အပိုင်း (၉၃) လက်ဆောင်
စုရှောင်ရှန် လိမ်လိမ်မာမာ ပဲပါးစပ်ပိတ်လိုက်သည်။ ယနေ့ခေတ်လူများ အဘယ်ကြောင့် ဒေါသထွက်လွယ်နေကြပါသနည်း
အကြီးအကဲစန်း သူ့ကို မာန်ဖီပြလိုက်ပြီးနောက် ကြမ်းပြင်အနှံ့ ကျဲသွားသော ဆေးလုံးများကို လိုက်ကောက်ပြီး ပုလင်းများထဲပြန်ထည့်လိုက်သည်။ ထို့နောက် ထိုဆေးပုလင်းများကို စုရှောင်ရှန်ထံ တွန်းပေးလိုက်၏။
“ဒါကို တွေ့ဆုံခြင်းလက်ဆောင်လို့ သဘောထားလိုက်”
“တကယ် ကျွန်တော့်အတွက်လား” စုရှောင်ရှန်၏ မျက်လုံးများပြူးကျယ်သွားပြီး ပဟေဠိ ဖြစ်ဟန်ဖြင့်မေးလိုက်သည်။
“ဒီအခန်းထဲမှ မင်းကလွဲပြီး ဘယ်သူ့ကို တွေ့လို့လဲ” အကြီးအကဲစန်း ဘေးတိုက်ကြည့်ရင်းဆိုသည်။ “ဒီပုလင်းထဲမှာ ကောင်းကင်စိတ်ဝိညာဉ်နဲ့ညီတဲ့ မူလနန်းတော် ဆေးလုံး (၃၆) လုံးပါတယ်။ အတိတ်နမိတ်ကောင်းပဲမလား”
“မူလနန်းတော်ဆေးလုံးက ဘာကြီးတုန်း”
“ဘာလဲမသိဘူးလားဟ” အကြီးအကဲစန်း စုရှောင်ရှန်၏ ပဟေဠိဖြစ်နေသော မျက်နှာကိုကြည့်ရင်း မေးလိုက်သည်။ “စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးကိုတော့ သိတယ်မလား”
“ဆေးလုံးတိုင်းက သက်ဆိုင်တဲ့ နယ်ပယ်အလိုက် ကျင့်ကြံနှုန်းကို မြန်စေတယ်။ စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်ဆိုရင် စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးပေါ့။ ဒါကြောင့် အဆင့်မြင့်လေ ပိုတန်ဖိုးရှိလေပဲ… အဆင့်သေးလေး နှစ်ခုပေါင်းရင် နယ်ပယ် အဆင့်ကြီးတစ်ဆင့်တက်တယ်။ အဆင့်(၁၀)နဲ့(၉) ဆေးလုံးတွေက စတင်ခြင်းနယ်ပယ်ပေါ့။ အဆင့်(၈)နဲ့ (၇) ကတော့ စစ်မှန်ခြင်းနယ်ပယ် အစရှိသဖြင့်ပေါ့…”
“ဒါတွေကရော…” စုရှောင်ရှန် ကြမ်းပြင်ပေါ်ရှိ ဆေးပုလင်းများကို လက်ညှိုးထိုးပြလိုက်သည်။
“စစ်မှန်ခြင်းနယ်ပယ် အဆင့်(၇) ဆေးလုံးတွေ”
စုရှောင်ရှန် ပါးစပ် အဟောင်းသားဖြစ်သွား၏။
အကြီးအကဲစန်းက ရယ်ရင်း “အေးဆေးပါ ဒီလောက်လေးက… ငါက”
သို့သော် သူ့စကားမဆုံးခင်ပင် သူ့ရှေ့ရှိကောင်လေး ဂါ၀ရ ပြုလိုက်တာကို တွေ့လိုက်ရသည်။ ကိုယ်ကို ကိုင်းညွှတ်လိုက်သည့်အတွက် သူ၏ ဆွဲကြိုးကျလာပြီး ကြမ်းပြင်ပေါ်ရှိ ဆေးပုလင်းများကို သိုလှောင်လိုက်၏။ “ကျေးဇူးအများကြီးတင်ပါတယ်”
အကြီးအကဲစန်း စွံ့အသွားသည်။ ‘ဒီကလေး… ငါတကယ် သူဒါတွေအကုန်ယူဖို့ အင်တင်တင်ဖြစ်မယ်မှတ်နေတာ။ ငါတကယ် ရိုးအပါလား”
ထိုသို့ တကယ်ရိုးအသည့်အတွက် တွေးခြင်းပင်။ စုရှောင်ရှန်ကိုကြည့်ရသည်မှာ ယူရန် ၀န်လေးသွားခြင်းမဟုတ်ဘဲ အံ့အားသင့်သွားခြင်းကြောင့် တုန့်ဆိုင်းသွားခြင်းဖြစ်ရပေမည်။
စုရှောင်ရှန်လည်း တကယ် အံ့အားသင့်သွားရပါသည်။ ဤသို့ အဆင့်(၇) ဆေးလုံးများ အစုလိုက်အပြုံလိုက် ဖော်စပ်ရန် မည်မျှ ငွေကုန်ကျပါမည်နည်း။ သူ့အတွက်တော့ အိပ်မက်အလားပင်။
သူ့သိုလှောင်လက်စွပ်ထဲရှိ စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးများအားလုံးပေါင်းတောင် မူလနန်းတော် ဆေးတစ်လုံးစာလောက် တန်ဖိုးရှိမည် မဟုတ်လိမ့်ပေ။ ၎င်းက အဆင့်(၇) ဆေးလုံများဖြစ်ပေသည်။
‘မိုးတိမ်လေပြိုင်ပွဲမှာ နိုင်လို့မှ စစ်မှန်ခြင်းနယ်ပယ် ဆေးတစ်လုံးရတာ ပြီးတော့ အဲ့တာက အဆင့်(၈) ဆေးလုံးကြီး’ သူတွေးလိုက်သည်။
အကြီးအကဲစန်း အတွက်တော့ ထိုမျှလောက်က ဘာမှ မဟုတ်ပေ။ သူ့တွင် လုံလောက်သော ဆေးပင်များရှိပါက ၎င်းကို သန့်စင်ဖို့ နာရီအနည်းငယ်သာ ကြာမြင့်ပေလိမ့်မည်။
“ဒီဆေးလုံးတွေတော့ ခဏကြာကြာသုံးလို့ရမှာပါ… ဒါပေမယ့် မှတ်ထားနော် ဒါတွေကို စစ်မှန်ခြင်းနယ်ပယ်မရောက်မချင်း မသုံးမိစေနဲ့။ မဟုတ်ရင် ဆေးအာနိသင်ကို မင်းခံနိုင်မှာမဟုတ်ဘူး… ဒါပေမယ့် မင်းမှာ စစ်မှတ်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိနေတော့ မပြောတတ်ဘူး။ ကိုယ့်ဟာကိုယ် စမ်းကြည့်တော့” အကြီးအကဲစန်းကပြောသည်။
ထို့နောက် လက်ဝေ့ရမ်းပြလိုက်ကာ “ကုန်သွားရင် ငါ့စီ ထပ်လာတောင်း”
စုရှောင်ရှန် အံ့အားသင့်သွားသည်။
‘ကုန်သွားရင် ထပ်လာတောင်းလို့ရတယ်လား… ဒီလို လက်ဖွာမှုကြီး… လက်ဖွာမှုကြီး… ကြိုက်တယ်ဟေ့’
အကြီးအကဲစန်း စုရှောင်ရှန်၏ မျက်နှာထက်ရှိ လောဘကြီးသော အမူအရာကိုမြင်သော် ထပ်လောင်းပြောလိုက်သည်။ “အံ့ဩနေစရာမလိုပါဘူး။ ဆေးဖော်စပ်တဲ့သူတွေ အရှားဆုံးက ဆေးလုံးတွေပဲ။ တစ်နေ့ မင်းလည်း ဆေးဖော်စပ်သူဖြစ်လာတဲ့အခါကြရင် သိလိမ့်မယ်”
စုရှောင်ရှန် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ တကယ်က ဆေးဖော်စပ်ခြင်းတွင် စိတ်ပါ၀င်စားမှု တစ်စက်ကလေးမှ မရှိပါချေ။ ယခုမှ အကြီးအကဲစန်း၏ စကားတစ်ခွန်းက သူ့ကို စိတ်အားထက်သန်သွားစေ၏။
‘ဒါချမ်းသာဖို့ အလွယ်ဆုံးနည်းလမ်းပဲ… ပင်ကိုယ်မှတ်တွေက အရေးကြီးတာမှန်ပေမယ့် ဘယ်သူက ပိုက်ဆံမလိုချင်လဲ… ပြီးတော့ ဒီနှစ်ခုလုံးကို ငါသုံးလို့ရနေတာပဲ ချကွာ…’
တစ်နေ့နေ့ သူထိုသို့ ဆေးပုလင်း (၁၀) ပုလင်းလောက် ဘာမှ မဖြစ်သလို ထုတ်ပြလိုက်ရင် အံ့အားသင့်မှုများ၊ လေးစားမှုများနှင့် သူ့ကို မည်သို့ကြည့်လိုက်ကြမည်နည်း။ တွေးရင်း သရေကျသွား၏။
သို့သော် မကြာခင် သူ့အားနည်းချက်ကြီးကို တွေးမိသွားပြီး အတွေးအိပ်မက်ထဲမှ နိုးထလာ၏။ “ကျုပ် ပါရမီ ကောင်းကောင်းမှ မပါတာ ဆေးဖော်စပ်တာကို ကျွမ်းကျင်ပါ့မလား”
အကြီးအကဲစန်း သူပြောသည်ကို သဘောမတူပါပေ။ “မင်းဘာမှ အများကြီး သင်ယူနေစရာမလိုဘူး။ မင်းရဲ့ ပါရမီနဲ့ဆို သူ့ဟာသူ တတ်သွားလိမ့်မယ်”
စစ်မှန်ခြင်းဓားဆန္ဒကို ကျွမ်းကျင်နိုင်သည့်သူက ပါရမီဆိုးရွားပါမည်လော။ သူ၏ တပြည့်က မည်မျှ ကိုယ့်ကိုယ်ကိုယ် နှိပ်ချပါသနည်းဟု တွေးလိုက်ပြီး ခပ်သဲ့သဲ့ရယ်လိုက်၏။
စုရှောင်ရှန် : “…”
အဖိုးကြီး အဘယ်ကြောင့် သူ့အပေါ်ယုံကြည်ချက် ရှိနေရသလဲ သူမသိပါ။ အကြီးအကဲစန်းက ဆရာကြီးတစ်ယောက်ဖြစ်သည်။ သို့ဖြင့် သူ့တွင် သူကိုယ်တိုင်ပင်မသိသော အရာတစ်ခုခုကို သတိထားမိ၍ ထိုသို့ပြောခြင်းဖြစ်ရမည်ဟု မှတ်ယူလိုက်တော့သည်။
စုရှောင်ရှန် လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း ဆိုသည်။ “ကျုပ်မစောင့်နိုင်တော့ဘူး။ ဆေးဖော်စပ်ချင်လာပြီ”
သူ့တပြည့်၏ စိတ်အားထက်သန်မှုကြောင့် အကြီးအကဲစန်း ကျေနပ်သွားသည်။ ခေါင်းညိတ်လိုက်ရင်း ထပ်လောင်း၍ သူက “မစခင်မှာ မှာစရာတစ်ခုကျန်သေးတယ်… ငရဲမီးတောက်မျိုးဆက်ရဲ့ ဆေးဖော်စပ်တဲ့ အစဉ်က တခြား ဆေးဖော်စပ်သူတွေနဲ့ မတူဘူး။ မင်းလည်းသိပြီးလောက်မှာပါ… ငါတို့ရဲ့ ငရဲမီးတောက်ကောင်းကင်မီးလျှံက ကြမ်းတမ်းတယ်၊ အဖျက်စွမ်းအားကြီးတယ်။ ဒါကြောင့် ဆေးဖော်စပ်တဲ့နေရာမှာ ငါတို့က ဘာနည်းစနစ်ကိုမှ မသုံးကြဘူး။ မီးထိန်းချုပ်မှုတိကျတာကိုပဲ အလေးပေးကြတယ်လို့ ပြောနိုင်တယ်”
စုရှောင်ရှန်ခေါင်းညိတ်လိုက်သည်။ စောနက အကြီးအကဲစန်း ဆေးဖော်စပ်ရာတွင် ဆေးပင်များကို ဘာကိုမှ ဂရုမပြုသည့်အလား အလုံးလိုက်အခဲလိုက် ဆေးမီးဖိုအိုးထဲ ထည့်လိုက်သည်မဟုတ်ပါလား။ သူ့ကိုကောင်းကောင်းမသိသည့်သူများဆို အကြီးအကဲစန်း ဆွပ်ပြုတ်လုပ်နေသည်ဟုတောင် ထင်သွားပေလိမ့်မည်။
၎င်းကိုတွေ့လျှင် အခြား ဆေးဖော်စပ်သူများလည်း ဒေါသတကြီး အော်ကြပေလိမ့်မည်။
သို့ဖြင့် အကြီးအကဲစန်း၏ တိတိကျကျ မီးထိန်းချုပ်မှုက ဆေးပင်အများကြီးကို လောင်းထည့်လိုက်တာတောင် ခွဲခြမ်းစိတ်ဖြာပြီး သန့်စင်နိုင်မှုတွင် အခန်းကဏ္ဌ ကြီးတစ်ခုမှ ပါ၀င်သွား၏။
၎င်းက ဆေးပင်များကို အဆီအနှစ်အဖြစ်သို့ သန့်စင်ရာတွင် အချိန်အများကြီးကို လျော့ချနိုင်စေပြီး သူဖော်စပ်နိုင်သည့် ဆေးလုံးပမာဏကိုလည်း ကျွမ်းကျင်သလို သက်ရောက်စေလေသည်။ ကြည့်ရသလောက်တော့ ဆေးလုံးပမာဏက အတော်များသည်။
အကြီးအကဲစန်း လက်နှစ်ဖက်ကိုနောက်ပစ်ကာ အနီးနားရှိ ပြူတင်းပေါက်စီသို့ လျှောက်သွားရင်း လေးလေးနက်နက် မှာလိုက်သည်။ “ဆေးဖော်စပ်တယ်ဆိုတာ ဒုတိယ အလုပ်ပဲ။ ငါတို့ကို ကြီးပွားလာဘ်လာဘတွေ ဖြစ်ထွန်းစေတယ်ဆိုပေမယ့် အဲ့ဒီထဲမှာ နစ်မျောသွားလို့မရဘူး… စိတ်ဝိညာဉ်ကျင့်ကြံခြင်းကသာ ငါတို့အတွက် အနာဂါတ်မှာ လျှောက်လှမ်းရမယ့် အဓိကလမ်းကြောင်းပဲ။ ဒီလမ်းကနေ လုံး၀ သွေဖယ်သွားလို့မရဘူး မှတ်ထား”
ထို့နောက် စုရှောင်ရှန်ကို သူ၏ မျက်ကွင်းညိုကြီးများဖြင့် ကြည့်လိုက်ကာ “ဆေးဖော်စပ်တာတော်ပြီး ကျင့်ကြံခြင်းမှာ လစ်လပ်နေမယ်ဆိုရင် မင်းရဲ့ဘ၀က ထင်ထားတာထက် ပိုဆိုးလာလိမ့်မယ်။ မမေ့နဲ့”
စုရှောင်ရှန် သူတို့နှစ်ဦး ဆရာတပြည့် ဖြစ်လာချိန်က သင်ခန်းစာကို ပြန်မြင်ယောင်သွားပြီး “လှောင်အိမ်ပဲလား”
“ဟုတ်တယ်”
အကြီးအကဲစန်း ခေါင်းညိတ်ပြလိုက်ပြီး ဆက်၍ “ဒီလိုဖြစ်လာမယ်ဆိုရင် မင်းပုန်းနေနိုင်ရင်တော့တစ်မျိုးပေါ့။ မဟုတ်ရင်တော့ အဖွဲ့အစည်းတစ်ခုရဲ့ ဖမ်းဆီးတာကိုခံရပြီး သူတို့အတွက် ဆေးဖော်စပ်ပေးတဲ့ ပစ္စည်းတစ်ဖြစ်လာမှာပဲ။ အဲ့တော့ မင်းရဲ့ လွတ်လပ်မှုကို ဆုံးရှုံးရတာပေါ့”
“နာလည်ပါပြီ”
စုရှောင်ရှန် ကြက်သီးမွှေးညှင်းများထောင်ထသွားသည်။ မည်သည့် အရာများကို ဖြတ်သန်းခဲ့ရ၍ အကြီးအကဲစန်း ကမ္ဘာကြီး၏ ရက်စက်မှုနှင့် ပတ်သက်ပြီး အသိပညာဉာဏ် နက်ရှိုင်းကြွယ်၀ရပါသနည်း။
“ဆိုတော့ ခင်ဗျားလည်း ပုန်းနေရတာပေ့ါ” စုရှောင်ရှန်မေးလိုက်သည်။
အကြီးအကဲစန်း မျက်နှာတည်နေရင်းမှ တံ့တွေးသီးသွားသည်။ ဒေါသထွက်နေသော အမူအရာဖြင့် ချေပလိုက်၏။ “ဘယ်ဟုတ်မလဲကွ… ငါ့ကို မဖမ်းနိုင်အောင်လို့ နေရာအနှံ့ကို ငါခြေဆန့် နေတာပေါ့”
စုရှောင်ရှန် စကားဖြစ်သာမေးလိုက်သော်လည်း ဤကောက်ရိုးခမောက်စောင်းအဖိုးကြီးကို လိုချင်နေသည့် အဖွဲ့အစည်းရှိနေမည်ဟုမထင်ထားပါချေ။ သူချက်ခြင်း စိုးရိမ်သွားပြီး “ဆိုတော့ ငါ့ဆရာကြောင့် ငါလည်း ဒုက္ခရောက်ရတော့မှာပေါ့”
အကြီးအကဲစန်း စွံ့အသွားသည်။
[ကဲ့ရဲ့ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“မင်းရဲ့ အဆင့်လေးနဲ့ဆို မင်းကို ဘယ်သူမှ နယ်ရုပ်တစ်ရုပ်အနေနဲ့ လိုချင်မှာ မဟုတ်ဘူး။ ဘာတွေကြောက်နေတာ” စုရှောင်ရှန်အား နှိမ်ချပေးရန်လိုကြောင်း အကြီးအကဲစန်း သိလိုက်ရ၏။
[ကဲ့ရဲ့ခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“တော်သေးတာပေါ့…” စုရှောင်ရှန် ရင်ဘက်ကို စိတ်သက်သာရာရဟန်ဖြင့် ပုတ်ကာ သက်ပြင်းချလိုက်သည်။
“လောလောဆယ်တော့ ဒါကို သုံးပေါ့” အကြီးအကဲစန်း ရေချိုးသည့်အိုးကြီးကို ကိုင်လိုက်ပြီး ဆိုသည်။
“မှတ်ထား။ ငရဲမီးတောက်မျိုးဆက် ဆေးဖော်စပ်သူတွေက အရမ်း အစွမ်းထက်တယ်။ တခြား ဆေးမျိုးဆက်တွေက တိုက်ခိုက်စွမ်းရည် သိပ်မရှိနိုင်ပေမယ့် ငါတို့က မတူဘူး… ငါတို့အတွက်တော့ ဆေးဖော်စပ်ရခြင်းက ဒုတိယပန်းတိုင်ပဲ။ အဓိကပန်းတိုင်က ဆေးဖော်စပ်ရင်း ငါတို့ရဲ့ မီးထိန်းချုပ်မှုပိုမြှင့်သွားဖို့ပဲ။ ဒါမှ ရန်သူတွေနဲ့ ရင်ဆိုင်လာရရင် သူတို့ကို ဆေးလုံးတွေအဖြစ် မှတ်ယူပြီး မီးရှို့လိုက်နိုင်မှာ”
စုရှောင်ရှန်၏ ပါးစပ် ကြမ်းပြင်ထိလောက်အောင် အဟောင်းသားဖြစ်သွားပြီး တစ်စုံတစ်ခုကိုသာ ရေရွတ်လိုက်နိုင်သည်။ “ကြမ်းတယ်ဟ”
အကြီးအကဲစန်း လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်ပြီး “အဆီအနှစ်တွေကို ထုတ်ယူတော့မယ်ဆိုရင် မီးကိုထိန်းချုပ်တဲ့နေရာမှာ အာရုံအပြည့်စိုက်နော်။ ဘာမှ တခြားဟာမတွေးနဲ့… မင်းရဲ့ နောက်ထပ် ပန်းတိုင်အသေးလေးက ဒီ လက်စွပ်ထဲမှာရှိတဲ့ ဆေးပင်တွေကို အသုံးပြုပြီး အဆီအနှစ် တစ်စက်ထုတ်ယူနိုင်ဖို့ပဲ”
“အဲ့ထဲမှာ ဆေးဖော်စပ်ခြင်းနဲ့ ပတ်သက်တဲ့ အသိအမြင်တွေရေးထားတဲ့ ကျောက်စိမ်းစာလိပ်တစ်ခုလည်းပါတယ်။ အဲ့တာကို အရင်ကြည့်ဖို့ မမေ့နဲ့… ကောင်းပြီ ငါသွားစရာရှိသေးလို့ သွားလိုက်ဦးမယ်။ အေးဆေးလုပ်”
စုရှောင်ရှန် တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်သော်လည်း အကြီးအကဲစန်းက ထွက်သွားပြီးဖြစ်သည်။ ဆေးမီးဖိုအိုးကြီးကို ကြည့်ပြီး စုရှောင်ရှန် စွံ့အသွား၏။
‘ခုတော့ ငါ့ဟာငါ လုပ်ရတော့မှာလား… တစ်ခေါက်လေး ခင်ဗျာ ဆေးဖော်စပ်တာကြည့်ပြီးတာနဲ့ ကျုပ်ဟာကျုပ်လုပ်တတ်သွားမယ်ထင်နေတာလား… ကျုပ်ကို ဘယ်လိုတောင် မြင့်မြင့်မှန်းထားတာတုန်း”
သိုလှောင်လက်စွပ်ထဲသို့ ကြည့်လိုက်ရာ သူမြင်လိုက်ရသည့်အရာကြောင့် ကြမ်းပြင်ပေါ် စုရှောင်ရှန် ခွေကျသွားသည်။ လက်စွပ်အတွင်းရှိ ဆေးပင်များမှာ တောင်လိုပုံနေပြီး ခေါင်းပင်မော့ကြည့်သည်။ ဤဆေးပင်များအားလုံးကစာကြည့်တိုက်ပထမအလွှာတစ်ခုလုံးကို ဖြည့်ဖို့လုံလောက်၏။
သို့မှ အကြီးအကဲစန်းဘာလို့ သူ့ကိုတစ်ယောက်တည်းထားခဲ့မှန်းသိရတော့သည်။ ထိုလက်စွပ်ထဲမှ အရာအားလုံးကို အသုံးပြုပြီးသည်နှင့် သူကျွမ်းကျင်ရန် လိုအပ်သမျှကို ကျွမ်းကျင်ပြီးချေတော့မည်။
စုရှောင်ရှန်က အခြားအရာများ၌ လစ်လပ်နေမည်ဖြစ်သော်လည်း ၎င်းတွင် ဇွဲနပဲတော့မပါချေ။ အံကိုတင်းတင်းကြိတ်ရင်း ဆေးမီးဖိုအိုးကြီးကိုကြည့်လိုက်၏။
“လုပ်မယ်ကွာ”