အပိုင်း (၁၀၅) လက်မှတ်ထိုးတာလား သေဘေးပြေးတွေ့တာလား
လက်မှတ်ဟုတ်လား…။
မိန်းမပျိုလေး၏ အပြုံး အေးခဲသွားပြီးနောက် ပို၍ ချိန်မြိန်စွာ ပြုံးလိုက်၏။
“အို့… လက်မှတ်တွေဘာတွေ မလိုချင်ပါဘူး တစ်ခုခု…”
သို့သော် တစ်စုံတစ်ခုကိုတွေးမိလိုက်သည့် အလား နှုတ်မလွန်ခင် စကားလမ်းကြောင်းလွှဲလိုက်၏။ “နေဖို့နေရာရှာတယ်ဆိုရင် အတွင်းစည်း ဂိုဏ်းသားဖြစ်လာပြီလို့ ပြောချင်တာလား”
“အင်း… အဲ့လိုပြောလို့ရပါတယ်…”
စုရှောင်ရှန် ဤအခြေအနေကို သူမကို ဘယ်လို ရှင်းပြရမလဲ လမ်းရှာမရဖြစ်နေလေသည်။ အကြီးအကဲစန်း၏ စည်းမျဉ်းများအရ သူတို့ ဆရာတပြည့် ဆက်နွယ်မှုကို ထုတ်ဖော် ပြောကြား၍ မရပါလား။
ထို့ပြင် အပြင်စည်းဂိုဏ်းသားက အတွင်းစည်း၌ နေရာယူနိုင်တယ်ဆိုတာကို ပြောခြင်းကလည်း အဓိပ္ပာယ်မရှိပါပေ။
အပြာ၀တ်မိန်းမပျိုလေးက ထိုကိစ္စကို ဆက်၍ မေးမနေတော့ဘဲ ညုတုတု ပြုံးရင်း ဆိုသည်။ “နင်အဲ့ဒီနေရာကိုတော့ ကြိုက်လောက်မယ်ထင်တယ်”
“အတွင်းစည်းရဲ့ အနောက်ဘက်က တောင်က လူသွားလူလာနည်းတယ်လေ။ ပြီးတော့ နေရာလွတ်တွေလည်းအများကြီးရှိတယ်” ထိုမိန်းမပျိုလေးက နေရာ အတိအကျကို လက်ညှိုးထိုးပြလိုက်ပြီး “ဒီနဲ့ဆိုသိပ်မဝေးဘူး။ အရှေ့ဘက်မှာ ဆက်သွားလိုက်ရင် လမ်းသေးသေလေးကိုတွေ့ရလိမ့်မယ်။ အဲ့ဒီကနေဆို ငါပြောတဲ့နေရာကို ရောက်တယ်”
စုရှောင်ရှန် ပျော်ရွှင်သွားလေသည်။ သို့သော် သေချာစဉ်းစားကြည့်သော် တစ်ခုခု မှားနေသလိုလို ခံစားလိုက်ရလေသည်။
“အဲ့လောက်နေရာကောင်းရင် ဘာလို့ ဘယ်သူမှ မနေကြတာလဲ နေရာလွတ်တွေအများကြီးရှိတယ်မဟုတ်ဘူးလား”
“အတွင်းစည်းက အကြီးကြီးပဲလေ။ ဘယ်သူမှ နင့်လောက် ချေးမများဘူး။ တစ်ချို့လူတွေဆို လျှောက်သွားရင်း ကြိုက်သွားရင် အဲ့နေရာမှာ နေလိုက်တာပဲ”
မိန်းမပျိုလေးက ပုခုံးတွန့်ပြလိုက်ရာ သူမ၏ နှင်းနုရောင် ပုခုံးသားလေးက ပို၍ ပေါ်လာခဲ့၏။ “ဘယ်သူမှ အလှမ်းဝေးတဲ့ နေရာကို သိပ်မသွားချင်ကြဘူးလေ။ အရေးအကြောင်းဆို နောက်ဆုံးမှ ဖြစ်နေရင်မကောင်ဘူး”
စုရှောင်ရှန် သူမပြောတာ ယုတ်တိရှိကြောင်း တွေးလိုက်သည်။ ဤမိန်းမပျိုလေးနှင့် မတွေ့ပါက သူရွာဆက်လည်နေဦးပေမည်။
“ကျေးဇူးပါ”
ထိုမိန်းမပျိုလေး စုရှောင်ရှန်ကိုကြည့်ရင်း ထိန်းမရတော့ဘဲ နှုတ်ခမ်းထောင့်များလှုပ်သွားလေသည်။ “ရပါတယ်လေ အပန်းမကြီးပါဘူး ရှင်ရယ်”
စုရှောင်ရှန် ကြက်သီးများဖျင်းဖျင်းထသွားတော့သည်။ အတွင်းစည်းမှ မိန်ကလေးများ ဤမျှ လှပ ဤမျှ ရဲတင်းကြသည်လော။
သူမ၏ မျက်၀န်းများထဲမှ အကြည့်က သာမန် ပုရိတ်သတ်တစ်ယောက်၏ လေးစားခြင်းဆိုတာထက် ပိုလို့နေလေသည်။ သူမ၏ အကြည့်များက ‘ငါ့လက်ခုပ်ထဲရောက်လာပြီ နင်ပြန်ပြေးလို့မလွတ်စေရဘူး’ ဟူ၍ ပြောနေသယောင်ယောင်။
“ဆိုတော့ နေရာရှာဖို့ သွားလိုက်ပါဦးမယ်” ပုရိတ်သတ်များမည်မျှ အစွန်းရောက်နိုင်ကြောင်းကို စုရှောင်ရှန် သိသဖြင့် လစ်ထွက်သွားရန် ကြံလိုက်လေသည်။
“ငါ့ကို လက်မှတ်ထိုးပေမယ်ဆို” ထိုမိန်းမပျိုလေးက စိတ်ပြောင်းသွားသည့်အလား မေးလိုက်၏။
စုရှောင်ရှန် မှင်သက်သွားတော့သည်။ ‘ဟ… ပြောတော့မလိုချင်ပါဘူးဆို ခုတော့ဘာဖြစ်တာ… စိတ်ပြောင်းစိတ်လွှဲလဲ အတော်နိုင်တဲ့ မိန်းမတွေပဲ”
“ဘယ်မှာ ထိုးပေးရမလဲ” စုရှောင်ရှန် မေးလိုက်သည်။
ထို့နောက် သိုလှောင်လက်စွပ်ထဲမှ မှင်တံတစ်ချောင်းကို ထုတ်ယူလိုက်၏။ ၎င်းက သူ၏ ပထမဆုံး ပုရိသတ်လေးပေးထားသော လက်ဆောင်ဖြစ်လေသည်။
“ငါ့မှာ ဘာမှလည်း မပါလာဘူး။ ထားလိုက်တော့ ခန္ဓာကိုယ်ပေါ်မှာပဲ ထိုးပေးလိုက်တော့” မိန်းမပျိုလေးက သူမ၏ လက်ကလေးကို အသာယာမြှောက်ပြီး ကိုယ်ကို ဆွဲမက်စဖွယ်ကောင်းစွာ လှည့်လိုက်လေရာ နတ်သမီးတစ်ပါးအလား ကြည့်၍ လှနေလေ၏။
“ခန္ဓာကိုယ်… ဂလု… ဘယ်နားမှထိုးပေးရမလဲ” စုရှောင်ရှန် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။
“နင်ကြိုက်တဲ့ နေရာမှာပေါ့”
သူမ၏ အသံက ညှို့နေသည့်အလား အလွန် ညုတုတုကလေးဖြစ်နေရာ သူ့အကြောအကျဉ်များကိုတောင် တုန်ခါသွားစေပြီး သတိလစ်မေ့မျောမတတ်ဖြစ်သွားစေ၏။
[ဖျားယောင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
‘ငါသိသားပဲ… ဒီစုန်းမ ငါ့ကို ဖျားယောင်းဖို့ကြိုးစားနေတယ်ဆိုတာ… ဒါပေမယ့် ပျားရည်ထောင်ချောက်ထဲကို ငါဘယ်တော့မှ မကျဘူးကွ’
ထို့နောက်စိတ်ထဲမှ သူမ၏ ညှို့ဓာတ်ကို ခုခံဖို့ တတွတ်တွတ်ပြောနေရင်းက တည်တည်ငြိမ်ငြိမ် ဆိုလိုက်လေသည်။ “လက်မှာဆိုရင်ရော တိုက်တိုက်ဆိုင်ဆိုင်ပဲ ပထမ ပုရိတ်သတ်လေးတုန်းကလည်း လက်မှာ ထိုးပေးလိုက်တာ”
မိန်းမပျိုလေးက ခေါင်းလေးကို အသာစောင်းလိုက်ရာ သူမ၏ နက်မှောင်သော ဆံနွယ်များက ပုခုံးသားများအပေါ်ကျသွားလေသည်။ သို့ဖြင့် လက်ကို ဆန့်ထုတ်ပေးလိုက်၏။
စုရှောင်ရှန် အသက်ပြင်းပြင်းရှိုက်ကာ သူမ၏လက်ကို အသာအယာကိုင်လိုက်လေသည်။ နွေးထွေးပြီး ပျော့အိအိ ခံစားချက်ကို ရလိုက်တော့သည်။
‘ဟင်… ဘာလဲဟ… ဒီစုန်းမက ငါ့ရဲ့ လက်ဖဝါးကို ကလိထိုးနေတာဟ’
[ဖျားယောင်းသွေးဆောင်ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူကြာကြာနေလျှင် မဖြစ်သင့်တာတွေ ဖြစ်တော့မည်ဟု တွေးမိပြီး မှင်တံကို မြှောက်ကာ လက်မှတ်ထိုးရန် ပြင်လိုက်၏။
“ငါရဲ့ နာမည်ကို ထိုးပေးပါ” မိန်းမပျိုလေးက ဆိုသည်။
စုရှောင်ရှန် အံ့အားသင့်သွားသည်။ ‘သူတို့ကိုယ်ပိုင်နာမည်ကို ထိုးပေးဖို့ ပြောသည့် ပုရိသတ်လဲ ရှိပါသေးလားနော်’ သူတွေးလိုက်သည်။
ထို့နောက် သူမ၏ နာမည်ကိုပင် သူမမေးရသေးကြောင်းသတိရသွား၏။ လောက၀တ်မကြေပွန်ခြင်းပေ။
“ကောင်းပြီလေ မိန်းကလေး။ ဒါဆိုနင့်ရဲ့ နာမည်ကို ပြောပြပါ”
ထိုမိန်းမပျိုလေးက သူမ၏ နှုတ်ခမ်းထောင့်ကို လျက်ရင်း ခိုးခိုးခစ်ခစ် ရယ်လိုက်လေသည်။ သူမ၏ လေသံက ဆန်းကြယ်နေ၏။
“လန်ရှင်းရှီ”
ထိုအခိုက်အတန့်၌ နေ့အလင်းအရောင်းကလည်း တိုက်တိုက်ဆိုင်ဆိုင်ကွယ်သွားပြီး လောကကြီးကို အမှောင်ဖုံးလိုက်တော့ကာ လေညှင်းကလေးတိုက်ခတ်သံနှင့် ရွက်ခြောက်တို့ ကြွေသံကိုသာ ကြားနေရလေသည်။
သူမ၏ နာမည် နှုတ်ခမ်းပါးများမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် အချိန်ပင် အေးခဲသလို ၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။ သူ့ကို လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသလို စုရှောင်ရှန် ခံစားလိုက်ရ၏။
‘လန်ရှင်းရှီ… ဒါဆို သူက စုရှင်းရှင်း ငါ့ကိုပြောတဲ့ အတွင်းစည်း (၃၃) ယောက်ထဲက ငါသေချာ ကြည့်ရှောင်ရမယ့် ရန်သူတွေထဲက တစ်ယောက်ပေါ့… လခွမ်း… ပြဿနာတော့ ခွေးချီပြီ… လမ်းမေးတာကို ငါ့ရဲ့ ရန်သူကိုမှ သွားမေးရတယ်လို့… ငါလက်မှတ်ထိုးတာကို လိုချင်တာမဟုတ်ဘူး။ ငါ့အသက်လိုချင် နေတာဟ’ စုရှောင်ရှန် တွေးလိုက်လေသည်။
သူ့စိတ်အတွင်း၌ ခံစားချက်များ အိုးစည်တီးနေသည့်အလား ခံစားလိုက်ရ၏။ သို့သော် သူ့အမူအရာကတော့ တစ်ချက်မှ မပြတ်ပါလေ။
ဆတ်ကတည်း လှည့်ကြည့်လာပြီးနောက် သူတို့ စကားဝိုင်းတစ်လျှောက်လုံး သူမ၏ သတ်ဖြတ်ချင်သော ဖျော့တော့တော့ စိတ်ဆန္ဒလေးကို မြင်ယောင်မိသွား၏။
‘ငါကိုက တုံးတာ… အတွင်းစည်းက ဘယ်နှစ်ယောက်လောက်က ငါ့ကိုသိတာမို့ ငါတစ်ခါမှ မမြင်ဖူးတဲ့လူက ငါ့ပုရိသတ်ဖြစ်လာစရာအကြောင်းလား။ ငါ့ကိုသတ်ဖို့ ငါ့ပုံတွေဘာတွေ ကြည့်ပြီးတော့ ငါ့ကို သိနေတာပဲ ဖြစ်ရမယ်”
အခြေအနေက တကယ်ဆိုးဆိုးရွားရွားကြီး မဖြစ်နေသည့်အချိန်၌ မျက်ခွက်ပြောင်နိုင်သော်လည်း ယခု သူ့အသက်ကို ထိပါးလာသည်ဖြစ်ရာ အသက်ကို ချစ်မြတ်နိုးသူဖြစ်သဖြင့် သူ့ဦးနှောက်က အိုလန်ပစ် အပြေးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရနိုင်လောက်အောင် မြန်မြန်ပြေးလိုက်လေတော့သည်။
မျက်နှာထက်၌လည်း နားရွက်တက်ချိတ်မတတ်အပြုံးကြီးဖြင့် သူမ၏ မှောက်ခုံဖြစ်နေသော လက်ကလေးကို လှည့်၍ ဖြန့်လိုက်ပြီး ဘားမှ မဖြစ်သည့် အလား မှင်တံကို တင်ရန်ပြင်လိုက်လေသည်။
“လန်ရှင်းရှီတဲ့။ နာမည်က လှတယ်နော်”
သို့မှ နာမည်ရေးတော့မည့်အချိန် ဖျော့တော့တော့ အပြုံးကလေးဖြင့် မော့ကြည့်ရင်းဆိုလိုက်သည်။ “ဟုတ်တယ်မလား လန်ရှင်းရှီ။ တော်ကြာမှ မှားနေမှာ စိုးလို့”
“ခစ်ခစ်” လန်ရှင်းရှီ ပါးစပ်ကိုကာရင်း တစ်ခစ်ခစ် ရယ်မောလိုက်သည်။ သူမကို ကြည့်ရသည်မှာ ကျီဆယ်နေသည့် အလားပင်။
သူရှေ့မှ စုရှောင်ရှန်က တကယ် တော်တဲ့ လူတစ်ယောက်ဖြစ်တာတော့ ၀န်ခံရပေမည်။ ကံဆိုးတာက သူနှင့် မည်သို့မှ ရှေ့ထပ်ဆက်လို့မရတော့ခြင်းပေ။ သူမ ခေါင်းကိုညိတ်ပြလိုက်သော်လည်း စိတ်ထဲ၌ သင်္ကာမကင်းဖြစ်သွားလေသည်။
‘သူ… နည်းနည်းတွန့်သွားသလားလို့… ဒါဆို ငါဘယ်သူလိုဆိုတာ သိသွားပေမယ့် ဆက်ဟန် ဆောင်နေတာ ဖြစ်ရမယ်… ငါသူ့ကို ရှင်းပစ်လိုက်ရမလား… ဟင် နေဦး… သူရပ်သွားပေမယ့် ငါ့လက်ကို ကိုင်လိုက်သေးတာပဲမလား… ငါအထင်မှားနေတာနေမှာပါ။ ငါ အတွင်းစည်းထိပ်သီး(၃၃) ယောက်ထဲက လန်ရှင်းရှီရဲ့ လက်ကို မကိုင်ဘဲ ဘယ် ယောက်ျားက ခုခံနိုင်မှာလဲ… ငါ့လက်ကို ကိုင်လိုက်လို့ တွန့်သွားတာနေမှာပါ’
စုရှောင်ရှန်ကို သတ်ရမလား မသတ်ရဘူးလား လန်ရှင်းရှီ တွေဝေသွား၏။
‘ငါဘယ်သူလဲဆိုတာသိရဲ့သားနဲ့ ငါ့ကိုလာလှည့်စားရဲရင်တော့…. ဟင်း… မထူးပါဘူး သူ့ကို သတ်ပြီးမှဘဲ ဒီကိစ္စကို စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနကိုသွားပြီး အပြင်စည်းဂိုဏ်းသားက အတွင်းစည်းကို ၀င်လာလို့ လုပ်လိုက်ရပါတယ်ဆိုပြီး ပြောလိုက်တော့မယ်။ အလွန်အကျွန်လုပ်မိတဲ့အတွက် အပြစ်လေးနည်းနည်းပေးခံရတော့ရော ဘာဖြစ်လဲ’
သို့သော် ဟဲယွဲ့ရှင်း ဘာဖြစ်သွားသလဲကို ပြန်တွေးမိသောအခါ ထပ်၍ တွေဝေသွားလေသည်။
‘ဒီစုရှောင်ရှန်ကို တစ်ယောက်ယောက်က နောက်ကနေ ကြိုးကိုင်ကာကွယ်နေတယ်ထင်တယ်… လုပ်ကြံဖို့ကြိုးစားတာတောင် ဒီလောက်ဖြစ်နေတာ ပေါ်တင်ကြီးသတ်လိုက်မယ်ဆိုရင် ငါ ပြဿနာကြီးကြီးတက်သွားနိုင်တယ်… ဒါပေမယ့် ငါဒီလို အခွင့်အရေးကြီးကို လက်လွှတ်ခံလိုက်ရမှာလား’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
အသိပေးချက်ဖန်သားပြင်က ဆက်တိုက် အသစ်ဖြစ်ပေါ်လာနေခဲ့ပြီး စုရှောင်ရှန်လည်း ဤအချင်းအရာကြောင့် မှင်သက်သွားလေတော့သည်။ စိတ်ပိုင်းဆိုင်ရာ ထိုးစစ်မျိုးကို အလွန်မုန်းတီးပါသည်။ သို့သော်လည်း ရေလိုက်ငါးလိုက် လိုက်လုပ်ပေးလိုက်ရ၏။
“ရပြီ ပြီးပြီ”
စုရှောင်ရှန် လက်မှတ်ထိုးပြီးနောက် မှင်တံကို ပြန်ယူလိုက်လေသည်။ မလွှတ်ချင်သေးသည့် အကြည့်မျိုးဖြင့် သူမ၏ လက်ကို ဖြေးဖြေးချင်း လွှတ်ပေးလိုက်၏။
“လန်မိန်းကလေး တွေ့ရတာ ၀မ်းသာပါတယ်။ ဒီနာမည်လေးက ငါတို့နှစ်ယောက်ကို ချိတ်ဆက်ပေးမယ့်အရာလေးပဲ။ အနာဂါတ်မှာ အခွင့်ကြုံလာရင် လန်မိန်းကလေးနဲ့ ထပ်တွေ့ချင်ပါသေးတယ်”
ထို့နောက် ညကောင်းကင်ယံကို မျှော်လင့်နေသော အကြည့်ဖြင့် “အချိန်လည်းနှောင်းနေပြီဆိုတော့ ငါလည်း နေရာသွားရှာလိုက်ဦးမယ်။ နို့မို့ဆိုရင် ဒီည ခေါင်းချစရာနေရာမရှိဖြစ်တော့မှာ”
မသိလျှင် သူ့ကိုကြည့်လိုက်လျှင် အပြင်ပန်း၌ ယဉ်ကျေးသိမ်မွေ့သည့်အလား ထိုထက်ပို၍ မဆိုတော့သော်လည်း စိတ်အတွင်းထဲ၌တော့ တောင့်တ နေသည့်လူနှင့်တူ၏။
လန်ရှင်းရှီသူမ၏ လက်ဖဝါးပေါ်မှ နာမည်ကို အသာအယာထိလိုက်ရင်း စုရှောင်ရှန် ပြုမူနေသည်ကို ကြည့်လိုက်သည်။ သူဟန်ဆောင်နေသလားဟု ဖောက်၍ မမြင်နိုင်ဖြစ်နေလေသည်။
“ဒါဆိုလဲ သွားပါရှင် နောက်မှ တွေ့ကြတာပေါ့” စုရှောင်ရှန်ကို လက်ဝှေ့ရမ်းရင် သူမနှုတ်ဆက်လိုက်လေသည်။ သို့သော် ထိုစကားနောက်မှ သူမကိုယ်သူ စိတ်ထဲမှ ပြောလိုက်၏။
‘အဲ့ဒီ တောင်ကနေ အသက်ရှင်လျှက် ပြန်ထွက်လာနိုင်ရင်ပေါ့…’