Switch Mode

Chapter – 101

အဇာတသတ်

အပိုင်း (၁၀၁) အဇာတသတ်

စုရှောင်ရှန် လက်သီးကိုဆုပ်လိုက်တဲ့အခါ လက်ထဲရှိ မီးတောက်အစေ့ ပျောက်သွားပြီး လက်ပြန်ဖွင့်လိုက်သည့်အခါ ပို၍ တောက်ပသော အစေ့တစ်ခု သူ၏ လက်မထက်၌ ပေါ်လာ၏။

အကြီးအကဲစန်း၏ မျက်လုံးထဲ၌ နားမလည်နိုင်မှုတို့ပေါ်လာတော့သည်။ ၎င်းက တည်ငြိမ်နေရမည့်အစား အချိန်မရွေးပေါက်ကွဲထွက်သွားနိုင်သည့်အလား ရုန်းရင်ဆန်ခတ်ဖြစ်နေလေသည်။ သို့ဖြင့် အရင်တစ်ခုကထက်တောင် ပို၍ ‌ကြောက်ဖို့ကောင်းနေတော့သည်။

သို့သော် စုရှောင်ရှန်၏ လက်မပေါ်၌ ၎င်း၏ ခက်ထန်သည့် သဘာ၀နှင့်ဆန့်ကျင်အောင် မရွေ့မလျားရှိနေလေသည်။ ပေါက်ကွဲမည့်ဟန်မရပါပေ။ စုရှောင်ရှန်က ပါရမီပါတာ အကြီးအကဲစန်းသိသော်လည်း ဤမျှထိ ပါရမီပါလိမ့်မည်ဟုတော့ မထင်ချေ။

စုရှောင်ရှန် မီးတောက်အစေ့ကို သိပ်သည်းနိုင်တာကိုက အံ့အားသင့်စရာကောင်းနေပြီဖြစ်သော်လည်း ၎င်းကို ‌ယခုလောက်ထိ ထိန်းချုပ်နိုင်ခြင်းက အထင်ကြီးသည်ဟူသော စကားဖြင့်ပင် ဖော်ပြ၍ မလုံလောက်တော့ချေ။

“လက်ငါးချောင်းပေါ်က ငရဲမီးတောက်”

ထိုနာမည်အရတော့ ဤနည်းစနစ်က ထိုမျှလောက်နှင့် ပြီးဆုံးမည့်ဟန်မရပေ။

ရှဲ

အကြီးအကဲစန်း ကောက်ချက်တွေချနေစဉ် စုရှောင်ရှန်၏ လက်ညိုးဆန့်ထုတ်လိုက်ရာ နောက်ထပ်အစေ့တစ်စေ့ပေါ်လာ၏။ ထိုမီးစေ့နှစ်စေ့အကြားရှိ အကွာအဝေးက လက်ချောင်းနှစ်ခုကြားမှ အကွာအဝေးဖြစ်ရာ သာမန်ဆို မီးလျှံများမတည်မငြိမ်ဖြင့် ပေါက်ကွဲလောက်ပြီးပေပြီ။ သို့သော် စုရှောင်ရှန် အလျင်အမြန် စွမ်းအင်ကိုပြန်လျော့လိုက်ရာ ထိုမီးစေ့နှစ်ခု ငြိမ်ကျသွား၏။

အကြီးအကဲစန်း၏ မျက်နှာထက်၌ အထင်ကြီးမှုများ အထင်းသားပေါ်လာပြီး “မဆိုးဘူး ဆက်ပါဦး”

စုရှောင်ရှန် နဖူးပေါ်မှ ချွေးစေးများကိုသုတ်လိုက်ပြီး လက်ခလယ်ကိုပါ ထောင်လိုက်ရာ မီးစေ့တစ်စေ့ထပ်ပေါ်လာလေသည်။

ရှဲ

အစေ့(၃) စေ့အကြား စွမ်းအင်လှိုင်းများ စွဲညှိုမှုများဖြစ်ပေါ်လာပြီး ၎င်းတို့မှ ထုတ်လွှတ်နေသည့် အရှိန်အဝါက အင်မတန် ကြောက်မက်ဖွယ်ရာကောင်းသွားတော့သည်။ စွမ်းအင်ကို ကြိုတင်ပြင်ဆင်ထားသည့်အတွက် စွမ်းအင်ထိန်ညှိနိုင်လိုက်လျှင်တောင် အနည်းငယ်တော့ ခံစားလိုက်ရသေးသည်။

အစေ့များအပြင်းအထန် တုန်ခါလာပြီး သူ့လက်သည်းထိပ်များကို အနက်ရောင် ဖြစ်အောင် လောင်ကျွမ်းသွား၏။

၎င်းကိုကြည့်ပြီး စုရှောင်ရှန်၏ “လက်ငါးချောင်းထိပ်ရှိ ငရဲမီးတောက်” က စိတ်ဝိညာဉ်စာကြည့်တိုက်၏ ပြူတင်းပေါက်များကို လွင့်ထွက်သွားစေနိုင်တယ်ဆိုတာ အကြီးအကဲစန်း အယုံအကြည်ရှိသွားသည်။

အစေ့(၃) စေ့မျှသာ ရှိသော်လည်း ၎င်းတို့တွင် ပါ၀င်သော စွမ်းအင်အရ အဖျက်စွမ်းအားတွင် စိတ်ဝိညာဉ်နည်းစနစ် အများစုကိုပင် ကျော်လွန်သွားပြီဖြစ်လေသည်။ ၎င်းကို တစ်စုံတစ်ယောက်၏ ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်ပါက မည်သည်ဖြစ်သွားမည်ကို သိနိုင်လေသည်။

အကြီးအကဲစန်း စုရှောင်ရှန်ကို ရပ်ရန်ပြောလိုက်တော့မည့်အချိန် စုရှောင်ရှန်၏ အာရုံစူးစိုက်နေသော အချင်းအရာ‌ကိုတွေ့ရာ ပါးစပ်ပြန်ပိတ်လိုက်၏။ အစက စုရှောင်ရှန်လည်း ရွီးချင်ခြင်းသက်သက်သာဖြစ်သည်။ သို့သော် မထင်မှတ်ထားစွာ လျှောက်လုပ်နေရင်း ဉာဏ်အလင်းပေါက်သွားပြီး ဤသို့ ကြောက်စရာကောင်းလာခဲ့တော့၏။

စောနက အစေ့နှစ်စေ့ ပွတ်တိုက်ပြီး ပေါက်ကွဲထွက်သွားတာကို သူ့‌တွေ့လိုက်ရပြီးဖြစ်သော်လည်း အဖျက်စွမ်းအားက ဤသို့ နီးကပ်လာသောအခါ ပို၍ ကြောက်မက်ဖွယ်ရာကောင်းလာမည်ဟု မထင်ထားပါပေ။

‘‌အဖိုးကြီးလည်း ဒီမှာရှိတယ်ဆိုတော့ ခပ်ကြမ်းကြမ်းလေး စမ်းကြည့်ရအောင်။ ပြဿနာတစ်ခုခု ဖြစ်လာရင်လဲ သူရှိတာပဲ’ တွေးလိုက်သည်။

အကြားအမြင်ဖြင့် အကြီးအကဲစန်းကို ချောင်းကြည့်လိုက်ရာ စိတ်၀င်စားနေသော အမူအရာကိုတွေ့သဖြင့် စိတ်ပိုင်းဖြတ်လိုက်၏။ ၎င်းကိုဆက်၍ လေ့လာဆန်းစစ်မှုပြုလျှင် “အဆင့်နိမ့်မီးဘောလုံး” ထက်ပို ကြမ်းလာမည်ကို ခပ်ရေးရေးလေး သူမြင်နိုင်နေသည်။

အောင်မြင်သွားပါက ထိုနည်းစနစ်က သူ့ရဲ့ အကြီးမားဆုံး ဝှက်ဖဲဖြစ်လာလိမ့်ပေလိမ့်မည်။

စတုတ္ထုတစ်ခု…။

နောက်ထပ် အစေ့တစ်ခု သူ့လက်သူကြွယ်၌ တောက်ပလာခဲ့သည်။

“ဟုတ်ပြီကွ”

လက်သူကြွယ်ပေါ်ရှိ ထိုမီးတောက်က သိသိသာသာ အားပိုနည်းကာ ပိုသေးလေပြီး ကျန်(၃) ခုလောက်လည်း ခက်ထန် ရုန်းရင်းကြမ်းတမ်းမှု မရှိလေပေ။

ဘာဖြစ်တာလဲ…။

စုရှောင်ရှန် ပဟေဠိဖြစ်သွားချိန် သူ့ခန္ဓာကိုယ် အားနည်းလာတာကို သတိထားမိလိုက်လေသည်။ သို့မှသာ သူ၏ စိတ်ဝိညာဉ်အနှစ်များ ခမ်းခြောက်လာခြင်းကို သိလိုက်ရ၏။

‘လခွမ်း… ငါ့မှာ အကန့်အသတ်နဲ့ စိတ်ဝိညာဉ်စွမ်းအင်အနှစ်ရှိတာမေ့နေတယ်’ သူတွေးလိုက်လေသည်။

နောက်စက္ကန့်ပိုင်းအတွင်း မီးတောက်အစေ့များအပေါ် ထိန်းချုပ်မှုကင်းလွတ်သွားကာ ပထမ အစေ့(၃) စေ့ မတည်မငြိမ်ဖြစ်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အစေ့(၄) စေ့လုံး အပြင်းအထန် တုန်ခါလာပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါတို့ကို ပိုအားကောင်းစေလိုက်တော့သည်။

“ချီး”

စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ထိုအစေ့(၄) စေ့စလုံးကို ပြူတင်းပေါက်ဘက်သို့ ပစ်လ်ိုက်လေသည်။ သို့ရာ ထိုဦးတည်ရာဘက်၌ အကြီးအကဲစန်းရပ်နေသည်ဖြစ်ရာ အစေ့လေးစေ့ စလုံး အကြီးအကဲစန်း၏ မျက်နှာပေါ်သို့ ဦးတည်သွားတော့သည်။

ဟင်…။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

အကြီးအကဲစန်းလည်း စုရှောင်ရှန်၏ မီးစေ့များအတွင်း၌ နစ်မျောအထင်ကြီးနေလေသည်။ ဤနည်းစနစ်က တကယ်ကို တစ်ခါမှ မမြင်ဖူးသလို အသစ်ဖြစ်၏။ သို့ဖြင့် စုရှောင်ရှန် ပဉ္စမမြောက်မီးတောက်အစေ့ကို သိပ်သည်းတာကို မျှော်လင့်ချက်တကြီး စောင့်စားနေ‌လိုက်လေသည်။

သို့သော် မည်သည့် သတိပေးချက်မှ မပြုဘဲ စုရှောင်ရှန်က သူ့ကို အစေ့(၄) စေ့ဖြင့် ပစ်ပေါက်လိုက်မည်ဟု မထင်ပါချေ။ သို့သော် အကြီးအကဲစန်း ထိုမီးစေ့များကို ကြောက်ရွံ့ခြင်းမရှိပေ။

‘ဘာလဲဟ… ကိုယ့်ဆရာကို အငိုက်ဖမ်းပြီး ပြန်သတ်နေတာလား” တွေးလိုက်သည်။

အကြီးအကဲစန်း ချက်ခြင်း နောက်သို့လှန်ချလိုက်ရာ သူ၏ ခမောက်က လေထဲ၌ လွင့်ပျံသွားလေသည်။ အစေ့(၃) စေ့က ‌ခမောက်ကို ဖောက်ထွင်းပြီး ပြူတင်းပေါက်အပြင်ဘက်သို့ ထွက်သွား၏။ စက္ကန့်ပိုင်းအတွင်း ကောက်ရိုးခမောက်တစ်ခုလုံး ပြာပါမကျန် လောင်ကျွမ်းသွားလေသည်။

နောက်၌ ကျန်ရစ်နေသော အားနည်းသည့် မီးတောက်အစေ့က ဖြေးဖြေးချင်းပျံသန်းလာရာ တိုက်တိုက်ဆိုင်ဆိုင် အကြီးအကဲစန်း၏ နှာခေါင်းထဲ၀င်သွား၏။

ဘာလဲဟ…။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

အကြီးအကဲစန်းဒေါသထွက်သွားပါသော်လည်း နေရာ၌ ပေါက်တော့ မပေါက်ကွဲသွားပါပေ။ သူ့အသက်က ပို၍ အရေးကြီးသည်မဟုတ်ပါလား။ ဆုံးမအောဝါက နောက်မှ ချလို့ရလေသည်။

အကြီးအကဲစန်းကိုယ်တိုင်ကလည်း ငရဲမီးတောက်ကောင်းကင်မီးလျှံကို နှစ်ချို့အောင် အသုံးပြုလာသည့်သူဖြစ်ရာ ဤလောက် မီးလျှံလေးကိုတော့ အေးဆေး သန့်စင်နိုင်မည်ဟု ယူဆထား၏။

အခြား တစ်ဘက်၌…။

သူ့ဆရာ၏ နှာခေါင်းထဲသို့ မီးတောက်အစေ့၀င်သွားသည်ကို မြင်လျှင် စုရှောင်ရှန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေသည်။

‘ဒီအဖိုးကြီးက မရှောင်နိုင်လိုက်ဘူးဟ… ချီး။ မထင်မှတ်ထားစရာပဲ… ဒီတ်ိုင်း အတွေးလေလွင့်နေတာလားဘာလား… ငါ‌တောင် ငါ့တိုကွက်ကို ပြန်ကြောက်နေရလို့ လေမလွင့်ရဲဘူး… သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ’ တွေးလိုက်သည်။

စုရှောင်ရှန် တွေဝေမနေဘဲ ချက်ခြင်း အသက်ရှူခြင်းနည်းစနစ်ကို အသုံးပြုပြီး မီးတောက်အစေ့ကို ရှိုက်လိုက်၏။

‘ငါသာမြန်မယ်ဆိုရင် မီးတောက်အစေ့… လခွမ်း ဘာအနံ့ကြီးလဲဟ… နံလိုက်တာ… အော့’

စုရှောင်ရှန် ပျို့တက်သွားကာ အကြီးအကဲစန်း၏ ခန္ဓာကိုယ်လည်း ရုတ်တရက် တုန်ခါသွားပြီး ဗိုက်ထဲ၌ ပေါက်ကွဲသံသဲ့သဲ့ကလေးကို ကြားလိုက်ရ၏။

ပေါက်ကွဲသွားသေးတယ်လား…။

သူတို့နှစ်ဦးတစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။ တိတ်ဆိတ်မှုက ထင်မထားလောက်အောင် ကြီးစိုးနေတော့၏။

အကြီးအကဲစန်း၏ ပါးစပ်အနည်းငယ် ဖောင်းသွားသလိုလို ရှိသော်လည်း ချက်ခြင်း နဂိုမူလအတိုင်းပြန်ဖြစ်သွား၏။ သို့သော် အကြီးအကဲစန်း၏ လည်သီးအနည်းငယ်လှုပ်သွားတာကိုတော့ စုရှောင်ရှန် တွေ့လိုက်ရသည်။

‘လခွမ်း… သွေးတွေ မျိုချလိုက်တာလားဟ’

အကြီးအကဲစန်းကို ဒဏ်ရာရစေလိုက်သည်ဟု တွေးမိပြီး စုရှောင်ရှန် မယုံကြည်နိုင်မှုတို့ဖြင့် တုန်လှုပ်သွားလေသည်။

အကြီးအကဲစန်းလည်း တစ်ကိုယ်လုံး တုန်လှုပ်နေ၏။ နာကျင်မှုကြောင့်တော့မဟုတ်ရဘဲ ဒေါသကြောင့်ဖြစ်လေသည်။ သူ့အစွမ်းနှင့်ဆိုပါက ဗိုက်ထဲသို့ မီးစေ့ရောက်သွားသည်ဆိုစေငြား ချက်ခြင်း သန့်စင်နိုင်လိမ့်မည်ဖြစ်၏။

သို့သော် စုရှောင်ရှန်၊ မိစ္ဆာကောင်က မီးတောက်အစေ့ကို ရှိုက်လိုက်ရာ သူ့စိတ်ဝိညာဉ်အနှစ်များပါ ပလုံးပထွေးဖြစ်သွားပြီး ထိန်းချုပ်မှုလွတ်ကင်းသွား၏။ ၎င်းက စက္ကန့်ပိုင်းမျှသာဆိုသော်လည်း မီးတောက်အစေ့ကို သန့်စင်နိုင်သည့် အခွင့်အရေးကို ဆုံးရှုံးသွားလေသည်။

သူ့ခန္ဓာကိုယ်ကိုသာ ကောင်းမွန်စွာ ကျင့်ကြံထားခြင်းမဟုတ်ပါက ထျန်းစန်းနန်းတော် ၎င်း၏ လက်ထောက်မှူးကို ယခု ဆုံးရှုံးသွားရ‌နိုင်၏။

“ခင်ဗျား ဒဏ်ရာ ရသွားတာလား” စုရှောင်ရှန် တုန်လှုပ်စွာမေးလိုက်သည်။

သူ့တုန်ရင်နေသော ခန္ဓာကိုယ်နှင့် ဒေါသတို့ကို ဖိနှိပ်ရန်အလို့ငှာ အကြီးအကဲစန်း အသက်ပြင်းပြင်းရှိုက်လိုက်၏။ တပြည့်ရင်းရှေ့၌ မျက်နှာမပျက်ရလေအောင် ထိန်းချုပ်ရလေမည်။

ကိုယ့်တပြည့်ကြောင့် ပထမ သင်ခန်းစာ၌ သေဆုံးသွားရသည့် ဆရာမျိုးကို ကြားတောင်မကြားဖူးချေ။ ဒေါသဖြင့်ပေါက်ကွဲပါကလည်း ဆရာတစ်ယောက်၏ သိက္ခာကျပေသည်။ အကြီးအကဲစန်း နောက်လှည့်ပြီး သိုလှောင်လက်စွပ်ထဲမှ ကောက်ရိုးခမောက်တစ်ခုကို ထုတ်ယူကာ စောင်းလိုက်တော့၏။

“အဓိပ္ပာယ်မရှိတာ။ စကားကို ကြည့်ပြော”

အကြီးအကဲစန်း စကားပြောပြီးသည်နှင့် အပြင်ဘက်မှ လေညှင်းလေးတိုက်ခတ်လာရာ သယ်ဆောင်လာသော သွေးနံ့များကို စုရှောင်ရှန် အနံ့ရလိုက်လေသည်။

အခြေအနေက ကသိကအောက်ဖြစ်လာလေသည်။ သူ့ဆရာ၏ မျက်နှာဖုံးကိုခွာချရအောင်‌လည်း စုရှောင်ရှန် ကျေးဇူးမသိတတ်မဟုတ်ရပါ။ ဤကိစ္စကို မသိသလိုနေလိုက်သည်က အကောင်းဆုံးဟု တွေးလိုက်၏။ မဟုတ်ပါက တစ်နာက နှစ်နာဖြစ်သွားနိုင်လောက်သည်။

ဟီးဟီး…။ အခြေအနေကို ကသိကအောက် မဖြစ်စေရအောင် စုရှောင်ရှန် ကြိုးစား ရယ်လိုက်သည်။

ဟီးဟီး…။ အကြီးအကဲစန်းလည်း မျက်နှာမပျက်စေရန်အလို့ငှာ ပြန် ရယ်ပြလိုက်လေသည်။

ကလေးရှက်တော့ငို၊ လူကြီးရှက်တော့ ရယ်ပေသည်။

သူတို့ကြားရှိ အခြေအနေက ပို၍ တိတ်ဆိတ်သွားပြီး ပို၍… ကသိကအောက်ဖြစ်သွား၏။

စုရှောင်ရှန်၏ မျက်ခုံးများလှုပ်သွားသည်။ ဘာပြောရမှန်းမသိဖြစ်နေလေသည်။ အခြားသူများရှေ့၌ သောက်ခွက်ပြောင်နိုင်သော်လည်း သူ့ဆရာအရှေ့၌တော့ လုပ်ရဲသည့် သတ္တိမရှိပါပေ။

“အဲ့တာဘာလဲ” အကြီးအကဲစန်း လှည့်မကြည့်လိုက်ပါပေ။

အသက်ရှူခြင်းနည်းစနစ်ကိုများ အကြီးအကဲစန်းသိသလားဟု စုရှောင်ရှန် ဂနာမငြိမ်ဖြစ်သွား၏။

“နည်းစနစ်တစ်ခုပါ” စုရှောင်ရှန် မရှင်းမလင်းပြောလိုက်သည်။

“အိုး… နည်းစနစ် ဟုတ်လား…” အကြီးအကဲစန်း ဘာဆက်ပြောရမှန်းမသိ တိတ်ဆိတ်သွား၏။

အကြီးအကဲစန်း သူ့ အသက်ရှူခြင်းနည်းစနစ်ကို စိတ်၀င်စားသည်မဟုတ်ဘဲ အခြေအနေကို ကသိကအောက်မဖြစ်စေရန် ကြိုးစားနေခြင်းဖြစ်သည်ကို သဘောပေါက်လိုက်ရာ စုရှောင်ရှန် ထရယ်လုမတတ်ဖြစ်သွား၏။ သူကပဲ ဆက်၍ ဆိုလိုက်သည်။ “ဆိုတော့ ကျုပ် ဆေးအဆီအနှစ်တွေကို ထပ်ထုတ်ရမှာလား…”

“ဟုတ်သား အဆီအနှစ်…”

“…” စုရှောင်ရှန် စွံ့အသွားတော့သည်။

အကြီးအကဲစန်းနောက်ဆုံးတော့ သတိပြန်လည်လာကာ စုရှောင်ရှန်ကို ကျောမပေးထားတော့ချေ။ မျက်နှာချင်းပြန်ဆိုင်ပြီး ပြောလိုက်၏။

“အဆီအနှစ်ထုတ်တာကို ခဏထားလိုက်ဦး။ ငါပိုပြီးအရေးကြီးတာ ပြောစရာရှိတယ်”

Comment

Leave a Reply

Options

not work with dark mode
Reset