Switch Mode

Chapter – 99

ကြောက်ဖို့ အကောင်းဆုံး ရန်သူက မင်း မမြင်နိုင်တဲ့ ရန်သူပဲ

အပိုင်း (၉၉) ကြောက်ဖို့ အကောင်းဆုံး ရန်သူက မင်း မမြင်နိုင်တဲ့ ရန်သူပဲ

အကြီးအကဲစန်း၏ လက်များမှာ အင်္ကျီစများထဲ၌ ဖြစ်၏။ သူ၏ လက်ချောင်းများဖြင့် လောင်မြိုက်နေသော မမြင်နိုင်သည့် မီးလျှံများကို အသာလေး ငြိမ်းလိုက်၏။

အကြီးအကဲကျောက်က စကားစသည့်သူဖြစ်သည်။ “စုရှောင်ရှန် ဘယ်မှာလဲ ရန်သူ”

ဘာရန်သူလဲဟ…။

စိတ်ဝိညာဉ်နန်းတော်ကိုများ နောက်ထပ် ရန်သူတွေ ၀င်တိုက်သလားဟု တွေးမိပြီး စုရှောင်ရှန် ပဟေဠိဖြစ်သွားသည်။ ဘာတွေဖြစ်နေကြတာလဲ…။

လေထဲ၌ ပျံဝဲနေသော ရဲ့ရှောင်ထျန်းက အကြီးအကဲကျောက်ကို စိုက်ကြည့်လိုက်၏။ စုရှောင်ရှန်ကို သူတို့ စကားစပြောခိုင်းသင့်လေသည်။ အကယ်၍ သူပြောသည်များက သူတို့ ပြောသည်နှင့် တူလျှင် စုရှောင်ရှန်နှင့် ယခုကိစ္စဘာမှ မသက်ဆိုင်ဟု ယူဆနိုင်မည်ဖြစ်သည်။ မဟုတ်ပါက ပြဿနာကို အရင်းမှ ကျူပင်ခုတ် ကျူငုတ်ပါမချန် ခုတ်ပစ်‌ရပေမည်။ သို့ဖြင့် အကြီးအကဲကျောက်စကားစပြောလိုက်ခြင်းက စုရှောင်ရှန်ကို ကြပ်တည်းသော အခြေအနေမှ ထွက်ခွင့်ပေးလိုက်၏။

အကြးအကဲကျောက်လည်း မကြောက်မရွံ့ ရဲ့ရှောင်ထျန်းကို ပြန်ကြည့်လိုက်သည်။ အကြီးအကဲကျောက်ဆိုလိုချင်သည်က ရှင်းလင်းသည်။ မည်သူက သူတို့လို လူလေးယောက်၏ ဆုံးဖြတ်သလိုလို အကြည့်မျိုးကိုခံနိုင်ပါလိမ့်မည်။ စုရှောင်ရှန်က ကလေးတစ်ယောက်သာဖြစ်သေးချေသည်။

အကြီးအကဲကျောက်ပြောလာပြီဆိုမှတော့ ကျောက်ကျစ်တုံ့လည်း သူ့ကိုယ်သူ ထိန်းချုပ်မနေတော့ပါချေ။ “ငါတို့ လက်ဟန်နဲ့ ဆက်သွယ်လိုက်သေးတယ်လေ။ မင်းပြောတော့ ပြန်ပေးသမားတစ်ယောက်က မင်းကို ဓားစားခံလုပ်ထားတာပါဆို”

လက်ဟန်နဲ့ဟုတ်လား…။

စုရှောင်ရှန် မှင်သက်သွားသည်။ ဘာလက်ဟန်လဲ…။

ဘယ်အချိန်တုန်းက ‌ကျောက်ကျစ်တုံ့နဲ့ လက်ဟန်နဲ့ ဆက်သွယ်လိုက်တာလဲ…။

စုရှောင်ရှန်က ဉာဏ်ပြေးလေရာ ထိုလူနှစ်ဦး၏ စကားမှ အရေးကြီးအချက်အလက်ကို ခပ်ရေးရေးလေးသိလိုက်ရသည်။ သို့ဖြင့် သူသိသည့် သဲလွန်စနောက်ကို ရေလိုက်ငါးလိုက်လေး လုပ်သွားလျှင် သူလုပ်လိုက်သည့် ယခု အပြစ်မှ ကင်းလွတ်နိုင်သည် မဟုတ်ပါလား။

ဟုတ်တယ်မလား…။

သူ့အကြည့်က အကြီးအကဲကျောက်နှင့် ကျောက်ကျစ်တုံ့တို့နှစ်ဦးအကြား လယ်သွားသည်။ သူ၏ အကြားအမြင်ကလည်း လူတိုင်း၏ တုန့်ပြန်မှုများကို အချက်အလက်‌အသေးစိတ်ကျကျ ပုံဖော်ပေး၏။

ခက်ထန်သည့် အမူအရာနှင့် ရှောင်ချိစွေက အကြီးအကဲကျောက်ရှိနေသမျှတော့ ကိုင်တွယ်လို့ရသေးသည်။ အကြီးအကဲစန်းက ဘာမှမပြောသော်လည်း သူ၏ ဆရာဖြစ်ရာ တစ်ဘက်တည်း၌ ရှိကြောင်းသိသာသည်။

ရဲ့ရှောင်ထျန်း၊ ဆံဖြူကလေးငယ်ကို သူတစ်ကြိမ်တစ်ခေါက်မျှသာတွေ့ဖူးသော်လည်း နှုတ်နည်းမှန်း တစ်ချက်တည်းဖြင့်သိနေသည်။ သို့သော် အတွင်းစည်း၏ခေါင်းဆောင်နေရာကို ကိုင်တွယ်နေသည့်သူက မလိမ္မာမပါးနပ်ဘဲနှင့် ဘယ်နေမည်နည်း။ သူ့က ကိုင်တွယ်ရန်ခက်ခဲသည့်လူတစ်ယောက်ဖြစ်သည်။

ဤဆံဖြူကလေးငယ်၏ အကြောင်းလည်း ကောင်းကောင်းမသိလေရာ အလျှင်စလို ပြု၍ မဖြစ်ပါချေ။ စုရှောင်ရှန်က အကြောင်းနှင့် အကျိုးကို ဝေဖန်ပိုင်းခြားနိုင်သူဖြစ်သည်။ သို့ဖြစ်၍ စိတ်ရှိသလို လုပ်ဟန်ရသော်လည်း မသေချာဘဲနှင့် မလုပ်တတ်ပါပေ။

စိတ်ဝိညာဉ်စာကြည့်တိုက်၌ ပေါက်ကွဲမှုအသေးလေး‌ဖြစ်သွားစေသည်က မှန်သော်လည်း ထိခိုက်မှုက အနည်းအကျဉ်းမျှသာဖြစ်သည်။ အနည်းဆုံး စာအုပ်စင် ရာဂဏာန်းအနည်းငယ်လောက်နဲ့ သစ်သားစားပွဲတွေ၊ ခုံတွေ ဆုံးရှုံးသွားရုံလောက်ပေါ့။ ဆိုရသော် စားပွဲခုံများနှင့် ထိုင်ခုံများအတွက်ကတော့ သူအရော်ပေးနိုင်ပေသည်။

သို့ဖြင့် သူ့အမှားကို၀န်ခံလျှင် ငွေကုန်ကြေးကြမှုဖြင့်သာ ကိစ္စက ပြီးသွားပေလိမ့်မည်။ သို့အစား ၎င်းကို ဖုန်းကွယ်လိုက်ပါက ပေါ်သွားလျှင် ပို၍အပြစ်ကြီးမည်ဖြစ်ကာ သူ၏ ကိုယ်ကျင့်တရားကိုလည်း ထိခိုက်စေလေသည်။

“ဘာရန်သူ၊ ဘာကျုးကျော်သူ၊ ဘာပြန်ပေးသမားမှ မရှိပါဘူး” စုရှောင်ရှန် တည်တည်ငြိမ်ငြိမ် ဆိုလိုက်သည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၅]

စုရှောင်ရှန် မစွံ့အပဲမနေနိုင်ပါတော့ချေ။

ဘာလဲဟ ငါအမှန်တရားကို ပြောနေတာပါ…။

မလိမျပါဘူးဟ…။

“ငါ့ကို ဟာသလာလုပ်နေတာလား” ကျောက်ကျစ်တုံ့ ထိုလူများကဲ့သို့ သိက္ခာမထိန်းရာ သူတို့အားလုံးပြောချင်သည်များကို ကောက်ပြောလိုက်၏။ “အဆောက်အဦးထဲမှာ ဘယ်သူမှ မရှိဘူးဆိုရင် ပေါက်ကွဲမှုကို ဖြစ်စေတာက မင်းလို့ပြောချင်တာလား”

“ဟုတ်တယ်” စုရှောင်ရှန် ခေါင်းညိတ်ပြလိုက်သည်။

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၄]

ဟင်…။

ဘာလို့ လေးယောက်ပဲတုန်း…။

စုရှောင်ရှန် အကြီးအကဲစန်း၏ ကွေးတက်သွားသော နှုတ်ခမ်းများကို သတိထားမိလိုက်သည်။ အဖိုးကြီးကိုကြည့်ရတာ တစ်စုံတစ်ခုကို သိနေသည့်အလား ကောက်ရိုးခမောက်ကို အောက်သို့ အနည်းငယ်ဆွဲချကာ ခေါင်းငုံ့၍ တိတ်တိတ်လေးနေလိုက်၏။

ဟုတ်ပေသည်။ အဖိုးကြီးက စုရှောင်ရှန်ကို ငရဲမီးတောက်‌အစေ့ သန့်စင်ရန် သင်ပေးခဲ့သူဖြစ်ရာ စုရှောင်ရှန် ပြောနေသည်များကို ယုံမည့်သူကလည်း သူတစ်ယောက်တည်းသာဖြစ်ချေမည်။

“အဓိပ္ပာယ်မရှိတာ”

အကြီးအကဲကျောက် စုရှောင်ရှန်၏ ပုခုံးကို ခပ်ပြင်းပြင်းရိုက်လိုက်ပြီး “ကောင်လေး မကြောက်နဲ့။ မင်းရှေ့မှာရှိ‌နေတာ ထျန်းစန်းနန်းတော်က အသန်ဆုံးဆိုတဲ့ တန်ခိုးရှင်တွေပဲ။ တစ်ယောက်ယောက်က မင်းကို ခြိမ်းလားခြောက်လား ပြုထားတယ်ဆိုရင် ငါတို့ကို ဘာမှ စိုးရိမ်စရာမလိုဘဲ ပြောပြလို့ရတယ်”

အကြီးအကဲကျောက်၏ စကားများကို အရင်ကြားဖူးသလား ခံစားရပြီး ခပ်ရေးရေးလေး ရင်းနှီးနေ၏။ အလိုလိုနေရင်း ရှောင်ချိစွေကို သူကြည့်မိသွားသည်။

ရှောင်ချိစွေက အားပေးသည့်အကြည့်မျိုးဖြင့် “ဘယ်ပစ်မှုမှ အပြစ်ပေးမခံရဘူးဆိုတာမရှိဘူး။ တရားမျှတမှုက မကြာခင် အနိုင်ရသွားမှာပဲ။ ငါတို့ကို ပြောလို့ရတယ်”

[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် ကြက်သေသေသွားသည်။ အဘယ်ကြောင့် တရားမျှတမှု ဆောင်ပုဒ်ကို လာရွတ်ဖတ်ပြရသတုန်း။ သို့မှ ဒီစကားဝိုင်းက အလွန်အမင်းရင်းနှီးသည်ဟု ခံစားနေရကြောင်းသိလိုက်ရသည်။

ထျန်းစန်းနန်းတော်အပြင်စည်း၌ ဓားထိပ်သီးရပြီးတဲ့နောက်၌ ဤစကားကို ကြားခဲ့ဖူးခြင်းဖြစ်လေသည်။ ဤနှစ်ယောက်ထိုစဉ်က မရှိသည့်လူတစ်ယောက် ဘယ်သို့ထွက်သွားသနည်းကို ရေကုန်ရေခမ်းမေးခဲ့သည့် အချိန်ဖြစ်၏။

စုရှောင်ရှန်ငိုချင်သွားသည်။ အခြားနေရာ အခြားအချိန်တစ်ခု၌ ဆိုပါက သူတို့ဖြစ်စေချင်သည့်အတိုင်း ကျပန်းအရပ်တစ်ခုခုကို ညွှန်ပြလိုက်မည်ဖြစ်သော်လည်း ရဲ့ရှောင်ထျန်းက ဤနေရာ၌ ရှိနေလေသည်။ စိတ်လိုက်မာန်ပါ မပြုရဲပါလေ။ “ကျုပ်ကျိန်ဆိုပါတယ်။ ဘယ်သူမှ မရှိ…”

သို့သော် အကြီးအကဲစန်းက သူ့ကို ကြား၀င်ဖြတ်လိုက်၏။

“ပေါက်ကွဲမှုက အားကိုကြည့်သလောက်တော့ စိတ်ဝိညာဉ်စာကြည့်တိုက် (၃) လွှာစလုံးကို မီးကျွမ်းသွားစေတာပဲ။ ဒါပေမယ့် ပျက်ဆီးမှုကတော့ နည်းတယ်။ စိတ်ဝိညာဉ်နည်းစနစ်တွေ သိုလှောင်တဲ့ထဲကိုကြည့်ပြီးသွားပြီ တစ်ခုမှ မပျောက်သလို ပျက်လည်းမပျက်ဆီးသွားဘူး။ အချို့ အရေးမပါတဲ့ ပစ္စည်းအနည်းငယ်ပဲ ပျောက်သွားတာ”

“ငါတော့ ဒီလို ယူဆတယ်။ စာကြည့်တိုက်ထဲကို အရှင်သခင် နယ်ပယ်လောက်ရှိတဲ့ မီးဓာတ်ပင်ကိုယ်စွမ်းအင်ရှိတဲ့ ကျူးကျော်သူက၀င်လာတယ်။ ဒါပေမယ့် ရန်သူက သူ့ကျင့်ကြံမှုကိုဖိနှိပ်ထားပြီး ငါတို့ကို နားလည်မှုလွဲစေတာလားဆိုတာမပြောနိုင်ဘူး ဒါကြောင့် ငါတော့ ဒီကျူးကျော်သူက ဧကရာဇ် အဆင့်လောက်မှာရှိလိမ့်မယ်”

ရဲ့ရှောင်ထျန်း မျက်မှောင်ကျုံ့လိုက်သည်။ ဤကိစ္စနှင့်ပတ်သက်၍ မည်သည့်အရာကမှ မသေချာသေးသော်လည်း အကြီးအကဲစန်းက ကောက်ချက်တွေ ဇွတ်ချနေတော့သည်။ တစ်စုံတစ်ခု မူမမှန်ဟု သူခံစားလိုက်ရ၏။

သို့သော်လည်း ထိုသံသယများကို သတ်လိုက်လေသည်။ ဤအဖိုးကြီက သူ့ကို လက်ပြန်ဆက်ပေးထားသည်မဟုတ်ပါလား။ ထိုစဉ်အကြီးအကဲစန်းပြောသည်များကို ကြားပြီး စုရှောင်ရှန် မှင်သက်သထက် မှင်သက်လာတော့သည်။

ကျူးကျော်သူ ဟုတ်လား…။

ဧကရာဇ် အဆင့်တဲ့လေ…။

ထို့နောက် သူ့ခေါင်းပေါ်၌ မီးသီးတစ်လုံးပေါ်လာပြီး အကြီးအကဲစန်းက အကြပ်အတည်းထဲကနေ လွတ်မြောက်အောင်လုပ်ပေးနေတာ သိလိုက်ရလေသည်။

သူ့အထင်အမြင်က အဖိုးကြီး‌ ခက်ထန်စွာမေးလာသည့် အမေးကြောင့် ပို၍ သေချာသွားတော့သည်။ “အဲ့ဒီကျူးကျော်သူ ဘယ်ရောက်သွားတာလဲ”

စုရှောင်ရှန် တုန်ရင်နေသော လက်ဖြင့် ကြုံရာကျပန်း ဦးတည်ဘက် တစ်ရပ်သို့ လက်ညိုးထိုးပြလိုက်တော့၏။

ဘာလို့လဲ…။

ဘာလို့ သူ့ကို ဆက်တိုက် လိမ်ခိုင်းနေကြတာလဲ…။

အကြီးအကဲစန်း တစ်စက္ကန့်ခန့် တုန့်ဆိုင်းသွားပြီးနောက် အမိန့်ပေးလိုက်၏။ “ကျောက်ကျစ်တုံ့ မင်းရဲ့ လူတွေကို စုပြီး တစ်နေရာမှမချန် မြေလှန်ပြီးရှာ။ ကျောက်ကျန်းရှီနဲ့ ရှောင်ချိစွေက ကျူးကျော်သူရဲ့ ခြောရာနောက်ကို လိုက်ကြ။ ရဲ့ရှောင်ထျန်းက…”

ဆံဖြူကလေးကယ်ကို အကြီးအကဲစန်း ကြည့်လိုက်ရာ သူ့ကို သံသယဖြစ်နေသည့် အကြည့်ဖြင့် ပြန်ကြည့်သည်ကို တွေ့လိုက်ရလေသည်။

“မင်းလည်း ရှောင်ချိစွေတို့နဲ့ အတူ ကျူးကျော်သူနောက်လိုက်သွားလိုက်” အကြီးအကဲစန်း အသေအချာပြောသည်။ မည်သူမှ သူ၏ လေးနက်နေသော မျက်နှာကိုမြင်ပြီး လိမ်လည်နေသည်ဟု ထင်ကြမည်မဟုတ်ပေ။ “ဒါက သူတော်စင်အစေအပါးရဲ့ လက်ချက်မဟုတ်ဘူးလို့လည်း မပြောနိုင်ဘူး။ ငါတို့ သတိကြီးကြီးထားရမယ်”

သူတော်စင်အစေအပါးဟူသည့် စကားကြောင့် ရဲ့ရှောင်ထျန်း၏ စိတ်ထဲရှိ သံသယများအားလုံးကင်းသွားပြီး သူ၏ အမူအရာလည်း လေးနက်သွားသည်။

“သူက ငါတို့ကို နန်းတော်ကနေ မျှားခေါ်သွားဖို့ကြံတာလားမသိတာကြောင့် မင်းတို့ ကျုးကျော်သူကိုလိုက်ဖမ်းတဲ့အချိန် ငါနန်းတော်ကို ကာကွယ်ထားမယ်။ လုပ်တော့” အကြီးအကဲစန်းက မည်သည့် ငြင်းခုန်မှုမှ မလိုချင်သည့် ပြတ်သားသည့် လေသံဖြင့်ပြောလိုက်၏။

“ကောင်းပြီ” အနီးအနားရှိ လူတိုင်း တစ်ပြိုင်နက်ဖြေလိုက်ကြပြီး ထွက်ခွာသွားကြလေသည်။

စုရှောင်ရှန် သူ့ရှေ့မှ အဖိုးကြီးကို မလေးမစားဘဲ မနေနိုင်အောင် မှင်သက်စွာ ကြည့်မိလိုက်တော့သည်။

မိုက်တယ်ဟ…။

စကားအနည်းငယ်တည်းဖြင့် အဖိုးကြီးက ကိစ္စတစ်ရပ်လုံးကို ကိုင်တွယ်လိုက်လေသည်။ သူ့အဆိုက ခိုင်မာလေရာ ပြန်လည်ချေပချက်က်ိုတောင် လက်မခံပါချေ။

ကြမ်းတယ်ဟ…။

အကြီးအကဲစန်းကို လေးစားခြင်း၊ အထင်ကြီးခြင်းတို့ဖြင့် မျက်နှာချိုသွေးသည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။

အဖိုးကြီး အသက်ပြင်းပြင်းရှိုက်လိုက်ပြီး နက်မှောင်နေသော အမူအရာဖြင့် စုရှောင်ရှန်ကို မျက်တောင်မခတ်တမ်းကြည့်လိုက်လေသည်။ “ငါထွက်သွားပြီးမကြာပါဘူး မင်းဘာလုပ်လိုက်လဲကြည့်။ ငါက ငရဲမီးတောက်အစေ့ကို ကျင့်ကြံခိုင်းတာ မင်းက စာကြည့်တိုက်ကိုမီးရှို့လိုက်တယ်”

အကြီးအကဲစန်း အားလုံးကို သိတယ်ဆိုတာ စုရှောင်ရှန် သိလေသည်။ သို့ဖြင့် ခေါင်းကိုသာ ရှက်ကိုးရှက်ကန်းကုတ်လိုက်ပြီး ပြန်မဖြေကြားလိုက်ပါပေ။

သူလည်းအကြီးအကဲစန်းခံစားနေရသလို ခံစားနေရသည်သာ။ သူလည်းပဲ ငရဲမီးတောက်အစေ့ကို ကျင့်ကြံချင်ပါသည်။ သို့သော် ကံဆိုးမိုးမှောင်က သူ့ကိုမှ ရွေးကျနေသလား အောင့်မေ့ရလေသည်။

အကြီးအကဲစန်း သူ့ကို ဘဝင်မကျသည့် ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ ကံကောင်းတာက ထိခိုက်မှုအနည်းအကျဉ်းသာ ရလိုက်ပြီး မည်သည့် စိတ်ဝိညာဉ်နည်းစနစ်မှ မီးမလောင်သွားပါချေ။ မဟုတ်ပါက ကြီးမားသည့်ပြစ်ဒဏ်ကို ခံရကိန်းရှိလေသည်။

“ငါလူတိုင်းကို အာရုံလွှဲပြီး အဝေးပို့လိုက်ပြီ။ မင်းငါ့ကို ရှင်းပြချက်တစ်ခုခုတော့ပေးရလိမ့်မယ်။ မဟုတ်ရင်တော့…”

စုရှောင်ရှန် တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားသည်ကို ခံစားလိုက်ရသည်။ သူ့ကို ကြမ်းတမ်းသည့် သတ္တဝါကြီးတစ်ကောင်က ကြည့်နေသည့်အလား ကျောရိုးတစ်လျှောက် စိမ့်စိမ့်တုန်အောင် အေးသွား၏။

မျက်နှာချိုသွေးခြင်းက မအောင်မြင်‌တော့လေရာ အားနည်းသည့်အပြုံးတစ်ခုကို ဆင်းမြန်းလိုက်၏။

“ကျုပ်မှာ ရှင်းပြချက်တစ်ခုရှိပါတယ် ဒါပေမယ့် ပြောသင့်သလား မပြောသင့်သလားတော့မသိဘူး…”

အကြီးအကဲစန်း စုရှောင်ရှန်ကို တတိယအလွှာသို့ ဆွဲခေါ်သွားလိုက်၏။ အစီအရင်က အသက်၀င်လာပြီး သူတို့ ‌စာကြည့်တိုက်နှင့် အပြင်ဘက်ကမ္ဘာကြီးကို ခြားလိုက်လေတော့သည်။ အဖိုးကြီး ကောက်ရိုးခမောက်ကို ပြန်မလိုက်ရာ သူ့အခန်း၏အခြေအနေကို တွေ့မြင်လိုက်ရပြီး သွေးအန်လုမတတ် ဖြစ်သွားလေသည်။

ဆေးမီးဖိုအိုးကြီးက ယခု ဘေးတစ်ဘက်၌ ကြမ်းပြင်ပေါ်တွင် မှောက်ရက်ကြီးရှိနေလေသည်။ ‌နံရံများတွင် ဆေးမီးဖိုအိုးကြီးနှင့် တိုက်မိထားသည့်အလား ချိုင့်ရာကြီးများရှိနေ၏။

အသအချာ စီစီရီရီ ထားထားသော ဆေးပုလင်းများ၊ ဆေးအိုးများလည်း နေရာအနှံ့ပြန့်ကျက်နေကြလေသည်။ မသိလျှင် အခန်းအတွင်း၌ပဲ လေမုန်တိုင်းတိုက်ခတ်သွားသလိုလို အခြေအနေဆိုးနေတော့၏။

အချို့ဆေးပုလင်းများဆို အ၀တ်မပါသည့် မိန်းမပျိုလေးအများအလား ကူကယ်ရာမဲ့စွာ ဆေးလုံးများပွင့်ဖောက်ထွက်ပြီး ကျဲနေလေတော့သည်။ ပြူတင်းပေါက်များလည်း မရှိတော့ရာ လေအေးကလေးက အခန်းထဲသို့ အတားအဆီးမရှိ ‌တိုး၀င်လာတော့လေသည်။ အလွန် လန်းဆန်းစေပေသည်။

အကြီးအကဲစန်း တပြည့်တော်လိုက်တာမှ ဟုတ်ရဲ့လား တွေးမိသွားသည်။ စုရှောင်ရှန် သက်ရှိထင်ရှားရပ်နေသည်မဟုတ်ပါက သူ့အခန်းတစ်ခုလုံးကို သတ္တဝါကြီးတစ်ကောင်ကောင်က ၀င်ရောက် သောင်းကျမ်းသွားသည်ဟု ထင်မိပေလိမ့်မည်။

သူ၏ မျက်ခုံးကျဲကျဲရှိနေသာ မျက်ကွင်းညိုကြီးများကို ကျုံ့ရင်း စုရှောင်ရှန်ကို သတ်ဖြတ်ချင်သလို စိုက်ကြည့်လိုက်၏။ စုရှောင်ရှန်နေရာမှာသာ မစုရှောင်ရှန်ဆိုပါက ထိုသူ သေနေပေလောက်ပြီ။

စုရှောင်ရှန်၏ ခန္ဓာကိုယ် တုန်တုန်ရင်ရင်ဖြစ်လာကာ လိမ္မာဖျော့တော့သောအသံဖြင့် ဆို၏။ “ကျုပ်လည်း မီးကို တတ်နိုင်သလောက် လိုက်ငြိမ်းနေသော အခန်းရှင်းဖို့ အချိန်မရလိုက်ဘူး”

“လခွေးလား။ ငါအခု ဖြေရှင်းချက်လိုချင်တယ်… အခု” အကြီးအကဲစန်း၏ ဟိန်းသံကြီး ဟီး‌သွားလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset