အပိုင်း (၈၄) စုရှောင်ရှန်က အလကား ကျောထောက်နောက်ခံမရှိ မရှိတဲ့သူ
အတွင်းစည်း၌ ဖြစ်သည်။
ခြံတစ်ခုခု၌
ဘန်း
ကျန်းရှင်းရှုံ သေရည်အိုးကိုကြမ်းပြင်ပေါ်သို့ အားပြင်းပြင်းဖြင့် ပစ်ပေါက်လိုက်လေရာ ငွေ အပိုင်းအစများအဖြစ်သို့ အပိုင်းပိုင်းကွဲသွား၏။ သေရည်၏မွှေးရနံ့က လေထုအတွင်း ချက်ချင်း ပြန့်နှံ့သွားလေသည်။
ထို့နောက် သူ့ရှေ့ရှိ လန်ရှင်းရှီကို ဒေါသနကြီးစိုက်ကြည့်လိုက်၏။ “ငါပြောပါတယ်။ စုရှောင်ရှန်စီ ပို့ထားတဲ့သူတွေကို ဘာမှ မလုပ်ခိုင်းပါနဲ့လို့။ ခုတော့ ဘာဖြစ်သွားပြီလဲသိလား။ မင်းဘာလုပ်လိုက်တယ်ဆိုတာ သိလား”
“သူတို့ကို သွားသတ်ခိုင်းလိုက်တယ်။ ကောင်းပြီလေ ကိစ္စမရှိဘူးပေါ့။ အပင်ကို အရင်းကနေခုတ်လိုက်တယ်ပေါ့။ ခုတော့ဘာတဲ့လဲ မသတ်နိုင်လိုက်ဘူး။ ရတယ်။ သူတို့မပြေးနိုင်လိုက်ဘူး။ အဆင်ပြေသေးတယ်။ ဒါပေမယ့် ဘာလို့ ဒီလိုအချိန်ကြီးကြမှ ရွေးပြီး သတ်ခိုင်းလိုက်ရတာလဲ…”
“လူတိုင်းကြည့်နေတဲ့အချိန်မှာမှ လုပ်ကြံသတ်ဖြတ်ဖို့ ခိုင်းလိုက်ရသလား… ဘာလို့ သူတို့ခေါင်းတွေကို တစ်ခါတည်း စဉ်းနှီတုံးပေါ်မတင်လိုက်တာလဲ… နင့်ဦးနှောက်က အလုပ်ကော လုပ်ရဲ့လား”
လန်ရှင်းရှီ၏ ပခုံးသိုင်းကြိုးမပါသော ၀တ်ရုံက သူမ၏ ချစ်စဖွယ် ချောမွေသော ပုခုံးတို့ကို အထင်းသားဖော်ပြထားလေသည်။ ကျန်းရှင်းရှုံ၏ အော်ဟစ်နေမှုအောက်တွင် ခေါင်းမော့ရင်ကော့ကာ ဂုဏ်ယူနေသော မျက်နှာထားဖြင့် “မလုပ်ဘူး”
ကျန်းရှင်းရှုံစွံ့အသွားသည်။ လန်ရှင်းရှီက မြေပြင်ပေါ်ရှိ သေရည်အိုးအပိုင်းအစများကို နာကျဉ်းဟန်ဖြင့်ကြည့်နေ၏။ ၎င်းတို့က ယမန်နေ့ညမှ သူမ စီကို ပို့လာသော သေရည်အိုးဖြစ်သည်။ တစ်ရက်လောက်သာ လက်ထဲနွေးသွားပြီး ယခု ကျန်းရှင်းရှုံ့ကြောင့် အဆုံးသတ်ကို ရင်ဆိုင်လိုက်ရ၏။ ကျန်းရှင်းရှုံ ယခင်တစ်ခေါက် သေရည်အိုးက အသစ်ဖြင့်ပြန်လဲထားသည်ကို မရိပ်မိပါပေ။
“နင့်ရဲ့ အကြံတွေက ဘာတွေလဲ” စိတ်လျော့လိုက်ပြီဖြစ်သော ကျန်းရှင်းရှုံမေးလိုက်သည်။ လုပ်ပြီးတာက လုပ်ပြီးလေပြီ။ ပြန်ပြင်၍ မရတော့ပေ။
“သူ့ကို ဒီတစ်ခါမသတ်လိုက်နိုင်ရင်တော့ ထပ်ပြီး ကြိုးစားနေရုံပဲရှိတာပေါ့… နင့်အဖေက ဒီတာ၀န်ကို ပေးတဲ့ အဓိက တရားခံလေ။ နင်မလုပ်နိုင်ရင် ငါလုပ်လိုက်မယ်… ပြီးတော့ ငါလည်း စိတ်ရှုပ်နေတာ။ တစ်ယောက်ယောက်ကို သတ်လိုက်ရရင် ငါ၀မ်း ပြန်သာသွားမှာ။ စိတ်ချပါ ချောချောမွေ့မွေ့ဖြစ်သွားမှာပါ” လန်ရှင်းရှီ၏ ဟန်ပန်က တာ၀န်ကိုပင် အရေးမလုပ်သည့်အလားရှိသည်။
“နင်… မိန်းမတွေများ”
လန်ရှင်းရှီ ကျန်းရှင်းရှုံအား ရုးသွပ်သွားမတတ် လုပ်နေခြင်းပင်။ ငယ်ရွယ်စဉ်ကလေးဘ၀က ပြုတ်ကျပြီး ခေါင်းထိသွားခြင်းဖြစ်ရမည်။
လန်ရှင်းရှီက စုရှောင်ရှန် စိတ်ဝိညာဉ်နန်းတော်အတွင်း၌ အချိန်တိုင်းမနေနိုင်ဟု တွေးနေသည်။ ထို့နောက် သူထွက်သွားသည့် အချိန်ကိုစောင့်ပြီး တစ်ချက်တည်းသတ်လိုက် နိုင်မည်လေ။ အဘယ်ကြောင့် သူမကိုယ်သူမ အပင်ပန်းခံနေရပါမည်နည်း။
ထို့ပြင် အပြင်စည်းဂိုဏ်းသားကိုသတ်ရန်လည်း အတွင်းစည်းဂိုဏ်းသားများကို စေခိုင်းခဲ့၏။ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနကသာ သူ၏ ပါဝင်မှုကို သိလျှင် အလွတ်ပေးလိမ့်မည်မဟုတ်ပေ။
“မင်းနောက်ထပ် ဘာမှ လျှောက်မလုပ်နဲ့တော့ မဟုတ်ရင် ဒီအိမ်ကနေ ထွက်သွားဖို့ မစဉ်းစားနဲ့” ကျန်းရှင်းရှုံ ကြမ်းကြမ်းတမ်းတမ်း ခြိမ်းခြောက်လိုက်သည်။
လန်ရှင်းရှီ၏ မျက်လုံးများ ၀င်းပသွားပြီး”နင် ငါ့ကို ဖမ်းချုပ်ထားမှာလား”
ကျန်းရှင်းရှုံ ထပ်မံ စွံ့အရပြန်သည်။
သူမက သူ့ကို တကယ်ရူးအောင်လုပ်နေခြင်းဖြစ်သည်။ သို့ဖြင့် သူဟိန်းလိုက်၏။ “တစ်ခုခုလျှောက်လုပ်ရဲ လုပ်ကြည့် နင့်ကို လမ်းမလျှောက်နိုင်အောင်လို့ လုပ်ပစ်မယ်”
“အဲ့လိုလား”
ခြံတံခါးကပွင့်သွားပြီး အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“မင်းလုပ်ရဲလုပ်ကြည့်လေ ငါလည်း မင်းလမ်းမလျှောက်နိုင်အောင် လုပ်ပြမယ်”
ကျန်းရှင်းရှုံလှည့်ကြည့်လိုက်ရာ လှလှပပ ၀တ်စားဆင်ရင်ထားသော ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်ဖြင့် ခါး၌ ဓားလွယ်ထားသော သူကို တွေ့လိုက်ရသည်။ သူ၏ အောက်သို့စိုက်နေသော မျက်ခုံးထူထူကြီးများအောက်၌ နက်မှောင်နေသော မျက်လုံးတို့က ခြိမ်းခြောက်ဟန်များဖြင့် ပြည့်နေ၏။
“ဟဲယွဲ့ရှင်း”
ကျန်းရှင်းရှုံကို တစ်စုံတစ်ခုကို သိလိုက်ရသည့်အလား ချက်ခြင်းဆိုလိုက်သည်။ “ဖုန်းကုန်းကို အမိန့်ပေးလိုက်တာ မင်းလာ”
ဟဲယွဲ့ရှင်း ခေါင်းညိတ်လိုက်သည်။
ကျန်းရှင်းရှုံ လန်ရှင်းရှီကို လက်ညှိုးထိုးပြလိုက်ကာ ပြက်ရယ်ပြုမှုတို့ဖြင့် ပြည့်နေသော လေသံဖြင့် “မင်းဒီမိန်းမခိုင်းတာ အကုန်လုပ်တယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် မစဉ်းစားတတ်ဘူးလား”
“ငါကြိုက်လို့ကွာ ဘာဖြစ်လဲ” ဟဲယွဲ့ရှင်း အေးစက်စက်ပြောလိုက်သည်။ သူ၏ မျက်လုံးများက လန်ရှင်းရှီအား ထိုးထားသည့် ကျန်းရှင်းရှုံ၏ လက်ချောင်းအပေါ်၌ ရှိနေပြီး “မင်းလက်ညှိုးကို အောက်ချလိုက် မဟုတ်ရင် ပြတ်သွားမှ ငါ့အဆိုး မဆိုနဲ့”
ဘန်းးးးး
ကျန်းရှင်းရှုံ ပေါက်ကွဲထွက်သွားသည်။ သူ့ခြေထောက်အောက်ရှိ အကောင်းပကတိ ကြမ်းပြင် အက်ကွဲသွားပြီး မြေပြင်ထဲသို့ ချိုင့်၀င်သွားသည်။ ထို မညီမညာ အက်ကွဲကြောင်းများက အသက်ရှိသည့်အလား တံခါးပေါက်နားမှ ဟဲယွဲ့ရှင်းထံသို့ အလျှင်အမြန် တိုး၀င်သွားလေသည်။
ဘန်း
ဟဲယွဲ့ရှင်း သူရှေ့၌ ဓားကို အသာအယာချလိုက်ရာ တိုး၀င်လာနေသော အက်ကွဲကြောင်းများ ဓားရှေ့၌ နှစ်လမ်းခွဲသွားပြီး ဘေးသို့ ထွက်သွားကြ၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ခြံနှစ်ဖက်ရှိ နံရံများပြိုကျသွားလေတော့သည်။ လမ်းတစ်လျှောက်ရှိ ကျောက်စရစ်ခံမဲများလည်း မြေပြင်မှ အက်ကွဲကြောင်းများထဲသို့ကျသွားပြီး ဖုန်များလည်း နေရာအနှံ့ပြန့်နှံ့သွားကြ၏။
အဟွတ် အဟွတ်
ရုတ်တရက် လေထဲ၌ ချောင်း တဟွတ်ဟွတ်ဆိုးသံ ညံသွားသည်။ ကျန်းရှင်းရှုံ၊ ဟဲယွဲ့ရှင်း နှင့် လန်ရှင်းရှီတို့ ပြိုကျသွားသော နံရံဘက်သို့ကြည့်လိုက်ရာ ဆောင့်ကြောင့်ထိုင်နေသော အနက်ရောင်၀တ်ရုံဖြင့် လူကိုတွေ့လိုက်ရ၏။
သူက အရွက်တစ်ရွက်ကို ပါးစပ်၌ ကိုက်ထားရင်း လက်တစ်ဖက်ဖြင့် ပါးစပ်နှင့် နှာခေါင်းတို့ကို ကာလိုက်၏။ သူ၏ အကြည့်များက ဖော်ရွေသည့်ဟမ်မရပါ။
“ကျန်းသခင်လေး၊ အရူးဟဲ၊ နတ်သမီးလေးလန်… မင်းတို့အားလုံးဒီမှာရှိနေကြတာပဲ… ကောင်းတယ် မင်းတို့အားလုံး ငါနဲ့ စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနကို လိုက်ခဲ့ဖို့ တကူးတက သွားခေါ်နေစရာမလိုတော့ဘူး”
သုံးယောက်သားလန့်သွားကြသည်။ ထိုမျှမြန်သည်လော။ သာမန်ဆို စည်းကမ်းကြီးကြပ်သူများ သူတို့ တံခါးကို လာခေါက်ဖို့ အချိန် အရမ်း ကြာသည် မဟုတ်လော။ အဘယ်ကြောင့် ခါတိုင်းနှင့်မတူ အချိန်ကို အကျိုးကျိုးရှိရှိအသုံးပြုနေရပါသနည်း။
“ကျောက်ကျစ်တုံ့ ဒါဘာသဘောလဲ” ကျန်းရှင်းရှုံ မျက်မှောင်ကုပ်လိုက်သည်။
“ဖွီးး” ကျောက်ကျစ်တုံ့ သူ့ပါးစပ်ထဲမှ သစ်ရွက်ကို ထွေးထုတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။
“မင်းတို့ဘာလုပ်ထားလဲ မင်းတို့ သိမှာပေါ့… ဒါကမင်းတို့ ပထမဆုံးအကြိမ် တရားစီရင်ခံရတာလည်းမဟုတ်တော့ဘူး။ တစ်ခုခု မဟုတ်တာ လုပ်ရင်လည်း ဘာလို့ အဖမ်းမခံရအောင် မလုပ်တတ်တာလဲ။ ဒါမှမဟုတ် အစကတည်းက ဘာလို့ မဖုံးကွယ်ထားတာလဲ”
တရားစီရင်မည်ဟူသော မှတ်ချက်က သုံးယောက်သားကို သတိပေးခေါင်းဆောင်းမြည်စေလိုက်သည်။ ကျန်းရှင်းရှုံ တည်ငြိမ်ဟန် ယောင်ဆောင်ပြီး နားမလည်သည့်ဟန်ဖြင့် ပြန်ချေပလိုက်သည်။ “မင်းဘာပြောနေလဲ ငါမသိဘူး”
“ဟက်” ကျောက်ကျစ်တုံ့ မျက်နှာလွှဲပြီးရယ်လိုက်သည်။ သူ့အသံအတွင်းရှိ သရော်မှုကို ဖုန်းကွယ်မထားပါချေ။ ရုတ်တရက် ထိုလူငယ်လေး၏ ပုံရိပ်သူ့ မျက်လုံးထဲ၌ ပေါ်လာ၏။
အတွင်းစည်း အောင်ပြီးသူ အဖြစ်လဲ ယခင် ထိပ်သီး(၃၃) ယောက်၏ ခေါင်းဆောင်ဖြစ်သူ သူ့အတွက်ကတော့ ပထမဆုံး အလုပ်စရခြင်းဖြစ်ရာ ကြီးကြပ်သူ ၀တ်ရုံက်ို သားသားနားနား ၀တ်ပြီးအတတ်နိုင်ဆုံး အကောင်းဆုံးလုပ်မည်ဟု တွေးထား၏။ သို့ဖြင့် မိုးတိမ်လေ ပြိုင်ပွဲ ပြိုင်ကွင်း(၁၂) ၌ နေရာကျသွားရာမှ သူ၏ အိပ်မက်ဆိုးစတင်ခဲ့လေတော့သည်။
ပထမ ပွဲစဉ်က သိပ်ပြီး ထွေထွေထူးထူးမရှိရာ ပျင်းနေသည်မှ လွဲ၍ ပြဿနာကြီးကြီးမားမား မရှိပါပေ။ အလှည့်ကျထုတ်ပယ်ခြင်း ပွဲစဉ်မှ သမိုင်းတစ်လျှောက် မိုးတိမ်လေ ပြိုင်ပွဲ၌ လူသတ်မှုကို ကြီးကဲသည့် ကြီးကြပ်သူဖြစ်လာရ၏။
သူတောင် စောနကလေးကမှ ပြစ်ဒဏ်စီရင်ရေးခုံရုံးမှ ထွက်လာခြင်းဖြစ်သည်။ ၎င်းကိုစဉ်းစားလိုက်တိုင်း ကျောချမ်းသွားရ၏။ ရုတ်တရက် ချမ်းသွားသောကျောက အကြောင်းအရင်းမရှိ၊ စည်းချက်မရှိ ရင်ဖိုအောင်လုပ်တတ်ပါသော လူတစ်ယောက်ကို သတိရသွားစေလေသည်။
“စုရှောင်ရှန်ကိစ္စပေါ့။ ဘယ်ဟာဖြစ်ရမှာ… ပြီးတော့ ငါက အမိန့်ပေးတဲ့သူမဟုတ်ဘူး။ ဒီတစ်ခါ အထက်အမိန့်က ခေါင်းဆောင်ရှောင်စီက တိုက်ရိုက်ကျလာတာ” ကျောက်ကျစ်တုံ့ ပုခုံးတွန့်ပြလိုက်သည်။
ရှောင်ချိစွေလော။
အသိပေးချက်ခေါင်းလောင် သုံးယောက်သား၏ စိတ်ထဲ၌ ညံသွားသည်။ အဘယ်ကြောင့် ဤသို့သော ကိစ္စသေးသေးလေးကို စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာန၏ ထိပ်ခေါင်အကြီးအကဲ ၀င်စွပ်ဖက်ရပါသနည်း။ သူပျင်းနေ၍လော။ မဖြစ်နိုင်ပါ။
သို့ဆိုလျှင် စိတ်ဝိညာဉ်နန်းတော်အတွင်းစုရှောင်ရှန်ထံတွင် အဆက်အသွယ်ရှိသည်ဟူ၍သာ ဖြေရှင်းချက်ရှိပေတော့သည်။ သို့သော် သူက အပြင်စည်းဂိုဏ်းသားတစ်ယောက်သာ မည်သို့သော အဆက်အသွယ်က ရှောင်ချိစွေကိုပါ ပြဿနာထဲ ဆွဲထည့်နိုင်သနည်း။
လန်ရှင်းရှီလည်း သူမ၏ ပေါ့လျော့မှုက ပြဿနာအကြီးအကျယ် တက်သွားစေကြောင်းကိုသိ၍ မျက်မှောက်ကုပ်လိုက်သည်။ စုရှောင်ရှန်၏ ကျောထောက်နောက်ခံကို စစ်ကြည့်ပါသေးသည်။ သူက သာမန် မိဘမဲ့တစ်ယောက်သာဖြစ်ရာ မည်သည့် အဆက်အသွယ်ရှိပါသနည်း။
“ဆိုတော့… ပြစ်ဒဏ်သီရင်ရေးခုံရုံးကို မင်းတို့ဘာသာ ချောချောချူချူ သွားမှာလား မင်းတို့သွားအောင် ငါလုပ်ပေးရမှာလား” ကျောက်ကျစ်တုံ့ကိုကြည့်ရသည်မှာ မျှော်လင့်နေသည့်ဟန်ပေါက်သည်။
ဟွဲယွဲ့ရှင်း ရှေ့သို့လှမ်းလိုက်သည်။ “ငါက အမိန့်ပေးလိုက်တဲ့သူ။ ငါအပြစ်ရှိပါတယ်ဆိုတဲ့ အကြောင်း သက်သေပြနိုင်ရင် ငါမင်းနဲ့ စိတ်ပါ လက်ပါ လိုက်ခဲ့မယ်” ထို့နောက် ခဏရပ်တန့်သွားကာ “မဟုတ်ရင်တော့ ဖုန်းကုန်းနဲ့ ရှောင်းယီတို့ကို မင်းဘာသာမင်းပဲ သွားမေးလိုက်တော့”
ကျောက်ကျစ်တုံ့ သူ့နဖုးကို လက်ဖြင့် ရိုက်လိုက်မိသည်။ ၎င်းက ၀န်ခံခြင်းပင် မဟုတ်ပါလော။
ဤ ငတုံးကောင်နှင့် ကျိုးကြောင်းဆီလျော်မှုကို ဆွေးနွေးနေ၍ မရရာ ဟဲယွဲ့ရှင်းကို လစ်လျူရှုပြီး ခပ်ညစ်ညစ်ပြုံးလိုက်သည်။ “မင်းဓားကိုဘယ်မှာ သွားလေ့ကျင့်နေမှန်း ဘာမှန်းတော့ ငါမသိပေမယ့် မင်းကိုကြည့်ရတာ နောက်ဆုံးပေါ်သတင်းကို မကြားရသေးဘူးထင်တယ်… မင်းပြောတဲ့ ဖုန်းကုန်းနဲ့ ရှောင်းယီတို့က သေသွားပြီ”
ဟွဲယွဲ့ရှင်း၏ မူလက ကောက်ပြီးသား မျက်ခုံးများ ထပ်ကုပ်သွားသည်။ သေသွားပြီလော။
“သူတို့ကို သတ်လိုက်တာ စုရှောင်ရှန်လား”
“ဟုတ်တယ်”
“ကောင်းပြီလေ ငါမင်းနဲ့ သွားမယ်”
သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး လန်ရှင်းရှီကို လှည့်ကြည့်လိုက်သည်။ “ဒါက နင်နဲ့ ဘာမှ မပတ်သက်စေရဘူး။ ငါအကုန်ကြည့်ရှင်းလိုက်မယ်”
လန်ရှင်းရှီ၏ မျက်ခုံးများ လှုပ်သွားသည်။ အကယ်၍ သူသာ ပါးစပ် မဖွာဘဲ ဆက်ပြီးနေပါက ၎င်းက သူမနှင့် ဘာမှ ပတ်သက်ဦးလိမ့်မည်မဟုတ်ပေ။ ယခုတော့ သူမကိုယ်တိုင်တောင် မသေချာတော့ပါပေ။
ကျောက်ကျစ်တုံ့ တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သည်။ သို့သော် ဟဲယွဲ့ရှင်း သူ့ကို ကြား၀င်ဖြတ်လိုက်၏။
“တစ်ယောက်ပဲလိုတာမလား ငါသွားမယ်”
ကျောက်ကျစ်တုံ့ ဟဲယွဲ့ရှင်းနှင့် သူ့နောက်မှ နှစ်ယောက်ကို စိတ်၀င်တစား တိတ်တဆိတ်ကြည့်လိုက်သည်။ ကျန်းရှင်းရှုံဘာမှ ၀င်မပြောပေ။ သူဘာမှ အမှားမလုပ်ရသေးပါလား။ လန်ရှင်းရှီလည်း စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေ၏။
စိတ်၀င်စားဖိုကောင်းလိုက်ပေစွ။
ကျောက်ကျစ်တုံ့ လက်နှစ်ဖက်ကို ပွတ်သတ်ပြီးနောက် ပြိုကျသွားသော နံရံကိုခုန်ကျော်လိုက်သည်။
“ရတယ်လေ ဒါဆို လိုက်လာခဲ့”
ထို့နောက် ချောက်ချားဖွယ်ရာ လှိုင်းတစ်ခုက တစ်အိမ်လုံးကို ပြန့်နှံ့လာပြီး ၎င်းကို အပြင်းအထန် တုန်ခါစေလိုက်၏။ ခြံတံခါး၀မှ ၀င်လာသော ဓားစွမ်းအင်တစ်ခုက လူလေးယောက်ကို ဖြတ်သန်းသွားပြီး မြေပြင်တစ်လျှောက်၌ နက်ရှိုင်းသော ခြစ်ရာကြီးကို ထင်ကျန်စေခဲ့ကာ အိမ်ကလေးးကို နှစ်ခြမ်းခွဲလိုက်၏။
“ကျန်းရှင်းရှုံ ထွက်လာပြီး အသေခံစမ်း” ငယ်ရွယ်ဟန်ရသည့် ချိုချိုသာသာ အသံတစ်ခုက လေထဲမှ ဖြတ်သန်း၀င်ရောက်လာ၏။
ကျန်းရှင်းရှုံ၊ ဟဲယွဲ့ရှင်းနှင့် လန်ရှင်းရှီတို့ ကြက်သေ သေသွားကြသည်။
ကျောက်ကျစ်တုံ့လည်း မှင်သက်သွား၏။
ဘာဖြစ်နေတာလဲ။
ဘယ်သူက စိတ်ဝိညာဉ်စည်းကမ်းကြီးကြပ်ရေးဌာနက စည်းကမ်းကြီးကြပ်သူတစ်ယောက်အရှေ့မှာ ပေါ်တင် တိုက်ခိုက်ရဲတာလဲ။