Switch Mode

Chapter – 85

တစ်ယောက်မှ ဘယ်မှ မသွားရဘူး

အပိုင်း (၈၅) တစ်ယောက်မှ ဘယ်မှ မသွားရဘူး

တံခါးမကြီးနှင့် ကြီးမားသော အိမ်ကြီးတို့ကို ဓားစွမ်းအင်က ပိုင်းဖြတ်လိုက်သည်။ အစီအရင်ပင် ၎င်းကို မတားလိုက်နိုင်ပါချေ။ ကျန်းရှင်းရှုံ ၀င်ပေါက်သို့လှည့်ကြည့်လိုက်သည်။ အပြင်ဘက်၌ ဘာဖြစ်နေသည်ကို သူတွေ့နေရ၏။

အပြင်ဘက်၌ လုပ်စရာမရှိသော အတွင်းစည်းဂိုဏ်းသားများ အဝေး၌ စုစည်းလာကြပြီး ကျန်းရှင်းရှုံ၏ အိမ်ကို ဝိုင်းထားလိုက်ကြသည်။ သူတို့ထဲမှ တစ်ချို့က ဆောင့်ကြောင့်ထိုင်သူကထိုင်၊ တစ်ချို့က ခွေးခြေပုခုံများနှင့် ထိုင်လို့ထိုင်နှင့် မြေပဲဆားလှော် ဖရဲ အစေ့အစုံကို လက်ထဲ၌ ကိုင်ထားကာ ကျန်းရှင်းရှုံတို့ကို ကြည့်နေကြ၏။

အတွင်းစည်း ထိပ်သီး (၃၃) ဦးမှတော့ မဟုတ်ပါပေ။ သူတို့က အလုပ်မရှိ ပျင်းရိနေကြသည့် သာမန် အတွင်းစည်းဂိုဏ်းသားများဖြစ်ကြသည်။ ချောင်ကုပ်နေကြသူများလည်းဖြစ်ကြ၏။

ထိုသူများထဲမှ ပိန်ပိန်ပါးပါးနှင့် သွယ်လျသော ခန္ဓာကိုယ်အချိုးအစားရှိသည့် အနီရောင်၀တ်စုံဖြင့် မိန်းမငယ်လေးတစ်ယောက်ကို ‌ကျန်းရှင်းရှုံတွေ့လိုက်ရာ ရှေ့သို့ လှမ်းလိုက်သည်။ သူ့အသံက ညှင်သာနိုင်သမျှ ညှင်သာသွားပြီး မေးလိုက်သည်။ “ ယောက်ယင်ယင် နင်လုပ်လိုက်တာလား”

လန်ရှင်းရှီ လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။ ကျန်းရှင်းရှုံ သူမကို တစ်ခါမှ ဤသို့သော ညှင်သာသည့် လေသံဖြင့် မပြောဖူးပါလား။

ယောင်ယင်ယင် ချိုမြိန်စွာ ပြုံးပြလိုက်ပြီး ခေါင်းအနည်းငယ် ခါရမ်းလိုက်သည်။ ထို့နောက် သူမနောက်မှ ကောင်မလေး ကို ရှေ့ဘက်သို့ ဆွဲထုတ်လိုက်၏။ ထိုကောင်မလေးက အဖြူ၀တ်ချည်းဖြစ်ပြီး ယောင်ယင်ယင်၏ ရင်ဘက်လောက်သာ အရပ်ရှည်သည်။

သူမ၏ နှာခေါင်းသေးသေးလေးကို လက်က‌လေးဖြင့်ပွတ်ပြီး ဓားကြီးကို ‌ကြမ်းပြင်သို့ စိုက်ချလိုက်၏။ ထိုဓားကြီးက ကြမ်းတမ်းသော ဓားဆန္ဒတို့ဖြင့် လွှမ်းခြုံထားပြီး ပျောက်သွားမည့် ဟန်မရပေ။

ကျန်းရှင်းရှုံ၏ မျက်နှာ အကျဉ်းတန်သွားသည်။ “စုရှင်းရှင်း ရူးနေတာလား။ ဒါဘာလုပ်တာလဲ”

“တစ်ယောက်ယောက်ကို သတ်မလို့”

ကျောက်ကျစ်တုံ့ ချော်လဲမတတ်ဖြစ်သွားပြီး ရှေ့ထွက်လာကာ ထိုကလေးမလေးကို ဆွဲပြီး ပြောလိုက်သည်။ “အရှင်သခင်မလေ ‌ငါဒီမှာရှိ‌ နေတုန်း ကျေးဇူးပြုပြီးတော့ လျှောက်မပြောပါနဲ့လား။ ငါထွက်သွားမှ ဖြစ်ဖြစ် တစ်ခုခု လုပ်ချင်လုပ်ပါလားလို့”

သူမက သူ့ကို ခက်ခဲသည့် အခြေအနေကို တွန်းပို့နေခြင်းဖြစ်သည်။ ခေါင်းဆောင်ရှောင်၏ လက်ရွေးစင်တပြည့်ဆိုပြီး လုပ်ချင်တာ လျှောက်မလုပ်ပါနဲ့လား။ ခေါင်းဆောင်ရှောင်တောင် ဒီမှာ သူမ ဘာလာလုပ်နေလဲ သိရဲ့လား။

သူ့အတွက်‌တော့ ကံမကောင်းသည့် နေ့တစ်နေ့ပင်။ အချို့အရာများက တစ်ကိုယ်တည်းသိမ်းထားခြင်းကကောင်းသည်။ သူပြောချင်တာတွေ ပြောလို့မရပါပေ။ သို့ဖြင့် စိတ်လျော့လိုက်၏။

ကျောက်ကျစ်တုံ့ကို မြင်သောအခါ စုရှင်းရှင်း၏ မျက်၀န်းများ တောက်ပသွား၏။ “အကိုကျစ်တုံ့ မြန်မြန် အနောက်ဘက် တံခါးမှာ သွားစောင့်နေပေး ဘယ်သူမှ ထွက်မပြေးနိုင်စေနဲ့”

ကျောက်ကျစ်တုံ့၏ မျက်နှာ မဲမှောင်သွားပြီး ဟိန်းလိုက်၏။ “လျှောက် လုပ်မနေနဲ့”

စုရှင်းရှင်း၏ မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားပြီး လေးနက်မှုတို့အစားထိုး၀င်ရောက်လာကာ အနက်ရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ “အကြီးအကဲရှောင်ရဲ့ အမိန့်။ ကျန်းရှင်းရှုံက ကြီးမားတဲ့ ပြစ်မှုကြီးကို ကျူးလွန်ထားတဲ့အတွက် သေဒဏ်ချမှတ်လိုက်တယ်”

ဤသည်ကိုကြားသော နေရာ တစ်ခုလုံး တိတ်ဆိတ်သွား၏။

ဘုတ်

ခွေးခြေပု‌ခုံပေါ်၌ ထိုင်ရင်း မြေပဲစေ့ စားနေသော ဂိုဏ်းသားတစ်ယောက် ထိုင်ခုံပေါ်မှ ပြုတ်ကျသွား၏။

“ငါမယုံနိုင်ဘူး။ တစ်ယောက်ယောက်ကို သတ်ဖို့ စုရှင်းရှင်း တံဆိပ်ပြားကို ခိုးလာတယ်တဲ့”

“သူခိုးလာတယ်ဆိုတာ မင်းက ဘယ်လိုသေချာနေတာ”

“အိုး မင်းက လူသစ်ဖြစ်ရမယ်။ စု‌ရှင်းရှင်းက ဒီလို ခဏခဏ လုပ်ဖူးတယ်ကွ”

ရွှေရောင် ဆောဘာတစ်လက်ကို နောက်၌ လွယ်ထားသော ကျိုးထျန်းရှန် ခေါင်းကို ကုတ်လိုက်သည်။ သူ့ကို လူသစ်မှန်း လျှင်လျှင်မြန်မြန်သိသွားလိမ့်မည်ဟု မထင်ထားပါပေ။ ဤနေရာကိုဖြတ်သွားရင်းနှင့် လှုပ်လှုပ်ရွရွ အသံကြားသောကြောင့် စိတ်၀င်စားသွားပြီး လာကြည့်ခြင်းဖြစ်လေသည်။

“ဟုတ်တယ် ဘာဖြစ်နေလဲ ပြောပြလို့ရမလား။ အတွင်းစည်းက သေသည်အထိ တိုက်ခိုက်တာကို မတားမြစ်ထားတာသိတယ်။ ဒါပေမယ့် အဲ့လိုပွဲမျိုးက သေခြင်းရှင်ခြင်း ပြိုင်ကွင်းမှာ ချရတာမဟုတ်ဘူးလား” ကျိုးထျန်းရှန်မေးလိုက်သည်။

“သိသားပဲ။ မင်းက လူသစ်ဆိုတာ…”

ထိုဂိုဏ်းသားက သူ၏ ခွေးခြေပုခုံကို ကောက်ယူကာ ကျိုးထျန်းရှန်ကို အိမ်နှင့် အနည်းငယ်လှမ်းသည့် နေရာသို့ ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် တိုတိုတိတ်တိတ် တီးတိုးပြောလိုက်၏။ “မင်းမနေ့က ဘာဖြစ်သွားလဲမသိဘူးလား”

“ဘာဖြစ်သွားတာ” ကျိုးထျန်းရှန် ‌ဇဝေဇဝါမေးလိုက်သည်။ အတွင်းစည်းသို့ရောက်လာပြီးနောက် အတိုးချပြီး အိပ်နေခြင်းဖြစ်ရာ ဘာဖြစ်သွားသည်ကို တကယ် မသိပါပေ။ အစီအရင်၏ ပြန်လည်ပြည့်ဖြိုးပေးနေသော စိတ်ဝိညာဉ်စွမ်းအင်များနှင့် အားကောင်းသည့် အသံကာအစီအရင်တို့ကြောင့်လည်း ငလျှင်လှုပ်လျှင်မတတ် ရုတ်ရုတ်သဲသဲ ဖြစ်သွားတာတောင် သူနိုးမလာခြင်းဖြစ်သည်။

“မင်းတို့ လူသစ်တွေ လူသစ်တွေ ငတုံးတွေလား သေသေကြီး အိပ်နေဖို့ပဲသိတယ်”

“ဘာဖြစ်သွားတာ”

“ငါကြားတာတော့ အတွင်းစည်းရဲ့ အထက်ပိုင်း လူတွေအကုန် ငန်းရေကန်မှာ မျက်နှာဖုံး၀တ်လူတစ်ယောက်ကို ဖမ်းဖို့ကြိုးစားခဲ့ပေမယ့် ကျရှုံးသွားတယ်တဲ့”

ကျိုးထျန်းရှန် အံ့အားသင့်သွားသည်။ “ကျန်းရှင်းရှုံက မျက်နှာဖုံးတပ်လူလား”

ထိုဂိုဏ်းသား စွံ့အသွား၏။

“မဟုတ်ဘူးဟ ငတုံးရဲ့”

ထိုဂိုဏ်းသား သူစားနေသည့် အသီးကို အစေ့ပါမချန် မျိုချလုနီးပါး ဖြစ်သွားသည်။ သူက မျက်စောင်းထိုးလိုက်ပြီး “ဒီလိုကွာ သူတို့က အဲ့ဒီ မျက်နှာဖုံးတပ်လူကို ဖမ်းဖို့လုပ်နေတဲ့အချိန် ဖုန်းကုန်းနဲ့ သူ့အပေါင်းအပါတစ်ယောက်က အပြင်စည်းက ဂိုဏ်းသားတစ်ယောက်ကို သတ်ဖို့ လုပ်ကြတယ်တဲ့”

“ဖုန်းကုန်း၊ အဲ့တာ အတွင်းစည်းဂိုဏ်းသားမလား” ကျိုးချန်းရှန် အံ့ဩဘနန်းဖြစ်သွားရသည်။ “သူရူးနေတာလား။ သူ့ပစ်မှတ်ကို သတ်နိုင်ရင်တောင် စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက ဒီတိုင်းနေ နေမတဲ့လား။ သူမလွတ်နိုင်ဘူးလေ”

“အတွင်းစည်းထိပ်သီး (၃၃) ယောက်ထဲကို မ၀င်နိုင်တော့လို့ စိတ်ဝိညာဉ်နန်းတော်ကနေ မထွက်သွားခင် အချီကြီး ကြံလိုက်တာ နေမှာပေါ့… သူ့လိုကောင်‌တွေ နှစ်တိုင်းတွေ့နေကြပဲ” ထိုဂိုဏ်းသားက သရော်လိုက်သည်။

ကျိုးထျန်းရှန် သေချာစဉ်းစားလိုက်သည်။ အပြင်စည်း မိုးတိမ်လေ ပြိုင်ပွဲမစခင်ကတည်းက အတွင်းစည်း ထိပ်သီး (၃၃) ဦး ရွေးချယ်မှုက ပြီးဆုံးသွားပြီးဖြစ်လေသည်။ ၎င်းကို အတွင်းစည်းသို့ ၀င်ရောက်ပြီးမှ သူသိလိုက်၏။

“အဲ့တာနဲ့ ခုကိစ္စက ဘာပတ်သက်လို့” ကျိုးထျန်းရှန် မေးလိုက်ပြီး သူ့ရှေ့မှ မြင်ကွင်းကိုကြည့်လိုက်သည်။ စုရှင်းရှင်း တံဆိပ်ပြားကို ထုတ်ယူပြီးသည်နှင့် သူမ ၎င်းကို ခိုးလာကြောင်းလူတိုင်းသိလိုက်ရသည်။ သို့သော် ပြဿနာက သူတို့ တံခါးလာခေါက်စိုး၍ မည်သူမှ ဘာမှ မပြောလိုက်ကြပါ။

“ဟီးဟီး။ ကိစ္စအားလုံးက ဒါနဲ့ ပတ်သက်နေတာပေါ့” ထိုဂိုဏ်းသား၏ မျက်လုံးများ အတင်းအဖျင်း‌ ပြောလိုမှုတို့ဖြင့် ၀င်းပသွားသည်။

“ငါကြားတာတော့ ကျန်းရှင်းရှုံက ဖုန်းကုန်းကို အပြင်စည်းဂိုဏ်းသားကိုသတ်ဖို့ ခိုင်းလိုက်တာတဲ့။ အဲ့ဒီဂိုဏ်းသားက စုရှင်းရှင်းနဲ့ မရှင်းမရှင်း ဆက်နွယ်မှုမျိုးရှိတယ်တဲ့လေ… ခု သူမလုပ်‌နေတာပဲ ကြည့်ပါလား”

“အတွင်းစည်းမှာလည်း တကယ် ခြေရှုပ်နေကြတာပဲ” ကျိုးထျန်းရှန် ‌တွေးလိုက်သည်။ကျန်းရှင်းရှုံသတ်ချင်သည့် လူအတွက် သူ စိတ်မကောင်းဖြစ်မိသွား၏။

“ဒါဆို သူမက သွေးကြွေးစပ်နေတာပေါ့” သူမေးလိုက်သည်။

“သွေးကြွေးဟုတ်လား… အဲ့လိုမဟုတ်ဘူးကွ ငါကြားတာတော့ အသတ်မခံရတဲ့အပြင် အဲ့အပြင်စည်းဂိုဏ်းသားက ဖုန်းကုန်းနဲ့ သူ့အဖော်ကိုတောင် ပြန်သတ်လိုက်သေးတယ်တဲ့” ထိုဂိုဏ်းသား ခေါင်းကိုခါရမ်းလိုက်သည်။ သူ့မျက်လုံးထဲ၌ အံ့အားသင့်မှုတို့ တစ်စွန်းတစ်စရှိနေ၏။ “

ကျိုးထျန်းရှန် ကြက်သေသေသွား၏။ အပြင်စည်းမှ ဂိုဏ်းသားတစ်ယောက်က အတွင်းစည်းဂိုဏ်းသားမျာကို သတ်နိုင်ပါသည်လော။

“မဖြစ်နိုင်တာ ဘယ်သူလဲ အဲ့ အပြင်စည်းဂိုဏ်းသားက”

“သူ့နာမည်က ဘာပါလိမ့်…” ထိုဂိုဏ်းသားက သူကြားလိုက်ရသည့် နာမည်ကို ပြန်စဉ်းစားကြည့်လိုက်သည်။ ထို့နောက် မသေမချာဟန်ဖြင့် “ငါကြားတာ‌တော့ စုရှင်းရှင်းက သူ့ကို… အကို‌လူဆိုးလေးလို့ ခေါ်တယ်တဲ့”

သူ့စကားကို သူ့ဘေးနားရှိ ဖရဲစေ့ကို ဝါးနေသော ဂိုဏ်းသားကြားသော် သူ့ကို ကဲ့ရဲ့သည့်အလားကြည့်လိုက်သည်။ ထို့နောက် “သူ့နာမည်က စုရှောင်ရှန်” ဟု ဝါးနေရင်းပြောလိုက်၏။

“စုရှောင်ရှန်…” ကျိုးထျန်းရှန် ရေရွတ်လိုက်သည်။ အဘယ်ကြောင့် ဤနာမည်က အလွန်ရင်းနှီးနေဟန် ရှိသနည်း။ နေပါဦး။

“စုရှောင်ရှန် ဟုတ်လား… ဘယ်စုရှောင်ရှန်လဲ” တစ်စုံတစ်ယောက်ကို သတိရသွားပြီး သူ့မျက်လုံးများ ပြူးကျယ်သွား၏။

“မင်း အပြင်စည်းကနေလာတာမလား မင်းသိရမှာပေါ့။ ဘယ်စုရှောင်ရှန်ရှိမလဲ မိုးတိမ်လေ ပြိုင်ပွဲရဲ့ ဗိုလ်ပေါ့”

ကျိုးထျန်းရှန် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ထိုင်ခုံပေါ်မှ ပြုတ်ကျသွား၏။ သူမှင်သက်နေလေသည်။ တကယ်ပဲ သူထင်နေသည့် လူပင်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ကျိုးထျန်းရှန် အတွင်းစည်း၀င်လာကတည်းက အတွင်းစည်းမှ ဆရာကြီးများအား မပြစ်မှားမိအောင် ဂရုတစိုက် အကောင်းဆုံးပြုမူနေထိုင်လေသည်။ ယခုတော့ အပြင်စည်း၌ ကျန်နေခဲ့သော စုရှောင်ရှန်က အတွင်းစည်း ဂိုဏ်းသားနှစ်ဦးကို သတ်လိုက်သည်လော။

ဒါ… ဗိုလ်ဆွဲသွားသူဆိုသော ဂုဏ်ပုဒ်နှင့် လိုက်ဖက်လွန်းပေစွ။

ကျိုးထျန်းရှန် စိတ်လှုပ်ရှားသွားသည်။ စုရှောင်ရှန်ပြောသည့် ‌ဗိုလ်ဆွဲသူ လျှိူ့ဝှက် နည်းလမ်းအတိုင်းလိုက်လုပ်ကြည့်ရာ သူ့အတွက် အကျိုးအလွန်ရှိသော စာရွက်တစ်ခုကို ရသွားလေသည်။ ယခု အတွင်းစည်းသို့ ၀င်လာပြီးသည့်နောက်၌လည်း ဤနည်းလမ်းအတိုင်း ကျင့်ကြံနေထိုင်စဲဖြစ်သည်။ ထိုသို့လုပ်ခြင်းက သူ့ကို ကောင်းမွန်သော အံ့အားသင့်စရာများ ပေးမည်ဟု ယုံကြည်ထား၏။

ထို့နောက် တံဆိပ်ပြားတစ်ခုကြောင့် တင်းမာလာသော သူ့ရှေ့က မြင်ကွင်းကို မျှော်လင့်ချက်တို့ဖြင့် ကြည့်လိုက်သည်။ သူ့ကိုသတ်။ ထို ကျန်းရှင်းရှုံဟူသည့်လူက သူ၏ လမ်းပြဆောင် ကျေးဇူးရှင်ကို ထိရဲသည့် သတ္တိရှိသည်။ သူ့သေကိုသေရပေမည်။

လူတိုင်း၏ အကြည့်များ ကျောက်ကျစ်တုံ့ထံရောက်သွားသည်။ တိုက်ပွဲဖြစ်မဖြစ်က သူ့အပေါ်မူတည်နေကြောင်း လူတိုင်းသိကြသည်။ ကျောက်ကျစ်တုံ့လည်း အံကိုတင်းတင်းကြိတ်ထားရ၏။ စုရှင်းရှင်းလုပ်ချင်တာကို လုပ်ခွင့် သူပေး၍မဖြစ်ချေ။ မဟုတ်ပါက ပြစ်ဒဏ်စီရင်ရင်း‌ခုံရုံးကို သူနောက်တစ်ခေါက်သွားရလောက်လေသည်။

“စုရှင်းရှင်း လက်နက်ကိုချလိုက်ပါ။ ဒီကိစ္စက ထင်သလောက်မရိုးရှင်းဘူး”

ဟဲ့ယွဲ့ရှင်းကို လက်ညှိုးထိုးပြလိုက်ကာ ဆက်၍ “တကယ့် နောက်ကွယ်က ကြိုးကိုင်တဲ့လူက သူပဲ”

စုရှင်းရှင်း ဟဲယွဲ့ရှင်းကို သင်္ကာမကင်းကြည့်လိုက်သည်။ အဘယ်ကြောင့် ထိုသူက ပါလာရသနည်း။ ကျန်းရှင်းရှုံ၏ အပြစ်ကို သူရဲကောင်းလုပ်ချင်၍ ၀င်ခံလိုက်သည်လော။

၎င်းကလည်း မဖြစ်နိုင်ပေ။ ဟဲယွဲ့ရှင်းနှင့် ကျန်းရှင်းရှုံမတည့်ကြတာ လူတိုင်းသိသည်။ ထို့ပြင် သူက ၀မ်မျိုးနွယ်စုနှင့်လည်း မရင်းနှီးပါပေ။ ကျန်းမျိုးနွယ်စုသာ ၀မ်အတွက် သွေးကြွေးစပ်ပေးပေလိမ့်မည်။

“မမ ယောင်” နောက်ဆုံး သူ့ဘေးနားမှ အနီရောင်၀တ်အမျိုးသမီးကိုသာ အကြံအိုက်နေသော အမူအရာဖြင့် ကြည့်လိုက်၏။

ယောင်ယင်ယင် စုရှင်းရှင်း၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။ “တကယ်က ရိုးရှင်းပါတယ်။ ဒီအိမ်ထဲမှာ ဘယ်သူထပ်ရှိနေသေးလို့လဲ”

စုရှင်းရှင်း မှင်သက်သွားပြီး လန်ရှင်းရှီထံ အကြည့်ရောက်သွားသည်။ ထို့နောက်ကျန်းရှင်းရှုံနှင့် ဟဲယွဲ့ရှင်းတို့ကို တစ်လှည့်စီကြည့်ပြီး အခြေအနေကို သဘောပေါက်သွား၏။

“ဒီလိုကိုး”

စုရှင်းရှင်း၏ မျက်နှာကလေးက ဒေါသပုန်ထပြီး ရဲရဲနီသွားသည်။ ကြမ်းပြင်ထဲ၌ စိုက်ထားသော ဓားကြီးကို ပြန်ဆွဲနှုတ်လိုက်ကာ “နင်တို့ (၃) ယောက်လုံး တစ်ယောက်မှ ဘယ်မှ မသွားရဘူး”

ဘုတ်

ကျောက်ကျစ်တုံ့ လဲကျသွား၏။

Comment

Leave a Reply

Options

not work with dark mode
Reset