အပိုင်း (၈၈) လာ ငါ ဓားကွက်တွေ သင်ပေးမယ်
“အကိုရှောင်ရှန်”
တံခါးပွင့်သွားသည်နှင့် အတွင်းဘက်သို့ ကိုယ်ကိုကိုင်းကာ လက်နှစ်ဖက်ကို နောက်သို့ပို့ရင်း အင်္ကျီလက်စကိုဆုပ်ကာ စုရှင်းရှင်း ချိုမြိန်စွာပြောလိုက်၏။ သူမကို ကြည့်ရသည်မှာ ယခုမှ တစ်ယောက်ယောက်နှင့် တိုက်ပွဲဖြစ်လာသည့်ပုံမပေါက်ပေ။
“နင့်အကိုရှောင်ရှန်စီ လာလည်ဖို့ သတိရသေးတယ်ပေါ့လေ အတွင်းစည်းကို ၀င်သွားပြီးကတည်းက အကို့ကိုမေ့သွားပြီတောင်ထင်နေတာ” စုရှောင်ရှန် သူ့ရှေ့ရှိ ကောင်မလေးကို ပြန်တွေ့ရတာ ပျော်သော်လည်း ညှာတာမှုမရှိ ဆိုလိုက်သည်။
“မမေ့ပါဘူး” စုရှင်းရှင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး အလျှင်အမြန် ပြောလိုက်သည်။ “အကို့စီကိုလာဖို့ တစ်ချိန်လုံးတွေးမိပါသေးတယ်။ ဒါကြောင့် ပြိုင်ပွဲမှာတောင် လာတွေ့တယ်လေ။ ပြီးတော့ နောက်ဆုံးပြိုင်ပွဲမှာ ဗိုလ်ဆွဲသွားတုန်းကလည်း ရှိနေတယ်လေ”
“အေးပါ အေးပါ…”
ခြေဖျားထောက်ထားသည်တောင် သူ၏ ရင်ဘက်လောက်သာရှိသော စုရှင်းရှင်းကို စုရှောင်ရှန် မနေနိုင်ဘဲ အကျင့်ပါသွားပြီး ခေါင်းပွတ်လိုက်တော့သည်။ ကလေးမလေးက သူမ၏ ဆံပင်များပျက်ဆီးသွားသောကြောင့် မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် မျက်မှောင်ကုပ်လိုက်သည်။
“နင်က အရပ်ရှည်မလာဘူးပဲ…”
“ဘာပြောတာ”
“အကို… အာ… အကို ဗိုလ်ဆွဲသွားတာကို ဂုဏ်ပြုဖို့ရောက်လာတာလား လို့မေးမလို့ပါ” စုရှောင်ရှန် ချက်ခြင်း စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဟမ့်… အစတုန်းကတော့ အဲ့လိုပဲ ခုတော့မဟုတ်တော့ဘူး” စုရှင်းရှင်း နှုတ်ခမ်းဆူလိုက်သည်။
စုရှောင်ရှန် ကို့ယို့ကားယားပြုံးလိုက်ပြီး သူ့စိတ်ထဲရှိရာကို ပါးစပ်မထိန်းနိုင်လောက်သည့်အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်သည်။ ဤကောင်မလေးကသူ၏ ဧည့်သည်ဖြစ်လာလေပြီ ယခင်ကကဲ့သို့ သူ၏ လောက်ငယ်သားမဟုတ်တော့ပါ။ ထို့ကြောင့် ဧည့်၀တ်ကျေပွန်သော အိမ်ရှင်တစ်ယောက်သဖွယ် ပြုမူမှ ကျိုးကြောင်းသင့်လေမည်။
ခြံထဲသို့ လက်နှစ်ဖက်ကို လွှဲလိုက်ပြီး “အထဲ၀င်ပါဦး”
ထို့နောက် သူလည်းနောက်လှည့်လိုက်ရာ ကြမ်းပြင်တစ်ခုလုံး၌ အက်ကွဲကြောင်းများ၊ ဓားရာများဖြင့် ပျက်ဆီးခြင်းငါးပါးစိုက်နေသော မြင်ကွင်းကြောင့် လန့်ဖျပ် သွားသည်။ ဤသို့သောအခြေအနေဖြင့် ဧည့်သည်ကို မည်သို့ ဧည့်ခံရပါမည်နည်း။
သူ၏ အဓိက အိမ်လည်း မရှိတော့ရာ ဧည့်ဆောင်သေးသေးလေးသာ ကျန်တော့လေသည်။ ၎င်းက ကျဉ်းကြပ်လွန်းရာ စကားပဲပြောမည်ဆိုလျှင်တောင် အိပ်ယာထက်၌ ထိုင်မှ သာဖြစ်ပေမည်။
‘အဲ့လိုကလည်း မကောင်းတာတော့မဟုတ်ပါဘူး’ သူတွေးလိုက်သည်။
‘ဒါပေမယ့် စကားပြောရင်း ရေဆာလာရင်ဘယ်လိုလုပ်မလဲ။ လှောင်ထားတဲ့ ရေသန့်တွေကလည်း အငွေ့ပျံသွားပြီ။ ငါးကန်ကနေတိုက်ဖို့ပဲရှိတော့တယ်။ မဖြစ်ဘူး အဲ့တာ ငါးတွေ ချိုးထားတဲ့ ရေတွေ’
“ဘာဖြစ်လို့လဲ”
စုရှောင်ရှန် ဧည့်၀တ်ကျေပွန်သည်ဟု တွေးလိုက်ရာမှ သူက တံခါး၀၌ ရပ်နေရာ သူမလည်း အထဲကို၀င်လို့မရတော့ပေ။
“စုရှင်းရှင်း… အကိုတို့မတွေ့တာလည်း ကြာပြီဆိုတော့ အက်ို့နေရာမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောမယ့်အစား အပြင်သွားလည်ရအောင်လေ။ ဘယ်လိုလဲ လိုက်မယ်မလား”
သူမ တုန့်ပြန်သည်ကိုတောင် မစောင့်ဘဲ တံခါးကို သော့ခတ်ပြီး စုရှင်းရှင်းကို တံခါးနှင့်ဝေးရာသို့ တွန်းသွားလိုက်၏။
“ရတာပေါ့” စုရှင်းရှင်း ဘာဖြစ်ဖြစ်အဆင်ပြေလေသည်။ ထို့နောက် လက်ထိပ်ကလေးကို ကိုက်ကာ စိတ်လှုပ်တရှား ထအော်လိုက်သည်။ “ငန်းရေကန်ဆိုရင်ရော။ အဲ့ကိုမရောက်တာတောင် ကြာသွားပြီ”
ဤသည်ကိုကြားသော် စုရှောင်းရှန် ဘာမှမရှိသည့်ကြမ်းပြင်၌ ခလုတ်တိုက်လဲမလိုလို ဖြစ်သွားသည်။
‘ငန်းရေကန်လား လာပြန်ပြီ… တစ်ခါလာလည်းဒါပဲ… ငါ့ကိုများ လိုက်ပြီး ခြောက်လှန့်နေတာလားဟ’ တွေးလိုက်သည်။
ယမန်နေ့ညကမှ ထိုနေရာ၌ သေမင်းတံခါး၀မှ ကပ်သီးလေးလွတ်လာခြင်းဖြစ်သည်။ ၎င်းက လောလောလတ်လတ် ဖြစ်ထားသည်ဖြစ်ရာ ထိုနေရာသို့ပြန်သွားရန် တွန့်သွား၏။
သို့သော် နောက်မှ စုရှင်းရှင်းကို တွန်းနေသည်ဖြစ်ရာ သူမက စုရှောင်ရှောင်၏ အမူအရာကို သတိမမူမိဘဲ ဆက်၍ စကားပုလ္လင်ဖွဲ့လိုက်၏။ “မှတ်မိသေးတယ် အကို ညီမကို အဲ့ဒီမှာပံ ဓားနည်းစနစ် တစ်ခုသင်ပေးခဲ့တာလေ… ညီမလေးကို အဖြူရောင်တိမ်တိုက်ဓားနည်းစနစ် ထပ်ကာ ထပ်ကာ လေ့ကျင့်ဖို့ တိုက်တွန်းနေတော့ တစ်ခါက ဆရာ့ကို မေးကြည့်တာ ညီမလေးက တော်တော်တတ်နေပြီတဲ့လေ။ ဒီတစ်ခါတော့ ဒုတိယ ဓားကွက်ကို သင်ပေးရမယ်”
စုရှင်းရှင်း တကူးတက ကြည့်စရာမလိုဘဲ စကားပြောနေရင်းနှင့် စုရှောင်ရှန်ကို သူမ၏ မျက်လုံးဝိုင်းကြီး၏ထောင့်မှ တစ်စွန်းတစ်စ မြင်နိုင်နေလေသည်။ သူမကို ကြည့်ရတာ စိတ်ပိုင်းဖြတ်ပြီးဟန်ရသည်။ ဤသည်ကို ကြားသော် စုရှောင်ရှန်၏ နှုတ်ခမ်းများလှုပ်သွားသည်။ ဖြစ်နိုင်လျှင် သူလည်း သူမကို သင်ပေးချင်ပါသည်။
‘နင့် ပါရမီနဲ့ ငါ(၃) နှစ်လောက်လေ့ကျင့်လာရတဲ့ ငါတတ်တဲ့ တစ်ခုတည်းသော ပထမ ဓားကွက်ကို သင်ပေးတာ (၂) နာရီလောက်တည်းနဲ့ တတ်သွားတာလေ။ ငါက နင့်ကို အဲ့တုန်းက ဘာ နည်းစနစ် ဆက်သင်ပေးရမှာ’ သူတွေးလိုက်သည်။
စုရှောင်ရှန် သက်ပြင်းချလိုက်သည်။ သူဘာလုပ်နေသလဲ သူသိသကဲ့သို့ ဆိုလိုက်သည်။ “အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်ကို အသာထားလိုက်တော့။ အဲ့တာက ဟောင်းနေပြီ။ အဲ့ထက်ပိုမြင့်တဲ့ တစ်စုံတစ်ခုကို သင်ပေးမယ်”
ဤသည်ကိုကြားသော် စုရှင်းရှင်း၏ မျက်၀န်းများ ၀င်းပသွားသည်။
“အဆင့်ပိုမြင့်တဲ့ဟာလား”
“ဟီးဟီး… ဟုတ်တယ် ဓားပျံနည်းစနစ်” စုရှောင်ရှန်ကိုကြည့်ရတာ ယုံကြည်ချက်ရှိပုံရသည်။
စုရှင်းရှင်း၏ နှုတ်ခမ်းများက ‘ဒီတစ်ခုကိုသိတယ်’ ဟုပြောနေသယောင်ယောင် အနည်းငယ် ဟသွားသည်။ ထို့နောက် သူမ၏ ဓားကို ကောင်းကင်အထက်သို့ ပစ်လိုက်ရာ ၎င်းက တိမ်းများအကြား နဂါးတစ်ကောင်အလား လူးလွင့်ကူးခပ်သွားလေသည်။
“ဒီလိုလား” စုရှောင်ရှန်ဘက် လှည့်ကာ မေးလိုက်သည်။ စုရှောင်ရှန် တိမ်များအကြားကူးခပ်နေသော ဓားကြောင့် ကြက်သေသေသွားသည်။
‘နင်ရဲ့ ဓားပျံနည်းစနစ်က ငါ့ထက်အများကြီးပိုကောင်းနေတာ … ဘာသင်စရာကျန်တော့မတုန်း’ သူတွေးလိုက်သည်။
သို့သော်သူ၏ အကိုကြီးဟူသော မျက်နှာဖုံးကို ခွာချ၍ မရပါလား။ ထို့ကြောင့် ခေါင်းညိတ်ရင်း မှတ်ချက်ပေးလိုက်သည်။ “မဆိုးပါဘူး… ဒါပေမယ့် အကို တကယ်သင်ပေးမှာ အဲ့တာမဟုတ်ဘူး။ သင်ပေးမှာက ဒဏ္ဌာရီလာ ‘ဓားပျံစီးခြင်း’ ပဲ”
စုရှင်းရှင်း၏ အမူအရာက တစ်စုံတစ်ခုကို သိလိုက်ရသည့်အလား ‘ဒီတစ်ခုကိုသိတယ်’ ဟုအမူအရာသို့ပြန်ပြောင်းသွားသည်။ ထို့နောက် ခုန်လိုက်ရာ အသာအာယာ ဓားပေါ်ရောက်သွား၏။ ဓားပျံကိုစီးရင်းက သူမ၏ အ၀တ်အစားများလေထဲ၌ လူးလွင့်နေရာ ဓားနတ်သမီးတစ်ပါးအလား အသွင်ရနေတော့သည်။
စုရှောင်ရှန် ထပ်မံ၍ ကြက်သေသေသွားပြန်သည်။
‘ငါကပဲ သူ့ကို နှောင့်နှေးအောင် ဆွဲထားသလိုလို… တစ်လလောက်ငါ့နောက်လျှောက်လိုက်တုန်းက အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်က ဓားတစ်ကွက်ကိုပဲ တတ်တာပါ။ ခုမှ တစ်နှစ်ကျော်ကျော်လောက်လေးရှိသေးတယ် ဘယ်လိုလုပ် ဒီလောက်တတ်သွားတာတုန်း’ သူတွေးလိုက်သည်။
“မဆိုးဘူး။ တိုးတက်လာတာပဲ… ဒါပေမယ့် ညီမကို အကိုသင်ပေးမှာက အဲ့သလောက်မရိုးရှင်းဘူး” တည်ငြိမ်ဟန် ဆက်ဖမ်းလိုက်ပြီး ပြောလိုက်သည်။
“တကယ်လား” စုရှင်းရှင်း သူမ၏ ဓားပေါ်မှ ခုန်ဆင်းလိုက်သည်။ ထိုလောက်မရိုးရှင်းပေဘူးလော။ ၎င်းကိုတတ်ရန်အတွက် နေ့တစ်၀က်ကြီးများတောင် သူမ ကြိုးစားလိုက်ရလေသည်။
“ဒါဆို ဘာကြီးလဲ”
စုရှောင်ရှန် ဆန်းကြယ်သော အပြုံးတစ်ခုကို ဆင်မြန်းပြီး စကားလုံးတိုင်းကို တစ်လုံးချင်းစီ ဖြေးဖြေးချင်း ဆိုလိုက်သည်။ “ဓားပြောင်းပြန် ညှို့ခြင်း”
“ဓားပြောင်းပြန် ညှို့ခြင်းဟုတ်လား” ၎င်းက မည်သည် ဖြစ်သည်ကို နားမလည်လေရာ စုရှင်းရှင်း မှင်သက်သွားသည်။ သူမ၏ ဆရာတောင် ထိုသို့ အရာမျိုးကို တစ်ခါမှ မသင်ပြဖူးပါပေ။
“ကြည့်ရတာ ဒီတစ်ခု ဘာလဲဆိုတာ ညီမလည်း မသိဘူးထင်တယ်” စုရှောင်ရှန် ကျေနပ်သွားသည်။
“မသိဘူး”
“သင်ချင်လား။ လူတိုင်းကို အကိုသင်ပေးတာ မဟုတ်ဘူးနော် သိတယ်မလား…”
“သင်ချင်တယ်”
“ရတယ်လေ တောင်းဆိုရင်တော့ သင်ပေးမှာပေါ့”
“အကို ရှောင်ရှန် သင်ပေးပါ”
စုရှောင်ရှန် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အဖိုးတန် လိမ္မာသည့် တပြည့်တစ်ယောက်ကို ရလိုက်သည့်အလား အမူအရာဖြင့် ဆရာကြီး ပုံစံဖမ်းပြီး ဆိုသည်။ “ဓားပြောင်းပြန်ညှို့ခြင်းကို သင်ဖို့အတွက်ဆို ဓားပြောင်းပြန် ဓားကွက်ကို အရင်တတ်ထားရမယ်”
“အယ်… ဓားပြောင်းပြန်ဓားကွက်က ဘာကြီးတုန်း”
“ဟီးဟီး… သင်ရတော့ခက်မယ်နော့… ဒီဟာက ညီမရဲ့ အကိုရှောင်ရှန် ငါကိုယ်တိုင် ကိုယ်ကျ အဖြူရောင်တိမ်တိုက်တွေကိုကြည့်ပြီး တီထွင်ထားတဲ့ မဟာနည်းစနစ်ကြီးပဲ။ ဒီနည်းစနစ်နဲ့ ပြိုင်ပွဲတစ်ခုလုံးမှာ ရန်သူတိုင်းကို ဘယ်သူမဆို အနိုင်ယူ ဖြတ်သန်းပြီးတော့ ဗိုလ်ဆွဲလာတာ”
“အကို ကိုယ်တိုင် တီထွင်ထားတာလား” စုရှင်းရှင်း၏ သိချင်စိတ်တို့ဖြင့် မျက်လုံးကလေး ကလယ်ကလယ်ဖြစ်သွားသည်။ သူကိုင်တိုင်တီထွင်လိုက်ပါသည် ဟူသည့် စကားကို အဓိက အလေးပေးတာ သူမနားလည်သည်။ ၎င်းက တကယ့် ဆရာကြီးများသာ လုပ်နိုင်သည်မဟုတ်ပါလား။
“တကယ်က အဲ့လောက်လည်းမဟုတ်ပါဘူး… ကဲ မစောင့်နိုင်တော့ဘူးဆိုရင်လည်း စသင်ကြရအောင်” စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ်နှိမ်ချဟန်ဖမ်းပြီး ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ဦး၊ အပုအရှည် တစ်တွဲ စုရှောင်ရှန်၏ ခြံရှေ့၌ ဓားများဆွဲထုတ်ကာ အသင့်ပြင်လိုက်ကြသည်။
“ကဲ ဒီကိုလာခဲ့။ ဦးဆုံး ဓားကို ကိုယ့်ကိုယ်ကိုယ် ပြန်ညွှန်း…”
“အာ… ဘာလို့ ဘာလို့ အဲ့လိုလုပ်ဖို့ လိုတာလဲ”
“လုပ်ရမှာပေါ့ ဘာလို့ဆို… ဘာလို့… ထားလိုက်ပါတော့ ဒီလောက် ရိုးရှင်းတာကြီးကို ရှင်းပြမနေတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ စဉ်းစားကြည့်”
“ဟင်… ဓားကို နောက်ပြန်လှည့်မှ ဓားအသိနဲ့ ဆက်သွယ်နိုင်လို့လား”
“မဟုတ်ပါဘူးဟ ဓားကို အနောက်ပြန်လှည့်ရတာကိုက ဓားကွက်ရဲ့ အနှစ်သာရမို့ပါ”
…
“ထားလိုက်တော့ ဆက်မစဉ်းစားနဲ့တော့။ ဓားကိုဒီတိုင်း ဟိုးးးး အဝေးကြီးရောက်အောင်ပစ်လိုက်ပြီးမှ ပြန်ဆင့်ခေါ်လို… ချီး ဓားကို ဘယ်ဘက်ပြန်ခေါ်နေတာလဲ”
“အဲ့လိုမဟုတ်ဘူးလေ ကိုယ့်ကိုယ်ကိုယ် ချိန်ရမှာ”
“ဘာလို့လဲဟုတ်လား။ မမေးနဲ့ အဲ့တာ ဓားရဲ့ အနှစ်သာရမို့ပဲ”
…
ခဏကြာသော် စုရှောင်ရှန် မိုးကောင်းကင်ကို အလွန်အမင်း စိတ်ဓာတ်ကျနေဟန်ဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် ဤသည်က တကယ့် ပါရမီရှင်နှင့် သူ့လို ပါရမီရှင်အတုကြားမှ ကွာဟချက်ပါလားဟု သက်ပြင်းချလိုက်သည်။
၎င်း၏ အနှစ်သာရကို နားလည်ဖို့ သူတစ်ညလုံးလေ့ကျင့်ခဲ့ရသော်လည်း ဤကောင်မလေးကတော့ အချိန်ခဏလေးနဲ့ အနှစ်သာရကို ဆုပ်ကိုင်နိုင်သွား၏။ ကြည့်လေ ခဏလေးနဲ့ ကောင်းကင်ပေါ်မှာ ပြောင်းပြန်ကြီး ပြန်တတ်သွားပြီ။
စုရှင်းရှင်း တကယ် ပျော်ပါးနေခြင်းဖြစ်သည်။ ထိုဓားကွက်က သူမကို အမြင်ကျယ်သွားစေသော်လည်း မကြာလိုက်ပါ။ စတင်၍ အနည်းငယ် ခေါင်းမူးသလိုလို ရှိလာခဲ့၏။
“အကိုရှောင်ရှန် ညီမ ခေါင်းမူးသလိုလို ဘာလို့ ခံစားနေရတာလဲ”
အစိတ်စိတ်အမွာမွာကွဲကြေသွားသော သူ၏ နှလုံးသားအပိုင်းအစများကို စုရှောင်ရှန် မျက်ရည်ရွှန်းလဲ့လဲ့လေးဖြင့် ဓာတ်ကျနေမှုကြီးကို ဖိနှိပ်ပြီး ပြန်ဆက်လိုက်ရလေသည်။ ထို့နောက် ဘာမှ မဖြစ်သလို သာမန်ကာရှန် ပြောလိုက်၏။ “အဲ့တာက ညီမရဲ့ စိတ်ကို လေ့ကျင့်ဖို့ပဲ… ဒီလို ဓားမူးတာလေးတောင် မခံနိုင်ရင် အနာဂါတ်မှာ ဘယ်လိုလုပ်ကောင်းကင်မှာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နိုင်တော့မှာ”