Switch Mode

Chapter – 102

ကျုပ်ရဲ့ ခြေလှမ်းတွေက နယ်မြေကြီး ငါး နယ်မြေကိုပါ လှမ်းမှာ

အပိုင်း (၁၀၂) ကျုပ်ရဲ့ ခြေလှမ်းတွေက နယ်မြေကြီးငါးနယ်မြေကိုပါ လှမ်းမှာ

စုရှောင်ရှန် မကျေမချမ်းခံစားလိုက်ရ၏။

‘အခု ဆော်ပလော်တီးခံရတော့မှာလား’ သူတွေးလိုက်သည်။

အကြီးအကဲစန်း သူ့ကို စူးစူးရှရှ ကြည့်လိုက်ပြီးနောက် “မင်းထွင်ထားတဲ့ နည်းစနစ်က ကောင်းပါတယ်။ ဒါပေမယ့် ထိန်းချုပ်ပြီး ကောင်းကောင်း အသုံးပြုနိုင်ဖို့ဆိုရင် အနည်းဆုံးတော့ စစ်မှန်ခြင်းနယ်ပယ်ကို ရောက်ဖို့လို့လိမ့်မယ်”

ထို့နောက် စုရှောင်ရှန်ကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ စက်စုပ်ရွံရှာမှုများကို ဖုန်းကွယ်မထားပါချေ။ “မင်းရဲ့ ကျင့်ကြံခြင်းနယ်ပယ်က နိမ့်လွန်းတယ်”

ထိုသို့ကြားလိုက်ရမှသာ စုရှောင်ရှန် စိတ်သက်သာရာ ရသွား၏။ ‘ကဲ့ရဲ့ချင်သလောက် ကဲ့ရဲ့ ဆော်ပလော်မတီးရင်ပြီးရော’ သူတွေးလိုက်သည်။

“ကျပ်ကိုယ်တိုင်တောင် အဆင့်တက်တဲ့ နေရာမှ မြန်တယ်လို့ပြော‌လို့ရနေတာ” ဆိုသည်။

သူပြောလိုက်သော်လည်း သူ့ဟာသူ နေရခက်နေသည်။ အဆင့်တက်မြန်တာကမှန်သလို ကျင့်ကြံခြင်းနယ်ပယ်ကတော့ နိမ့်သေးတာလည်းမှန်၏။

သေခြင်းတံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာတာ ခုဆို လ၀က်လောက်သာရှိသေးလေသော်လည်း အဆင့်(၃) ကနေ အဆင့်(၉) ထိ တစ်ချက်တည်း တက်သွားပြီလေပြီ။ သို့တောင် အဆင့်မတက်အောင် ဖိနှိပ်ထားခဲ့ရင်းမှ ဖြစ်လေသည်။ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်မတည်ငြိမ်မှာ မစိုးရိမ်‌ပါက ယခုဆို စစ်မှန်ခြင်းနယ်ပယ်လောက်ရောက်နေလောက်၏။

သူ့တွင် အချိန်တွေအများကြီးရှိသေးရာ လောနေဖို့မလိုပါပေ။ စုရှောင်ရှန်က “အလျင်မလို ဖြေးဖြေးမှန်မှန်အောင်ပွဲခံ” ဆောင်ပုဒ်ကို လက်ကိုင်ဆောင်ထားသူဖြစ်ရာ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် (၁၀) ဆင့်လုံးကို အုတ်မြစ်ခံမာအောင် လုပ်ရန်ကြံထား၏။ အဆီအနှစ်မရှိဘဲ လှပသည်ကို မလိုချင်ပါပေ။

အကြီးအကဲစန်း စုရှောင်ရှန်၏ ခေါင်းထဲ၌ ဖြစ်ပျက်နေသည်များကိုမသိပါ။ သူသိသည်က စုရှောင်ရှန်၏ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) က အလွန် နိမ့်သည်ဆိုသည်ကိုပင်။

အတွင်းစည်းမှ ကလေးများနှင့် အရင်းအမြစ် ပြိုင်လုချင်ပါက အနည်ဆုံးတော့ စုရှောင်ရှန်လည်း စစ်မှန်ခြင်းနယ်ပယ်၌ ရှိနေသင့်ပေလေသည်။ မဟုတ်ပါက အတားအဆီးကို ကျော်ဖြတ်ရင်းက နောက်ထပ် အတားအဆီးနှင့်သာ တွေ့ရပေလိမ့်မည်။

“ငါစောန ထွက်သွားတုန်းက ‘ထျန်းရွှမ်း တံခါး’ ၀င်ခွင့် တစ်နေရာကို မင်းအတွက်ရအောင်ယူလာပေးတယ်။ ဒီနေ့ကစပြီး (၃) ရက်နေရင် သွားရမယ် ပြင်ထား။ အဲ့ဒီမှာရှိတဲ့ သိပ်သည်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်က မင်းကို စစ်မှန်ခြင်းနယ်ပယ်ထိ ရောက်အောင်လုပ်ပေးလိမ့်မယ်”

“ထျန်းရွှမ်တံခါး ဟုတ်လား။ ဘာကြီးတုန်း” စုရှောင်ရှန် ပဟေဠိဖြစ်သွားသည်။

အကြီးအကဲစန်း ခေါင်းညိတ်ပြီး ဆက်၍ “အဲ့တာ ထျန်းစန်းနန်းတော်ပိုင်တဲ့ လျှို့ဝှက်နယ်ပယ် တစ်ခုပဲ။ တစ်နှစ်မှာတစ်ကြိမ်ဖွင့်ပြီး အတွင်းစည်းထဲကိုအသစ်၀င်လာတဲ့သူတွေနဲ့ အတွင်းစည်း ထိပ်သီး(၃၃) ဦးထဲ အသစ်၀င်လာသူပေါင်းကိုမှ (၁၀) ဦးစာပဲ နေရာရှိတယ်… ဒါက အတွင်းစည်းထဲကို ၀င်ခွင့်ရတဲ့ ဂိုဏ်းသားတွေရတဲ့ ပထမ ခံစားခွင့်ပဲ။ အရေးကြီးတယ် မှတ်ထား… သာမန်ဆို မိုးတိမ်လေပြိုင်ပွဲရဲ့ ဗိုလ်ဖြစ်တဲ့ မင်းလည်း အတွင်းစည်းကို၀င်ခွင့်ရခဲ့ရင် လျှို့ဝှက်နယ်မြေထဲကို ၀င်ခွင့်ရမှာ။ ဒါပေမယ့်…”

အကြီးအကဲစန်းက အရင်ရယ်လိုက်ပြီး ခေါင်းကိုခါရင်း ဆက်ပြောလိုက်သည်။ “မင်းကို ချောက်ချလိုက်ကြတယ်”

“ကျုပ်ကို ချောက်ချတယ် ဟုတ်လား”စုရှောင်ရှန် အံ့အားသင့်သွားသည်။

၎င်းက အကြီးအကဲကျောက်ပြောသည်နှင့် နည်းနည်း ကွာသည်။ ထိပ်သီးပိုင်းက သူ့ကျင့်ကြံခြင်းအဆင့်နိမ့်သေးသောကြောင့် အဆင်သင့်မဖြစ်သေးဟု သတ်မှတ်ကာ အတွင်းစည်းသို့ ၀င်ခွင့်မရခြင်းမဟုတ်ပါလား။

“ဟုတ်တယ်… အများကို သူတို့ပြောတာတော့ မင်းရဲ့ ကျင့်ကြံမှုနယ်ပယ်က မမြင့်သေးလို့ပေါ့။ ဒါလည်းမှန်ပါတယ်။ ဒါပေမယ့် မင်းရဲ့ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်က အဲ့လစ်လပ်တဲ့နေရာကို ဖြည့်ပေးထားတာ သိနိုင်တယ်… ဒါပေမယ့် ဒီ‌နှစ် အတွင်းစည်းကို ၀င်တဲ့ဦးရေက များနေတယ်။ လေးဦးလား ငါမှတ်မိသ‌လောက်ဆို။ မင်းကိုပါ ထည့်တွက်လိုက်ရင် ထျန်းရွှမ်တံခါး၀င်ခွင့်က ငါးနေရာတောင်ပါသွားမှာ… အတွင်းစည်းထိပ်သီး (၃၃) ယောက်ထဲကို အသစ်၀င်လာတဲ့ သူက ဒီနှစ်(၁၀) ယောက်တောင်ရှိတယ်ဆိုတော့ (၁၀) နေရာ၀င်ခွင့်အတွက် ယှဉ်ပြိုင်မှုက ဘယ်လောက် ပြင်းထန်မလဲ စဉ်းစားကြည့်… ဒါကြောင့် အကြီးအကဲခုံက လူတွေက မင်းကို ဖြုတ်ချပြီး အတွင်းစည်းကို၀င်ခွင့်မပေးလိုက်တာ။ အဲ့တော့ ထျန်းရွှမ်း၀င်ခွင့်တစ်နေရာကို လစ်လပ်သွားတာပေါ့”

စုရှောင်ရှန် အလွန်ဒေါသထွက်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

၎င်းက ၀င်ခွင့်တစ်နေရာကို ‌အကွက်ချ လုယူခြင်းဆိုတာထက်ပိုလေသည်။ သူကအဆင်ပြေသေးသည်။ သို့‌သော် သူ့နေရာ၌ အခြားသူတစ်ဦးဆိုပါက ထိုသူ ဘ၀ပျက်သွားနိုင်ပေလေသည်။ အပြင်းစည်း၌ တစ်နှစ်တိတိ နောက်ကျကျန်နေခဲ့ပါက အခြားသူများကို မှီအောင်လိုက်နိုင်တော့မည်မဟုတ်ပေ။

စိတ်ဝိညာဉ်ကျင့်ကြံခြင်းကမ္ဘာကြီးက ရှေးရေးကိုမျှော်တွေး၍ မလုပ်တတ်ကြပေ။ မျက်စိရှေ့၌ ရှိနေသော အကျိုးအမြတ်ကိုသာမြင်တတ်ကြ၏။ ၎င်းက နိယာမ တစ်ခုလိုဖြစ်နေသည်။

အကြီးအကဲစန်း ခပ်သဲ့သဲ့ရယ်ရင်းဆိုသည်။ “ဒေါသလည်းမထွက်နဲ့ စိတ်မကောင်းလည်းဖြစ်နဲ့။ သာမန်ဆို ထျန်းစန်းနန်းတော်မှာ ဒါမျိုးဖြစ်ခဲတယ်။ မင်းအလှည့်ကြမှ ဖြစ်တာဆိုတော့ ကံကောင်းပြီး ထီပေါက်တာပဲ”

စုရှောင်ရှန် စွံ့အသွားလေသည်။

‘ကံကောင်းတယ်ဟုတ်လား။ ကျုပ်က ကျေး‌ဇူးတင်ရမှာလား အဲ့တော့’ သူတွေးလိုက်သည်။

အကြီးအကဲစန်းက လေးလေးနက်နက် ထပ်လောင်း၍ “ဒါပေမယ့် စိတ်ဝိညာဉ်နန်းတော်ကနေ ထွက်သွားတဲ့ အချိန်ကြရင်တော့ ကမ္ဘာကြီးထဲမှာ ဒါမျိုးဖြစ်ပျက်နေတာကို နားနဲ့မဆံ့အောင်ကြားရလိမ့်မယ်။ ဒါလောကရဲ့ နိယာမတစ်ခုပဲ… ဒီတော့ မင်းသာ လုံလုံလောက်လောက်မသန်မာဘဲ အသိအမှတ်ပြုတာမခံရရင် ဘယ်လောက်ကြိုးစား ကြိုးစား ထိပ်ပိုင်းကလူတွေအတွက်တော့ မင်းက စွန့်ပစ်လို့ရတဲ့ အမှိုက်ပဲ… ဒီတော့ ထိပ်ပိုင်းကလူတွေမကောင်းရင် အောက်ခြေကလူတွေက ခံရတာပေါ့။ ကမ္ဘာကြီးက ကောင်းမွန်တဲ့နေရာကြီးမဟုတ်ဘူး။ သက်ရှိတိုင်း မတရားခံကြရတာပဲ”

“ဘယ်သူမှ မင်းက ကြိုးစားပါတယ်ဆိုပြီး သနားနေမှာမဟုတ်ဘူး။ နယ်ရုပ်က တစ်သက်လုံးနယ်ရုပ်ပဲ။ မင်းရဲ့တက်လမ်းကို ကံကြမ္မာကြီးက သတ်မှတ်ပြီးသွားပြီ။ မင်းအောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ အထက်ပိုင်း နတ်ဘုရားတွေနဲ့ပဲ သက်ဆိုင်လိမ့်မယ်… ဒီတော့ နယ်ရုပ်လေးဘ၀မှာတော့ အသုံးချခံရတာကိုက ကံကောင်းတယ်လို့သတ်မှတ်ပေါ့။ ဒါတွေက မထူးဆန်းတော့ဘူး”

အကြီးအကဲစန်း စုရှောင်ရှန်၏ လက်သီးဆုပ်ကို ကိုင်ကာ ညှစ်လိုက်ရာ သူ၏ ဆုပ်ထားသောလက်သီး ပြေလျော့သွား၏။

“အပြင်ဘက်က ပါရမီရှင်တွေက နှစ်တစ်လျှောက်မှာ ဘယ်သူမှ မချိုးဖောက်နိုင်တဲ့ လှောင်အိမ်တွေကို ချိုးဖောက်နိုင်လို့ဆိုပြီး ဘ၀ခိုက်နေကြတာ။ သူတို့ကိုယ်သူတို့ လွတ်လပ်တဲ့လူတွေလို ‘ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ’ ဆိုပြီး အော်ကြီးအော်ကျယ်လုပ်နေကြတာ… ဒါပေမယ့် နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်‌ဆုံးသွားတော့ အဲ့ဒီ ပါရမီရှင်ဆိုတဲ့ သူတွေက ဘယ်ရောက်သွားကြပြီလဲ။ သမိုင်းကတော့ ဆက်နေမှာပဲ။ အဲ့ထဲမှာ အမှတ်ချန်ထားနိုင်ခဲ့ မချန်ထားနိုင်ခဲ့ဆိုတာပဲ အရေးကြီးတယ်။ ဒီပါရမီရှင်ဆိုတဲ့ သူတွေက အမှတ်မပြောနဲ့ အစက်တစ်စက်ကလေးတောင် မချန်နိုင်ခဲ့ဘူး”

ထို့နောက် စုရှောင်ရှန်ကို အလေးအနက်ကြည့်ကာ ဆိုသည်။ “ဒီလို အခွံသာရှိပြီး အသားမရှ်ိတဲ့လူတွေလိုတော့ မင်းမဖြစ်လာပါစေနဲ့လို့ ငါမျှော်လင့်တယ်”

စုရှောင်ရှန်အသက်ပြင်းပြင်းရှိုက်လိုက်သည်။ ဘာပြန်ပြောရမှန်းမသိရာ အကြီးအကဲစန်း၏ အရေတွန့်နေသော လက်ကိုသာ ငုံ့ကြည့်နေလိုက်၏။

အကြီးအကဲစန်း ခံစားချက်ပြင်းပြစွာ ဆက်၍ “ငါ့ပေးချင်တဲ့ အကြံဉာဏ်ကတော့ တကယ်မသန်လာသေးခင်မှာ အကောင်းဆုံး နယ်ရုပ်ဖြစ်အောင်လုပ်… အနည်းဆုံးတော့ မင်းက ထိန်းကျောင်းနိုင်တဲ့ နယ်ရုပ်တစ်ခုလို့ အထက်ကလူတွေ ထင်ပစေပေါ့… နားလည်လား”

စုရှောင်ရှန် အသာအယာ ခေါင်းညိတ်လိုက်သည်။

‘ခင်ဗျားပြောတာ ကျုပ်နားလည်ပါတယ်… လက်ကို တအားမညှစ်ပါနဲ့’

“လွှတ်” စုရှောင်ရှန် ရုန်းလိုက်သည်။

အကြီးအကဲစန်း မကျေမနပ်ဖြစ်သွားပြီးတွေးလိုက်သည်။ ‘အချိန်ကုန်ခံပြီးမင်းကို ဆုံးမနေတာကို မင်းက ကလန်ကဆန်လုပ်နေတယ်’

အကြီးအကဲစန်း မကျေမနပ်ဖြစ်လွန်းလို့ အသက်ရှူနှုန်းပါမြန်လာခဲ့ပြီး စုရှောင်ရှန်၏ လက်ကို အားကုန် ဆောင့်လွှတ်လိုက်သည်။

သူ့လက်များကိုပွတ်ရင်း အကြီးအကဲစန်း၏ ညှစ်နိုင်အားကို လေးစားသွားသည်။ အရှင်သခင်နယ်ပယ်ရှိလူများအားလုံး ထိုကဲ့သို့ပဲလား…။

ဒါမှမဟုတ် အရှင်သခင် နယ်ပယ်အထက်ကလို့ ပြောရမလား…။

အကြီးအကဲစန်း၏ ဆုံးမစကားကို စုရှောင်ရှန် ရင်ထဲအသဲထဲထိ မှတ်ထားလိုက်သည်။ ထိုအဖိုးကြီးသူ့ကို ငရဲမီးတောက်အစေ့ကျွေးတုန်းက ပြန်မခုခံနိုင်သကဲ့သို့ အကြီးအကဲခုံက လူတွေရဲ့ ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်ပေ။

သို့သော် ၎င်းက အရေးပါသည်လော။

‘ငါ စုရှောင်ရှန်က လွယ်လွယ်နဲ့ အနိုင်ယူခံမယ် ထင်နေတာလား… မသေစေတဲ့အရာက ပိုသန်မာလာတယ်တဲ့။ ငါ စုရှောင်ရှန်အတွက် ဒါတွေက အရေးမပါဘူး… ရှေ့ဆက်ရမယ့် ဘ၀ကြီးက အရှည်ကြီးပါ။ အဖိုးကြီးပြောတဲ့အတိုင်း နေရာတိုင်းမှာ လှောင်အိမ်တွေ ရှိတယ်ဆိုရင်လည်း တစ်ခုပြီးတစ်ခု ချိုးဖျက်ပစ်မယ်”

၎င်းကို အကြီးအကဲစန်းနှင့် ဆရာတပြည့်ဖြစ်လာ‌သည့်နေ့၌လည်း ပြောခဲ့ဖူးလေသည်။ ၎င်းကို အလေးအနက်ပြောခြင်းဖြစ်ပါသည်။

ထို့နောက် ဦးနှောက်ကို အလုပ်ပေးလိုက်ကာ စဉ်းစားပြီးနောက် ဆိုသည်။ “ကျုပ် အဲ့တာနဲ့ပတ်သက်ပြီး မစိုးရိပ်ပါဘူး။ အဆင့်တက်တာမြန်လို့ စိတ်ပူနေတာ။ အဆင့်(၉) တောင်မနေ့ကမှ တက်သွားတာ… ထျန်းရွှမ်တံခါးဆိုတာကြီးကို ၀င်ပြီး စစ်မှန်ခြင်းနယ်ပယ် ရောက်သွားရင် အခြေခံအုတ်မြစ် မတည်မငြိမ် မဖြစ်ဘူးလား”

အချိန်အကြာကြီး သူ့ကို အနှောက်အယှက်ပေးနေသည့် သူအကြီးမားဆုံး ပူပန်မှုကြိးကို အကြီးအကဲစန်းများ အလင်းပြပေးနိုင်မလား မျှော်လင့်၍ ပြောပြလိုက်၏။ စုရှောင်ရှန်ပြောသည်ကိုကြားသော် အကြီးအကဲစန်း ပါးစပ်ဟောင်းလောင်းဖြစ်‌သွားတော့သည်။

‘မင်းရဲ့ အခြေခံအုတ်မြစ်က မတည်ငြိမ်မှာစိုးတယ်ပေါ့… ဟာသလာလုပ်နေတာလဲ’ တွေးလိုက်သည်။ အကြီးအကဲစန်း ဒေါသထွက်သွားပြီး တစ်ချိန်တည်း၌လည်း ရယ်ချင်သွားသည်။

‘မင်းက စစ်မှန်ခြင်းနယ်ပယ်က ကောင်တွေကို ဖြတ်ရိုက်ပြီး ဗိုလ်ဆွဲသွားတဲ့ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်က ကောင်။ ပြီးတော့ မူလနန်းတော် နယ်ပယ်နဲ့ ဗလာနယ်ပယ် အတွင်းစည်းက ကလေကချေတွေကိုလည်း သတ်လိုက်သေးတယ်။ ဒါတောင် အခြေခံအုတ်မြစ် မတည်ငြိမ်မှာစိုးတယ်လို့ လာပြောနေသေးတယ်… ဘာလဲ မင်းရဲ့ အခြေခံအုတ်မြစ်က အရှင်သခင်နယ်ပယ်တွေကို သတ်နိုင်မှ တည်ငြိမ်သွားမှာလား’ အကြီးအကဲစန်း တွေးတောလိုက်သည်။

အကြီးအကဲစန်း အသက်ပြင်းပြင်းရှိုက်ကာ စုရှောင်ရှန်၏ အမေးကို ပြန်ဖြေလိုက်သည်။ “အပြင်စည်းက ဂိုဏ်းသား (၁၈၀၀) ကျော်ထဲမှာ မင်းတစ်ယောက်ဘဲ စတင်ခြင်းနယ်ပယ်နဲ့ ဗိုလ်ဆွဲသွားတာ။ ဘာမတည်မငြိမ်ဖြစ်မှာကို စိုးရိမ်နေတာလဲ”

စုရှောင်ရှန် ခေါင်းခါရိမ်းလိုက်ပြီး “ကျုပ်ကိုကျုပ်သူတို့နဲ့ နှိုင်းယှဉ်နေတာမဟုတ်ဘူး”

အကြီးအကဲစန်း၏ မျက်၀န်းထဲ၌ ချီးမွန်းသလိုလို အရောင်တောက်ပလာပြီး “အရှုံးသမားတွေနဲ့ မနှိုင်းယှဉ်ဘူး။ မင်းနဲ့ငါနဲ့ ဒီအပိုင်းမှာတော့ တူတယ်”

စုရှောင်ရှန် စွံ့အသွားသည်။ ‘ကျုပ်ပြောချင်တာ အဲ့လို မဟုတ်ဘူးလေ။ ကျုပ်စကားကို လျှောက်လိုရာမဆွဲနဲ့’

ထို့နောက် မျက်နှာဖုံးတပ်လူနှင့် ရဲ့ရှောင်ထျန်းတို့ စကားဝိုင်းကို ပြန်မြင်ယောင်ကြည့်လိုက်သည်။ ‌သူသေသေချာချာ မှတ်မိနေသေး၏။

“တစ်ချို့လူတွေက စစ်မှန်ခြင်းနယ်ပယ်ကိုရောက်တာနဲ့ အရှင်သခင်နယ်ပယ်တွေကို တိုက်ခိုက်နိုင်နေပြီ တစ်ချို့က စစ်မှန်ခြင်းနယ်ပယ်နဲ့တောင် အရှင်သခင်တွေကို သတ်နိုင်နေပြီ… ကျုပ်မှာ ဒီလို ခွန်အားမျိုးခုမရှိဘူးလို့ထင်တယ်” စုရှောင်ရှန် ပြန်ဖြေလိုက်သည်။

အကြီးအကဲစန်း မျက်စောင်းထိုးလိုက်ကာ “မင်းက စိတ်ဝိညာဉ်အဆင့်(၉) မှာပဲရှိသေးတာလေ ဘာတွေဖြစ်ချင်နေတာလဲ…”

“ကျုပ်လည်းမသိဘူး။ အဲ့ဒီညက မျက်နှာဖုံးတပ်နဲ့လူပေါ်လာပြီး ကျုပ်ကိုဖမ်းချင်တော့ အဲ့လို ဖြစ်ရမယ်လို့ တွေးမိတာပေါ့”

အကြီးအကဲစန်းမှင်သက်သွားသည်။ စုရှောင်ရှန် အမှန်တကယ် ဤသို့ ဖိအားများခံစားနေရမည်ဟု မထင်ထားပါ။

“ငါမင်း ကာကွယ်နိုင်ပါတယ်”

“တစ်သက်လုံး ကာကွယ်နိုင်မှာမလို့လား” စုရှောင်ရှန် တည်တည်ငြိမ်ငြိမ် ဆိုလိုက်သည်။

“မင်းသူတို့လို့ဖြစ်ချင်တာလား”

“မဟုတ်ဘူး…” စုရှောင်ရှန် ရပ်သွားသည်။ ထို့နောက် ခိုင်ခိုင်မာမာ ဆက်၍ “သူတို့ကို ဖိနှိပ်ပြီး ပိုတော်ချင်တာ”

ထို့နောက် နီညိုရောင်သန်းလာသော ညနေကောင်းကင်ကြီးကို ပြူတင်းပေါက် အနားမှ ရပ်ကြည့်လိုက်၏။

“ဒီကုန်းမြေကြီးမှာ နယ်‌မြေကြီး(၅)ခု ရှိတယ်လို့ပြောတယ်မလား”

“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”အကြီးအကဲစန်း သူ့ကို ကြည့်လိုက်သည်။

စုရှောင်ရှန် ညလေညှင်းထဲ၌ ရပ်နေရင်းက ပြင်းပြသော စိတ်ဆန္ဒများကို နှလုံးသား၏ အောက်ခြေမှ ခံစားလိုက်ရလေသည်။

“ကျုပ်ရဲ့ ခြေလှမ်းတွေက ထျန်းစန်းမှာဘဲ မဟုတ်ဘူး နယ်မြေ ငါးခုမှာပါ ခြေချမှာ”

Comment

Leave a Reply

Options

not work with dark mode
Reset