အပိုင်း (၉၅) ဝိုင်းခြင်း
လက်ရှိလုပ်နေစအလုပ်မှ မသွေဖယ်တော့ဟု ကျိန်ဆိုလိုက်ပြီးနောက် စုရှောင်ရှန် ဆေးမီးဖိုအိုးရှေ့သို့ ပြန်သွားထိုင်ကာ ဆေးဖော်စပ်ရန်လုပ်လိုက်သည်။
“မီးတောက်အစေ့ကို လက်သည်းခွံလောက်မသိပ်သည်းနိုင်မှတော့ အကောင်းဆုံး သုံးနိုင်တဲ့ ရာစင်း… အဟမ်း မီးဘောလုံးကိုပဲ ဆေးဖော်စပ်ဖို့ သုံးရတော့တာပေါ့”
သူ့လက်ကိုဆုပ်လိုက်ရာ ဘောလုံးသဏ္ဌာန်မီးလုံးပေါ်လာလေသည်။ ၎င်းကို ဆေးမီးဖိုအိုးထဲသို့ ပစ်ထည့်လိုက်၏။ အပူချိန်များ ချက်ခြင်းတက်သွားပြီး ၎င်းက စက္ကန့်ပိုင်းအတွင်း ဖြူဖွေးနေသော ဆေးအိုးကြီးကို ရဲရဲနီအောင် လုပ်ပစ်လိုက်တော့၏။
အကြီးအကဲစန်း ဆေးပင်များကို စောနက ဘာမှ မဖြစ်သလို ဆေးအိုးထဲ ထည့်နေတာကို ပြန်မြင်ယောင်လိုက်ပြီး သူလည်း သိုလှောင်လက်စွပ်ထဲမှ လက်တစ်ဆုပ်စာယူကာ ပစ်ထည့်လိုက်တော့သည်။
ရှဲ
လေထဲ၌ ရှိနေရင်းပင် ဆေးပင်များအားလုံး မီးလောင်ကျွမ်းပြီး ပြာဖြစ်သွားလေသည်။ အဆီအနှစ်ကိုထုတ်ယူဖို့မပြောနှင့် ဘာမှ တောင်မကျန်လိုက်ပါချေ။
စုရှောင်ရှန် စွံအသွား၏။
“ထင်တဲ့အတိုင်းပဲ အပူချိန်က အရမ်းမြင့်နေတယ်… ဒီမီးလျှံတွေက စိတ်ဝိညာဉ်သလင်းကျောက်တုံးတွေကိုတောင် ချက်ခြင်းအငွေ့ပျံအောင်လုပ်နိုင်တာ… ပြီးတော့ ငါ့မှာ အဖိုးကြီးလိုလည်း ဆေးပင်တွေကို ခွဲဖို့ မတတ်နိုင်ဘူး… ကြည့်ရတာတော့ တစ်ခုချင်းလုပ်မှရတော့မယ်ထင်ပါတယ်”
ထို့နောက် မီးလျှံကို သူထိန်းချုပ်နိုင်သည့် အပူချိန်အထိ ပြောင်းပြီး သိပ်သည်းလိုက်၏။ ထို့နောက် ဆေးပင်များကို ပစ်ထည့်လိုက်သည်။
ရှဲ
“အကုန် ပြာကျသွားပြန်ပြီ”
စုရှောင်ရှန် ဆက်၍ မလုပ်တော့ဘဲ နားလိုက်သည်။ သိုလှောင်လက်စွပ်ထဲရှိ ဆေးပင်ပမာဏကများပြားသည်ဆိုပေမယ့် ဒီတိုင်း ဘာမှ သေချာမစဉ်းစားဘဲ ပစ်ထည့်နေခြင်းက ဖြုန်းတီးရာရောက်ပေသည်။ စုရှောင်ရှန်က စိတ်ရှိရာလုပ်တတ်တယ်ဆိုပေမယ့် ထိုလိုတော့ အကျိုးမရှိရာမလုပ်ပါ။ ထိုဖြစ်စဉ်ကို ပြန်ဆင်ခြင်ကြည့်လိုက်၏။
အဆုံး၌ မည်သည့် အမှားကိုမှ ရှာမတွေ့ရပါပေ။ အမှားလည်းမရှိပေ။ အပူချိန်က အလွန်မြင့်မားနေသောကြောင့်သာဖြစ်လေသည်။
“အပူချိန်ကို ထပ်လျော့ကြည့်ရင်ရော”
စုရှောင်ရှန် မေးစေ့ကိုပွတ်ရင်း အကြံဉာဏ်ထုတ်လိုက်သည်။ တစ်အောင့်ကြာသော် အကြံတစ်ခုရသွားလေသည်။
“တကယ်လို့ မီးအပူချိန်က များနေတယ်ဆိုရင် လျော့သွားအောင် ငါ့အသက်ရှူခြင်းနည်းစနစ်နဲ့ စုပ်လိုက်ရင်ရော… ဟားဟား ဉာဏ်ကြီးရှင်ပဲ”
သူ့တစ်ယောက်တည်း သူ့ကိုယ်သူ လက်ဝါးရိုက်လိုက်သည်။ အသက်ရှူခြင်းနည်းစနစ်မှ ရှူထုတ်ခြင်းကို ကျင့်ကြံခြင်းမှ တစ်ပါး ဤသို့အသုံးပြုခြင်းကလည်း အလုပ်ဖြစ်လောက်သည်။
သူ့ချွေးပေါက်များအားလုံးကို ဖွင့်ကာ တစ်ကိုယ်လုံးမှ အပူစွမ်းအင်များကို စုပ်ယူလိုက်တော့သည်။ ဆေးအိုး၏ အောက်ရှိ ဘောလုံးသဏ္ဌာန်မီးလျှံက အစကလောက် မကြမ်းတမ်းတော့ပေ။ သူ့ကိုယ်တွင်း အပူချိန် မြင့်မားလာပြီး ချွေးများထွက်လာသည်ကို အာရုံခံမိလိုက်သည်။ ၎င်းက သူထိန်းချုပ်နိုင်သော အကန့်အသတ်အတွင်း၌ ရှိ၏။
ငရဲမီးတောက်စေ့သန့်စင်တုန်းကနှင့် ယှဉ်လျှင် ဤမီးစလေးက သူ့အတွက်တော့ ဘာမှမဟုတ်ပါ။ အသိပေးချက်ဖန်သားပြင်၌တောင် အတိုက်ခိုက်ခံရပါသည်ဟု အသိပေးချက်များကျမလာပေ။
နောက်ထပ် ဆေးပင်တစ်သုတ်ကို အိုးကြီးထဲပစ်ထည့်လိုက်လေသည်။ ထိုဆေးပင်များက အရင်တစ်ခါကလို ပြာတန်းမဖြစ်သွားပဲ လေထဲ၌ ခဏတာ ဝဲနေကြပြီးမှ မီးကျွမ်းသွား၏။
စုရှောင်ရှန် လုပ်တာများရပ်လိုက်သည်။ ဤနည်းလမ်းက ထင်သလောက်အကျိုးမရှိသည်ကို သိလိုက်ရသည်။ အပူစွမ်းအင်များကို သူ့ကိုယ်အတွင်းသို့ ကိန်းသေအလျှင်ဖြင့် စုပ်ယူ၍မရရာ မီးအပူက မကြာခဏဆိုသလို ပြောင်းလဲနေသည်ဖြစ်ပြီး ဆေးဖော်စပ်ရန်အတွက်မသင့်တော်တော့ပါ။
သို့သော်လည်း တခြား ရွေးချယ်ချက်မရှိသည့်အတွက် ၎င်းကို ဆက်ကြိုးစားလိုက်ရသည်။
“ကြိုးစားရင်ဖြစ်တယ်တဲ့…. ဆေးဖော်စပ်တာက တိကျမှုလိုတယ်လို့ အဖိုးကြီးပြောတာ တကယ်မှန်တယ်။ ဆေးဖော်စပ်တာကြာရင် ငါ့စွမ်းအင် ထိန်းချုပ်မှုကိုလည်း တကယ် တိကျစေမှာပဲ”
နောက်ထပ်ဆေးပင်တစ်သုတ်ကို ယူပြီး ဆေးအိုးကြီးထဲ ပစ်ထည့်လိုက်မည့်အချိန် အသိပေးချက်ဖန်သားပြင်၌ အသိပေးချက်တစ်ခုကို စုရှောင်ရှန် မြင်လိုက်ရလေသည်။
[အဝိုင်းခံထားရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဟင်… ဝိုင်းခံထားရတယ်ဟုတ်လား”
စုရှောင်ရှန် လန့်ဖျပ်သွားပြီး ဘေးပတ်၀န်းကျင်ကိုကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့လိုက်ရပါ။
“နေပါဦး။ ဒါဆို အပြင်ဘက်ကနေ စာကြည့်တိုက်ကို ဝိုင်းထားတာလား”
မျက်နှာဖုံးတပ်လူကို ပြန်မြင်ယောင်ပြီး ကြက်သီးဖျင်းဖျင်းထသွားတော့သည်။ တစ်ယောက်ယောက်က စာကြည့်တိုက်ကို နေ့ခင်ကြောင်တောင်ကြီး လာတိုက်လိုက်ရဲပါသည်လော။ သူတို့ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်ထဲတောင် ဘယ်ပုံဘယ်နည်းရောက်လာကြမှန်းမသိရပေ။
ထို့နောက် ဆေးပင်တွေကို ပြန်သိမ်းလိုက်ပြီး လက်ထဲသို့ မီးလုံးနှစ်ခုကို ပြန်ယူကာ မတည်မငြိမ်ဖြစ်အောင်လုပ်၍ ပစ်လွှတ်ရန် ပြူတင်းပေါက်နားသို့ ခြေဖွကလေးသွားလိုက်ပြီး အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်။
လခွမ်း။ အများကြီးပဲဟ။
စုရှောင်ရှန် မှင်သက်သွားသည်။ သူ့မြင်ကွင်း၌ အနက်၀တ်လူမြောက်များစွာ စာကြည့်တိုက်ကို ကျောက်တုံးပေါ် သစ်ပင်အောက် နေရာလွတ်မကျန်အောင် ဝိုင်းထားသည်ကို တွေ့လိုက်ရ၏။
“နေပါဦး… အနက်၀တ်တွေဆိုတော့… ဒီလူတွေက စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက လူတွေမဟုတ်ဘူးလား”
စုရှောင်ရှန် အံ့အားသင့်သွားပြီး ပြူတင်းပေါက်ကို ဖွင့်ကာ ထိုအနက်၀တ်လူများ၏ အရှေ့မှ ခေါင်းဆောင်ဖြစ်ဟန်ရသော သူမြင်ဖူးသလိုလို ခံစားနေရတဲ့ လူကိုကြည့်လိုက်သည်။
အဲ့တာ အဖွဲ့လိုက်ပြိုင်ပွဲက ကြီးကြပ်သူမဟုတ်လား။ စုရှောင်ရှန် မယုံကြည်နိုင်စွာ မျက်လုံးများကိုပွတ်ပြီး ပြန်ကြည့်လိုက်သည်။ အမြင်မမှားပါ။ ထိုကြီးကြပ်သူက သူ့ကို ပင်ပြန်ကြည့်နေ၏။
“ခင်ဗျားကိုး”
“မင်းကို”
သူတို့နှစ်ဦးစလုံး တစ်ချိန်တည်း ပြောလိုက်သည်။
ကျောက်ကျစ်တုံ့ စွံ့အသွားသည်။ ယခုထိ သူပြင်ဆင်ထားသော အကြံများက အလဟသတ်ဖြစ်သွားပြီ မဟုတ်ပါလား။
စုရှောင်ရှန်ကြီး။ ဘယ်လိုလုပ်သူဖြစ်နေတာလဲဟ။ နေပါဦး ဘယ်လိုလုပ် သူက စာကြည့်တိုက်ထဲကိုတောင်ရောက်နေတာ။
‘မဟုတ်သေးပါဘူး သူက အပြင်စည်းဂိုဏ်းသားမလား။ ဟ အတွင်းစည်းကို ခိုးဝင်လာရဲတယ်ပေါ့… ပြီးတော့ အဲ့ဒီ ပေါက်ကွဲမှုတွေကရော သူလုပ်လိုက်တာပဲလား… မဟုတ်လောက်ပါဘူး… စုရှောင်ရှန် အဲ့လိုမလုပ်တတ်လောက်ပါဘူး’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“…”
စုရှောင်ရှန် ကျေနပ်သွားသည်။ ကျောက်ကျစ်တုံ့ကို သူဘာမှ မပြောဘဲ ကြည့်နေလိုက်သည်။ စိတ်ထဲမှတော့ ပါးစပ်ဖွာလိုက်၏။
‘လုပ်စမ်းပါ။ ထင်ချင်ရာထင်စမ်းပါ… ဘာတွေထင်နေလဲတော့မသိဘူးပေမယ့် တွေးတောတယ်ဆိုတာ လူသားတွေ တိုးတက်စေဖို့မဟုတ်လား”
စုရှောင်ရှန်တိတ်ဆိတ်နေတာကို ကျောက်ကျစ်တုံ့ တွေ့လိုက်သော် အတွေးနက်သွားသည်။ ဖုန်းကုန်းနှင့် ရှောင်းယီတို့ကိုသတ်ဖြတ်ခြင်းနှင့် ပြိုင်ပွဲများမှ ထင်မထားသော ရလဒ်များကို ပြန်မြင်ယောင်ပြီး ထိုပေါက်ကွဲမှုများက သူနှင့် တကယ် သက်ဆိုင်နေသလား သံသယ၀င်သွားလေသည်။
ကျောက်ကျစ်တုံ့တစ်ဦးတည်း နားမလည်နိုင်ဖြစ်နေသည်မဟုတ်ပါ။ ကျန်သည့် စည်းကမ်းကြီးကြပ်သူများလည်း သူ့နည်းတူ ပဟေဠိဖြစ်နေကြ၏။
သူတို့ထဲမှ တော်တော်များများ စုရှောင်ရှန်ကို ယမန်နေ့ညမှ အဖြစ်အပျက်ကြောင့် သိသွားကြလေသည်။ စတင်ခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်သော်လည်း အဖြစ်အပျက်တစ်ခုလုံး၏ အဓိက အာရုံစိုက်ခံရသော ဇာတ်ကောင်ဖြစ်လေသည်။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၆၉]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၁၂]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၈၄]
“…”
ငိငိ။
ပြူတင်းပေါက်နား၌ ရပ်နေရင်းမှ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်လေသည်။ ထိုကိုယ်ထင်တစ်ချက်ပြလိုက်ခြင်းက စုဆောင်းလာသော သူ၏ ပင်ကိုယ်မှတ်ကို (၆၀၀၀) ရောက်လုနီးပါးဖြစ်သွားစေ၏။
“အဲ့ဒီပေါက်ကွဲမှုတွေဖြစ်အောင်လုပ်တာ မင်းလား” ကျောက်ကျစ်တုံ့ မအောင့်အီးနိုင်တော့ဘဲ မေးလိုက်သည်။
“ဟုတ်တယ်” စုရှောင်ရှန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ပြူတင်းပေါက်၌ တံတောင်နှစ်ဖက်ကိုတင်၍ မေးထောက်ရင်း ဆိုလိုက်သည်။ “စာကြည့်တိုက်ကအဆင်ပြေပါတယ် ခင်ဗျားတို့အားလုံး ထွက်သွားလို့ရပြီ”
ဘာကြီး
လူတိုင်းကြက်သေသေသွားကြသည်။ စုရှောင်ရှန်ဘာမှမပြောသည်ကအကောင်း ယခုပြောလိုက်တော့မှ သူတို့ လန့်ဖျပ်ကြကုန်၏။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၂၆၆]
စုရှောင်ရှန်စပ်ဖြီးဖြီးဖြစ်သွားသည်။ အဘယ်ကြောင့်မှန်းမသိ သူအမှန်တရားများအားပြောတိုင်း ဘယ်သူမှသူ့ကို မယုံကြည်ကြပေ။ သို့ဖြစ်ရာ တကူးတက လိမ်လည်နေစရာမလိုပါတော့ချေ။
“ဘာလို့ မင်းက စာကြည့်တိုက် တတိယ အလွှာကို ရောက်နေတာလဲ”
ကျောက်ကျစ်တုံ့ အလျှင်အမြန် ဆက်၍ “အပြင်စည်းဂိုဏ်းသားဖြစ်ရဲ့သားနဲ့ အတွင်းစည်းကို ခွင့်ပြုချက်မရှိဘဲ ၀င်လာတာတောင် ပြစ်ဒဏ်ကြီးနေပြီ… မင်း… မင်း စာကြည့်တိုက်ကိုတောင် ကျူးကျော်ရဲတယ်လား။ အဲ့အထပ်က မတက်ရဘူးဆိုတာမသိဘူးလား။ ချက်ခြင်းဆင်းလာခဲ့”
“အကြီးအကဲစန်း ကျုပ်ကို ဆင့်ခေါ်ထားလို့ ရောက်နေတာ” စုရှောင်ရှန် ပြန်တုန့်ပြန်လိုက်သည်။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၂၆၆]
လူတိုင်းသံသယဖြစ်သွားသော်လည်း အကြီးအကဲစန်း ယမန်နေ့ညမှ သူ့ကို ကယ်တင်လိုက်သောကြောင့် ၎င်းက ဖြစ်နိုင်သည်ဟု တွေးမိလိုက်ကြသည်။ ဘာဖြစ်ဖြစ် ပင်ကိုယ်မှတ်များကတော့ ၀င်လာစဲဖြစ်သည်။
“အကြီးအကဲစန်းက ဘာလို့ မင်းကို ဆင့်ခေါ်တာ” ကျောက်ကျစ်တုံ့ သိချင်သွားသည်။
“ဆေးဖော်စပ်ဖို့”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၂၆၇]
နောက်ထပ် ကြီးကြပ်သူတစ်ယောက် ပင်ကိုယ်မှတ်ပေးဖို့ အဖွဲ့ထဲ၀င်လာသည်ကို တွေ့လိုက်ရာ စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားသည်။
ကျောက်ကျစ်တုံ့ ဒေါသသံဖြင့် ရယ်လိုက်သည်။
‘ဆေးဖော်စပ်ဖို့ဟုတ်လား… ငါယုံမယ်လို့ ထင်နေတာလား။ အကြီးအကဲစန်းမင်းကို ဆင့်ခေါ်တယ်ဆိုတာတောင် ငါမယုံဘူး… ပြီးတော့ ဆေးဖော်စပ်တာက မင်းလို အဆင့်ကိုးကကောင် လုပ်နိုင်တဲ့အရာတစ်ခုလား… ပင်ကိုယ်ဓာတ်စွမ်းအင်မရှိဘဲနဲ့ ဆေးကိုဘယ်လိုဖော်မှာ… ထင်းမီးနဲ့လား… ဟာသပဲ’ တွေးလိုက်၏။