အပိုင်း (၈၆) နာမည်ကြီး ဓား
“စုရှင်းရှင်း ဓားကို ချလိုက်”
ကျောက်ကျစ်တုံ့ ၏ ဆူပူမှုက လူအုပ်ကြီး၏ အမြင်တွင်တော့ အသုံးမ၀င်ပါပေ။ ၎င်းက သူနှင့် တစ်ဘက်တည်းတွင်ရှိသည်တောင် စုရှင်းရှင်း၏ အရေးမလုပ်သော အပြုအမူမှ ကြည့်နိုင်သည်။ “မမယောင်” စုရှင်းရှင်း ဖျော့တော့စွာ ခေါ်လိုက်သည်။
ယောင်ယင်ယင် စုရှင်းရှင်းလှုပ်ရှားတော့မည်ဆိုတာ သိလေသည်။ သို့ဖြင့် ကျောက်ကျစ်တုံ့ကို သူမ ကြည့်လိုက်၏။
“စည်းကမ်းကြီးကြပ်သူ ကျောက်…”
ကျောက်ကျစ်တုံ့ သူ့နားထဲ၌ ညုတုတု အသံတစ်သံကို အနီးကပ်ကြားလိုက်ရသည်ဟု ခံစားလိုက်ရသည်။ အဘယ်ကြောင့်မှန်းမသိ ထိုအနီ၀တ်မိန်းမပျိုကို လှည့်ကြည့်ရန် မသိစိတ် တွန်းအားပေးနေသလိုလို ခံစားလိုက်ရသည်။
ထိုမိန်းမပျိုနှင့် အကြည့်ချင်းဆုံလိုက်ရာ ကျောက်ကျစ်တုံ့၏ တစ်ကိုယ်လုံးတုန်ခါသွားလေသည်။ သူ့မြင်ကွင်းထဲ၌ ပျော့ပြော်ငးသော အပန်းရောင် အရှိန်အဝါတို့ ဖူးပွင့်ကုန်ကြပြီး အရာအားလုံးကို မြူအလားဖုံးလွှမ်းသွား၏။
နောက်စက္ကန့်ပိုင်းအတွင်းသူ၏ အမူအရာထူးထူးဆန်းဆန်း အဖြစ်သို့ပြောင်းသွားပြီး ကျေနပ်နေသလိုလို ရှက်နေသလိုလို ရှိနေ၏။ နောက်ဆုံးတော့ သူကိုယ်တိုင်လည်း မထိန်းချုပ်နိုင်တော့ကာ ပြေးဖက်လိုက်ရာ လေကိုသာ ဖမ်းမိသွားပြီး တဏှာရူး မျက်နှာဖြင့် မြေပြင်ပေါ်ပြုတ်ကျသွားလေသည်။
“အကြီးကြီးပဲ”
နောက်မှ ကြည့်နေသော ကျိုးထျန်းရှန် ဤအချင်းအရာကြောင့် မှင်သက်သွား၏။ “ဘယ်လို မိစ္ဆာပညာရပ်လဲ” သူတွေးလိုက်သည်။
ထိုအနီ၀တ်မိန်းမပျိုက ကျောက်ကျစ်တုံ့ကို တစ်ချက်ကလေးသာ ကြည့်ရသေးသည် ထိုသူက မြေပြင်၌ ထိုသို့ မှောက်သွားသည်လော။ အဲ့တာ စည်းကမ်းကြီးကြပ်သူတစ်ယေက်လေ။
သူသိရသလောက်ကတော့ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနမှ စည်းကမ်းကြီးကြပ်သူများမှာ အနည်းဆုံးတော့ မိုးတိမ်လေပြိုင်ပွဲ ကြီးကြပ်သူများအဖြစ် တာ၀န်ထမ်းဆောင်ရန် စွမ်းအားကြီးလေသည်။ အခြားတစ်ဘက်ရှိ သူကိုယ်တိုင်ကတော့ ထိပ်သီး(၃၂) ယောက်ထဲမှ တစ်ယောက်သာသာ ဖြစ်၏။
သူတို့ကြားမှ ကွာဟချက်က ထိုမျှကြီးသည်။ သို့တောင် စည်းကမ်းကြီးကြပ်သူ တစ်ယောက်က အကြည့်တစ်ချက်တည်းနှင့် လဲကျသွားသည်လော။ သူဆိုလျှင် မည်သို့လုပ်မည်နည်း။
သူ့ဘေးနားရှိ ဂိုဏ်းသားက ပြုတ်ထားသော အစေ့တစ်ခုကို စားနေရင်း မနာလို၀န်တိုမှုများဖြင့် ပြည့်နေသော လေသံဖြင့် ဆိုလိုက်သည်။ “အဲ့တာက ဂိုဏ်းတူအမယောင်ရဲ့ ‘ညှိုယူခြင်းအတတ်’ ပေါ့။ ဘယ်ယောက်ျားတိုင်းကိုမဆို ဖမ်းစားနိုင်တယ်လို့ အဆိုရှိတယ်”
“အဲ့ဒီပုံရိပ်ယောင်ထဲမှာဆို နတ်ပြည်ပဲတဲ့။ ငါဘယ်တော့များ အဲ့လို ခံစားဖို့ အခွင့်အရေးကို ရမလည်းမသိဘူး…”
“မင်းလား… မင်းက အဲ့ဒီ ခုံပေါ်မှာ အိပ်မက် မက်နေဖို့ပဲ တန်တာ” အစေ့ပြုတ်စားနေသော သူက ကဲ့ရဲ့သည့် လေသံမျိုးဖြင့် ခုံတန်းလျားတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
“ငါတောင် အိပ်မက် မက်ရဲသေးတယ်။ ဘာက ဘာလုပ်နိုင်လို့လဲ”
“ဟီးဟီး အိပ်မက် ဟုတ်လား။ ဘာလုက်ရမှာလဲ။ မင်းလုပ်ရဲရင်…”
ယောင်ယင်ယင် ရုတ်တရက် လှည့်ကြည့်လိုက်ရာ ထိုသူ နှစ်ဦး လန့်ဖျပ်သွားပြီး ထခုန်လိုက်ကြသည်။ ကျိုးထျန်းရှန် သူတို့နှင့် မပတ်သက်သည့်အလား လေချွန်ရင်း အကြည့်လွှဲလိုက်၏။
တိုက်ပွဲဘက်သို့ ကြည့်သော်
ကျောက်ကျစ်တုံ့ လဲကျသွားသည်နှင့် စုရှင်းရှင်း သူမ၏ ဓားကြီးကို မြေပြင်၌ လျောတိုက်ဆွဲကာ ပြေးသွားလိုက်သည်။ ထို့နောက် ကျန်းရှင်းရှုံအနီးသို့ရောက်သော် ခုန်လိုက်သည်။
“သူမ တကယ် လုပ်တော့မှာဟ” လူတိုင်း အံ့အားသင့်သွားသည်။
အစက လူတိုင်း သူမက အပြောသက်သက်ဖြင့် ခြောက်နေသည်ဟုသာ ထင်ထားကြရာ တကယ် ဓားဆွဲပြီးလုပ်လိုက်ပါမည်ဟုမထင်ပေ။
ကျန်းရှင်းရှုံ ရှည်လျားကြီးမားသော အနက်ရောင် သံတုတ်ကြီးကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူပြီး မြေပြင်၌ တောက်လိုက်ရာ အက်ကွဲကြောင်းများပေါ်လာ၏။
စုရှင်းရှင်းသူ့ကို တကယ်တိုက်ခိုက်မည်ဆိုလျှင်လည်း သူမကြောက်ပါပေ။ ဤနေရာတွင် စည်းကမ်းကြီးကြပ်သူ တစ်ဦးရှိသည်။ သူကလည်း ခုခံသူ နေရာ၌ရှိနေရာ ဤအခြေအနေတွင် အသားစီးရနေ၏။
ထိုကောင်မလေး၏ စွမ်းပကားအတွက်ကတော့…
‘ဟာသပဲ… သူမက အတွင်းစည်း ထိပ်သီး (၃၃) ဦးထဲမှာ ရှိပေမယ့် အတွင်းစည်းကို ၀င်လာတာ တစ်နှစ်လား နှနှစ်လားရှိသေးတယ်… ငါ့လို ငါးနှစ်၊ ခြောက်နှစ်လောက် ၀င်လာတဲ့ ဆရာကြီးကို ယှဉ်နိုင်မတဲ့လား”
ကျန်းရှင်းရှူံက ကိုးပေလောက်အရပ်ရှည်သည်ဖြစ်ရာ စုရှင်းရှင်းက သူ၏ ခန္ဓာကိုယ် တစ်၀က်စာလောက်သာရှိသည်။ သို့သော် ထိုကောင်မလေး အနီးသို့ရောက်လာပြီးနောက် ခုန်လိုက်ရာ ၁၂ ပေကျော်လောက် မြင့်တက်သွားသည်။
အဖြူရောင်ပုံရိပ်ကလေးနှင့် ဓားကြီးတို့ မြောက်တက်သွားသည်နှင့် ကြောက်မက်ဖွယ်ရာ ဓားဆန္ဒတစ်ခု ပန်၀န်းကျင်တစ်ဝိုက်ကို လာရောက် ဖိနှိပ်၏။
ကျန်းရှင်းရှုံ မှင်သက်သွားလေသည်။ သူ့အမြင်တွင် ထိုအဖြူရောင်ဓားကြီးက ကောင်းကင်ကို ကာပြီး သူ့ပေါ်ကိုကျလာသည့် သင်္ချိုင်းဂူကြီးအလားပင်။
ခိုက်ခိုက်တုန်စေသည့် အအေးဓာတ်များက သူ့ ဝိညာဉ်ကို ကိုင်လှုပ်လိုက်သလို အဆုံးမရှိသော အကြောက်တရားတို့ သူ့ကို လွှမ်းခြုံသွား၏။ ထိုသချိုင်းဂူကြီးက အလွန် နီးကပ်လာရာ သူ့တွင် ပြေးပေါက်မရှိတော့ပေ။
“ဒီဓားက တစ်ခုခုတော့ တစ်ခုခုပဲ…”
စုရှင်းရှင်းကိုယ်တိုင်က ထိုသို့ အစွမ်းထက်သော ဓားကွက်မျိုးကို သုံးနိုင်ခြင်းမရှိဟု သူပြောနိုင်သည်။ သူ့ကိုဤသို့ ဖိအား ခံစားရအောင်လုပ်နေသည့်အရာမှာ သူမ ကိုင်ဆောင်ထားသော ထိုဓားကြီးပင် ဖြစ်ရမည်။ ၎င်းက စုမျိုးနွယ်စု၏ အမွေအနှစ် ဖြစ်သည့် နာမည်ကြီးဓား(၂၁) ချောင်းထဲမှ နှင်းမြို့တော်၏ အလွမ်းဖြစ်၏။
“ဖွင့်စမ်း” ကျန်းရှင်းရှုံ၏ အမူအရာ လေးနက်သွားပြီး ထိုအနက်ရောင်တုတ်ကြီးတွင် သွေးနီရောင် အလင်းတို့ တောက်ပလာခဲ့၏။ တုတ်ကြီး က တဖြည်းဖြည်းကြီးလာခဲ့ပြီး သစ်ပင် ပင်စည်တစ်ခုလောက်ရှိသွားသည်။
ရှောင်လို့မရတော့သည်ဖြစ်ရာ ထိပ်တိုက်ရင်ဆိုင်လိုက်၏။ ကျန်းရှင်းရှုံ၏ အဓိက စွမ်းရည်က ခွန်အားဖြစ်ရာ နာမည်ကြီးဓားတစ်လက်အောက်၌ သူကျရှုံးမည်ဟု မထင်ပေ။
ကောင်းကင်မှ ကျလာသော ဓားကြီးနှင့် ပင်စည်လောက်ရှိသည့် အနက်ရောင်တုတ်တို့ ထိသွားကြ၏။ ၀န်းကျင်တစ်ခုလုံး လှုပ်ခတ်သွားပြီး သတ္တုချင်း ထိတွေ့သံကြီး ညံသွားတော့သည်။
တိုက်ပွဲနှင့်အနီးနားရှိ လန်ရှင်းရှီတို့ကတော့ အဆင်ပြေပေမယ့် အဝေးရှိ လူအုပ်ကြီးကတော့ လွင့်စင်ထွက်သွား၏။ ကျိုးထျန်းရှန် မှင်သက်သွား၏။ လေထဲသို့ လွင့်ပျံသွားသော်လည်း ထိုနှစ်ယောက်အပေါ်တော့ အကြည့်မပျက်လိုက်ပါပေ။
ဓားကြီးကို ခုတ်ချလိုက်သည့် အဖြူ၀တ်ကောင်မလေးမှာ အားနည်းဟန်ရပြီး တစ်ဘက်ရှိ ခုခံလိုက်သော ကျန်းရှင်းရှုံကတော့ ရက်စက်သည့် ဟန်ပေါက်သည်။
ကျစ်
စုရှင်းရှင်း အံ့ကိုကြိတ်ပြီး သူမ၏ ဓားကြီးအပေါ် အားထပ်စိုက်လိုက်သည်။
ဘုန်းးး
ပေါက်ကွဲမှုတစ်ခုနှင့်အတူ မြေပြင်တစ်ခုလုံး အက်ကွဲသွား၏။ ကျန်းရှင်းရှုံကတော့ ထိုအက်ကွဲကြောင်းအလယ်၌ မားမားမတ်မတ် ရပ်နေစဲဖြစ်သည်။
“ဒီလောက် ခွန်အားလေးနဲ့ ငါ့ကို လာယှဉ်နိုင်ဖို့ ဝေးသေးတယ်”
ကျန်းရှင်းရှုံ မထီမဲ့မြင်ပြုပြီးသရော်လိုက်သည်။ ထို့နောက် တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်၏။ သို့သော် သူ့အထက်၌ ရှိနေသည့် စုရှင်းရှင်းက ထိုသို့ အခွင့်အရေးမည်သို့ ပေးမည်နည်း။ သူမ အော်လိုက်သည်။
“သင်္ချိုင်းဂူကြီး”
နောက်ထပ် ဂူတစ်လုံး ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး အဖြူရောင်ဓားကြီးနှင့် ပေါင်းစပ်သွား၏။ ကျန်းရှင်းရှုံအတွက်တော့ နောက်ထပ်ဂူတစ်လုံး သူ့ကို လာဖိနှိပ်ခြင်းဖြစ်ပါသည်။ သူမခံနိုင်တော့ပေ။
သို့ဖြင့် ထိုဂူနှစ်လုံး၏ စွမ်းပကားကြောင့် တန်ပြန်မတိုက်ခိုက်နိုင်လိုက်ဘဲ လက်နှစ်ဘက် အဆစ်လွဲသွားကာ ဂူနှစ်လုံးပိတာခံလိုက်ရ၏။
ဘုန်းးးး
မြေပြင်ပေါ်မှ အက်ကြောင်းများပို၍ ကြီးမားလာရာ တိုက်ပွဲအနီးရှိလူများ ခုန်ဆုတ်သွားလိုက်ကြသည်။
ကျိုးထျန်းရှန် မြေပြင်ပေါ်သို့ ပြန်ကျသည်နှင့် နောက်ထပ်စွမ်းအင်လှိုင်းတစ်ခုက သူ့ကို လာရိုက်ခတ်၏။ သို့သော် ဒီတစ်ခေါက်တော့ ကြိုတင်ပြင်ဆင်ပြီးဖြစ်ရာ လွင့်ပျံသွားပါချေ။
“ကြမ်းတယ်”
သူ့သွေးများဆူပွက်လာသည်ဟု ခံစားလိုက်ရပြီး သူ့တိုက်ခိုက်ချင်စိတ်များ မိုးထိုးတက်သွားသည်။ သု့နောက်မှ ရွှေကြီးစိုးခြင်းဆေဘာကို ကိုင်လိုက်ရာ ၎င်းလည်း စိတ်လှုပ်ရှားနေကြောင်းကို သိလိုက်ရ၏။ သူလိုချင်သည့်အတိုင်းပင်။တ စ်ချက်တည်းဖြင့် အရိုးတခြား အသားတခြား ဖြစ်အောင် ခုတ်အိုင်းခြင်း။
‘နေဦး တစ်ခုခုတော့ မှားနေပြီ… ကျန်းရှင်းရှုံဘယ်မှာလဲ… အဲ့ကောင် အသားပြားဖြစ်သွားပြီလို့တော့ မပြောနဲ့နော်’ သူတွေးလိုက်သည်။
ချလန်
တုတ်အကျိုး အပိုင်းအစနှစ်ခု ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်ကို မြင်သော် ကြည့်ရှူသူတိုင်း အံ့အားသင့်သွားကြသည်။
“လခွမ်း… အဲ့တာ ‘ငမန်းနက်’ ပဲဟ။ တကယ် ကျိုးသွားတယ်တဲ့”
“အဲ့တာက အဆင့်ခြောက် စိတ်ဝိညာဉ်လက်နက်မလား။ အရှင်သခင်နယ်ပယ် လက်နက်လေ…”
“ဒါတောင် ကျိုးတယ်ဆိုတော့…”
ကျိုးထျန်းရှန်ကြက်သေသေသွားသည်။ ထိုတုတ်အကျိုးနှစ်ပိုင်းက တကယ်ကော အဆင့်(၆) စိတ်ဝိညာဉ်လက်နက်လားဟု သံသယဖြစ်သွား၏။ သူ၏ ရွှေကြီးစိုးခြင်းဆေဘာတောင် စစ်မှတ်ခြင်းနယ်ပယ် မဟုတ်သည့် အဆင့်ကိုးဓားတစ်ချောင်းသာဖြစ်သည်။
သူမလုပ်ချင်သည်ကို လုပ်လိုက်ပြီးရာ စုရှင်းရှင်း၏ နှုတ်ခမ်းများ ကျေနပ်စွာ အပေါ်သို့ ကွေးတက်သွားသည်။ သို့ဖြင့် ဓားကြီးကို ပြန်နှုတ်ယူကာ သူမ၏ ပုခုံးပေါ်တင်လိုက်၏။
“ဒီတုတ်အကျိုးကို သင်ခန်းစားပေးခံရတယ်လို့ မှတ်လိုက်”
ထို့နောက် လန်ရှင်းရှီကို ငဲ့ကြည့်ကာ အလေးအနက်ပြောလိုက်သည်။ “အကိုရှောင်ရှန်ကို ထပ်ပြီး သွားရှုပ်ရဲ သွားရှုပ်ကြည့် တစ်ယောက်ယောက်တကယ် သေသွားစေရမယ်”
ဂလု
လူတိုင်း တံတွေးများ မျိုချလိုက်ကြသည်။
လေးနက်နေသည့် ဟန်ပန်နှင့်တောင် ဤကလေးမလေးက ချစ်စရာကောင်းနေသေးရာ သူမ၏ စကားက မည်သည့် အရှိန်အဝါမှ မရှိပါပေ။ သို့သော် သူမလုပ်လိုက်သည်ကို ထည့်တွက်လိုက်လျှင်တော့…
လန်ရှင်းရှီ စိတ်ထဲ၌ အကြီးအကျယ်ထိတ်လန့်သွား၏။ အဘယ်ကြောင့် ဤကလေးမလေး ကျန်းရှင်းရှုံကို မြေကြီးအောက်ထဲ ပို့လိုက်နိုင်အောင် သန်မာရသနည်း။
‘စုရှင်းရှင်းက သန်မာလွန်းမနေဘူးလား’ သူမတွေးလိုက်သည်။
အကယ်၍ သူမသာ ကျန်းရှင်းရှုံ၏ နေရာ၌သာဆို စုရှင်းရှင်း၏ ဓားတစ်ချက်ကိုတောင် မနည်းခုခံနေရမည်ဖြစ်သည်။ ဤတိုက်ပွဲ၌ ကျန်းရှင်းရှုံ သူ၏ သွေးမျိုးဆက် စွမ်းအင်ကို အသုံးမပြုခဲ့သော်လည်း ငါမန်းနက် ကျိုးသွားရသည်က ကျိုးသွားသည်သာ။ ဤကလေးမလေးကို ကြည့်ရတာ ယခုမှ အတွင်းစည်းသို့ ၀င်လာတာ တစ်နှစ်၊ နနှစ်ခန့်သာ ရှိသောသူနှင့် မတူချေ။
“စု… ရှင်း … ရှင်း”
ဒေါသကို အတင်းဖိနှိပ်ထားရသလိုမျိုး အသံကို မြေကြီးထဲမှကြားလိုက်ရသည်။ ကျန်းရှင်းရှုံ အက်ကွဲကြောင်းထဲမှ ခုန်ထွက်လာပြီး ထွက်သွားနေသော စုရှင်းရှင်းကို လက်သီးဖြင့် ထိုးလိုက်၏။
ကျိုးထျန်းရှန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သတိလှမ်းပေးလိုက်သည်။ “သတိထား…”
သူ့ဘေးနားမှ လူ ကျိုးထျန်းရှန်ကို ပါးစပ်အလျှင်အမြန် ပိတ်လိုက်ရာ ဝူးဝူးဝါးဝါး အသံများသာထွက်လာ၏။
“ငါ့ကောင် မင်းသေချင်လို့ သူတို့ တိုက်ပွဲကြားမှာ သွားအော်လိုက်တာလား။ မတော်လို့ရှိရင် မင်းသေသွားနိုင်တယ် သိရဲ့လား”