အပိုင်း (၉၈) စိတ်မပူပါနဲ့ အေးဆေးပါ
အခန်းတစ်ခုအတွင်း၌ သစ်သားစားပွဲဝိုင်းလေးတစ်ခုရှိပြီး တစ်ဖက်တစ်ချက်စီ၌ လူလေးဦးထိုင်နေကြ၏။ ကြမ်းပြင်နှင့် ရှောင်ချိစွေ၏ ဓားထိပ်က ထိထားလေသည်။ သို့ဖြင့် ဓားလက်ကိုင်ကို လက်ချောင်းများဖြင့် ပွတ်နေရင်းမှ မျက်မှောင်ကုပ်ပြီး အကြီးအကဲစန်းကိုမေးလိုက်၏။ “စုရှောင်ရှန်ကို ခင်ဗျား တပြည့်အဖြစ် တကယ် လက်ခံတော့မှာပေါ့”
“ဟုတ်တယ်… ငရဲမီးတောက်စားပြီးတာတောင် အသက်ဆက်ရှင်နေမှတော့ ကံကြမ္မာစေလိုရာပေါ့ … မင်းလည်းသိပါတယ် မဟုတ်ဘူးလား” အကြီးအကဲစန်းက သေရည်တစ်ကျိုက်မော့ပြီးနောက် ဆိုလိုက်သည်။
အလှည့်ကျထုတ်ပယ်ပွဲတုန်းက စုရှောင်ရှန် ပ်ြိုင်ကွင်းထဲသို့ ဝုန်းဒိုင်းကျဲ၀င်လာပြီး ရှောင်ချိစွေကို တောင်းဆိုသည့် ကိစ္စကို အကြီးအကဲစန်းပြောနေခြင်းဖြစ်သည်။
ရှောင်ချိစွေတိတ်ဆိတ်သွားသည်။
စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒကို ဖော်ပြလိုက်ကတည်းက စုရှောင်ရှန်ကို ရှောင်ချိစွေ တပြည့်အဖြစ် လက်ခံလိုခြင်းဖြစ်သည်။ သို့သော် စုရှောင်ရှန်၏ အလွန်အမင်း စိတ်တိုဒေါသထွက်စေသော တမူထူးခြားသည့် ပြောဆိုပြုမူပုံများကို မြင်ယောင်မိသော် သူဘာလုပ်လုပ် လူသားမျိုးနွယ်စုကို အန္တရာယ်ပေးမည့် ကပ်ဘေးတစ်ခုဖြစ်လာမည်ဟု ကောက်ချက်ချနေမိတော့သည်။
ရှောင်ချိစွေ စိတ်အလိုကိုလိုက်ကာ မစွန့်စားရဲချေ။ သို့သော် သူတုန့်ဆိုင်းနေသည့် အချိန်အတွင်း အကြီးအကဲစန်းက စုရှောင်ရှန်ကို တပြည့်တော်လိုက်သည်ဟု ကြားလိုက်ရ၏။
“စုရှောင်ရှန်က…” ရှောင်ချိစွေ ရပ်တန့်သွားပြီး အချိန်အတော်ကြာ သင့်လျော်သည့်စကားကို ရှာလိုက်ရပြီးနောက် “… လူထူးဆန်းတစ်ယောက်ပဲ”
“မင်းစိတ်ပူလို့လား” အကြီးအကဲစန်း ခေါင်းကိုကုတ်လိုက်သည်။ စုရှောင်ရှန်ပြောသော သူ၏ ရေချိုးသည့်အိုးကြီးကို ပြန်မြင်ယောင်မိပြီး ပါးစပ်လှုပ်သွားသည်။
“ထူးဆန်းတဲ့ စိတ်ရှိတာကောင်းပါတယ်။ ဒီအဖိုးကြီး ကြည့်နေသ၍တော့ ဘာပြဿနာမှ မဖြစ်စေရဘူး… သူ ပြဿနာရှာလို့ကိုမရစေရဘူးကွာ”
ရှောင်ချိစွေ၏ ပုခုံးကို ထုပြီး ကျောက်ကျန်းရှီ တဟားဟား ထရယ်လိုက်သည်။ “မင်းကိုငါ တွေဝေမနေပါနဲ့လို့ ပြောသားပဲ။ ခုတော့ တစ်ယောက်ယောက်က ဦးသွားပြီ”
ရှောင်ချိစွေ နှာခေါင်းရှုံ့လိုက်ပြီး “ငါလည်း သူ့ကို တပြည့်တော်ဖို့ ဆန္ဒမရှိပါဘူး။ စုရှင်းရှင်းတစ်ယောက်နဲ့တောင် လက်မလည်ဖြစ်နေတာ”
“တကယ်လား စုရှောင်ရှန်လည်း မဆိုးပါဘူး။ မင်းတကယ် တပြည့်မတော်ချင်ဘူးပေါ့”
စုရှောင်ရှန်နှင့် ပတ်သက်၍ သူသိသည်များကို ကျောက်ကျန်းရှီ စဉ်းစားကြည့်လိုက်သည်။ ငန်းရေကန်၌ ဓားကိုလွှဲကာ အမြဲ တစ်ယောက်တည်း လေ့ကျင့်နေတတ်သော လူငယ်လေး သူ့စိတ်ထဲ၌ ပေါ်လာ၏။
ယခင် နနှစ်၊ သုံးနှစ်လောက်က ငန်းရေကန်ကိုသွားပြီး ဆူးဖြိုးဖြိုးငန်းကြီးများကို ချက်ပြုတ်ဖို့သွားရွေးသည့်အခါတိုင်း ထိုဇွဲရှိရှိလေ့ကျင့်နေသော ကောင်လေးကို အမြဲတွေ့ရတတ်လေသည်။ သို့ဖြင့် သူတို့ နှစ်ဦး ရင်းနှီးသွားပြီး စုရှောင်ရှန်ကို ငန်းသားပင် ခဏခဏ ကျွေးလိုက်သေးသည်။
စုရှောင်ရှန်၏ အလုပ်ကြိုးစားခြင်းကို သဘောကျ၍ သူမှလွဲ၍ စည်းကမ်းကြီးကြပ်ရေးဌာနမှ လူတိုင်းသူ၏ အထူးစပယ်ရှယ် ထူးခြားသော ချက်ပြုတ်စွမ်းရည်ကို မြည်းဖူးကြလေသည်။
အပင်စိုက်ရင် အသီးစားရတယ်ဆိုသလို နောက်ဆုံး (၃) နှစ်ကြာပြီးနောက်တော့ စုရှောင်ရှန်၏ အနည်းအကျဉ်းသာ တိုးတက်မှုရှိသော ဓားသမားလမ်းစဉ်က အသီးအပွင့်တို့ ဖူးပွင့်ကုန်ကြပြီး စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒဖြင့် မိုးတိမ်လေပြိုင်ပွဲကိုတောင် ဗိုလ်ဆွဲသွားခဲ့၏။ သူ၏ အောင်မြင်မှုများက ဇွဲနပဲရှိရှိ လုံ့လစိုက် ကြိုးစားခြင်းကြောင့်ဆိုတာ မေးခွန်းထုတ်စရာတောင်မလိုပေ။
စုရှောင်ရှန်၏ ပွဲနှစ်ပွဲကိုကြည့်ပြီးနောက် ရိုးသားမှန်ကန်စွာပြောရလျှင် တကောင့်သား၏ တိုက်ခိုက်သည့်ပုံစံက လှလှပပ ဖြစ်လာသည်ဟု ဆိုရမည်။ သူ၏ ချစ်စရာကောင်းလောက်အောင် တက်တက်ကြွကြွရှိသည့် ပင်ကိုယ်စရိုက်ကြောင့်လည်း ၎င်းက ခန်းမှန်းနိုင်လို့မရသလို စိတ်လှုပ်ရှားစရာလည်း ကောင်းသွားသည်။
ထိုသို့တွေးမိပြီး ကျောက်ကျန်းရှီ တဟားဟား ထရယ်လိုက်တော့သည်။ သူတောင် ပြန်ငယ်သွားချင်လိုက်၏။
“ဟားဟားဟားဟား”
“လာကြ သောက်ရအောင်” ကျောက်ကျန်းရှီ သူ့ခွက်ကို မလိုက်သည်။ သို့သော် အကြီးအကဲစန်း တစ်ယောက်သာ ခွက်တိုက်၍ တုန့်ပြန်လိုက်၏။ ကျောက်ကျန်းရှီ ဘေးနားက စိုးရိမ်သလိုလို အမူအရာပေါက်နေသော ရဲ့ရှောင်ထျန်းကိုကြည့်လိုက်လေသည်။
“ခင်ဗျား မသောက်ဘူးလား”
ရှောင်ချိစွေက ဓားသမားတစ်ယောက်ဖြစ်သောကြောင့် မသောက်သည်ကို သူသိသည်။ အဘယ်ကြောင့် ရဲ့ရှောင်ထျန်းက မသောက်တတ်သလို အင်တင်တင် ဖြစ်နေပါသနည်း။
ရဲ့ရှောင်ထျန်း သူ့ကို မရွှင်မပြကြည့်လိုက်သည်။ စကားနည်းသည့်သူဖြစ်ရာ ဘာမှ မပြောဘဲ သူ့လက်ကိုသာ ပုတ်ပြလိုက်၏။
အကြီးအကဲစန်း ရယ်သွမ်းသွေးလိုက်ပြီး “မသိဘူးလား ခုမှ သူ့လက်ကို ပြန်ဆက်ထားတာလေ။ ဒါကြောင့် သေရည်သောက်လို့်ရဘူး”
“ဟားဟားဟားဟား” ရဲ့ရှောင်ထျန်း၏ ပြန်ဆက်ထားသော လက်ကို ခပ်နာနာလေး ဆိတ်လိုက်ပြီး “၀ဠ်ပြန်လည်တာ”
ရဲ့ရှောင်ထျန်း နာကျင်မှုကြောင့် ထခုန်ပြီး သူ့လက်ကို ပြန်ဆွဲဆုတ်လိုက်သည်။ သို့နောက် သေရည်သောက်နေသော လူနှစ်ဦးကို ကြည့်လိုက်၏။ ခေါင်းထဲ၌ မိုးခြိမ်းသံအလား ဟိန်းထွက်သွားသော ပေါက်ကွဲသံနှစ်ခုကို ခပ်သဲ့သဲ့လေး သူကြားနေရသေးရာ “တကယ် အဆင်ပြေတယ်ဆိုတာ သေချာလို့လား”
အကြီးအကဲစန်း ငန်းကင် အသားဖက်တစ်ဖက်ကို တူဖြင့် သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး အသံထွက်အောင် ဝါးလိုက်သည်။ “မစိုးရိမ်ပါနဲ့။ အဲ့တာ စုရှောင်ရှန် ငရဲမီးတောက်အစေ့ကို ကျင့်ကြံရင်း အလယ်တည့်တည့်မှာ ပေါက်ကွဲသွားတာနေမှာပါ… စိတ်မပူနဲ့ ငါလည်း တစ်ချိန်တုန်းက သူ့လိုပဲဖြစ်ခဲ့ရတာ… လာလာ ခွက်တိုက်ရအောင်”
ကျောက်ကျန်းရှီသာ သူ့ခွက်ကို မြှောက်လိုက်လေသည်။
ရဲ့ရှောင်းထျန် သူ့ခွက်ထဲရှိ သေရည်များကိုကြည့်ပြီး သောက်ချင်သည့် ဆန္ဒကို ချုပ်တည်းကာ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရတော့သည်။
ရှောင်ချိစွေက မသွေဖယ်သွားပါပေ။ သူတို့သောက်တာကို ဘေးမှထိုင်ကြည့်ခြင်းက သူ့အတွက်တော့ စိတ်ကို သန်မာစေသည့် လေ့ကျင့်ခန်းတစ်ခုဖြစ်လာလေပြီ။ သို့ဖြင့် ခွက်ထိပ်နှစ်ခု တစ်ခုနှင့်တစ်ခု တိုက်မိသွား၏။
ဘုန်းးးးး
စိတ်ဖြင့်ဆက်သွယ်ခြင်းတောင်မဖြတ်သန်းနိုင်သောအခန်းကျဉ်းလေးအတွင်း မိုးခြိမ်းသံအလား အသံကြီး ဟိန်းထွက်သွား၏။ ဤသို့သော အကာအကွယ်အစီအရင် နံရံများမရှိပါက သက်ရောက်မှုက မည်မျှ ပြင်းထန်နိုင်ကြောင်း သိနိုင်သည်။
“ဒါကော စုရှောင်ရှန် ငရဲမီးတောက် အစေ့ကို ကျင့်ကြံနေတာပဲလား” ရဲ့ရှောင်ထျန်း အကြီးအကဲစန်းကို သေသေကြီးစိုက်ကြည့်ကာ မေးသည်။
အကြီးအကဲစန်း၏ နှလုံး တစ်ချက်ခုန်သွားပြီး မကောင်းသည့် ခံစားချက်များကို ရလိုက်၏
စိတ်ဝိညာဉ်စာကြည့်တိုက်ကို အစီအရင်တစ်ခုက ကာကွယ်ထားကြောင်း တွေးလိုက်မိပြီး အဆင်ပြေမှာပါဟု ကောက်ချက်ချလိုက်သည်။ သို့ဖြင့် ခေါင်းမာစွာ ပြန်ချေပလိုက်၏။ “စိတ်မပူပါနဲ့ ဘာမှ ကြီးကြီးမားမား မဖြစ်လောက်… ပါဘူး”
ရှောင်ချိစွေ အငြိမ်ထိုင်မနေနိုင်တော့ပါ။ သူက စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာန၏ ထိပ်ခေါင်အကြီးအကဲဖြစ်ရာ ဤသို့သော ပေါက်ကွဲမှုကို ကြားပြီးနောက် သူ့လက်အောက်ငယ်သားများ သူ့ကို ရှာနေကြလောက်ပြီဖြစ်သည်။
“ငါသွားကြည့်လိုက်ဦးမယ်”
ဒေါက် ဒေါက် ဒေါက်
တစ်စုံတစ်ယောက် တံခါးကို အလောတကြီးခေါက်တာကို ကြားလိုက်၏။ အခန်းအတွင်းမှ လူလေးဦး တစ်ဦးကိုတစ်ဦး အချက်ပေးခေါင်းလောင်းသံမြည်နေသော အကြည့်များဖြင့် ကြည့်လိုက်သည်။ တကယ့်ကပ်ကြီးမစိုက်သ၍ မည်သူမှ ဒီတံခါးကို ခုကဲ့သို့ လာခေါက်လောက်ချေ။
ရှောင်ချိစွေ တံခါးစီသို့ အပြေးလေးသွားပြီး ဆွဲဖွင့်လိုက်ရာ ဟောဟဲစိုက်နေသော ကျောက်ကျစ်တုံ့ကို မြင်လိုက်ရလေသည်။
ကျောက်ကျစ်တုံ့က အခန်းထဲမှ လူလေးယောက်ကို ကြည့်လိုက်ပြီး “ခင်ဗျားတို့အားလုံးဒီမှာပဲ။ ကောင်းတယ်”
“ထိတ်ထိတ်ပျာပျာနဲ့ ဘာဖြစ်နေတာလဲ။ တစ်ခုခုဖြစ်လို့လား” ရှောင်ချိစွေ မျက်မှောင်ကျုတ်လိုက်သည်။
“ကျုပ်တို့… ကျုပ်တို့ အတိုက်ခိုက်ခံနေရပြီ…” ကျောက်ကျစ်တုံ့ ပျာပျာယာယာ ပြောလိုက်သည်။
အခန်းထဲမှ အခြား(၃) ဦးလည်း ထရပ်လိုက်ကြသည်။ နေထွက်ပြီး ပြန်၀င်သွားတာမှ မကြာသေး ထပ်မံ အတိုက်ခိုက်ခံနေရပြန်ပြီလော။
ရဲ့ရှောင်ထျန်းနှင့် ကျောက်ကျန်းရှီတို့ တံဆိပ်ပြားကိုယ်စီ ထုတ်လိုက်ကြသည်။ ၎င်းက သူတို့ လက်ထဲ၌ အဆက်မပြတ်တုန်ခါသွားပြီး စာများ အလုံးအရင်း ၀င်ရောက်လာခဲ့၏။ သူတို့ စိတ်ဝိညာဉ်အသိနှင့် ဆန်းစစ်ကြည့်လိုက်ရာ ဘာဖြစ်နေသလဲ ချက်ခြင်း သိသွားတော့သည်။
ကျောက်ကျစ်တုံ့လည်း တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ရဲ့ရှောင်ထျန်း၊ ကျောက်ကျန်းရှီ နှင့် ရှောင်ချေိစွေတို့ တံဆိပ်ပြားကို ဖတ်ကြည့်ပြီးနောက် အလန့်တကြား ပြိုင်တူ ထအော်လိုက်၏။ “စိတ်ဝိညာဉ်စာကြည့်တိုက်ကြီး မီးလောင်နေပြီ”
လူတိုင်းအကြီးအကဲစန်းကို လှည့်ကြည့်လိုက်ကြသည်။ အကြီးအကဲစန်း၏ မျက်နှာ ဖြူဖက်ဖြူရော်ဖြစ်သွား၏။ ခုဏလေးတင်ကမှ သူတို့ကို ဘာမှမဖြစ်ကြောင်း စိတ်မပူဖို့ပြောနေသည်ဖြစ်ပြီး ယခုတော့… စုရှောင်ရှန် တကယ် ပြဿနာရှာလိုက်သည်လော။
အကြီးအကဲစန်း၏ နှလုံးခုန်နှုန်း မြင်းဒုန်းဆိုင်းသွားသည်။ ထိုဖြစ်နိုင်ချေကို ဖယ်မရဖြစ်နေ၏။
ရဲ့ရှောင်းထျန်၏ မျက်နှာလည်း နက်မှောင်သွားပြီး “မင်းတို့ရဲ့ တံဆိပ်ပြားတွေက ဘယ်မှာလဲ။ ဒီလောက် ဆိုးရွားတာကြီး ဖြစ်နေတာကို ဘာစာမှ မရဘူးလား”
အကြီးအကဲစန်း မှင်သက်သွားပြီး “ငါ့ဟာကို စိတ်ဝိညာဉ်စာကြည့်တိုက်မှာ ထားထားမိတာ…”
ရှောင်ချိစွေလည်း ရဲ့ရှောင်ထျန်းကို ရှက်ကိုးရှက်ကန်းကြည့်လိုက်ပြီး “ကျုပ်ဟာကို တစ်ယောက်ယောက်ကို ငှားလိုက်တာ…”
ကျောက်ကျန်းရှီ ဒေါသူပုန်ထသွားပြီး ခြေဆောင့်လိုက်၏။ “ငါတို့ဘာတွေ စကားများနေကြသေးတာလဲ။ စိတ်ဝိညာဉ်စာကြည့်တိုက်ကို ချက်ခြင်းသွားပြီး ဘာဖြစ်နေလဲ ဖြေရှင်းရမှာ မဟုတ်ဘူးလား”
ဝှစ်
ရဲ့ရှောင်ထျန်းတို့ လူလေးဦး တန်းပျောက်သွားသည်။
အကြီးအကဲကျောက် စားပွဲဝိုင်းကိုင်ပြန်သွားကာ ခုံတစ်လုံးအပေါ်၌ ထိုင်လိုက်ူည်။ ထို့နောက် ငန်းသားတစ်ဖက်ကို တူနှစ်ချောင်းဖြင့် ယူပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်လေသည်။ ၎င်းက အရသာမဲ့နေသည်။ သို့ဖြင့် သူ့တူနှစ်ချောင်းကို ပစ်ချပြီး အခန်းအတွင်းမှ အပြန် ပြေးထွက်သွားလိုက်သည်။
ဘုန်းးး
တစ်ခဏကြာသော် အခန်းထဲသို့ ပြန်၀င်လာပြီးနောက် တံခါးကို ဆောင့်ပိတ်ကာ ပြန်ထွက်သွားလိုက်၏။
… …
ဟူးးး
ဟူးးး
စိတ်ဝိညာဉ်စာကြည့်တိုက်၏ ပထမအလွှာ၌ စုရှောင်ရှန် အသက်ရှူခြင်းနည်းစနစ်ကို အစွမ်းကုန် အသုံးချနေတော့သည်။ အနီးနား၀န်းကျင်ရှိ ငရဲမီးတောက် ကောင်းကင် မီးလျှံကို အသက်ရှိုက်လိုက်ခြင်းနှင့်အတူ စုပ်ယူနေရာ သူသွားရာ လမ်းတစ်လျှောက်၌ မီးငြိမ်းသွာကြ၏။
ဒုတိယအလွှာမှ မီးလျှံများကို သူငြိမ်းသက်ပြီးဖြစ်သည်။ သို့သော် ပထမအလွှာ၏ အခြေအနေက သူ့ကို အော့နှလုံးနာသွားစေ၏။ သို့ဖြင့် နာကျင်မှုကို တဒင်္ဂခန့်မေ့ထားလိုက်ပြီး မီးငြိမ်စေရေးကိုသာ ကြိုးပမ်းလိုက်တော့၏။ ထိုစာအုပ်များကို ဘာမှ အဖြစ်ခံ၍ မရပါပေ။
မီးလျှံများကိုရှိုက်နေရင်း သူပြုလိုက်သည့် အပြစ်အတွက် တိတ်တဆိတ် စိတ်ထဲမှ တောင်းပန်၀န်ချလိုက်၏။
ရည်ရွယ်ချက်ရှိရှိ လုပ်ရတာ မဟုတ်ပါဘူး…
ပုံရိပ်ယောင်ကမ္ဘာမှ တိုက်ခိုက်မှုက အပြင်ဘက် ကမ္ဘာ၌လည်း သက်ရောက်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။ အရာအားလုံးက ပုံရိပ်ယောင်များ ဖြစ်နေသင့်သည်မဟုတ်ပါလား။
ကံကောင်းတာက စိတ်ဝိညာဉ်စာကြည့်တိုက်တစ်ခုလုံးကို အကာအကွယ်အစီအရင်ဖြင့် ကာကွယ်ထားခြင်းဖြစ်လေရာ မီးလျှံများက အပြင်ဘက်သို့ မပြန့်နှံ့သွားပါချေ။
စာအုပ်စင်များ၏ အခြေအနေကတော့… အလွန်ဆိုးနေသည်။
[အဝိုင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ဘုရားရေ မြန်လိုက်တာ ဘယ်လိုလာကြတာလဲဟ
စုရှောင်ရှန် ပထမအလွှာ၌ မီးငြိမ်းနေတုန်းဖြစ်သေးရာ အထိတ်တလန့် စိုးရိမ်ပူပန်သွားလေသည်။
ဟူးးးးး
စုရှောင်ရှန် အသက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ရာ သူ့မျက်နှာ နာကျင်မှုကြောင့် ရှံ့မဲ့သွား၏။ သို့နေရင်းက နောက်မှ အသံ တစ်သံကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်ရာ သူ့ကိုကြည့်နေသော မျက်လုံး လေးစုံကိုတွေ့လိုက်ရ၏။
၎င်းတို့က အကြီးအကဲစန်း၊ ရဲ့ရှောင်ထျန်း၊ ရှောင်ချိစွေနှင့် မိုးတိမ်လေပြိုင်ပွဲ ပထမပွဲစဉ်တုန်းက ကြီးကြပ်သူ ဖြစ်လေသည်။
စုရှောင်ရှန် ခြေထောက်များ ပျော့ခွေသွား၏။
ရွှစ်
အရိပ်တစ်ခုလို ကျောက်ကျန်းရှီ စုရှောင်ရှန် ရှေ့သို့ ရောက်လာခဲ့၏။ ခက်ခက်ခဲခဲ စုရှောင်ရှန် တံတွေးမျိုချလိုက်သံကြီးသာ ကြားလိုက်ရလေသည်။
တစ်ယောက်ယောက် တစ်ခုခု ပြောပါဟ
ဘာလို့တိတ်ဆိတ်နေတာလဲ ဒီမှာ ကြောက်လို့ သေတော့မယ် တိတ်ဆိတ်ခြင်းက စိတ်အားငယ်စေတယ်ဆိုတာ မသိဘူးလား
“ဟီးဟီး…” စုရှောင်ရှန် သတ္တိခဲလိုက်ပြီး အားနည်းစွာ ပြုံးပြကာ ရိုးရိုးသားသား ဆိုလိုက်သည်။ “ခင်ဗျားတို့ထင်သလိုမဟုတ်ဘူးနော်။ စိတ်မပူနဲ့ ဘာမှ မဖြစ်ဘူး…”