်ကြောင့်ဆိုသော်သူ၏ လုပ်ရပ်ကြောင့်သူ့အားမုန်းတီးနေသူများသည်သူ၏ မိသားစုဝင်များပင်ဖြစ်နေကြသောကြောင့်ဖြစ်သည်။
“အဟမ်း . . . မျှမျှတတလုပ်ရမယ့်အရာတစ်ခုတော့ရှိတယ်”
ရဲရှောင်လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ခြောက်ရွက်များအား တဖူးဖူးမှုတ်လိုက်ရင်း သူ၏စိတ်အခြေအနေအား အခြားသူ ခန့်မှန်းရခက်သည့်မျက်နှာထားမျိုးဖြင့် –
“ငါကလည်း မင်းကို ကူညီဖို့ပြောပြီးပြီဆိုတော့ကားး . . . မင်းငါ့ဆီကငွေလက်ခံရရှိကြောင်း စာ ဒါမှမဟုတ်ရင်အာမခံပစ္စည်းတစ်ခုခုကို အပေါင်ထားတဲ့အနေနဲ့ပေးထားရမယ်။ မင်းကိုငါရွှေစ ၇၅၀ စပေးမယ်။ အဲ့ဒီအတွက်မင်း ငါ့ကို ဘယ်နေ့ပြန်ပေးနိုင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ထားဖို့လိုတယ်။ မင်းငါ့ကိုဈေးဆစ်ဖို့ လာမစဉ်းစားနဲ့ . . .”
“ဟာ . . . ဟုတ်တာပေါ့”
ဇူဝူကျီ ဝမ်းသာအားရဖြင့်ပြောလိုက်သည်။ သူ့အနေဖြင့်ပြသာနာအားဖြေရှင်းရန်နည်းလမ်းအတွက်သဘောပေါက်လိုက်သော်လည်း စိတ်မသက်သာသည့်အကြည့်မျိူးဖြင့်-
“ဒါပေမယ့်ငါ့မှာ မင်းကိုအာမခံအနေနဲ့ပေးဖို့ ဘာအပေါင်ပစ္စည်းမှ မရှိဘူး”
“မင်း လူစကားနားမလည်ဘူးလား။ ငါ့ကိုပေးဖို့ မင်းဘယ်ဟာမဆို လုပ်လို့ရနေတာပဲ။ ငါတို့က ညီအစ်ကိုတွေပဲလေ။ မင်းဆီကနေ ဘယ်တန်ဖိုးကြီး ပစ္စည်းကိုမှ ငါမလိုချင်ဘူး။ ငါကအဲ့ဒီလို ယူစရာလား”
ဇူဝူကျီ စိတ်သက်သာရာ ရသွားသည့်ပုံစံမျိူးဖြင့်-
“အင်း . . . ဒါက အကောင်းဆုံး နည်းလမ်းပဲ။နေစမ်းပါဦး ငါစဉ်းစားကြည့်ပါဦးမယ်။ ဒီတစ်ကြိမ်ငါဘာခိုးရင်ကောင်းမလဲ”
သူ့မျက်လုံးများအား တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဒီတစ်ကြိမ်၌လည်း အိမ်မှ ပစ္စည်းအားခိုး၍ အိမ်တွင်းသူခိုးလုပ်ရန်သူဆုံးဖြတ်ချက်ချလိုက်သည်။
“မင်းနဲ့တော့ ခက်ပြီကွာ . . .”
ရဲရှောင်စိတ်ပျက်လက်ပျက်ပုံစံဖြင့်-
“ဒီအိမ်ထဲက ပစ္စည်းတစ်ခုခုကို မင်းယူလို့မရဘူးလား။ ပစ္စည်းက တန်ဖိုးကြီးစရာမှ မလိုတာ။ ဘာပဲဖြစ်ဖြစ်မင်းယူလို့ရနေတာပဲ”
ရဲရှောင်၏ စကားများအား ကြားပြီးနောက်ဇူဝူကျီသည်နောက်ဆုံးတွင်နားလည်သဘောပေါက်သွားဟန်ဖြင့်-
“အင်း . . .ကောင်းပြီ။ ဒါဆို အာမခံထားတဲ့အနေနဲ့ အပေါင်ပစ္စည်း တစ်ခုခုပေးရမှာပေါ့လေ”
“အာမခံပစ္စည်းအကြောင်းမေ့လိုက်တော့။ လာကွာ . . . ငါတို့က ညီအစ်ကိုတွေပဲဟာ”
ရဲရှောင်သည်မိမိအနေဖြင့်ဇူဝူကျီ အပေါ်၌ သနားညှာတာထောက်ထားတတ်သူတစ်ဦးဖြစ်ကြောင်း စကားလုံးများဖြင့်ဖော်ပြလိုက်သည်။
ဇူဝူကျီ အလွန်အမင်းပျော်ရွှင်သွားလေသည်။နောက်ဆုံးတွင်သူ၏ စိတ်ထဲ၌ မည်သည့်ဝန်ထုတ်ဝန်ပိုးမျှ မရှိတော့သကဲ့သို့စိတ်ပေါ့ပါးသွားသည်။ သူသည်ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရင်း –
“ကောင်းပြီလေ . . . ဒီမှာရှိတဲ့ ပစ္စည်းတွေအားလုံးက ငါ့အဖိုး စုဆောင်းထားတဲ့ ပစ္စည်းတွေ။ ငါ့အဖိုးက သူ့ပစ္စည်းတွေကို တန်ဖိုးထားတယ်။ ဒါပေမယ့်တစ်ခု နှစ်ခုပျောက်သွားရုံလောက်နဲ့တော့ ဘာမှမဖြစ်လောက်ပါဘူး။ သူငယ်ချင်း မင်းဘယ်ပစ္စည်း ကြိုက်တယ်ဆိုတာသာ ငါ့ကိုပြောလိုက်။ ငါမင်းကို ချက်ချင်းပေးလိုက်မယ်။ မင်း ပြန်ပေးစရာမလိုဘူး။ ငါမင်းပိုက်ဆံကိုလည်းသေချာပေါက်ပြန်ဆပ်မယ်မင်းကြိုက်တဲ့ ပစ္စည်းကိုလည်း ယူသွားကွာ”
ဇူဝူကျီတစ်ယောက်အမှန်စင်စစ်သဘောကောင်းနေခြင်းပင်ဖြစ်သည်။
ရဲရှောင်မျက်မှောင်ကြုတ်လိုက်ရင်း –
“ဘာအဓိပ္ပါယ်လဲကွ . . . မင်းက ငါ့ကို ဘယ်လိုထင်နေတာလဲ။ မင်းကိုငါက ကူညီပေးဖို့ ကြိုးစားနေရုံသက်သက်ပဲ။ မင်းရဲ့ အာမခံပစ္စည်းကို ငါက ငမ်းငမ်းတက်လိုချင်နေတာများ ထင်နေတာလား။ မင်းကိုငါက ပိုက်ဆံချေးလို့ကျေးဇူးအတင်ခံချင်လို့ မင်းကငါ့ကို လက်ဆောင်ပြန်ပေးတဲ့ သဘောလား။ မင်းပေးတဲ့ ပစ္စည်းက ကြီးကြီးသေးသေး ငါ့စေတနာတွေကိုစော်ကားနေတာနဲ့ အတူတူပဲ။ အခုကြတော့ မင်းပေးတာသာ ငါလက်ခံလိုက်မယ်ဆိုရင်မင်းကငါ့ကို လာဘ်ထိုးနေတာနဲ့ တူမနေဘူးလား”
“လာဘ်ထိုးတယ်. . . ဟုတ်လား”
ဇူဝူကျီတွေးလိုက်ရင်း –
“သူ့ကိုယ်သူ ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးလိုများပြောနေလိုက်တာ”
“မင်းရဲ့တွေဝေမှုအတွက်ငါဆုံးဖြတ်ပြီးပြီ။ ငါကြိုက်တာ ဒီတစ်ခုပဲ။ အတောင်ပျံဖြန့်ပြီးကောင်းကင်မှာ ပျံရတဲ့ ခံစားချက်ကို ငါသဘောကျတယ်။ အဲ့ဒီတော့ အတောင်ပျံဖြန့်ထားတဲ့ပုံကို တံဆိပ်ထွင်းထားတဲ့ ဒီပစ္စည်းကိုငါယူမယ်။ ရဲရှောင်စိတ်မပါလက်မပါပုံစံဖြင့်မှော်ကျောက်ဖရုံသီးအား လက်ညိုးညွှန်ပြလိုက်သည်။
“ဒါ . . . ဒါက အရမ်းဈေးပေါလွန်းတယ်မဟုတ်ဘူးလား”
ဇူဝူကျီ ရုတ်တရက်တွေးလိုက်ရင်း –
“ဒီပုံစံအတိုင်းဆို ရဲရှောင်ငါ့ကို တကယ်အကူညီပေးချင်နေတာထင်တယ်။ ငါ့အိမ်မှာ တန်ဖိုးရှိတဲ့ ရတနာတွေမှ အများကြီးပဲ။ ဒါတောင်သူကဈေးအပေါဆုံး ပစ္စည်းကိုမှရွေးယူတယ်။ ဘယ်လောက်တောင်ငါ့အပေါ်ကောင်းလိုက်သလဲ။ ငါသူ့စေတနာတွေကို ဘာလို့ နားမလည်နိုင်ဖြစ်ခဲ့ရတာပါလိမ့်”
ဇူဝူကျီ တွေးနေသည့် အတွေးများအား ရဲရှောင်ရိပ်စားလိုက်မိရင်း –
“ကောင်းပြီ . . .ကောင်းပြီ။ မင်းငါ့စိတ်စေတနာကို သိနေပြီပဲ။ ဒါဆိုလုံလောက်ပြီ”
ရဲရှောင်တည်ကြည်လေးနက်ဟန်ဖြင့်-
“ငါတို့နှစ်ယောက်က ဘာတွေလဲ။ ညီအစ်ကိုတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ကူညီရတာပဲလေ။ ဒါနဲ့စကားမစပ်ဒီကိစ္စကိုတော့ မင်းလျိူ့ဝှက်ထားသင့်တယ်။ ငါမင်းကို ပိုက်ဆံတွေ အများကြီးချေးတဲ့ကိစ္စ တခြားသူတွေသိသွားကြည့်ပါလား သူတို့တွေအကုန်လုံး ငါ့ဆီပိုက်ဆံချေးဖို့ရောက်လာလိမ့်မယ်။ အဲ့ဒီအခါကြ ငါ့မှာ ဟိုတစ်ယောက်ကိုပဲချေးပေးရမလိုလို ဒီတစ်ယောက်ကိုပဲချေးပေးရမလိုလိုနဲ့ ဒုက္ခတွေရောက်ကုန်ဦးမယ်”
“ငါ့ကို မင်းယုံလိုက်ကွာ။ ငါ့ပါးစပ်ကိုလုံအောင်ပိတ်ထားမယ်ဘယ်သူ့ကိုမှ မပြောဘူး စိတ်ချ”
ဇူဝူကျီ ကတိပေးလိုက်ရင်း –
“ငါက အဲ့ဒီလို ပါးစပ်မလုံတဲ့ လူမျိူးမှမဟုတ်တာ”
“မင်းကရော ဘာလို့မယူသေးတာလဲ။ မင်းလိုချင်တဲ့ ပစ္စည်းကို အခုယူလိုက်တော့လေ”
ရဲရှောင်စိတ်ပြောင်းသွားမည်စိုး၍ ဇူဝူကျီ လန့်နေလေသည်။ ထို့ကြောင့်ထိုပစ္စည်းအား မြန်မြန်ယူစေရန်ရဲရှောင်အား တွန်းအားပေးလိုက်သည်။
“ကြပ်မပြည့်တဲ့ကောင်”
ရဲရှောင်အသံတိုးတိုးလေးဖြင့်-
“မင်းအတွက်မင်း မစဉ်းစားတော့ဘူးလား။ ငါအခု ဒီပစ္စည်းကို မင်းအိမ်က လူတွေရှေ့ကနေ ယူသွားရင်လူတွေအကုန်သိသွားပြီး ဘယ်လိုလုပ်လျှိ့ဝှက်ချက်ကို ထိန်းနိုင်တော့မှာလဲဟ”
“ဟုတ်သားပဲ . . . ဟုတ်သားပဲ”
ထို့နောက်ဇူဝူကျီသည်ခပ်တိုးတိုး လေသံလေးဖြင့် –
“ညမှောင်သွားတဲ့အခါကြ ဒီပစ္စည်းကို ငါမင်းဆီ ယူလာခဲ့မယ်ဆိုရင်ဘယ်လိုလဲ”
“ကောင်းလိုက်တဲ့ အကြံ”
“ရဲရှောင်အပြည့်အဝထောက်ခံလိုက်ရင်း –
“ညမိုးချုပ်ရင်ငါဒီလမ်းကြားလေးရဲ့တောင်ဘက်မှာမင်းကိုပေးဖို့ ပိုက်ဆံတွေနဲ့စောင့်နေမယ်”
ထိုစကားအား ဇူဝူကျီ ကြားလိုက်ရသောအခါ ပြုံးလိုက်ရင်း –
“အခုလို ကူညီပေးတာ မင်းကိုကျေးဇူးတင်တယ်ကွာ။ ငါ့မိသားစုဝင်တွေကြားထဲမှာ ငါ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်တော့မယ်။ ငါ့အလုပ်ကနေ ပိုက်ဆံပြန်ရလာလို့ရှိရင်မင်းကို ပြန်ဆပ်ပါ့မယ်။ မင်းပြန်မရမှာ စိတ်မပူနဲ့။ ငါယောက်ျား ငါ့စကား ငါတာဝန်ယူတယ်”
“အေးပါ ငါ့ကောင်ကြီးရာ။ မင်းကို ငါမယုံရင်တောင်ငါမင်းကို ပိုက်ဆံပေးမှာပါကွ”
ရဲရှောင်နှင့်ဇူဝူကျီ တို့နှစ်ဦးသည်ညီအကိုအရင်းချာများကဲ့သို့ တစ်ယောက်ပုခုံး တစ်ယောက်အပြန်အလှန်ဖက်လိုက်ကြလေသည်။
လန်မှာမူ သူတို့နှစ်ဦးအားကြည့်၍ ပါးစပ်အဟောင်းသားဖြင့်ပင်အံ့ဩနေလေသည်။
အားလုံးသဘောတူညီမှု ရရှိပြီးနောက်ဇူဝူကျီသည်ရဲရှောင်နှင့်လန်တို့နှစ်ဦးအားကျေးဇူးတင်မဆုံးပင်ရှိနေတော့သည်။ သူတို့နှစ်ဦးမှာတော့ အမတ်ကြီး၏ အိမ်မှ ဟန်ပါပါဖြင့်ထွက်ခွာလိုက်ရင်း –
“ညမှောင်လာတဲ့ အခါကြ မမေ့နဲ့နော်”
ဇူဝူကျီအော်ပြောလိုက်သည်။အော်သံမှာ ကျယ်လွန်းလှ၍ ရဲရှောင်တို့ အတော်ဝေးဝေးရောက်သွားသည်အထိပင်ကြားရသည်။
“ဟေ့ . . .နေစမ်းပါဦး။ မင်းကသူ့ကို တကယ်ပဲ ပိုက်ဆံပေးမလို့လား”
လန် . . . ရဲရှောင်အား မယုံသင်္ကာအကြည့်ဖြင့်ကြည့်လိုက်ရင်း –
“ပြောစမ်းပါကွာ . . . မင်းက ကြင်နာတတ်တဲ့ အသည်းနှလုံးရှိတဲ့ကောင်မှ မဟုတ်တာ။ မင်းတကယ် ပိုက်ဆံမချေးဘဲနဲ့ သူ့ကိုမျှော်လင့်ချက်တွေပေးပြီး ဒုက္ခရောက်အောင်လုပ်မလို့ မှတ်လား”
“မင်းဘာတွေပြောနေတာလဲ။ မင်းလိုပြောပြီးသား စကားကို မတည်တဲ့ကောင်များ ထင်နေလား”
ရဲရှောင်သည်လန်အား စိတ်ပျက်သည့်ပုံစံဖြင့်ကြည့်လိုက်ရင်း –
“သွား . . . အိမ်ပြန်ပြီးတော့ ငါ့အတွက်ရွှေစ ၅၀၀ သွားပြင်ထား။ ငါပိုက်ဆံလိုနေတယ်”
ဇူဝူကျီအား ပိုက်ဆံချေးရန်အတွက်ရဲရှောင်တွင်ပိုက်ဆံအလုံလောက်ရှိသည့်ပုံမပေါ်ပေ။
“ဪ . . . မင်းက ပိုက်ဆံလိုတယ်ပေါ့။ ငါကပြင်ပေးထားရမယ်ပေါ့။ အမ်. . .နေပါဦး ဘာရယ်မင်းဘာပြောလိုက်တယ်။ မင်းက ဇူဝူကျီကိုချေးဖို့ ငါ့ကိုရွှေစ ၅၀၀ ရှာခိုင်းတယ်ဟုတ်လား။ ငါက ဘာကိစ္စလုပ်ပေးရမှာလဲ။ ငါ့ကို အကြောင်းပြချက်အရင်ပေး”
ရဲရှောင်ပြောသည့်စကားများကြောင့်လန်စိတ်တိုလွန်း၍ဒေါသများပေါက်ကွဲထွက်သွားသည်။
“သူ ဇူဝူကျီ နဲ့ အခင်အမင်မပျက်ချင်တိုင်း ငါ့ဆီက ပိုက်ဆံလာချေးနေတယ်။ ငါက ဘာကိစ္စလုပ်ပေးရမှာလဲ”
လန်တစ်ယောက်တည်းတွေးလိုက်သည်။
“အကြောင်းပြချက်. . . ဟုတ်လား . . . မင်းဒါလေးတောင်နားမလည်ဘူးလား။ မင်းငါ့ကိုရွှေစ ၅၀၀ မပေးဘူးဆိုရင်ငါ ဘယ်လိုလုပ်ဇူဝူကျီကိုချေးပေးနိုင်တော့မှာလဲ။ ဒီလောက်ရှင်းနေတာကို။ မင်း အတော်စကားများတဲ့ကောင်ပဲ”
ရဲရှောင်သူ့မျက်လုံးများအား ဟိုကြည့်ဒီကြည့်ဖြင့်ကစားလိုက်ပြီး ခြိမ်းခြောက်သည့်လေသံမျိူးဖြင့်-
“လန်မင်းငါ့ဆီကိုရွှေစ ၅၀၀ ယူမလာဘူးဆိုရင်ငါလည်း ကတိမတည်တဲ့လူ ဖြစ်သွားမယ်။ ထားပါ . . . ရပါတယ်။ မင်း နဲ့ ဇူဝူကျီ ပြည့်တန်ဆာအိမ်က အပျော်မယ်ကောင်မလေးအတွက်ရန်ဖြစ်ရင်း အကျီတောင်မပါဘဲ ကိုယ်လုံးတီးထွက်ပြေးခဲ့ရတဲ့အကြောင်းကို မင်းအဖိုးရယ်မင်းအဖေရယ်မင်းအမေနဲ့ မင်းအဒေါ်တွေ အကုန်လုံးကို ငါပြောပြလိုက်မယ်။ အဲ့ဒါနဲ့တောင်မင်းအတွက်မလုံလောက်သေးဘူးဆိုရင်လမ်းပေါ်က နံရံတွေအကုန်လုံးမှာ မင်းအကြောင်းတွေ သွားကပ်ပစ်မယ်။ ငါအဲ့ဒီလိုလုပ်လိုက်ရင်မင်းတော်တော်နာမည်ကြီးသွားမှာပဲ။ တစ်မြို့လုံး . . . မဟုတ်သေးပါဘူး တစ်ကမ္ဘာလုံးကတောင် မင်းအကြောင်း သိသွားလိမ့်မယ်။ မင်းရဲ့ ဂုဏ်သိက္ခာကို ဇူဝူကျီနဲ့ တစ်တန်းတည်းဖြစ်အောင်ငါမြှင့်တင်ပေးရမှာပေါ့”
“ဘာ . . . မင်း . . . မင်း . . . ”
လန်ဒေါသထွက်သွား၍ရဲရှောင်၏ ခပ်လှမ်းလှမ်းသို့ သွားလိုက်သည်။ သူ၏စွေဆောင်းနေသည့်မျက်လုံးများပင်ဒေါသကြောင့်ပြန်တည့်မတ်သွားသည့်ပုံပင်။ သူ ရဲရှောင်အား ဆဲဆိုလိုက်ရင်း –
“မင်း အတော်ကြောက်ဖို့ကောင်းတဲ့ကောင်ပဲ။ ငါ့ဘဝရဲ့ အမဲစက်တွေကို အသုံးချပြီး ငါ့ကိုအကြပ်ကိုင်တယ်”
“အာ . . .တော်တော့။ အပိုတွေပြောမနေစမ်းနဲ့။ ငါ့ကိုချေးလိုက်ရလို့ မင်းအတွက်ဘာမှ မထိခိုက်သွားဘူး။ အခုမင်းကိုငါ ထပ်မေးမယ်။ မင်းငါ့ကိုချေးမှာလား မချေးဘူးလား”
“အေး . . .ချေးမယ်. . .ချေးမယ်. . . ဟုတ်ပြီလား။
“ငါ့မှာတခြားဘာရွေးချယ်စရာများ ရှိသေးလို့လဲ”
လန်ငိုသံပါကြီးပါဖြင့် –
“ငါမင်းဆီ ယူခဲ့ပါ့မယ်. . .”